Thursday, June 11, 2020

မေ့ပစ်လိုက်ပါဗျာ

❝  မေ့ပစ်လိုက်ပါဗျာ  ❞

     မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
     အုတ်နံရံတွေ ၊ သံတိုင်တွေ ကြွေအင်တုံတွေ...။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ပါလားဟူသော အတွေးက ကပ်ပါလာသည် ။ အခုလောက်ဆို အိမ်ကလူတွေ
တော့ သိကုန်လောက်ပြီ။ မိမိနှင့်သက်ဆိုင်ရာပတ်ဝန်းကျင်လည်း အတော်ဂယက်ရိုက်လောက်ပြီ ၊ မိမိတို့အား ဖမ်းဆီးစဉ် မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏ ။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦး အား ကွမ်းယာအဝယ်ခိုင်းလိုက် မိသဖြင့် လွတ်သွားကြခြင်းပင် ။ သည်သတ္တဝါ နှစ်ကောင်လည်း
ခုလောက်ဆို ထွက်ပဲပြေးပလား ၊ တောပဲခိုလေပလား ။ သင်းတို့နှစ်ယောက်က
စိုးရိမ်စရာကောင်း၏ ။ အရိုင်းက တစ်ဦးတည်း ဘာအလုပ်မှ လုပ်တတ်သူမဟုတ် ။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ် ။ အနားမှာ ထိန်းပေးသူမရှိလျှင် သွေးဆောင်ရာနောက် ကောက်ကောက် ပါတတ်သူဖြစ်၏ ။ ရွှေရောင်ကတော့ ကိုသာဆိုး ။ အလုပ်တော့ လုပ်သည် ။ ဖင်ပေါ့သည် ။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ် ။
ဝူးဝူးဝါးဝါးနှင့် ထင်ရာလျှောက်လုပ်တတ်သည် ။ အာဏာသိမ်းပြီး ပြီးချင်း မန္တလေးကိုတက်၍ လက်နက် အဆက်အသွယ် သွားရှာသည် ။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏ ။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို
တွဲပေးထားရသည် ။ ကိုဇော်ဝိတ်က ခေါင်းအေးသည် ။ စေ့စေ့စပ်စပ်ရှိ၏ ။ ခု
သူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည် ။ ဒါသည်ပင် စိုးရိမ်မကင်း ဖြစ်စရာ။

     “ ဟေ့...ကိုရင် နိုးပလား ..ရေချိုးလိုက်ပါလား ”

     ဦးအောင်မြင့်မြတ်က အခန်းထောင့်မှာဆောင့်ကြောင့်လေး ထိုင်နေရာမှ လှမ်းပြောသည် ။ သူ့ကြည့်တော့ သန့်နေသည် ။ ရေချိုးပြီးစ မျက်နှာနှင့်ဖြစ်၏ ။ နှစ်ရက်လုံးလုံး ရေနှင့်မထိတွေ့ခဲ့ရဖြင့် တစ်ကိုယ်လုံး စေးထန်းထန်းဖြစ်နေသည် ။

     “ ချိုးချင်တာပေါ့ ဦးရဲ့ … ဘယ်သွားချိုးရမလဲ ”

     “ ကိုတင်အောင် ပြန်လာရင် သွားလိုက်ပေါ့ ”

     ပြောပြောဆိုဆို မနေ့က ရေအလှူရှင် ကိုပြုံးချိုနှင့် ကိုတင်အောင်ဆိုသူတို့
ပြန်ရောက်လာကြလေသည် ။ ကျွန်တော်လည်း ရေချိုးလိုကြောင်း ပြောပြီး ကိုပြုံးချို နောက် လိုက်ခဲ့ရတော့၏ ။ ကျွန်တော်တို့ အချုပ်ခန်းနှင့် ခြေလှမ်းနှစ်ဆယ် ခန့်အကွာတွင် အုတ်ရေကန်ကြီး တစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကိုပြုံးချို ကမ်းပေးလာသော ရေလဲပုဆိုးကို ဝတ်ကာ တဂွမ်းဂွမ်းနေအောင်ပင် လေးငါးခြောက်ခွက်ခန့် ခေါင်းမှ လောင်းချ ပစ်လိုက်တော့၏ ။ အနည်းငယ် အေးချမ်းသွားသလို ရှိတော့မှ ဆပ်ပြာတိုက်ရင်းပတ်ဝန်းကျင် လေ့လာရေး လုပ်ရလေသည် ။

     ကျွန်တော်တို့ အချုပ်ခန်းမှာ တောင်နှင့်မြောက်တန်းနေသော အချုပ်ခန်းဖြစ်၏ ။
သည်အုတ်ရေကန်မှာ အချုပ်ခန်းနှင့် ဗဟိုကင်းတဲအကြားတွင် ရှိနေသည် ။ကျွန်တော်တို့ သည်ကို ရောက်သည့်နေ့က သည်ကင်းတဲရှေ့မှာ ကားရပ်ပြီး သည်ကင်းတဲကို ဖြတ်ကာ အချုပ်ခန်းသို့ ခေါ်သွားတာပင်ဖြစ်ရပေမည် ။ မည်သည့်သံဆူးကြိုး ၊ မည်သည့်ရေအိုင် ၊ မည်သည့် သစ်သားတန်း ဘာမှမရှိဘဲ ခေါင်းငုံ့ခိုင်း ကျော်ခိုင်း လုပ်လာသည့်နေရာပင်ဖြစ်မည် ။ သူတို့လှည့်ကွက်ကို ရိပ်မိသွားသော ကျွန်တော့်အား အတင်းဆွဲကာ ဝင်ထိုင်ခိုင်းသည့် သစ်ပင်မှာ သည်ကုက္ကိုပင်ကြီးပင် ဖြစ်ပေလိမ့်မည် ။

     အချုပ်ခန်း၏ တောင်ဘက်စူးစူး ကုန်းမြင့်ထက် မှာ Lပုံသဏ္ဌာန် အဆောက်အဦ
တစ်ခုရှိသည် ။ ကျွန်တော်တို့ အား စစ်ဆေးမေးမြန်းသည့် ရုံးခန်းများပင်ဖြစ်ပေမည် ။ အချုပ်ခန်း၏ မြောက်ဘက် မှာတော့ ရေအိုင်ကြီးတစ်ခု နောက် ဟိုမှာဘက် မှာက တန်းလျားတွေ ။ ဒါသည်ပင်လျှင် ကျွန်တော် မြင်ခွင့်ရသည့် နယ်နိမိတ် အကုန်ဖြစ်တော့၏ ။

     ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တော့ ပြင်ပပတ်ဝန်းကျင် လေ့လာရေး၏ အဆက် အတွင်း ပတ်ဝန်းကျင် လေ့လာရေးကို ပြုလုပ်ရပြန်သည် ။ တောင်မြောက်တန်းနေသော
အချုပ်ခန်းတန်းလျားကို အရှေ့ခြမ်း ၊ အနောက်ခြမ်း နှစ်ခြမ်း ခွဲထားသည် ။ အရှေ့ခြမ်းမှာ အခန်း ( ၁ )  ( ၂ )  ( ၃ ) သုံးခန်း ၊ အနောက်ခြမ်းမှာ အခန်း  ( ၄ )  ( ၅ ) ( ၆ ) သုံးခန်း ။ ပေါင်း ခြောက်ခန်းဖြစ်၏ ။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သုံးပေကျယ်သောလမ်းဖြင့် ပိုင်းခြားထားသည် ။

     သည့်နောက် မှာတော့ အခန်းတစ်ခန်းချင်းစီရှိ လူများကို လှမ်း၍ စပ်စုရလေသည်။ ကျွန်တော်တို့ကို ဖမ်းသည့်နေ့ ညသန်းခေါင်လောက် မှာလည်း လူသစ်များက ထပ်မံရောက်လာသေးသည် မဟုတ်လား ။ ကိုယ့်အသံ လူကြားမည်လည်း စိုးသဖြင့် လူရိပ်လူခြေ အကဲခတ်ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် “ မိုးကြီး ” ဟု လှမ်းခေါ်ကြည့်လိုက်သည်။  “ ဗျို့ ” ဟု ပြန်ထူးသံ ကြားတော့ တစ်ခါ ဖြင့် နေရာကျပြီဟု အောက် မေ့ကာ တစ်ခန်းပြီးတစ်ခန်း
လျှောက်ခေါ်ရင်း ကိုယ်တိုင်ပြော အတ္ထုပ္ပတ္တိများကို ကြားနာရလတော့သည် ။

     တစ်ခန်းနှင့်တစ်ခန်း ဤသို့အပြန်အလှန် ပြောနေကြစဉ်မှာပင် ကျွန်တော် ပထမနေခဲ့သော ခြစားနေသည့် အခန်းအတွင်းသို့ အသက်ခြောက်ဆယ်ခန့်ရှိ ဦးကြီးတစ်ယောက်အား ခေါ်လာသည်ကို တွေ့ရလေသည် ။ ထို့ကြောင့် ကျွန်တော်တို့၏ စကားဝိုင်းကို ခေတ္တရပ်နားလိုက်ရပြီး လိုက်လံပို့ဆောင်သူများ ပြန်လည်ထွက်ခွာသွားသည့် အခါကျမှပင် ကျွန်တော်၏ သမိုင်းပေးတာဝန်အရ ထိုဦးကြီးကိုပါ လှမ်း၍ စပ်စုလိုက်ရတော့သည် ။ ဤသို့ဖြင့် အခန်းတိုင်းမှ လူပုဂ္ဂိုလ်အသီးသီး၏ နောက်ခံ သမိုင်းများကို သိခွင့်ရလာတော့၏ ။

     အခန်းအမှတ် ( ၁ ) မှာက စပယ်ဦးပုံနှိပ်တိုက်ပိုင်ရှင် ဦးတင်စိုး နှင့် မှော်ဘီမြို့နယ်မှ ကိုဗိုလ်မြတို့ဖြစ်သည် ။
     ဦးတင်စိုးကတော့ အားပေးကူညီမှုဖြင့် ကျွန်တော်တို့နှင့်အတူ အဖမ်းခံရသူပင် ။ ကိုဗိုလ်မြကတော့ ယခင် ခ.လ.ရ ၁၆ မှ
တပ်သားဟောင်း တစ်ဦးဖြစ်၏ ။ အရေးအခင်းကာလက မှော်ဘီမြို့ ရဲဘော်ဟောင်းများအဖွဲ့၏ စည်းရုံးရေးမှူးလည်း ဖြစ်သည် ။ ၂ /၁၀ /၈၈ ည ၆ နာရီခန့်က အဖမ်းခံခဲ့ရသူဖြစ်၏ ။

     အခန်းအမှတ် ၂ မှာက ကိုဌေး ၊ ကိုအမိန် နှင့် ဗိုလ်ကြီးအောင်ဝင်းတို့ဖြစ်သည် ။
ယင်းအခန်းသည် ကျွန်တော် ထိုးကြိတ်အရိုက်အနှက်ခံခဲ့ရသည့် အခန်းဖြစ်၏ ။
ကိုဌေးကတော့ ကျွန်တော်နှင့် အတူတူ ၂/က ကို ချိုးဖောက်သဖြင့် အဖမ်းခံခဲ့ရသူပင် ။ ကိုအမိန် အဖြစ်ကတော့ ရယ်စရာကောင်းလှ၏ ။ တိုင်ကီဖူးစာဟုပင် ဆိုရချိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သည်တိုင်ကီကြောင့် သူအဖမ်းခံခဲ့ရသည်မှာ နှစ်ကြိမ် တိုင်တိုင်ရှိခဲ့လေပြီ ။ ပထမအကြိမ်က မြို့တော်သန့်ရှင်းရေး အစီအစဉ်ဖြင့် လမ်းကြားထဲတွင်
အမှိုက်ပစ်သော တိုင်ကီထားမှုကြောင့် ထောင်ဒဏ် တစ်လကျခံခဲ့ရသည် ။ ယခုတစ်ခါ သူ၏ တိုင်ကီထဲတွင် အဘယ်သူတစ်ဦးက လက်ဆော့ပြီး သမဂ္ဂစာစောင်များလာထည့် သွားသည်မသိ ။ သူအဖမ်းခံလာရ ပြန်လေပြီ ။ ထို့ကြောင့်ပင် ကိုအမိန်က သည် တစ်ခါပြန်လွတ်ရင်တော့ သည်တိုင်ကီပိုင်းကို မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေ လေသည် ။ ကျွန်တော်ကလည်း အားပေးလိုက်ရ၏ ။ မီးရှို့မှုဖြင့် နောက်တစ်ခါ ထပ်ဖမ်းခံရ
လိမ့်မည်ဟူ၍ပင် ။

     ဗိုလ်ကြီးအောင်ဝင်းကတော့ ပျားမွေးမြူရေးမှ ပဲခူးတိုင်း တိုင်းမှူးဖြစ်သည်။ အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏ ။ သူ့ကိုလည်း ၂ /၁၀ / ၈၈ ည ၈ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်လာခြင်းပင် ဖြစ်သည် ။

     အခန်းအမှတ် ၃ မှာကတော့ ကျွန်တော်ရယ် ၊ ဦးအောင်မြင့်မြတ်ရယ် ၊
လွိုင်ကော်မှ ကိုတင်အောင်ရယ် ဖြစ်သည် ။ ကျွန်တော်နှင့် ဦးအောင်မြင့်မြတ်ကတော့ အထွေအထူး ပြောစရာလိုမည်မထင်ပါ ။ ကိုတင်အောင်အဖြစ်ကတော့ ရင်နာစရာပင် ။

     ဧကန်စင်စစ် သည်ပုဂ္ဂိုလ်သည် အရေးအခင်းကာလက ဘာမှ လုပ်ခဲ့သူမဟုတ် ။
ဒီမိုကရေစီဆိုတာလည်း စိတ်မဝင်စား ။ သူစိတ်ဝင်စားသည်က မော်တော်ကားပင် ဖြစ်သည် ။ လွိုင်ကော် ရန်ကုန်ပြေးဆွဲနေသော သူ့ကားမှတစ်ပါး ဘာမှ အာရုံထား သူမဟုတ် ။ သို့သော် ကားဆရာတို့ ထုံးစံအတိုင်း လူကြုံပါးလိုက်သော စာကို ယူမိရာမှ အဖမ်းခံခဲ့ရခြင်းပင် ။ ယင်းစာက ရန်ကုန် ကျောင်းသားသမဂ္ဂမှ လွိုင်ကော် ကျောင်းသားသမဂ္ဂသို့ အကြောင်းကြားစာဖြစ်၏ ။  “ လက်နက်ကိုင် ထောက်လှမ်းရေးလုပ်ရန် ” ညွှန်ကြားစာဖြစ်သည် ။ သည်စာ သူ့လက်ထဲမှာမိတော့ သူ့ခမျာ မသင်္ကာမှုနှင့် ဖမ်းခံခဲ့ရ ခြင်းပင် ။

     အခန်းအမှတ် ၄ မှာကတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းပင်ဖြစ်သည် ။ ကျွန်တော် မူလနေခဲ့သော ခြစားသည့် အခန်းမှ ဦးကြီး၏ အဖြစ်ကလည်း ရယ်စရာ ။ ၃ / ၁၀ / ၈၈ ည ၈ နာရီခန့်က ဦးကြီးနေထိုင်ရာ ၃၃ လမ်း တစ်လမ်းလုံး ကို မီးဖြတ်ချပြီးနောက် ဦးကြီး၏သားကို ဝင်၍ဖမ်းလေသည် ။ ဦးကြီး၏သားမှာလည်း အရေးအခင်းကာလက ရဲရဲတောက်ပါဝင်ခဲ့သူတစ်ဦး ဖြစ်၏ ။ သို့သော် ထိုသို့ ဝင်မဖမ်းခင်မှာပင် ဦးကြီး၏ သားမှာ ရှောင်သွားပြီးဖြစ်လေရာ ငါးမရ ရေချိုးပြန်သဘောဖြင့် သားမရ အဖေကို ဖမ်းခဲ့ခြင်းပင်တည်း ။

     အခန်းအမှတ် ၅ ကတော့ လူမရှိ ။ နောက် မှသိရသည်မှာ သည်အခန်းမှာ
ယခင်က အချုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုဖြစ်ခဲ့ဖူးသည် ။ ထို့ကြောင့် ယခု လူမထားတော့ချေ ။ အခန်း ၆ မှာကတော့ မိုးကြီး ၊ ကိုညီဝင်းစိန် နှင့် မှော်ဘီမှ ဦးစိုး တို့ဖြစ်လေသည် ။ မိုးကြီးနှင့် ကိုညီဝင်းစိန် တို့ကတော့ ကျွန်တော်နှင့် အမှုတွဲ တစ်တွဲတည်းပင် ။ ဦးစိုးကတော့ မှော်ဘီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည် ။
အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ ဥက္ကဋ္ဌဖြစ်သည် ။ သူ့ကို
၂ / ၁၀ / ၈၈ ည ၈ နာရီခန့်မှာ ဖမ်းဆီးလာခဲ့ခြင်းဖြစ်လေသည်။

xxxxxxxxxxxxxxxxxx

     “ ချေးကျရာ ပျော်တဲ့အကောင်တွေ ”

     ဦးတင်စိုး၏ မှတ်ချက်ဖြစ်သည် ။ သီချင်းကလေးဆိုလိုက် ၊ စကားလေးပြောလိုက် ၊ ကျားကစားလိုက် လုပ်နေသော ကျွန်တော်နှင့် ကိုဌေးကို အနွတ္တသညာပြုလိုက်ခြင်းပင် ။ ကျွန်တော်တို့နှစ်ဦးမှာ ယမန်နေ့ည ၄ / ၁၀ / ၈၈ ကစ၍ အခန်း ၄ သို့ ပြောင်းရွှေ့လာရပြီး ဦးကြီး ဦးမြတ်ကျော်ထွန်းနှင့် အတူနေနေရလေသည် ။ ဦးတင်စိုးက အခန်း ၂ သို့လည်းကောင်း ၊ ကိုဗိုလ်မြ က အခန်း ၃ သို့လည်းကောင်း ပြောင်းလာကြလေပြီ ။ အခန်း ( ၁ ) ကို အလွတ်ထားထား၏ ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက ရုပ်ရှင် သရုပ်ဆောင် ကိုအံ့ကျော်ကို ဖမ်းဆီးလာပြီဖြစ်သောကြောင့်ပင် ။

     ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရမည်ဟူသော စကားနှင့်အညီ
ကျွန်တော်တို့နှစ်ဦးမှာ တပ်မှရဲဘော်များနှင့် အတော်လေပေးဖြောင့်နေပြီဖြစ်သည် ။ သူတို့ယူလာသော မုန့်တွေစားလိုက် ၊ လက်ဖက်ရည်သောက်လိုက် ၊ ဆေးလိပ် ဖွာလိုက်ဖြင့် ရုပ်ရှင်အတွေအကြုံတွေ ၊ ဇာတ်ခုံ အတွေ့အကြုံတွေ ၊ ဖောက်သည်ချရင်း အဖွဲ့ ကျနေတော့သည် ။ သူတို့ကလည်း ဒီကိုရောက်ခါစက ဖြစ်ပျက်ခဲ့သည့် ထိုးကြိတ်
ရိုက်နှက် မှုများနှင့်ပတ်သက်၍ ဒေါသအလျောက် လုပ်ကိုင်မိခဲ့ခြင်း ဖြစ်ကြောင်း ယခုလို ခင်မင်သွားပြန်တော့လည်း အားနာမိကြောင်း ပြောပြီး သူတို့ အားလုံး၏ လက်သုံးစကားဖြစ်သည့် “ မေ့ပစ်လိုက်ပါဗျာ ” ဟူ၍သာ ထပ်တလဲလဲ ပြောနေကြတော့သည် ။ အင်းပေါ့လေ……. ကိုယ်က ခံထားရတဲ့သူဆိုတော့ မေ့ရပေမပေါ့ ။

     သည်ကနေ့ ၅ / ၁၀ / ၈၈ ကတော့ အမှန်ကို ထူးခြားသည့်နေ့ပင်ဖြစ်ပေတော့သည်။ နောင် ကျွန်တော်တို့၏ အကျဉ်းသားဘဝတစ်လျှောက် “ ဝက်နိမိတ် ” ဟု အမည်တွင်တော့မည့်
အစနိဒါန်းပင် ဖြစ်လေတော့၏ ။

     နံနက်စာစားအပြီးတွင် တာဝန်ကျတပ်ကြပ်က ဝက်သားစားသူ ၊ မစားသူ
စာရင်းလာကောက်လေသည် ။ ညနေကျလျှင် ဝက်သားဟင်းနှင့် ကျွေးမည်ဆို၏ ။ သို့ဖြင့် ကျွန်တော်တို့ လူစုမှာ ပထမဆုံးစားရမည့်အသားဟင်းကို မျှော်လင့်စောင့် စားနေကြတော့သည် ။ သို့သော် ကိုရွှေဝက်သား မလာမီမှာ ညနေ ၄ နာရီခန့်တွင် လက်ထိပ်နှင့် ခေါင်း စွပ်သာ ရောက်လာတော့၏ ။ ကျွန်တော်နှင့် ကိုဌေးက တစ်တွဲ ၊ မိုးကြီးနှင့်  ဦးတင်စိုးက တစ်တွဲ ၊ အီးနှစ်ထောင်ကားကြီးပေါ်သို့ တက်ကာ မရမ်းကုန်းရဲစခန်းသို့ လိုက်ပါ လာရလေတော့သည် ။

     ရဲစခန်းအတွင်းဘက် အခန်းကျဉ်းတစ်ခုတွင်းသို့ ရောက် မှ ခေါင်းစွပ်ကို ချွတ်
ပေးလိုက်လေရာ ကျွန်တော်တို့ရှေ့ စားပွဲနောက် မှာဖြင့် တရားသူကြီးတစ်ဦး ၊ အမှု
လိုက် ရဲအုပ်တစ်ဦးတို့ကို တွေ့လိုက်ရတော့၏ ။ ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ပထမဆုံး အကျိုးထူးခံစားရသူမှာ တရားရေး ဝန်ထမ်းများပင်ဖြစ်သည် ။ တချီတည်း ခုန်ကျော် ရာထူးတိုးကာ တရားသူကြီးများဖြစ်သွားကြလေသည် ။ ထို့ကြောင့်ပင်ထင်၏ ။ မျက်နှာမှာ တရားသူကြီးပါးမဝသေး ။ ဇွတ်အတင်း ခပ်တည်တည် လုပ်နေပုံပေါ်နေသည် ။

     “ ခင်ဗျားက ကိုမိုးဝင်း ၊ ခင်ဗျားက ဦးတင်စိုး ၊ ကိုဇင်ဝိုင်း ၊ ကိုဇာဂနာ
ဟုတ်တယ်နော် ” ခေါင်းညိတ်ပြလိုက်၏ ။

     “ ခင်ဗျားတို့ကို ကျောက်တံတားရဲစခန်းကနေ အရေးပေါ်စီမံမှု ၅ ( ည ) နဲ့ ၊ စွဲတင်တဲ့ အမှုပဲ ၊ အဲဒါအကျဉ်းနည်းနဲ့ စစ်ဆေးဖို့  ၅ / ၁၀ / ၈၈ ကနေ ၁၈ /၁၀ /၈၈ အထိ ၁၄ ရက်ခွင့်ပြုတယ် ၊ ဘာမရှင်းတာရှိလဲ ”

     ဪ...   ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်းနိုင် ။ မေးစရာမရှိပါဟုသာ
ဖြေရပေလိမ့်မည် ။ အကယ်၍သာ...

     “ ကျွန်တော်တို့ကို ၅( ည ) ဆိုပြီး ဘာလို့ ၁၄ ရက်တောင် ဖမ်းရတာလဲ ”
ဟူ၍သာ မေးလိုက်ခဲ့လျှင်ဖြင့် ထိုပူပူနွေးနွေး တရားသူကြီး၏ မျက်နှာသည် ဘယ်သို့ဘယ်ပုံ ရှိသွားလေမည်နည်းဟု တွေးမိနေသည် ။

     ထိုနေ့က ထောက်လှမ်းရေး ၆ သို့ ပြန်ရောက်သည့်အခါမှာတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းရယ် ၊ ကိုညီဝင်းစိန်ရယ် ၊ ကိုအမိန်ရယ် ၊ ဦးအောင်မြင့်မြတ်တို့ ၄ ဦး လွတ်မြောက် သွားကြလေတော့သည် ။

xxxxxxxxxxxxx

     ဦးအောင်မြင့်မြတ်တို့ လွတ်သွားပြီးမှ ကျွန်တော်တို့ အချုပ်ခန်းသည် ပို၍ပင်
လွတ်လပ်လာတော့၏ ။ တစ်နယ်တကျေးမှ ပြန်လာသော ဆွေမျိုးရင်းချာတစ်ဦးကို
လာရောက်နှုတ်ဆက်နေကြသည့်နှယ် ကျွန်တော်တို့ အခန်းရှေ့သည် စည်ကားလျက် ။ နံနက်စာစားအပြီးတွင် ရောက်လာလေ့ရှိသော တပ်မ ၂၂ မှ ရဲဘော်များ ၊ ထောက်လှမ်းရေးတပ်မှ ရဲဘော်များနှင့် တောအကြောင်း ၊ တောင်အကြောင်း ၊ ရုပ်ရှင်အကြောင်း ၊ အငြိမ့်အကြောင်း ၊ ပြောလိုက် သူတို့ယူလာတာတွေ စားလိုက်ဖြင့် အဆင်ကို ပြေနေတော့သည် ။ ထို့အပြင် ညနေဆိုလျှင် ငှက်ပျောသီးလေး နှစ်လုံးကိုင်၍ ရောက်လာတတ်သော တပ်ကြပ်ကြီးစိန်ရ ၊ အချိန်မှန် မြင်းဖြူစီးပြန်လာသော တပ်ကြပ်ကြီးပိန်ရှည် ၊ ဇင်မာဦးအကြောင်း တဖွဖွမေးလေ့ရှိသော တပ်ကြပ်ကြီးဝတုတ် နှင့် ထွေရာလေးပါး ပြောဆိုရင်းဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ရလေတော့သည် ။
ဤသို့လျှင် ပျော်လို့မဆုံး ပြုံးလို့မဝသေးမီကာလအတွင်း၌ပင် ၈ / ၁၀ / ၈၈ ည
၆ နာရီအချိန်ခန့်မှာတော့ ကျွန်တော်တို့ လူသိုက်အားလုံးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးလိုက်ပါတော့သတည်း ။

ဇာဂနာ

ပထမ

No comments:

Post a Comment