Friday, January 24, 2025

ကျွန်တော့် ကို ခိုးယူ သွားသော အစောင့်

 

❝ ကျွန်တော့် ကို ခိုးယူ သွားသော အစောင့် ❞
        ( မင်းခိုက်စိုးစန် )

( ၁ )

သည်လို နှင့် ...

စိတ်ချောက်ချားစရာ အမှောင်များ ၊ လျှို့ဝှက်ကွယ်ဖုံးထားသော အရောင်အဆင်းများ ၊ မသတီစရာ အနံ့အသက်များ ဖြင့် တည်ဆောက် ထားသည် ဟု အောက်မေ့ချင်စရာ ကောင်းသော မြို့စွန် မှ ဂိုဒေါင်ဟောင်းကြီး ရှေ့သို့ ကျွန်တော် ရောက်လာခဲ့ရတော့သည် ။

•••••   •••••   •••••

( ၂ )

သည် မြို့ကလေး သို့ ရောက်စ ကတည်း က ထို ဂိုဒေါင်ဟောင်းကြီး နှင့် ပတ်သက်၍ ကျွန်တော့် အာရုံကြောမျှင်များ ကို တစ်စုံတစ်ခု က ကြိုး လို အဖုအထုံး ဖြစ်အောင် ချည်နှောင်လိုက်သည် ဟု ခံစားရ၏ ။ ဂိုဒေါင် က ဟောင်းနွမ်းအိုမင်းလှပြီ ။ ကာရံ ထားသော သွပ်ပြားတိုင်း လိုလိုတွင် အရိ အဆွေးများ ၊ သံချေး အကွက်အဖတ်များ ၊ အပေါက်များ ကို မြင်ရ၏ ။ နှစ်ပရိစ္ဆေဒပေါင်း များစွာ ကြာမြင့်လှပြီ ဖြစ်ကြောင်း မွဲတေကွဲကြေ နေ သော အရောင်အဆင်း ကို ကြည့်ရုံဖြင့် သိနိုင်၏ ။

သည်လောက် ဟောင်းနွမ်းအိုမင်း နေတဲ့ ဂိုဒေါင်ကြီး ထဲမှာ ဘာတွေ ကို သိုလှောင် သိမ်းဝှက် ထားသလဲ ။

ဂိုဒေါင်တံခါးဝ ကို ခတ် ထားသော သော့ခလောက်ကြီး ကတော့ ခန့်ညား ပြောင်လက် လှသည် ။ ( ကျွန်တော် စ တွေ့တွေ့ချင်း တုန်းက ထို သော့ခလောက်ကြီး သည် မင်းကွန်း ခေါင်းလောင်းကြီး နီးနီးများ ရှိလေမလား ဟု တွေးဖြစ်သေး၏ ။ ) သော့ခတ် ပိတ်ထားသော ဂိုဒေါင် တံခါးရှေ့ တွင် ကု,လားထိုင် တစ်လုံး ချကာ ခန့်ခန့်ညားညား ထိုင် နေတတ်သော အစောင့် ကလည်း ကျွန်တော့် စိတ်ဝင်စားမှု ကို သိမ်းပိုက် ထားနိုင်စွမ်း ရှိသည် ။ ပခုံးသားကျယ်ကျယ်ဖြောင့်ဖြောင့် ၊ ရင်အုပ် နှင့် လက် မောင်း တို့ တွင် ကြွက်သားများ အဖုဖု အထစ်ထစ် ၊ မျက်နှာ ပေါက် ဆိုးဆိုး ၊ နှုတ်ခမ်း ထူထူတွဲတွဲနှင့် လက် ထဲတွင် ဝါးရင်းတုတ်ကြီး တစ်ချောင်း ကိုင် ကာ မတ်မတ်ကြီး ထိုင်နေသော ဂိုဒေါင်အစောင့် သည် ကျွန်တော့် မျက်စိ ထဲ တွင် ( ငယ်ငယ်တုန်းက တောမြို့ကလေးများ၌ ပြသတတ်သည့် ခပ် ညံ့ညံ့ ရုပ်ရှင် ကားအဟောင်း ထဲမှ လူကြမ်းကြီး နှင့် တူနေလေသည် ) ထို့ ကြောင့် သည် မြို့ကလေး တွင် ဆယ့်လေးငါးရက် ခန့် နေပြီးသည့် နောက် ထို ဂိုဒေါင်အစောင့် နှင့် ရင်းနှီးသွားသော အခါ သူ့ နာမည် ကို ‘ ဘဒင်ကြီး ’ ဟု သိရသည့် တိုင် ကျွန်တော် တအံ့တဩ မဖြစ်မိတော့ပါ ။ သူ့ နာမည် ကလည်း ရုပ်ရှင်လူကြမ်းဆန်ဆန်ပင်ဖြစ်ရာ လိုက်ဖက်ညီသည် ဟု ကျွန်တော် တွေးမိပြီး သဘောကျ သွား၏ ။

ကျွန်တော် က သူ့ ကို ထို အကြောင်း ပြောပြပြီး ...

“ ခင်ဗျား ... ဒီ ဂိုဒေါင်အစောင့် မလုပ်ခင် က ဘာအလုပ် လုပ်ခဲ့သလဲ ၊ ရုပ်ရှင်လူကြမ်းလား ”

ဟု မေးသောအခါ သူ က ပြန် မဖြေဘဲ တဟဲဟဲ ရယ်နေပါသည် ။

( ကျွန်တော် ပြောလိုက်ခါမှ သူ က ရုပ်ရှင်လူကြမ်း အသံ နှင့် မတူ တူအောင် တမင် ကြိုးစား လုပ်ယူပြီး ရယ်နေသောကြောင့် ကျွန်တော် အမြင်ကတ် သွား၏ ) နောက် ကျွန်တော် က သူ့ ကို ...

“ ခင်ဗျား ဘာတွေကို စောင့်ရှောက်နေတာလဲ ၊ ဂိုဒေါင် ထဲ မှာ ဘာတွေ ရှိလို့လဲ ” 

ဟု မေးကြည့်သော အခါတွင် လည်း သူ က ဘာမှ ပြန်မပြော တဟဲဟဲ သာ ရယ်နေတတ်ပါသည် ။ ထို ကိစ္စသည် လုံးဝ ပဟေဠိ တစ်ရပ် ဖြစ်၏ ။

ဂိုဒေါင် ထဲ မှာ ဘာတွေ ရှိသလဲ ။

ဘာဖြစ်လို့ သော့ခလောက် အကြီးကြီး ခတ် ထားရတာလဲ ။ ဂိုဒေါင်အစောင့် က ဘာတွေ ကို စောင့်ရှောက် နေရတာလဲ ။

•••••   •••••   •••••

( ၃ )

တစ်ရက် တွင် ဂိုဒေါင်စောင့် ဘဒင်ကြီး ကို အရက်တွေ မူးအောင် တိုက်ပြီး ကျွန်တော် မေးဖူးသည် ။ ဘဒင်ကြီး က ...

“ ဂိုဒေါင် ထဲမှာလား ... ဘာမှ မရှိဘူးကွ ၊ တကယ် ပဲ .. ဘာမှ မရှိဘူး ”

ကျွန်တော် မယုံပါ ။ သူ က အာလေးလျှာလေးသံကြီး ဖြင့် တမင် လုပ် ပြော နေ သော်လည်း လက်ထဲ မှ ဝါးရင်းတုတ် ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားဆဲ ဖြစ်သည်ကို ကြည့်ရုံဖြင့် ( သူ့ အမူအရာများ က ဖော်ပြ သလောက် ) တကယ် မမူးသေးကြောင်း ကျွန်တော် သိလိုက်၏ ။

ထို့ကြောင့် ကျွန်တော် က ...

“ ဘာမှ မရှိဘူး ဆိုရင် ခင်ဗျား က ဘာကို စောင့်ရှောက် နေရတာလဲ ”

ဟု မေးလိုက်သည် ။ ဘဒင်ကြီး က ကျွန်တော့် ကို အနီရောင် ခပ်မှိုင်း မှိုင်း အကြည့် တစ်ချက် ဖြင့် လှမ်း ကြည့်ရင်း ...

“ ဒီမြို့ကလေး မှာ သူခိုးတွေ များတယ်ကွ ”

ဟု ပြန်ဖြေပါသည် ။ လိုချင်သည့် အဖြေ ကို မရသော်လည်း ကျွန်တော် ဆက် မမေးတော့ပါ ။

နောက်ပြီး သူ ပြောသလို ဒီ မြို့ကလေးမှာ သူခိုးတွေ များ သည် ဆိုခြင်း မှာလည်း အမှန်ပင် ဖြစ်၏ ။ သည် မြို့ကို ကျွန်တော် ရောက်ပြီး ရက်သတ္တပတ် နှစ်ပတ် အတွင်း မှာ ပင် ‘ သူခိုး ဟု အခေါ်ခံရသူ ’ ချာတိတ် ဆယ့်လေးယောက် ထက် မနည်း တွေ့ခဲ့ရဖူးပြီ ။ ( သူတို့ ကို ‘ သူခိုး ’ အဖြစ် ‘ အမည် တပ် ’ ရ လောက်အောင် အားလုံး က ပေါ်ပေါ်ထင်ထင် သိနေကြ သည် မှာ လည်း ဆန်းကြယ်ခြင်း တစ်မျိုး ဖြစ်၏ ။ ဘာကြောင့်ပါလိမ့် ... ) ကျွန်တော် ဘာကို ယုံကြည်ရမလဲ ။

ကျွန်တော် ဘာတွေ ထင်မြင် ပစ်လိုက်ရမှာလဲ ။

•••••   •••••   •••••

( ၄ )

တစ်ခုခု ကို သိလို ယုံကြည်လိုသော စိတ် ဆိုသည်မှာ ကွမ်းယာဝါး သူများ ၏ စိတ် နှင့် ခပ်ဆင်ဆင် တူလိမ့်မည် ဟု ကျွန်တော် ထင်သည် ။ ဘာမှတော့ မဟုတ်ပါ ။ ဝါး ရင်း နှင့် အရည်တွေ ထွက်လာသော အခါ ထွေးထုတ် ပစ်လိုက်သည် ။ နောက် အရည်တွေ မထွက်တော့သည့် အခါ အဖတ်တွေ ကိုပါ ထွေးထုတ် ပစ်လိုက်သည် ။ ကိစ္စ ပြီးပြီ ။ ဒါပါပဲ ။ သို့သော် ဝါးနေကျ ကွမ်းယာ ပါးစပ် ထဲတွင် မရှိသည့် အခါ တစ်ခုခု လိုအပ် နေ သလို ကသိကအောက် ဖြစ်တတ်၏ ။

လူတွေ ... ယုံကြည်စိတ် ကို ကွမ်းယာ လို ဝါး နေကျ အကျင့် ရနေကြသည် ။ ကျွန်တော် လည်း ပါသည် ။ ကောင်းပါတယ်လေ ဟု ကျွန်တော် တွေးမိ၏ ။ လူ ဆိုတာ တစ်ခု ခု ကို ယုံကြည် နေမှပေါ့ .... ။ လူ ဆိုတာ ပါးစပ် ထဲ မှာ တစ်ခု ခု ကို ဝါး နေမှပေါ့ .. ။ လူစွမ်းကောင်း ဗျတ်ဝိ က သူ အသ,တ်ခံ ရခါနီး မှာ ကွမ်းတစ်ယာ နှင့် ရေတစ်မှုတ် တောင်းသည့် ကိစ္စကို ကျွန်တော် လုံးဝ ထောက်ခံပါသည် ။ သူ သေမည့် အကြောင်း ကို ယုံကြည် ပြီးပြီပဲ ။ တခြား ဘာမှလည်း လုပ်စရာ မရှိတော့ပါ ။ ပျင်းစရာကြီး .. တစ်ခု ခု ကို ဝါး နေတာပဲ ကောင်းလိမ့်မည် ။

“ ကြာကြာ နဲ့ မာမာကလေး ဝါးချင်ရင် ငါ့ ဖိနပ် ကို ကိုက်နေပါလား ” ဟု ပြောဖူးသော သူငယ်ချင်း တစ်ယောက် ကို သတိရမိ၏ ။ အကယ်၍ သူ သာ ဗျတ်ဝိ လို အကွပ်မျက် ခံရခါ နီးလျှင် ဘာလုပ်နေမည် နည်း ။ ဖိနပ်တွေများ လိုက် ဝါး နေမလား ။ အင်း .. မဟုတ်ရင် တောင် တစ်ခု ခု တော့ လုပ်နေမှာပေါ့လေ ။

လူ ဆိုသည်မှာ တစ်ခုခု ကို လုပ်နေဖို့ တကယ်ပင် လိုအပ်ပါသည် ။ တစ်ခု ခု ကို သိနေဖို့ လိုအပ်ပါသည် ။ ( သို့မဟုတ် သိသည် ဟု ထင် နေဖို့ လိုအပ်ပါသည် ) ကျွန်တော် အခု အချိန်ထိ သည် မြို့အစွန် မှ ဂိုဒေါင်ကြီး နှ င့် ပတ်သက်၍ ဘာမှ မသိသေးပါ ။ ဘာကို ယုံကြည်ရမည်နည်း ။ ဂိုဒေါင် ထဲ မှာ ဘာမှ မရှိဘူး ဆိုတာကို ယုံကြည်လိုက်ရမှာလား ၊ တစ်ခု ခု တော့ ရှိရမည် ဟူသော အသိ ကို သိသည် ဟု ထင်ပစ်လိုက်ရမှာလား .. ။ ကျွန်တော့် စိတ်အာရုံ ပါးစပ် ထဲမှာ ဝါးစရာ တစ်ခု ခုတော့ လို နေပြီ ။ ( ကျေးဇူးပြု၍ ကွမ်းယာ သော် လည်းကောင်း ၊ ရော်ဘာ ဖိနပ်များ ကို သော် လည်းကောင်း လာ မပေးပါနှင့် ။ ထိုအရာ နှစ်ခုစလုံး ကို ကျွန်တော် မနှစ်သက်ပါ )

•••••   •••••   •••••

လျှို့ဝှက်မှု တစ်ခု ထဲတွင် အရာ အားလုံး ရှိနိုင်ပါသည် ။ အမည်နာမ တစ်ခု ရှိမည် ။ နာရီ တစ်လုံး ရှိမည် ။ အပြုံးယောင် ဆောင်နေသော နားလည်မှု တစ်ခု ရှိမည် ။ နားလည်သည် ဟု ထင်မှတ် ထားသော လွဲချော် ခြင်းများလည်း ရှိမည် ။ တိကျအောင် ဖန်ဆင်း ထားသော ပျောက်ဆုံးနေ မှုများ လည်း ရှိ မည် ( လူ့ ပါးစပ် ထဲ တွင် သွား ( ၃၂ ) ချောင်း ရှိဖို့ အတွက် ထို ‘ သုံးဆယ့်နှစ် ’ ဟူသော ဂဏန်း အရေအတွက် ကို မည်သူ သတ်မှတ် ပေးခဲ့ ပါသလဲ ) အဆုံးသတ်သွားပြီ ဟု ထင်မှတ်ထားသော ‘ အစ ’ များ လည်း ရှိ နေပါလိမ့်ဦးမည် ။

တကယ်တော့ ‘ သိမှု ’ အားလုံးသည် ‘ ပြန်လည်သိမှု ’ တွေ ချည်းသာ ဖြစ်၏ ။ ဂိုဒေါင်ဟောင်းကြီး ထဲတွင် ကျွန်တော် သိထားသော အရာတွေ ထဲ က တစ်ခု ခုများ ရှိနေမလား ဟု ကျွန်တော် သိချင်နေသည် ။ ( ကိုယ် မသိထားသော အရာ တစ်ခု ၏ အမည်နာမ ကို မည်သူ က မျှ ယောင်လို့ တောင် စဉ်းစားကြည့်မည် မဟုတ်ပါ ။ ဥပမာ .. ထောင့် လေးထောင့် ပါရှိ သော တြိဂံ တစ်ခု ၏ ပုံသဏ္ဌာန် မည်သူ တွေးပြီး ပုံဖော် ကြည့်ဖူးပါသလဲ ) ကဲ .. အဟောင်းတွေ ထဲ ကိုပဲ ပြန် လှည့် တွေးရအောင်... ။ ‘ အလျင်လို လမ်း အိုလိုက် ’ ဟူသော စကားပုံ ကို ကြားဖူးကြသည် မဟုတ်လား ။ တကယ် လက်တွေ့ တွင် ကျွန်တော်တို့ သည် အလျင်လိုသည် ဖြစ်စေ ၊ မလိုသည် ဖြစ်စေ လမ်းအို ကို သာ ခပ်လွယ်လွယ် လိုက်ပစ်လိုက်တတ်ကြသည် က များပါသည် ။ လမ်းသစ် ကို ဘယ်သူ ဖောက်မှာလဲ ... ။

တကယ် ဆိုလျှင် လူ့ ဘဝ တွင် အလျင် လိုစရာ ဘာကိစ္စ မှ မရှိပါ ။

•••••   •••••   •••••

( ၅ )

ကျွန်တော် တစ်မြို့လုံးကို လိုက် မေးကြည့်ပြီးပြီ ။ တိကျသော အဖြေ ကို မရ ။ တချို့ကလည်း ဂိုဒေါင် ထဲတွင် အဖိုးတန်သော ပစ္စည်း တစ်ခု ခု ရှိလိမ့်မည် ဟုသာ ထင်မြင်ချက် ပေးကြသည် ။ တချို့ကလည်း လူတွေ ကို အန္တရာယ် ပေးနိုင်တဲ့ လက်နက် ( သို့မဟုတ် ၊ အလားတူ ပစ္စည်း တစ်ခု ခု ) ရှိလိမ့်မည် ဟု ခန့်မှန်း၏ ။ မသမာသူတွေ လက်ထဲ ထို ပစ္စည်းရောက် သွားလျှင် ဒုက္ခ များကုန်လိမ့်မည် ဖြစ်သောကြောင့် ဘဒင်ကြီး က စောင့် ရှောက်နေရသည် ဟု လည်း ပြော၏ ။ တချို့ ကလည်း ဂိုဒေါင် ထဲတွင် ရှိ သော ပစ္စည်း သည် အခြားသူများ နှင့်မဆိုင် ၊ ဘဒင်ကြီး ၏ ဘိုးဘွားပိုင် ပစ္စည်းသာ ဖြစ်သောကြောင့် အမြတ်တနိုး စောင့်ရှောက် နေရခြင်း ဖြစ်လိမ့်မည် ဟု ထင်ကြေး ပေးကြသည် ။

မည်သည့် အဖြေ ကိုမှ ကျွန်တော် စိတ်တိုင်းမကျ ။

ဟောင်းနွမ်းဆွေးမြည့်နေသော သွပ်ပြားများဖြင့် ကာ ထားသည့် ဂိုဒေါင်စုတ်ကြီး ။ ခိုင်ခန့်ကြီးမားလှသည့် သော့ခလောက် ။ ဝါးရင်းတုတ် တစ်ချောင်း ကိုင်ကာ နေ့ညမပြတ် စောင့်ကြပ်နေသည့် ဘဒင်ကြီး ... ၊ အား ! ! ! ဘာလဲ .. ၊ တစ်ခု ခု တော့ တစ်ခု ခု ပါပဲ ။

•••••   •••••   •••••

ကျွန်တော် နောက်ဆုံး ဆုံးဖြတ်ချက် ကို ချလိုက်ပြီး မြို့စွန်ဂိုဒေါင် ပျက်ကြီး ဆီသို့ ထွက်ခဲ့၏ ။ ဘဒင်ကြီး နှင့် တွေ့သည့် အခါ ကျွန်တော် က ...

“ ကိုဘဒင်ကြီး ... ကျွန်တော် နောက်ဆုံး မေးမယ်ဗျာ ၊ ခင်ဗျား ကိုလည်း ဘာမှ မထိခိုက် မနစ်နာစေရပါဘူး ။ ကျေးဇူးပြု၍ ဖြေစမ်းပါ ။ ဟောဒီ ဂိုဒေါင် ထဲမှာ ဘာ ရှိသလဲ ”

ဘဒင်ကြီး က ကျွန်တော့် ကို အေးစက်စက် ကြည့် လိုက်ပြီး ...

“ ဘာမှ ... မရှိဘူးကွ ”

ဟု ဖြေသည် ။

ကျွန်တော် သူ့ ရှေ့မှ လှည့် ထွက်ခဲ့၏ ။

သည် ည ဂိုဒေါင် ထဲ ကို ကျွန်တော် ခိုး ဝင်ရလိမ့်မည် ။

•••••   •••••   •••••

( ၆ )

သည်လိုနှင့် ..

စိတ် ချောက်ချားစရာ အမှောင်များ ၊ လျှို့ဝှက်ကွယ်ဖုံးထားသော အရောင်အဆင်းများ ၊ မသတီစရာ အနံ့အသက်များ ဖြင့် တည်ဆောက် ထားသည့် ဂိုဒေါင်ဟောင်းကြီး ရှေ့သို့ ကျွန်တော် ရောက်လာခဲ့ရ တော့သည် ။

ဂိုဒေါင် ရှေ့တွင် လင်းနေကျ မီးသီး က မလင်းသည့် အတွက် မှောင်မိုက်ခြင်းသည် ည အစစ် ထက်ပင် - ည နှင့် ပို တူ နေလေသည် ။ ဂိုဒေါင်ရှေ့ ပလက်ကု,လားထိုင် တွင် ထိုင်နေကျ ဘဒင်ကြီး ကိုလည်း မတွေ့ရ ။ ( ဘဒင်ကြီး က မီးလုံး ကို တမင် မှိတ်ထားပြီး တစ်နေရာ ရာမှ ပုန်းကွယ်ကာ ကျွန်တော့် လှုပ်ရှားမှုများ ကို စောင့်ကြည့် နေလိမ့်မည် ဟု မတွေးတောမိခဲ့ခြင်း က ကျွန်တော့် ညံ့ဖျင်းချက် သက်သက် သာလျှင် ဖြစ် ပါသည် ) ဂိုဒေါင် အနီး သို့ ဖွဖွကလေး တိုးကပ် သွားပြီး သော့ခလောက်ကြီး ကို ကျွန်တော် ကိုင် ကြည့်လိုက်သည် ။ ဖွင့်ရန် သော့တံ ရှိသည့်တိုင် ထို သော့ခလောက်ကြီး ကို ကျွန်တော် တစ်ယောက် တည်း အားဖြင့် ချွတ် ရွှေ့ ယူရန် မဖြစ်နိုင် လောက်အောင်ပင် ကြီးမား လေးလံလှ၏ ။

ကိစ္စ မရှိပါ ။

ဂိုဒေါင် ခြေရင်းဘက် ရှိ ရိဆွေး ပြုတ်ကွာ နေသော သွပ်ပြားတစ်ချပ် ကို လူ တစ်ကိုယ်စာ ဝင်ပေါက် ရလောက်သည် အထိ ကျွန်တော် ဆွဲခွာ လိုက်သည် ။ နောက် ထို အပေါက် ထဲသို့ ကိုယ် ကို ကျုံ့၍ တိုးကာ ဂိုဒေါင် ထဲ သို့ ဝင်လိုက်၏ ။

•••••   •••••   •••••

ကျွန်တော် အံ့သြ သွားသည် ။ ဂိုဒေါင် တစ်ခုလုံး ကို လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကာ နောက် တစ်ခါ သေသေချာချာ ထပ် ကြည့်လိုက်သည် ။

တကယ်ပင် ... ဘာမှ မရှိ ။ အခန်း သည် ဟာလာဟင်းလင်း ။ ဖုံမှုန့်များ ၊ ပင့်ကူမျှင်များ ၊ ကြွက်နို့ ၊ ပိုးဟပ်ချေးနံ့များ နှင့် သင်္ချိုင်းဂူ အပျက် တစ်ခု ဆန် နေလေသည် ။

သိချင်သည် ကို သိလိုက်ရပြီ ဖြစ် သောကြောင့် ကျွန်တော် ကျေနပ် သွား၏ ။ ဂိုဒေါင် ထဲ မှ ပြန် ထွက်ရန် စောစောက ဝင်ပေါက် ဆီ သွားပြီး ငုံ့လျှိုး တိုး လိုက်၏ ။ ထိုအချိန် မှာ ပင် ကျွမ်း နေသည် ဟု ကျွန်တော် ထင် ထားခဲ့သော ဂိုဒေါင်မီး သီး သည် ဖျတ်ခနဲ လင်း လာသည် ။ ကျွန်တော့် ကို ဘယ်အချိန် ထဲ က စောင့်ကြည့် နေမှန်း မသိရသော ဘဒင်ကြီး ၏ အသံ ဩဩ ဖြင့်...

“ သူခိုး ဗျို့ ... သူခိုး .. ဂိုဒေါင် ထဲ သူခိုး ဝင်နေလို့ပါ ”

ဘဒင်ကြီး က ကျွန်တော့် နာမည် ကို ပိုင်ပိုင်နိုင်နိုင်ကြီး ခေါ်ကာ ‘ သူခိုး ’ ဟု အော်ဟစ်တော့သည် ။

အနီးအနား တွင် ရှိသော အိမ်များ မှ မီး လင်းလာသည် ကို မြင်ရ၏ ။ တချို့က ဝရန်တာ မှ ထွက် ကြည့်ကြသည် ။ ကျွန်တော် ဘာမှ မတတ်နိုင် တော့ ။ မီးရောင် အောက် မှာ ပင် လမ်းမ ပေါ်သို့ မြင်မြင်ထင်ထင် ပြေး ထွက်ခဲ့ရတော့သည် ။

ကျွန်တော့် အမည် ကို အော်ကာအော်ကာ ဖြင့် သူခိုး .. သူခိုး ဟု ဟစ် နေသော ဘဒင်ကြီး ၏ အသံ က လမ်းမကြီး ၏ ည ထဲတွင် အလင်းတန်း တစ်ခု လို ကျွန်တော့် နောက်မှ ပျံသန်း လိုက်ပါလာ၏ ။

•••••   •••••   •••••

( ၇ )

မနေ့ည က အဖြစ်အပျက် ကို တစ်မြို့လုံး သိ သွားကြသည် ။ မီးရောင် အောက် တွင် ကျွန်တော့် မျက်နှာ ကို သေသေချာချာ မြင်လိုက်ရသူများ ရှိ သည့် အပြင် ဘဒင်ကြီး က ကျွန်တော့် နာမည် ကို တစ်မြို့လုံး ကြား လောက်အောင် အော်ဟစ်ခဲ့ ပြီးပြီ ဖြစ်သောကြောင့် ဘာမှ ဖုံးဖိထားစရာ မကျန်တော့ ။

ကျွန်တော် လက်ဖက်ရည်ဆိုင် ထဲသို့ ဝင်သွားသည့် အခါမျိုးတွင် ဆိုင် ထဲ မှာ ထိုင် နေကြသူများ အားလုံး က ကျွန်တော့် ကို ‘ သူခိုး ’ တစ်ယောက် ကို ကြည့်သည့် မျက်လုံး ဖြင့် ဆီးကြို ကြသည် ။ လမ်း သွားရင်း ဆုံရသည့် အခါ သူတို့ အချင်းချင်း ကပ်၍ ...

“ အဲဒါ ဟိုနေ့ည က ဂိုဒေါင် ထဲ ဝင် ခိုးတဲ့ လူပေါ့ ၊ ဘာတွေ ရသွားသလဲ မသိဘူး ”

ဟု တီးတိုးတီးတိုး ပြောကြ၏ ။ တချို့ ခပ်ရဲရဲ လူငယ်များ က မူ ကျွန်တော့် ဆီ တိုက်ရိုက် လာပြီး ...

“ အစ်ကိုကြီး .. ဟိုနေ့ ည က ဘာတွေ ရလာသလဲ ”

ဟု ပြောင်ပြောင်တင်းတင်း ပင် မေးကြသည် ။

ကျွန်တော် က ...

“ ဘာမှ မရပါဘူးကွာ ... ဂိုဒေါင် ထဲ မှာ ဘာမှ မရှိဘူးကွ ”

ဟု ပြန် ဖြေသောအခါ သူတို့ က ... ‘ မယုံပါဘူးဗျာ ၊ ခင်ဗျား ရလာတာ တစ်ခု ခုတော့ ရှိရမယ် ၊ လျှို မနေပါနဲ့ ’ ဟု အဓိပ္ပာယ် ရသော မျက်လုံးများဖြင့် ကြည့်ကြ၏ ။ ကျွန်တော် မည်သို့ ဖြေရှင်းရမည် မသိ ။ အားလုံးက ကျွန်တော် ဂိုဒေါင် ထဲမှ ပစ္စည်း တစ်ခု ခု ရလာပြီ ဟု သာ အခိုင်အမာ ယုံကြည် နေကြပြီ ။

ဂိုဒေါင် ထဲတွင် လူ ကို အန္တရာယ် ပေးနိုင်သော လက်နက်ပစ္စည်း လို အရာမျိုး ရှိလိမ့်မည် ဟု ယူဆထားကြသူများ က ပို ဆိုး၏ ။ ကျွန်တော် က ထို ပစ္စည်း ကို ယူလာခဲ့ပြီး တစ်နေ့ နေ့တွင် သူတို့ မြို့ကလေး ကို ဒုက္ခပေး တော့မည် ... ၊ အကွက်ကောင်း ချောင်းနေသည် ဟု စကား ဖြန့်ကြ၏ ။

ကျွန်တော် မတ်တပ် ရပ်နေရာ မြေသားပြင် သည် တစ်စ ထက် တစ်စ ကျုံ့ဝင်နိမ့်ကျ သွားနေသည် ဟု အောက်မေ့ ရလေသည် ။

•••••   •••••   •••••

ကျွန်တော့် အတွက် သည် မြို့ကလေးမှာ ‘ နေရာ ’ မရှိ တော့မှန်း တစ်နေ့ ထက် တစ်နေ့ သေချာလာသည် ။ ကျွန်တော့်ကို အားလုံး က ‘ ကြွက် ’ တစ်ကောင် လို ရှောင်ကြဉ် သွားကြ၏ ။ ( ကံမကောင်း အကြောင်းမလှ လျှင် ကျွန်တော့် နှာခေါင်းကို သံညှပ် ဖြင့် ဖိညှပ်ဖမ်းကာ သ,တ်ဖြတ်ချင်သူများပင် ရှိနေပေလိမ့်ဦးမည် ) ထင်မယ့် အတူတူ မထူး တော့ဘူး ဟု ... သဘောထားကာ ကျွန်တော် တကယ်ပင် ‘ သူခိုး ’ အဖြစ် နှင့် လုပ်ကိုင် စားသောက်ရမလား ၊ သို့မဟုတ် သည် မြို့ကလေး မှ စွန့်ခွာထွက်သွားရမလား ။

ထင်မြင်ချက် ‘ လေမှုန်လေမွှား ’ ကလေးတွေ ကို ကြံ့ကြံ့ခံ ဖို့ရာ ကျွန်တော်တို့တွေ ဘာကြောင့် မသန်မာ ရသလဲ ဟု စဉ်းစား နေမိပါသည် ။ ကျွန်တော်တို့ သည် အစ ကတည်း က မတ်တပ်ရပ် နေကြသူများ ဟုတ်ချင် မှ ဟုတ်ပေလိမ့်မည် ။

အမည်နာမ မသိခဲ့ရသော အလင်းတန်း တစ်ခုကို အကန်းများ က လိုက်လံ ဖမ်းဆီး နေသည် မှာ သည်နေ့ ထိ တိုင်ပင် ဖြစ်၏ ။ ခွေးများ က ကျင်ငယ်ရည် ဖြင့် ပန်းခဲ့သော အပင်ပေါင်း များစွာ ရှိသော်လည်း ခွေးသေးပန်းပင် သည် သာလျှင် ခွေးသေးပန်းပင် ဖြစ်နေရခြင်း ကို ဘယ် သူ မှ မငြင်းဆန်နိုင်ပါ ။ ကျွန်တော်သည် ‘ သူခိုး ’ ဟု အခေါ် ခံရသောအခါ ကျွန်တော် သည် သူခိုး ဖြစ်သွား၏ ။

သည် မြို့ကလေး မှ တိတ်တဆိတ် ထွက်ခွာ သွားရန် ဆုံးဖြတ် လိုက် သော နောက်ဆုံးနေ့ တွင် ကျွန်တော် သည် ဘဒင်ကြီး နှင့် တွေ့ဆုံရန် ဂိုဒေါင်ဆီ တစ်ခါ ထပ် ရောက်ပါသေးသည် ။ ကျွန်တော့် ရင်ဘတ် ထဲမှာ သူ့ ကို ပြောရန် စကား တစ်ခွန်း တွဲလောင်း ပါလာ၏ ။

သို့သော် တကယ်တမ်း ဆုံဖြစ်သည့် အခါ သူ က ကျွန်တော့် ကို စကား စ ပြောပါသည် ။

“ မင်း .. ဒီ မြို့က ထွက်သွားတော့မယ်ပေါ့ ”

ကျွန်တော် က ခေါင်းညိတ် ပြလိုက်သည် ။

သူ က

“ ဘာလဲ ၊ ငါ့ ကို လာ နှုတ်ဆက်တာလား ”

ဟု မေး၏ ။

ကျွန်တော် က

“ မဟုတ်ဘူး .. ခင်ဗျား ကို စကား တစ်ခွန်း ပြောခဲ့ချင် လို့ လာတာ ”

“ ဘာ စကားလဲ ”

“ တစ်ခါတလေမှာ အစောင့်တွေ က နေ သူခိုးတွေ ကို မွေးထုတ်ပေး နိုင်တယ် ... ဆိုတဲ့ စကား ပေါ့ ”

သူ့ မျက်နှာ ပေါ်တွင် ညစ်ပတ်ပေကျံ နေသော အပြုံး တစ်ခု ကို မြင် လိုက်ရသည် ။ သူ က ခေါင်း ကို ဖြည်းဖြည်းချင်း ယမ်းခါ၏ ။ အတော်ကြာ မှ ...

“ မင်း နဲ့ ငါ စ သိကာစ တုန်းက ငါ့ ကို ဂိုဒေါင်အစောင့် မလုပ်ခင် အရင် က ဘာအလုပ် လုပ်သလဲ ... လို့ မေးခဲ့တာ မှတ်မိသေးလား ”

သူ က ဘာကို ရည်ရွယ်မှန်း မသိသောကြောင့် ကျွန်တော် ငြိမ်နေ မိသည် ။ သူ က ကျွန်တော့် မျက်လုံးများ ကို အသေအချာ ဖတ် ကြည့် နေ၏ ။ ပြီး မှ ..

“ ငါ က ... အရင်တုန်း က ‘ သူခိုး ’ ကွ ”

ဟု သူ တစ်ခွန်း တည်း ပြောသည် ။

ကျွန်တော် လှည့် ထွက်ခဲ့တော့၏ ။

•••••   •••••   •••••

( ၈ )

အမှောင် တစ်ခု တည်း သာ လျှင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည် ။

    ( ၂၀၀၀ )

▢ မင်းခိုက်စိုးစန်

📖 ဝတ္ထုတိုပေါင်းချုပ်

.

No comments:

Post a Comment