Sunday, February 4, 2024

ဖက်ချင် ရင် လည်း ဖက်ပါတော့


 ❝ ဖက်ချင် ရင် လည်း ဖက်ပါတော့ ❞ 


လူ့ စရိုက် လူ့ စိတ် ခံစားမှု ဆိုတာ က တော်တော် သိရ ခက် ၊ ခန့်မှန်းရ ခက် တတ်ပါတယ် ။


လူတွေ ဟာ ဟိုး အဝေးကြီး က လကမ္ဘာ ပေါ် ရောက် အောင် သွား နိုင်တယ် ။ နက်လွန်းတဲ့ သမုဒ္ဒရာ အောက် ကို လည်း ရောက် နိုင်တယ် ။ ဒါပေမယ့် စိတ် ထဲ ကို အဆုံး အထိ ဘယ်သူမှ မသွားနိုင်ကြဘူး ။ ဆန်းကျယ် တဲ့ လူ့စိတ် သဘာဝ ရဲ့ အကြောင်း ကို အကုန် သိနိုင်ဖို့ မကြိုးစား နိုင်ကြပါဘူး ။


ကျွန်တော်တို့ ရုပ်ရှင်ဗီဒီယို ပတ်ဝန်းကျင် ရဲ့ လက်ရှိ နာမည် ရ နေ သူတွေ ၊ နာမည် ရ ဖို့ ကြိုးစား နေသူတွေ ၊ နာမည် ရအောင် ကြိုးစား ဖို့ ကြိုးစား နေသူတွေ နဲ့ သူတို့ မိသားစုဝင်တွေ ၊ ပတ်ဝန်းကျင်တွေ ရဲ့ စိတ် အပြောင်းအလဲ အဖြစ်အပျက်တွေ က တစ်ခါတစ်ခါ သိပ် အံ့သြဖို့ ကောင်းပါတယ် ။


ဒီ တစ်ခါ ကျွန်တော် ကြုံရတဲ့ အကြောင်း က ကျောင်းဆရာ နဲ့ ပတ်သက် ပါတယ် ။ ကျွန်တော်တို့ က သူ့ ကို ဆရာကျောင်း လို့ ခေါ် ပါတယ် ။ သူ က မုံရွာသား ၊ ဆားလင်းကြီး ဇာတိ ပါ ။ အရပ် နဲ့ လူလုံးလူထည် က ကျွန်တော် နဲ့ မကွာပါဘူး ။ ၅ ပေ တန်း ၊ ပေါင် ၁၀၀ သာသာ ပါ ။ ဒါပေမယ့် အနုပညာ လောက မှာ တော့ တော်တော် အသံ ကျယ် ပြီး မွှေ တဲ့ နှောက် တဲ့ လူ ပါ ။ လူပုတွေ လူသေးတွေ ရဲ့ အား ပေါ့လေ ။


မွှေ ဆို သူ လုပ်တဲ့ အလုပ်တွေ ကလည်း နည်း မှ မနည်းဘဲ ။ စာ သင်တယ် ၊ ဒီဇိုင်း ဆွဲတယ် ၊ ပန်းချီ ရေးတယ် ၊ ဝတ္ထု ရေးတယ် ၊ စီးရီး ကြော်ငြာတွေ လုပ်တယ် ၊ စီးရီးခွေတွေ စီစဉ်တယ် ၊ ထုတ်တယ် ။ ပြီးတော့ ကျောင်းစာပေ ဆိုပြီး စာအုပ်တွေ ဘာတွေ လည်း လုပ်တယ် ။ စာ သင် တာ ရယ် ပန်းချီကား ရေးတာ ရယ် က တော့ သူ ဝါသနာ ပါတဲ့ အလုပ် ဆိုတော့ စီးပွားဖြစ် မလုပ်ပါဘူး ။ ကျန်တဲ့ အလုပ်တွေ ကတော့ စီးပွားရေး အရ ဟုတ်တုတ်တုတ် ပေါ့ လေ ... ။ ကျွန်တော် မှတ်မိ သမျှ ဆိုရင်တော့ Heavy အဆိုတော် ကိုလေးဖြူ ရဲ့ ကန္တာရလမင်း စီးရီးခွေ ကာဘာ နဲ့ ဒီဇိုင်းလောက မှာ နာမည် ရပြီး ကျန်တာတွေ ဆက် တာပါပဲ ။


သူ နဲ့ ကျွန်တော် က ၁၉၉၁ ခုနှစ် လောက် က ရွှေကြည်အေး ကဖီး မှာ ဟိုလို ဒီလို နဲ့ သိသွား တာပါ ။ သူ က ခြောက်မိုင်ခွဲ မှာ အဆောင် နေ တော့ ကျွန်တော့် မိတ်ဆွေ တစ်ယောက် အဆောင် နေချင်တာ နဲ့ ပတ်သက်ပြီး ရင်းနှီးခဲ့တာ ။ အရပ် က ပုပု ၊ ပုဆိုးခါးပုံစ အပြားကလေး နဲ့ လမ်း သွား လျှင် ဘဲသွား သွားပြီး ၊ စကား ပြော လျှင် အညာလေကလေး နဲ့ နားထောင် လို့ ကောင်းတဲ့ လူသေးကလေး တစ်ယောက် ပေါ့ ဗျာ ။ အခု တော့ မုတ်ဆိတ်ကလေး တိုနံ့နံ့ ထား ၊ ကာကီဘောင်းဘီ အင်္ကျီအဖြူ ဘာတွေ ဝတ် ၊ ဖိနပ် ခပ်မြင့်မြင့် တွေ စီး ၊ နေကာမျက်မှန်တွေ ဘာတွေ တပ် ပေါ့ ဗျာ ။


သူ့ ကို ကျွန်တော်တို့ ရဲ့ သီချင်း ရေး တဲ့ ကိုကြွက်နီ က မှတ်ချက် ချ ဖူး ပါတယ် ။


ဆရာကျောင်း မြို့သား ဟန် ဆောင် တာ အကုန် အောင်မြင်တယ် တဲ့ ။ စကား ပြော ရင် အညာလေကလေး မဖျောက် နိုင် တာ တစ်ခုတည်း တဲ့ ။ 


သူ့ မှာ အတော် ထူးခြားတဲ့ ဗီဇ ရှိပါတယ် ။


သူ စိတ်ဝင်စား ၊ သူ ကြိုက်သွား ရင် အကုန် လုပ်တတ်တာပါပဲ ။ သူ စိတ်ဝင်စား ရင် လုပ်ကြည့် လိုက်တယ် ။ မဖြစ် ရင် ရပ် သွားတယ် ။ ပြီးတော့ ငြီးငွေ့ ရင် ပစ် ထားတယ် ။ တစ်ခါ တစ်ခါ သူ က မုံရွာ ဆားလင်းကြီး လေ နဲ့ ငြီး တတ်တယ် ။ ငါ လည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး ၊ ကိုယ့် ကို ကိုယ် ဘယ် ခေါင်းစဉ် အောက် ရောက် နေမှန်း ကို မသိဘူး ဆို ပဲ ။ စိတ် ထဲ ရှိတဲ့ အတိုင်း လုပ် လွန်းတော့ သူ့ ကို သူ ဖမ်း မရ ဖြစ်နေ ဟန် တူပါရဲ့ ။


စာ ရေးတဲ့ ဘက် မှာ လည်း ပါရမီ အနည်းအကျဉ်း ရှိတဲ့ သူ ပါ ။ 


အက်ဆေး ဆိုပြီး ရေး ပေး တာ ဝတ္ထုတို ဆို ပါ လာပြီး ဝတ္ထုတို ရေး ပေး လိုက်တာ အက်ဆေးကဏ္ဍ က ပါလာတဲ့ လူမျိုး ။ ဘာဖြစ် နေနေ စိတ် ကတော့ အင်မတန် အေးတဲ့ လူ ပါ ။ သူ လုပ်ရမယ့် အလုပ်တွေ တန်းစီ နေ လည်း ၃၃ လမ်း မှာ လန်ဒန်ကလေး လက်ကြား ညှပ် ၊ ကာကီဘောင်းဘီ ၊ ဖိနပ်ဟိုက်ဟီးလ် နဲ့ ကော့ကော့ကော့ကော့ လျှောက် ။ အညာလေကလေး နဲ့ စကား တအေးအေး နေတတ်တဲ့ လူမျိုး ။ ဒီ ဆို ဟို ရောက် ၊ စိတ် ထဲ ရှိတာ လုပ်တတ်လွန်း လို့ သူ့ ဆီ အလုပ် အပ်မိတဲ့ သူ ဆိုရင် သူ့ အရင် ရှာ ရတဲ့ အလုပ် ကို အရင် လုပ်ရတာပဲ ။


သူ နဲ့ ခင် သွားရတာ တိုက်ဆိုင် နေတာတွေ လည်း ပါ ပါတယ် ။ 


ပထမ တစ်ချက် က စရိုက်ချင်း တူတယ် ။ ဒုတိယ ခန္ဓာကိုယ်ချင်း ဖွဲ့စည်းပုံ တူတယ် ( သူ့ လောက် မုတ်ဆိတ် မရှည်တာ က လွဲရင် ) ။ တတိယ လက်ရေး လက်သား ဂရုစိုက်တာ ၊ ရေးပုံ ရေးနည်း ၊ ဆွဲပုံ ဆွဲနည်း တော်တော် တူတယ် ။


သူ ထင်တာ လုပ်တဲ့ အကြောင်း ကြုံလို့ တစ်ခု ပြောရဦးမယ် ။ တေးသံသွင်း က ကိုဇော် နဲ့ သူ နဲ့ ၃၃ လမ်း မှာ တွေ့တယ် ။ စကား ပြောကြ ရင်း ကိုဇော့် အခန်း ကို အား နေတာ နဲ့ လိုက်သွား တော့ ကိုဇော် က Sony ကက်ဆက် တစ်လုံး ဝယ် ထားတယ် ။ C.D ရော အခွေ ရော ဖွင့်လို့ ရတဲ့ ကက်ဆက် ပါ ။ ထူးခြားတာ က ကက်ဆက် Desing က တော်တော် ချစ်စရာ ကောင်းတယ် ။ ထောင့်ချိုးလုံးလုံးကလေး တွေ နဲ့ ဆရာကျောင်း က လည်း ဒီဇိုင်းဆရာ ဆိုတော့ အဲဒီ ကက်ဆက် ကို မြင်တာ နဲ့ တန်း သဘော ကျ တာပဲ ။ ခက်တာ က Power က တစ်ခါ တစ်ရံ ( on ) ရင် မရဘူး ။ Power on ရင် ထစ် နေ တတ်တယ် ။ အဲဒီ ကက်ဆက် ကို ထုံးစံ အတိုင်း ဒီဇိုင်း ကြည့်ပြီး ဆရာကျောင်း က ကြိုက် နေတာ ။ ကိုဇော် က ဖွင့် ပြတော့ အသံ က လည်း အိ နေတာကိုး ... ။ ဒီတော့ ဆရာကျောင်း မိ သွားပြီ ။


ကိုဇော် က လိုချင်ရင် ယူ ၊ Power on လို့ မရလို့ သူ က တော့ မပေးချင်ကြောင်း ၊ နောက် တစ်ပတ် လောက် နေရင် ဒီ အမျိုးအစား ထဲ က ပဲ လုံးဝ အဆင်ပြေတဲ့ တစ်လုံး ရောက်မယ် ။ အဲဒီ ကျ မှ ယူ ရင် ပို အဆင်ပြေ ကြောင်း အကြိမ်ကြိမ် ပြောပေမယ့် ( အဲဒီလို ပြော မှ) ပို လိုချင်သွားပုံ ရပါ တယ် ။ အဲဒီ ကက်ဆက် ကို ဆွဲချ သွားတယ် ။ ပိုက်ဆံ က အကြွေး ။ Sorry ပဲ နောင်ခါ လာ နောင်ခါ ဈေး ။ အလုပ် ထဲ က ဖြတ်ဖြတ် ဘယ်က ယူယူ ၊ သူ က တော့ အဲဒီ Sony ကက်ဆက် ကို ဒီနေ့ မှ မဖွင့် ရ ရင် အိပ် မပျော်တော့ ဘူး ၊ အဲဒီလို လူ.. ။


ကိုဇော် ခမျာ သူ လိမ် ပေးတာ မဟုတ်ကြောင်း ၊ အကုန် ပြောပြကြောင်း ဒီ ကက်ဆက် တစ်ခု ခု ဖြစ်ရင် သူ နဲ့ မဆိုင်ကြောင်း ကျွန်တော့် ကို သက်သေ လုပ်ပြီး တဖွဖွ ပြောရှာ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ ၏ ဆရာကျောင်း က ဘာမှ ကို ပြောလို့ မရတော့ဘူး ။ နောက်နေ့ မှ ဆိုင် ရောက် ချင် ရောက် ၊ ဒီနေ့ ည တော့ ဒါကြီး ကို ဖွင့်ရမှ ကို ဖြစ်တော့မှာ ။ အဲဒါကြီး က လည်း တစ်လ လောက် ပါ ပဲ ။ နောက် ... ငြီးငွေ့ သွားရင် ချောင် ထိုး ဦး မှာ ။ နောက် တစ်ခု ကို ကလေး ငို သလို လက်ညိုး ထိုး ပြီး ငို ဦးမှာ ။ မရ ရ အောင် ယူဦးမှာ ။


သူ အိမ်ထောင် မကျသေး တာ ကောင်းပါတယ် ။


အိမ်ထောင် ကျ ရင် ယူ ရတာ က ကက်ဆက် မှ မဟုတ်ဘဲ ။ အဲဒီ မိန်းကလေး မှာ လည်း ဒုက္ခ နော် ...  ။


အဲဒီ ဆရာကျောင်း က ကျွန်တော် ဗီဒီယို လောက ထဲ ဝင်ပြီး လေးနှစ် လောက် မှာ ကု မရ ပြု မရ တဲ့ ရောဂါကြီး တစ်ခု ဖြစ် လာတယ် ။ အဲဒါ MTV ရိုက်ချင်တာ တဲ့ ခင်ဗျာ .. ။ သိပ် မကြာဘူး ၊ သူ့ ကို ယုံယုံကြည်ကြည် နဲ့ လွှဲအပ် တာဝန်ပေးခြင်း ခံရတဲ့ Producer က လည်း ရရှိသွား လေတော့ ဆရာကျောင်း တို့ အညာလေလေး တလွင်လွင် နဲ့ ကျွန်တော့် အိမ် ရောက် လာပါတယ် ။ နောက် တစ်ပတ် အတွင်း သူ MTV ရိုက်မယ် သီချင်း အပုဒ် ( ၄ဝ ) ကျွန်တော့် ကို Model တွေ ရှာပေးပါ ပေါ့ ... ။


အဲဒီ အချိန်မှာ Model လောက လည်း အုံကြွ ပေါက်ကွဲ မြည်ဟီး နေတဲ့ အချိန် ပါ ။


ခပ်သန့်သန့် ချောချော ၊ ခပ်ပိန်ပိန် ကောင်မလေးတွေ တွေ့ ရင် နင် Model လား လို့ မေး ၊ ဟုတ်တယ် လို့ ဖြေ နေတဲ့ အချိန် မျိုး ၊ ကျွန်တော် တို့ ဗီဒီယို ပတ်ဝန်းကျင် မှာ လည်း တဒယ် တည်း ဒယ် နေတာပေါ့ ဗျာ  ။ ကျွန်တော့် ဆီ မှာ လည်း လိပ်စာကတ် တွေ တသီကြီး နဲ့ ပေါ့ ။ ဆရာကျောင်း လိုချင် တာ က ယောက်ျားလေး ငါးယောက် ၊ မိန်းကလေး က ရ သလောက် ဆိုတော့ ကျွန်တော် လည်း သူ့ ကို အာမခံ ပြီး နောက် နှစ်ရက် ခွာ ချိန်း ။ ပေးထားတဲ့ ကတ်ပြားတွေ လျှောက် Phone ဆက် ။ ဟိုဘက် က မော်ဒယ် တွေ က ဝမ်းသာ ။ ကျွန်တော့် ဆီ လာပေါ့ ဗျာ.. ။ တော်တော်ကို အလုပ် ရှုတ် သွားရပါတယ် ။


ကျွန်တော့် ရဲ့ နောက်ဆုံး တာဝန် အရ ကျွန်တော့် အိမ် မှာ ပဲ ချိန်းပြီး Model တွေ နဲ့ ဆရာကျောင်း ကို တွေ့ ပေး ရတယ် ။ သူ MTV ရိုက် လို့ သင့်တော်မယ့် လူ ကို ရွေးပေါ့ ဗျာ ။ ကောင်မလေး ခုနစ်ယောက် လောက် လည်း အလှဆုံး ပြင် ၊ ဓာတ်ပုံတွေ ယူ လာ ကြပေါ့ ။ ဆရာကျောင်း က အသစ် မှ လိုချင်တာ ၊ ရိုက်ချင်တာ ဆိုတော့ တစ်ခါ မှ မရိုက်ဘူးသေး တဲ့ Model တွေ ပေါ့ ။ သူတို့ က လည်း သူတို့ ရဲ့ ပထမဦးဆုံး အလုပ် အဖြစ် တက်ကြွပြီး အားအပြည့် နဲ့ ပါ ပဲ ။ ရိုက်မယ့် သီချင်း က လည်း အပုဒ် ( ၄ဝ ) လောက် ဆိုတော့ သူတို့ ကြိုးစားဖို့ အတွက် အခွင့်အရေး ပေါ့ လေ ။


ကျွန်တော်တို့ ဆရာကျောင်း က ထုံးစံ အတိုင်း အညာလေကလေး နဲ့ ကျွန်တော့် ကို တိုင်ပင်ပြီး ခြွင်းချက် မရှိ အားလုံး ကို ရွေး လိုက်ပါ တယ် ။ Model တွေ လည်း ပျော် ၊ ကျွန်တော် လည်း ကူညီသူ အဖြစ် နာမည် ရ ၊ ဆရာကျောင်း လည်း အဆင်ပြေ ပေါ့ လေ ... ။ နောက်ဆုံး မှ ကျွန်တော် က မိန်းကလေး တွေ ရော ၊ ယောက်ျားလေး တွေ ရော ကို ရိုက်ကွင်း အတွေ့အကြုံ မရှိသေးတဲ့ အတွက် ရိုက်ကွင်း ရဲ့ ဒုက္ခတွေ နဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပြဿနာတွေ ကို ကြို ပြောပြပြီး သည်းခံဖို့ ၊ ကြိုးစားကြဖို့ ၊ အခွင့်အရေး ကို အသုံးချကြဖို့ မှာရ ပါတယ် ။ အားလုံးက တက်ကြွ နေတဲ့ လူငယ်တွေ ဆိုတော့ OK ပေါ့ လေ ။


ဒီလိုနဲ့ပဲ အဆင်တွေ ပြေပြီး ဆရာကျောင်း ရဲ့ MITV စ ရိုက် ပါတယ် ။ ကျွန်တော် လည်း စာ ရေးတာ တစ်ဖက် ရိုက်ကွင်း တစ်ဖက် နဲ့ မို့ Shooting ကို မရောက်ဖြစ် ပါဘူး ။ ဆရာကျောင်း ကို ရင်းနှီး ယုံကြည် ပြီး သား ဆိုတော့ Phone နဲ့ သတင်းပို့ ဆက်သွယ်မယ် လို့ ပဲ ပြောထားရ ပါ တယ် ။


ပထမ နေ့ အဆင်ပြေတယ် ပေါ့ ... ။ ဆရာကျောင်း သဘော ကောင်း ကြောင်း Model ကောင်မလေးတွေ က ပြောကြပါတယ် ။ ရိုက်ရ တာ လည်း OK ။ ဒုတိယ နေ့ All Right ။ တတိယနေ့ ကျ တော့ ကောင်မလေး တစ်ယောက် က ဖုန်း ဆက်တယ် ... ။ သူ တော်တော် အဆင် မပြေဘူးပေါ့ ... ။ ဘာလဲ ဆို တော့ သူ ရိုက်တဲ့ သီချင်း မှာ သူ က အဆိုတော် နဲ့ တွဲရတာ ကိုး ။ အဆိုတော် ကိုယ်တိုင် သူ့ သီချင်း နဲ့ ပါဝင် သရုပ်ဆောင်တယ် ပေါ့ ဗျာ ။ အဲဒီမှာ အဆိုတော် က မဲမဲဝဝ ရုပ် က မချော ။ သွားတွေ က လည်း ကွမ်းစား ထား လို့ နီ နေ လေတော့ ကောင်မလေး မှာ စိတ်ကူး တွေ ပျက် ပြီး သူ့ ကို လူချောချော နဲ့ တွဲ ပေးဖို့ ဆရာကျောင်း ကို ပြောပေးပါ လို့ ကျွန်တော့် ကို ပူဆာတယ် ။


ဒါနဲ့ ကျွန်တော် လည်း ဒါရိုက်တာ စိတ်ကူး ကို ကျွန်တော် ဝင် စွက်ဖက်ခွင့် မရှိကြောင်း ၊ သူလှတာ မလှတာ ထက် မင်း ရဲ့ သရုပ်ဆောင်မှု ပဲ လိုကြောင်း ။ အဆိုတော် ဆို တာ အသံ ပဲ ကောင်းစရာ လိုပြီး ရုပ် ချောစရာ မလိုကြောင်း ၊ MITV ကြည့် တဲ့ ပရိသတ် က အဆိုတော် ကို တွေ့ရတဲ့ အတွက် ကျေနပ်ပြီး ကိုယ် က သရုပ်ဆောင် ကောင်းရင် အဆင်ပြေ နိုင်ကြောင်း တွေ ရှင်းပြ ပြောပြ ရပါတယ် ။ ဒီတော့ လည်း ကောင်မလေး က လက်ခံ သွားတယ် ။


စတုတ္ထနေ့ မှာ လည်း ဘာသံ မှ မကြားရပါဘူး ။


ပဉ္စမနေ့ ရောက်တော့ Phone ဆို လို့ ပြေး ရပါတယ် ။ ကျွန်တော် က Phone ငှား ဆက်တာကိုး ... ။ Phone ခွက် လည်း ကိုင်ရော တော်တော် မာတဲ့ အသံ တစ်သံ နဲ့ ရင်ဆိုင် ရတယ် ။ အသံ က မိန်းမကြီး အသံ ပါ ။


“ နီကိုရဲ ဆိုတာလားဟေ့ ... ”


“ ဟုတ်ပါတယ် ခင်ဗျာ ”


“ အေး ... ငါ က မ ... .. အမေ ပဲ ၊ မင်း သူ့ ကို MTV ရိုက်ဖို့ ခေါ်ပေးတာ ဆို ”


“ ဟုတ်ပါတယ် အန်တီ ... ပြောပါ ”


“ မင်းတို့ အခု ရိုက်မယ့် ငါ့ သမီးရဲ့ MTV မှာ ဖက်တာတွေ ဘာတွေ ပါသလား ”


“ ခင်ဗျာ ...”


ကျွန်တော် တော်တော် အံ့သြ သွားပါတယ် ။ ဟိုဘက် က အသံ က တော်တော် မာတာရယ် ၊ ကျွန်တော် ထင် မထားတဲ့ ကိစ္စတွေရယ် ကြောင့် ပါ ။ 


“ ယောက်ျားလေး က ဖက်မယ့် အခန်းတွေ ဘာတွေ ပါသလား လို့ မင်း ကို မေးတာ ... ”


စက္ကန့် တော်တော်များများ ဘာမှ ပြန် မပြောနိုင်ပါဘူး ။ တော်တော် စဉ်းစားရ ပါတယ် ။


“ အဲဒါတော့ ကျွန်တော် မသိဘူး အန်တီ ၊ ဒါရိုက်တာ က သူ ရိုက်မယ့် ကိစ္စ ဆိုတော့ ၊ ပြီးတော့ ကျွန်တော် က လည်း သူတို့ ကို တွေ့ ပေးရုံ ပေး တာပါ ၊ အဲဒါဆိုရင် ဆရာကျောင်း နဲ့ ပဲ ...”


“ အေး ... ဒါတွေ ငါ မသိဘူး ၊ ငါ့ သမီး က မင်း နာမည် ပြော လို့ မင်း တာဝန် ယူထားတယ် ဆိုရင် သိရမှာ ပေါ့ ။ ဒီမှာ ဟေ့ ... အဲဒီလို ဖက်တဲ့ အခန်း ဆိုရင် တော့ ငါတို့ က ခွင့် မပြုနိုင်ဘူး ။ သူ လုပ်ချင်လို့ သာ ငါတို့ က ခွင့်ပြုရတာ ၊ သူ့ အဖေ က လည်း မရဘူး ၊ ငါ က လည်း ခွင့်မ ပြုဘူး ၊ မလုပ်ရင် ဘယ်လောက် လျော်ရမလဲ ၊ ဒါမှမဟုတ် မဖက်တဲ့ ဟာ ရိုက်လို့ မရဘူးလား ” 


သူ့ လေသံမာမာ ကြောင့် ကျွန်တော် ဘာ ဆက် ပြောရမှန်း ကို မသိပါဘူး ။ လုပ်ငန်း သဘာဝ ကို လည်း နားမလည် ၊ အခြေအနေ ကို လည်း မသိတဲ့ မိန်းမကြီး တစ်ယောက် နဲ့ တွေ့ နေတာ ဆိုတော့ ဘာ ပြောရမှန်း ကို မသိပါဘူး ။


“ ဒီလိုပါ အန်တီ ၊ ရိုက် မှာ က သီချင်း ဆိုတော့ သီချင်း က အချစ်သီချင်း ဆိုရင် လုပ်ငန်း သဘာဝ အရတော့ လက် ဆွဲတာ တို့ ဘာ တို့ လောက်တော့ ပါမှာပါ ပဲ ။ အန်တီ့ သမီး ရိုက်ရမယ့် သီချင်း နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှု တော့ ရှိမှာပါ ။ သေချာတာ က ဒါရိုက်တာ ဆရာကျောင်း ” 


“ ဟေ့ ... ပါရင် ကို ငါတို့ ဘက် က မဖြစ်ဘူး ၊ လက် မခံဘူး ... ။ မရိုက်ရင် ဘာဖြစ်မလဲ ။ သူ က မရိုက်လို့ မရဘူး ပြောလို့ ။ မင်း ဒါပဲ ပြော ... ”


ပြဿနာ တော်တော် ရှုပ်နေတာပါလား ... ။ ဒီ အခြေအနေ အရ အကောင်းဆုံး က တော့ ပြဿနာ ဖြစ်နေတဲ့ သူ ကို ထားခဲ့ရုံ မှ တစ်ပါး ဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေ ပါ ။


“ မရိုက်ရင် လည်း ဘာမှ မဖြစ်ပါဘူး အန်တီ ၊ သူ့ ကို ထားခဲ့ရုံပါ ပဲ ။ ငွေ လျော် ဖို့ လည်း မရိုက်ရသေး ရင် မလိုပါဘူး ၊ အန်တီ တို့ ခွင့် မပြုရင် ရပါတယ် ”


“ အေး ... ဒါဆိုရင် ပြီးရော ၊ နောက်ကို တစ်ခု ခု လုပ်မယ် ဆိုရင် လူကြီးတွေ ရဲ့ ခွင့်ပြုချက် ကို တော့ ယူဖို့ ကောင်းတယ်ကွ ၊ သိလား ” 


Phone ချ သွားတော့ ဘာမှ မဆိုင်ဘဲ အဟောက် ခံလိုက်ရလို့ တော်တော် စိတ် တိုသွားပါတယ် ။ နောက်တော့ မှ ဆင်ခြင်ရတယ် ။ ဒါမျိုးဟာ ဘယ် တူနိုင်မှာလဲ ။ တင်းကြပ် တဲ့ အိမ် ရဲ့ သဘောထား ကို မသိဘဲ ၊ ဒါမှမဟုတ် လွယ်လွယ် သဘောထား ပြီး ဒီ အလုပ်တွေ လုပ်တဲ့ အဲဒီ ကောင်မလေးတွေ ကို ပဲ စိတ်ဆိုး ရတယ် ။


ဒါနဲ့ ည ကျတော့ ဆရာကျောင်း ကို Phone ဆက် ပြီး ပြောရ တယ် ။ အဲဒီ ကောင်မလေး ကို ဖြုတ် ဖို့ နဲ့ လိုအပ်ရင် နောက်ထပ် တစ်ယောက် ရှာပေးမယ် ပေါ့ ။ ကိုယ့် ဆရာ တော့ အေးအေးပါ ပဲ ။ ရတယ် တဲ့ ၊ ရှိနေတဲ့ လူတွေ နဲ့ အဆင်ပြေတယ် တဲ့ ။ အဲဒီ ကောင်မလေး ကို ရိုက်ဖို့ က တစ်ပတ် လောက် လိုသေးတာ တဲ့ ။ လူ လည်း မလိုဘူး ဆို ပဲ ။ အေးပေါ့လေ .. ကျွန်တော် အဟောက် ခံလိုက်ရပေမယ့် ကျန်တဲ့ လူတွေ အဆင်ပြေ နေ တော့ ရင် အမောပြေ ရသေးတာပေါ့ ။


ကြား တစ်ရက် ခြားပြီး နောက်နေ့ ည ကျတော့ Phone ဆို လို့ ပြေးရ ပြန်တယ် ။


“ နီကိုရဲ ဆိုတာလား .. ”


အဲဒီ အသံ ကြားတော့ တော်တော် လန့် သွားတာ ။ အသံ က သိပ် မမာပါဘူး ။ ဒါပေမယ့် ဟို တစ်နေ့ က အသံ ဆိုတာ တော့ ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ဘာတွေများ ဖြစ်ကုန်ပြီလဲ ။ မောင်ကျောင်း ဘာလုပ်ပြီလဲ ပေါ့ လေ .. ။


“ ဟုတ် .. ဟုတ်ကဲ့ ... အန်တီ ”


“ မ ... အမေ ပါ ၊ ဖက်ချင် ရင် လည်း ဖက်ပါတော့ ... ကွယ် ” 


“ ခင်ဗျာ ... !! ”


ကျွန်တော့် အသိစိတ် စက္ကန့် နည်းနည်း ခန္ဓာကိုယ် နဲ့ လွဲ သွား တာ ကို ဝန်ခံပါတယ် ။ ဘာဆိုတာ တော်တော် စဉ်းစား ယူ ရတယ် ။ 


“ အေးပါကွယ် ၊ ဖက်ချင် ရင် လည်း ဖက်ပါတော့ ။ သမီး က အဲဒါကို မရိုက်ရလို့ ဆိုပြီး ထမင်း မစား အခန်း ထဲ က မထွက်တာ နှစ်ရက် ရှိပြီ ။ အဲဒါ အန်တီ ပြောတာပါ ၊ ဖက်ချင် ရင် လည်း ... ”


“ နေ ... နေပါဦး အန်တီ ၊ အဲဒါက ဒါရိုက်တာ နဲ့ ”


“ မင်း သိရင် လုံလောက်ပါပြီ ကွယ် ၊ အဲဒါတွေ မပါဘဲ နဲ့ လုပ်လို့ ရမယ် ဆိုရင်တော့ ပို အဆင်ပြေပါတယ် ။ သမီး က သူ့ သူငယ်ချင်းတွေ က ဒီ အလုပ် ကို လုပ်ရပြီး သူ တစ်ယောက် တည်း အန်တီ တို့ က တားမြစ် တာ ဆိုတော့ တော်တော် ခံစား နေရတယ် ။ ထမင်း မစားဘူး ။ ဒီတော့ ကွယ် ...” 


“ အန်တီ သီချင်း ဆိုတော့ ပါနိုင်တယ် နော် ၊ ဒါပေမယ့် ရုပ်ရှင် ဗီဒီယို ရိုက် သလို တော့ မဟုတ်ပါဘူး ။ ဖက် ရင် လည်း အဲ ... အဲဒါလည်း ခဏပါ ပဲ ၊ ဟိုလေ ... Love Scene ဆိုတော့ ကျွန်တော် တို့ က .. ”


“ ကဲပါကွယ် ... အန်တီ တို့ သဘော တူ နေပြီပဲ ၊ မင်း ပြောပြပြီး ဆက်သာ ဆောင်ရွက် ပေးပါတော့ ။ အန်တီ တို့ ခွင့်ပြုပါပြီ ၊ ကြည့်ကျက် တော့ လုပ်ပေးပါကွယ် ၊ သမီး လည်း ရှိတယ် ပြောဦးမလား ”


“ မ မပြောတော့ဘူး အန်တီ ရပါပြီ ၊ ကျွန်တော် ပြောပြပြီး ခေါ်ခိုင်း လိုက်ပါ့မယ် ... ရပါတယ် ၊ တတ်နိုင်သမျှ လုပ်ပေးပါ့မယ် ၊ ရတယ် အန်တီ .. ဒါပဲနော် ”


တော်တော် စိတ်မောခဲ့ရတာပါ ။ ဘာတွေ မှန်း လဲ မသိ ၊ ဘယ်လို မှန်း လဲ မသိ ။ အဲဒီ Model ကောင်မလေး ကို ကျွန်တော် ကောင်းကောင်း တောင် မမှတ်မိ လိုက်ပါဘူး ။ ပြဿနာ က သမီး ကို ချစ်တဲ့ ဇော နဲ့ လုပ်ငန်း သဘာဝ ကို နားမလည်တာ ပါ ပဲ ။ တော်တော် စိတ်ညစ်ရပါတယ် ။ ည ကျ တော့ ဆရာကျောင်း ဆီ Phone ဆက်ရတယ် ။ 


“ ဟေ့ကောင် ဖက်ချင်ရင် လည်း ဖက်တော့ကွာ ” လို့ ... ။ 


ဒီတော့ သူ က အညာလေကလေး နဲ့ ပြောရှာပါတယ် ။


“ ဟ .. ဘာတုန်းကွ ၊ မင်း ဟာ က လည်း ဘာကိုလဲ ၊ ဇာတ်ညွှန်း မရေးစမ်းပါနဲ့ ကွာ ၊ မတော်မတဲ့တွေ မပြောနဲ့ ၊ ဘာတုန်း ...” တဲ့ ။


ကျွန်တော် ပြောပြတော့ မှ ဆရာကျောင်း အိုက်တင် အပြည့် ပါ တဲ့ အညာလေကလေး နဲ့ ရယ်ပါတယ် ။ ပြီးတော့ အဲဒါ ငါ နဲ့ မဆိုင်ဘူးကွ ၊ မင်း မို့ လို့ လွဲတာ ... တဲ့ ။ ကျွန်တော် လည်း ဘာမှ မပြောနိုင်လို့ ဒီလိုပဲ ခံ လိုက်ရတယ် ။


ထုံးစံ အတိုင်းပါပဲ ။


အဲဒီ MTV ကတော့ လုံးဝ ထွက် မလာပါဘူး ။ 


ဟဲ ... ဟဲ ... ဟဲ ... ဆရာကျောင်း လေ ... ။ 


ပျော်စရာ တော့ အမှန် ကို ကောင်းခဲ့ပါတယ် ။


◾နီကိုရဲ


📖 ကျွန်တော် နှင့် ရိုက်ကွင်း ပေါ် မှ အလွဲများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment