❝ မီး နဲ့ ပွင့် တဲ့ ပန်း ❞
“ ဘာပဲဖြစ်ဖြစ် မေမေ့ ကို ကျွန်မ ကျေးဇူး တင်ပါတယ် မောင် ”
မောင် လည်း မေမေ့ ကို ခွင့်လွှတ် ပေးပါ ။ မေမေ့ ကို နာကြည်း ခဲ့ ရင် တောင် မှ ကျွန်မ မျက်နှာ ကို နောက်ဆုံး ထောက်ထား တဲ့ အနေနဲ့ ပဲ ဖြစ်ဖြစ် ပေါ့ ။ ခွင့်လွှတ်နိုင်တယ် မဟုတ်လား မောင် ။ ဘာပဲဖြစ်ဖြစ် မေမေ့ ကိုယ်စား ကျွန်မ က ပဲ ထပ်ပြီး တောင်းပန် ပါတယ် ။ မောင် ကျေနပ်တဲ့ အထိ ကို မောင့် ရှေ့ မှာ မထစတမ်း ဒူး ထောက် ပြီး တောင်းပန်ရမယ် ဆိုရင်လည်း ကျွန်မ အဆင်သင့် ပါ ။ ဒါလေး တစ်ခု ပဲ မောင့် ဆီ က ထပ် ရရင် ကျွန်မ သေပျော်ပါပြီ ။
“ တကယ်ပါ ... ယုံပါမောင် ၊ ကျွန်မ မေမေ့ ကြောင့် မောင့် ကို ပိုပြီး ချစ်တတ်သွားခဲ့တယ် ဆိုတာ ”
လောက မှာ အမေ ဟာ ကျွန်မ အပေါ် အကောင်းနိုင်ဆုံး လူသား တစ်ယောက် ပါ ။
မိခင်ကျေးဇူး ဆိုတာ ကလည်း လူသား အားလုံး အလေးအနက် အထားနိုင်ဆုံး နဲ့ အကြီးမားဆုံး ပဲ မဟုတ်လား မောင် ။ ဒီ ကျေးဇူးတွေ ကို မဆပ်နိုင်ရင်နေ ၊ မစော်ကားရဘူး ဆိုတာ မောင် လည်း သားသမီး တစ်ယောက် အနေ နဲ့ နားလည်မှာပါ ။ အမေ က အမေ ပဲ လေ ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အမေ ဂုဏ်ပုဒ် ဆိုတာ ညှိုးမှိန် ပျက်ပြယ် သွားတာမျိုး မဟုတ်လို့ လူသား အချင်းချင်း ထဲ မှာ တုနှိုင်းမဲ့ စာရင်း ဝင် ခဲ့တာ မဟုတ်လား မောင် ။
ကျွန်မ က တော့ မေမေ့ ကို စိတ် နဲ့ တောင် မပြစ်မှား ရဲ ပါဘူး ။
ပြီးတော့ ဒီ ကိစ္စ မှာ မေမေ့ ဘက် က လည်း မှန် သလို ဖြစ်နေတယ်လေ ။ တဖြည်းဖြည်း ကျွန်မ အဲဒီလိုပဲ နားလည် လာ မိတယ် ။ ဒီလို ပြောလို့များ မေမေ့ ဘက် ကနေ တစ်ဖက်သတ် လိုက် ပြောတယ် လို့ များ မထင်လိုက်ပါနဲ့ မောင် ။ အဲဒီလို ထင်ခဲ့မယ် ဆိုရင် လည်း ကျွန်မ ကို မောင် ကြိုက်တဲ့ အပြစ် ထပ် ပေးပါ ။ ဘယ်လောက် ကြီးမားတဲ့ အပြစ်မျိုး ပဲ ဖြစ်ဖြစ် ကျွန်မ မငြင်းစတမ်း ကို ခံ ပါ့မယ် ။ ကျေနပ် ပါ့မယ် ။
ကျွန်မ မောင့် ကို ချစ်လွန်း လို့ အကုန်လုံး ပုံအပ် ပေးပြီးသားပဲ ဟာ ။
မောင် မကျေနပ်သေး လို့ မောင် ကျေနပ်အောင် လုပ်ချင်သေးတယ် ဆိုရင် ၊ လက်စား ချေချင်သေးတယ် ဆိုရင် ပြောပါ ။ ကျွန်မ ငြိုငြင်လိမ့်မယ် မထင်နဲ့ ။ လူ လား ၊ အသက် လား ၊ တကယ်ပြောတာပါ မောင် ။ သိုး တစ်ကောင် လို ကိုယ့် လည်ကို စင်း ပေးဖို့ အဆင်သင့် ပါ ။ ပန်း ဆိုတာ ကြွေပြီး ရင် နွမ်း ဖို့ပဲ ရှိတော့တာ ။ ကျွန်မ ရဲ့ ဘဝ အကျိုးပေး ကံတရား ကို နွဲ့မနေချင်တော့ဘူး မောင် ။
အဓိက , က မောင့် ကို စိတ်ချမ်းသာ စေချင်တယ် ။ ပျော်ရွှင် စေချင်တယ် ။ ပြီးတော့ မေမေ့ ကြောင့် ၊ ကျွန်မ ကြောင့် ဆိုတာမျိုးတွေ နဲ့ မောင် စိတ် ဒုက္ခ ရောက်ရတာမျိုးတွေ တကယ်ပဲ မကြည့်ရက် ၊ မကြားရက် ပါ ဘူး ။
မောင်ရယ် လေ ။
စိတ်ညစ်ညစ် နဲ့ အရက် တွေ သောက် ၊ ဆိုင် ထဲ က နေ ထမ်း ထုတ် ရတဲ့ အထိ အဖြစ် တွေ ကြားသိ ရတော့ ကျွန်မ တကယ်ကို မခံစားနိုင်ဘူး ။ တစ်ကိုယ်လုံး ပြုတ်တူ နဲ့ ညှပ် ထား သလို မလှုပ်နိုင် မရှားနိုင် အောင် မွန်းမွန်းကျပ်ကျပ် ရှိ လိုက်တာ မောင် ရယ် ။ အသက် ရှင်ချင် စိတ် တောင် ကုန်တယ် ။ ဖြစ်နိုင်ရင်လေ ၊ မြွေ လို အရေခွံ လဲပြီး ဘဝ ကို အသစ် က နေ စ,လို့ ရရင် သိပ် ကောင်းမှာပဲ ဆိုပြီး မွတ်မွတ်သိပ်သိပ် တမ်းတ မိတဲ့ အထိ ။ အခုတော့ ပေ တစ်သီး ၊ ကျီး တစ်သား ဆို သလို တစ်သက် မှာ တစ်ခါပဲ ရှင်သန် မွေးဖွား ခဲ့တဲ့ ကျွန်မ နှလုံးသား က အချစ် ဟာ အလေ့ကျ ပန်း တစ်ပွင့် လောက် တောင် အဓိပ္ပာယ် မရှိတော့ဘူး မောင် ။
တကယ်တော့ မေမေ ဟာ ကျွန်မ အပေါ် ကို အချစ်ကြီး လို့ အမျက်ကြီး သွားရတယ် ဆိုတာ ကျွန်မ နားလည် ပါတယ် ။ ကျွန်မ လို ပဲ မောင် လည်း နားလည် ပေးနိုင်ပါစေကြောင်း ဆန္ဒတွေ အခါခါ ပြုနေမိတယ် ။
သား နှစ်ယောက် ၊ သမီး နှစ်ယောက် ရဲ့ မိခင် အမေ .. ။
ဘယ် သားသမီး အပေါ် မှ ပိုတာ မျိုး ၊ ဘက်လိုက်တာ မျိုး ၊ ဦးစားပေး ချစ်တတ်တာ မျိုး မရှိခဲ့ တဲ့ အမေ ။ မုဆိုးမ ပေမဲ့ သားသမီးတွေ အကုန်လုံး ကို ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင်အောင် ကြိုးစား ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ အမေ ။
အဲဒီ မေမေ လက် နဲ့ ရေးတာ ကို ကျွန်မ က ခြေ နဲ့ ဖျက် စော်ကား သလို ဖြစ်သွားခဲ့တာကိုး ။
အချစ် ဆိုတာ က လည်း အခက်သားလား မောင် ၊ မျိုးစေ့လေး လို ပဲ ။ သိမ်းထားတာ ထက် တယုတယ စိုက်ပျိုး ရှင်သန် ဖူးပွင့် လာ မှ ကြည်နူးပျော်ရွှင်စရာ ခံစားမှု ရသလေးတွေ ကို ပေး နိုင်တာလေ ။
ဒါမှ လူ ဖြစ်ရကျိုး နပ်မယ် မဟုတ်လား မောင် ။
“ ကျွန်မ သိပ် မှားသွားခဲ့တယ် ”
••••• ••••• ••••• •••••
မကွေးတက္ကသိုလ် နောက်ဆုံးနှစ် ။
သူငယ်ချင်းတွေ နဲ့ အတူ မြသလွန်ဘုရား သွား ဖူးတုန်း က ။
အချိန် က နေဝင်ဖျိုးဖျ ။ မြစ်ကမ်းနား ဘက် မြသလွန် ဘုရား ရင်ပြင်တော် လက်ရန်း ကို မှီရင်း ဧရာဝတီမြစ် ဘက် ကို ကျွန်မ မျက်နှာ မူ ငေးနေ မိတယ် ။ မြစ်ပြင် ကို ဖြတ်သန်း လာတဲ့ နေခြည်သိမ်းစ လေညင်းလေး က တဖြူးဖြူး ၊ စိမ့်စိမ့်နွေးနွေး နှစ်ဖြာယှက် လို့ ။ ကျောလယ် အထိ ဖားလျား ချထားတဲ့ ဆံနွယ်စလေးတွေ လည်း ပခုံးတင် ပဝါပါးလေး နဲ့ အတူ လွင့်နေ လိုက်တာ လေ မှာ တဖျပ်ဖျပ် ။
ဧရာဝတီ တစ်ဖက် မင်းဘူးမြို့ ကမ်းနား ဆီ က လင်းလက်စ မြသလွန်ဘုရား မီးတွေ နဲ့ အပြိုင် စက္ကိန်းတဲ ဘုရားမီးတွေ ကို ရှုမဝ ဖြစ်နေ ခိုက် ။
လ မသာ ကြယ်တစ်သင်း နဲ့ သာယာနေသော ည ။
နက်မှောင် စိမ်းရဲနေတဲ့ ဧရာဝတီမြစ်ပြင်ကြီး တောင် ကြယ်ကလေးတွေ ပန်ဆင်ထား သလိုလို ။ မြသလွန်ဘုရား ရဲ့ ကမ်းခြေ က မြစ်ပြင်လေး က ဆို ဘုရားမီးရောင်များ ကြောင့် ကျွန်မ နဲ့ အပြိုင် ဇီဇဝါပွင့်ရောင်လေး တောက်နေ မလားပဲ ။
လှိုင်းကြက်ခွပ်သံ လေးတွေ က ကြားရ မတတ်လည်း ကျွန်မ ရင်သပ်ရှုမော ဖြစ်နေစဉ် ။
မမျှော်လင့်ဘဲ နောက် က နေ ယောက်ျား တစ်ယောက် ရဲ့ ပိုင်စိုးပိုင်နင်း သိုင်းဖက် လိုက်တာ ခံလိုက်ရတယ် လေ ။ ချစ်သူ ရည်းစား တောင် မထားဖူးတဲ့ ကျွန်မ ၊ ယောက်ျား တစ်ယောက် ဆိုတာ သိလိုက်ရတာ နဲ့ စနက်တံ ဖြုတ်ခါနီး ဗုံးတစ်လုံး လို ဒေါသတွေ ပေါက်ကွဲ လုလု ။ ဝင်းမွတ်နူးညံ့ နေတဲ့ ကျွန်မ တစ်ကိုယ်လုံး လည်း ရှက်သွေးတွေ နဲ့ ညိုပုပ် နေမလားပဲ ။ ရုန်းထွက် ပေမဲ့ မရ ။ မြွေ တစ်ကောင် ပတ်ထားတဲ့ အလား တင်းတင်းကျပ်ကျပ် အရိုးကွဲ မတတ် ။ သူငယ်ချင်းတွေ လည်း ဝေး ၊ ဘုရားဖူးတွေ လည်း ရုတ်တရက် မသိသာ မမြင်နိုင် တဲ့ အစွန်း ခပ်ကျကျ နေရာ ဆိုတော့ ကျွန်မ အော်ဟစ် အကူအညီ တောင်း ဖို့ ပါးစပ် အပြင် ကျွန်မ နား နား ကပ်ပြီး လေသံလေး နဲ့ ပြောလာပုံ က “ မင်း ကို ချစ်တယ် ” တဲ့ ။
ဖက်ထား ရာ က နေ ပြောပြောလွှတ်လွှတ် လွှတ်လိုက် လို့ ဆတ်ခနဲ လှည့်ကြည့် လိုက်တော့ “ ဟင် .... ” ၊ ထင်မှတ်မထားတဲ့ အချိန် မှာ မထင်ထားတဲ့ သူ ရဲ့ လုပ်ရပ်ကြောင့် မယုံကြည်နိုင် အောင် အံ့ဩသွား ရ သူ က ကျွန်မ ။ ပျို့တက်လာတဲ့ ဒေါသလှိုင်းတွေ လည်း လျှောကျ သွားလိုက်တာ ပိန်းကြာဖက် ပေါ် ရေ မတင် သလို ။ ရုန်းကန်နေမိ တဲ့ ခွန်အားတွေ လည်း တို့ထိ ခံ လိုက်ရတဲ့ ထိကရုန်းပင်လေး လို ညှိုးကျ သွား ရဲ့ ။
ကျွန်မ ရင် ထဲ အစားထိုး ဝင်ရောက် လာတာတွေ က တစိမ့်စိမ့် ပီတိမိုးဖွဲလေး ။
“ မကောင်းဘူး ကွာ ၊ သူ အရမ်း ဆိုးတာပဲ ။ ဒီမှာဖြင့် လန့်သွားလိုက်တာ သေတော့မယ် ”
ရှက်စနိုးလေး ပြန်ပြောရင်း လက်သီးဆုပ်ဖွဖွကလေး နဲ့ ဟိုထု ဒီထု စိတ်ဆိုး ဟန် အတုလေး နဲ့ ကျွန်မ ကျေနပ် နေခဲ့မိတယ်လေ ။ ပြီးတော့ မောင့် ရင်ခွင် ကို လည်း မျက်နှာ အပ် ပြီး ကျွန်မ ကြည်ကြည်နူးနူး ပြန် ဖက် ထားမိတယ် ။ မောင် က ကောင်းကင် ပေါ် မျက်နှာ မော့ ပြီး သဘော ကျ သလို ရယ် နေ လိုက်တာ ကြယ်ကလေးတွေ တောင် လှုပ်ခတ် ကြွေကျသွား မတတ် ။
တော်သေးတာပေါ့ ။ ဘုရားဂေါပက အလှူခံဌာန က တိုက်တိုက်ဆိုင်ဆိုင် မိုက်သံ ကြောင့် သာ ဘယ်သူ မှ မကြားတယ် ။
“ ဟေး မပြေးနဲ့ ၊ မိပြီ ဟေ့ ...”
မောင့် သူငယ်ချင်းတွေ နဲ့ ကျွန်မ သူငယ်ချင်းတွေ ဝုန်းခနဲ ရောက် လာကြပြီး သူခိုး ဖမ်းသလို “ ဟေး ” တိုက် အော်ဟစ် လိုက်ကြတယ် ။
••••• ••••• ••••• •••••
တကယ်တမ်းကျ ကျွန်မ မောင့် ကို မမျှော်လင့်ခဲ့ ပါဘူး ။
လက် လည်း မခံသင့်ဘူး ။ ဟုတ်တယ် မောင် ။ ကျွန်မ ဆယ်တန်း အောင်ပြီး တက္ကသိုလ် တက်မယ့် ပထမနှစ် မှာ မေမေ က သူ့ တူ နှစ်ဝမ်းကွဲ လောက် တော်တဲ့ တူ ဖြစ်သူ နဲ့ သဘောတူ စေ့စပ် ထားခဲ့ တယ်လေ ။ ရွာ မှာ ဆို တောသူဌေး ပေါ့ ။ ပြီးတော့ တစ်ဦးတည်း သား ။ ကျွန်မ ထက် လည်း ၁၅ နှစ် လောက် ကြီး တယ် မောင် ။ မေမေ က ရှေးရိုး အယူအဆ သဘာဝ အတိုင်း ဆင် စီးပြီး မြင်း ရံတာ မြင်ချင် လို့ စီစဉ်တာ တဲ့ ။
အဲဒီတုန်းက ကျွန်မ လေ မေမေ့ ကို ပြန် မပြောရဲ ပေမဲ့ ရင် ထဲ မှာ တော့ အကြိမ်ကြိမ် အခါခါ ငြင်း နေခဲ့မိတယ် မောင် ။
နှလုံးသား မပါဘဲ နဲ့ သူ တစ်ပါး လက် ထဲ မှာ အရှုံး ထားပြီး ဘဝ ကို ဘယ်လို သတ္တိမျိုး နဲ့ ရင်ဆိုင်ဖို့ စိန်ခေါ် ရဲပါ့ မလဲ ။ လူ့ စိတ် ဆိုတာ အရွက် ကျ ရာ အပင် ပေါက်တတ် ရင်လည်း အကောင်းသား ။ ချစ်ခြင်းမေတ္တာ နဲ့ အကြင်အနာ အယုအယ သမုဒယ ဆိုတဲ့ အတွယ်အတာ သံယောဇဉ်တွေ ၊ သနားစာနာ ညှာတာ ထောက်ထားမှု တွေ အပြန်အလှန် တုံ့ပြန် နိုင်ကြလို့ “ လူ ” ဆိုပြီး ခေါ်တာ မဟုတ်လား မောင် ။
ဒီတော့ ကျွန်မ လည်း လူ ပဲ လေ ။
အဲဒီလို အပြန်အလှန် တုံ့ပြန်မှုတွေ လိုချင်တာပေါ့ ။ သူချစ် ကိုယ်ချစ်ခွင့် တွေ လိုချင်တာပေါ့ ။ သူ့ အလို ၊ ကိုယ့် အလို စိတ်ကြိုက် လိုက်လျောမှုတွေ နဲ့ တူနှစ်ကိုယ် ကြည်နူး ပျော်ရွှင် ချင် တာပေါ့ ။
ဒါပေမဲ့ ကျွန်မ ရဲ့ ရှေးဘဝ ကံတရား က ကြိုတင် စီရင် ခဲ့လေ သလား မသိဘူး မောင် ။
အဲဒီ မေမေ့ အစီအစဉ် အတိုင်း သံပတ်ပေး စက်ရုပ်ကလေး တစ်ရုပ် လို ကျွန်မ ခေါင်းညိတ် ခဲ့ရတယ် မောင် ။ ငှက်ကလေး တစ်ကောင် လို ပဲ ။ အတောင် ပါ ပေမဲ့ ပျံသန်း ခွင့် မရှိ ။ လှောင်အိမ် ထဲ မှာ အထည့် ခံ ထားရသလိုပဲ ။
တကယ်တမ်း ကျ အချစ် ဆိုတဲ့ အရာ ဟာ ကျွန်မ နှလုံးသား ထဲ မှာ ပဲ စုန်းပြူးမျိုးစေ့လေး တစ်စေ့ လို ရှိနေသင့်ခဲ့တာပါ ။ ရှင်သန် ပေါက်ရောက် ခွင့် မပေးထိုက်ဘူး ။
အခုတော့ မဖြစ်နိုင်မှန်း သိလျက် နဲ့ အချစ် နဲ့ ခိုင်မြဲချင် မိတာ အားလုံး သောက ပင်လယ် တွေ ဝေကြရပြီ လေ ။
မကွေးတက္ကသိုလ် ပထမနှစ် မှာ မောင် နဲ့ စ တွေ့ ကတည်း က မြင်ပါ များတော့ ခင် ၊ ခင်ပါ များတော့ တိတ်တခိုးလေး ချစ် သွား မိတာ ရှေးရေစက်ပဲ ထင်ပါရဲ့ မောင် ။ ကျွန်မ ဘဝ ပေး အခြေအနေ နဲ့ ကျွန်မ မို့ မောင့် ကို ရေလာ မြောင်းပေး မဖြစ်အောင် မနည်း ဟန်ဆောင် နေခဲ့ရတယ် ။ အတန်း တူ ၊ မေဂျာ တူ ၊ သွား အတူ ၊ လာ အတူ ဆိုတော့ ပို ဆိုးတယ် ။ ကိုယ့် ကိုယ် ကို မလုံမလဲ နဲ့ တအုံခဲခဲ ကို ဖြစ်လို့ ။ မခံစားနိုင်အောင်ပါပဲ ။ မောင် ပဲ စဉ်းစားကြည့် လေ ။ ရိုးသားဖြူစင်ပုံတွေ အဓိပ္ပာယ် ရှိအောင် သရုပ် တပြပြ လုပ်ရင်း အချစ်နယ် မကျွံမိ စေဖို့ ကိုယ့် ရင်ဘတ် ကို ထောင်,လုပ်ပြီး အချစ် ကို အကျဉ်း ချ ထား သလို ဖြစ်နေရတဲ့ အဖြစ်ဆိုး ကို ... ။
မောင့် ရဲ့ လိုအပ်ချက် မှန်သမျှ ကို တတ်နိုင်သရွေ့ သူငယ်ချင်း ကောင်း ပီပီ ဖြည့်ဆည်း ပေးရင်း ကျွန်မ ကိုယ် ကျွန်မ ထိန်းသိမ်း ခဲ့ ရတယ် ။ နှစ်သိမ့် ခဲ့ ရတယ် ။ ဖြေသိမ့် ကျေနပ် ခဲ့ ရတယ် ။
ပြီးတော့ မောင့် ကို တစ်ဖက်သတ် ချစ် နေ မိတာ သူငယ်ချင်းတွေ ရိမ်မိ ကုန်ကြ မှာ စိုးလို့ ဆင်ခြင် သတိထား ရတာ လည်း တကယ့် ကို စိတ်မော လူမော ပါ မောင် ၊ ဒီ ကြား က သူငယ်ချင်းတွေ က မောင် နဲ့ စနောက်ကြ လွန်းလို့ ရိပ်များ ရိပ်မိ သွားကြပြီလား ဆိုပြီး မယုံမရဲ ပူပန် နေလိုက်ရ တာ လည်း တထင့်ထင့် ။ နောက်ဆုံး ကျတော့ လည်း စိုးရိမ် လို့ ကြောင့်ကြ ၊ ကြောင့်ကြ လို့ တောင့်တ သလို ဖြစ်သွား လေမလား မပြောတတ် ။ ဘယ်လောက်ပဲ ကိုယ် အမူအရာ ၊ နှုတ် အမူအရာ တွေ က ဟန်ဆောင် ကောင်းနေပါစေ ၊ ကျွန်မ မျက်ဝန်းတွေ ကို တော့ မောင် မရိပ်မိအောင် ဟန် မဆောင်နိုင်ခဲ့ဘူး ထင်ပါရဲ့ ။
ကျွန်မ ရဲ့ ရင် ထဲ မှာ ကျွန်မ ခိုးယူထားမိတဲ့ မောင့် ရဲ့ အရိပ်ကလေး တွေ ကို ကျွန်မ မျက်ဝန်း ကနေ တစ်ဆင့် မောင် တွေ့ သွားခဲ့လို့လေ ။ ဒီတော့ မဆွတ်ခင် က ညွှတ်ချင် နေမိတဲ့ ကျွန်မ ၊ ကြင်နာမြတ်နိုးစွာ ခူးခြွေလာတဲ့ မောင့် ကို ဘယ်လို လုပ် ငြင်းဆန် နိုင်ပါ့မလဲ ။
“ ကဲ... ဒေါ်ရွှေခင်မြတ်သွယ် ၊ ဟိုက မောင်တော် ခမျာ မျှော်တလင့်လင့် နဲ့ ။ ခုထက် ထိ မဖုရားလေး က အင်တင်တင် လုပ်နေတုန်းလား ”
“ ဟုတ်ပ ၊ နောက် မှ ရှော့ထိ နေမယ် နော် ”
“ အေးဟယ် ... ဟိုနေ့က တောင် ကိုဘုန်းမြင့်ကျော် နဲ့ တွေ့ သေးတယ် ။ သူ့ ကြည့် ရတာ စိတ်ဓာတ် ကျနေ သလိုပဲ ”
“ ဘာပဲဖြစ်ဖြစ် မိသွယ် ညည်း ရွေးချယ်ရမှာ နှစ်လမ်း ပဲ ရှိတယ် ။ သမီး အလိမ္မာလေး လုပ် မလား ၊ သမီး မိုက် လုပ် မလား ဒါပဲ ”
“ အိုအေ ... မိဘ ဆိုတာ ကတော့ စိတ် တို လည်း ခဏပါပဲ ။ ဒါမျိုးက နောက်တော့ လည်း ပြီးသွားတာပါပဲ ”
နောက်ဆုံးနှစ် စာမေးပွဲ ဖြေခါနီး နှစ်လ လောက် အလို မှာ ကျွန်မ သူငယ်ချင်းတွေ က မောင့် ဘက် ကနေ တစ်ယောက် တစ်ပေါက် ဝိုင်း ပြော နေကြတာလေ ။ ဒါနဲ့ ကျွန်မ က လည်း သူတို့ မသိအောင် လုပ်ထားတာလေး ပြန် ပြောလိုက်တာပေါ့ ။
“ ဒီမှာ ... ဒီမှာ ညည်းတို့ ပြောတာ နောက်တောင် ကျသေး ။ ငါ က ဖြင့် ပြောလိုက် ပြီးပြီ ၊ စာမေးပွဲ ပြီးရင် ရွာ မပြန်တော့ဘူး ၊ မောင် နဲ့ အတူ လိုက်ခဲ့မယ် လို့ ”
“ ဟယ် ... ကောင်မစုတ် ” ဆိုပြီး ကျွန်မ ကို ဝိုင်း ဆူ ကြတယ် ။ ဝိုင်း ထု ကြတယ် ။
••••• ••••• ••••• •••••
မေမေ့ ရဲ့ လုပ်ရပ် က မောင် ပေါက်ကွဲမယ် ဆိုလည်း ပေါက်ကွဲထိုက်ပါတယ် မောင် ။
နှစ်ဖက် မိဘတွေ ရဲ့ အရှက် နဲ့ ဂုဏ်သိက္ခာ အတွက် တန်ရာတန်ကြေး လို့ ပြောရမလားပဲ ။ မောင် နဲ့ ကျွန်မ ရဲ့ ဆုံစည်း သမျှ ကမ္ဘာလေး ဟာ ကြေမွပျက်စီး သွားလိုက်တာ များ အရာလေး တောင် မကျန်ခဲ့ဘူး ။ ဒီ တစ်သက် ပြန်ပြီး မျှော်လင့်လို့ မရတဲ့ အဖြစ်တွေ ကြောင့် နှမြော ရင်နင့် ကြေကွဲ မိရပါတယ် မောင် ။ ရွာ မှာ မောင် မရှိတော့ဘူး ဆိုတဲ့ သတင်း ကို ကြားရတော့ ကျွန်မ ရူးမတတ်ပါပဲ ။ ဘယ်ကို ထွက်သွား လို့ ထွက် သွားမှန်း မသိအောင် ခြေရာ ဖျောက် သွားတဲ့ အထိ တကယ်ပဲ နာကြည်း ပေါက်ကွဲ သွားပြီပေါ့ ။
“ ဒီမှာ သွယ် ... အချစ် ဆိုတာ စွန့်လွှတ် ပေးဆပ်နိုင် မှ ရယ် မဟုတ်ဘူး ၊ ရယူခြင်း နဲ့ အနစ်နာခံ ဖြည့်ဆည်း ပေးနိုင် ရင် လည်း အချစ်စစ် ပဲ ”
“ .... ”
“ ဘာပဲဖြစ်ဖြစ် သွယ့် ကို သာ မောင် မပိုင်ဆိုင်ရရင် လူ စင်စစ် က နေ ကျောက်ဆစ်ရုပ် ဖြစ်သွားသလို နေမှာ ။ ဘာကို မှ ခံစားတတ်တော့ မှာ မဟုတ်ဘူး ၊ ရူးမှာပဲ ”
“ ... ”
“ တကယ်တော့ သွယ် ဟာ မောင့် ဘဝ ရဲ့ အရိပ်ကလေးပါ ကွယ် ”
“ .... ”
ဆယ်ဘဝ ဆယ်သက် မက မမေ့နိုင်အောင် ကြည်နူး ဝမ်းသာ ကျေနပ်ခဲ့ရတဲ့ မောင့် စကားတွေ ။ အဲဒီ စကားတွေ ဟာ ကျွန်မ ဆီ ကနေ မောင့် နောက် ပြန် ပါ မသွားဘူး ဆိုတာ ကျွန်မ ပြော ရဲတယ် ။ ဟုတ်တယ် မောင် ။ ကျွန်မ ယုံကြည်လို့ ချစ်ခဲ့ရတဲ့ မောင် ဟာ လောက မှာ ကျွန်မ အားအကိုးဆုံး လူသား တစ်ယောက် ပဲ ။ ဒါကြောင့် မောင့် အနား မှာ မရှိပေမဲ့ မောင့် စကားတွေ ဟာ ကျွန်မ အတွက် ထာဝရ ခွန်အားတွေ ဖြစ် နေ မှာပါ ။
တကယ်တော့ မောင် အခုလို ဖြစ်သွား ရ တာ ကျွန်မ အပြစ် တွေ ပါ ။
ကျွန်မ အနေ နဲ့ ကိုယ် တူး မိ တဲ့ မိုက်တွင်း ထဲ မှာ ဘယ်လိုပဲ နစ်မြုပ်ပြီး အဆုံးသတ် သွားရပါစေ ၊ ကျွန်မ တကယ် မမျှတဘူး မောင် ။ ကျွန်မ ကြောင့် မောင့် ဘဝ နစ်မွန်း သွားရတာရယ် ၊ ပြီးတော့ မေမေ့ ကို ကျေးဇူးကန်း သလို ဖြစ်သွားရတာ ရယ် အဲဒီ အတွက် ပဲ ကျွန်မ ရဲ့ အသက် ကော ၊ ဘဝ ပါ ရင်းပြီး ဆပ် ဦး တော့ မကျေမှာ ဘဲ စိုးရိမ်မိတယ် မောင် ... ။
ကျွန်မ ရဲ့ ရှေးအစ အတိတ် ကံ ဟာ အဲဒီလောက်ကြီး မုန်တိုင်း ဆင် ခဲ့လိမ့်မယ် မထင်ခဲ့ မိ ဘူး ။ ကံ စီမံရာ အတိုင်း ဆို ပြီး ကျွန်မ ကိုယ် ကျွန်မ မစဉ်းစားရဲ စရာ ။ မေမေ့ ရဲ့ ကျွန်မ အပေါ် တုံ့ပြန်မှု ဟာ အပြစ် မဲ့ တဲ့ မောင် သာ မက မောင့် မိဘတွေ ပါ ဓားစာခံ ဖြစ်သွား ရတယ် ။ ဒီအတွက် စိတ် ထိခိုက်ရ လွန်း လို့ လူမှန်း သူမှန်း မသိအောင် သာ ကျွန်မ ရူးလိုက် ချင် တော့တယ် ။ ဒီလောက် ဘဝ အကျိုးပေး ဆိုးလှတဲ့ ကံတရား နဲ့ ကျွန်မ ကို လောကကြီး က ဘာကြောင့်များ လူ ဖြစ် ခွင့် ပေးခဲ့ရတာ ပါ လိမ့် ။
မောင့် ရဲ့ မိဘတွေ တာဝန် ကျေ ပါတယ် ။ သားသမီး အတွက် မိဘ ပီသ လွန်းပါတယ် ။
မောင်တို့ ရွာ မှာ မောင့် မိဘတွေ က အချမ်းသာကြီး မဟုတ်ကြ ပေမဲ့ ကျွန်မ တို့ အရပ်ဒေသ ထုံးစံ အတိုင်း မငြိုမငြင် မဖြစ် ဖြစ်အောင် အုပ်တင် တောင်းရမ်း ပေးခဲ့ ကြတယ် ။
မင်္ဂလာကြေး သုံးသိန်း ၊ ခန်းဝင်ပစ္စည်း အပြည့်အစုံ နဲ့ နို့ဖိုး သိန်း ၂ဝ ၊ ရွှေ သုံးကျပ်သား နဲ့ တင် တောင်းခဲ့ ရတာ ။
ဒါပေမဲ့ အခြေအနေ အရ မေမေ့ ရဲ့ အောင့်လုံးတွေ ဟာ မင်္ဂလာကန်တော့ ပွဲ အခမ်းအနား ပြီးတာ နဲ့ နှစ်ဖက် မိဘဆွေမျိုး စုံစုံလင်လင် ရှေ့ မှာပဲ မမျှော်လင့်ဘဲ မိုင်းတစ်လုံး ကို ထ,ပေါက်ကွဲ လိုက်တယ် ။
အားလုံးလည်း မယုံကြည်နိုင် စရာ မှင်တက် မိ ကြောင်အမ်း သွားကြတယ် ။
ကျွန်မ ဖြင့် အံ့သြလွန်း လို့ လဲသေ သွားမတတ်ပါပဲ မောင် ။
မေမေ က အသံကုန် အော်ဟစ် ပြီး ပြောလိုက် တဲ့ စကား က လည်း ကြည့်ပါဦး ။
“ နင့် လို ကောင်မမျိုး မွေး ရတာ ရှုံးတောင် ရှုံးသေးတယ် ” တဲ့ ။
ပြီးတော့ မောင့် နောက် ကို အဝတ် တစ်ထည် ၊ ကိုယ် တစ်ခု နဲ့ ထည့် လိုက် သလို ၊ သမီး အဖြစ် မှ လည်း စွန့်လွှတ်လိုက်ကြောင်း လူပုံ အလယ် မှာ ကြေညာ လိုက်တယ် လေ ။
အဲသလို မေမေ က လည်း သမီး အဖြစ် မှ စွန့်လွှတ် လိုက်တယ် ။
မောင် က လည်း ဇနီး အဖြစ် မှ စွန့်လွှတ် သွားတယ် ။
အဲဒီ အတွက် ကျွန်မ နောင်တ ရမယ် ထင်သလား မောင် ။ ကျွန်မ ပြောခဲ့ပြီးပါ ပကော ။ ကျွန်မ မေမေ့ ကြောင့် မောင့် ကို ပိုပြီး ချစ်တတ် သွားခဲ့တယ် လို့ ။ ဘာပဲ ဖြစ်ဖြစ် မေမေ့ ကို လည်း ကျွန်မ ဘယ်တော့မှ နာကြည်းမုန်းတီး မိ မှာ မဟုတ်ဘူး ။ မေမေ့ ရဲ့ ကျေးဇူး တရားတွေ ကို လည်း စော်ကား ဖို့ မပြောနဲ့ ၊ စိတ် နဲ့ တောင် မပြစ်မှား မိအောင် ကြိုးစားသွားမယ် မောင် ။
ကျွန်မ ကျေနပ်ပါတယ် ။
ကျွန်မ လူ ဖြစ်လာ ရတာ ကို က အစွန့်လွှတ်ခံ သက်သက်ပဲ ထင်ပါ ရဲ့ မောင် ။
“ ဟုတ်တယ် မောင် ... ကျွန်မ ဟာ ... မေမေ ကောက်ယူ မွေးစား ခဲ့ တဲ့ မိဘ အစွန့်ပစ်ခံ တစ်ယောက် ဖြစ်နေလို့ပဲ ”
◾ဆွေဝင်းနီ ၊ ပွင့်ဖြူ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ လ ၊ ၂၀၁၆ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment