Thursday, May 14, 2020

ပါစင်နယ် အင်တာဗျူး



❝  ပါစင်နယ်အင်တာဗျူး  ❞

     “ ခင်ဗျားနာမည် ”

     “ ဇာဂနာ ”

     “ မဟုတ်ဘူးလေ.… နာမည်ရင်းပြောတာ”

     “ မောင်သူရ ”

     “ တခြား နာမည်ရှိသေးလား ”

     “ ဟင့်အင်း ”

     “ သူငယ်ချင်းတွေ မိတ်ဆွေတွေခေါ်တဲ့နာမည်ကော မရှိဘူးလား ”

     “ ဒါတွေကတော့ အများကြီးပေါ့ ”

     “ ပြောပြပါဦး ”

     “ လန်ခြားကုလား ၊ ကုလားအဘိုးကြီး ၊ ဦးပုည ၊ ဇာတ်ဆရာ ၊ မောင်ရစ် ၊ ကတင်းပုံ ၊ ရှောင်ကွန်နရီ ၊ အဖေကြီး ၊ ဇာတ်ဆရာ ၊ ကိုကို ”

     “ တော်ပြီ ၊ တော်ပြီ ”

     “ ကျွန်တော် မပြောဘူးလား အများကြီးပါဆို ”

     “ ကုလားအဘိုးကြီးလို့ပဲ မှတ်ထားလိုက် မယ်နော် ”

     “ သဘောလေ ”

     “ မိဘအမည် ”

     “ ဦးအောင်သိန်း ၊ ဒေါ်လှကြည် ”

     “ မွေးသက္ကရာဇ် ”

     “ ၂၇-၁-၁၉၆၁ ”

     “ ပညာအရည်အချင်း ”

     “ B.D.S ( Rgn ) ”

     “ မြန်မာလိုဆိုရင်ရော ”

     “ ဘကုံးရေးလုံးကြီးတင်ဆံခတ် ဘီ ဒဒွေးရေး ”

     “ မဟုတ်ဘူးလေ မြန်မာလိုအဓိပ္ပာယ်ပြောတာ ”

     “ ဪ.…ဒါလား... သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ခေါ်တယ်ဗျ ”

     မဂ္ဂဇင်းစာစောင်များနှင့် အင်တာဗျူးနေခြင်းမဟုတ်ပါ ။

     အမှတ် ၆ တပ်မတော် ထောက်လှမ်းရေး တပ်တွင် ကျွန်တော့်အား စတင်စစ်ဆေးခြင်းဖြစ်သည် ။ အချုပ်ခန်း အကျဉ်းလေးထဲတွင် အထုအထောင်းခံပြီး နာရီဝက်ခန့်အကြာ ဤအခန်းသို့ ရောက်ရှိလာခြင်းဖြစ်၏ ။ နောက်ပြန်ခတ်ထားသော လက်ထိပ်နှင့် ခေါင်းစွပ်တို့ကတော့ အရိုက်အရာ ဆက်ခံနေဆဲပင် ။

     “ကျွန်တော်တို့က ခင်ဗျားကို လူကြီးလူကောင်း တစ်ယောက်လို သဘောထားပါတယ် ။ အဲသည်လိုပဲ စစ်ဆေး မေးမြန်းချင်တယ် ။ ခင်ဗျားကလည်း ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မခြွင်းမချန် ပြောစေချင်တယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေရှိပါတယ် ။ ကျွန်တော်ကတော့ မလုပ်ပါဘူး ။ ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ် ။ ဒီတော့ဗျာ အဲသလိုမျိုးအဖြစ် မခံစေချင်ဘူး ”

     ပျားရည်သုတ်ထားသော လှံသွားသည် ချိုမြစူးရှလှဘိ၏။

     သည်နောက် မှာတော့ လက်ထိပ်နှင့် ခေါင်းစွပ်များကို ဖြုတ်ပေးပြီ ကျွန်တော်၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို စတင် မေးမြန်းပါတော့သည် ။ ဘယ်ကျောင်းတက်လဲ ၊ ဘယ်တုန်းက ဘွဲ့ရလဲ ၊ အနုပညာနယ်ထဲ ဘယ်လိုရောက်လာလဲ ၊ ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေ ဘယ်နှစ်ကားလဲ စသည် စသည်ပေါ့ ။

    ဤသို့လျှင် အပြန်အလှန် မေးမြန်းဆဲမှာပင် ကင်မရာလွယ်ထားသော ယူနီဖောင်းဝတ် တစ်ဦးနှင့် အခြားနှစ်ဦး ပေါင်းသုံးဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ ဧကန္တတော့ ကျွန်တော်တို့ အင်တာဗျူး နေပုံကို မှတ်တမ်းတင်လို   .  .ထင့် ။

     သို့သော်ငြားလည်း ကျွန်တော်၏ အထင်မှာ မှားသွားရှာလေသည် ။ ကျွန်တော့်အား နံရံနှင့် ကျော​ကို ကပ်စေ ပြီး ဘုတ်ပြားတစ်ခုတွင် “ သူရ ( ခ ) ဇာဂနာ ( ဘ ) ဦးအောင်သိန်း ” ဟု ရေး၍ ကျွန်တော့်ရှေ့တွင် ထောင်ကာ မှတ်ပုံတင်ဓာတ်ပုံ ရိုက်သကဲ့သို့ ရှေ့တည့်တည့် မှတစ်ပုံ ၊ ဘယ်ဘက်ဘေးမှ တစ်ပုံ ၊ ညာဘက် ဘေးမှတစ်ပုံ သုံးမျိုးသုံးပုံရိုက်ကူးခြင်ပင်ဖြစ်၏။

     ဓာတ်ပုံရိုက်သည့် ကိစ္စပြီးသည့်အခါမှာတော့ စစ်ဆေးမေးမြန်းပွဲ ဒုတိယပိုင်း
အစီအစဉ်ကို ဆက်လက်ကျင်းပပါတော့သည် ။ ကျွန်တော့်အနေဖြင့် ဤအရေးအခင်းတွင် စတင်ပါဝင်လာပုံအကြောင်း တစေ့တစောင်းပင်တည့် ။ ဖော့တန်တာဖော့ ၊ ပြင်းတန်တာပြင်း ၊ ဘယ်ပြပြီး ညာ ရိုက်လိုရိုက်ဖြင့် မေးလိုက် ဖြေလိုက် လုပ်လာသည်မှာ ညနေ ၆ နာရီ ခွဲကျော်ကျော်သို့ပင် ဆိုက်ရောက်လာပေပြီ။ ကျွန်တော့်အား မေးမြန်းနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိနှင့် ရဲထောက်လှမ်းရေး အရာရှိတို့မှာလည်း မထတမ်း ၆နာရီကျော် ထိုင်နေကြသည်က တစ်ကြောင်း၊ ဆာလောင် မွတ်သိပ်လောက်ပြီ ဖြစ်သောကြောင့် အစီအစဉ်ကို ခေတ္တရပ်နားကာ အခန်းပြင်သို့ ထွက်သွားကြလေသည် ။ ညောင်းညာခွင့် ၊ ဗိုက်ဆာခွင့် မရှိသည့်အလား အခန်းအလယ်က ခုံတန်းလျားပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးကျန်နေခဲ့တော့သည် ။

     သို့သော်လည်း ကယ်တင်ရှင်တစ်ဦးပေါ်လာပြန်ပါသည် ။ လျှပ်တစ်ပြက် မီသွန်း ဖြစ်၏ ။ လက်ဖက်ရည်တစ်ခွက် ကိုင် • • •ဝင်လာပြီး “ ထမင်းတော့ ကျွေးချင်ပါတယ်ဗျာ ၊ ခွင့်မရှိလို့ပါ... အဆာပြေ လက်ဖက်ရည်လေး သောက်လိုက်ပါ ဆေးလိပ် သောက်ချင်ရင်လည်းရော့ ” ဟု ခပ်မြန်မြန် ခပ်သွက်သွက် ပေးစရာရှိတာပေးကာ အခန်းပြင်သို့ ပြန်ထွက်သွားပါတော့သည် ။ ကျွန်တော့်မှာတော့ လက်ဖက်ရည်လေး သောက်လိုက် ၊ ဆေးလိပ်လေး ဖွာလိုက်ဖြင့် မေးခဲ့ဖြေခဲ့သည်များကို ပြန်လှန် စဉ်းစားနေမိ၏ ။

     နောက် နာရီဝက်ခန့်အကြာမှာတော့ အထက်ကပုဂ္ဂိုလ်နှစ်ဦးသည် ပြန်လည် ရောက်ရှိလာပြီး တတိယပိုင်း အစီအစဉ်ကို ဆက်လက် ဆင်နွှဲခဲ့ကြပါတော့သည် ။

     ဒီတစ်ခါမှာတော့ ခေါင်းစဉ်က ပြောင်းသွားပြီဖြစ်၏ ။ အရေးအခင်း ကာလက ကျွန်တော်ပါဝင်ခဲ့သော အနေအထားလှုပ်ရှားမှု ၊ အဆက်အသွယ် စသည်တို့ပင်ဖြစ်၏ ။ အထူးသဖြင့် မေးမြန်းသူ ပုဂ္ဂိုလ်များ၏ အသိချင်ဆုံးကိစ္စမှာ ဦးတင်ဦး ( ဗိုလ်ချုပ်ကြီးဟောင်း ) ၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်မှုအနေအထား ၊ ရွှေချိုးဖြူလူငယ် ၊ ရဲမာန်လူငယ် စသော ရဲရဲတောက် အသေခံလူငယ်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုအနေ အထားတို့ပင်ဖြစ်သည်။

     အဘယ်ကြောင့် ဤမျှ အရေးကြီးနေသည်ကို နောင်သောအခါကျမှ ကျွန်တော့်မှာ သိခွင့်ရခဲ့လေသည် ။ ယင်းမှာ အခြားမဟုတ် ။ ကျွန်တော်တို့အား ဘားလမ်းထဲတွင် ဖမ်းဆီးပြီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်လာသောအခါ ရွှေချိုးဖြူလူငယ်အဖွဲ့က ဟိုင်းလပ်ကားအဝါဖြင့် နောက် မှ ထက်ကြပ်မကွာ လိုက်လာကာ ကျွန်တော်တို့အား ကယ်တင်ရန် ကြိုးစားသည်ဟု သိရ၏ ။ ထို့ကြောင့်ပင်လျှင် ကျွန်တော်တို့ အချုပ်ခန်းကို စောင့်ကြပ်ရန် တပ်မ ၂၂ မှ တပ်စု တစ်စုကို တာဝန်ပေးထားလေသည် ။ ထိုရွှေချိုးဖြူ လူငယ်အဖွဲ့တွင် M79 လောင်ချာ တစ်လက် ရှိနေသည်ဟုလည်းဆို၏ ။

     ကျွန်တော့်မှာတော့ ကိုယ့်အတွက်လည်း သူတစ်ပါးဒုက္ခမရောက်စေ ၊ ကိုယ်လည်း အန္တရာယ်ကင်းစေ မေးမြန်းသူများလည်း သူတို့လိုချင်သည်များကို တစ်ပိုင်းတစ်စ ရကြပါစေ ဟူသောသဘောပိုက်ကာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာနည်းကို ကျင့်သုံး.. ဖြေကြားနေရပါတော့၏ ။ တစ်ခါတစ်ရံမှာတော့ အရေးကြီးသည်ဟု ယူဆရသော ကိစ္စများကို အာပတ် လွတ်ရုံ သာမန်ကာလျှံကာ လျှမ်းပြောရပြီး တစ်ခါတစ်ရံမှာတော့ အရေးမကြီးသည့် အရေးအရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခြင်းဖြင့် အချိန်များကို
ကုန်လွန်စေခဲ့ရသည် ။

     သို့ ဖြင့် နောက်တစ်နေ့မနက် ( ၃-၁၀-၈၈ ) ၇ နာရီ အချိန်မှာတော့ ကျွန်တော့်အား မေးမြန်းသူများမှာ ပါးစပ်ညောင်း ၊ လက်ညောင်း ၊ ဖင်ညောင်းသွားကြ၍ ထင်သည် ။ ဆွေးနွေးပွဲ အစီအစဉ်ကို ရပ်ဆိုင်းလိုက်လေတော့၏ ။ ကျွန်တော့်အားလည်း လက်ထိတ်ပြန်ခတ် ၊ ခေါင်းစွပ် ပြန်စွပ်ကာ အချုပ်ခန်းတစ်ခုတွင်းသို့ ပို့ဆောင်လိုက်ပါတော့သည် ။

     သည်တစ်ခါရောက်ရသည့် အခန်းက ပထမဆုံး ကျွန်တော် အထိုးအကြိတ်ခံခဲ့ရသည့် အခန်းလောက် မသားနား ။ အကျယ်အဝန်းကတော့ ၉ ပေပတ်လည် အတူတူပင်ဖြစ် ။ သို့သော်ငြားလည်း ယခုအခန်းပတ်ပတ်လည်မှာ သစ်သားတန်း ဆင့်တွေ တန်းတွေ ရိုက်ထားသည် ။ လေဝင်ပေါက်မှန်သမျှကိုလည်း ကတ်ထူစက္ကူပြားများ ဖိုင်ဘာများဖြင့် ကာရံထား၏ ။ ခြစားထားသဖြင့် စုတ်ပြတ်ကြေမွနေသော သစ်ချောင်းများ အမှိုက်စများကလည်း ဒုနဲ့ဒေး ။ အခန်းထောင့်မှာကတော့ ထွေးခံတစ်လုံး ၊ ပြီးတော့ ပလတ်စ တစ်စက ဘိုးဘိုးခေါ်ရလောက်အောင် ပါးလွှာကြုံလှီနေသည့် ဖျာကြမ်းလား ဖျောချောလား ဘာမှန်းမသိသည့် ဖျာတစ်ချပ် ။ အမှိုက်တွေ စက္ကူစတွေကို သဘောလောက်ပုတ်ခတ်ရှင်းလင်းပြီး ယင်းဖျာပေါ်မှာပင် တုံးလုံးလှဲချလိုက်ရတော့သည် ။ တစ်နေ့လုံး တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရသည့်ဒဏ် ၊ ထိုးကြိတ်ခံထားရသည့် ဒဏ်တွေက ကျွန်တော်၏ အရိုးများအသားများကို ကောင်းစွာ တိုက်ပွဲဆင် နေပေတော့သည်။

     “ ရှူး ကိုဇာဂနာ ရေသောက် မလား ”

     မှေးကနဲဖြစ်သွားလိုက် လေသံတိုးတိုးလေးဖြင့် လာခေါ် နေသည်ကို ကြားလိုက်ရသဖြင့် သံတိုင်အဝသို့ လှမ်းကြည့်လိုက်ရာ မျက်နှာပြုံးချိုချိုနှင့် လူတစ်ယောက် ရေနွေးကရားကြီး ကိုင်၍ သံတိုင်ကြားထဲထည့် နှုတ်သီးနှင့် နှုတ်ခမ်းတေ့ကာ ဂွပ်ကနဲ ဂွပ်ကနဲ မြိုချပစ်လိုက်တော့သည် ။

     ထို ကိုပြုံးချို ပြန်သွားပြီးနောက် ခဏတဖြုတ် ပြန်လှဲဦးမည်ဟု ပြင်ဆင်ကာရှိသေး ဒုတိယအကြိမ် အင်တာဗျူးရန်လာပြန်ခေါ်သဖြင့် ကျွန်တော့်မှာ မူလအဆောင်အယောင်အတိုင်း လက်ထိပ်ခတ်ခေါင်းစွပ်စွပ်ကာ ပြန်ပါသွားရပါ တော့သည်။

     သည်တစ်ခါမှာတော့ ခေါင်းစဉ်ကပြောင်းသွားပြန်ပြီဖြစ်၏ ။ မိုးကြီး ( မိုးဝင်း  ) ၏ ပါးစပ်ဆော့မှုမှ ဖြစ်ပေါ်လာသော ရလဒ်ပင် ။ အာဏာသိမ်းပြီး နောက်တစ်နေ့ ချီတက်ပွဲ အကြောင်းဖြစ်၏ ။ ဘယ်လိုစသလဲ ဘယ်သူတွေပါသလဲ ဘယ်သူခိုင်းလို့လဲ ဘာကြောင့် လုပ်တာလဲ ။ တဖြေးဖြေးနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ဆွေးနွေးပွဲဆန်လာ၏ ။ တပ်မတော်အပေါ် ကျွန်တော်တို့ သဘောထားကို ပီပီပြင်ပြင် တင်ပြနိုင်လာ၏ ။ မေးမြန်းသူများကလည်း လမ်းဖွင့်ပေးသည် ။ သည်တော့လည်း အခွင့်အရေးရတုန်း ပြည့်ပြည့်ဝဝ ပြောနိုင်လိုက်၏ ။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို တကယ်မျှော်ကိုးရင် အစောပိုင်းကပင် အာဏာသိမ်းသင့်ကြောင်း အခုလိုအချိန်မျိုးမှာမှ အာဏာသိမ်းခြင်းသည် ယုံကြည်စရာမဟုတ်ကြောင်း ၂၆နှစ်လုံးလုံး မ.ဆ.လ သစ္စာတော်ခံခဲ့သောတပ်ကို မည်သည့်နည်းနှင့်မျှ လက်ကိုင်တုတ် မဟုတ်ဟု မပြောနိုင်ကြောင်း တိုင်းပြည်
ငြိမ်သက်စေလိုလျှင် အာဏာသိမ်းစရာမလိုသော နည်းလမ်းများစွာရှိကြောင်း ၊ အာဏာသိမ်းခြင်းမှာလည်း လှည့်ဖျားမှုတစ်ရပ်ဟုသာထင်ကြောင်း ၊ အာဏာဆက်ခံခြင်းဟူ၍လက်ခံထားကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်းပင် ဆွေးနွေးမိလိုက်သည် ။
     ပြောကောင်းကောင်းနှင့် လေကြောရှည်မိနေသည်မှာ လေးနာရီခန့်ပင် ကြာသွားလေတော့သည် ။ ဆာလောင် မွတ်သိပ်မှု သင်္ကေတဖြစ်သော ကွီကွီကွမ်ကွမ် အသံများကလည်း ဝမ်းခေါင်းတွင်းမှ ပေါ်ထွက်နေရကား ဆွေးနွေးပွဲအစီအစဉ်ကို ခေတ္တရပ်နားကာ ကျွန်တော်၏ ယာယီစံမြန်းရာ အချုပ်ခန်းသို့ ကြွလှမ်းခဲ့ရတော့၏ ။ သည်တစ်ခါမှာတော့ ပုံစံခွက်ဖြင့်ထည့်ထားသော ပဲဟင်းကြက်ဥကြော်တို့ဖြင့် ခြံရံထားသည့် ထမင်းပန်းကန်က ဆီးကြိုနေပေသည် ။ ဆာဆာနှင့် တစ်ပန်းကန်လုံး ပြောင်သွားအောင် ဝါးပစ်
လိုက် မိ၏ ။ သည့်နောက် ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည် ကျင်းပရပြန်သည် ။

     ပြောလိုက် မေးလိုက် ငြင်းလိုက်ခုံလိုက် ဟောက်လိုက် ရယ်လိုက်ဖြင့် စခန်း
သွားခဲ့ကြရာ ညနေ ၆းဝဝ နာရီထိုးမှပင် စခန်းသိမ်းရတော့၏ ။

     ကျွန်တော်လည်း ထိုအခါမှပင် မိမိ၏ ဘူမိနက်သန်နေရာမှန်သို့ ပြန်ခွင့်ရတော့သည် ။ သည်တစ်ခါလည်း ထမင်းပန်းကန်က အဆင့်သင့်ကြိုနေပြန်သည် ။ ဟင်းကတော့ ပြောင်းသွားပြီဖြစ်၏ ။ ကြက်ဥကြော်နှင့် ပဲဟင်း ။

     ညနေစာစားအပြီးမှာ ကျွန်တော်နှင့်တွေ့ရသည့် ပုဂ္ဂိုလ်ကတော့ မနက်က
မေးမြန်း ဆွေးနွေးခဲ့သူများ မဟုတ်ပါချေ ။ တပ်မှူး ဗိုလ်မှူးစန်းပွင့်ဆိုသူပင်ဖြစ်သည် ။သူက တပ်မတော်၏ သဘောထားကို ၂နာရီခန့် ရှင်းပြနေလေရာ သည်တစ်ခါမှာတော့ ကျွန်တော်က ရာထူးတက်ကာ နားသောတဆင်သူ ဖြစ်လာရတော့၏ ။

     နားထောင်ပွဲအပြီး အခန်းပြန်ရောက်သည့်အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုအရှိန်က တွန်းပို့နေသဖြင့် မျက်လွှာနှစ်စုံမှာ ငိုက်စင်းလာပေတော့သည် ။ သို့သော်လည်း ကျွန်တော်၏ ညာဘက် မျက်စောင်းထိုးအခန်းသို့ ကိုဌေး ( ဇင်ဝိုင်း ) ကို တွဲခေါ်လာသဖြင့် အတန်ငယ် မျက်စိကျယ်သွားရပေသည် ။ ကိုဌေးကို ကြည့်ရသည်မှာ ဝမ်းလျှောပြီးစ လူမမာ အရက် မူးလာသည့်နှယ် ပျော့ဖတ်နွမ်းရိလွန်းလှ၏ ။ လိုက်လံပို့ဆောင်သူများ ထွက်ခွာသွားပြီးမှ လေသံတိုးတိုးဖြင့် အခြေအနေကို လှမ်းမေးရသည် ။ တော်တော် မခံချင်စရာကောင်းလှ၏ ။ ကိုဌေးကို စစ်ဆေးမေးမြန်းနေစဉ်တွင် ကားတစ်စီးရောက်လာပြီး ဗိုလ်မှူးတစ်ယောက် ဆင်းလာကြောင်း အရက်နံ့မှာလည်း တထောင်းထောင်း ထနေကြောင်း ခေါင်းစွပ် စွပ်ထားရသဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိကြောင်း ထိုဗိုလ်မှူးဆိုသူက မင်းလားကွ ဇင်ဝိုင်းဟုဆိုကာ ထိုးကြိတ်ကန်ကျောက်ကြောင်း ဘေးလူများဝိုင်းဆွဲသဖြင့်
ဤမျှလောက်သာ ခံရကြောင်း ပြောပြကာ ပခုံး လည်ပင်း ကျောကုန်းတို့မှ ဒဏ်ရာများကို ပြလေသည် ။ သာမန် ရဲဘော်လေးတစ်ယောက်က ပြုမူသည်ဟုဆိုလျှင် နားမလည် ပါးမလည်မို့ ခွင့်လွှတ်သာသေး၏ ။ ခုလို အရာရှိတစ်ယောက်က ဤသို့လုပ်ဆောင်သည်မှာတော့ အောက်တန်းကျလွန်း၏ ။ သေးနုပ် သိမ်ဖျင်းလွန်းလှပေသည် ။ ကျွန်တော်တို့မှာတော့ ရင်ထဲမှာသာ ဒေါသထွက်ခွင့် ရှိသည်မဟုတ်လော ။ မကျေနပ်ပါကလည်း ဘာမှ မလုပ်နိုင် ။ ရှေ့ကသံတိုင်တွေကိုသာ ဝါးစားရန်ရှိတော့၏ ။

     များမကြာမီပင် တပ်မှူးဗိုလ်မှူးစန်းပွင့်ရောက်လာပြီး ကိုဌေးအား တောင်းပန်စကား ပြောလေသည် ။ ကျွန်တော့်အားလည်း လေဝင်လေထွက်ကောင်းသော ဦးအောင်မြင့်မြတ်တို့ အခန်းသို့ ရွှေ့ပြောင်းပေးလိုက်၏ ။ ကျွန်တော့်မှာတော့ ဦးအောင်မြင့်မြတ်ကိုရော သူ၏အခန်းဖော်ကိုပါ စကားပြောမအားတော့ဘဲ ဖျာကြမ်းပေါ်မှာ ခေါင်းကပ်ရင်း အိပ်ချပစ်လိုက်လေတော့သည် ။

ဇာဂနာ

ပထမ

No comments:

Post a Comment