Thursday, May 7, 2020

ဆိုင်ကယ်လှလှလေးတွေ



🛴   ဆိုင်ကယ်လှလှလေးတွေ

       ပုစွန်သေစေသော တော်သလင်းနေသည် ကျွန်တော့် အား ကောင်းစွာဒုက္ခပေးနေတော့၏ ။
      အကြိုအကြားများပါမကျန် တရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့် တစ်ကိုယ်လုံးမှာ ရွှဲနစ်နေတော့သည် ။ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး မှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်မှား လောက်အောင်ပင် ထုံကျင်နေတော့၏ ။

       မဖြစ်ခံနိုင်ပါရိုးလား....

       ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ ။

       အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်​ေထာက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကိုယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေတော့သည် ။ ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါဘိတော့ ။

       မိမိတို့သည် သူပုန်လည်းမဟုတ် ။ ဓားပြလည်း မဟုတ်ပါဘဲလျက် အဘယ့်
ကြောင့် ဤသို့ဤနှယ် လူ့တန်ဖိုးကို လျစ်လျူရှူသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိုင် ဖြစ်ရလေသည် ။ ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ဟု ဆိုရပြန်ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ်ကာလကပင် ဝိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရား တပေါင်း ပွဲတော်တမျှ စည်ကားနေပေရာ ဤအချက်သည် မဖြစ်နိုင်ပါ
ချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည် ။ ဤအချက်သည်လည်း မအောင်မြင်နိုင်ပါချေ ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုများနှင့် ကြီးပြင်းလာရသော ကျွန်တော်သည် ခေသူမဟုတ်ရကား ကားရပ်ပုံ ၊ မောင်းပုံ ၊ ချိုးကွေ့ပုံတို့ကို စိတ်ဖြင့်မှန်းပြီး ဟော သိမ်ကြီးဈေး ၊ ဘုန်းကြီးလမ်း ၊ ပြည်လမ်း ၊ ဦးဝိစာရလမ်း စသည်ဖြင့် မှတ်သားလာနိုင်ခဲ့ပေသည် ။ “     ခဝဲခြံရောက် မယ် တက်..တက် ” ဟူသော ကားစပယ်ယာများ၏ အသံကို ကြားရသည့်အခါ ဪ.. မရမ်းကုန်း လမ်းဆုံရောက်ပြီကိုး ။ ဒါဆို တို့ကို ထောက်လှမ်းရေး ၆ နဲ့ ရေကြည်အိုင် တစ်ခုခုကို ပို့မှာသေချာပြီဟု တွက်ဆမိလိုက်၏ ။ များမကြာမီပင် ကျွန်တော်တို့၏ တီအီး ၁၁ ကားကြီးသည်လက်ယာဘက်သို့ ချိုးကွေ့လိုက်ရာ ထောက်လှမ်းရေး ၆ ပဲဟု တစ်ထစ်ချ ယူဆလိုက်ရပါတော့သည် ။

       မြေနီလမ်းအတိုင်း မောင်းချလာသော ကိုရွှေတီအီးသည် လက်ယာဘက်ကို
ထပ်မံချိုးပြီးနောက် ကုန်းခပ်မြင့်မြင့် တစ်ခုကို တက်ကာ သက်ပြင်း ခပ်ကြမ်းကြမ်းတစ်ခု မှုတ်ထုတ်ပြီးနောက် ရပ်ချလိုက်လေတော့သည် ။

       “ ဟေ့ တစ်ယောက် မှ ခေါင်းထောင်မကြည့်စေနဲ့ ၊ တစ်ယောက်စီ ဆင်းခိုင်း ၊
ဒါအရင်ယူ ၊ ဟေ့ကောင် ... သော့ဖွင့်ပြီး ပလား ” စသဖြင့် တစ်ယောက်တစ်ပေါက်
အော်ဟစ်ပြောဆိုနေသံများကို ကြားနေရသဖြင့် ဧကန္တတော့ ဒီနေရာဟာ ရုံးခန်းတစ်ခုခု ( ဒါမှမဟုတ် ) ကင်းတဲ တစ်ခုခုဖြစ်လိမ့်မည်ထင်တယ်ဟု တွက်ချက်နေမိ၏ ။ ထိုအခိုက် မှာပင် ဗြုန်းခနဲ ကျွန်တော့်ခေါင်းကို အဝတ်ကြီးတစ်ခု စွပ်ချလိုက်ပြီး “ ထ ” ဟု ပြောလာသဖြင့် ကျွန်တော့်မှာ ခြေကျင်နေသည့်ကြားမှပင် အသာဖြည်းဖြည်း ထလိုက်ရ၏ ။ တစ်ဖန် “ ခုန်ချ ” ဟုဆိုပြန်သဖြင့် ကျွန်တော့်မှာ မမြင်မကန်း ရမ်းခုန်ချလိုက်ရာ ကံအားလျော်စွာ သဲပုံပေါ်တည့်တည့်ကျသွားသဖြင့် သက်သာရာ ရသွားပေသည် ။ ထို့နောက် “ ကဲ...ထ ” ဟုဆိုကာ ကျွန်တော်၏ လက် မောင်းအား လူတစ်ယောက်က ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်သဖြင့် ကျွန်တော့်မှာ ထိုပုဂ္ဂိုလ်နောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားရပြန်တော့သည် ။

       ထိုပုဂ္ဂိုလ်သည် တစ်လမ်းလုံး ကျွန်တော့်အား “ ရှေ့မှာတန်း ခေါင်းငုံ့ ”  ၊
“ ရေမြောင်းရှိတယ် ကျော်လိုက် ”  “ လှေကား ထစ်တစ်ခုရှိတယ် ” စသဖြင့် တတွတ်တွတ်ပြောပြီး စေခိုင်းလာလေသည် ။ ကျွန်တော်သည်လည်း ရှေ့က ထောက်လှမ်းရေးစာအုပ်များ ဖတ်ခဲ့ဖူးသည့်အားလျော်စွာ “ ခေါင်းငုံ့ ” ဟု အမိန့်ပေးသူက “ လုံးဝမငုံ့ ” ဘဲနေသည့် အဖြစ်ကို သံသယဝင်ပြီး နောက်ပိုင်း ထိုသူစေခိုင်းသမျှကို လိုက် မလုပ်ဘဲနေရန် ဆုံးဖြတ်လိုက်တော့၏ ။ “ သံဆူးကြိုးရှိတယ် ခေါင်းငုံ့ ” ဟု ထိုသူက ပြောလာသောအခါ ကျွန်တော်က မငုံ့ဘဲ တည့်တည့် ဝင်တိုးပစ်လိုက်ရာ ဘာသံဆူးကြိုးနဲ့မှ မညှိဘဲရှိလေသည် ။ အနှီပုဂ္ဂိုလ်... ထိုပုဂ္ဂိုလ်... ၄င်းပုဂ္ဂိုလ်... အကြင်ပုဂ္ဂိုလ်သည် သူ့ကြံစည်မှု ပျက်ပြားသွားသဖြင့် ဒေါသပွားကာ ကျွန်တော့်အား သစ်ပင်ကြီးတစ်ပင်ဆီသို့ အတင်း ဆွဲခေါ်သွားလေရာ ကံအားလျော်စွာ မျက်နှာနှင့် မတိုက် မိဘဲ ပခုံးနဲ့သာ တိုက် မိသဖြင့် သက်သာသွားရပြန်လေသည် ။ သည်နောက် မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက် များ ကုန်ဆုံသွား၍ထင် ကျွန်တော့်အား အခန်းတစ်ခုထဲသို့ ထည့်လိုက်တော့၏ ။ အုတ်နံရံနှင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင်  အနေအထားဖြင့် ကပ်ထားခိုင်းပြီးနောက် “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးကာ ထိုပုဂ္ဂိုလ်သည် အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားလေသည် ။ ကျွန်တော့်မှာဖြင့် ငိုအားထက် ရယ်အားသန်... ဘယ့်နှယ်... ခေါင်းစွပ်ကြီးစွပ်ထားတဲ့ဟာ ဘာမှ မမြင်ရတဲ့သူက လှည့်ကြည့်တော့ကော ဘာမြင်ရမှာမို့တုံး ၊ အကန်းကို တောင်ကြည့် မြောက်ကြည့် မလုပ်နဲ့လို့ပြောသလိုချည်းပါလား ။ ထို့နောက် ထိုပုဂ္ဂိုလ်သည် အခန်းထဲ ပြန်ဝင်လာပြီး ကျွန်တော်၏ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်ပြန်ပါသေးသည် ။ ေဩာ်  ဒုက္ခ ဒုက္ခ.. အခုထွက်ပြေးပါလို့ ခိုင်းရင်တောင်မှ မမြင်မကန်းနဲ့ ဘယ်သွားရမှန်း ဘယ်လာရမှန်းတောင် သိမှာမဟုတ် ။ လိပ်ကို မျက်နှာအဝတ်နဲ့စည်းပြီး ပက်လက် လှန်ထားသလိုပါလား ။

       မကြာခင်မှာပဲ အသံခပ်ဩဩ တစ်ခုက ပေါ်ထွက်လာပြန်သည် ။ ဒါက
ဇင်ဝိုင်း ၊ ဒါက ဇာဂနာ ၊ ဒါက မိုးဝင်း စသည်ဖြင့် တစ်ခန်းစီ တစ်ခန်းစီလိုက်၍ မိတ်ဆက်ပေးနေပါတော့၏ ။ တစ်ဆက်တည်း ဆိုသလိုပင် လူလေးငါးယောက်ခန့် ကျွန်တော်ရှိနေရာ အခန်းထဲသို့ ဝင်လာကြလေသည် ။ “ မင်းက ဇာဂနာလားကွ ” ဟူသော ခပ်ကြမ်းကြမ်း အသံနှင့်အတူ အုံးခနဲ ရိုက်လိုက်သော လက်ဖဝါး၏ အရှိန်ကြောင့် ကျွန်တော်၏
နဖူးမှာ အုတ်နံရံနှင့် မိတ်ဖွဲ့သွားရကာ ကြယ်တွေလတွေသည် စီကာတန်းကာ ပေါ်ထွက်လာပါတော့သည် ။ သည်နောက်မှာတော့ “ ဟေ့ကောင် လုပ်စမ်းပါဦးကွ ဒို့အရေးလေးဘာလေး ။

       “ ဒီမိုကရေစီ အော်ပါဦးကွ ”

       “ ဟေ့ကောင် အီမာ ပီတာ ကီစောင် လုပ်စမ်းပါဦး ”

       စသည်ဖြင့် ပြောလိုက် ထိုးလိုက်ဖြင့် အနှီ ပုဂ္ဂိုလ်များမှာ စံချိန်စံညွှန်း မမီမှာစိုး
သည့်အလား ကျွန်တော့်အား တဗုန်းဗုန်း တဒိုင်းဒိုင်းနှင့် ဝိုင်းထိုးနေကြပါတော့သည် ။ ကျွန်တော့်မှာတော့ သမ္မတလူကြမ်းအဖွဲ့ အလယ်သို့ ရောက်သွားရှာသော ရိုးရိုးအအ ရွာသားလေး တစ်ဦးလိုပင် ဖြစ်နေတော့၏ ။ သည်အထဲ ကောင်းကောင်းမထိုးဘဲ “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးနေသေးသဖြင့် ေဩာ်...  သူတို့မျက်နှာကို မြင်သွားမှာ တော်တော် စိုးရိမ်နေရှာကြပါလား ။ ကိုယ့်ကို ပြန်မမြင်နိုင်တဲ့ သူ ဘာမှပြန်မလုပ်နိုင်တဲ့သူ
တစ်ဦးကိုမှ ဝိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့သတ္တိမဟုတ်ပါလားလို့ တွေးမိပြီး အနှီ ပုဂ္ဂိုလ်များကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေရပါတော့သည် ။

       သည့်နောက် မှာတော့ သူတို့ပဲ ​ေညာင်းသွားလို့လား ။ ကျွန်တော့်ကိုပဲ သနား
သွားလို့လားမသိ ၊ ခေတ္တ အားလပ်ချိန် ဖြစ်သွားလေသည် ။ ကျွန်တော်၏ ကျောပြင် ၊ ဝမ်းဗိုက်တို့မှာလည်း သူတို့ကြိုက်သလို ထိုးကြိတ်ခွင့်ပေးထားပြီး ယခုမှပင် အနားရလေတော့သည် ။ သို့သော်လည်း “ နားပြန်လည်း မသက်သာ ” ဟူ ဘိသကဲ့သို့ အသံစူးရှရှနှင့် လူတစ်ယောက် ရောက်လာပြီး .....

       “ ဟေ့... ဒါဇာဂနာလားကွ ”

       “ ဟုတ်ပါတယ် ဆရာကြီး ” ဟူ၍ အမေးအဖြေ လုပ်ကြကာ ထိုစူးရှရှငနဲသည် အခန်း သံတံခါးကို ဖွင့်၍ ဝင်လာပါတော့သည်။

       သည့်နောက် မှာတော့ “ ဟေ့ကောင် ဒီမိုကရေစီတော့ မရဘူး ဒါပဲရမယ်ကွ ” “ မအေ.. ”  “ ငါ...မသား ” စသည် ဖြင့် ကျွန်တော်တစ်သက်တာမှာ တစ်ခါမျှ မကြားဘူးသော ဆဲနည်းဝေဆာ ပဒေသာဖြင့် အသုံးတော်ခံကာ သူ၏ ဒူးခေါင်း ၊ လက်ဝါးစောင်း ၊ ခြေထောက်တို့ဖြင့် ကျွန်တော်၏ ဝမ်းဗိုက် ၊ ကျောကုန်း ၊ လည်ကုပ်တို့ကို မိတ်ဆက်နေပါတော့သည်   ။ အချက်ပေါင်း နှစ်ဆယ်ခန့် စိတ်ရှိသမျှ သုံးဆောင်ပြီးသည့် အခါမှာတော့ ဤ စူးရှရှငနဲသည်လည်း ခေတ္တအနားယူပြန်လေသည် ။ သို့သော်လည်း ကျွန်တော်ကတော့ မနားရပါချေ ။

       “ ဟေ့ကောင် ဆိုင်ကယ်စီးတတ်သလား .…. စီးတတ်မှာပါကွာ ” ဟူ၍ သူ့ဘာသာသူ အမေးအဖြေလုပ်ကာ ထောက်လှမ်းရေးတပ်၏ နာမည်ကျော်ဆိုင်ကယ်ကို စီးခိုင်းပါတော့သည် ။

      ဆိုင်ကယ်ဆိုသည်မှာ အခြားတော့မဟုတ်ချေ။ ခြေဖျားထောက်၍ ခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းပြီး ဒူးကိုကွေးနိုင်သမျှ ကွေးခိုင်းထားကာ လက်နှစ်ဖက်ကို ( လက်ထိပ်ဖြုတ်၍ ) မြှောက်၍ မတ်တတ်ရပ်ခိုင်းထားခြင်းပင် ဖြစ်သည် ။ အတော်ပင် ညောင်းညာ ကိုက်ခဲသော အလုပ်ပင်ဖြစ်၏ ။ ခြေထောက် များ တဆတ်ဆတ်တုန်သည်အထိ ခံစားရလေသည် ။ ထိုအချိန်မှာပင် ဝုန်းခနဲ ပြိုလဲကျသံကြီးနှင့် အတူ “ ဟေ့ကောင် ဇင်ဝိုင်း ဘာဖြစ်တာလဲ ထစမ်း ” ဟူသော အသံကိုလည်းကောင်း ၊ “ ကျုပ်တို့တပ်ထဲမှာ အသက်ကြီးတာ ငယ်တာမရှိဘူး ။ ဟေ့လူ ရပ်စမ်း ” ဟူသော ဦးအောင်မြင့်မြတ် အခန်းမှ အသံကိုလည်းကောင်း ၊ “ တရုတ်ထဲမှာတော့ မင်းတော်တော် သောက်သုံးမကျတဲ့ကောင်ပဲ ”
ဟူသည့်ကို အမိန့်၏ အခန်းမှ အသံကိုလည်းကောင်း ၊ “ ကျွန်တော် မရပ်နိုင်လို့ပါခင်ဗျာ …..တောင်းပန်တယ်ဗျာ ” ဟူသော ဦးတင်စိုး၏ အသံကိုလည်း ကောင်း ၊ “ဟေ့ကောင် မိုးဝင်း မအေ...ဆဲစမ်းပါဦးကွ ” ဟူ၍လည်းကောင်း ၊ “ ကြောက်လှပါပြီခင်ဗျာ ……ကျွန်တော့် တစ်သက်တာ တစ်ခါမှ ဒီလို မခံစားဘူးပါခင်ဗျာ ” ဟူသော နောက်ပိုင်း ဇာတ်ထုပ်မှာ အာဏာပါးကွက်သားများအား ငိုယို တောင်းပန်နေသည့်နှယ် ကိုညီဝင်းစိန်၏ အသံ တို့ကိုလည်းကောင်း ဆက်တိုက် ဆက်တိုက် ကြားလာရတော့သည် ။

       ဒီအကောင်တွေရှေ့မှာ လဲကျလို့ အညံ့ခံလို့ မဖြစ်ဘူး ။ မင်းတို့ကြိုက်သလောက်လုပ် တောင့်ခံမယ်ကွဟု စိတ်ထဲမှာ ကြိမ်းဝါးပြီး ကိုယ့်ကိုယ်ကိုယ်အားတင်းလိုက် မိ၏ ။ သို့ငြားလည်း “ တင်းပြန်လည်း မသက်သာ  ” ဆိုသလိုပင် သူတို့ရှေ့မှာ လဲမကျသဖြင့် မကျေမနပ် ဖြစ်ကြသည်ထင် ကျွန်တော်၏ ပေါင်နှစ်ချောင်းကို တဖုန်းဖုန်းနှင့် လာကန်ကြ
ပါတော့သည် ။ ဪ... ရှင်မဟာမောဂ္ဂလန်လို မထေရ်မြတ်ကြီးပင်လျှင် ခိုးသားငါးရာ ဝိုင်းရိုက်သည့် ဒဏ် ခံရသေးသည်ပဲ ကိုယ်က ဘာကောင်မှ မဟုတ်တာ ..ဝဋ်ရှိသ၍ ခံဦးပေါ့လေ ဟူ၍သာ ဖြေသိမ့်၍ ကြိတ်မှတ်ခံနေရတော့၏ ။

       သို့ သော်လည်း ကံကောင်းထောက် မစွာ ကယ်တယ်ရှင်တစ်ဦးက ပေါ်
လာပါတော့သည် ။ “ ဟေ့...ဒို့ဆီကကောင်တွေ အကုန်ထွက် ” ဟူသော အသံနှင့်
အတူ “ ကိုဇာဂနာ သက်သာသလိုနေပါ သက်သာသလိုနေပါ ” ဟူ၍ ချိုသာပျော့
ပျောင်းစွာ လာပြောလေသည် ။ သို့ဖြင့် ကျွန်တော့်မှာ ဆိုင်ကယ်စီးခြင်း ဘေးဒုက္ခ မှ ကင်းငြိမ်းချမ်းသာ ရတော့၏ ။ ညောင်းညာ ကိုက်ခဲနာကျင်မှုတို့က ယခုမှပင် စုပြုံတိုးဝှေ့ ရောက်လာတော့သည် ။ မတ်တတ်ရပ်ရင်းနှင့်ပင် လက် မောင်း ကလေး နှိပ်လိုက် ၊ ပေါင်ကလေး နှိပ်လိုက်ဖြင့် သက်သာရာ ရလိုရငြား ကျွန်တော့်မှာ လုံးပန်းနေရတော့၏ ။ ထိုအချိန်မှာပင် နူးညံ့သော အသံပိုင်ရှင်သည် ပြန်လည်ရောက်ရှိလာပြီး.…

       “ ကိုဇာဂနာ ခေါင်းစွပ်ချွတ်လိုက်ပါ.…. အေးအေးနားပါ ။ အဲဒီမှာ ဖျာရှိပါတယ် ၊ လှဲချင်လှဲနေပါ ။ ကျွန်တော့်ကို ခေါင်းစွပ်ပေး အပေါ့သွားချင်ရင် ဟိုထောင့်မှာ
ခွက်ရှိတယ် ” ဟူ၍ ပြောလာပြန်လေသည် ။ ခေါင်းစွပ်ကို သံတိုင်များအကြားမှာ လှမ်းပေးရင်း ကိုနူးညံ့၏ မျက်နှာကို ကြည့်လိုက်တော့ အသားဖြူဖြူ နှာတံပေါ်ပေါ်နှင့် ကုလားမင်းသား မီသွန်းနှင့်တူသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏ ။ ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်ကို “ လျှပ်တစ်ပြက် မီသွန်း ”  ဟု
အမည်ပေးလိုက် မိသည် ။ သူထွက်ခွာသွားပြီးသည့် အခါမှာတော့ သမံတလင်းကြမ်းပြင်ပေါ်မှာပင် ခြေပစ်လက်ပစ် လှဲချပစ်လိုက် မိတော့၏ ။

ကျွန်တော်၏ နားထဲမှာတော့ “ တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီ
ရွေးကောက်ပွဲ လုပ်ပေးပါမယ်... တပ်မတော်သားတွေဟာ မိဘပြည်သူတွေနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ်
ယဉ်ယဉ်ကျေးကျေး ရှိရမယ် ”
ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိနေပါတော့သည် ။

 ◾    ဇာဂနာ

ပထမ

.

No comments:

Post a Comment