Thursday, March 9, 2023

အော်ပီကျယ်


 ❝ အော်ပီကျယ် ❞


( ရယ်စရာ ဘဝ နှင့် မောစရာ စာမျက်နှာများ )


ကျွန်တော့် အညံ့ဖျင်းဆုံး အချက် ကို ဝန်ခံ ရ လျှင် ပုံ မဆွဲတတ်ခြင်း ပင် ဖြစ်ပါသည် ။ ပန်းချီ ၊ ကာတွန်း ဘာ တစ်ခု မျှ ကျွန်တော် မရေးတတ် ။ သို့သော် ပန်းချီဆရာတွေ ၊ အထူးသဖြင့် ကာတွန်းဆရာတွေ နှင့် ကား အထူးပင် ရင်းနှီးပါသည် ။


ကာတွန်းပြပွဲတွေ ၊ ကာတွန်းဆရာ ကန်တော့ပွဲတွေ ၊ ကာတွန်းဆရာ တို့ ၏ သာမှု နာမှု ကိစ္စတွေ နှင့် ကျွန်တော် ဘယ်တော့မှ မစိမ်းလှ ။


ကျွန်တော်တို့ အစ်ကိုကြီး အရွယ် ဆရာရွှေမင်းသား ၊ ဆရာငွေကြည် ၊ ဆရာမြေဇာ ၊ ဆရာသစ်ထွဏ်း တို့ က စပြီး ဆွေမင်း ( ဓနုဖြူ ) ၊ စိုးသော်တာ ၊ စောမင်းဝေ ၊ စိုးစံဝင်း ၊ ထက်မိုး အဆုံး အားလုံး နှင့် ကျွန်တော် အကျွမ်းတ၀င် ရှိပါသည် ။ သည် အထဲ မှာ တတွဲ တွဲ ရှိမိတတ် သူ က မန္တလေးသား ကာတွန်းဆရာ မောင်ဝင်းအောင် ။


ကာတွန်းမောင်ဝင်းအောင် ... ဆိုကြပါစို့ ၊ ကျွန်တော့် အ‌ခါ် ကိုဝင်းအောင် က အချိန် တော်တော်ကလေး နှောင်း မှ အိမ်ထောင် ကျ သူ ဖြစ်ပါသည် ။ သူ အိမ်ထောင် ပြုဖို့ စိတ်ကူးတော့ ငါးဆယ် ပြူတစ်ပြူတစ် နှစ်ကာလများ ။ သူ့ ဇနီးလောင်း ၏ ဓာတ်ပုံကလေး ကို ဟိုလူ့ တွေ့ ထုတ်ပြ ၊ သည်လူ့ တွေ့ ထုတ်ပြ နှင့် အိမ်ထောင် ပြုဖို့ တိုင်ပင် နေရသည့် နှစ်ကာလများ မဟုတ်လား ။


မန္တလေး နှင့် ဝေးရာ ရန်ကုန် မှာ ဆိုတော့ သူ တိုင်ပင်ရသည် က စာပေ အသိုက်အဝန်း ၊ သည်မှာ ကျွန်တော်တို့ က တော့ သူ့ ဇနီးလောင်း ဓာတ်ပုံကလေး ကို ကြည့်ကာ အသက်အရွယ် အရ အိမ်ထောင် ပြုသင့်ပြီ ဖြစ်ကြောင်း အကြံ ပေးရုံမျှ သာ ဖြစ်ပါသည် ။ ကာတွန်းအော်ပီကျယ် က တော့ သည်သို့ မဟုတ် ။


“ အော်ပီကျယ်ကြီး .. သူငယ်ချင်း ကို ကိုယ် တိုင်ပင်စရာ ရှိလို့ကွ .… ကိုယ် အိမ်ထောင် ပြုဖို့ သင့်ပြီလား ကွာ ”


ကိုအော်ပီကျယ် က ငါးဆယ် ပြူတစ် ပြူတစ် မောင်ဝင်းအောင် ကို ကြည့် ကာ ပြုံး သည် ။ အိမ်ထောင် ပြုသင့် သည့် အသက် ဆိုတာ ကို တိုက်ရိုက် မပြော ။


“ သူများတွေ နင့် အသက် ဆို ရင် မယားငယ် တွေ ဘာ တွေ ရလို့ ၊ ပြဿနာ တောင် တက် နေ လောက်ပြီ ” ဟူ၏ ။ တစ်ဝိုင်းလုံး ဝေါခနဲ ရယ်သံကြီး ၏ နောက် မှာ ကာတွန်းမောင်ဝင်းအောင် သူ့ အသက် ကို သူ တွက် မိပြီး ငြိမ်ကျ သွားသည် ။ ကိုအော်ပီကျယ် က သူ့ ဟာသ ကို မရပ် ။


“ မောင်ဝင်းအောင် ... နင် ကလေး မယူ နဲ့ "


“ ဘာလို့တုံး ဟ ”


“ နင့် ကို မြေး ရနေပြီ ထင်သွားမှာပေါ့ ဟ ”


ဝေါခနဲ ပွဲကျ သွားပြန်ပါသည် ။ အသက်ကြီး ပြီ ဆိုသော အချက်အလက် သို့ ရောက်အောင် စွတ်စိုသော ဟာသ ဖြင့် အမြန် သွား တတ်သော ကိုအော်ပီကျယ်  ၏ လိပ်ပြာ ကို ကျွန်တော် က ချစ်သွား မိသည် ။ 


ဪ .. ကိုအော်ပီကျယ် ကိုအော်ပီကျယ် ။


တကယ်တော့ ကျွန်တော်တို့ သူ့တို့ ဆုံတွေ့ခဲ့ကြတာ နှစ် အရေအတွက် တွေ များ ခဲ့ပြီ ။ သည်တုန်းကတော့ သူ က အော်ပီကျယ် မဟုတ် ။


မန်းဘဲ တဲ့ ။


မန္တလေး က ရောက်လာတဲ့ ငနဲ ပေါ့ ။


မန်းဘဲ ... ကာတွန်း မန်းဘဲ ။


••••  ••••••  •••••  •••••


“ မန်းဘဲ ဆိုတော့ ခင်ဗျား က မန္တလေးသား လား ”


“ မဟုတ်ဘူးဗျ ၊ ပုဂံညောင်ဦး တစ်ဖက်ကမ်း က ရေနံချပ် တဲ့ ၊ ပခုက္ကူခရိုင် ထဲ ပါ မှာ ပေါ့ ၊ ရေနံချောင်း တို့ ရေနံချပ် တို့ ခင်ဗျား သိ ပါတယ် ”


သည်တုန်းက စွယ်တော်ရိပ် က သူ့ အခန်းလေး ထဲ မှာ ကျွန်တော် က မေးမိခဲ့ခြင်း ဖြစ် ပါသည် ။


သူ့ စက်မှုတက္ကသိုလ် ကျောင်းသား ဘ၀ နှစ်ကာလများ ။ ဘယ်နေရာ ကို ကြည့်ကြည့် ကံ့ကော်ပင်တွေ ချည်း ပဲ ရှိနေသည့် ရန်ကုန်တက္ကသိုလ် ကံ့ကော်တော နှင့် စွယ်တော်ပင်တွေ လက်ညှိုး ထိုး မလွဲအောင် ပေါက် နေသည့် ရန်ကုန် စက် မှုတက္ကသိုလ် စွယ်တော်ရိပ် တို့ သည် ညီအစ်ကို မောင်နှမ တက္ကသိုလ်များ ပမာ ကူးလူး ဆက်ဆံခဲ့ကြရာ ကျွန်တော် တို့ တစ်တွေ ကို တံတား ထိုး ပေးခဲ့သည် က စာပေ နှင့် အနုပညာ ပဲ ဖြစ်ပါသည် ။


တစ်ပွဲ နှင့် တစ်ပွဲ ပုတီးစေ့ကလေး တွေ သီ သလို ပွဲချင်း ဆက် နေသည့် စာပေဟောပြောပွဲ ၊ ကဗျာရွတ်ဆိုပွဲတွေ ၊ ပန်းချီပြပွဲတွေ က သည်တက္ကသိုလ် နယ်မြေတွေမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ ရှိရာ သူ့ တက္ကသိုလ် ကိုယ် သွား ၊ ကိုယ့် တက္ကသိုလ် သူ လာ နှင့် ကျွန်တော် တို့ စိတ်ကူး နှင့် ပညာ ကို လူလား မြောက်စေခဲ့ ၊ ကျယ်ပြန့် နက်ရှိုင်း စေခဲ့သည့် ပွဲသဘင်များ ဟု ကျွန်တော် က ခံစားမိပါသည် ။ သည် ပွဲလမ်းသဘင်တွေ ကြား ထဲ မှာ ကိုအော်ပီကျယ် တို့ ကျွန်တော် တို့ ချိတ်ဆက် မိ သွားကြခြင်း ဖြစ်ပါသည် ။ အထူးသဖြင့် ကာတွန်းပြပွဲ ......


သည်တုန်းက ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ ထဲ တွင် ကျင်းပသည့် ကံ့ကော်ရွာ ကာတွန်းပြပွဲ က ထင်ရှား ပါသည် ။ တကယ်တော့ ကာတွန်းပြပွဲ ဟု သာ ဆိုသော်လည်း ပန်းချီကား တွေ လည်း ပြ ၊ နံရံကပ် ကဗျာ တွေ လည်း ပြ နှင့် တစ်ပတ် ဆယ်ရက် ဆိုသလို လူတွေ ကြိတ်ကြိတ်တိုး နေသည့် ပွဲ ဖြစ်ရာ အလွန် ကြီးကျယ်ခမ်းနားပါသည် ။


ည ညတွေ မှာ အပန်းဖြေ ရိပ်သာ ထဲ ၌ ပြပွဲ ကို စောင့် အိပ်ကြရင်း စွယ်တော်ရိပ် က ရောက် လာသည့် ကာတွန်းမန်းဘဲ နှင့် ကျွန်တော် တို့ ရင်းနှီး သွားကြခြင်း ဖြစ်ပါသည် ။


နောက်တော့ သူ ရှိရာ စက် မှုတက္ကသိုလ် ထဲ အထိ ။


၁၉၇၅ ခုနှစ် အလွန် ၁၉၈၀ ပြည့်နှစ် တစ်ဝိုက် နှစ် ကာလများ ။


••••  ••••••  ••••••  ••••


ကိုအော်ပီကျယ် က ၁၀ တန်း ကို အမှတ် ကောင်းကောင်း နှင့် အောင် လာသူ ဖြစ်၍ စက် မှုတက္ကသိုလ် ရောက် လာ သော်လည်း ကာတွန်း က သူ့ ရိုးတွင်းခြင်ဆီ ထဲ မှာ ကပ်ငြိ ပါ လာခဲ့ပုံ ရပါသည် ။


မန်းဘဲ .. တဲ့ ။ သည်တုန်းက သူ့ အမည် ။ သူ့ခေတ် စက် မှုတက္ကသိုလ် အသိုက်အဝန်း မှာ မန်းဘဲ ကို မသိသူ မရှိ ။ စက်မှုတက္ကသိုလ် ဆိုသည် က လည်း ကာတွန်း နှင့် ခွဲ မရသော နေရာ တစ်ခု မဟုတ်လား ။


ကျွန်တော်တို့ ချာတိတ် ဘဝ က အသည်းစွဲ ခဲ့သော ကြုံဗဟုံး ကာတွန်း ကို ဆွဲခဲ့သည့် ဆရာ ဦးအောင်မြင့် ၊ တိရစ္ဆာန်လောက ကာတွန်းများ ဆွဲခဲ့သည့် ဆရာ ဦးဖုဏ်းကို စသည် စသည် တို့ သည် စက်မှုတက္ကသိုလ် က ။


ကိုအော်ပီကျယ် တို့ ခေတ် ကို ရောက်တော့ စက်မှုတက္ကသိုလ် မှာ Cartoon Box ဆိုတာ ရှိ နေ ခဲ့ပြီ ။


လေးဖက်လေးတန် မှန် အကြည်တွေ နှင့် ကာ ထားသည့် တယ်လီဖုန်းရုံကလေး ကို အသုံးပြု ကာ အတွင်း ဘက် မှ နေ၍ ဝင် ကပ် ထားသည့် အပတ်စဉ် ထုတ် နံရံကပ် ကာတွန်း စာစောင်ကလေး ပင် ဖြစ် ပါသည် ။


ဦးဆောင်သူ က မန်းဘဲ ။ ပါဝင် ရေးဆွဲ သူ ကလည်း မန်းဘဲ ။ ကျောင်းသား ကျောင်းသူတွေ တဝါးဝါး နှင့် ပွဲကျ နေခဲ့ရသည့် ခေတ်ပြိုင် လူမှုရေး သရော်ချက် များ ။


နိုင်ငံကျော် အော်ပီကျယ် မဖြစ်မီ မန်းဘဲ ၏ ခြေစမ်းပွဲ ကန်ချက် အလိမ်အခေါက် အပေးအယူ တွေ ။ အခုတော့ သူ့ ကန်ချက် တွေ သူ့ သွင်းဂိုး တွေ က အရေအတွက်အားဖြင့် မနည်းပြီ ။


••••  •••••  •••••  •••••


ကိုအော်ပီကျယ် က အင်ဂျင်နီယာဘွဲ့ ရ ပြီး ပြီးချင်းမှာ ဝန်ထမ်း ဘဝ ထဲ ရောက်သွား ပါသေးသည် ။ ပြည် တစ်ဖက်ကမ်း သူရဲတန်းရွာ နှင့် မလှမ်းမကမ်း က မော်တော်ကားစက်ရုံ တစ်ခု မှာ ။


နောက် ၁၉၈၈ ခုနှစ် ကို ရောက်တော့ သူ အလုပ် ပြုတ် သွားသည် ။ သို့သော် သူ က အလုပ် ပြုတ် သည် ဆိုသော စကား ကို လက် မခံ ။ အနားယူသည် ဟု သုံးဖို့ ကျွန်တော့် ကို မကြာခဏ ပြော တတ်သည် ။


ထို ပြည် တစ်ဖက်ကမ်း မှာ ဝန်ထမ်း လုပ်ရင်း က သူရဲတန်းရွာသူ ကျောင်းဆရာမကလေး နှင့် သူ မေတ္တာ မျှခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ နောက်တော့ ၁၉၈၈ ခုနှစ် အလွန် မှာ အချိန်ပြည့် ကာတွန်းဆ ရာဘဝ ။ ရန်ကုန် သည် သူ့ နားခိုရာ ။


သူ့ လက်ရာ ကာတွန်းတွေ တစ်ကွက် ပြီး တစ်ကွက် ထွက် လာသည် ။ ရယ်ရရုံ သက်သက်မျှ မဟုတ် ။


ကာတွန်း တစ်ခု ၌ လူ နှစ်ယောက် ပြေး နေပုံ ကို ဆွဲ ထားသည် ။


ရှေ့ တွင် ရောက်နေသော ဇာတ်လိုက်ကျော် က ပြေး နေရင်း သူများ ထက် သာရမယ်ကွ ဟု ကြွေးကြော် နေ ပုံ ကို ဆွဲ ထားသည် ။ ထို့နောက် ပြေးသူ နှစ်ယောက် အတူတူ ဖြစ် သွားသည် ။


ဤတွင် ဇာတ်လိုက်ကျော် က သူများ ထက် မသာ တောင် တန်းတူ လိုက်နိုင်ရမယ်ကွ ဟု ပြောင်း ပြီး ကြွေးကြော်သည် ။


နောက် တစ်ကွက် တွင် ကား ဇာတ်လိုက်ကျော် က နောက် မလှမ်းမကမ်း မှာ ကျန်ရစ်သည် ။ သိပ် မကွာရင် ပြီးတာပဲ ဟု ကြွေးကြော်ရင်း ပြေး နေပုံ ကို ဆွဲထားသည် ။


နောက်ဆုံး အကွက် မှာ ကျတော့ ဇာတ်လိုက်ကျော် တစ်ယောက် တည်း ဟိုး နောက်ဆုံး မှာ ။


ပြော နေသည့် စကား က ကိုယ် ထမင်း ကိုယ် စားနေတာ နောက်ဆုံး ဖြစ်တော့ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ကွ ဟူသည့်  စကား ။


သည်လို ကာတွန်း လက်ရာ တွေ က ကိုအော်ပီကျယ့် ဆီ မှာ အများအပြား ပင် ဖြစ်ပါသည် ။


သူက စာမျက်နှာ ပေါ် တွင် မှာ သာ ဟာသ ရှိသူ မဟုတ် ။ စာပေဟောပြောပွဲ စင်မြင့် တွေ ပေါ် မှာ လည်း အရွှင်ဓာတ်ကလေး နှင့် ။


တစ်ခါက ဟင်္သာတ မှာ လား ၊ ကနောင် မှာ လား ၊ ကျောက်ပန်းတောင်း မှာ လား ကျွန်တော် မမှတ်မိတော့ ။ သူ က သူ့ သားတော်မောင် အကြောင်း ကို ရယ်ပွဲ ဖွဲ့ နေခဲ့ပါသည် ။


ကျွန်တော် ၏အကြောင်း စာစီစာကုံး ကို သားတော်မောင် က အလွတ် ကျက်နေပုံ ၊ ထိုသို့ ကျက်ရာ၌ ကျွန်တော် ၏ ဖခင် မှာ ဦးဘ ဖြစ်ပါသည် ဟု ပါဝင်ပုံ ။ သူ က အော်ပီကျယ် ၊ သို့မဟုတ် ဦးဝင်းနိုင် ဟု ပြောင်းပေးပုံ ၊ သား က လက် မခံပုံ ။ သူ့ သူငယ်ချင်းတွေ အားလုံး လည်း ဦးဘ ဟု ပင် ကျက်မှတ် နေကြပုံ ၊ ဤတွင် သူ က ဇနီးသည် အား တို့ ရပ်ကွက် ထဲ မှာ ဦးဘ အတော် မွှေ သွားပုံရတယ် ဟု ငေါ့လိုက် မိပုံ စသည် စသည် ဖြင့် ဟောပြော နေရာ ပရိသတ် က တဝေါဝေါ ပွဲကျ လျက် ။


တစ်ခါတွင် ကား ရန်ကုန်မြို့ ၏ ကျက်သရေဆောင် ထိပ်တန်း ဟိုတယ်ကြီး တစ်ခု ။


အောင်မြင်ကျော်ကြားနေသော ဂျာနယ် တစ်စောင် ၏ ဧည့်ခံပွဲ ။ ဧည့်ပရိသတ်တွေ က ဂုဏ်သရေ ရှိ ဧည့်ပရိသတ် တွေ ။


ဂျာနယ် ၏ တာဝန် အရှိဆုံး ပုဂ္ဂိုလ် က စောင်ရေ များ လာသောအခါ အမြတ်ခွန် ကိစ္စ ပူပန်ရကြောင်း အဖွင့် စကား ၌ ထည့် ပြော သွားပါသည် ။ ကိုအော်ပီကျယ် ကား သူ့ အလှည့် အမှတ်တရ စကား ပြောခွင့် ရသောအခါ ဤ ကိစ္စ ကို ပူရန် မလိုကြောင်း ၊ စောင်ရေ ၁၀၀၀ ဟု ရိုက်နှိပ် ဖော်ပြထားကြောင်း အားပေး လိုက်ရာ ခန်းမကြီး တစ်ခုလုံး ဝေါခနဲ ပွဲကျ သွားပါတော့သည် ။


တစ်ခါတုန်း က တော့ လူငယ် အယ်ဒီတာ နှစ်ယောက် က မွေးနေ့တူများ ဖြစ်ရာ မွေးနေ့ပွဲ ကို ပူးပေါင်း ကျင်းပပါသည် ။ လူ အစိတ် သုံးဆယ် လောက် ရွေး ဖိတ်ထားသော ပွဲ ဖြစ်ရာ မွေးနေ့ရှင် တို့ က တက်ရောက်လာသူ များ ကို အမှတ်တရ စကား ပြောခိုင်းရာ ကိုတာ ပြောပါ ၊ ဒေါက်တာဇော်သန်း ပြောပါ ။ နိုင်ငံကျော် ဟာသမင်းသား ပြောပါ စသည် စသည်ဖြင့် တောင်း ဆိုရာ အနုပညာ နယ်ပယ် မှ မဟုတ်သော ဆရာဝန် သုံးလေးယောက် ကို ကား ချန်ထား ကြပါသည် ။


ဤတွင် ကွမ်းယာ တပျတ်ပျတ် ဝါးရင်း အရပ်မားမားကြီး နှင့် ထ လာသူ က ကိုအော်ပီကျယ် ပဲ ဖြစ် ပါသည် ။


“ ဒီမှာ ဒီမှာ ... ဒီက ဧည့်သည်တွေ လည်း ပြောပါဦးဗျ ၊ သူတို့ မှာ လည်း ပြောချင်တဲ့ စကားတွေ ရှိမှာပေါ့ ၊ ပြောပါ ၊ အမှတ်တရလေးတွေ ပေါ့ ”


သည်တော့မှ ဝိုင်း နှင့် စိမ်း နေသော ဧည့်သည် သုံးလေးယောက် ဆီ ကို တစ်ဝိုင်းလုံး က အာရုံ ရောက်သွားကြပါသည် ။


ငါတို့ က အနုပညာသမားတွေ ၊ ငါတို့ သာ ပြောရေး ဆိုခွင့် ရှိတယ် ။ ငါတို့ ပြောတာ နားထောင် ဟူသော စိတ်မျိုး သူ့ မှာ မရှိတာ ကို တော့ ကျွန်တော် သဘောကျ မိတာ အမှန်ပဲ ဖြစ် ပါသည် ။


••••••  ••••••  •••••  •••


ကိုအော်ပီကျယ် နှင့် ကျွန်တော် က မကြာခဏ ဆိုသလို ခရီး အတူ သွား ဖြစ်ကြသူ များ ဖြစ်ကြရာ ၊ ပလတ်စတစ်အိတ်ကလေး နှင့် ထုပ် ထားသော ကွမ်းယာတွေ က မပါ မဖြစ် သူ့ တပ်မက်မှု များ ။


သူ က အမြဲလိုလို ကွမ်းယာ ကို ငုံထားတတ် ၊ ပြီးတော့ တဖြောက်ဖြောက် ဝါး နေ တတ်သူ ဖြစ်ရာ မြန်မာနိုင်ငံ ၏ ပြင်ပ တွင် သူ ဘယ်လို ဖြေရှင်းမှာပါလိမ့် ဟု ကျွန်တော် က စိတ်ဝင်စား မိသည် ။


အထူးသဖြင့် သူ ကွန်ပျူတာ ကာတွန်းရုပ်ရှင် ပညာ သွား သင်ရာ အင်္ဂလန် မှာ ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ သွား သင်ရာ ဟားဘတ်တက္ကသိုလ် မှာ သူ ဘယ်လို ကွမ်းယာ စား မှာ ပါလိမ့် ။


“ ဟေ့လူ ကိုသာချို ... ခင်ဗျား အဲဒါကတော့ ရှင်းတယ် ၊ လေယာဉ် ပေါ် မတက်ခင် အထိ ကွမ်းယာ ကို ငုံ ထားတယ် ၊ တက်ပြီ ဆိုတာနဲ့ အကုန် ထွေးထုတ် ပစ်လိုက်တယ် ၊ အပြတ် ဖြတ် ပဲ ”


နောက်ပိုင်း မှာ တော့ ကွန်ပျူတာ နှင့် NGO လုပ်ငန်း တချို့ မှာ သူ့ ဘဝ ကို အသုံးချ လာပါသည် ။ ဥပမာ - ကြက်ငှက်တုပ်ကွေး တိုက်ဖျက်ရေး လှုံ့ဆော် ပိုစတာကြီးတွေ ၊ သဘာဝဘေးအန္တရာယ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ကမ်း စာစောင်တွေ ၊ 7Day News ဂျာနယ် တွင် ဖော်ပြနေသည့် Environment Cartoon တွေ က အစ သူ မေတ္တာ နှင့် ဆွဲပေး နေခြင်း ပင် ဖြစ်ပါသည် ။


“ဟေ့လူ ကိုသာချို ... ဆရာကြည်အောင် ပြောဖူးတယ် ဗျ … Campus Artist လို့ ထင်တယ် ။ အဝန်းအဝိုင်း ထဲ က ထွက်လာ တဲ့ အနုပညာ ခေတ်ပြိုင် သမားတွေ ရဲ့ ဘဝ ဟာ သိပ် အရေးကြီးတယ် ဗျ "


သူ နှင့် ကျွန်တော့် မှာ တူသော တစ်ချက် က ကတ်ပြားစနစ် ( Card System ) ထားရှိခြင်း ပင် ဖြစ်ပါသည် ။ ဖတ်သမျှ မှတ်သမျှ တွေ ကို ကတ် ပေါ် တွင် တင်ထားကာ စင်ပေါ် သို့ သူ တက်သွားလေ့ ရှိသည် ။


အရပ် မြင့်မြင့် ၊ ကွမ်းယာ တပျတ်ပျတ် ၊ သဘာဝ အတိုင်း ဖွေး နေသည့် ဆံပင်တွေ ကို တိုတို ညှပ်လို့ ။ တစ်ကတ် ပြီး တစ်ကတ် ဆွဲ ထုတ် လိုက် ၊ သူ့ ဟောပြောချက် ကို ရှေ့ တိုး သွားလိုက် ၊ ပရိသတ် ၏ ဝေါခနဲ ရယ်သံကြီး ကို စောင့် နေလိုက် ၊ ခေါင်းမွေးတွေ ထဲ ကို လက် ထိုး နေလိုက် ၊ ရယ်ကျဲကျဲ နှင့် ကြည့် နေလိုက် ။


ဘဝ မှာ ဘယ်တော့မှ အလွယ်တကူ မျက်ရည် ကျမည့် သူ မဟုတ် ဟု ကျွန်တော် က သူ့ ကို ထင်ထားမိခဲ့တာ အမှန်ပဲ ဖြစ်ပါသည် ။ သို့သော် သူ ချုံးပွဲချ ငိုတာ ကို တွေ့ လိုက်ရစဉ် မှာတော့ ကျွန်တော် ပါ မျက်ရည် မထိန်းနိုင်ပါလေတော့ ။


••••  ••••  ••••••  •••••


သည်တုန်းက ပုဂံညောင်ဦး က အပြန် ဖြစ်ပါသည် ။ ကျောက်ပန်းတောင်း ဟောပြောပွဲ အပြီး နောက် တစ်နေ့ ရန်ကုန် သို့ မပြန်မီ ကျွန်တော်တို့ ကား နှစ်စီး ဖြင့် ပုဂံ သို့ သွားကြပါသည် ။ ရွှေစည်းခုံစေတီတော် ခြေရင်းနား က ပန်းချီဘီညို တို့ ၏ ဆိုင် တွင် ဝိုင်းဖွဲ့ကြခြင်း ဖြစ်ပါသည် ။


ညောင်ဦး မြေစာရင်း က ကိုအောင်ကျော်မြင့် ၊ ကိုဝင်းမော် ၊ ဥပဒေရုံး က ဦးသန်းဦး ၊ The Voice ဂျာနယ် က ကိုတင်လင်း ၊ ဆီစက်ပိုင်ရှင် ကိုဆန်းထွန်းဦး ၊ ပုဂံမြို့သူ ပုန်းရည်ကြီး က ကိုရဲမြင့်အောင် စသည် စသည် တို့ အပြင် ကျောက်ပန်းတောင်းသားများ ။ ပြီးတော့ ကိုတွတ် ။


ကျွန်တော်တို့ ကျောက်ပန်းတောင်း ကို ပြန်ကြတော့ တူရွင်းတောင်တန်း ဘေး တစ်နေရာ မှာ ရှေ့ က ကား က ရပ်သွားပါသည် ။ ပြီးတော့ လူငယ်တွေ အားလုံး ကားလမ်း ဘေး မှာ ဆင်း ရပ် နေကြပါသည် ။ ထနောင်းပင်ကလေး ၏ အရိပ် အောက် မှာ ။


ဟိုးအဝေး မှာ ပုပ္ပားတောင်ကြီး က ပြာမှိုင်း လို့ ။


ဘာများပါလိမ့် ဟူသော အတွေး ဖြင့် ကျွန်တော် တို့ ၏ ဆလွန်းကားကလေး ကို ထိုး ရပ်ကာ ကျွန်တော် နှင့် ကိုအော်ပီကျယ် ဆင်း လိုက်တော့ အားလုံး က ငိုကြီးချက်မ ဖြစ်ကာ လမ်းဘေး မှာ ပင် ထိုင် ကန်တော့ကြပါတော့သည် ။ ကျောက်ပန်းတောင်း ဟောပြောပွဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်မှု အပေါ် ဝမ်းသာလွန်း ၍ ဟု ဆိုပါသည် ။


သည်မှာပင် ကိုအော်ပီကျယ် ဘယ်လို ဖြစ်သွားသည် မသိ ။ သူ က အရပ်မြင့်သူ ဖြစ်ရာ ကျွန်တော့် ပခုံး ကို သိုင်း ၍ ဖက် ထားပြီး မျက်နှာ ကို ကျွန်တော့် ခေါင်းနား မှာ ကပ်ထား လျက် က ရှိုက်ကြီးတငင် ငို နေ ပါတော့သည် ။


ပထမ ကျွန်တော် က တောင့်ခံ ထားပါသေးသည် ။ နောက်တော့ ကိုအော်ပီကျယ် မငိုနဲ့ ဗျာ ၊ မငိုနဲ့ ဗျာ နှင့် ပြောရင်း ကျွန်တော် လည်း ထိန်း မရတော့ ။ မျက်ရည်တွေ ဘယ်က ဘယ်လို စီးကျလာသည် မသိ ။


ပုပ္ပားတောင်ကြီး က ဝါး၍ ဝါး၍ သွားပါသည် ။


ပုဂံ နှင့် ကျောက်ပန်းတောင်း ကြား မှာ ဖြတ်သွား နေသည့် ကားတွေ က ကျွန်တော်တို့ ကို ဘယ်လိုများ နားလည် သွားကြလေသည် မသိ ။


မြေကြီး ပေါ် က လူတွေ က လည်း ငို လို့ ။


ကျွန်တော်တို့ နှစ်ယောက် က လည်း ဖက် ငို လို့ ။


ကိုအော်ပီကျယ် ၏ မျက်ရည် ကား ဤမျှ နှင့် မရပ် ။


ညနေ ကျောက်ပန်းတောင်း က နေ ကား ထွက် လို့ ကြက်မောက်တောင်ဆည် နား သို့ ရောက်ရုံ ရှိသေး ကျောက်ပန်းတောင်း အကြောင်းတွေ ပြန် ပြောကာ မျက်ရည် ကျ လာ ပြန်ပါသည် ။


“ ကျုပ်တို့ တစ်တွေ မှာ တာဝန်တွေ အများကြီး ဟေ့လူရဲ့”


သူ က သူ ကာတွန်းဆွဲ နေတာ ကို သူ့ တာဝန် သူ ထမ်းရွက်နေတာ ဟု ယူဆ ပါသည် ။ ဘယ်သူ က မှ ပေးထားသည့် တာဝန် မဟုတ် ။ သူ့ ကိုယ် သူ ပြန် ပေးထားသည့် တာဝန် ။ အခုအထိ ကတော့ သူ့ ကာတွန်းတွေ က တာဝန် ကျေပါသည် ။ လူကြိုက် လည်း များပါသည် ။


Social Criticism ခေါ် လူ့အဖွဲ့အစည်း ကို ဝေဖန် သုံးသပ် ကာ ထေ့ငေါ့သည့် ကာတွန်းများ ဖြစ်၍ တန်ဖိုး ရှိသည် ။ အော်ပီကျယ် ဟူသော အသံ နှင့် လိုက်ဖက်စွာ ကျယ်လောင်သော အသံ ကို ကိုယ်စား ပြု နိုင်ပါစေသား ဟု ဆန္ဒ ပြု လိုက်ရပေသည် ။


◾မောင်သာချို


📖 စတိုင်သစ်မဂ္ဂဇင်း

      ဇွန်လ ၊ ၂၀၁၀ ။

      

#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment