Thursday, May 7, 2020

စကားလက် မွန်










စကားလက် မွန်

       ၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအား ဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟုအမည်တွင်ခဲ့သည့် မတ်လ လှုပ်ရှားမှု ၊ ဂျင်ဂလိ ပွဲတော်ဟု ကင်ပွန်းတပ် ခံခဲ့ရသည့် ဇွန်လ အရေးအခင်း ၊ ရှစ်လေးလုံးဟု ကျော်ကြားခဲ့သော ဩဂုတ်လ အရေးအခင်း ၊ ထိုသည်၏နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံ တို့ပင်တည်း ။

       ဩဂုတ်လ ၂၂ ရက် မှ အစပြုခဲ့သော ယင်း ဒီမိုကရေစီ အရေးတော်ပုံသည်ကား မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစားအလွှာပေါင်းစုံ ပါဝင်သည့် အစိုးရ ဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ ၊ အနုပညာရှင်များ ၊ ရှေ့နေများ စသည့် အသိပညာရှင် ၊ အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့များ၏ လမ်းဘေး သမဂ္ဂပါမကျန် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလေသည်။

       အနုပညာရှင် တစ်ပိုင်းတစ်စ ဖြစ်နေသော ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်လည်း ဤအရေးတော်ပုံအစ ကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ်တစ်ပိုင်း ကျန်နေသည့်အတွင်းဓာတ်၏ လှုံ့ဆော်မှုကြောင့် တဖြည်းဖြည်း နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက်ဆင်နွှဲမိလေတော့သည်။

       ထိုစဉ်က ကျွန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ ( ယခင်
သဘင်ကောင်စီရုံးခန်း ) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်းအနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည် ။

       ရွှေပြည်အေးသမားများ ၊ အကဲခတ်ဆရာများ ၊ ရရင်ရ မရရင်ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုံရာ စည်းဝေးခန်းမ တစ်ခုလည်း ဖြစ်ခဲ့လေသည် ။

       ကျွန်တော်တို့ သူငယ်ချင်းတသိုက် မှာလည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ ၊ အစည်းအဝေးပွဲများ ၊
နယ်စည်းရုံးရေးခရီးစဉ်များ ၊ ဆန္ဒပြပွဲများ ၊ အလှူခံကိစ္စများနှင့် ချာလပတ်ယမ်းနေကြရကား တစ်ဦးနှင့်တစ်ဦး ရုံးရှေ့ကျောက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရလေတော့သည် ။

       သို့သော်လည်း ကျွန်တော်တို့ လူသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံဆည်းခွင့်ရအောင် ဖန်တီးပေးလိုက်သည့် အရာကား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက်လာပါတော့သည် ။ အခြားမဟုတ်ပါ ၊ စစ်တပ်က အာဏာသိမ်းလိုက်
ခြင်းပင်တည်း ။

       ထိုနေ့ ညနေ ၆နာရီခန့်၌ သဘင်သမဂ္ဂရုံးခန်းတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ရောက်လာကြပါတော့သည် ။ ဘာလုပ်ကြမလဲ ၊ ဘာတွေဆက်လုပ်ကြဦးမလဲ ။ ဘယ်လို လုပ်ကြမလဲ ။

       သေချာတာတစ်ခုကတော့ နဂိုကပင် နာမည်ကြီးနေသည့်အတိုင်း မိမိတို့ လူသိုက်သည် အဖမ်းခံရပေလိမ့်မည် ။ ဒီတော့ ထွက်ပြေးကြမလား ၊ သွားအဖမ်းခံမလား ၊ တောခိုကြမလား တစ်ခုခုတော့ လုပ်ရပေလိမ့်မည် ။ ပထမဆုံးတော့ ဒီနေရာမှ အမြန် စွန့်ခွာရပေလိမ့်မည် ။ အကယ်၍များ စစ်တပ်သည် သူတို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျှင် လမ်းသူလမ်းသားများ အချောင်သက်သက်
ထိခိုက်နစ်နာကြမည် မဟုတ်တုံလော ။ မိမိတို့အပေါ် သံယောဇဉ် ကြီးမားနေပြီဖြစ်သော လမ်းသူလမ်းသားများကလည်း သူတို့ ကာကွယ်ပေးပါမည် ၊ ဖွက်ပေးထားပါမည် မသွားကြပါနှင့်ဟု အတန်တန်တားကြလေသည် ။

       သို့သော်လည်း ကျွန်တော်တို့တစ်သိုက် မှာ ဆုံးဖြတ်ထားသည့်အတိုင်း
ကိုယ့် ပစ္စည်းလေးတွေ ကိုယ်ဆွဲ ၊ ရုံးခန်းအတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည် ။ ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံဆန္ဒပြနေကြသော အုပ်စုအဖွဲ့အစည်းအသီးသီးမှာလည်း ညမထွက်ရ အမိန့်ကြောင့် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင် အသီးသီး၌ သောင်တင်နေကြလေသည် ။ ထို့ကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ၊ ဓာတ်အားပေးစက်နှင့် ရေခဲတိုက် များ အတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေရတော့သည် ။

       တစ်ချက်တစ်ချက်တွင် စစ်အစိုးရအလိုမရှိဟူသော အော်သံများ ၊ သေနတ်
သံများ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ ၊ အကာအရံများကို လိုက်လံ
ရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရပေသည် ။

       ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည် ။ ကျွန်တော်တို့ သဘင်သမဂ္ဂ မှ မိုးဝင်း ၊ မိုးမင်း ၊ အရိုင်း ၊ ညီညီလှိုင်
( ညောင်ညောင် ) ၊ ညီဝင်းစိန် ၊ ဖိုးဖြူ၊ စိုးဟန် ၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း ၊ ကျောင်းသားတပ်ပေါင်းစုမှ ရွှေရောင် ၊ အောင်ဇော်မျိုး ၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ဖြစ်ပါသည် ။ ညတွင်းချင်းပင် ကျောင်းသားသမဂ္ဂမှ မင်းမင်း ၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ် ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက် မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည် ။

       သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၅ နာရီ ထိုးသည့်အချိန်မှာတော့
ကျွန်တော်တို့၏ စီစဉ်ပေးမှုဖြင့် ကျောင်းသူ ၊ ကျောင်းသားလေးများအား ဘေးကင်း ရန်ကင်းစွာဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည် ။

       သည်နောက် မှာတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ
ဆန့်ကျင်ရေးဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည် ။ သည်မှာတင် ပြဿနာက စပါလေပြီ ။ ဆေးရုံကြီးအတွင်းရှိ သူ့အစုနှင့်သူ ရှိနေကြသော အဖွဲ့ အစည်းအသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည် ။ တောင်လိုလို ၊ မြောက်လိုလို ၊ အစည်း
အဝေး လုပ်ဦးမလိုလို ၊ အီအီးပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတော့သည် ။ သည်တစ်ခါက တကယ့်ကို သေနတ်နှင့် ပစ်တော့မှာ မဟုတ်လား ။

       ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခေါင်းချင်းဆိုင်ရတော့၏ ။ ကဲ  …….ဘယ်သူမှ မထွက်ခင်ကတည်းက တို့ထွက်ခဲ့တယ် ။ နောက်တစ်နိုင်ငံလုံး ပါလာတော့ ဒို့အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးတဲ့ဆိုပြီး ပါလာလိုက်ကြတာ ။ ခုတော့ ဘယ်တစ်ကောင် တစ်မြီးမှ မတွေ့ရတော့ဘူး ။ ခုချက်ချင်း ပစ်ပါ..……. ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက် မောင်းတန်းခဲ့တဲ့ ဘယ်အနုပညာသမားဆိုတာတွေလည်း အရိပ်တောင် မတွေ့ရတော့ဘူး ။ တို့ဘယ်လိုလုပ်ကြမလဲ ။ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား ၊ အသေခိုင်းလိုက်တော့မှာလား…….။ 

       ကိုင်း... ဘယ်သူထွက်ထွက် မထွက်ထွက် ၊ တို့ထွက်တယ်ကွဟု ကြိမ်းဝါးပြီး
ကိုဌေး ( ဇင်ဝိုင်း ) ရယ် ၊ မိုးကြီး ( မိုးဝင်း ) ရယ် ၊ မောင်စိန်ထွန်း ( မိုးမင်း ) ရယ် ၊
အောင်သန်းဦး ( အရိုင်း ) ရယ် ၊ မောင်ရွှေရောင်ရယ် ၊ ကျွန်တော်ရယ် နောက် ပြီး
ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက် တည်းဖြင့် စတင်ချီတက်ခဲ့ကြပါတော့သည် ။

       စစ်အစိုးရ အလိုမရှိ ၊ စောမောင်အစိုးရ အလိုမရှိ.... 

       ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး………စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် ထိုမှ ဘုရားလမ်း ၊ မဟာဗန္ဓုလလမ်း ၊ ဘုန်းကြီးလမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည် ချီတက်ခဲ့ကြရာ တစ်ပတ်ပတ်မိသည့် အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင်သုံးထောင်ခန့်
ဖြစ်လာလေတော့သည် ။

       ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူလေးထောင်
ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏ ။

       ထိုနေ့မနက်က အဖြစ်အပျက် များကို အကျဉ်းရုံး၍ ဆိုရသော် ကျွန်တော်တို့လူစုမှာ သေကံမရောက် သက် မပျောက် ၊ ကျည်ဆန်ထွင်းဖောက်သည့် ဘေးမှ ကင်းဝေးကာ ထွက်ပြေးနိုင်ခဲ့လေသည် ။ 

       သို့သော်ငြားလည်း ဇာဂနာနှင့် ဇင်ဝိုင်း သေပြီဟူသော သတင်းက တောမီး
လောင်သည့် နှယ် ပျံ့နှံ့သွားခဲ့တော့၏ ။ တစ်ဆက်တည်းဆိုသလို ကျွန်တော်တို့
နှစ်ယောက်ကို မြေလှန်ရှာနေသည်ဟူသောသတင်းကလည်း ထက်ကြပ်မကွာ လိုက်ပါလေတော့သည် ။ ကျွန်တော်တို့မှာကား တစ်နေရာရာမှာပဲ သွားပြီး ရှောင်နေရတော့မလိုလို ၊ တစာစာ လာခေါ်နေကြသော ညီငယ်ကျောင်းသားများနှင့် အတူပဲ တောခိုရတော့မလိုလိုနှင့် အတော်ဆုံးဖြတ်ရကျပ်နေပါတော့သည် ။ နောက်ဆုံးမှာတော့ ဘယ်ကိုမှ မရှောင်ဘဲ ၊ တောမခိုဘဲ မြို့ပေါ်မှာပင် လုပ်စရာရှိသည်များကို သိုသိုသိပ်သိပ် ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ မောင်စိန်ထွန်း ( မိုးမင်း ) ၊ အောင်သန်းဦး ( အရိုင်း ) တို့ ငါးဦးသားသည် သူငယ်ချင်း ကိုကျော်ဝင်း၏ အိမ်၌ စတည်းချရန် ထွက်ခွာလာခဲ့ကြပါတော့သည် ။

       ဤသို့ဖြင့် စက်တင်ဘာလ ၂၀ ရက် မှစ၍ ကိုကျော်ဝင်း ၊ ကိုသိန်းဦး ၊ ကိုကိုဦး စသည့် သူငယ်ချင်းများအိမ်သို့ တစ်လှည့်စီ သွားနေလိုက် ၊ ရန်ကုန်မြို့ထဲသို့ အလှည့်ကျ သွား၍ အဆက်အသွယ်လုပ်လိုက် ၊ ရန်ကုန်မြို့အနှံ့ ပုန်းအောင်းနေကြသော အဖွဲ့အစည်းဝင်များ ထံသို့ စားနပ်ရိက္ခ အခြောက်အခြမ်းများ လိုက်လံဝေငှလိုက်ဖြင့် တစ်ရက်ပြီး တစ်ရက် ကျော်လွန်ခဲ့ရတော့၏ ။

       မှတ်မှတ်ရရ ၊ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်များမှာကား အနုပညာတပ်ဦးဟု အမည်ပေးပြီး ရုပ်ရှင်နယ်မှ ဒါရိုက်တာ အောင်မြင့်မြတ် ၊ ပန်းချီပန်းပုနယ်မှ ဦးမျိုးမြင့် ၊ စာပေနယ်မှ မောင်မိုးသူ ၊ ဂီတနယ်မှ ကိုကိုအောင် ( သပြေ ) နှင့် သဘင်နယ်မှ ကျွန်တော် တို့ပါဝင်သော အဖွဲ့တစ်ခုကို လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ။ ရန်ကုန်မြို့ ဘားလမ်းရှိ စင်ရော် မောင်မောင် ရုံးခန်းကို ဆက်သွယ်ရန်ဌာနအဖြစ် သတ်မှတ်ကာ

    ( ၁ ) တောတွင်းရောက် ကျောင်းသားများနှင့် အဆက်အသွယ်ယူကာ မြို့ပေါ်တွင် လှုပ်ရှားရန် 

    ( ၂ ) အလုပ်သမားသမဂ္ဂများကို စည်းရုံးကာ အလုပ်သမားများ အလုပ်ခွင်မဆင်းရေး သပိတ်မှောက်ရန်

    ( ၃ ) နိုင်ငံရေးအရ ခေါင်းဆောင်များအား ပံ့ပိုးကူညီရန် ... စသည့် ရည်ရွယ်ချက် များ သတ်မှတ်ထားခဲ့သည် ။

       ကျွန်တော့်မှာ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ ဟိုပြေးရ
ဒီပြေးရ ၊ ဟိုအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဒီအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဟိုလူကြီးအိမ်သွားရ ၊ ဒီလူကြီးအိမ် သွားရဖြင့် ဖတ်ဖတ်မောနေရတော့သည် ။

       ဤသို့ ပြေးရင်းလွှားရင်းပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စဉ်းစားမိပြီး ဟိုသွား
လည်းသုတ်သုတ် သုတ်သုတ် ၊ ဒီသွားလည်း ရုတ်ရုတ် ရုတ်ရုတ် ၊ ဦးထုပ်ဆောင်းလိုက် ၊ မျက် မှန်တပ်လိုက် လုပ်နေရသည့်အဖြစ်ကို တဖြည်းဖြည်းရွံရှာလာမိတော့သည် ။ ထိုအချိန်ကလည်း ရန်ကုန်မြို့တလွှားတွင်  (အထူးသဖြင့် အနုပညာ အသိုင်းအဝိုင်း၌ )
ဘယ်သူ့ကို မေးလိုက် မေးလိုက် “ ရှောင်နေတယ်      
” ဟူသော “ ရှောင် ” နာရောဂါသည် အပိုလို မျက်စိနာထက်ပင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေချိန် ဖြစ်ပြန်ရာ ၊ ကိုယ့်ကိုလည်း ဤစာရင်းထဲ အသွင်းခံရမှာကို တွေးပြီး ကြောက်လာမိတော့၏ ။ ဘယ်တုန်းက ဘာလုပ်ခဲ့မှန်းမသိ ဘယ်မှာပါခဲ့မှန်းမသိဘဲ လူအထင်ကြီး ပြီးရော ရှောင်နေတယ်ဆိုသည့် မစ္စတာ
ရှောင်လင်များနှင့် တစ်တန်းတစ်စားတည်း ဖြစ်ကုန်မည်စိုးသဖြင့် ကျွန်တော်တို့ သူငယ်ချင်း တသိုက် မှာ တိုင်ပင်ဆွေးနွေးကြပြီး စက်တင်ဘာ ၂၅ ရက်နေ့ ( အာဏာသိမ်းပြီး တစ်ပတ်အကြာ ) တွင် အသီးသီး ကိုယ့်အိမ်ကိုယ် အလင်းဝင်ခဲ့ကြတော့သည် ။ ရန်ကုန် မြို့ထဲတွင်လည်း ခပ်တည်တည်ပင် ပေါ်ပေါ်ထင်ထင် ဗြောင်သွားလာလှုပ်ရှားပစ်လိုက် တော့၏ ။

       ထို့ကြောင့်ပင်ထင်သည် ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဘားလမ်းရှိ စပယ်ဦးပုံနှိပ်တိုက်တွင် ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ ကိုညီဝင်းစိန် ၊ ဦးအောင်မြင့်မြတ် ၊ ဦးတင်စိုးနှင့် ( မဆီမဆိုင် ပါလာရှာသော ) ( သစ်မွှေးရှမ်းခေါက်ဆွဲဆိုင်မှ ) ကိုအမိန်တို့ ခုနစ်ဦးသည် တပ်မ ၃၃ မှ စစ်ကားများဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့သတည်း ။

       ဤစာအုပ်ငယ်တွင် ကျွန်တော်တို့အား စတင်ဖမ်းဆီးသည့် အချိန်မှစ၍ ထိန်းသိမ်း ရာမှ လွတ်လာသည်အထိ တွေ့ကြုံခဲ့သမျှကို အရင်းတိုင်းဖောက်သည်ချထားပါသည်။ စာအုပ်အမည်နှင့် ပတ်သက်၍ အတန်ငယ်ပြောစရာရှိသည် ။ ကျွန်တော်တို့သည် စစ်အစိုးရ တက်လာပြီးသည့်နောက် ပထမဆုံး အဖမ်းခံရသော အနုပညာသမားများဖြစ်ခြင်း၊  ပုဒ်မ ၁၀ ( က ) ဖြင့် ပထမဆုံးအရေးယူခံရသူများဖြစ်ခြင်း မီးလောင်ပြီးစ အင်းစိန်ထောင်တွင်းသို့ ပထမဆုံးအပို့ခံရသော နိုင်ငံရေး အကျဉ်းသားများဖြစ်ခြင်း စသည့် အကြောင်းများတို့အပြင် ကျွန်တော်၏ ပင်ရင်း နဂိုမူလစိတ်မှာ အတန်ငယ်ကြွားဝါလို စိတ်ရှိခြင်းတို့ကြောင့် ဤစာအုပ်အမည်ကို “ ပထမ ” ဟု ကင်ပွန်း တပ်လိုက်ရခြင်းဖြစ်ပါ သည် ။ အကယ်၍ မကျေမလည် ဖြစ်သူများရှိပါက အတင်းပြောကြပါကုန်။

◾  ဇာဂနာ

.

No comments:

Post a Comment