Showing posts with label မြေထက်လူ. Show all posts
Showing posts with label မြေထက်လူ. Show all posts

Monday, November 28, 2022

မျှော့နက်မဲကြီး တွယ်တတ်တယ်


 ❝ မျှော့နက်မဲကြီး တွယ်တတ်တယ် ❞


ပြော ရ ရင် ငပိန် ဆို တာ သူ့ နာမည် အရင်း တော့ မဟုတ်ဘူး ။ နာမည် အရင်း က သပ်သပ် ရှိတယ် ။ ဒါပေမယ့် ဘယ်သူ က မှ မခေါ်ကြတာ ။ သူ့ မိဘ တွေ က အစ သူ့ ကို ငပိန် လို့ ပဲ ခေါ်တာ ။ သူ့ ပုံစံ ကို လည်း ကြည့်ဦး ။ ငပိန် ဆို တဲ့ အတိုင်း တကယ့် ကို ပိန်ပိန်လေး ရယ် ။ ပိန် တာ မှ ဘာ နဲ့ ဘယ်လို နှိုင်း ပြရမှန်း ကို မသိတာ ။ အနီးစပ်ဆုံး ပြော ရရင်တော့  ။


လူ အရိုးစု မြင်ဖူးတယ် မဟုတ်လား ၊ အဲဒီ အရိုးစု ကို အပေါ် က နေ အဝတ်အစား ဝတ် ပေးထား ကြည့် လိုက် ၊ မြင်ပြီ မဟုတ်လား ။ ငပိန့် ကိုယ်လုံး ကို ။


အသားအရေ က မဖြူ မညို ရုပ်ရည် က သူလို ကိုယ်လို ပေမယ့် အဲဒီ လို အရိုး ပေါ် အရေ တင် ဖြစ်နေတာ ကို က လူတကာ ပြောစရာဖြစ် နေတာ ။


ဒါပေမယ့် ဘယ်သူတွေ ဘယ်လို ပြောပြော ငပိန် က တော့ သူ့ ပြော တာ မဟုတ်တဲ့ အတိုင်း အေးဆေးပဲ ။ မျက်နှာ က လည်း ပြောင်သလား မမေးနဲ့ ။ ကြေးဖလား ကို နေ ထိုး ထားတာ ထက် တောင် ဆိုး သေးတယ် ။  


လူ က သာ သူအို သူနာ သူသေ နိမိတ်ကြီး သုံးပါး ကို ရော ကျို ထားသလို ဖြစ် နေပေမယ့် မိန်းမ လို ချင် လိုက်တာ ဆိုတာ က လည်း ငမ်းငမ်း ကို တက် လို့ ။ ရပ်ကွက် ထဲ က ရွယ်တူတန်းတူ မိန်းကလေးတွေ ထဲ မှာ သူ ရည်းစား စကား မပြော ဖူး တဲ့ လူ ရယ် လို့ ခပ်ရှားရှား ရယ် ။ သူ က သာ တစ်ယောက် ပြီး တစ်ယောက် လိုက် ကြိုက် နေတာ ။ ကောင်မလေးတွေ က တော့ သူ့ ကို ကြိုက် ဖို့ နေနေသာသာ ကြည့် လို့ ရ တာ တောင် မဟုတ်ဘူး ။ သူ အနား ကပ် လာတာ နဲ့ ပါးရိုက်ဖို့ ပြင် တဲ့ သူ နဲ့ ၊ ဒေါက်ဖိနပ် နဲ့ ခုတ်ဖို့ ပြင်တဲ့ သူ နဲ့ ။ တစ်ခါများ ဆို စက်ချုပ်သင်တန်း က ပြန်လာ တဲ့ ကောင်မလေး ကို ရည်းစား စကား သွား ပြော တာ ကောင်မလေး က ကတ်ကြေး နဲ့ ထိုးမယ် တကဲကဲ လုပ် နေလို့ ရပ်ကွက် ထဲ က လူတွေ က မနည်း ဝိုင်း ဆွဲ လိုက်ရ သေးတယ် ။


အဲဒီလို ဖြစ်ပေမယ့် ငပိန် အချိုး ပြင် မယ် ထင်သလား ။ ဝေးသေး ။ ပိုပြီးတော့ တောင် ဆတ်ဆလူး ထ လာ သေးတယ် ။ သူ နဲ့ သက်တူရွယ်တူ ကောင်မလေးတွေ နဲ့ ဇယား မကိုက်မှန်း လည်း သိရော သူ့ ထက် အသက် ငယ် တဲ့ ကောင်မလေးတွေ ဘက် ကို မြားဦး က လှည့် လာတယ် ။  


ငပိန် အခု ကြိုက် နေတဲ့ ကောင်မလေး က သူ နဲ့ ဆို ဆယ်နှစ် လောက် ကို ငယ် မယ် ။ ငပိန့် အသက် က သုံးဆယ် ကျော် လောက် ရှိပြီ ဆိုတော့ ကောင်မလေးက ရှိ လှ မှ နှစ်ဆယ် သာ သာပေါ့ ။ ကောင်မလေး နာမည် က ကြည်ပြာ တဲ့ ။ ချောချောလှလှရယ် လို့ တော့ မဟုတ်ပါဘူး ။ သူလို ကိုယ်လို ပေမယ့် သိတဲ့ အတိုင်း ဘာလာလာ ဂိမ်း မယ် ဆိုတဲ့ ငပိန့် အတွက် က တော့ ဒေဝစ္စရာ လို ကို ဖြစ် နေတာ ။


အခုလည်း ကြည်ပြာ ဈေး က ပြန် အလာ ကို  ငပိန် လမ်းထောင့် က နေ ခွေးသူခိုး ပုံစံ နဲ့ ချောင်း နေတာ ။ မကြာပါဘူး ။ ကြည်ပြာ လည်း ကြွပ်ကြွပ်အိတ် အမည်းလေး ဆွဲပြီး ပြန် လာတာ တွေ့လိုက်တာ နဲ့ ခွေးသူခိုး ခြေလှမ်းမျိုး နဲ့ ကြည်ပြာ့ နား ပြေး ကပ် သွားပြီး


“ ကြည်ပြာ ဈေး က ပြန် လာ တာလား ”

  

ကောင်မလေး က လှည့် ကြည့်တယ် ။ ငပိန့် ကို တွေ့ လိုက်တော့ စိတ် ထဲ ဘဝင် မကျသလို ဖြစ် သွားပေမယ့်


“ ဟုတ်ကဲ့ ဦးပိန် ”

   

ဆိုပြီး ဆက် လျှောက်တယ် ။ ဒါကို ငပိန် က ကောင်မလေး ဘေး က နေ ရှမ်းလွယ်အိတ် လို လိုက်ကပ် လျှောက်ရင်း က နေ


“ ဘာတွေ ဝယ်လာတာလဲ” 


“ အစုံပါပဲ ”

  

ကောင်မလေး က အားနာ လို့ စကား ပြန် ပြော နေတာကို ပဲ ငပိန် စိတ် ထဲ အခြေအနေ ကောင်းပြီ ဆိုပြီး အူ က မြူး ချင် နေပြီ ။


“ ကြည်ပြာ ၊ အိတ် ပေး လေ ဆွဲလာပေးမယ်” 


“ ရပါတယ် ၊ မဆွဲပါနဲ့ ” 


“ ပေးပါ ၊ ဆွဲပေးပါ့မယ် ”

  

ကောင်မလေး လည်း နည်းနည်း တော့ စိတ် ညစ် လာ ပုံ ရ၏ ။ 


“ ဦးပိန် က တကယ် ဆွဲ ပေး မှာ မို့ လို့ လား” 


ငပိန် က မျက်နှာရူးကြီး နဲ့


“ ဆွဲ ပေးမှာပေါ့ ၊ ပြာပြာ က သာ ခိုင်းလို့ ကတော့ လက် က ဆွဲ ရုံတင် မဟုတ်ဘူး ၊ ခေါင်းပေါ် ပါ တင်ပြီး ရွက် လာ ပေးဦးမှာ ”

  

ကြည့် ။ အခေါ်အဝေါ် က ပါ ချက်ချင်း ပြောင်း သွားတာ ။ ကြည်ပြာ ကို များ ပြာပြာ တဲ့ ။


အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တောင် မဟုတ်ဘူး ။ ဘာ မှ မကျက်ခင် ကတည်း က အစိမ်း လိုက် စားမယ် ဆိုတာ ငပိန် လို လူမျိုး ကို ပြော တာ ဖြစ်မယ် ။


ကောင်မလေး မျက်နှာ ရှုံ့ သွားတယ် ။ 


“ ဘာလဲ ၊ မယုံလို့လား ၊ မယုံရင် ပေးလေ ၊ ခေါင်း ပေါ် တင် ပြီး ရွက် လာပြမယ် ”

  

ဆိုပြီး ကောင်မလေး အိတ် ကို အတင်း သွား ဆွဲတယ် ။ ကောင်မလေး က အိတ် ကို ပြန် ဆွဲယူရင်း က နေ


“ အို မဟုတ်တာ ငရဲ ကြီး ကုန် ပါ့မယ်” 


“ ဘာဖြစ်လို့ ငရဲ ကြီး ရမှာလဲ ၊ အိတ် ကို ခေါင်း ပေါ် တင် တာပဲဟာ ”

  

ကောင်မလေး က ငပိန့် ကို မျက်စောင်း ထိုး ကြည့်ရင်း


“ ဦးပိန် က လည်း အိတ် ထဲ မှာ ပါ တာတွေက ခေါင်းပေါ် တင်လို့ မှ မကောင်း တာ ၊ အိမ်သာ စီး ဖို့ ခုံဖိနပ် တစ်ရံ ရယ် ၊ အတွင်းခံဘောင်းဘီ နှစ်ထည် နဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ လေ ”

  

မျောက် ကို ငါးပိ နဲ့ တို့ လိုက်သလို ငပိန့် မျက်နှာ ရှုံ့ ထွက်သွားတယ် ။


ဒါပေမယ့်လည်း မရ ရအောင် ကြိတ် လုံးမယ်လို့ ဆုံးဖြတ် ထား တဲ့ အတိုင်း တစ်ဘက် က မရတာ နဲ့ တစ်ဘက် ကို လှည့် သွားတယ် ။


“ ပြာပြာ့ ကို စကား ပြောဖို့ စောင့် နေတာ ”

  

ကောင်မလေး က ဘာမှ ပြန် မပြောပေမယ့် တော်တော်လေး တော့ စိတ် ညစ်နေပြီ ။ ဒီအဆင် နဲ့ ဒီအဆင် ငပိန် ဘာ ပြော တော့မယ် ဆိုတာ ကောင်မလေး က ကြိုပြီး ခန့်မှန်း လို့ ရ နေပြီကိုး ။


“ ဦးပိန် လေ ပြာပြာ့ ကို ”

  

“ ဟဲ့ မသာကောင် ”

  

ငပိန် စကား မဆုံးလိုက် ။ အနား ကပ် ပြီး အော် လိုက်တဲ့ အသံကြောင့် ငပိန် တွန့် သွား တယ် ။ ကြည့် လိုက်တော့ ကြည်ပြာ့ အဒေါ် အပျိုကြီး ၊ ကောင်မလေး က ပျော် သွားပြီး


“ ဟင် ဒေါ်လေး ၊ သမီး ဒီမှာ ဈေးဝ ယ်ပြီး ပြန် လာတာ ၊ အဲဒါ ဦးပိန် က ” 


“ မပြောနဲ့ ၊ ဒေါ်လေး သိတယ် ၊ သမီး ပြန်နှင့် တော့ ”

  

ကောင်မလေး လည်း နာ -ဇီ လက် ထဲ က လွတ်တဲ့ ဂျူး တစ်ယောက် လို ခုန်ပေါက် ပြီး တော့ ကို ပြေး ထွက် သွားတာ ။ ကျန်ခဲ့တာ က တော့ ငပိန် နဲ့ ကြည်ပြာ့ အဒေါ် နှစ်ယောက် တည်း ။  


“ ဟဲ့ အကောင် ၊ နင် ငါ့ တူမ နောက် ဘာလိုက် လုပ်တာလဲ ” 


“ ဘာလုပ်လို့လဲ ”

  

“ အံမယ် ပါး ဖြတ် ရိုက် လိုက်လို့ ငါ့ ကို ဗြောင် ငြင်းချင် သေးတယ် ဟုတ်လား ၊ နင် ငါ့ တူမ ကို လိုက်ပြီး ရည်းစား စကား ပြော နေတာ မဟုတ်ဘူးလား ”

  

“ ဟုတ်တယ် ဘာဖြစ်လဲ ၊ လူပျို က အပျို ကို ရည်းစား စကား ပြောတာ ဘာ ထူးဆန်းလို့လဲ ”

  

ငပိန့် ပုံ စံ က ခပ်တည်တည် ပဲ ။ ဒီလောက် အတွေ့အကြုံ များ နေတော့ လည်း ရှက်ရ ကြောက်ရ ကောင်းမှန်း တောင် မသိတော့ဘူး ။ ကြည်ပြာ့ အဒေါ် က ခါးကြီး ထောက်ပြီး


“ ဘာ လူပျို လဲ ၊ ကိုယ့် ရုပ် ကိုယ် လည်း မှန် ထဲ ပြန် ကြည့်ဦး ၊ ဒီလောက် ခုနစ်အို ရှစ်အို ရုပ် ပေါက် နေတဲ့ ကောင်ကများ ၊ လှန်စမ်း ၊ နင့် ခြေသလုံး လှန် ပြစမ်း ”

  


ငပိန် လည်း ကြောင်တောင်တောင် နဲ့ ပုဆိုး ကို ခြေသလုံး ပေါ်အောင် လှန် ပြ လိုက်သေးတယ် ။ ပြီးတော့မှ သတိ ရ သွားပြီး ပုဆိုး ကို ပြန် ချ ကာ


“ ဘာ ဆိုင်လို့ ပြ ရမှာလဲ ၊ ပြဘူး ၊ ပြဘူး ”

  

သူ က သာ မပြဘူး ပြော နေတာ ။ ကြည်ပြာ့ အဒေါ် က မြင် ပြီး နေပြီ ဆိုတော့ မဲ့ကာရွဲ့ကာ နဲ့


“ ဒါလား ခြေသလုံး ၊ တရုတ် က ပါ လာတဲ့ ဝါး တူလေး ကျ နေတာပဲ ။ ပိန်ပိန်သေးသေးလေး ၊ ဒီလို ခြေသလုံး နဲ့ များ မိန်းမ လို ချင်သေးတယ် ဟုတ်လား ၊ နင့် လို ကောင်မျိုး ဒီ တစ်သက် တင် မဟုတ်ဘူး ၊ နောင် ဆယ်သက် တောင် မိန်းမ ရ ရင် ကံကောင်း ”

 

“ ဘာဗျ ၊ မိန်းမ ယူ တာ နဲ့ ခြေသလုံး နဲ့ ဘာ ဆိုင်လို့လဲ ၊ ဒီမှာ မိန်းမ ဆို တာ မလိုချင်သေးလို့ ၊ လိုချင်ရင် ဆယ်ယောက် လောင် တောင် ရ နေပြီ သိလား ”

  

“ ဪ နင် က ကိုယ့် သေတွင်း ကိုယ် တူး နေတာပဲ ၊ နင့် လို ကောင်မျိုး မိန်းမ ဆယ်ယောက် မပြော နဲ့ ၊ နှစ်ယောက် လောက် ပဲ ရ ကြည့် ၊ အသက် ဘယ်လို ထွက် သွား မှန်းတောင် သိ လိုက်ရမှာ မဟုတ်ဘူး ”

  

“ ဘာမှ မဆိုင်ပါဘူးဗျာ ၊ ကိုယ့် ဘာသာ ကိုယ် ယောက်ျား မရနိုင်တာ နဲ့ သူများ ကို လိုက်ပြီး မနာလို ဖြစ် မနေပါနဲ့ ”

  

ကြည်ပြာ့ အဒေါ်  က လက်ဝါး နှစ်ဘက် ကို တဘတ်ဘတ် ရိုက်ရင်း


“ အံမယ် ယောက်ျား များ မလိုချင်လို့ နေတာ ဟဲ့ ၊ လိုချင်ရင် နင့် လို မျိုး မရှက်မကြောက် နဲ့ လိုက် ပြော နေ စရာတောင် မလိုဘူး ၊ အိမ် ပေါ် က နေ မျက်လုံး တစ်ဘက် လောက် မှိတ် ပြ လိုက်တာ နဲ့ တင် တက် လာ လိုက်မယ့် ယောက်ျား တွေ များ လွန်းလို့ ရင်ဘတ် တောင် ဆီး တွန်း ထားရဦးမယ် ၊ သိရဲ့လား ”

  

“ ဘာ ဒီရုပ် ဒီရည် ဒီ နှာတိုကြီး က ဟား ဟား ”

 

ဆိုပြီး ငပိန် က လှောင် ရယ် , ရယ် တယ် ။ ကြည်ပြာ့ အဒေါ် အပျိုကြီး တင်း သွားပြီး


“ ဟဲ့ ငါ့ ဘာသာ ငါ နှာ တို တာ နင့် သောက်ပူ တစ်ပြားသား ပါ လို့လား ဟဲ့ မသာကောင်ရဲ့ ”

  

ဆိုပြီး စီးထားတဲ့ ဖိနပ် ကို ချွတ်ပြီး ကုန်း ကောက် တယ် ။ ငပိန် လည်း အခြေအနေ ကို သဘော ပေါက် တာ နဲ့ လှစ်ခနဲ ပြေး ထွက်လာတာ ။ ဒါတောင် ဖိနပ်တွေ က ငပိန့် ခေါင်းဘေး က နေ ဝှီးခနဲ ဝှီးခနဲပဲ ။


   •••   •••   •••   ••• 


အဲဒီ နောက်ပိုင်း ငပိန် နည်းနည်း ငြိမ် သွားတယ် ။ ကြည်ပြာ ကို တွေ့ ရင်တောင် ခပ်ဝေးဝေး ကပဲ ဆတ်ဆလူး ထ ရဲတော့တယ် ။ အနား မကပ်ရဲ ။ ကြည်ပြာ့ အဒေါ် အပျိုကြီး နဲ့ တွေ့ မှာ စိုးလို့ ။ အပျိုကြီး က လည်း ငပိန့် ကို တွေ့ ရင် တွေ့ တဲ့ နေရာ မှာ အရေခွံ နွှာ မယ် ဆိုပြီး ကြေညာ ထား တာကိုး ။


အပျိုကြီး က ငပိန့် ထက် ကြီး တယ် ။ အသက် က လေးဆယ် ကျော် လောက် ကို ရှိပြီ ။ ကိုယ်ခန္ဓာ က လုံးကြီးပေါက်လှ လို့ ခေါ်လို့ ရတဲ့ အနေထား မျိုး ။ ခပ်တောင့်တောင့် အသားအရည် က လည်း ဖြူတဲ့ ဘက် ကို တောင် ပါ သေးတယ် ။ ရုပ်ရည် က လည်း အမှန်တကယ် ဆို ကြည့်ပျော် ရှုပျော် လို့ ပြောလို့ ရ လောက် ပေမယ့် ကွက်ကွက်ကလေး ဆိုး နေတာ ဆို လို့ နှာခေါင်း တစ်ခု တည်း ရယ် ။


အဲဒီ နှာခေါင်း မျိုး က လူဝံ ရဲ့ မျက်နှာပေါ်မှာ ရှိသင့်တဲ့ နှာခေါင်းမျိုး ၊ တိုတိုလေး ရယ် ။ အဲဒီ နှာတိုလေး က လူ ရဲ့မျက်နှာ မှာ မှ လာ ကပ် နေတာ ဆိုတော့ စဉ်းစား သာ ကြည့် ။ နှာခေါင်း ထိပ် နဲ့ အပေါ် နှုတ်ခမ်း နဲ့ က တော်တော်လေး ကို ဝေးပြီး ကြည့်ရ ဆိုး နေတာ ။


အဲဒီ နှာခေါင်းပိုင်ရှင် ကို မှ ငပိန် က နှာတို ဘာညာ ဆို ပြီး သွား ပြော လိုက်တော့ မတင်း ခံ နိုင်ရိုးလား ။ တွေ့ရာ သင်္ချိုင်း ဓား မဆိုင်း ဆို ပြီးတော့ ကို ငပိန့် ကို ပတ် ရှာ နေတာ ။ ရပ်ကွက် ထဲ က လူ တွေ က လည်း ပွဲကြီးပွဲကောင်း တစ်ပွဲ တော့ ကြည့် ရတော့မယ် ဆို တဲ့ မျှော်လင့်ချက် တွေ နဲ့ ။ 


ငပိန် လည်း အပျိုကြီး ကို တော့ ကြောက်တယ် ။ အပျိုကြီး ကလည်း ဗလ တင် မဟုတ်ဘူး ။ ဇ နဲ့ လည်း ပြည့်တယ် ။ တော်ရုံတန်ရုံ ယောက်ျားလေး တစ်ယောက် လောက် က တော့ ဝလချီး လည် သွားစေရမယ် ဆိုတဲ့ လူမျိုး ။ ငပိန် လည်း အပျိုကြီး အကြောင်း သိ ထားတော့ အိပ် တာတောင် ဖြောင့်ဖြောင့် မအိပ် ရဲဘူး ။ အိမ် ရှေ့ က နေ လာ သောင်းကျန်း မှာ စိုး လို့တဲ့ လေ ။


ဒါပေမယ့်လည်း ငပိန် ဘယ်လိုပဲ အပျိုကြီး ကို ရှောင်ရှောင် ၊ တွေ့ မယ့် တွေ့ တော့ တကယ့် နေရာ ကောင်း ကြီး ။ ဆွဲမယ့် လွဲမယ့် သူ နတ္ထိ ၊ ရပ်ကွက် အစွန်အဖျား လူ မရှိ သူ မရှိ နေရာကြီး မှာ ။  


အဲဒီ နေ့ က ငပိန် လည်း အပျိုကြီး ကို ကြောက်ပြီး ရပ်ကွက် ထဲ မနေရဲ တာ နဲ့ ရပ်ကွက် အစွန် က ကျွဲလူးအိုင် နား မှာ တစ်ယောက် တည်း သွား ထိုင် နေ တာ ၊ ကျားချောင်း ချောင်း နေတဲ့ အပျိုကြီး လည်း သိ ရော ကျွဲလူးအိုင် ဘက် ကို တိတ်တိတ်လေး လိုက် သွား တာ ။ ဟိုလည်း ရောက် ရော ခြေသံ မကြား အောင် နောက် က နေ အသာ ကပ်ပြီး ငပိန့် အင်္ကျီ လည်ဂုတ် ကို မိမိ ရရ ဆုပ်ကိုင် ပြီးတော့


“ ကဲ မိ ပြီ မသာကောင် ၊ နင် ဘယ် ပြေးဦးမလဲ ” 


အပျိုကြီး အသံ ကြား လိုက် ရ ကတည်း က ငပိန် တုန် နေပြီ ။ မျက်နှာ က လည်း ဆီးစေ့ လောက် ပဲ ရှိတော့တယ် ။


“ ငါ့ ကို နှာတို လို့ ပြော တဲ့ ကောင် ၊ နှာတို့ လက်သံ မြည်း ကြည့် လိုက်ပါဦး ”  ဆိုပြီး လက် ကို အားကုန် လွှဲပြီးတော့ မှ ဖြတ် ရိုက် ပစ်လိုက်တာ ။ 


“ ဖြောင်း” 


“ အောင်မလေးဗျ ”

  

ငပိန် လည်ကုတ် ပူ ထွက် သွားပြီး မျက်လုံး ထဲ ကြယ်တွေ လတွေ ပါ အပြွတ်လိုက် မြင် သွားတယ် ။ ထ ပြေးဖို့ လုပ် ပေမယ့် အပျိုကြီး က အင်္ကျီ ကို တင်းတင်း ဆွဲ ထားပြီး


“ ဒါက နောက် တစ်ချက် ”

  

“ ဖြောင်း ”

  

“ အား ”

  

ရိုက်ချက် က ပြင်းတော့ ငပိန် မျက်လုံး ပါ ကွယ်ချင်ချင် ဖြစ်သွားတယ် ။ ငပိန် မခံနိုင်တော့ဘူး ။ အင်္ကျီ ကို ဆတ်ခနဲ ချွတ်ပြီး ကျွဲလူးအိုင် ထဲ ဆင်း ပြေး တယ် ။ အပျိုကြီး က လက် ထဲ မှာ ကျန်ခဲ့တဲ့ ငပိန့် အင်္ကျီ ကို ပစ် ချပြီး


“ ဪ နင် က ရေ ထဲ ဆင်း ပြေးလို့ လွတ်မယ် ထင် လို့လား ၊ ယား ”

  

ဆိုပြီး သူ ပါ ကျွဲလူးအိုင် ထဲ ခုန် ဆင်း သွားတယ် ။ ရေ က ဒူးခေါင်း သာသာလောက်လေးပဲ ရှိတာ ။ ငပိန် ထွက် ပြေးဖို့ ကြိုးစားပေမယ့် အောက် က ရွှံ့တွေ ကြောင့် ပြေးလို့ မရဘူး ။ အပျိုကြီး က ငပိန့် ကို ခုန် အုပ်လိုက်တာ နှစ် ယောက် စလုံး ရေ ထဲ ကို လုံး နေအောင် ပစ် ကျ သွားတယ် ။


အပျိုကြီး က အရင် ပြန် ထပြီး ပါးစပ် က လည်း ပတွတ်ပတွတ် နဲ့ ပြော သလို လက် ကလည်း တရစပ် ကို ကျွေး တော့တာ ။ ငပိန် ဆို တာ အောက် မှာ ကော့ နေအောင် ခံ ပေရော့ ပဲ ။ အပျိုကြီး က လည်း လက်တင် မဟုတ်ဘူး ။ ကြုံရင် ကြုံသလို ဒူးတွေ တတောင်တွေ နဲ့ ပါ တဝကြီး ကျွေး နေတာ ။ 


စိတ်ရှိ လက်ရှိ ကျွေး ရင်း က နေ အပျိုကြီး မျက်နှာ တစ်ချက် ကွက်ခနဲ ပျက် သွားတယ် ။ နောက် ဝတ် ထားတဲ့ အပေါ် အင်္ကျီ ကို အသာ ဟ ပြီး ရင်ဘတ် ကြီး ထဲ ငုံ့ ကြည့် ပြီး တာ နဲ့ အားခနဲ ငယ်သံ ပါ အောင် အော်ပြီး အပေါ် ပြေး တက် သွားတယ် ။


အပေါ် လည်း ရောက် ရော ။ နီးစပ်ရာ ချုံကြား ထဲ ပြေး ဝင် သွား ပြီး 


“ ငပိန် ရေ လာပါဦး ၊ ငါ့ ကို ကယ်ပါဦး ၊ ငပိန် ရေ လာပါဦး ”

  

ဆိုပြီး သံကုန် ခြစ် အော် တော့ တာ ။ ငပိန် လည်း ကြောင် သွားတယ် ။ အပျိုကြီး ဘာ ဖြစ် သွားပါလိမ့် ပေါ့ ။ အပျိုကြီး ကတော့ သံကုန် ခြစ် ပြီး သူ့ ကို ခေါ် နေတုန်းပဲ ။ ငပိန် လည်း ယောင်နန နဲ့ ကုန်းပေါ် တက် ချုံကြား ထဲ တိုး ဝင် သွားပြီး 


“ ဘာ ဘာဖြစ်လို့လဲ ဟင် ”

  

အပျိုကြီး မျက်နှာ က ကြောက် လွန်းလို့  ပျာတောက် နေပြီ ။ လူ က လဲ ဂနာမငြိမ် ၊ ဆွေ့ဆွေ့ခုန် နေရင်း က နေ


“ မျှော့ မျှော့ ငါ့ အင်္ကျီ ထဲ မှာ ဖြုတ် ပေးစမ်းပါ ” 


“ အင် ကိုယ့် ဘာသာ ကိုယ် ဖြုတ် လိုက်လေ ” 


အပျိုကြီး က ငပိန့် လုံချည်စ ကို အတင်း ဆွဲ ထားရင်း 


“ ဟင့်အင်း ဖြုတ်ရဲဘူး ၊ ဖြုတ်ရဲဘူး ၊ ကြောက်တယ် ၊ ဖြုတ်ပေးစမ်းပါ ”

  

ဆိုပြီး အပျိုကြီး က သူ ဝတ် လာတဲ့ ပွပွချောင်ချောင် အင်္ကျီ ကို အောက်နားစလေး အသာ ဟ ပေးတယ် ။


ငပိန် လည်း မရဲတရဲ နဲ့ ကြည့် လိုက်တော့ ကျွဲမျှော့ ကြီး က ရင်ဘတ် ကြား ထဲ မှာ ကို တွယ်နေတာ ၊ မသိရင် တောင်နှစ်လုံး ကြား ထဲ ရထား ဖြတ် မောင်း နေ တဲ့ ပုံစံ မျိုး ။


ငပိန် လည်း တံတွေး ကို ဂွပ်ခနဲ မြို ချလိုက်ပြီး ကာ မှ မျော့ ကို မိမိရရ ကိုင် ကာ ဆွဲ ဖြုတ် လိုက်၏ ။


“ ဗြုတ် ” 


အပျိုကြီး စိတ် မချနိုင်သေးဘူး ။ သူ့ ကိုယ် သူ ဟိုကြည့် ဒီကြည့် လိုက် ကြည့် နေရင်း က နေ


“ အား ခြေသလုံး မှာ ခြေသလုံး မှာ”


“ ဗြုတ် ”

  

“ အား နောက်ထပ် ပေါင် မှာ ပေါင် မှာ ” 


“ ဗြုတ်” 


ထဘီ ပြင် ဝတ်သလို ဘာလိုလို နဲ့ ငုံ့ ကြည့်တယ် ။ 


“ အား ... ကြားထဲမှာ ... ကြားထဲမှာ ” 


“ ဖြုတ် ”

  

“ ...  ...  ...  ”

 

“ ဖြုတ် ”

  

“ ...  ...  ...  ”

 

“ ဗြုတ် ”

  

   •••   •••   •••   •••  


ဘာ ကြာ တာ မှတ်လို့ ။ ရပ်ကွက် ထဲ မှာ မင်္ဂလာဆောင် မဏ္ဍပ်ကြီး ဆို တာ ဟီး ထ လို့ ။ ဘယ်သူတွေ ရဲ့ မင်္ဂလာဆောင် မှတ် လို့တုန်း ၊ ငပိန် နဲ့ အပျိုကြီး တို့ ရဲ့ မင်္ဂလာဆောင် ။


တစ်ရပ်ကွက် လုံး အံ့ဩ မဆုံးတွေ ဖြစ် ကုန်ကြတာ ။ ဒီလောက် မတည့် တဲ့ နှစ်ယောက် က ဘယ်လို လုပ်ပြီး မင်္ဂလာ ဆောင် ဖြစ်တာလဲ ပေါ့ ။ တချို့တွေ က သိ ချင်လို့ အပျိုကြီး ကို ကပ် မေးတယ် ။ အပျိုကြီး က ရှက် လို့တဲ့ ၊ မပြောဘူး ။ ငပိန့် ကို ကပ် မေး ပြန်ရော ၊ ငပိန် ကတော့ မရှက်ဘူး ပြောပြတယ် ။ .... မျှော့ က စတဲ့ ဇာတ်လမ်း ကို ။  


အဲဒီ နောက်ပိုင်း ရပ်ကွက် ထဲ က လူပျိုသိုး တွေ ရော တစ်ခု လတ် တွေ ရော မုဆိုးဖို တွေ ပါ မကျန် ကျွဲလူးအိုင် ဘက် မှာ ခြေချင်း ကို လိမ် လို့ မျှော့ ဖြုတ် ပေး ကြ ချင် လို့ တဲ့ လေ ။


◾ မြေထက်လူ


📖 ဟားခလုတ် 26


#ကိုအောင်နိုင်ဦး


.

Wednesday, November 3, 2021

တော်ငါးဝ


 

   ❝  တော်ငါးဝ  ❞

အမရာ ၊ ကိန္နရီ ၊ မဒ္ဒီ ၊ သမ္ဘူလ တော်လေးဝ ထဲမှာ ဒေါ်အေးမြ ကိုပါ ထည့်ပေါင်းပြီး တော်ငါးဝ ဆိုပြီး လုပ်ထားဖို့တောင် ကောင်းတယ် ။ တကယ် ပြောတာ ။ လင်ယောက်ျား အပေါ်မှာ ချစ်ကြောက်ရိုသေ လွန်းပြီး အနွံအနာခံ ပေါင်းတဲ့နေရာမှာတော့ သူ့ကို တစ်ယောက် မှ မီမှာ မဟုတ်ဘူး ။ ကျွန်တော် မြင်ဖူးခဲ့သမျှတွေထဲမှာ ဒေါ်အေးမြ လို လူမျိုးကတော့ မရှိဘူး လို့တောင် ပြောလို့ ရတယ် ။

ဒေါ်အေးမြ က လင်သားအပေါ် သဘောကောင်းသလောက် သူ့ယောက်ျား ဦးလှမောင် ကတော့ တော်တော်ဆိုးတယ် ပြောရမယ် ။ ဘာမှ အလုပ်အကိုင် မရှိတဲ့ အပြင် လူက အရက်သမား ။ အဲ .. ဒါပေမယ့် ဦးလှမောင် ဆိုးပုံဆိုးလက်ကလည်း တစ်မျိုးရယ် ။ ရပ်ကွက်ထဲမှာ ဦးလှမောင် နဲ့ မတည့်တဲ့သူ ဆိုလို့ တစ်ယောက် မှ မရှိဘူး မူးမူး မမူးမူး အကုန်လုံးနဲ့ တည့်တယ် ။ ဦးလှမောင် နဲ့ အချိန်ပြည့် မတည့်တာ ဆိုလို့ တစ်ယောက်ပဲ ရှိတယ် ။ အဲဒါ သူ့ မိန်းမ ဒေါ်အေးမြ ။

ဒေါ်အေးမြ ခမျာ မနက် မိုးမလင်းခင်ကတည်းက ပဲပြုတ်တောင်း ခေါင်းရွက်ပြီး ရပ်ကွက်ထဲ လည်ရောင်းရတာ ။ ပဲပြုတ် ရောင်းပြီးလို့ ပြန်လာရင်လည်း နားရတာ မဟုတ်သေးဘူး ။ ရပ်ကွက်ထဲက နီးစပ်ရာ အိမ်တွေမှာ တောက်တိုမယ်ရလေးတွေ လိုက်လုပ်ပြီး အပိုဝင်ငွေ ရှာလိုက်သေးတယ် ။ ဒါမှလည်း သူတို့ လင်မယား နှစ်ယောက်စားဖို့သောက်ဖို့ အပြင် သူ့ယောက်ျား အတွက် အရက် ဖိုးပါ ရမှာကိုး ။ အဲဒီလောက်အထိ ဒေါ်အေးမြ က သူ့ယောက်ျားအပေါ် ကောင်းတာ ။

သူတို့ လင်မယား နှစ်ယောက်စလုံးက အသက်ငါးဆယ် ကျော် အရွယ်တွေ ချည်းပဲ ။ သားသမီးကလည်း မရှိ ။ ကျွန်တော်တို့ အိမ်နားကို ပြောင်းလာတာမှ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ် ။ ဦးလှမောင် က အရက် သောက်တတ်ပြီး သူ့ မိန်းမအပေါ် ဆူဆူပူပူ လုပ်တတ်တာက လွဲလို့ သူတို့ လင်မယား နှစ်ယောက်စလုံးက ရပ်ကွက်ထဲမှာတော့ အနေအေးပြီး ပြဿနာ ကင်းတယ် ပြောရမယ် ။

မနက်ပိုင်း ဒေါ်အေးမြ ပဲပြုတ် ရောင်းပြီး ပြန်လာတာနဲ့ ဦးလှမောင် ရဲ့ လက်ထဲကို ဘတ်ခနဲ အရက်ဖိုး ထည့်ပေးရတာ ။ ပိုက်ဆံ ရတာနဲ့ ဦးလှမောင် က အရက်သွားဝယ်ပြီး အိမ်မှာ တစ်နေကုန် ထိုင်သောက်တော့တာ ။ ဦးလှမောင် က အရက်သောက်ရင် ဘယ်တော့မှ ဆိုင်မှာ မသောက်ဘူး ။ သူ အရက်သောက်နေတဲ့ အချိန် ဒေါ်အေးမြ မရှိရင်တော့ ဘာသံမှ မကြားရဘူး ။ ဒေါ်အေးမြ ရှိလို့ကတော့ အရက်လေးသောက်လိုက် ၊ ဒေါ်အေးမြ ကို ဗျစ်တောက်ဗျစ်တောက် လုပ်လိုက်နဲ့ တစ်နေကုန် ထိုင်ပြီးတော့ကို ဆူပူကြိမ်းမောင်းနေတော့တာ ။

သူကသာ ထိုင်ပြီး အပြစ်မရှိအပြစ်ရှာ ပြောနေတာနော် ။ ဒေါ်အေးမြ ကတော့ အေးအေးဆေးဆေး အပြုံးမပျက်ဘဲ ။ တစ်ခါတလေ “ ဟုတ်ကဲ့ရှင့် ” “ ဆင်ခြင်ပါ့မယ်ရှင့် ” “ လုပ်လိုက်ပါ့မယ်ရှင့် ” ဆိုတဲ့ အသံက ကြိုကြား ကြိုကြား ကြားနေရသေးတာ ။ ဒါက နေ့လယ်ပိုင်း ။

ညပိုင်းလိုမျိုး အမူးဒီဂရီ တက်နေတဲ့အချိန်လိုမျိုး ကျတော့ ဆူပူကြိမ်းမောင်းရုံတင် မဟုတ်တော့ဘူး ။ မထင်ရင် မထင်သလို လက်ပါ အဆစ်ပါလိုက်သေးတယ် ။ ဒါပေမယ့် ရပ်ကွက်ထဲက လူတွေကလည်း သူတို့ လင်မယားနှစ်ယောက်အကြောင်းကို သိပြီးသားဆိုတော့ တော်ရုံတန်ရုံလောက်နဲ့ကတော့ ဘယ်သူမှ ဝင်မဆွဲတော့ဘူးရယ် ။

ဦးလှမောင် ကလည်း တော်တော် ဆိုးတယ် ။ မိန်းမကိုလည်း ဘာမှ လုပ်ကိုင် ကျွေးမွေးတာမျိုး မရှိ ။ မိန်းမ က ရှာဖွေလုပ်ကိုင်ကျွေးမွေးနေတာကို အိမ်ဦးခန်း မှာ အဆင်သင့် ထိုင်စားနေတဲ့အပြင် သူ့အရက်ဖိုးပါ တောင်းလိုက်သေးတယ် ။ ဒီကြားထဲ မိန်းမ ပေးတဲ့ ပိုက်ဆံ နဲ့ အရက်သောက်လို့ မူးလာရင်လည်း အေးအေးဆေးဆေး နေတာ မဟုတ်ဘူး ။ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေတဲ့ မိန်းမ ကိုပါ ပြန်ပြီး ပြဿနာ ရှာလိုက်သေးတယ် ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ ။ ဒေါ်အေးမြ မို့လို့ အဲဒီလောက်သည်းခံနေတာ ။

တော်ရုံတန်ရုံလူ မပြောနဲ့ ၊ မဟော်သဓာ တောင် အဲဒီလို လုပ်ကြည့်ပါလား ။ တော်လေးဝ ဝင်တာ မဝင်တာ အသာထား ။ သူ့မိန်းမ အမရာ က နှင်ချလို့ မဟော်သဓာ ခမျာ အိမ်ပေါ်ကနေ ခေါင်းနဲ့တောင် ဆင်းသွားရဦးမယ် ။

ဒေါ်အေးမြ ကတော့ အေးဆေးပဲ ။ သူ့ ယောက်ျား က မူးမူးရူးရူး နဲ့ ဘယ်လောက် အနိုင်ကျင့်ကျင့် တစ်ခွန်း ပြန် မပြောဘူး ။ ယောက်ျားအပေါ်မှာလည်း စိတ်ဆိုးစိတ်ကွက်သွားတဲ့ ပုံစံမျိုး တစ်စက်ကလေးမှတောင် မပြဖူးဘူး ။

ဇနီးကောင်း ဇနီးမြတ် တို့ရဲ့ အင်္ဂါရပ်တွေ တော်တော်များများ ရှိပါတယ် ။ မိခင်နှင့် တူသော ဇနီး ၊ နှမနှင့် တူသော ဇနီးမျိုး ၊ ကျွန်နှင့်တူသော ဇနီးမျိုး စသည်ဖြင့်ပေါ့လေ ။ အဲဒီအထဲမှာ ဒေါ်အေးမြကတော့ တစ်မယ်ကောင်း တစ်မျိုးကောင်း ဇနီးမယားမျိုးတောင် မဟုတ်ဘူး ။ ကောင်းတဲ့ဟာတွေ အကုန်စု အမှုန့်ကြိတ်ပြီးတော့မှ ဆေးပြား ပြန်ရိုက်ထားသလို ဘက်စုံ အမယ်စုံအောင် ကောင်းတဲ့ ဇနီးမယားမျိုး ။

တစ်ခါတော့ ဒေါ်အေးမြ နှင့်အေးအေးဆေးဆေး တွေ့တုန်း ကျွန်တော် စကားပြောကြည့်မိသည် ။

“ ဒေါ်အေးမြ ဦးလှမောင် က အရက်သောက်တယ်နော် ”

“ ဟုတ်တယ် ငါ့တူရေ ၊ ကိုလှမောင်က အရက်ကို တော်တော် ကြိုက်တာ ”

“ ဒေါ်အေးမြ က အရက် မသောက်ဖို့ မပြောဘူးလား ”

“ ပြောတော့ ပြောဖူးတယ် ၊ ဒါပေမယ့် သူက ဖြတ်မှ မဖြတ်နိုင်တာ ”

ဒေါ်အေးမြ လေသံကတော့အေးအေးဆေးဆေး ပင် ။

“ အရက် ဆိုတာ လူကို ကောင်းကျိုးမှ မပေးတာဗျာ ၊ မသောက်ဘဲ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ မဟုတ်ဘူးလား ”

“ ဟုတ်တာပေါ့ကွယ် ၊ အဲဒါကြောင့်မို့လို့လည်း ကိုလှမောင် က အရင်ကဆိုရင် အရက်သောက်ဖို့ နေနေသာသာ အရက်နံ့ ကိုတောင် ခံလို့ရတာ မဟုတ်ဘူး ၊ တကယ့် လူရိုးလူကောင်းလေး ”

“ ဟုတ်လား ၊ ဒါဆိုရင် ဦးလှမောင် အရက်သောက်တတ်တာ မကြာသေးဘူးပေါ့ ၊ ဟုတ်လား ”

“ ဟုတ်တယ် ၊ အဒေါ် နဲ့ မယူခင်ကလေးကမှ သောက်တာလေ ၊ အခုပဲ အိမ်ထောင်သက်က သုံးဆယ် ဆိုတော့ သူ အရက်သောက်တာလည်း နှစ်သုံးဆယ် ကျော်ရုံလေးပဲ ရှိဦးမှာပေါ့ ”

ဒေါ်အေးမြ ပြောနေတဲ့ ပုံစံကိုကြည့်ပြီး ကျွန်တော် စိတ်ပိန်သွား၏ ။ နှစ်ပေါင်း သုံးဆယ်ကျော်လောက် သောက်လာတာကိုပင် သူ ပြောနေတဲ့ပုံစံက မနေ့တစ်နေ့ ကမှ သောက်တတ်တဲ့ ပုံစံ ။

“ ဟင် ဒါဆို ဦးလှမောင် က အဒေါ်နဲ့အိမ်ထောင် မကျခင်ကတည်း အရက် သောက်တတ်နေတာပေါ့ ”

“ ဟုတ်တယ်လေ ”

“ ဒါဆို အဒေါ် နဲ့ မယူခင်က ဦးလှမောင် အရက် မသောက်တတ်ပါဘူးလို့ ဘယ်သူ ပြောလို့ သိတာလဲ ”

“ ကိုလှမောင် အမေ က ပြောတာလေ ၊ သူ့ သားက အရင်ကဆို အရက်နံ့ တောင် ခံနိုင်တာ မဟုတ်ဘူး တဲ့ ၊ တကယ့် လူရိုးလူအေးလေးတဲ့ ၊ အခု ညည်း နဲ့ ယူခါနီး ကျမှသာ အရက် သောက်တတ်တာ ဆိုပြီးတော့ကို အဒေါ် နဲ့ ပေးစားလိုက်တာလေ ”

သူ့ ယောက်ျား ငယ်စဉ်က အရက် မသောက်တတ်တာကိုပင် ဂုဏ်ယူပြီးပြောနေတဲ့ ဒေါ်အေးမြ ကိုကြည့်ရင်း ကျွန်တော် တော်တော် စိတ်လေသွား၏ ။

“ ဒါပေမယ့် အဒေါ်ရယ် ၊ ကိုယ်ကြိုက်လို့ ကိုယ်သောက်တယ်ဆိုရင်လည်း သောက်ပြီးရင် အေးအေးဆေးဆေး နေပေါ့ ၊ အခုတော့ အရက်သောက်ပြီးတာနဲ့ အဒေါ် ကို ဆူပူကြိမ်းမောင်းနေတာကတော့ ဘယ်ကောင်းမလဲ ”

ဒေါ်အေးမြ ကတော့ ခပ်ပြုံးပြုံးပင် ။

“ ဒါကတော့ ငါ့ တူတို့ အမြင်ကိုး ၊ သူ့ဘာသာ သူ အရက်သောက်ပြီး အဒေါ် ကို ဆူပူနေပေမယ့်လည်း မူးပြီး အိပ်ပျော်သွားတဲ့ အခါများ လာကြည့်စမ်းပါ ငါ့ တူရယ် ၊ တကယ့်လူ သူတော်ကောင်းကြီး ပါပဲ ၊ အဒေါ် ကို ဆူပူဖို့ နေနေသာသာ တုပ်တုပ်တောင် မလှုပ်တော့ဘူး ”

ကျွန်တော် ဘာမှ ဆက် မပြောမိတော့ပေ ။ ကိုယ့် အပေါ် တစ်စက်ကလေးမှ ကောင်းကွက် မရှိတဲ့ လင်ယောက်ျား တစ်ယောက်အပေါ် အပြစ် တစ်စုံတစ်ရာ မမြင်သည့်အပြင် အိပ်မောကျနေတုန်း ဘာမှ မဆူမပြောနိုင်တာ ကိုပင် ချီးမွမ်းခန်း ဖွင့်နိုင်သည့် ဒေါ်အေးမြ ကို ကြည့်၍ အံ့ဩနေမိသည် ။

အဲဒီနောက်ပိုင်း ဒေါ်အေးမြ တို့ လင်မယား ကျွန်တော်တို့ ရပ်ကွက်အတွင်းမှ ပြောင်းရွှေ့ သွားသည်ဟုသာ ကြားလိုက်ရသည် ။ ဘယ်ကိုပြောင်းလို့ ပြောင်းသွားကြမှန်းမသိ ။ ကြာလာတော့လည်း ဒေါ်အေးမြတို့လင်မယားအကြောင်းက ကျွန်တော့် ခေါင်းထဲ မေ့တေ့တေ့ ပင် ။

တစ်ရက် အလုပ်ကိစ္စတစ်ခု နဲ့ အင်းစိန် ဘက်ကိုအရောက် ဒေါ်အေးမြ နဲ့ မျက်နှာချင်းဆိုင် ဆုံမိ၏ ။

“ ဒေါ်အေးမြ ”

“ ဟယ် ငါ့တူ ၊ မတွေ့တာတောင် အတော်ကြာပြီပဲ ၊ အခု ဒီဘက် ဘာလာလုပ်တာလဲ ”

“ အလုပ်ကိစ္စ တစ်ခု ရှိလို့ လာတာ ဒေါ်အေးမြ တို့ ဘယ်မှာ နေကြလဲ ”

“ အင်းစိန်ထောင်ကြီး ရှေ့က ရပ်ကွက် မှာနေတာ ”

“ ဟုတ်လား ၊ ဦးလှမောင်ကြီး ရော နေကောင်းရဲ့လား ၊ အရင်လို အရက် သောက်တုန်းပဲလား ”

“ နေကောင်းပါတယ် ငါ့ တူရယ် ၊ အရက်လည်း မသောက်တော့ပါဘူး ”

ကျွန်တော်လည်း ဝမ်းသာအားရပင်

“ ဟာ ဟုတ်လား ၊ ဒါဆိုရင် ဦးလှမောင်ကြီး က အခု လူကောင်း ဖြစ်သွားပြီပေါ့ ”

ဒေါ်အေးမြ က အေးချမ်းစွာ ပြုံး၏ ။ ပြီးတော့မှ

“ ကိုလှမောင် က အရင်ကတည်းက လူသူတော်ကောင်းကြီးပါကွယ် ။တော်ရုံတန်ရုံ လောက်ကလွဲလို့ အဒေါ် အပေါ်မှာ ဒုက္ခ မပေးခဲ့ပါဘူး ၊ အခုပဲ ကြည့်လေ ၊ ငါ့ တူတို့ ရပ်ကွက် မှာသာ အဒေါ်တို့ နေတုန်းဆိုရင် ဒီကို သွားရလာရတာ ဘယ်လောက် ဒုက္ခရောက်လိုက် မလဲ ၊ အခုတော့ အင်းစိန် ကို ပြောင်းလာပြီး ထောင် နဲ့ နီးနီးနားနားနေရာ ရောက်တော့မှ သူက အရက် မူးပြီး လူရိုက်မှု နဲ့ ထောင်ကျတာ ဆိုတော့ ထောင်ဝင်စာ တွေ့ရတာကအစ ဒေါ်ဒေါ့ မှာ အိမ်နဲ့ နီးတဲ့အတွက် တော်တော်လေးကို အဆင်ပြေသွားတာ ၊ ကျေးဇူးကြီးလှပါတယ်ကွယ် ၊ ဒီကြားထဲ ထောင်ဝင်စာ သွားတွေ့တိုင်းလည်း သူက ပြောရှာပါတယ် ၊ ဒီအရက်ကို ထောင်က မလွတ်မချင်း လုံးဝ မသောက်တော့ပါဘူးတဲ့ ၊ ဒေါ်ဒေါ် မှာလေ ဒီစကား ကြားရတိုင်း စိတ်ချမ်းသာလိုက်ရတာ ၊ အဲဒါကြောင့်မို့လို့ ပြောတာ ၊ ကိုလှမောင် က လူသူတော်ကောင်းကြီးပါလို့ ၊ ကဲ ဒေါ်ဒေါ် သွားလိုက်ဦးမယ် ငါ့ တူရယ် ၊ ထောင်ဝင်စာ တွေ့ ရမှာ အချိန်မမီဘဲ နေဦးမယ် ”

ပြောပြောဆိုဆို နဲ့ ထွက်သွားတဲ့ ဒေါ်အေးမြ ကိုကြည့်ရင်း ကျွန်တော့်မှာ ပါးစပ်အဟောင်းသား ။

ကဲ .. ကျွန်တော် မပြောလား ။ ဒေါ်အေးမြ ကို တော်ငါးဝ စာရင်းထဲ ထည့်ထားသင့်ပါတယ်လို့ ဆို ။

◾ မြေထက်လူ

📖  ဟားခလုတ် ဟာသစာစုများ ၂၁

koaungnaingoo.blogspot.com

.