❝ တော်ငါးဝ ❞
အမရာ ၊ ကိန္နရီ ၊ မဒ္ဒီ ၊ သမ္ဘူလ တော်လေးဝ ထဲမှာ ဒေါ်အေးမြ ကိုပါ ထည့်ပေါင်းပြီး တော်ငါးဝ ဆိုပြီး လုပ်ထားဖို့တောင် ကောင်းတယ် ။ တကယ် ပြောတာ ။ လင်ယောက်ျား အပေါ်မှာ ချစ်ကြောက်ရိုသေ လွန်းပြီး အနွံအနာခံ ပေါင်းတဲ့နေရာမှာတော့ သူ့ကို တစ်ယောက် မှ မီမှာ မဟုတ်ဘူး ။ ကျွန်တော် မြင်ဖူးခဲ့သမျှတွေထဲမှာ ဒေါ်အေးမြ လို လူမျိုးကတော့ မရှိဘူး လို့တောင် ပြောလို့ ရတယ် ။
ဒေါ်အေးမြ က လင်သားအပေါ် သဘောကောင်းသလောက် သူ့ယောက်ျား ဦးလှမောင် ကတော့ တော်တော်ဆိုးတယ် ပြောရမယ် ။ ဘာမှ အလုပ်အကိုင် မရှိတဲ့ အပြင် လူက အရက်သမား ။ အဲ .. ဒါပေမယ့် ဦးလှမောင် ဆိုးပုံဆိုးလက်ကလည်း တစ်မျိုးရယ် ။ ရပ်ကွက်ထဲမှာ ဦးလှမောင် နဲ့ မတည့်တဲ့သူ ဆိုလို့ တစ်ယောက် မှ မရှိဘူး မူးမူး မမူးမူး အကုန်လုံးနဲ့ တည့်တယ် ။ ဦးလှမောင် နဲ့ အချိန်ပြည့် မတည့်တာ ဆိုလို့ တစ်ယောက်ပဲ ရှိတယ် ။ အဲဒါ သူ့ မိန်းမ ဒေါ်အေးမြ ။
ဒေါ်အေးမြ ခမျာ မနက် မိုးမလင်းခင်ကတည်းက ပဲပြုတ်တောင်း ခေါင်းရွက်ပြီး ရပ်ကွက်ထဲ လည်ရောင်းရတာ ။ ပဲပြုတ် ရောင်းပြီးလို့ ပြန်လာရင်လည်း နားရတာ မဟုတ်သေးဘူး ။ ရပ်ကွက်ထဲက နီးစပ်ရာ အိမ်တွေမှာ တောက်တိုမယ်ရလေးတွေ လိုက်လုပ်ပြီး အပိုဝင်ငွေ ရှာလိုက်သေးတယ် ။ ဒါမှလည်း သူတို့ လင်မယား နှစ်ယောက်စားဖို့သောက်ဖို့ အပြင် သူ့ယောက်ျား အတွက် အရက် ဖိုးပါ ရမှာကိုး ။ အဲဒီလောက်အထိ ဒေါ်အေးမြ က သူ့ယောက်ျားအပေါ် ကောင်းတာ ။
သူတို့ လင်မယား နှစ်ယောက်စလုံးက အသက်ငါးဆယ် ကျော် အရွယ်တွေ ချည်းပဲ ။ သားသမီးကလည်း မရှိ ။ ကျွန်တော်တို့ အိမ်နားကို ပြောင်းလာတာမှ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ် ။ ဦးလှမောင် က အရက် သောက်တတ်ပြီး သူ့ မိန်းမအပေါ် ဆူဆူပူပူ လုပ်တတ်တာက လွဲလို့ သူတို့ လင်မယား နှစ်ယောက်စလုံးက ရပ်ကွက်ထဲမှာတော့ အနေအေးပြီး ပြဿနာ ကင်းတယ် ပြောရမယ် ။
မနက်ပိုင်း ဒေါ်အေးမြ ပဲပြုတ် ရောင်းပြီး ပြန်လာတာနဲ့ ဦးလှမောင် ရဲ့ လက်ထဲကို ဘတ်ခနဲ အရက်ဖိုး ထည့်ပေးရတာ ။ ပိုက်ဆံ ရတာနဲ့ ဦးလှမောင် က အရက်သွားဝယ်ပြီး အိမ်မှာ တစ်နေကုန် ထိုင်သောက်တော့တာ ။ ဦးလှမောင် က အရက်သောက်ရင် ဘယ်တော့မှ ဆိုင်မှာ မသောက်ဘူး ။ သူ အရက်သောက်နေတဲ့ အချိန် ဒေါ်အေးမြ မရှိရင်တော့ ဘာသံမှ မကြားရဘူး ။ ဒေါ်အေးမြ ရှိလို့ကတော့ အရက်လေးသောက်လိုက် ၊ ဒေါ်အေးမြ ကို ဗျစ်တောက်ဗျစ်တောက် လုပ်လိုက်နဲ့ တစ်နေကုန် ထိုင်ပြီးတော့ကို ဆူပူကြိမ်းမောင်းနေတော့တာ ။
သူကသာ ထိုင်ပြီး အပြစ်မရှိအပြစ်ရှာ ပြောနေတာနော် ။ ဒေါ်အေးမြ ကတော့ အေးအေးဆေးဆေး အပြုံးမပျက်ဘဲ ။ တစ်ခါတလေ “ ဟုတ်ကဲ့ရှင့် ” “ ဆင်ခြင်ပါ့မယ်ရှင့် ” “ လုပ်လိုက်ပါ့မယ်ရှင့် ” ဆိုတဲ့ အသံက ကြိုကြား ကြိုကြား ကြားနေရသေးတာ ။ ဒါက နေ့လယ်ပိုင်း ။
ညပိုင်းလိုမျိုး အမူးဒီဂရီ တက်နေတဲ့အချိန်လိုမျိုး ကျတော့ ဆူပူကြိမ်းမောင်းရုံတင် မဟုတ်တော့ဘူး ။ မထင်ရင် မထင်သလို လက်ပါ အဆစ်ပါလိုက်သေးတယ် ။ ဒါပေမယ့် ရပ်ကွက်ထဲက လူတွေကလည်း သူတို့ လင်မယားနှစ်ယောက်အကြောင်းကို သိပြီးသားဆိုတော့ တော်ရုံတန်ရုံလောက်နဲ့ကတော့ ဘယ်သူမှ ဝင်မဆွဲတော့ဘူးရယ် ။
ဦးလှမောင် ကလည်း တော်တော် ဆိုးတယ် ။ မိန်းမကိုလည်း ဘာမှ လုပ်ကိုင် ကျွေးမွေးတာမျိုး မရှိ ။ မိန်းမ က ရှာဖွေလုပ်ကိုင်ကျွေးမွေးနေတာကို အိမ်ဦးခန်း မှာ အဆင်သင့် ထိုင်စားနေတဲ့အပြင် သူ့အရက်ဖိုးပါ တောင်းလိုက်သေးတယ် ။ ဒီကြားထဲ မိန်းမ ပေးတဲ့ ပိုက်ဆံ နဲ့ အရက်သောက်လို့ မူးလာရင်လည်း အေးအေးဆေးဆေး နေတာ မဟုတ်ဘူး ။ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေတဲ့ မိန်းမ ကိုပါ ပြန်ပြီး ပြဿနာ ရှာလိုက်သေးတယ် ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ ။ ဒေါ်အေးမြ မို့လို့ အဲဒီလောက်သည်းခံနေတာ ။
တော်ရုံတန်ရုံလူ မပြောနဲ့ ၊ မဟော်သဓာ တောင် အဲဒီလို လုပ်ကြည့်ပါလား ။ တော်လေးဝ ဝင်တာ မဝင်တာ အသာထား ။ သူ့မိန်းမ အမရာ က နှင်ချလို့ မဟော်သဓာ ခမျာ အိမ်ပေါ်ကနေ ခေါင်းနဲ့တောင် ဆင်းသွားရဦးမယ် ။
ဒေါ်အေးမြ ကတော့ အေးဆေးပဲ ။ သူ့ ယောက်ျား က မူးမူးရူးရူး နဲ့ ဘယ်လောက် အနိုင်ကျင့်ကျင့် တစ်ခွန်း ပြန် မပြောဘူး ။ ယောက်ျားအပေါ်မှာလည်း စိတ်ဆိုးစိတ်ကွက်သွားတဲ့ ပုံစံမျိုး တစ်စက်ကလေးမှတောင် မပြဖူးဘူး ။
ဇနီးကောင်း ဇနီးမြတ် တို့ရဲ့ အင်္ဂါရပ်တွေ တော်တော်များများ ရှိပါတယ် ။ မိခင်နှင့် တူသော ဇနီး ၊ နှမနှင့် တူသော ဇနီးမျိုး ၊ ကျွန်နှင့်တူသော ဇနီးမျိုး စသည်ဖြင့်ပေါ့လေ ။ အဲဒီအထဲမှာ ဒေါ်အေးမြကတော့ တစ်မယ်ကောင်း တစ်မျိုးကောင်း ဇနီးမယားမျိုးတောင် မဟုတ်ဘူး ။ ကောင်းတဲ့ဟာတွေ အကုန်စု အမှုန့်ကြိတ်ပြီးတော့မှ ဆေးပြား ပြန်ရိုက်ထားသလို ဘက်စုံ အမယ်စုံအောင် ကောင်းတဲ့ ဇနီးမယားမျိုး ။
တစ်ခါတော့ ဒေါ်အေးမြ နှင့်အေးအေးဆေးဆေး တွေ့တုန်း ကျွန်တော် စကားပြောကြည့်မိသည် ။
“ ဒေါ်အေးမြ ဦးလှမောင် က အရက်သောက်တယ်နော် ”
“ ဟုတ်တယ် ငါ့တူရေ ၊ ကိုလှမောင်က အရက်ကို တော်တော် ကြိုက်တာ ”
“ ဒေါ်အေးမြ က အရက် မသောက်ဖို့ မပြောဘူးလား ”
“ ပြောတော့ ပြောဖူးတယ် ၊ ဒါပေမယ့် သူက ဖြတ်မှ မဖြတ်နိုင်တာ ”
ဒေါ်အေးမြ လေသံကတော့အေးအေးဆေးဆေး ပင် ။
“ အရက် ဆိုတာ လူကို ကောင်းကျိုးမှ မပေးတာဗျာ ၊ မသောက်ဘဲ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ မဟုတ်ဘူးလား ”
“ ဟုတ်တာပေါ့ကွယ် ၊ အဲဒါကြောင့်မို့လို့လည်း ကိုလှမောင် က အရင်ကဆိုရင် အရက်သောက်ဖို့ နေနေသာသာ အရက်နံ့ ကိုတောင် ခံလို့ရတာ မဟုတ်ဘူး ၊ တကယ့် လူရိုးလူကောင်းလေး ”
“ ဟုတ်လား ၊ ဒါဆိုရင် ဦးလှမောင် အရက်သောက်တတ်တာ မကြာသေးဘူးပေါ့ ၊ ဟုတ်လား ”
“ ဟုတ်တယ် ၊ အဒေါ် နဲ့ မယူခင်ကလေးကမှ သောက်တာလေ ၊ အခုပဲ အိမ်ထောင်သက်က သုံးဆယ် ဆိုတော့ သူ အရက်သောက်တာလည်း နှစ်သုံးဆယ် ကျော်ရုံလေးပဲ ရှိဦးမှာပေါ့ ”
ဒေါ်အေးမြ ပြောနေတဲ့ ပုံစံကိုကြည့်ပြီး ကျွန်တော် စိတ်ပိန်သွား၏ ။ နှစ်ပေါင်း သုံးဆယ်ကျော်လောက် သောက်လာတာကိုပင် သူ ပြောနေတဲ့ပုံစံက မနေ့တစ်နေ့ ကမှ သောက်တတ်တဲ့ ပုံစံ ။
“ ဟင် ဒါဆို ဦးလှမောင် က အဒေါ်နဲ့အိမ်ထောင် မကျခင်ကတည်း အရက် သောက်တတ်နေတာပေါ့ ”
“ ဟုတ်တယ်လေ ”
“ ဒါဆို အဒေါ် နဲ့ မယူခင်က ဦးလှမောင် အရက် မသောက်တတ်ပါဘူးလို့ ဘယ်သူ ပြောလို့ သိတာလဲ ”
“ ကိုလှမောင် အမေ က ပြောတာလေ ၊ သူ့ သားက အရင်ကဆို အရက်နံ့ တောင် ခံနိုင်တာ မဟုတ်ဘူး တဲ့ ၊ တကယ့် လူရိုးလူအေးလေးတဲ့ ၊ အခု ညည်း နဲ့ ယူခါနီး ကျမှသာ အရက် သောက်တတ်တာ ဆိုပြီးတော့ကို အဒေါ် နဲ့ ပေးစားလိုက်တာလေ ”
သူ့ ယောက်ျား ငယ်စဉ်က အရက် မသောက်တတ်တာကိုပင် ဂုဏ်ယူပြီးပြောနေတဲ့ ဒေါ်အေးမြ ကိုကြည့်ရင်း ကျွန်တော် တော်တော် စိတ်လေသွား၏ ။
“ ဒါပေမယ့် အဒေါ်ရယ် ၊ ကိုယ်ကြိုက်လို့ ကိုယ်သောက်တယ်ဆိုရင်လည်း သောက်ပြီးရင် အေးအေးဆေးဆေး နေပေါ့ ၊ အခုတော့ အရက်သောက်ပြီးတာနဲ့ အဒေါ် ကို ဆူပူကြိမ်းမောင်းနေတာကတော့ ဘယ်ကောင်းမလဲ ”
ဒေါ်အေးမြ ကတော့ ခပ်ပြုံးပြုံးပင် ။
“ ဒါကတော့ ငါ့ တူတို့ အမြင်ကိုး ၊ သူ့ဘာသာ သူ အရက်သောက်ပြီး အဒေါ် ကို ဆူပူနေပေမယ့်လည်း မူးပြီး အိပ်ပျော်သွားတဲ့ အခါများ လာကြည့်စမ်းပါ ငါ့ တူရယ် ၊ တကယ့်လူ သူတော်ကောင်းကြီး ပါပဲ ၊ အဒေါ် ကို ဆူပူဖို့ နေနေသာသာ တုပ်တုပ်တောင် မလှုပ်တော့ဘူး ”
ကျွန်တော် ဘာမှ ဆက် မပြောမိတော့ပေ ။ ကိုယ့် အပေါ် တစ်စက်ကလေးမှ ကောင်းကွက် မရှိတဲ့ လင်ယောက်ျား တစ်ယောက်အပေါ် အပြစ် တစ်စုံတစ်ရာ မမြင်သည့်အပြင် အိပ်မောကျနေတုန်း ဘာမှ မဆူမပြောနိုင်တာ ကိုပင် ချီးမွမ်းခန်း ဖွင့်နိုင်သည့် ဒေါ်အေးမြ ကို ကြည့်၍ အံ့ဩနေမိသည် ။
အဲဒီနောက်ပိုင်း ဒေါ်အေးမြ တို့ လင်မယား ကျွန်တော်တို့ ရပ်ကွက်အတွင်းမှ ပြောင်းရွှေ့ သွားသည်ဟုသာ ကြားလိုက်ရသည် ။ ဘယ်ကိုပြောင်းလို့ ပြောင်းသွားကြမှန်းမသိ ။ ကြာလာတော့လည်း ဒေါ်အေးမြတို့လင်မယားအကြောင်းက ကျွန်တော့် ခေါင်းထဲ မေ့တေ့တေ့ ပင် ။
တစ်ရက် အလုပ်ကိစ္စတစ်ခု နဲ့ အင်းစိန် ဘက်ကိုအရောက် ဒေါ်အေးမြ နဲ့ မျက်နှာချင်းဆိုင် ဆုံမိ၏ ။
“ ဒေါ်အေးမြ ”
“ ဟယ် ငါ့တူ ၊ မတွေ့တာတောင် အတော်ကြာပြီပဲ ၊ အခု ဒီဘက် ဘာလာလုပ်တာလဲ ”
“ အလုပ်ကိစ္စ တစ်ခု ရှိလို့ လာတာ ဒေါ်အေးမြ တို့ ဘယ်မှာ နေကြလဲ ”
“ အင်းစိန်ထောင်ကြီး ရှေ့က ရပ်ကွက် မှာနေတာ ”
“ ဟုတ်လား ၊ ဦးလှမောင်ကြီး ရော နေကောင်းရဲ့လား ၊ အရင်လို အရက် သောက်တုန်းပဲလား ”
“ နေကောင်းပါတယ် ငါ့ တူရယ် ၊ အရက်လည်း မသောက်တော့ပါဘူး ”
ကျွန်တော်လည်း ဝမ်းသာအားရပင်
“ ဟာ ဟုတ်လား ၊ ဒါဆိုရင် ဦးလှမောင်ကြီး က အခု လူကောင်း ဖြစ်သွားပြီပေါ့ ”
ဒေါ်အေးမြ က အေးချမ်းစွာ ပြုံး၏ ။ ပြီးတော့မှ
“ ကိုလှမောင် က အရင်ကတည်းက လူသူတော်ကောင်းကြီးပါကွယ် ။တော်ရုံတန်ရုံ လောက်ကလွဲလို့ အဒေါ် အပေါ်မှာ ဒုက္ခ မပေးခဲ့ပါဘူး ၊ အခုပဲ ကြည့်လေ ၊ ငါ့ တူတို့ ရပ်ကွက် မှာသာ အဒေါ်တို့ နေတုန်းဆိုရင် ဒီကို သွားရလာရတာ ဘယ်လောက် ဒုက္ခရောက်လိုက် မလဲ ၊ အခုတော့ အင်းစိန် ကို ပြောင်းလာပြီး ထောင် နဲ့ နီးနီးနားနားနေရာ ရောက်တော့မှ သူက အရက် မူးပြီး လူရိုက်မှု နဲ့ ထောင်ကျတာ ဆိုတော့ ထောင်ဝင်စာ တွေ့ရတာကအစ ဒေါ်ဒေါ့ မှာ အိမ်နဲ့ နီးတဲ့အတွက် တော်တော်လေးကို အဆင်ပြေသွားတာ ၊ ကျေးဇူးကြီးလှပါတယ်ကွယ် ၊ ဒီကြားထဲ ထောင်ဝင်စာ သွားတွေ့တိုင်းလည်း သူက ပြောရှာပါတယ် ၊ ဒီအရက်ကို ထောင်က မလွတ်မချင်း လုံးဝ မသောက်တော့ပါဘူးတဲ့ ၊ ဒေါ်ဒေါ် မှာလေ ဒီစကား ကြားရတိုင်း စိတ်ချမ်းသာလိုက်ရတာ ၊ အဲဒါကြောင့်မို့လို့ ပြောတာ ၊ ကိုလှမောင် က လူသူတော်ကောင်းကြီးပါလို့ ၊ ကဲ ဒေါ်ဒေါ် သွားလိုက်ဦးမယ် ငါ့ တူရယ် ၊ ထောင်ဝင်စာ တွေ့ ရမှာ အချိန်မမီဘဲ နေဦးမယ် ”
ပြောပြောဆိုဆို နဲ့ ထွက်သွားတဲ့ ဒေါ်အေးမြ ကိုကြည့်ရင်း ကျွန်တော့်မှာ ပါးစပ်အဟောင်းသား ။
ကဲ .. ကျွန်တော် မပြောလား ။ ဒေါ်အေးမြ ကို တော်ငါးဝ စာရင်းထဲ ထည့်ထားသင့်ပါတယ်လို့ ဆို ။
◾ မြေထက်လူ
📖 ဟားခလုတ် ဟာသစာစုများ ၂၁
koaungnaingoo.blogspot.com
.
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Wednesday, November 3, 2021
တော်ငါးဝ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment