Sunday, February 12, 2023

မဟူရာပညတ် နှင့် ပရမတ် မီးသွေး ( ၂ )


 ပင်လုံကွန်ဖရင့် တွင် မြ အား တွေ့ ဆုံလိမ့်မည် ဟု ဗိုလ်သိန်းဒန် သည် နည်းနည်းမျှ မမျှော်လင့်ခဲ့ပေ ။ တွေ့ ရသောအခါ မုဆိုးမကလေး ၏ အလှ ကို ငေးမော မိ၏ ။ သွားလေသူ စဝ်ဆိုင်ထွန်း အပေါ် လည်း သံယောဇဉ် အမျှင် တန်း မိသည် ။


“ ရန်ကုန် ကို လိုက် လည် စေချင်တယ် ”  


ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကို ငုံ့ရင်း က ဤ စကား ကို ခပ်တိုးတိုး ပြော လိုက် လေသည် ။ မြ သည် ဗိုလ်သိန်းဒန် ကို စူးစိုက်ပြီး ကြည့် နေ၏ ။ မြ ကြည့် နေသည် ကို ဗိုလ်သိန်းဒန် မသိပေ ။


“ လည်ပတ်ဖို့ အချိန် မရသေးဘူး ဗိုလ်သိန်းဒန် ၊ ဒီမှာ စော်ဘွား တစ်ယောက် က မြ ကို အရေးတကြီး ခေါ်ထားတာ ရှိနေတယ် ”  


“ ကိစ္စ က အရေးကြီးသလား ” 


“ အင်း... ကြီးတယ် ဆိုရမှာပဲ ၊ အခု တောင်တန်းဒေသ ဘက် မှာ ရောက်နေတဲ့ မျက်နှာဖြူ စတီဗင်ဆင် က စော်ဘွား နဲ့ တွေ့ပြီး တောင်တန်း အကြောင်း စကား ပြော မလို့ တဲ့ ။ အဲဒါ မြ ဒီ က အပြန် မှာ စကားပြန် အဖြစ် နဲ့ လိုက်သွား ရမယ် ။ နောက်ပြီး စော်ဘွားကြီး က သူ့ ဟော် မှာ စာသင်ကျောင်း တစ်ကျောင်း ဖွင့် ချင်တယ် ။ ဟော်သူဟော်သားတွေ ရဲ့ သားသမီးတွေ အတွက် ပညာ သင်ဖို့ တဲ့ ” 


“ ဒါဖြင့် ဒီကိစ္စတွေ က အရေးတကြီး ကိစ္စတွေပဲ ။ “ စတီဗင်ဆင် ” ဟာ ဒီ ပင်လုံကွန်ဖရင့် ကို လာ ဖျက်တဲ့ လူ ပဲ ။ သူ့ ကို သတိထား ဖို့ လိုတယ် ။ နို့ နေပါဦး ၊ စော်ဘွားကြီး ရဲ့ သဘောထား က ကော ” 


“ ပြည်ထောင်စု နဲ့ ပေါင်း မှာ ပါပဲ ” 


“ ကျွန်တော် တောင် မြ နဲ့ လိုက်ခဲ့ချင်တာ ” 


ဗိုလ်သိန်းဒန် သည် စကားများ ကို ပြောရင်းက ရှေ့ လောကြီး သွား သကဲ့ သို့ ဖြစ် သွားသော သူ ၏ စကားများ ကို ပြန်လည် ရုပ်သိမ်း လိုသည့် သဘောဖြင့် “ အို .. အို .. ”  ဟု ဆက် လိုက်၏ ။ ပြီးတော့ကာ မျက်နှာပြင်များ နီရဲ သွား လေသည် ။


“ လိုက်ခဲ့ပါလား ရှင် ၊ ရှမ်းပြည် တစ်ခွင် ကို လေ့လာရတာပေါ့ ”  


“ ဧည့်သည် ကို မှီပြီး ဧည့်သည် အဖြစ် လိုက်ရမှာ ဆိုတော့ အားနာစရာများ ဖြစ် မနေဘူးလား မြ ”  


“ ကိစ္စ မရှိဘူး ။ စော်ဘွားကြီး ရဲ့မဟာဒေဝီ က မြ နဲ့ ကျောင်းနေဖက် ပါ ”  


“ ဒါဖြင့် ” 


“ ဒါဖြင့် လုပ် မနေပါနဲ့ ရှင် ၊ ဗိုလ်ချုပ် ကို ပြောပြီး ခွင့်တောင်း ပေးပါ့ မယ် ။ ရှင် အခု ဒီကို ဘာအဖြစ် နဲ့ လိုက်လာတယ် ဆိုတာ မြ သိပါတယ် ”  


ဗိုလ်သိန်းဒန် သည် စကား ကို ဆက် မပြောတော့ပေ ။ မြ သည်လည်း ဤနေရာ မှ ထွက်ခွာ သွားခဲ့၏ ။


ဤသည်၏ နောက်ပိုင်း ပင်လုံကွန်ဖရင့် ပြီးဆုံးသော အခါ ဗိုလ်သိန်းဒန် သည် မြ နှင့် အတူ လိုက်ပါသွားသည် ကို တွေ့ ရ၏ ။


ဤသို့ လာရောက် တွေ့ဆုံကြမည် ဟု မထင်မိ ။ တွေ့ ရသည့်အခါ တွင်မူ မခွဲချင်သော စိတ်များ က များပြား လျက် ရှိနေသည် ။ ရှေးယခင် မေမြို့ မှာ တစ်ညခင်း တွေ့ဆုံ ခဲ့စဉ် က ပေါက်ဖွား လာ သည့် မီးပွား ငယ် မှာ အရှိန် မသေ သေး ကြောင်း ကို ဗိုလ်သိန်းဒန် သည် ရိပ်မိပြီး ဖြစ် လေသည် ။


သို့ကြောင့်ပင် သူ သည် မြ အား ခွင့်ပန်ရန် ကြိုးစား လေသည် ။ ခွင့်ပန် လေသည် ။


မြ သည် အဝေး သို့ ငေးနေ၏ ။ ဗိုလ်သိန်းဒန် ကို လည်း မျက်လွှာ တစ်ချက် ပင့်ပြီး ကြည့်၏ ။


ရှေ့ဘက်မှာ ရှိသော လိမ္မော်ခြံ အတွင်း သို့ လှည့် ဝင် လိုက် လေသည် ။ မြ ထံ မှ မည်သို့သော စကားများ ထွက်ပေါ် လာမည်ကို ဗိုလ်သိန်းဒန် သည် မျှော်လင့်ချက် ကြီးမားစွာဖြင့် မြ ၏ နောက်မှ တကောက်ကောက် လိုက်ပါ လာ၏ ။


မြ သည် ဘာဆို၍ ဘာကိုမျှ မပြောသေး ။ အတန်ငယ် ကြာ မှ .. 


“ အေးလေ ၊ စဉ်းစား သေးတာပေါ့ ဗိုလ်သိန်းဒန် ” 


ဟူသော စကား ကို ပြော လာ လေသည် ။ မြ သည် ဗိုလ်သိန်းဒန် ၏ အပေါ်၌ မေတ္တာကွန်ရက် ကို ဖြန့်ကြက်ရန် ဝန်လေးလှ သယောင် ဖြင့် မျက်လုံးများ သည် ရီဝေ လျက် ရှိ လေသည် ။


ခပ်လှမ်းလှမ်း တွင် လိမ္မော်သီးများ ဆွတ်ခူး နေသည့် မဟာဒေဝီ သည် သူတို့ နှစ်ယောက် ယှဉ်တွဲပြီး လာသည် ကို ပြုံးပြီး ကြည့် နေ၏ ။ 


“ မြ ... ဒီကို လာပါဦး ” 


“ အို .. ရိုစီ တစ်ယောက် တည်း လား ” 


“ ဟိုမှာလေ ” 


ရိုစီ သည် သူ့ လင်တော်မောင် စော်ဘွားကြီး ဆီ ကို ညွှန်ပြ လေသည် ။ စော်ဘွားကြီး သည် သားငယ်အား လေသေနတ် ပစ်ပြနေ၏ ။ ဗိုလ်သိန်းဒန် သည် စော်ဘွားကြီး ရှိရာသို့ လှည့်ထွက် သွားလေသည် ။


“ ရိုစီ .. ဗိုလ်သိန်းဒန် က ဒီမှာ နေဖို့ ကိုယ့် ကို တိုက်တွန်း နေတယ် ”  


“ နေပါကွယ် ၊ ကိုယ်တို့ သားသမီးတွေ ပညာရေး လောက် ကို ဆို ရင် မြ ကို မတိုက်တွန်းပါဘူး ။ မြ လည်း ခုလောက် ဆိုရင် ဒီမှာ ရှိတဲ့ အရာရှိ အရာခံ သားသမီးတွေ ရဲ့ နေပုံထိုင်ပုံ ကို အကဲခတ် မိရောပေါ့ ။ အားလုံး ဟာ စော်ဘွား ကို မှီပြီး ပေါ့ပြက်ပြက် ဖြစ် နေကြတယ် ။ အဲဒါကို ကိုယ် ပြင် ပစ် ချင် တယ် ။ ကျောင်းဆရာ နှစ်ယောက် တော့ ရှိ ပါတယ် ။ ဒီမှာ ကျောင်း ဖွင့်ပေး ထားတယ် မြ ရဲ့ … ” 


“ သူတို့ မနိုင်ဘူးလား ” 


“ စာ သင်တတ်တယ် ၊ စာ တော်တယ် ။ ဒါပေမဲ့ စော်ဘွားစော်ခံ ငွေခွန်မှူး စတဲ့ ဟော်နန်းပတ်ဝန်းကျင် ကို သူတို့ က သိပ်ပြီး ကြောက်နေ တယ် ။ လခစား စိတ် တွေ နဲ့ပဲ နေကြတယ် ။ ကျောင်းဆရာ ကျောင်းသား တပည့် စိတ် မမွေးနိုင်ကြဘူး ။ သူတို့ ကို ရိုစီ အားမရဘူး ”  


“ ရိုစီ ရဲ့ သဘောထား ကို ပြောပါဦး ” 


“ ကလေးတွေ စည်းကမ်း သေဝပ် စေချင်တယ် ။ တချို့ကလေးတွေ ဟာ ဆရာ ကို မလေးစားဘူး ။ ကျောင်း ကို လာချင် မှ လာတယ် ။ “ စော်ဘွား ပျော်ပွဲစား ရှိလို့ ”  “ အမေ မြို့သွားလို့ ” ဆိုတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက် တွေ နဲ့ ကျောင်း ကို မလာကြဘူး ။ တစ်ခါတလေ လည်း သူတို့ လူငယ် ကလေးတွေ စုစုပြီး တောင်ပေါ် ကို သေနတ်ပစ် တက် ကြတယ် ။ ဒါတွေကို ဆရာ လုပ်တဲ့ လူတွေ က မဆုံးမရဲဘူး ။ သူတို့ မိဘတွေ ကို ကြောက် နေတယ် မြ ရဲ့ ... ” 


မြ က ပြုံးလေသည် ။


“ ဒါဖြင့် ကျောင်းသားတွေ က ကျောင်း ကို လာချင် မှ လာတယ် ၊ မလာချင်ရင် လည်း ဆရာတွေ က ဘာမှ မပြောရဲဘူး ဆိုပါတော့ ”  


“ ဟုတ်ပါတယ် ၊ တချို့ ဟော်အရာရှိတွေ ကလည်း ပဒေသရာဇ် ဆန်ဆန်ပါပဲ ။ သူတို့ လုပ်သမျှ အားလုံးကို ထောက်ခံ နေရင် သဘောကျ တယ် ။ တစ်နေ့ က တောင် စာ သင် နေတုန်း တန်းလန်း မှာ သားသမီးတွေ ကို တောင်ကြီး သွား လည်ဖို့ ဆိုပြီး အခေါ် လွှတ် လိုက်တယ် ။ ကလေးတွေ က လည်း ချက်ချင်း ထ လိုက်သွားတယ် ။ ဆရာတွေ က ဒါတွေကို မပြောရဲ ဘူး ။ ကျောင်းသားတွေ ဟာ ကျောင်းပိတ်ရက် က လွဲပြီး ကျန်တဲ့ အချိန် ကျောင်း မှာ ရှိ ရမှာပေါ့ ။ လည်ပတ် ချင် ရင် လည်း မိဘတွေ က ကျောင်းပိတ် ရက် မှာ လည်ပတ် ဖို့ ကောင်းတယ် ။ တစ်နေ့ က လည်း ဆွေရိပ် မကင်းပါ ဘူး ။ မောင့် တူတော်မောင် တစ်ယောက် ပျင်း လို့ ကျောင်း မတက်ချင်ဘူး ဆိုပြီး ဟော် ထဲ မှာ ပဲ စာ ဖတ် နေတယ် ။ မောင့် ကို တိုင်တော့ မောင် က လည်း ဘာမှ မပြောဘူး ။ ဒါတွေကို ရိုစီ ပြင် ပစ်ချင်တယ် ။ ဒါကြောင့်မို့ မြ ကို ဒီ ကျောင်း မှာ လာ လုပ်ပါလို့ ခေါ်တာပဲ ” 


“ ခက်တယ် ရိုစီ ရယ် ၊ ဟိုမှာလည်း တပည့်တွေ သံယောဇဉ် က ရှိနေတယ် ။ အေးလေ ... နောက်တော့ မှ အဆင် ပြေအောင် ကြည့်ပြီး စီစဉ်ပါ့မယ် ”  


“ ဗိုလ်သိန်းဒန် က ဒီမှာ နေစေချင်သလား ”  


“ ဟုတ်တယ် ရိုစီ ” 


“ သူ့ စကား ကို နားထောင်ပါကွယ် ”  


ရိုစီ က ပြုံးပြီးပြော လေသည် ။ မြ သည် စော်ဘွားကြီး နှင့် စကား လက်ဆုံ ကျနေသော ဗိုလ်သိန်းဒန် ကို လှမ်းပြီး ကြည့် လိုက်၏ ။ သိန်းဒန် ကုမ္ပဏီပိုင်ရှင် ၊ စစ်ဗိုလ်လူထွက် ၊ ဗိုလ်ချုပ်အောင်ဆန်း ၏ လူယုံတော် တစ်ဦး စသည် တို့ ကို မမြင်ဘဲ ရိုးသားသော လူ တစ်ယောက် အဖြစ် ကို သာ မြင်လျက် ရှိနေသည် ။ ခပ်စောစော က ညနေခင်း လမ်းလျှောက် ထွက်လာကြစဉ် ဗိုလ်သိန်းဒန် သည် စာရွက်ကလေး တစ်ရွက် ကို မြ သို့ လှမ်း ပေးလေသည် ။


မြ


အကယ်၍ လွတ်လပ်သူ တစ်ယောက် သာ ဖြစ် နေသေးပါလျှင် မြ နှင့် ကိုယ်တို့ အတူတူ နေချင်သည် ။ 


          သိန်းဒန်


စာ မှာ ရည်းစားစာ နှင့် မတူသော် လည်း ရည်းစားစာ ဟု မြ က နားလည်၏ ။ ခွင့်ပန်သော စာ ကို ဖတ်ပြီး မြ က “ စဉ်းစားသေးတာ ပေါ့ ” ဟု ပြော လိုက်သောအခါ ဗိုလ်သိန်းဒန် သည် စကား ကို ဆက်ပြီး မပြောတော့ ပေ ။ မိန်းမသား တို့ ၏ ဟန် ကို နားမလည်ပါတကား ဟု မြ က မှတ်ချက် ချ၏ ။ ထိုကြောင့်ပင် ရိုးသားသော လူ တစ်ယောက် အဖြစ် မြ က မြင်နေ ခြင်း ဖြစ်လေသည် ။


ဟုတ်ပေသည် ။ ထိုနေ့ မှ စ၍ ဗိုလ်သိန်းဒန် သည် ရန်ကုန် သို့ ပြန်သည့် နေ့ အထိ ထိုကိစ္စ ကို ဆက်၍ မပြောတော့ပေ ။ မြ တစ်ယောက် တောင်ကြီး မှ သည် ဤစော်ဘွားကြီး နှင့် ရိုစီတို့ ၏ နယ်ပယ် သို့ ပြောင်း ရွှေ့လာသည် အထိ ဗိုလ်သိန်းဒန် ထံ မှ အသံဗလံများ ကို မကြားရချေ ။ မြ သည် ဤအထိ ပင်ပန်းခံပြီး နေနိုင် စွမ်း မရှိ ။ ထိုကြောင့်ပင် မြ သည် ရန်ကုန် မှာ ရှိသော မဉ္ဇူ ၏ ထံ သို့ စာ တစ်စောင် ရေးပို့ လိုက်ရ၏ ။ မဉ္ဇူ ထံ မှ တစ်စောင် သော စာ သည် သာ တိုတိုတုတ်တုတ် ပြန် ရောက် လာခဲ့သည် ။


ညီမလေး မြ ..


ဗိုလ်သိန်းဒန် နှင့် မတွေ့  ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံးပြီး ကတည်း က နိုင်ငံခြား ကို ထွက်သွား သည် ဟု စုံစမ်း သိရှိရသည် ။ ဂျာမနီ သို့မဟုတ် အင်္ဂလန် တစ်ခုခု ဖြစ်မည် ။ အကြောင်းထူး ရှိသေးရင် စာ ရေးပါ ။


             မဉ္ဇူ


မြ သည် ထို စာ ကို ဖတ်ပြီး ပန်းဟိုက်နွမ်းလျ သွားလေသည် ။ ကြီးမား သော ပြောင်းလဲချက်များ သည် နိုင်ငံ တွင် ဖြစ်ပေါ် နေ၏ ။ ဗိုလ်ချုပ် တို့ ကျဆုံးပြီး မကြာမီ မှာ ပင် လွတ်လပ်ရေး ရသည် ။ ပြီးတော့ကာ တိုင်းပြည်ကြီး သည် ပြည်တွင်းဆူပူမှု နှင့် ကြုံရလေသည် ။ ရှမ်းပြည် သည် လည်း ထို ဂယက်လှိုင်း မှာ ပါဝင် လာသောအခါ စော်ဘွားကြီး တို့ ပင်လျှင် နယ်ပယ်များ အချင်းချင်း ပူးပေါင်းကာကွယ်ရေးများ ပြုလုပ် လာရလေသည် ။


၁၉၄၈ - ၄၉ - ၅ဝ ခုနှစ် ။


•••••   •••••   •••••   •••••


မမဉ္ဇူ


ကျွန်တော် ဂျပန် ရောက် နေပါတယ် ။ ဗမာပြည် သတင်းတွေ က အမျိုးမျိုး ကြားရ ဖတ်ရတော့ စိတ် မကောင်းဘူး ။ အမေရိက မှာ ရှိနေတုန်း က အမေရိ ကန် လယ်သမားအိမ်ထောင်စုတွေ နဲ့ ရင်းရင်းနှီးနှီး တွေ့ ခဲ့ပါ တယ် ။ အဲသည် အထဲ မှာ ကျွန်တော်တို့ ဗမာပြည် ကို တိုက်ခိုက်တဲ့ အထဲမှာ ပါပြီး ' ဘားမားစတား ' ဘွဲ့ ရခဲ့ဖူးတဲ့ လယ်သမားကြီးတွေ က “ ခင်ဗျားတို့ ဗမာပြည်ကြီး ကွန်မြူနစ်နိုင်ငံ ဖြစ်သွားပြီ ဆို ၊ အဲဒါ ဟုတ်သလား... ” လို့ မေးတယ် ။ “ မဟုတ်သေးပါဘူး .. ” လို့ ကျွန်တော် က ပြန် ဖြေခဲ့ရတယ် ။ သူတို့ က “ ဘာပဲဖြစ်ဖြစ် မင်းတို့ လယ်သမားတွေ ၊ တို့ လယ်သမားတွေ ချစ်ချစ်ခင်ခင် နေကြဖို့ ပါပဲကွာ ” လို့ ပြောတယ် ။


ကျွန်တော် စီးပွားရေး နဲ့ ပတ်သက်ပြီး ဗဟုသုတ ရအောင် ဆိုပြီး ဗမာပြည် က ထွက် ခဲ့တယ် ။ သူတို့ နိုင်ငံ တွေ ဘယ်လို ထူထောင် နေကြတယ် ဆိုတာ ကို လေ့လာ ရင်း ပါပဲ ။ ဆိုဗီယက်နိုင်ငံ လည်း ရောက်ခဲ့ ပါတယ် ။ စီးပွားရေး အတွက် အားရစရာ ကောင်းတာတွေ ၊ စက်မှု လက်မှု နိုင်ငံ ထူထောင်ကြတာတွေ အားရစရာကြီးပဲ မမဉ္ဇူ ။


ကျွန်တော်တို့ ဆီ မှာ နိုင်ငံရေး ပြဿနာ က “ ကဲ ” လွန် နေတယ် ထင်တယ် ။ နိုင်ငံ ရဲ့ ပြဿနာတွေ ဟာ ပုဂ္ဂိုလ် ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း တို့ လို လူမျိုး တောင် အသတ်အဖြတ် ခံ ရတဲ့ ဘဝ ကို ရောက် ရတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ် ။ ခုလည်း အင်မတန် အခြေအနေ ဆိုး နေတယ် လို့ သိ ရတယ် ။ 


ကျွန်တော် ဂျပန် က နေပြီး ပြန် လာဖို့ စိတ်ကူး ထားတာ တောင် လာသင့် မလာသင့် ချိန်ဆ နေတယ် ။ ထွက်လာ တုန်း က တော့ မမဉ္ဇူ နဲ့ မြ တို့ ကို ဘာမှ အကြောင်း မကြား ခဲ့ရတဲ့ အတွက် အပြန် ကျ မှပဲ တောင်းပန် ရတော့ မယ် ။ ဒါထက် မြ တစ်ယောက် ရိုစီ နဲ့ အတူ တူ ပဲလား ။ မြ ဆီ ကို ပူးတွဲပါ စာလေး တစ်စောင် ပို့ပေး စေချင်ပါတယ် ။

       သိန်းဒန် 

       ခေတ္တ - တိုကျို - ဂျပန် ။


မြ


သုံး - လေးနှစ် လောက် စဉ်းစားပြီး ဖြစ်လျက် နောက်ထပ် ဘယ်လောက် အထိ များ စဉ်းစား ဦးမည် ကို သိလိုပါသည် ။

                 သိန်းဒန်


စာ နှစ်စောင် စလုံး ကို ဖတ်ပြီးသောအခါ မြ သည် စာရွက်များပေါင် ပေါ် တင် လိုက်ကာ မဉ္ဇူ အား လှမ်း၍ ကြည့် လေသည် ။ မဉ္ဇူ သည် မြ ထံ မှ မည်သည့် စကားများ ကြားရမည်လဲ ဟု လည်း မျှော်လင့်ထားပုံ ရသည် ။


“ မဉ္ဇူ အနေ နဲ့ စာ တစ်စောင် အမြန်ဆုံး ရေးပေး စေ ချင်တယ် ” 


မြ က ထို စကား ကို ပြော လာ လေသည် ။


“ ဘာ ရေးရမလဲ ပြောလေ ၊ စဉ်းစားပြီးပြီ ဆိုတာလား ”


မဉ္ဇူ က ပြုံးပြီး မေးလေသည် ။ ပြီးတော့ကာ စာရေးစားပွဲ သို့ ထ သွားကာ စာ ရေးရန် ပြင်ဆင် လေသည် ။ 


“ ရေးပါ ၊ မြ ရန်ကုန် ရောက် နေတဲ့ အကြောင်း ၊ နောက်ပြီး ရှမ်းပြည် ဘက် မှာ တရုတ်ဖြူတွေ ဝင် နေတဲ့ အကြောင်း ... ” 


“ ဒါတွေက ဘာ ဆိုင်လို့လဲ မြရဲ့ ”


“ ဆိုင်ပါတယ် ၊ ဗိုလ်သိန်းဒန် ဟာ နိုင်ငံ အပေါ် မှာ သံယောဇဉ် ရှိတဲ့ လူ တစ်ယောက် ပါ မမ ရဲ့ ၊ သူ့ စာ ကို ဖတ်ကြည့်ပါဦး ” 


“ အဲ .. ထားပါတော့ ၊ နောက်တော့ကော ”


“ နောက်တော့ စော်ဘွားကြီး အသ,တ် ခံရတဲ့ အကြောင်း ၊ ရိုစီ တို့ လည်း ရန်ကုန် ရောက် နေတဲ့ အကြောင်း ၊ မြ ရဲ့ စာသင်ကျောင်း လည်း ဖျက် ပစ် လိုက်ရတဲ့ အကြောင်း.. ”


“ အို ... မြ ဟာ က အရေး ကြီးတာလည်း မပါသေးဘူး ”


“ ပါ မှာ ပေါ့ မမ ရယ် ”


မြ သည် ဤ စကား ကို မပွင့်တပွင့် ပြော လေသည် ။ မြ သည် သူ ၏ ရင်တွင်း ခံစားမှု ကို ဗိုလ်သိန်းဒန် အား အသိ မပေးချင်ပေ ။ တကယ်တော့ ကာ  မြ သည် ရှက် ၍ နေခြင်း မျှသာ ဖြစ်လေသည် ။ 


“ တစ်ပင် လဲ တော့လည်း တစ်ပင် ထူ ရတယ် ။ တံခွန်ကုက္ကားပင် ရှိလင့်ကစား ဘာဆိုလား ၊ အဲဒီ စာတွေ လည်း ရှိသေးတယ် ။ နောက်ပြီး ခေတ် ကလည်း ပြောင်း သထက် ပြောင်း နေတယ် မဟုတ်လား ။ ယောက်ျား က စ,စ ၊ မိန်းမ က စ,စ ... ”


ဟု မဉ္ဇူ သည် စာ ကို ငုံ့ ရေး နေရင်း က စကားများ ကို တတွတ်တွတ် ပြော ပြော နေသည် ။ မြ က ပြုံး ပြီး နားထောင် နေလေသည် ။


“ မဉ္ဇူ တို့ တော့ ဘာပဲ ဖြစ်ဖြစ် ဒီလို မုဆိုးမ ဘဝ နဲ့ တော့ အရိုး မထုတ် ချင်ပါဘူးကွယ် ”


မုဆိုးမ ဆိုသော အသံ ကြောင့် မြ သည် ခေါင်းနားပန်း များ ပင် ကြီး သွား သကဲ့ သို့ ဝေဒနာ တစ်ရပ် ကို ခံစား လိုက်ရ လေသည် ။ တစ်ဖက် လက်ဝဲထောင့် အခန်း တွင် ထောင် ထားသော ကိုယ်လုံးပေါ်  မှန် အတွင်း ၌ မြင်တွေ့ ရသော မိမိ ၏ ရုပ်ပုံလွှာ ကို အသာ စောင်းငဲ့ ၍ လည်း ကြည့် မိ၏ ။ မုဆိုးမ ၊ မုဆိုးမ .. ။


မဉ္ဇူ သည် လည်းကောင်း ၊ မြ သည် လည်းကောင်း ၊ ဤ မုဆိုးမ ဟူ သော ဘဝ ကို လိုလိုချင်ချင် နှင့် ရယူခဲ့ကြသည် မဟုတ်ကြ ။


မြ သည် မျက်တောင်များ ကို တဖျတ်ဖျတ် ခတ် လိုက်၏ ။ ဝမ်းနည်း သကဲ့သို့ ရင် မှာ နင့်တင့်တင့် ဖြစ် လာ၏ ။ ပြီးတော့ကာ မျက်ရည်ကလေး များ ကလည်း ဝဲ လာ လေ သေးသည် ။


စာ ကို ငုံ့ ၍ ရေး နေသော မဉ္ဇူ သည် ယခုအခါ ၌ စာရေးမ တစ်ယောက် ဖြစ် နေသည် ။ စာရေးမ ဘဝ နှင့် အသက်မွေးဝမ်းကျောင်း ပြု နေရသည် ။ မြ သည် လည်း ယခု အခါ တွင် ရုံး တစ်ရုံး သို့ လျှောက်လွှာ တင်ထားဆဲ  လျှောက်ထားဆဲ ဖြစ်၏ ။


“ တွေ့ ကော တွေ့ထား ပြီး ပလား ”


စောစောက မဉ္ဇူ ပြော ထားသော “ မုဆိုးမ ဘဝ နဲ့ တစ်သက်လုံး အရိုး မထုတ်ချင်ပါဘူး ” ဟူသော စကား ကို မြ က ပြန်ပြီး ကောက်ယူ လိုက်လေသည် ။ စိတ်ပြေ လက်ပျောက် ဖြစ်ပါစေတော့ ဟု အာရုံ ကို ပြောင်းလွှဲ လိုက်ခြင်း လည်း ဖြစ်သည် ။


“ တွေ့ ဆို ရိုစီ နဲ့ လိုက် လိုက်လာတဲ့ လူ လေ ”


“ ဪ .. ဪ .. ဒီ လူ က လူခန့်ချော တစ်ယောက် ပဲ ၊ ကောင်းသားပဲ ” 


ရိုစီ ဆိုသော စော်ဘွားကတော်ကျ တစ်ဦး သော မုဆိုးမ မှာ မူ ယခု အခါတွင် ကုမ္ပဏီ တစ်ခု ၏ ပိုင်ရှင် ဖြစ် နေသည် ။ သက်ဆိုင်ရာ ပြည်နယ် အစိုးရများ ၊ စော်ဘွားများ က ရိုစီ အား မြေတောင် မြှောက် ပေးခဲ့၏ ။


ပထမ က မူ ရိုစီ သည် သွားလေသူ ၏ မျက်နှာ နှင့် အသက်ရှင် နေနိုင် ရေး ကို အားထုတ် ရလေသည် ။ ကုမ္ပဏီ ထောင် ပါ ဟု အကြံပေးသူများ ကြောင့် ကုမ္ပဏီ တစ်ခု ကို အားခဲပြီး တည်ထောင်လိုက်သောအခါ သို့ ရောက်လာလေ မှ ပင် ကုန်သည် တို့ ၏ လုပ်ငန်းများ ကို သဘော ပေါက်လာခဲ့လေ သည် ။ ဖျတ်လတ် သွက်လက်သော အသိ ရှိခြင်း ၊ ပေါင်းသင်းဆက်ဆံရေး ၌ လိမ္မာပါးနပ်ခြင်း တို့ ကြောင့် ရိုစီ ၏ ကုမ္ပဏီ သည် သင့်တင့်သော ဂုဏ်အင်္ဂါ နှင့် ပြည့်စုံခဲ့လေသည် ။ ဤအခါတွင် ကန်ထရိုက်တာ ၊ အင်ပို့ အိပ် ( စ် ) ပို့တာ တစ်ဦး ဖြစ်သော ကိုဘထွန်း နှင့် ဆက်သွယ်လာ မိ၏ ။


ကိုဘထွန်း သည် အမျိုးသားစီးပွားရေး ကို ထူထောင်လိုစိတ်ပြင်းပြ သော လူရွယ် တစ်ဦး ပင်ဖြစ်၏ ။ သူ ၏ ' ပလတ်စတစ် အင်ပါယာ ' ဟု အမည် ပေးထားသော စက်ရုံ တစ်ရုံ ရှိ လေသည် ။ ကိုဘထွန်း သည် ရိုစီ နှင့် မကြာ ခဏ ဆိုသလို မဉ္ဇူ တို့ ထံ သို့ အလည်အပတ် ရောက်ရှိ လာ တတ်သည် ။ ရိုစီ သည် မဉ္ဇူ အား ကိုဘထွန်း နှင့် စ၍ စ၍ နေ တတ်လေသည် ။ ဤအချက် ကို အကြောင်း ပြု ၍ မဉ္ဇူ အား “ ကောင်းသားပဲ ” ဟု မြ က ထောက်ခံ လိုက်ခြင်း ဖြစ်၏ ။


“ ဘာ ကောင်းတာလဲ ဆိုပါဦး မြကလေး ”


“ ဒါတော့ ဘယ် သိမလဲ ” ဟု မြ က သည်လောက်ပဲ စကား ကို ပြော သည် ။ ပြီးတော့ ရုံးချိန် နီးပြီ ဖြစ်သော မဉ္ဇူ အတွက် ကော်ဖီဓာတ်ဘူး နှင့် လွယ်အိတ် ကို ယူပြီး မဉ္ဇူ ၏ အနီး မှာ ချပေး လိုက် လေသည် ။


“ စတီးမေး ( လ် ) ဆိုရင် ကြာ နေဦးမယ် ၊ စာ ကို အဲယားမေး ( လ် ) နဲ့ ပဲ ပို့ လိုက်ပါနော် ”


ဓာတ်ဘူး နှင့် လွယ်အိတ် ကို လှမ်း ပေးရင်း က ပြော လိုက်သော မြ ၏ စကား ကြောင့် မဉ္စူ က မြ အား မျက်စောင်း ချိတ် လိုက် လေသည် ။ ပြီးမှ ..


 “ စတီးမေး ( လ် ) ဖြစ်ဖြစ် ဆီးမေး ( လ် ) ဖြစ်ဖြစ် သွား ချင်ရာနဲ့ သွားပါစေကွယ် ၊ ကိုယ်တို့ နဲ့ မှ မဆိုင်လေပေါင် ” ဟု ပြုံးပြီးပြောသည် ။ 


ဟုတ်ပေသည် ။ မဉ္ဇူ သည် ရေးခဲ့ပြီးသော စာ နှင့် တစ်ဖက် မှ ရေး ပို့ လိုက်သော စာ တို့၏ ( ရည်ညွှန်းသူ ) ကို နားလည်သော အတွေ့အကြုံ ရှိလေပြီ တကား ။


လွယ်အိတ်ကလေး ကို လွယ်ပြီး ဆင်း သွားသော မဉ္ဇူ ကို ကြည့်ပြီးလျှင် မြ သည် စိတ်မော လူမော နှင့် ခုတင် ပေါ် သို့ ကိုယ် ကို ပစ် ချ လိုက်လေသည် ။ ပြီးလျှင် မျက်လုံး အစုံ ကို စုံမှိတ်ထား လိုက်၏ ။ ဂျပန် တွင် ရှိသော မောင်မင်းကြီးသား ၏ လက် အတွင်း သို့ စာ ရောက် သွား သော အခါ... 


မြ သည် ( ထိုအခါ ) ကို တွေးပြီး ရှက်နေ၏ ။


“ တစ်ပင် လဲ တော့ လည်း တစ်ပင် ထူ ရတယ် ။ တံခွန်ကုက္ကား ရှိလင့် ကစား ဆိုလား ၊ အဲဒီ စာတွေ လည်း ရှိ သေးတယ် ။ နောက်ပြီး ခေတ် က လည်း ပြောင်း သထက် ပြောင်း နေတယ် မဟုတ်လား ။ ယောက်ျား က စ,စ ၊ မိန်းမ က စ,စ... ”


ဆိုသော ခပ်စောစောကလေး က မဉ္ဇူ ပြောသွားသော စကားများ ကို ပြန်လည်၍ ကြားယောင် မိလေသည် ။


ဟိုယခင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ဦး စ ကာလ မေမြို့တွင် စတင် တွေ့ ရသော ဗိုလ်သိန်းဒန် ၏ မမေ့ပျောက် နိုင်သော အမူအရာ တစ်ခု က လည်း ကွင်းခနဲ ကွက်ခနဲ နှင့် ပင် ပြန်ပြီး ပေါ်ပေါက် လာသေး၏ ။ ဗိုလ်သိန်းဒန် သည် မြ အား စေ့စေ့ ကြည့်ကာ ..


“ စဝ်ဆိုင်ထွန်း က ဗျာ ... နှမလေး တစ်ယောက် ရှိတယ် ဆိုတာ ကို နည်းနည်း မှ စကား စပ်ပြီး မပြောဘူး ” ဟူသော စကားကို ပြော ဆိုသည် ။ များမကြာမီ ဗိုလ်သိန်းဒန် နှင့် စဝ်ဆိုင်ထွန်း တို့ တွေ့ပြီးသော အခါ တွင် ဗိုလ်သိန်းဒန် ၏ မျက်လုံးအကြည့် နှင့် မျက်နှာ အမူအရာများ ပင် ပြောင်းလဲ သွားခဲ့သည်ကို မြ သည် အကဲခတ် မိခဲ့၏ ။


“ စဝ်ဆိုင်ထွန်း ဗျာ .. နှမကလေး တစ်ယောက်…. ” စသော စကားများ ကို ပြောဆိုစဉ် ကာလ က မိမိ ကိုယ်တိုင် က အမှန် ကို ဘာကြောင့် ဖွင့်ဟ ဝန်ခံခဲ့ ခြင်း မရှိလေ သနည်း ။ မိမိ သည်ပင် ထိုရော ကာလ က ဗိုလ်သိန်းဒန် အပေါ် တွင် မရိုးသားသော စိတ်များ ကို မွေးမြူ ခဲ့ လေ သလော ။ 


မြ သည် တောင်စဉ် ရေမရ တသီတတန်းကြီး လျှောက် ၍ တွေး တောသည် ။ ပြီးလျှင် သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်၏ ။ ပင်လုံ ကွန်ဖရင့် ကျင်းပစဉ် ကာလ က ပြန်လည် ဆုံတွေ့ သော အခါ မြ ၏ ရင်များ သည် အလိုလို နေရင်း တဒိန်းဒိန်း ခုန် ခဲ့၏ ။ သည့် နောက်တော့ ကာ မြ သည် ဗိုလ်သိန်းဒန် အား ပင် သူ ၏ ဒေသ သို့ အပါ ခေါ် ငင် သွားခဲ့သေး သည် ။ ဤ ‘ ဟန် ’ များသည် ဖုံးကွယ်၍ ရ စကောင်းသော ‘ ဟန် ’ များ မဟုတ်ပေ ။


ဤသို့ မဟုတ်သော ကြောင့်ပင် စောစော က အဲယားမေး ( လ် ) နှင့် ပို့ ခိုင်းလိုက်သော မဉ္ဇူ ထံ မှ စာ တွင် မပါသော အကြောင်း တစ်ခု ကို မြ သည် ကမန်းကတန်း ပင် အိပ်ရာ မှလူးလဲ ထကာ ရေးသား လိုက်၏ ။ 


အမြန် ပြန်လာပါ...

                   “ မြ ” 


ပြီးလျှင် စာအိတ် ပေါ် တွင် လိပ်စာ ရေးတပ်ပြီး နောက် ( By Air Mail ) ဟူသော စာလုံး ကို ခပ်ကြီးကြီး ရေးချ လိုက် လေသည် ။ 


•••••   •••••   •••••


တစ်စုံတစ်ခု သော အခက်အခဲ ၊ သို့မဟုတ် စိတ်ပါဝင်စားခြင်း ၏ အပေါ် တွင် အားလုံး သည် အာရုံစူးစိုက် နေသကဲ့သို့ ရှိ၏ ။ မျှော်လင့်ခြင်း တစ်ခု ပြည့်စုံပြီဟူသော အထိမ်းအမှတ် ကို ရပြီးသော အခါတွင် မြ နှင့် ရိုစီ တို့ သည် ကျေနပ်နှစ်သိမ့်ခြင်း အပြည့်အဝ ပါသောအပြုံးမျိုး နှင့် ပြိုင်တူ ပင် ပြုံး လိုက် ကြလေသည် ။


တစ်နေ့တွင် ဤ ခရီး သို့ ဆိုက်ရောက် လာလိမ့်မည် ကို ကြိုတင် မျှော်မှန်း ထားကြသည့် အတွက် သက်ဆိုင်ရာတရားသူကြီး ၏ ရှေ့မှောက် တွင် လက်မှတ် ရေးထိုး ပြီး ကြသော အခါ ဝမ်းမြောက်စွာ ဖြင့် မဉ္ဇူ အား လက်ဆွဲ နှုတ်ဆက် လိုက်ကြသည် ။


ဤအချိန် တွင် မဉ္ဇူ ၏ မျက်လုံးများ သည် မျက်ရည်ဥကလေး များ ဥရစ် သိုင်းဖွဲ့ ၍ နေသည် ကို တွေ့ ရ၏  ။


ရိုစီ သည် လည်းကောင်း ၊ မြ သည် လည်းကောင်း မဉ္စူ  မျက်ရည်ဥ ကလေးများ ကို နားလည် ၏ ။ မဉ္ဇူ သည် တကယ်တမ်း တေ့ဆိုင် ကြုံတွေ့ လာသည့် အခါ တွင် ကိုဘထွန်း ကို ရယူ ပိုင်ဆိုင်ခြင်း ထက် ယခုကဲ့သို့ တစ်ကိုယ်ရေ တစ်ကာယ သာ လျှင် လွတ်လပ်စွာ နေထိုင် လိုပေသည် ။ ဤသို့ လွတ်လပ်စွာ နေထိုင်လိုခြင်း မှာလည်း အကြောင်း ရှိပေသည် ။ ထိုအကြောင်း ကား ၎င်း အား မှီငြမ်း ပြုလျက် နေထိုင်လျက် ရှိသော မြ တစ်ယောက် အနေအထိုင် ကြုံ့ သွားမည် ကို တွေးတော စိုးရိမ်ခြင်း ဖြစ်၏ ။ သို့ တွေးတော စိုးရိမ်ခြင်း သည် သဘာဝ ကျသော အကြောင်း တရား တစ်ခု ကား မဟုတ်ပေ ။


သာမန် ရုံးစာရေးမငယ် တစ်ဦး အဖြစ် နေထိုင်ခြင်း ထက် ယခု ကဲ့သို့ ပလတ်စတစ် အင်ပိုင်ယာ အတွင်း သို့ ဝင်ရောက် နေထိုင်ခြင်း က ပိုမို၍ ချောင်လည် သော သဘော က ရှိပေမည် ။


ထို့ကြောင့်ပင် ရိုစီ သည် တိုက်တွန်း ၏ ။ မြ က ကိုဘထွန်း နှင့် လက်ဆက် လိုက်ပါ ဟု တိုက်တွန်း၏ ။ တိုက်တွန်းသူများ နှင့် အတူပင် ကိုဘထွန်း က လည်း တောင်းပန် လာ လေသည် ။


ရှမ်း - ဗမာချစ်ကြည်ရေး ဟု မဉ္ဇူ အား ရိုစီ က ခပ်သွက်သွက် နှင့် ခပ်တိုးတိုးကလေး ပြော ပြလေသည် ။ တရားရုံးတော် မှ ဆင်းလာကြသော သတို့သား နှင့် သတို့သမီး တို့ နှင့် အတူ အားလုံး သည် ရှားမီးကိတ်မုန့် တိုက် ရှိရာ သို့ ကားငယ် နှင့် ထွက်ခွာ လာခဲ့ကြ၏ ။


“ အခု မှ ကိစ္စ တစ်ခု အေးတယ် ။ ဒီမှာ ကိုဘထွန်း ၊ ရိုစီ တို့ အလှည့် ကျန် သေးတယ် နော် ... ”


ကိုဘထွန်း က မော်တော်ကား ကို ဆူးလေဘုရား ၏ လက်ဝဲဘက် သို့ ချိုးကွေ့ လိုက်ရင်း...


“ ဟုတ်ကဲ့ ... ရိုစီ ထက် မြ ကို ကျွန်တော် က ပိုပြီး မျှော်လင့်ပါတယ် ” 


ဟု ပြော လိုက်စဉ်ပင် တစ်စုံ တစ်ယောက် ကို တွေ့ လိုက်သည့် ပမာ “ ဟာ ... ” ဟူသော အာမေဍိတ်သံ သည် ထွက် လာ လေသည် ။ ပြီးတော့ကာ ကပျာ ကယာ နှင့် လီဗာ ကို နင်းချ လိုက်၏ ။ ကားငယ် သည် မဂိုလမ်း ၏ အနီး သို့ ရောက် မှ ထိုး ရပ်သည် ။


“ ဘာလဲ ဘာလဲ ... ”


မဉ္ဇူ က အထိတ်တလန့် နှင့် မေး လေသည် ။ ကိုဘထွန်း သည် ဘာမျှ မပြောဘဲ ကားတံခါး ကို လျင်မြန်စွာ ဖွင့်၏ ။ ပြီးလျှင် အောက် သို့ ဆင်းကာ ပလက်ဖောင်း အတိုင်း လျှောက် ၍ သွား လေသည် ။


မြ ၊ ရိုစီ နှင့် မဉ္ဇူ တို့ သည် ကိုဘထွန်း သွားရာ နောက်သို့ လိုက်၍ ကြည့် ကြလေသည် ။


“ ဟော .. ဟော .. ”


မဉ္ဇူ ၏ ထံ မှ အာမေဍိတ်သံ ဖြစ်လေသည် ။ မဉ္ဇူ ကဲ့သို့ ပင် အားလုံး သည် လည်း ကိုဘထွန်း နှင့် ယှဉ်၍ ရပ် နေသူ ကို  တွေ့ လိုက်၏ ။ အံ့အား လည်း သင့်ကြ၏ ။


ပြီးတော့ကာ အားလုံး သည် ကား ပေါ် မှ ဆင်းခဲ့ ကြ လေသည် ။ 


“ ဗိုလ်သိန်းဒန် ”


ရိုစီ က ဤသို့ပင် ဖျတ်လတ် သွက်လက်စွာ နှင့် ခေါ်ငင် လိုက်၏ ။ 


“ ဗိုလ်သိန်းဒန် .. ကြည့်စမ်း ၊ ဘယ်တုန်းက ပြန် ရောက် သလဲ ရှင် ၊ နေနိုင်လိုက်တာ ရှင် ... ”


အပြစ်တင် သကဲ့သို့ မဉ္ဇူ က မေးမေးပြောပြော ပြော လေသည် ။ မြ က မူ ဗိုလ်သိန်းဒန် အား မကြည့်ဘဲ ဦးခေါင်း ကို ငုံ့နေ၏ ။ ဂျပန် သို့ မဉ္ဇူ မသိအောင် သူ့ ဘာသာ သူ စာ တစ်စောင် ထည့် လိုက်ခြင်း ကြောင့်ပင် ဗိုလ်သိန်းဒန် ပြန် လာလေ သလော ၊ မြ သည် ဤ လျှို့ဝှက်ချက် ကို တွေးပြီး ရှက် နေ လေသည် ။


ဗိုလ်သိန်းဒန် သည် မမျှော်လင့်သူ များ အား အမှတ်တမဲ့ လာ ၍ တွေ့ဆုံသည့် ပမာ ကြက်သေသေ လျက် ရှိ၏ ။ ပြီးမှ တဖြည်းဖြည်း အားယူ ပြီး ပြုံး လေသည် ။


ဗိုလ်သိန်းဒန် သည် ယခုပင် စစ်ဗိုလ်ကြီး တစ်ယောက် ပြန်၍ ဖြစ် နေသကဲ့ သို့ စစ်ယူနီဖောင်း အပြည့်အစုံ နှင့် ဖြစ် နေ လေသည် ။ 


“ ဒါတွေ ဘယ်တုန်း က ဝတ် လာ သလဲ ”


“ ကဲ .. ကဲ .. လာကြ လာကြ ” 


အမေး ကို မဖြေဘဲ ဗိုလ်သိန်းဒန် သည် အားလုံး ကို ရှားမီး သို့ အရောက် ပြန်လှည့်၍ ခေါ်လာလေသည် ။


“ ကိုဘထွန်း ခင်ဗျား သူတို့ နဲ့ သိသလား ” 


“ သိတယ် ၊ ရိုစီ နဲ့ ပတ်သက်ပြီး သိတယ် ၊ သိရုံတင် မကတော့ဘူး ။ ခုပဲ ... ”


ကိုဘထွန်း သည် ဗိုလ်သိန်းဒန် ၏ အနီးသို့ ကပ်ပြီး တစ်စုံတစ်ခု ကို ပြော လိုက် လေသည် ။


“ ဟာ .. ” ဟူသော အသံ နှင့် အတူ “ ကောင်းတယ် ၊ ကောင်းတယ် ” ဟူသော အသံ သည် ဗိုလ်သိန်းဒန် ၏ အထံ မှ ထွက်လာ၏ ။ မဉ္ဇူ တို့ တစ်တွေ က ပြုံး ၏ ။ 


“ ကဲ.. ဆိုပါဦး ၊ ဂျပန်ပြည် က ဘယ်တုန်း က ရောက် သလဲ ။ ဘာဖြစ်လို့  မဉ္ဇူ တို့ ဆီ ကို မလာသလဲ ၊ ပေး လိုက်တဲ့ စာတွေ ရ သလား ”


“ ဂျပန်ပြည် က လွန်ခဲ့တဲ့ တစ်လ လောက် က ရောက်တယ် ။ စာ တစ်စောင် မှ မရဘူး ။ မမဉ္ဇူ ဆီကို စာ ရေး ပေးပြီး သုံးရက် လောက် မှာ ကျွန်တော် ပြန် လာတယ် ။ ဒီကို ရောက်ရောက်ချင်း တရုတ်ဖြူ အန္တရာယ် ကို ကာကွယ်ဖို့ ဆိုပြီး တပ်မတော် က ပြန် ခေါ် လို့ တပ် ထဲ ဝင် ရတယ် ။ အခု ကျွန်တော် ကျိုင်းတုံ ဘက် မှာ ပါ ”


ဗိုလ်သိန်းဒန် သည် မည်သူ့ အားမျှ မကြည့်ဘဲ စကား ကို ငုံ့ပြီး ပြော လေ သည် ။


“ နိုင်ငံ ထဲ ကို ပြည်ပ အန္တရာယ်တွေ ဝင်လာတဲ့ အချိန် မှာ ကျွန်တော် တို့ ဟာ လက်ပိုက် ကြည့် နေလို့ မဖြစ်ဘူး ။ ဒါကြောင့် မို့ လို့ တပ်မတော် ရဲ့ ခေါ်သံ ကို ကျွန်တော် နာခံလိုက်တယ် ။ ကိုဘထွန်း ... ခင်ဗျား ကော ... ”


“ ကျွန်တော် နဲ့ ခင်ဗျား အယူအဆချင်း တူ တဲ့ လူတွေ ပဲ ။ နိုင်ငံ ကို ထူထောင်တဲ့ နေရာ မှာ စီးပွားရေး ဟာ အဓိက ပဲ လို့ ခင်ဗျား မကြာခဏ ပြောခဲ့တဲ့ အတိုင်း စီးပွားရေး ကို ပဲ ဆက်ပြီး လိုက်တော့မယ် ။ ဪ .. မဉ္ဇူ .. ၊ ကိုယ်တို့ နှစ်ယောက် စလုံး ဟာ တပ်မတော် က တစ်ပြိုင်နက် တည်း ထွက်ခဲ့ ကြတာပါ ။ တော်လှန်ရေးခေတ် ဆိုရင်လည်း ဗိုလ်ဗထူး တို့ နဲ့ အဆက် အသွယ် ယူတဲ့ တာဝန် ကို ကိုယ် တို့ နှစ်ယောက် အတူတူ ကျခဲ့တယ် ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတဲ့ အချိန် မှာ ဒီလောက် စေတနာသန့် တဲ့ လူမျိုးတွေ ကို တောင် သတ်ပစ် ရက်တယ် ၊ နိုင်ငံရေးသမား တွေ ကို မုန်းတယ် ဆိုပြီး စီးပွားရေး ဘက် လိုက်ကြဖို့ တိုင်ပင် ကြတယ် ။ ဗိုလ်သိန်းဒန် က နိုင်ငံခြား ထွက်သွားတယ် ။ ကျွန်တော် က တော့ ဒီမှာ ကျန်ရစ်ခဲ့တယ် ။ ကြည့်စမ်း သုံးလေးနှစ် ပဲ .. ”


“ ကဲ ... တွေ့တုန်းမှာ အေးအေးဆေးဆေး စကား ပြောကြရအောင် ” 


ရိုစီ က ဤသို့ စကား ကမ်းလှမ်း လိုက်သည် ။ ဗိုလ်သိန်းဒန် သည် မြ ကို တစ်ချက် မျက်လွှာ ပင့်ပြီး ကြည့်၏ ။ ပြီးလျှင် ...


 “ ကျွန်တော် တော့ ခု ညနေ ကျိုင်းတုံ ပြန်ရမယ် ... ” ဟု စကား ကို ခပ်တိုတို ခပ်လေးလေး ပြော လေသည် ။


ထိုနောက် အားလုံးသော မိတ်ဆွေများ အား လှည့်ပတ် ကြည့်၏ ။ မဉ္ဇူ သည် ပင့်သက် တစ်ချက် ရှူ လိုက်ကာ မြ အား လှမ်း၍ ကြည့် လေ သည် ။ မြ သည် ဦးခေါင်း ကို ငုံ့ ပြီး နေ၏ ။


ဗိုလ်သိန်းဒန် သည် မြ အား တစ်ချက် မျှ လှမ်း၍ ကြည့် လေသည် ။ တကယ်တော့ကာ သူ တို့ နှစ်ဦး သည် အတွင်းသန္တာန် ၌ လှုပ်ရှား နေလေ မည် ထင်ရလေသည် ။


ဗိုလ်သိန်းဒန် သည် အားလုံး အား နှုတ်ဆက် ပြီးလျှင် မင်္ဂလာဒုံ သို့ ထွက်ခွာ သွားလေသည် ။


     ( အပိုင်း ၃ ဆက်ပါမည် )

     

◾ရွှေဓါး


📖 မြဝတီ မဂ္ဂဇင်း

      ဇွန် ၊ ၁၉၆ဝ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment