Tuesday, December 31, 2024

ဇာတ်ပွဲ ကြောက်တဲ့ တံခွန်စိုက် ပြဇာတ် ဒါရိုက်တာ

❝ ဇာတ်ပွဲ ကြောက်တဲ့ တံခွန်စိုက် ပြဇာတ် ဒါရိုက်တာ ❞

( မြို့တော် မောင်ယဉ်အောင် ၊ မန္တလေး )

[ မြန်မာ ဇာတ်သဘင် သမိုင်း မှာ မြို့တော် မောင်ယဉ်အောင် ( ၆၁ နှစ် ) ရဲ့ ပြဇာတ်တွေ က တခမ်းတနား နေရာ ရ ခဲ့တယ် ။ သူ ရေးသား ကပြခဲ့တဲ့ စင်တင် ပြဇာတ်တွေ ကို ပရိတ်သတ် က လွမ်းမောတသ နေကြဆဲ ဖြစ်ပါတယ် ။

“ ကျွန်တော့် ပြဇာတ် ကို ကျွန်တော် က နှစ်ခေါက် သုံးခေါက် ထက် ပို မကြည့်ဘူး ၊ ပရိတ်သတ်တွေ က အုန်းအုန်းအုန်းအုန်း ဆို ကျွန်တော် က ကြောက်ပြီး ချွေးတွေ ပြန်လာတာ ၊ ဒါကြောင့် ဇာတ်အဖွဲ့ နဲ့ မအိပ် ဘဲ မြို့ ထဲ သွား သွားအိပ်တာ ” လို့ ဆရာမောင်ယဉ်အောင် က ပြောတယ် ။

သူ့ ကို အနေ ရိုး လို့ လူချစ်လူခင် များတယ် ။ မန္တလေးမြို့ ယာဉ်ပျံရပ် က ဆရာမောင်ယဉ်အောင် ရဲ့ အိမ် ကို စာရေးဆရာ ကိုညီပုလေး နဲ့ အတူ သွား လည် ရင်း သူ့ ပြဇာတ်ဆရာ ဘဝ ကို ကျွန်တော် မေးတယ် ။

ဆရာ မောင်ယဉ်အောင် ဟာ သူ့ အိမ် မှာ နေတဲ့ ပုံစံအတိုင်း ရိပြဲ နေတဲ့ အင်္ကျီအနီကွက်ကလေး ကို ရင်ဘတ် ကြယ်သီး မတပ်ဘဲ ဝတ် ထားတယ် ။ ပလတ်စတစ် ကု,လားထိုင် မှာထိုင် ရင်း ဆရာ မောင်ယဉ်အောင် ပြောပြတဲ့ ပြဇာတ် သဘင် ထွန်းကား ရာ ၁၉၇၀ ခုနှစ်တွေ ကို ပြန် လွမ်း ရတယ် ။ ]

•••••   •••••   •••••   •••••

အံ့ဩစရာ ကောင်းတာ က ကျွန်တော် လုံးဝ ဇာတ် ဝါသနာ မပါဘူး ။ ပွဲ က တာကြီး ကို မကြည့်ရဲတာ ။ ဒါပေမဲ့ တစ်မျိုးလုံး က ဒါ လုပ်တာ ။ ကျွန်တော် က မြို့တော်သိန်းအောင် ရဲ့ အစ်ကို အကြီးဆုံး ရဲ့ သား ကိုး ။

ကျွန်တော့် အဖေ မှာ ညီအစ်ကို ငါးယောက် ရှိတယ် ။ အဖေ က ဦးသန်းငွေ ။ အဖေ ပြီးတော့ ဦးသက်ရှည် ၊ ဦးသက်ဖေ ( မြို့တော်မြစိန် ) ၊ ဦးသန်းရွှေ ( မြို့တော်သိန်းအောင် ) ၊ ဦးသန်းစိန် ( ဦးပေါစံ ) ။ ကျွန်တော့် အဖေ က ဇာတ်ထောင် ၊ ညီတွေ က ပွဲ က ကြတာပေါ့ ။ အဖေ က မိဘ လို အုပ်ချုပ်ပြီး ဇာတ် ကကြ တာ ။

ကျွန်တော့် ကို အဖေ က ဇာတ် က ရာ ခေါ်သွား ၊ ပြန်လာ မှ တိုင် ချိတ် ထားတဲ့ လွယ်အိတ် ကို ဖုန် ခါ ပြီး ကျောင်း သွား ၊ ခေါ် သွား ၊ ပြန် လာ မှ ကျောင်း သွား ဆိုတော့ ဟိုမမီ သည်မမီ နဲ့ ကျွန်တော် လည်း တော်တော် ဒုက္ခ ရောက်တယ် ။ ခြောက်တန်း ၊ ခုနှစ်တန်း မှာ ဟို မရောက် သည် မရောက် ဖြစ်နေတယ် ။ နောက်ဆုံး မှာ ကျောင်း ပျက်တာ များပြီး ကျောင်း ဆက် မတက်နိုင်တော့ဘူး ။ ဒါနဲ့ ည မှာ ညကျောင်း တက်မယ် ၊ နေ့ မှာ ပန်းချီကျောင်း တက်ချင်တယ် လို့ အဖေ့ ကို ပြော တယ် ။

ကျွန်တော် ပန်းချီကျောင်း စ တက် တဲ့ နှစ် မှာပဲ အဖေ ဆုံးတယ် ။ နယ် မှာ ပွဲ က ရင်း ဆုံးတာ ။ အကောင်းကြီး က နေ လေဖြတ်ပြီး သေရှာတာ ။ အဖေ သေတော့ ဇာတ် က သုံးနှစ် မက ဘဲ နား တယ် ။ ကျွန်တော် လည်း ပန်းချီကျောင်း ကို စတိုင်ပင် နဲ့ ဆက်တက် ရတယ် ။

ကျွန်တော်တို့ ရပ်ကွက် မှာ သင့်မိတ်ဆွေ ဆံပင်ညှပ်ဆိုင် က ဆံပင်ညှပ် ဆရာ ဦးညွန့်မောင် ဆိုတာ သူ့ ဆိုင် ကို လာချင်အောင် ကလေးတွေ ကို ချိုချဉ် ပေးတယ် ၊ လူပျိုပေါက်တွေ ကို တော့ စာအုပ် နဲ့ ဆွယ်တယ် ။ သည်လိုနဲ့ သူ့ ဆိုင် မှာ လူစည်တာ ။ ကျွန်တော် က စာဖတ် သိပ် ဝါသနာ မပါပေမဲ့ သူ ပြောတဲ့ စကားတွေ ကို ကြိုက် နေတာ ။ စကားလုံးတွေ ကို ပေါ့ ။ သူ က သည် စကားတွေ သိချင်ရင် စာအုပ်ဖတ် ဆိုပြီး စာအုပ်တွေ ငှား ပေးတယ် ။ ဗန်းမော်တင်အောင် လို စာအုပ်မျိုး တွေ ပေါ့ ။

မြို့တော်သိန်းအောင် ဇာတ် ပြန် က တော့ ကျွန်တော် က လည်း ပန်းချီ ကျောင်း က ပြီးပြီ ။ ကျွန်တော် ကို ကားလိပ်တွေ ဘာတွေ ပျက်ရင် ပြင်ဖို့ ဆိုပြီး ပန်းချီဆရာ အနေနဲ့ ခေါ်တယ် ။ ပွဲ က တဲ့ ည တစ်ည ငါးကျပ် ပေးတယ် ။

ဦးလေး ဦးသက်ရှည် က ပြဇာတ် ရေး တယ် ။ ရေး တာတွေ က ဟောင်း လာပြီ ၊ အသစ် တင်ဖို့ လို လာပြီ ။ သည်တော့ တစ်ဇာတ်လုံး မှာ ဝါသနာ ပါတဲ့လူ တွေ ပြဇာတ် ရေး ကြပါလို့ တောင်းဆိုတယ် ။ တစ်ပုဒ် ၂ဝဝ ပေးမယ် တဲ့ ။ အဲသည် တုန်း က ရွှေ တစ်ကျပ်သား မှ ၄၀ဝ ပဲ ရှိ သေးတာ ။ လွန်ခဲ့တဲ့ နှစ် ၄ဝ က ပေါ့ ။ သည်တော့ ပြဇာတ်တွေ ရေးကြရောပေါ့ ဗျာ ။ ပြဇာတ် တစ်ထုပ် အခန်း ၄ဝ လောက် ရှိတာ ။ လေးခန်း ပြီးတဲ့ လူ နဲ့ ငါးခန်း ပဲ ပြီးတဲ့ လူ နဲ့ အများဆုံး ပြီးတဲ့ လူ က ဆယ်ခန်း လောက် ပဲ ပြီးတာ ။ ရှေ့ မတိုး နိုင်ကြဘူး ။ ဇာတ် ကို ဘယ်လို သိမ်း ရမယ် ၊ အလယ် မှာ ဘယ်လို တင် ရမယ် မသိကြဘူး ။

အဲသည်တုန်း က ဦးချစ်ညွန့် ဆိုတဲ့ စာရေးဆရာ လည်း ဇာတ် မှာ ပါ တယ် ။ သူ့ ကို ခင်ဗျား ဟိုလိုလေး ရေး ပါလား ၊ သည်လိုလေး ရေး ပါလား ၊ ကျွန်တော် က သွား သွား ပြောတယ် ။ သူ က မင်း တတ် ရင် မင်း ရေး ပါလား ၊ တော်တော် နားငြီးတဲ့ ကောင်ပဲ လို့ ပြန် ပြောတော့ စိတ် ထဲ မှာ ထောင်းခနဲ ဖြစ် သွား တယ် ။ ရေး မယ်ပေါ့ ။

ကျွန်တော် က ကိုယ့် ကိုယ် ကို ဘယ်မှ မဟုတ်မှန်း သိတော့ ပြက္ခဒိန် နောက်ကျော တို့ စီးကရက်ဘူးခွံ တို့ မှာ ရေးပြီး ကလစ် နဲ့ တွဲတယ် ။ အဲဒါလေး ဖတ် ကြည့်ပါလား ပေါ့ ။ ဤမြေမှ သည်တောင်တန်း ။

အဲသည် ပြဇာတ် ကို အချော ပြန် ကူး ခိုင်းတယ် ။ ပြီးတော့ ရတနာ့ဂူ ပွဲ မှာ က ကြည့်တယ် ။ ပရိတ်သတ် က တစ်မျိုး တော့ တစ်မျိုးပဲ ကွ ၊ သည် ပြဇာတ် က တဲ့ ။ ဒါပေမဲ့ မကြိုက်ဘူး ။ ဘာ မကြိုက်တာလဲ ဆိုတော့ ကြည့် နေကျ ပြဇာတ်မျိုး မဟုတ် လို့ ။ အဲသည်တုန်း က သူများတွေ က နေကြတဲ့ ပြဇာတ်တွေ ကို ကျွန်တော် က လိုက် ကြည့်တယ် ။ ကြည့်ပြီး တော့ သူများ ပြဇာတ်တွေ ထဲ မှာ မပါတာမျိုး တွေ ချည်း ကျွန်တော် က လျှောက် လုပ်တယ် ။ သီချင်းဆိုခန်းတွေ ဘာတွေ မပါဘူး ။ ကျွန်တော် က ပန်းချီသမား ဆိုတော့ ဆက်တင်တွေ ရော အော တာပေါ့ ။

ဒါပေမဲ့ မအောင်မြင်ဘူးဗျ ။

ပြဇာတ် မရှိလို့ ကရင်း ကရင်း နဲ့ ရန်ကုန် သမိုင်း မှာ က တော့ ဒါရိုက်တာ ဦးသုခ နဲ့ မင်းသား ရွှေမန်းတင်မောင် တို့ နှစ်ယောက် တွဲ ညကြီး မှာ အော်စတင် ကား နဲ့ လာ ကြတယ် ။ သည် ပြဇာတ် က မြို့ထဲ မှာ နာမည်ကြီး နေလို့ကွ ဆိုပြီး လာ ကြည့်တာ ။ မှတ်မှတ်ရရ ဆရာဦးသုခ က ရှမ်းဘောင်ဘီ နဲ့ ။

ကြည့်မယ် ဆို လို့ စီစဉ်ပေး ပြီးတော့ ကျွန်တော် က သူ တို့နောက် နား က ကပ် ထိုင်တယ် ။ ဘာ ပြောသလဲ ဝေဖန်တာ ကြားချင်လို့ ။ သူတို့ က တိုးတိုး တိုးတိုး နဲ့ ပြောတာ ။ နောက်ဆုံးကျ နှစ်လည်း ကုန် ရော ရွှေမန်းတင်မောင် က ကျွန်တော်တို့ တီးဝိုင်း နဲ့ မင်းသမီး မြို့တော်မူမူ ကို သူ့ ဇာတ် ထဲ ခေါ်ချ သွားရော ။ သူတို့ အတွက် အသုံးချ ချင်တာ လည်း ပါတယ် ။ ကျွန်တော် တို့ ကို ရိုက်ချိုးပြီး သား လည်း ဖြစ် တာပေါ့ ။

အဲသည်လို ခေါ် သွားခြင်း အကြောင်းတရား က ကျွန်တော်တို့ အနုပညာ မာန ကို လှုပ်နိုး လိုက် သလို ဖြစ်သွားတယ် ။ ကျွန်တော် က ပြဇာတ် တစ်ပုဒ် ထပ် ရေးမယ် ။ ဒါပေမဲ့ မင်းသမီး က မရှိဘူး ။ ဒါနဲ့ ရန်ကုန် ဆင်း ကတော့ ခင်အုန်းမြင့်ကြီး ကို ရတယ် ။

နောက်ထပ် ပြဇာတ် တစ်ပုဒ် ကျွန်တော် ရေးတယ် ။ မိုးကြိုသည့်ပန်း ။ တောင်ပြုန်း မှာ စ တင်တယ် ။ တင် တဲ့ ည မှာ ကို ပဲ ရုံ က လေးဘက် လေးတန် မဟုတ်ဘူး ။ အမိုး တွေ ပါ ပွင့်ထွက် သွားတယ် ။

အမှန်က ကျွန်တော် တော် တာ မဟုတ်ပါဘူး ။ သူ့ ဟာသူ အကျိုး ပေး နေ တာပါ ။ ( ဟက်ဟက်ပက်ပက် ပြောရင်း ရယ်တယ် ။ ) လူတွေ က ဇာတ်ရုံ အမိုး ကို ဖောက်ပြီး မျောက်တွေ လိုညပဲ တန်းတွေ ပေါ် မှာ ထိုင် ကြည့်ကြတာ ။ မိုက် နဲ့ အော် ရတယ် ။ အကုန် ပြန် ဆင်းကြပါ ၊ အမိုး ပြိုကျမယ် ။

အဲသည်က ပြီး တော့ မန္တလေး ဘုရားကြီး ၄၅ တာ မှာ က တာ ။ မီးသတ်တွေ ရော တပ်ဖွဲ့တွေ ရော ချတာ ။ မနိုင်တော့ဘူး ။ ရုံပိုင် က သူ့ ရုံ ပျက် မှာ စိုးလို့ လိုက် တား တာ ။ ရုံပိုင် ကို ဝိုင်း ရိုက် ကြတယ် ။ ရုံပိုင် ဦးတင်မောင် ဆို သွေးတွေ ရဲ လို့ ။

အဲသည် နှစ် မှာ ရှေ့က သွား နေတဲ့ ရွှေမန်းတင်မောင် ကို ပခုံးချင်း ယှဉ် နိုင် လာတယ် ။ အချို့ နေရာတွေ မှာ တော့ မေးတင် လိုက်တယ် ။

ကျွန်တော် က ရုပ်ရှင်မင်းသား မောင်သင် နဲ့ တွဲ မိတယ် ။ သူ နဲ့ ပေါင်း မိ တော့ ကျွန်တော် က ဆရာဝန် အကြောင်းတွေ ရော ၊ စစ်ဗိုလ် အကြောင်းတွေ ရော သိပြီး မိုးလား တိမ်လား မြူလား ပြဇာတ် ကို တင်တယ် ။

အရင် က တော့ ဇာတ် ထဲ မှာ စစ်သား လုပ်လုပ်  ၊ ရဲ လုပ်လုပ် ကြုံရာ ဘောင်းဘီ ကောက် စွပ်တာပဲ ။ ဘောင်းဘီ ဖြစ် ရင် ပြီးရော ။ အဲသည် အချိန် မှာ ကျွန်တော် က သပ်သပ်ခပ်ခပ် လုပ်တယ် ။ ပြဇာတ် ထဲ မှာ ပါတဲ့ လူတွေ ကို စစ်ဆို ရင် စစ်သင်တန်း တက် ခိုင်းတယ် ။ တိုင်းရင်းသားခန်း ဆို ရှမ်း ဆို ရှမ်းဝတ်စုံ ၊ ကချင် ဆို ကချင်ဝတ်စုံ ၊ ကရင် ဆို ရင် ကရင်ဝတ်စုံ စနစ်တကျ လုပ်တယ် ။

အဲဒါကြီးက ဘယ်လောက် အထိ အောင်မြင် သွားလဲ ဆိုတော့ နိုင်ငံတော် က ကြည့်မယ် ဆိုတဲ့ အထိ ဖြစ်သွားတယ် ။ နိုင်ငံတော် သမ္မတကြီး က ယဉ်ကျေးမှု ဇာတ်ခုံ မှာ ကြည့်မယ် ပေါ့ ။ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်သောင်းဒန် က စီစဉ် ပေး ရတယ် ။

အော်ပရာ ကျ တော့ ဆရာကြည် ရဲ့ မြင်စိုင်းသား ကဗျာ ကို အော်ပရာ က တယ် ။ ခွာသံ ဖျောင်းဖျောင်း ၊ ဖုန်ထောင်းထောင်း ၊ မြင်စိုင်းသားတို့ မြင်းစီး ကောင်း ။ အဖွင့် မှာ ကဗျာ ကို ထည့် ရွတ် တယ် ။ ပရိတ်သတ် နားလည် အောင် ပြောတယ် ။

အဲသည် နှစ်ခု လုပ် လိုက်တော့ အောင်မြင် သွားတယ် ။ အံ့ဩစရာ ကောင်းတာ က အဲသည် ဇာတ်ကြီး ကို လူကြီးတွေ က ကြည့်တယ် ဆိုတော့ ရောက်လေရာ မြို့တိုင်း မြို့တိုင်း မှာ အကြီးအကဲ မှန်သမျှ အကုန် လာ ကြည့် ကြ တယ် ။ မြို့တွေ မြို့တွေ မှာ သည် လူကြီးတွေ တောင် ကြည့်ရတယ် ဆိုပြီး ဇာတ်ကြီး က မြင့် သွားတယ် ။ ဇာတ်ကြီး က ကြီးကျယ် သွားတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

    °°°°°°°°°°°°°°°°°°°°°°°°°

❝ သမိုင်းတစ်လျှောက် လေအကြွား မထုတ်ခဲ့သူ ❞

( မြို့တော် မောင်ယဉ်အောင် ၊ မန္တလေး )

[ “ လှိုင်း ကြောက်ရင် လှေသမား မလုပ်ပါဘူး ၊ သမိုင်း တစ်လျှောက် မှာ လေအကြွား မထုတ်ခဲ့သူ ” ဆိုတဲ့ စကား က မောင်ယဉ်အောင် ကို အလေးအမြတ် ပြုတဲ့ စကား တစ်ခုပါ ။

ဇာတ်ပွဲ ဝါသနာ မပါပေမဲ့ ဇာတ်သဘင် မိသားစု က မွေးဖွားပြီး ဇာတ် ဝန်းကျင် မှာ လူလား မြောက်ခဲ့ရတဲ့ မောင်ယဉ်အောင် ဟာ အခြေအနေ ရဲ့ တောင်းဆိုမှုကြောင့် မြို့တော် သိန်းအောင် ဇာတ်အဖွဲ့ ကို ပြဇာတ်တွေ ရေးပြီး တင်ဆက် ခဲ့တယ် ။

မြို့တော် မောင်ယဉ်အောင် ရဲ့ မိုးလား တိမ်လား မြူလား ပြဇာတ် ကို နိုင်ငံတော်သမ္မတကြီး က ကြည့်တဲ့ အထိ ထင်ရှားခဲ့တယ် ။ ဆရာမောင်ယဉ်အောင် နေထိုင်တဲ့ မန္တလေးမြို့ ယာဉ်ပျံရပ် နေအိမ် ကို သွားရောက်ပြီး သူ့ ပြဇာတ် ဒါရိုက်တာ ဘဝ ကို မေးမြန်းပါတယ် ။ ]

•••••   •••••   •••••   •••••

မိုးလား တိမ်လား မြူလား ပြဇာတ် အောင်မြင်တယ် ဆိုတော့ လူ့ သဘာဝ ဉာဏ် ကွန့် လာတာပေါ့ ။ ဇာတ်သမားတွေ ကို စည်းကမ်း လုပ်တယ် ။ မနက်လင်း ရင် ကိုယ့် ဟာ ကိုယ် အမှိုက် လှဲ ရတယ် ။ ရေဖျန်း ရတယ် ။ သည် ရုံ က နောက် တစ်ရုံ ပြောင်းတော့မယ် ဆိုရင် သန့်ရှင်း နေအောင် လုပ်ခဲ့ရတယ် ။ ကိုယ် နဲ့ မဆိုင်တော့ပေမဲ့ နောက် လာတဲ့ အဖွဲ့ က စည်းကမ်း မရှိဘူး ပြော မှာ စိုးလို့ ။ ဇာတ်သမား ဆိုတာ အရင် က တော့ ကန်သင်းရိုး ခေါင်းထိုး အိပ် တာကိုး ။ အခုတော့ မြို့တော်ဇာတ် မှာ ဇာတ်သမားတွေ အိပ် ဖို့ တစ်ယောက် ခုတင် တစ်လုံး ပေး တယ် ။ အဝတ်အစား သေတ္တာ က လည်း ကိုယ်စီ ။ ထမင်းစားပွဲ ထားပြီး ဟင်းကောင်း တစ်ခွက် ပါ ရတယ် ။ လက်ဆေး စား ရုံပဲ ။ ဟင်း ၊ ထမင်းအိုး ကို ဇာတ် ဆရာ ကိုယ်တိုင် ထွက် ကြည့်တယ် ။ ည အိပ်ရေး ပျက်တဲ့ သူတွေ ဟင်း ကောင်း မှ ထမင်း စား နိုင်မယ် ။ ကျန်းမာရေး ကောင်း မှ အလုပ် လုပ်နိုင်မယ် ။

ထမီအပြာဝတ် သူနာပြု ဆရာမ တစ်ယောက် ခန့် ထားပြီး ကျန်းမာရေး ဂရုစိုက် ပေးတယ် ။ ဇာတ်သမားတွေ က လည်း ဘယ်လောက် ပြောင်းလဲ သွားသလဲ ဆိုရင် ဝတ်တာ စားတာ နေတာ ထိုင်တာ ကို ကောင်းသည် ထက် ကောင်း အောင် စည်း နဲ့ ကမ်း နဲ့ နေတယ် ။ ဇာတ် အချင်းချင်း က ကို ရိုသေတယ် ။ အဲသည်လို လူတွေ ကို ကိုင်တွယ် ရတာ ဆိုတော့ ပြော မနေနဲ့တော့ ၊ သိပ် ကောင်းတယ် ။

ပစ္စည်း ဆိုရင်လည်း အစုံ ပေးထားတာ ။ ဒိပြင် ဇာတ်တွေ က ပစ္စည်း သယ်ယူ ဖို့ ကား ခြောက်စီး ၊ ခုနစ်စီး ဆိုတာ အများဆုံး ။ မြို့တော် က ကိုးစီး ။ ကြိုက်တဲ့ ပစ္စည်း တင် ။ လိုချင်တာ အကုန် ရ စေတယ် ။ ဆက်တင်တွေ ကြိုက်သလို လုပ် ။ မင်းသမီး ဆိုရင်လည်း ဆိုက်စုံ ။ အလတ် လိုချင် သလား ။ အငယ် လိုချင် သလား ။ အငယ် က လည်း ဘယ်နှယောက် လိုချင်သလဲ ။ လူ က ၁၂၅ ယောက် ရှိတယ် ။ လူတွေ အားလုံး ဟာ တပ်ဖွဲ့ကြီး တစ်ခုလို ဖြစ် နေတယ် ။

ရွှေမန်းတင်မောင် နဲ့ တွေ့ တော့ “ လေးလေး ဇာတ် လည်း ပြဇာတ် ရေး ပေးပါ ။ လေးလေးတို့ က ဇာတ် က ကြီးတယ် ငယ်တယ် မဟုတ်ပါဘူး ။ နေရာ ပေးပါတယ်ကွ ” တဲ့ ။ အဲသည်တုန်း က ကျွန်တော့် အသက် က ၂ဝ ၊ ကျွန်တော် က “ ဘာမှ မဟုတ်ပါဘူး လေးလေး ရာ ၊ ပြက္ခဒိန် ဖင်လှန် ပြဇာတ် လျှောက် ရေးတဲ့ သူမျိုးပါ လို့ပြောရတယ် ။ ပြီးတော့ လေးလေး တို့ ဇာတ် နဲ့ ကျွန်တော် နဲ့ ဖြစ်မှာ မဟုတ်ဘူး လို့ ၊ ကျွန်တော်တို့ က ခေတ်ပုံစံတွေ ဖြစ် နေပြီ ။ လေးလေး ဇာတ် က ဇာတ်ကောင်တွေ က ဗုဒ္ဓဝင်ရုပ်တွေ ဖြစ်နေပြီ ” လို့ ။

ကျွန်တော် က ရိုးရိုးသားသား ပြော တာပါ ။ ရွှေမန်းဇာတ် က ဗုဒ္ဓဝင် ဆိုရင် အပီ ပဲ ။ သိပ် ကောင်းတာ ။ နိပါတ်တော် ပန်းချီကားတွေ လို ပဲ ဆိမ့်ပြီး အရသာ ရှိတာ ။ ကျွန်တော် က ကြိုက်လို့ ပြောတာ ။ နှိမ်လိုက် သလို ဖြစ် သွားပြီး ဦးတင်မောင် မျက်နှာ ပျက် သွားတယ် ။ ဦးတင်မောင် ဆုံးခါနီး ခုနစ်လ လောက် အလို ပြည် ဘက် မှာ တွေ့တော့ ကျွန်တော့် လက် ကို ဆွဲ ပြီး မင်း ပြော သလိုပဲ ကွ ။ ငါ့ လူတွေ က ဗုဒ္ဓဝင် ထဲ တင် အိပ်ပျော် နေပြီ ။ ငါ ပြင် ချင် တိုင်း ပြင်လို့ မရတော့ ဘူးလို့ ပြောတယ် ။ သူ က တကယ် ကြိုးစားတဲ့ လူ ၊ တကယ် တိုးတက်အောင် လုပ်ချင်တဲ့ လူ ကိုး ။

ကျွန်တော် လည်း ဒါ မှတ်သား စရာပဲ ။ မိုးလား တိမ်လား မတရား အောင်မြင်တော့ လူတွေ က လည်း အကုန်လုံး ပုံစံကျကြီးတွေ ဖြစ် ကုန်တယ် ။ ဒါတော့ ဖျက်မှ ပဲ လို့ “ သဘင်သည် မဝင်ရ ” ဆိုတဲ့ ဘာမှ မဆိုင်တဲ့ ပုံစံ တစ်မျိုး ရေး လိုက်တယ် ။ ဒါကို ကြိုးစားတော့ ပေါက်သွား ပြန်တယ် ။

ဒါပြီးတော့ “ ကောက်ပင် တစ်ရေးနိုး ” လယ်သမား ဇာတ် ။ အရင်က ဟာတွေ နဲ့ ဘာမှ မဆိုင်တော့ဘူး ။ ဇာတ်ကောင်တွေ ကို စရိုက်ရှင် လုပ်တယ် ။ ရွှေမန်းဦးတင်မောင် ပေးတဲ့ သင်ခန်းစာ ။ လူတွေ ကို တစ်နေရာတည်း အသေ မထားတော့ဘူး ။ ဇာတ်ကောင် အတွက် မင်းသမီး ဆို သည် မင်းသမီးတွေ ချည်း ပဲ ။ အခုတော့ သူ့ ဘယ်လောက် ကြိုက်နေ နောက် တစ်ယောက် ပြောင်း က ကြည့် တယ် ။ ဇာတ် ထဲ မှာ ဘယ်သူမှ သူ မရှိလို့ မဖြစ်ဘူး ဆိုတဲ့ အနေအထား မဟုတ် တော့ဘူး ။

ရိုးသားစွာ ပြောရမယ် ဆိုရင် ကျွန်တော် ဘာမှ မသိ ၊ မတတ်ပါဘူး ။ ဇာတ်သဘင် က သည်သွေး ထဲ ပါလာ လို့ ဝင် သွားတာ ။ ဝင်သွားပြီး မှ ပညာရှင် တွေ ဆီ က လေ့လာတယ် ။ ပညာရှင်တွေ က စေတနာ ထားကြတယ် ။ ပေးကြ တယ် ။

ကျောင်းသား ပရိသတ် ကို ဆွဲမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ “မြန်မာတို့ ပုဂံ ” ကို က တယ် ။ ဆရာဇော်ဂျီ ဆီ သွားတယ် ။ အဲသည် အချိန် က ပုဂံခေတ် ဝတ်စုံ ကို ရုပ်ရှင် ထဲ ပါဖို့ ဇာတ်ခုံ ပေါ် တင်ဖို့ ဆိုတာ ဝေးရော နံရံဆေးရေးပန်းချီ မှာ ပဲ ရှိသေးတယ် ။ အဲသည်လို အချိန် မှာ ကျွန်တော် က ဝတ်စုံပြည့် ဝတ်မယ် ဆိုတော့ ဆရာဇော်ဂျီ က လုပ်ရင် သိပ် ကုန်မှာပေါ့ ။ ရတနာပုံခေတ် အဝတ်အစား နဲ့ ပဲ က ပါ လား တဲ့ ။ မဟုတ်ဘူး ဆရာ ၊ ပုဂံခေတ် အငွေ့ အသက် ၊ ပုဂံခေတ် အရသာ နဲ့ ကျွန်တော် ကချင်တာပါ လို့ ပြောတယ် ။

ကျွန်တော် က ဆရာဇော်ဂျီ ဂုဏ်ပြုပွဲ ဆိုပြီး လုပ်တယ် ။ လေးငါး ခြောက်လ ကြိုပြီး ယွန်းထည်တွေ မှာတယ် ။ ဇော်ဂျီရုပ် တွေ နဲ့ ။ ယောလုံချည် ၊ ပင်နီချော ၊ ကတ္တီပါဖိနပ် နဲ့ သုဝဏ္ဏဇာတ်ရုံကြီး မှာ ဆရာဇော်ဂျီ ကို အခမ်းအနား နဲ့ ကန်တော့ပြီး မြန်မာတို့ ပုဂံ ကို က တယ် ။ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် နဲ့ စာရေးဆရာတွေ ၊ တက္ကသိုလ် က ဆရာတွေ လာ ကြည့် ကြတယ် ။

မြို့တိုင်း မှာ စာပေ ပရိတ်သတ်တွေ ရှိတယ် ။ သူတို့ က ပြဇာတ် ကို သည် နေရာ ဆို မကောင်းဘူး ။ ကောင်းတယ် ဆိုတဲ့ အမြင်တွေ ပြောကြတယ် ။ ဂုဏ်ထူး ဦးသိန်းနိုင် က စကားလုံးတွေ တော်တော်များများ ကူညီတယ် ။ ဆရာ ဦးအောင်သင်း နဲ့ ရန်ကုန် ရောက် ရင် တစ်နေကုန် ထိုင်ပြီး စကား ပြောတယ် ။ ဒါတွေက ကိုယ့် အတွက် သင်တန်း လို ဖြစ်သွားတယ် ။ ကျွန်တော့် ဆရာတွေ က မြန်မာ တစ်နိုင်ငံလုံး မှာ ရှိပါတယ် ။

ဇာတ် က ပရိသတ် ကို စောင့် ပြီးမှ ထွက်တဲ့ ထုံးစံ မလုပ်ဘူး ။ ကိုးနာရီ ဆို ကိုးနာရီ တိတိ ထွက်တယ် ။ မကခင် မှာ တီးဝိုင်း မတီးဘူး ။ ကက်ဆက်ပဲ ဖွင့် ပေးထားတယ် ။ တီးဝိုင်း တီးတာ မှုတ်တာ ကို ပိုက်ဆံ မပေးဘဲ မကြည့်ရ နားမထောင်ရဘူး ဆိုတဲ့ သဘောပေါ့ ။ ရုံ မခါခင် မှာ ဝင် ကြည့်တဲ့ လူတွေ က တီးဝိုင်း ပစ္စည်းတွေ ကြည့်ပြီး ဒါကြီးတွေ တီးမှာပါလား လို့ ကြည့်တယ် ။ စန္ဒရား တွေ ၊ ဆက်ဆိုဖုန်း တွေ ၊ ဇာတ် တစ်ခု လုံး မီးမှောင် ထားပြီး ပရိတ်သတ် ကို ပဲ လင်းပေး ထားတယ် ။ တီးဝိုင်း ကို စပေါ့လိုက် တစ်လုံး စီ မီးထိုး ပြ ထားတယ် ။

ပရိသတ် ထိုင် မိလို့ ပွဲ မကခင် ၁၅ မိနစ် အလို ဘဲလ် တီးရင် တီးမယ့် မှုတ်မယ့် လူတွေ က တိုက်ပုံအင်္ကျီ ၊ တူညီဝတ်စုံတွေ နဲ့ ဆင်းလာပြီး ကိုယ့် နေရာ ကိုယ် ထိုင်တယ် ။ ရုံ ခါတဲ့ အချိန် မှာ ပတ်စမ်းတာတွေ ဘာတွေ အဆင်သင့် လုပ် ထား ၊ ပရိသတ် ရောက် မှ မလုပ်ရဘူး ။ ဆေးလိပ် မသောက်ရဘူး ။ ကိုယ့် နေရာ ကိုယ် ထိုင်မိပြီး အချိန်ကျလို့ အချက်ပြ မီး ပြလိုက်တာ နဲ့ တီးဝိုင်း က တစ်ပုဒ် တည်း တီးတာ ။ ပရိသတ် က လည်း သည် တစ်ပုဒ် တည်း နဲ့ သည် တစ်ည တန်ပြီ လို့ ဖြစ်အောင် တီးတာ ။ အလုပ် အပ်တဲ့ အခါ မြို့တော်ဦးသိန်းအောင် က သည် တစ်ပုဒ်တည်း နဲ့ ပရိသတ် က သည်နေ့ ည တော့ တန်ပြီ ထင်အောင် တီးပါလို့ အပ်တာ ။

“ အိပ်မက်စေတမန်  ” သီချင်း ရေးတဲ့ ကိုသန်းကြွယ် က အဖွင့် သီချင်းတွေ ရေးတယ် ။ သီချင်း တစ်ပုဒ်တည်း နဲ့ သည်ည တန်ပြီလို့ ဖြစ်အောင် ရေးစမ်းပါ ဆို တော့ အဲသည်ခေတ် က ရုံဝင်ခ တစ်ကျပ် ၊ နှစ်ကျပ် ။ တစ်ည ရုံပြည့်ရင် ငွေ ဘယ်လောက် ရသလဲလို့ ကိုသန်းကြွယ် က ပြန် မေးတယ် ။ တစ်သောင်း ကျော် တော့ ရမှာပေါ့ ဆိုတော့ ဒါဖြင့် သီချင်း က သောင်းကျော်တန် ရေးရမှာပေါ့ ။ အဲသည်လို စိန်ခေါ်ပြီး အလုပ် လုပ် ကြတာ ။

အထူးသဖြင့် အံ့ဩစရာ ကောင်းတာ က မြို့တော်သိန်းအောင် တစ်ခေတ် မှာ အနုပညာရှင်တွေ က ကြေးစား မဟုတ်ဘူး ။ ဥပမာ ကိုစိန်မောင်ဝင်း ( ဆရာဝင်းစည်သူ )ပေါ့ ။ တစ်ရပ်တည်း နေတဲ့ သူငယ်ချင်း တွေ ။ တစ်ယောက်  နဲ့ တစ်ယောက် မနာလို မရှိဘူး ။ တစ်ဦး ကို တစ်ဦး အကူအညီပေးကြတာ ။

ကျွန်တော် ကံကောင်းတာ က ကျွန်တော့် မှာ ဆရာတွေ အများကြီး ရှိတာဗျ ။ ပန်းချီကျောင်း တုန်း က ဆရာဦးအေးကျော် ဆိုရင် ဆရာ က စကား သိပ် ပြောတယ် ။ ကျောင်းသားတွေ က ပန်းချီ ပဲ ရေးချင်တော့ ဆရာ ကို သိပ် မကြိုက်ဘူး ။ ဆရာ ပြောတဲ့ စကား ထဲ မှာ မှတ်မှတ်ရရ ဖြစ် နေတဲ့ စကား က မင်းတို့ ကို အရေး သင်မယ့်ဆရာ က များတယ် ။ အတွေး သင်မယ့် သူ က နည်း တယ် ။ ဒါကြောင့် မင်းတို့ ကို ငါ က အတွေး သင်ပေးတာတဲ့ ။ အဲသည်တုန်း က တော့ ကလေး နဲ့ သူ့ စကား က ကြီး နေတာပေါ့ ။ ဒါပေမဲ့ ကျွန်တော် က သူ ပြော တာ နားထောင်ပြီး တွေးတတ် လာတယ် ။ အရေး ထက် အတွေး က ပို အရေးကြီး တာ ခုတော့ နားလည်လာပြီ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

 

တောင်ပြန်လေ နှင့် အတူ


 

❝ တောင်ပြန်လေ နှင့် အတူ ❞
          ( တင်တင်ဦး )

( ၁ )

ဆောင်းနှင်းရွက် တို့ ကြွေသက်စ ပြုပြီ ။

နွေဦးလေ သည် ဘယ်တော့မှ အတည်မကျ ပြေးလွှား၍ သာ နေ၏ ။

သူ့ လမ်း ၌ ကြွေကျခဲ့သည့် သစ်ရွက် တစ်ရွက် ကို တော့ သိ မှ သိခဲ့ပါလေစ ။

တကယ်တော့ ‘ အထွန်း ’ ဆိုသည် မှာ လည်း ဦးတည် ရာမဲ့ ပြေးလွှား လျက် ရှိသည့် နွေဦးလေ ဟု သာ ခင်မမ ဆိုချင်သည် ။

လမ်း ရှိသမျှ အရာရာ ကို ဝင်ရောက် မွှေနှောက် ထား ခဲ့ပြီး အဝေး သို့ တစ်ဖန် ပြေးလွင့် ပျောက်ကွယ် သွားပြန် သည် ။

သူ့ မှာ ဘာ တစ်ခုမျှ အဆုံးအဖြတ် မရှိ ။

ဘယ်တွင် အဆုံးသတ် လေမည် လည်း မသိ ။

( ၂ )

မနေ့က အထွန်း အိမ် ပြန် ရောက်သည် ။ နေ မကောင်း ၍ ခွင့်ရက်ရှည် နှင့် အနားယူ ရန် လာသည် ဟု ဆို၏ ။ ခြောက်နှစ် ကျော် ခုနစ်နှစ် နီးပါး လွင့် နေပြီး ကာ မှ မမျှော်လင့်ဘဲ ဗြုန်းစားကြီး တွေ့  ရတော့ အားလုံး က တအံ့တသြ နှင့် ။

“ ဒီလောက် အကြာကြီး ခွဲနေတာ တောင် ငါ့ မြေး ဆီ က ရယ်လို့ ပြ စရာ အလွမ်းပြေ စာလေး တစ်စောင် တောင် ရေးဖော် ရရဲ့လား ဟင် ”

အဘွား သည် မျက်ရည် ကို လက်ဖမိုး နှင့် သုတ်ရင်း ဝမ်းသာ ဝမ်းနည်း ဆီး၍ အပြစ် တင်၏ ။

“ တီဘီများလား မှ မဆိုနိုင်ဘဲ ၊ တို့ ကွယ်ရာ မှာ ဖြစ် ချင်တိုင်းဖြစ်ပြီး အရက်များ စွဲ နေပြီလား ဟယ် ” ဟု အမေ သည် စိုးရိမ်မကင်း ဆို၏ ။

“ အထွန်း ရယ် သွားစ က ဆိုရင် ညတိုင်း အထွန်း ကို အိပ်မက်တွေ မက် လိုက် ရတာ မပြောပါနဲ့တော့ ” ဟု မယဉ်လှကြီး က လည်း မီးဖိုချောင် မှာ ဟင်းချက် နေရာမှ ကမန်းကတန်း နှင့် ယောက်မကြီး မေ့ ပြီး ကိုင် လာကာ ပြေး ထွက် နှုတ်ဆက် ၏ ။

“ မင်း နှယ် ကွာ ဒီ အရွယ် ကတည်း က ငါ့ လောက် မှ ကျန်းမာရေး မကောင်းဘူး ”

အိမ် ပေါ် ထပ် မှ ဆေးတံ ဆေး ထည့်၍ ဆင်း လာ သော ဖေဖေ က ပြော၏ ။

“ အစ်ကိုကြီး က ဒီတိုင်း ဒီတိုင်းပဲ နော် ၊ ကျွန်တော် က တောင် အစ်ကိုကြီး ထက် အရင် အရွယ် ကျ လွယ် မလားပဲ ”

အထွန်း သည် ခင်မမ ၏ မေမေ ကို အန်တီလေး ဟု ခေါ်သော်လည်း ဖေဖေ့ ကို မူ ငယ်စဉ် ကတည်း က နှုတ် ကျိုး နေ၍ အစ်ကိုကြီး ဟု ခေါ်၏ ။

ဖေဖေ သည် ပါးစောင် မှ ဆေးတံ ကို ချွတ်၍ သဘောကျ စွာ ရယ် လိုက်သည် ။ အထွန်း ၏ အပြုံး သည် အရင် က လိုပင် လွတ်လပ်ပေါ့ပါး ဆဲ ရှိ သော်လည်း မျက်လုံးတို့ က မူ မှုန်ငေး ရီဝေ ၍ နေ ကြသည် ။ ပါးရိုး ၊ မေးရိုးများ ငေါ နေကာ မျက်ကွင်း နားထင်များ ကျ နေ သည် ။

သူ့ ကို ကြည့် ၍ ခင်မမ စိတ်မကောင်း ဖြစ်ရသည် ။ အခန်းထောင့် တစ်နေရာ မှာ ခင်မမ သည် ငြိမ်သက် စွာ ရပ်ကြည့် နေမိသည် ။

“ ဟေး …. ခင်မ ၊ နင် လည်း ကျောင်းသူ ဘဝ ကနေ  ကျောင်းဆရာမ သာ ဖြစ်သွားတယ် ။ အိမ် နဲ့ ကျောင်း ၊ ကျောင်း နဲ့ အိမ် ပဲလား ။ ခရီးလေး ဘာလေး ထွက်ကြည့် ပါလား ၊ အညာ တို့ ရှမ်းပြည်ဘက် တို့ ”

ခင်မမ သည် ပြုံး နေမိ၏ ။ ထို့နောက် အပေါ် ထပ် သို့ ခင်မမ နှင့် အတူ တက်ခဲ့ ကြသည် ။ အရင် သူ နေ သွားသည့် အခန်း သူ့ အိပ်ရာဟောင်းလေး ကို ဟိုဟိုဒီဒီ ကြည့်သည် ။ လက်ဝဲ ဘက် က သူ့ စာအုပ်စင် သည် ပင့်ကူအိမ်များ ကြား မှာ တွေးတောနေသည် ။ သူ ထားပစ် ခဲ့ ၍ ကြာရှည် ကြာမြင့် အထီးကျန် နေခဲ့ရသည့် လက်ယာ နံရံဘက် က စောင်းကောက် သည် လည်း တိတ်တိတ် ဆိတ်ဆိတ် ။

“ တစ်ခါတစ်ရံ လည်း ငါ့ အခန်းလေး ကို သတိရ မိ သား ”

ယခုတိုင် အထွန်း ဘာ တစ်ခွန်းမျှ မဟ ၊ ဘယ်သူမှ လည်း စ မမေးမိ ကြသော စကား တစ်ခု ကို ခင်မမ သည်းခံ မစောင့်နိုင်တော့ဘဲ မေးလိုက်၏ ။

“ အထွန်း နင့် အမျိုးသမီး ကော နေကောင်းလား ”

သူ သည် ပြတင်းတံခါး ကို တွန်း ဖွင့် လိုက်သည် ။ သရက်ကိုင်း တစ်ကိုင်း အထွန်း ၏ ပြတင်း ဝ မှာ ထိုး နေသည် ။

“ ဒီ သရက်ပင် ခုထိ ပွင့် တုန်းပဲ နော် ”

ငယ်စဉ်က ဤ ပြတင်းပေါက် မှ တက်ကာ လက် လှမ်း မမှီတမီ နှင့် သရက်သီး ခူးစား တတ် သော အထွန်း ကို ခြေချော် ကျမည် စိုး၍ အဘွား မကြာခဏ ဆူ ခဲ့ ရသည် ။

ပူအိုက်သော နွေရက်များ ၌ ဤ သရက်ပင် အောက် မှာ ပက်လက်ကု,လားထိုင် တစ်လုံး နှင့် စာကျက်မည် ဟု  ဆင်း လာသော အထွန်း ကို စာအုပ် ရင်ဘတ် မှာ တင် ကာ အစဉ် အိပ်ပျော်၍ ချည်း တွေ့ ရ တတ်သည် ။

“ အထွန်း နင့် သားလေး ကော ကျောင်း နေပြီလား ”

“ နေရောပေါ့ ”

သူ သည် အပြင် သို့ ငေး နေသည် ။ သူ့ ဖြေပုံ မှာ တစ်မျိုး ဖြစ်နေ၍ ခင်မမ နား မလည်နိုင် ။ သိပ် ပြောချင်ပုံ မရ ဟု တွေးကာ ဘာမျှ ဆက်မမေးမိတော့ ။

“ ကွဲသွားတာ ကြာပြီ ခင်မ ။ ငါ့ သား ဖြူလား ၊ မည်း လားတောင် ငါ မသိဘူး ”

သူ သည် ပြတင်းပေါက် တွင် တံတောင်ဆစ် နှစ်ဖက် တင်၍ ရပ်လျက် အတန်ကြာ အောင် ငြိမ် နေသည် ။ ပြီးတော့မှ ဟူးခနဲ သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက် ၏ ။

“ ဒါတွေ မေး မနေပါနဲ့တော့ ခင်မ ရာ ၊ အားလုံးဟာ လေ နဲ့လွင့် သွားပြီ ”

သူ သည် လက်ဟန် ခြေဟန် နှင့် ပြောကာ ရယ်မော လိုက်သည် ။ ရယ်ရွှန်း ပတ်ရွှန်း ပြော နေသည့် ကြား မှ ပင် မျက်လုံးတို့ က မှိုင်းညို့ရီဝေ ၍ နေကြသည် ။ သူ့ ကို ကြည့်ရင်း ခင်မမ သည် အလိုလို ရင်မော နေမိသည် ။ သူ သည် အရာရာ ကို မေ့မေ့လျော့လျော့ ထားချင် နေ ပုံ ရ၏ ။

ဘာပဲ ပြောပြော ဒီ ရောက် တော့ အထွန်း ပြန်လည် လန်းဆန်း လာသည် ထင်သည် ။ မကြာမီ အထွန်း တစ်ယောက် ကို ဖမ်း မမိတော့ ။ အိမ် မှာ ပျင်းသည် ဟု ဆိုကာ အပြင်ချည်း ထွက်လည် နေရာ ညတိုင်း မိုးချုပ် မှ ပြန် ရောက် လာတတ်၏ ။ အထွန်း နှင့် ပတ်သက်၍ အထဲ ဝင် ပြင်ထွက် တစ်မိသား တည်းပမာ ဝင်ရောက် စားသောက် နေခဲ့ကြသည့် မိတ်ဆွေဟောင်းများ လည်း ပြန် ပေါ်လာ ကြ၏ ။

ပန်းကန် ကျကွဲသံ ၊ သီချင်းဆိုသံ ၊ ဆူဆူညံညံ ရယ် မောကြသံ ။ ညကြီး အချိန်မတော် မှာ အော်ဟစ် ငြင်းခုံသံ ။ “ ဟဲ့ .. ဘေး ပတ်ဝန်းကျင် က အရက် မူးပြီး ရန်ဖြစ် နေကြ တယ် ထင် နေဦးမယ် ။ ဖြည်းဖြည်းသက်သာလည်း ပြောကြဦး ” ဟူသော မေမေ ၏ တားမြစ်သံ တို့ ကို ကြား လာရ ပြန်သည် ။ ဂေါတမဗုဒ္ဓက စ ကာ လီယွန်တေ့ဗ် ဘောဂဗေဒ သို့ ရောက်လိုရောက် ဘွန်ကိန်ချာတာဂျီ ၏ စာပေ ကနေ ဂီတဝိသောဓနီ သို့ ရောက် လို ရောက် နှင့် အထွန်း နှင့် ဖေဖေ တို့ ၏ စကားဝိုင်း မှာ လည်း ည ၁၁ နာရီ နှင့် မပြီး ။ ဟိုတုန်း က လို ပင် ခင်မမ နှင့် စစ်တုရင် ကစား သည့် အခါ ကစား ၍ တစ်ခါတစ်ရံ ညများ မှာ တော့ သူ့ သားငယ် ကို သတိရ လေသလား ။ အိမ်ဘေး ပတ်ဝန်းကျင် က ကလေးများ ကို ခေါ်ကာ အထွန်း စာသင် ပေး နေ တတ်၏ ။ တစ်ခါတစ်ရံ ညဉ့်နက် သန်းခေါင် မှာ ထွက်ပေါ် လာ တတ်သော အထွန်း ၏ စောင်းမှ တောမြိုင် ခြေလမ်း ယိုးဒယား တို့ သာဆန်းရဂုံဗွေပတ်ပျိုး တို့ သည် လသာသာမှာ လွမ်းမောစရာ ပင် ။

“ အထွန်း ရယ် ကျန်းမာရေး မကောင်းဘူး လည်း ဆိုသေး ၊ အချိန်မှန် စား အချိန်မှန်မှန် လည်း အိပ် ဦးမှပေါ့ ”

မနေနိုင် ၍ အဘွား က ပင် တားယူ ရသည် ။

အရာရာ သည် ဟိုတုန်း က လို အသစ် တစ်ဖန် ဖြစ်လာ ရ ပြန်သည် ။

( ၃ )

ဦးလေးစိုး နောက် အိမ်ထောင် မပြုခင် ကတည်း က အထွန်း ဘွားဘွား ဆီ ရောက် လာ၏ ။ မအေ ဆုံးပြီး စ ကလေး စိတ် လွင့်မည် စိုးသည် က တစ်ကြောင်း ၊ စီးပွားရေး နှင့် သာ လုံးထွေး နေရ၍ ကလေး ကို ဂရုစိုက်ချိန် မရ  သည်က တစ်ကြောင်း ဟု အကြောင်း ပြ ကာ ဦးလေးစိုး သည် အထွန်း ကို အဘွား ဆီ ပို့လိုက်၏ ။ ဦးလေးစိုး လွတ်လွတ်လပ်လပ် နောက် အိမ်ထောင် ပြုလိုသည် ကလည်း တစ်ကြောင်း ပါ လိမ့်မည် ထင်သည် ။ ထိုစဉ်က အထွန်း စတုတ္ထတန်း ပဲ ရှိသေးသည် ။ နောက် ဦးလေးစိုး အရောင်းအဝယ် လုပ်ငန်းမှာ အရင် က ထက် တွင်ကျယ် လာသည် ကြားရ၏ ။ မကြာမီ ဦးလေးစိုး နောက် အိမ်ထောင် ပြု လိုက်သည် ဟု ကြားရ၏ ။

ထို ကတည်း က ဦးလေးစိုး သည် ပြည် နှင့် ရန်ကုန် ခရီး လောက် ကို ပင် သား ထံ တစ်ခေါက်တလေ လာ တွေ့ ဖော် မရ ၊ စာလေး တစ်စောင် တောင် မရေး ၊ အထွန်း အတွက် ဟူ၍ တစ်ပြား တစ်ချပ် မျှ သတိတရ ပို့ ပေးသည် မရှိ ။ အထွန်း မှာ မူ စိတ် နာ သည်လား သို့မဟုတ် ဤ အသိုက်အမြုံ မှာ နေသား ကျလာ၍ မေ့မေ့ပျောက်ပျောက် ရှိ နေသည် လား မသိ ။ သူ့ အဖေ ကို ယောင်၍ မျှ စကား ဟဟ မမေးဖူး ။ ဘာပဲ ဖြစ်ဖြစ် အဘွား က မူ သွားလေသူ သမီး ကိုယ်စား ကိုယ်ပွား တစ်ခု အဖြစ် အထွန်း ကို အလို လိုက် ၍ မဆုံး ။ မေမေ သည် သူ့ အစ်မ ကို သတိရ တိုင်း ဥမမယ် စာမမြောက် မိတဆိုးလေး အထွန်း ကို သနား ၍ မဆုံး ။ သူ့ ထက် ငယ် သော်လည်း သူ့ အနွံအတာ ကို သည်းညည်းခံ ခွင့်လွှတ် တတ်သော ခင်မမ ကြောင့် လည်း ဤ အသိုက်အဝန်း မှာ အထွန်း ပို၍ ပျော်ပိုက် လာပုံ ရ၏ ။ ကျောင်း နေရ ပြန်တော့ ခင်မမ အဖေ ဖွင့် ထားသည့် အလွတ် ပညာသင်ကျောင်း မှာ နေရ ပြန်ရာ အထွန်း မှာ လွတ် နေတော့၏ ။ ကျောင်း မှာ ဘယ် ဆရာ မှ မကြောက် ၊ ဘယ်သူ့ မှ ဂရုမစိုက် ထင်ရာစိုင်း နေသော အထွန်း ကို  အဘွား က ‘ ဒင်း တော့ တစ်ကျောင်း ပြောင်း မှ ဖြစ်မယ် ’ ဟု ဆူပူ၏ ။ သည်တော့ ဘယ် ဖြစ်မလဲ အဘွား ၊ ခင်မ တစ်ယောက် တည်း ဖြစ်နေမှာပေါ့ ဟု အထွန်း က ဆို၏ ။

“ နင့် အပူ မဟုတ်ဘူး ၊ ခင်မမ က လိမ္မာတယ် ။ ဘာ တစ်ခွန်း မှ ပြောဖို့ ဆိုဖို့ မလိုဘူး ”

သို့သော် တစ်နှစ် တစ်တန်း တော့ အထွန်း မှန်မှန် အောင်သည် ။ တက္ကသိုလ် သို့ ခင်မမ ထက် နှစ်နှစ် စော၍ ရောက်သည် ။ တက္ကသိုလ် ရောက်သည် အထိ အထွန်း မှာ အချိုး က မပြောင်း ။ တစ်ခါတလေ အတန်း မပြီးသေး သည် ကို မြင်လျက် ခင်မမ ကို အပြင် မှ လှမ်း ခေါ်နေ တတ်၏ ။ မလိုက် လျှင် စိတ် ဆိုးမည် စိုး၍ ခင်မမ မှာ လက်ချာ လိုက်နေရင်း တန်းလန်း လည်း စာအုပ် ပိတ်ကာ ထလိုက် သွားရ တတ်သည် ။ ပြီးတော့လည်း ဘာမျှ မဟုတ် ၊ အင်းလျား မှာ ဘူးသီးကြော် သွား စားမည် ဟု ဆိုသည် ။ ထို့နောက် ဘူးသီးကြော်ပွဲ နှင့် ခင်မမ ကို ထား ကာ စာအုပ် ကို ခေါင်းအုံး ပြီး ရေစပ်ဘေး ခုံတန်းလျား လေး၌ လေညင်း ခံရင်း စိတ်လွတ် လက်လွတ် အိပ်ချင် အိပ် နေ တတ်သည် ။

“ ကြည့်စမ်း …. ဒီလို နေရတာ ဘယ်လောက် အေး ချမ်းသလဲ ၊ တစ်နေ့ လာ လည်း စာသင်ခန်း စာသင်ခန်း နဲ့ အိမ် နင် မငြီးငွေ့ဘူးလား ” ဟုလည်း ခင်မမ ကို လှမ်း ပြောတတ် သေးသည် ။

တစ်ခါတလေ ရုပ်ရှင် ညပွဲ အတင်း ခေါ်သွားကာ အပြန် မှာ ကား မစီးရဘဲ သူ နှင့် အတူတူ လမ်းလျှောက် ပြန် ခိုင်းသည် ။ ကား အသွား အလာ ရှင်းပြီး ညဉ့်လေပြည် တိုက်ခတ် နေသည့် လရောင် အောက် ကတ္တရာလမ်း ပေါ် မှာ သူ သည် သူ့ အကြိုက် “ ဘာလီကျွန်းက ချစ်သူ ” အမည် ရှိ တေး တစ်ပုဒ် ကို အေးအေးဆေးဆေး လေချွန် ညည်းရင်း လိုက်ပါ လာ တတ်သည် ။

ညဉ့်နက် မှ အိမ်ပြန် ရောက် ကြလျှင် အမေ က ဆီး၍ ဆူ၏ ။

“ အောင်မယ်လေး ဟယ် ၊ ဒီအချိန် ဒီလောက် အဝေး ကြီး လမ်းလျှောက် ပြန်ကြရ သလား ”

“ အန်တီလေး က လည်း ဒီလောက်လေး မှ တစ်ခါ တလေ လျှောက် မပေးရင် ဒီထက် ဆိုးတဲ့ လမ်းလျှောက် ရမယ့်ခါ ကျ ဘယ့်နှယ် လုပ်မလဲ ”

တခြား အချိန် မှာ ဘယ်လို နေနေ အထွန်း တစ် ယောက် စာမေးပွဲ မှန်မှန် ဝင် ဖြေသည် ကို ပင် အားလုံး က ကျေးဇူး တင် နေကြရသည် ။ တဖြည်းဖြည်း တော့ တည်ငြိမ် လာမှာပေါ့လေ ။ သူ့ ဘာသာ သူ ထိန်း လာနိုင် မှာ ပါ ဟု မရဲတရဲ ယုံစ ရှိသေးသည် ။ ဘာစိတ် ဘာလက် ပေါက်သည် မသိ ။ နောက်ဆုံးနှစ် ရောက်ကာ မှ “ ကျွန်တော် စာမေးပွဲ မဖြေတော့ဘူး ” ဟု အထွန်း က ဆိုလာ၏ ။ နယ် မှာ အလုပ် သွား လုပ်မည် ဟုလည်း ပြောသည် ။

“ ကွာ ... အလုပ် လုပ်တာ က လည်း နယ် မှာ မှ လား ၊ ဒီမှာ လုပ်ချင် လည်း ရပါတယ် ”

“ မထူးပါဘူး ကိုကြီး ရာ ၊ ဒီနေရာ ဒီနေရာ ချည်း ငြီးငွေ့ တယ် ။ တစ်ခါတလေ အတွေ့ အကြုံသစ် ရှာချင်သေးတယ် ”

မှတ်မှတ်ရရ ခင်မမ တို့ စေ့စပ်ပြီး နှစ်ပတ် လောက် ပဲ ရှိလိမ့်ဦးမည် ထင်သည် ။

“ နင် က ဘာလဲ ၊ ငါတို့ နဲ့ မနေချင်တော့ဘူး ပေါ့ ”

“ မနေချင်ဘူး လည်း မဟုတ်ပါဘူး ခင်မ ရာ ၊ တစ်မျိုးပဲလေ ။ အထီးတည်း ဘဝ ဟာ ငါ့ အဖို့ အဆန်း တော့ မဟုတ်တော့ပါဘူး ”

သူ သည် တွေ နေ၏ ။ ပြီးတော့ အထူးအဆန်း စကား တစ်ခု ဆိုသည် ။

“ ခင်မ နင် တကယ် လက်ထပ် မှာ လား ၊ ဟုတ်လား ”

“ ဪ … တကယ် လက် မထပ်လို့ ငါ က အပျော် လုပ်ရမှာလား ”

သူ သည် စီးကရက် တစ်လိပ် ကို မီးညှိ သောက် ကာ မီးခိုးငွေ့များ ကို ဟူးခနဲ အပေါ် သို့ မှုတ်ထုတ် လိုက်သည် ။

“ လွတ်လပ် အေးချမ်း နေတဲ့ ဘဝလေး တစ်ခု ကို ဘာလို့ ဒီလောက် လွယ်လွယ် မြှုပ်နှံသင်္ဂြိုဟ် ပစ်ချင် ရတာလဲ ”

“ ဘာတွေ လာ ပြော နေတာလဲ အထွန်း ရယ် ၊ အားလုံး လူကြီးတွေ သဘော ပါ ”

သူ သည် ခနဲ့ပြုံး ပြုံး လိုက်သည် ။

“ ဒီမယ် ... ခင်မ ၊ လောက မှာ ခေါင်းညိတ် တတ်တာ တစ်ခုက လွဲ လို့ တခြား ဘာမှ မတတ်တာဟာ ပုတ်သင်ညို မဟုတ်ဘူး ၊ ခင်မမ ပဲ ”

“ ငါ က ဘာ လုပ်နေလို့လဲ ”

“ ဘာမှ မလုပ်လို့ပေါ့ ”

သူ သည် သောက်လက်စ စီးကရက် ကို အပြင် သို့ လွှင့်ပစ် လိုက်သည် ။.

“ ကုန်သည် ပွဲစား ဆိုတာတွေ မှာ တရားတယ် ဆိုတာ မရှိပါဘူးကွာ ။ လိမ် ရမလား ၊ ခိုး ရမလား ၊ တိုက် ရမလား ၊ လူတောင် သ,တ်ချင် သ,တ်ဦးမှာ ။ သူတို့ ပိုက်ဆံ ရဖို့ က လွဲရင် တခြား ဘာ အမြင်မှ ရှိတာ မဟုတ်ဘူး ။ ဒီနေ့ တောင် ဟိုက်ဇွမ် မှာ ငါ နဲ့ တွေ့ ခဲ့ပါသေးတယ် ။ နင့် လူ … စောသာ ”

“ အင်း ... ပြောပါဦး ”

“ ငါ့ ကို ပြောလိုက် သေးတယ် ၊ ကိုနိုင်ထွန်း တဲ့ ။ ကျွန်တော် က တက္ကသိုလ် ပညာ ကို ထမင်း စားဖို့ သင်တာ မဟုတ်ဘူးတဲ့ ။ တက္ကသိုလ် ပညာ တတ်တိုင်း ထမင်း ဝ ကြ တာ မဟုတ်ပါဘူးဗျာ တဲ့ ။ ဒါပေါ့ဗျာ လို့ ‘ တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ  ’ ဆိုတဲ့ သခင်ကိုယ်တော်မှိုင်း ကဗျာ ထဲ က လို ဘာမှ မမြင်နိုင်အောင် ကိုယ် ရဖို့ တစ်ခုပဲ ငမ်းငမ်းတက် လောဘဇော တိုက် နေတဲ့ မျက်ကန်းတွေ ကို လည်း ကျွန်တော် က အထင် မကြီးတတ်ပါဘူးလို့ ။ ငါ့ ကို ပိုက်ဆံ စကား ဒီလောက် ပြောချင်တဲ့ ကောင် တစ်နေ့ လောက် ကောင်းကောင်းလေး တည်ခင်း ဧည့်ခံ ပြီးတော့ နှစ်ပြား မတန်အောင် ပြောပစ် ဦးမယ် ။ ဒီမယ် ...  ခင်မ ၊ စိတ်တော့ မရှိနဲ့ နော် ။ နင့် ကို တော့ အားနာပါတယ် ”

“ တော်တော့ …. အထွန်း ၊ နင် ငါ့ ဒါတွေ လာ ပြော မနေနဲ့ ၊ ငါ နဲ့ လည်း မဆိုင်သေး ပါဘူး ”

သူ သည် ထွေ လာ ဟန် တူသည် ။ ခလုတ် တိုက်မိ သော ကု,လားထိုင် တစ်လုံး ကို ဆောင့်ကန် ပစ်ခဲ့သည် ။ ဒေါသ ဖြစ်သည်လား ၊ ဝမ်းနည်းသည်လား မဝေခွဲတတ် ။ ခင်မမ သည် မျက်ရည်များ ရစ်ဝဲ လာ မိ သည် ။

ထိုနေ့ က အထွန်း တစ်ယောက် စောစော အိပ်ရာ ဝင် သွားသည် ။ နောက်နေ့ မှာ တော့ ဘယ်သူ မှ တားမရ လိုက် ၊ အထွန်း အိမ် မှ ထွက်ခွာ သွားသည် ။ သွားစ က စာ လှမ်း ရေး သေးသည် ။ နောက်တော့ စာ လည်း မလာ တော့ ၊ ဘယ်ရောက် လို့ ဘာ လုပ်နေသည် လည်း မသိရ ။ အထွန်း ၏ မင်္ဂလာသတင်း ကို မူ သတင်းစာ ထဲ မှာ ဖတ် လိုက်ရသည် ။ ခင်မမ တို့ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်း သည့် သတင်း ပါ မလာမီ နှစ်ရက် က ထင်သည် ။

“ ညည်းတို့ အဘွား မြန်မြန်သေအောင် လုပ်နေကြ တာ လား ၊ တစ်ယောက် အိမ် ကထွက် သွားလို့ စိတ် မကောင်းရတဲ့ ထဲ ခင်မမ ညည်း ကလည်း တစ်မျိုး ”

“ သမီး ဒီလိုပဲ နေချင် သေးတယ် မေမေ ရယ် ”

ဒီလိုနှင့် အထွန်း ၏ သတင်း အစအန မကြားရဘဲ  တော်တော် ကြာ ခဲ့သည် ။ တစ်ခါက ရှမ်းပြည် မှ ပြန်လာ သည့် အထွန်း ၏ မိတ်ဆွေ တစ်ယောက် ပြောစကား အရ အထွန်း မှာ သားလေး တစ်ယောက် ပင် ရှိနေပြီ ဟု တော့ ကြား ရသည် ။

ခု အထွန်း တစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် ရောက် လာသည် ။

တောင်ပံ ညောင်း လျှင် ငှက်တို့ သည် သူ့ အသိုက် သို့ ပြန်ဝင် လာကြ စမြဲပင် ။

ခုလို ဆိုတော့ အသိုက်အမြုံ ကို ခင်တွယ်ရ ကောင်း မှန်း အထွန်း နားလည်ပုံ ရပါ၏ ။

( ၄ )

ရေစပ် နံဘေး ၌ သူ သည် အရင် ကလို စိတ်လွတ် လက်လွတ် လှဲ အိပ် လိုက်သည် ။ သစ်ရွက်ခြောက် တို့ ရေစီး မှာ မျောပါ နေကြသည် ။

“ ခင်မ တို့ လက် မထပ်ဖြစ်ကြဘူး နော် ၊ အဲဒီ သတင်း ငါ တော်တော် ကြာ မှ သိရတယ် ”

သူ သည် မှိုင်းညို့သော မျက်လုံး ဖြင့် အဝေး သို့ ငေး နေသည် ။

“ အရိပ် ဆို တာ ဆူပွက် နေတဲ့ရေပြင် မှာ မထင်နိုင် ဘူး ။ ငြိမ်သက် နေတဲ့ ရေပြင် မှာ သာ အရိပ် ထင်နိုင်တယ် ။ ဟုတ်တယ် ။ ခု ငါ့ ရင် တွေ ငြိမ်သွားတဲ့ အချိန် ကျ မှ ငါ့ ကို ငါ ပြန် မြင်လာမိတယ် ”

သူ သည် ကောင်းကင် ကိုမော့ ၍ ငြိမ်သက် နေသည် ။ အတွေး တို့ သည် တိမ် တို့ နှင့်အတူ လိုက်ပါ လွင့်မျောနေ ဟန် တူ၏ ။ အတန် ကြာတော့ သူ သည် လှဲ နေရာ မှ ထ ထိုင်ကာ အရင်း မရှိ အဖျား မရှိ မေး လိုက်သည် ။

“ ခင်မ အချစ် ဆိုတာ ကို နင်
ဘယ်လို မြင်လဲ ”

“ ဘယ် ... ဘာ မြင်ရမှာလဲ ”

“ ခင်မ က ကလေး ပဲ ၊ ခုထိ ကလေး ပဲ ”

သူ သည် အားရပါးရ ရယ်မော လိုက်သည် ။

“ ဆိုကြပါစို့ကွာ ၊ တချို့က တော့ လည်း အချစ် ဆို တာ ဟာ နီးစပ် ရင် ချစ်သွား ကြတာပဲ ။ ဝေးသွား တဲ့ ခါ လည်း မေ့ပျောက် သွားကြတာပဲ လို့ ဆိုကြတယ် ။ ငါ က တော့ ဒီလို မမြင်ပါဘူး ။ အချစ် ကို ကိုးကွယ်တယ် ပဲ ပြောပြော ၊ အချစ် မှာ ရူးမူးသူလို့ ဆိုဆို ၊ စိတ်ကူးယဉ် စိတ္တဇအချစ် လို့ ပဲ ခေါ်ခေါ် လူ တစ်ယောက် ဟာ တစ်သက် တာ မှာ တစ်ခါ ပဲ ချစ်ဖူးရ လိမ့်မယ် ထင်တယ် ”

“ ဟေရာကလိုက်တပ်စ် က ဆိုတယ် မဟုတ်လား ၊ လူ တစ်ယောက် ဟာ မြစ် တစ်ခု တည်း ကို နှစ်ကြိမ် မဆင်း နိုင်ဘူးတဲ့ ။ ဘာလို့လဲ ဆိုတော့ ရေ ဟာ အစဉ် ပြောင်းလဲ နေလို့ပဲတဲ့ ”

“ စောစော က စီး သွားတဲ့ ရေ ၊ ခု စီးဆင်း နေတဲ့ ရေ ၊ နောက်စီး လာမယ့် ရေ ဟာ မတူကြလို့ပဲ ။ အရာရာ ဟာ ပြောင်းလဲ နေတယ် ဆိုတဲ့ ဖြစ်ပျက်မှု အစဉ် ကို ဆိုလို တာ ပေါ့လေ ။ ငါ က တော့ စီးဆင်း နေတဲ့ ဘဝ ရေအလျဉ် မှာ လူ တစ်ယောက် ဟာ နှစ်ခါ မချစ်နိုင်ဘူး လို့ ဆိုချင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အချစ် ဆိုတာ ဟာ အရည်အသွေး တူ နှစ်ခုထပ် ဖြစ်ပေါ် လာနိုင်တဲ့ အရာမျိုး မဟုတ်လို့ ဘဲ ။ ဘဝ ရဲ့ အဖြူစင်ဆုံး ကာလပိုင်း မှာ ပေါက်ဖွား လာရတဲ့ အချစ်မျိုး နောက်ထပ် ဘယ်တော့ မှ မဖြစ်ပေါ် နိုင် တော့ဘူး ”

“ ၆၉ ခု ၊ မတ်လ တုန်း က စန်းစန်းဝင်း ကို ငါ လက်ထပ်ခဲ့တယ် ၊ ဒါဟာလည်း ဆောက်တည်ရာ မရ တုန်း ပရမ်းပတာ အလွဲလွဲ အမှားမှား ဆုံးဖြတ်မိ ခဲ့တာပါ ။ ဆုံးရှုံးရမယ့် အချစ် အတွက် အစားထိုး လိုက်မိတာလည်း ဖြစ်ပါတယ်လေ ။ ဒါပေမဲ့ အချစ် ဆို တာဟာ အစားထိုးလို့ ရစကောင်းတဲ့ အရာ မဟုတ်ဘူး ခင်မ ၊ သားလေး အခါ လည် တော့ ငါတို့ နှစ်ဦး သဘောတူ ကွာရှင်း လိုက်ကြ တယ် ။ ငါ့ ကို နားမလည် တဲ့ စန်းစန်းဝင်း နဲ့ စန်းစန်းဝင်း ကို တကယ်တမ်း မချစ်တဲ့ ငါ တို့ ဟာ ဒီလို အဆုံးမသတ် ကြရင် မဖြစ်တော့လို့ ဘဲ ”

“ ခုချိန် မှာ ငါ ဟာ ရယူလိုမှု ဆန္ဒ လည်း မရှိတော့ ဘူး ။ ဆုံးရှုံး ရမှာ ကိုလည်း မတုန် လှုပ်တော့ဘူး ။ ဖြစ်ချင် ရာ ကို ကျောခိုင်း ခဲ့ရပြီး နောက်တော့ ဖြစ်လာ သမျှ ဟာ ဖြစ်သင့်ရာတွေ ပဲ လို့ လက်ခံတတ် ခဲ့ပြီ ၊ ဆန္ဒ မှန် သမျှ ကို ဥပေက္ခာ ပြုတတ်တဲ့ အကျင့်လည်း အဲဒီ က စ ရလာခဲ့ သလား မဆိုနိုင်ဘူး ။ ဥစ္စာဓန ၊ အချစ် ၊ ကျော်စောလိုမှု ဘာတစ်ခု မှ မလိုလားဘူး ။ ဒုက္ခ ၊ သုခ ခံနိုင်ရည် သတ္တိ နဲ့ နှောင်ကြိုးမဲ့ လွတ်လပ်တဲ့ စိတ်ကိုသာ နှစ်သက်လိုလား တယ် ။ ခင်မ ငါ ပြောတာ တွေ နား မှ လည်ရဲ့လား ”

ခင်မမ သည် ငေးနေရာ မှ အလန့်တကြား လှည့် ကြည့် မိသည် ။

“ အေး ... နား မလည်တာ လည်း တစ်မျိုး ကောင်းတာ ပေါ့လေ ၊ ကျောက်ဆစ်ရုပ် ဟာ လူ နဲ့ တူတယ် ။ ဒါပေမဲ့ လူ ထက် ကောင်းတာက အသိ မရှိလို့ မခံစား တတ်ဘူး ။ အသည်းနှလုံး မရှိတော့ ဝေဒနာ လည်း ကင်းတယ် ။ နောက်ပြီး ဘာမှ မတတ်တော့ အမှား လည်း မရှိ ၊ အပြစ် လည်း ကင်း တယ်ပေါ့ ခင်မ ရယ် ”

နေဝင်ရီတရော ကျတော့ အိမ်ပြန် လာကြသည် ။ လမ်း တစ်လျှောက်လုံး အတွေး ဖြင့် သူ သည် တိတ်ဆိတ် လာသည် ။ အတန်ကြာ မှ ...

“ နက်ဖြန် ငါ ပြန်တော့မယ် ၊ ည ကျ သီချင်း နားထောင်ဦး မလား ”

“ အေးဟယ် .. နားထောင်ချင်တယ် ၊ နင် မရှိရင် စောင်း လည်း တီးမယ့် လူ မရှိပါဘူး အထွန်း ရယ် ”

“ အဟင်း ”

သူ တစ်ချက် ရယ် ပစ် လိုက်သည် ။ သူ့ ရယ်သံ သည် ခြောက်ကပ်ကပ် အက်တက်တက် နှင့် ။

( ၅ )

ခင်မမ သည် အသံ ကို ထိန်း၍ မေး လိုက်သည် ။

“ နင် ဘယ်တော့ လာဦးမှာလဲ ”

“ အတိအကျ တော့ မပြောနိုင်ဘူးလေ ၊ လာချင် တဲ့ ခါ တော့ ရောက် လာမှာပဲ ”

“ စာ ရေးဦးနော် ”

“ စိတ် ပါတဲ့ ခါတော့ ရေး လိုက်မယ် ခင်မ ရယ် ”

သူ သည် စာအုပ် တချို့ ကို လက်ဆွဲအိတ် ထဲ ထည့် လိုက်သည် ။

“ အထွန်း နင် ဘယ် ရောက်ရောက် ဘာလုပ် နေနေ တို့များ ကို စာ ရေးဖို့ သတိရဦး ကြားလား ”

အဘွား သည် စိပ်ပုတီး ကို ကိုင် ရင်း မျက်ရည် လည် နေ၏ ။

အိမ်ရှေ့ မှ ကား ရပ်သံ ကြား ရသည် ။ သူ့ သူငယ်ချင်း အောင်စည် သည် ကား ပေါ် မှ ခုန် ဆင်း ကာ အိမ် ပေါ် သို့ တက် လာသည် ။ ပစ္စည်းများ ကို ကူသယ် ပေးသည် ။ တစ်ယောက် တစ်ပေါက် အမှာ စကားများ ပြော၍ မပြီးနိုင်ကြ ။

ကား စက်နှိုးသံ ကြားရသည် ။ အထွန်း သည် လက် ကို မြှောက် ၍ နှုတ်ဆက် လိုက်သည် ။

“ ခင်မ ရေ ... ငါ သွားပြီ ဟေ့ ”

ခင်မမ သည် ဘာမျှ မပြောမိ လိုက် ၊ အရုပ်ပမာ တွေတွေကြီး ရပ်လျက် ငေး နေမိသည် ။

အပြင်ဘက် မှာ သစ်ရွက်တို့ ဝေ့ဝဲ လွင့်ပါး၍ ကြွေ နေကြသည် ။

ဘယ်တော့မှ အပြီး အပိုင် နှုတ် မဆက် တတ်သော တောင်ပြန်လေ သည် မေ့မေ့ပျောက်ပျောက် နှင့် အဝေး သို့ တစ်ဖန် ပြေးနှင် ပျောက်ကွယ် သွားပြန်သည် ။

ဘယ်ဆီ ဦးတည် လေသည် မသိ ။

ဘယ်တွင် အဆုံးသတ် လေမည်လည်း မသိ ။  ။

◾တင်တင်ဦး

📖 မိုးဝေ စာပေမဂ္ဂဇင်း
      ၁၉၇၇

.

Monday, December 30, 2024

မောင်စိတ်ကောင်း နှင့် မလောဘကြီး


 

❝ မောင်စိတ်ကောင်း နှင့် မလောဘကြီး ❞
        ( ပုံပြင် )

တရံရောအခါ တိုင်းပြည် တစ်ပြည် တွင် မောင်စိတ်ကောင်း ခေါ် လူငယ်ကလေး တစ်ဦး သည် မုဆိုးဖို ဖခင်ကြီး နှင့် အတူ နေထိုင်၏ ။ မောင်စိတ်ကောင်း ၏ မိခင် သည် မောင်စိတ်ကောင်း လေးငါးဆယ်နှစ်သား တွင် မြစ်လယ်တွင် ငါးရှာ ထွက်ရင်း သေဆုံးခဲ့၏ ။ ထို့ကြောင့် မောင်စိတ်ကောင်း မှာ လည်း အမိမဲ့သား ဖြစ်ရရှာ၍ မောင်စိတ်ကောင်း ၏ ဖခင်ကြီး လည်း မုဆိုးဖို ဖြစ်ခဲ့ရ လေ၏ ။

မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် အလွန် အပျင်းကြီးသူ ဖြစ်သည် ။ မောင်စိတ်ကောင်း ၏ မိခင် ရှိစဉ် ကတည်း က မည်သည့် အလုပ်ကိုမျှ မလုပ်ကိုင်ချေ ။ မောင်စိတ်ကောင်း ၏ မိခင် လုပ်ကိုင်ကျွေးသမျှ ကိုသာ စားသောက် နေထိုင်ခဲ့သူ ဖြစ်လေသည် ။ မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် ဇနီးသည် သေဆုံးသွားပြီး ကတည်း က မိမိ ကိုယ်တိုင် အလုပ် လုပ်၍ သား ဖြစ်သူ မောင်စိတ်ကောင်း ကို လုပ်ကိုင်ကျွေးမွေးရန် ဝတ္တရား ရှိသော်လည်း နည်းနည်းကလေးမျှ အလုပ် မလုပ်ချေ ။ မောင်စိတ်ကောင်း ကို လှေတစ်စင်း နှင့် မြစ်သို့ လွှတ်၍ တံငါ အလုပ် ကို လုပ် စေပြန်၏ ။ ထို ကတည်းက မောင်စိတ်ကောင်း မှာ တံငါ လုပ်၍ ဖခင်ကြီး ကို လုပ်ကျွေးရရှာလေသည် ။

ငါးများများ ရ၍ ပြန်လာလျှင် မောင်စိတ်ကောင်း ကို သူ့ ဖခင်ကြီး က ပြုံးရွှင်စွာ ဆီးကြို နေလေ့ ရှိသော်လည်း ငါးနည်းနည်း ရ၍ သော်လည်းကောင်း ၊ အလျဉ်း ငါးမရဘဲ သော်လည်းကောင်း ပြန်လာလျှင် မူ မောင်စိတ်ကောင်း အား သူ့ ဖခင်ကြီး က သေမတတ် ရိုက်နှက်လေ့ ရှိ၏ ။ ထို့ကြောင့် မောင်စိတ်ကောင်း မှာ ငါးများများ မရဘဲ အိမ်သို့ မပြန်ဝံ့ချေ ။

တစ်နေ့သော် မြစ်ပြင် ၌ လေမုန်တိုင်း ကြီးစွာ ကျ၏ ။ မောင်စိတ်ကောင်း မှာ ငါးရှာရန် မတတ်နိုင်သည့် ပြင် လှေကလေး ကိုပင် မမှောက်စေရန် ကမ်းတွင် ကပ်၍ မြဲမြံစွာ ချည်နှောင် ထားရလေ၏ ။ မိုးချုပ်သည့် တိုင်အောင် လေမုန်တိုင်း က ထန် နေလေသည် ။ မောင်စိတ်ကောင်း  မှာ ငါး မရသဖြင့် အိမ်သို့လည်း မပြန်ရဲရှာချေ ။ နံနက်စာ ရော ၊ ညစာ ပါ မစားရသော မောင်စိတ်ကောင်း မှာ ဆာလောင်မွတ်သိပ်ခြင်းဒဏ် ကို အလူးအလဲ ခံစားရလေ၏ ။

ထိုအခါ မောင်စိတ်ကောင်း သည် သူ ဆာလျှင် ဆာတိုင်း အစားအစာ ကျွေးမွေးလေ့ ရှိသော မိခင်ကြီး ကို အောက်မေ့ လွမ်းဆွတ်လျက် သနားစဖွယ် ငိုကြွေးမြည်တမ်း ရှာလေ၏ ။ ထိုခဏ၌ အံဩဖွယ်ရာပင် မုန်တိုင်း သည် ငြိမ်သက် သွား၍ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းစွာ ဖြင့် နတ်သမီးတစ်ပါး သည် မောင်စိတ်ကောင်း ၏ ရှေ့တွင် ကိုယ်ထင် ပြ၍ “ လူကလေး ၊ ဘာမျှ အားငယ်နှင့် ၊ အမေ သည် လူကလေး စားသောက်ရန် အစားအစာများ ကို ယူဆောင်ခဲ့ပြီ ။ ယခု ပင် စားလော့ ” ဆိုလျက် မောင်စိတ်ကောင်း အား အစားအစာအထုပ်များ ကို ပေးကမ်းလေ၏ ။

မောင်စိတ်ကောင်း လည်း အစားအသောက် စားပြီး လျှင် ပြီးခြင်း “ အရှင် နတ်သမီး ၊ အရှင် နတ်သမီး သည် အဘယ်ကြောင့် ကျွန်ုပ် ၏ အမေ ဟု ဆိုသနည်း ။ ထိုအကြောင်း ကို ကျွန်ုပ် သိပါရစေ ” ဟု မေး၏ ။

“ လူကလေး အမေ သည် သေပြီး ကတည်း က သမုဒ္ဒရာစောင့် နတ်သမီးကြီး ထံ တွင် ခစားရသော နတ်သမီး တစ်ပါး ဖြစ်ခဲ့၍ ဤ ယနေ့ပင် ဤ မြစ်ပြင်ကို မုန်တိုင်းထန်အောင် ပြုလုပ် သော နတ်ဆိုး ကို နှိမ်နင်းရန် နှင့် ဤ မြစ်တရိုး ကို အမြဲတစေ စောင့်ကြပ်ရန် အမေ့ အား အပိုင်စား ပေးလိုက်၏ ၊ အမေ ကား ဤ မြစ်စောင့် နတ်သမီး တည်း ၊ သို့ဖြစ်၍ လူကလေး ၊ ဘာမျှ မပူနှင့် ၊ ဤ မြစ် ၏ တစ်နေရာဝယ် ရွှေငါးတို့ ကို သိုလှောင် ထားသော ဥစ္စာသိုက်ကြီး တစ်သိုက် ရှိ၏ ၊ ထို သိုက် အတွင်းမှ ရွှေငါး တစ်ကောင် ကို ယူ၍ လူကလေး အား ယခု ပေးလိုက်မည် ၊ ထိုရွှေငါး ကို ထုခွဲ ရောင်းချ၍ သင့်ဖခင် အား ကျွေးလော့ ” ထိုသို့ ပြော၍ မောင်စိတ်ကောင်း ၏ မိခင် မြစ်စောင့်နတ်သမီး သည် မောင်စိတ်ကောင်း အား ရွှေငါးတစ်ကောင် ပေးပြီး လျှင် မြတ်နိုးလှစွာသော မိခင် ၏ ချစ်ခြင်း ဖြင့် မောင်စိတ်ကောင်း အား ရင်ဝယ် ပွေ့ပိုက်သည် ခဏ၌ မောင်စိတ်ကောင်း လည်း အိပ်မောကျ သွားလေ၏ ။

နံနက် လင်း လျှင် မောင်စိတ်ကောင်း သည် ပန်းထိမ်ဆရာ တစ်ဦး ထံတွင် ရွှေငါး ကို အသပြာ တစ်ထောင် နှင့် ရောင်းချ၍ အိမ် သို့ ပြန်လေ၏ ။ တစ်နေ့ နှင့် တစ်ညလုံးလုံး နေပြီး မှ ငါး တစ်ကောင် မျှ မပါဘဲ ပြန်လာသော မောင်စိတ်ကောင်း ကို မြင်လျှင် ဖခင်ကြီး သည် ဆီးကြို၍ ရိုက်နှက်မည် ပြု၏ ။ မောင်စိတ်ကောင်း သည် အသပြာ တစ်ထောင်လုံး ကို မပေးဘဲ အသပြာ တစ်ဆယ် ကို သာ ဖခင် လက်သို့ ပေး၏ ။ ဖခင် လည်း အသပြာ တစ်ဆယ် ကိုရလျှင် နှစ်သိမ့် ရွှင်လန်းလျက် မောင်စိတ်ကောင်း အား ထို ငွေ ကို ဘယ်ကဲ့သို့ ရရှိသနည်း ဟု မေး၏ ။ မောင်စိတ်ကောင်း က လမ်းတွင် ငါး ရောင်းချ၍ ရခဲ့ကြောင်း ပြော၏ ။ ဤတွင် သူ့ ဖခင်ကြီး သည် နောင် လည်း ရသမျှ ငါး ကို လမ်းတွင်ပင် ရောင်းချခဲ့ ဟုပြော၏ ။

“ ကောင်းလှပါပြီ ဖခင် ” ဟုဆို၍ မောင်စိတ်ကောင်း လည်း ဆိတ်ဆိတ်နေ၏ ။

ထိုနေ့မှ စ၍ မောင်စိတ်ကောင်း သည် တံငါအလုပ် ကို မလုပ်ရတော့ချေ ။ သို့ရာတွင် ဖခင်ကြီး မရိပ်မိ စေရန် နေ့စဉ် မြစ်ပြင် သို့ ထွက်သွား၍ မြစ်စောင့်နတ်သမီး ဖြစ်သော သူ့ မိခင် ၏ ရင်ခွင် တွင် နှစ်ခြိုက်စွာ အိပ်ရလေ၏ ။

ဤသို့ နှစ်ရှည်လများ နေထိုင်ခဲ့ ပြီးနောက် တစ်နေ့သော အခါတွင် မြစ် ထဲ တွင်မျော လာသော မိန်းမကြီးတစ်ဦး ကို တွေ့လျှင် မောင်စိတ်ကောင်း သည် ကယ်ဆယ်ရန် ကြိုးစားလေ၏ ။ မိခင် မြစ်စောင့်နတ်သမီး က ထို အမှု ကို မပြုရန် အတန်တန် တားဆီးလေသော်လည်း မောင်စိတ်ကောင်း က မနာယူချေ ။ ထို မိန်းမကြီး ကို ဆယ်ယူပြီး နောက် မောင်စိတ်ကောင်း သည် မိန်းမကြီး အား သတိရအောင် အမျိုးမျိုး ပြုစုပြီးလျှင် အိမ် သို့ ခေါ်ဆောင် သွားလေ၏ ။

မိန်းမကြီး ၏ အမည် မှာ မလောဘကြီး ဟု သိရ၏ ။ အိမ် သို့ ရောက်လျှင် ထို မိန်းမကြီး ကို မြင်လျှင် မြင်ချင်းပင် နှစ်သက်လှသော မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် ထို မိန်းမကြီး နှင့် အိမ်ထောင် ပြု၏ ။ ထိုနေ့ မှစ၍ ဖခင် လက် သို့ ပေးရသော အသပြာ တစ်ဆယ် ကို မောင်စိတ်ကောင်း သည် မိထွေး ဖြစ်သော မလောဘကြီး ၏ လက်သို့ ပေးရ၏ ။ မလောဘကြီး ကား နာမည် နှင့် လိုက်အောင် လောဘကြီးသူ ဖြစ်သဖြင့် တစ်ဆယ် မျှ နှင့် အားမရချေ ။ နှစ်ဆယ် တောင်း၏ ။ နှစ်ဆယ် ပေး လျှင် သုံးဆယ် တောင်း၏ ။ သုံးဆယ် ပေး လျှင် လေးဆယ် တောင်း၏ ။ သို့နှင့် မောင်စိတ်ကောင်း လည်း မလောဘကြီး တောင်းသည့် အတိုင်း ပေးခဲ့ရာ အသပြာ တစ်ရာ သို့ တိုင်လေ၏ ။

မောင်စိတ်ကောင်း လည်း လက် ထဲ တွင် ငွေ ကုန်သွားတိုင်း မိခင် မြစ်စောင့်နတ်သမီး ထံ သို့ ရွှေငါးတောင်းရလေ၏ ။ မိခင် က အဘယ်ကြောင့် ရွှေငါး တို့ ကို ယခင် က ထက် ခဏခဏ တောင်းရသနည်း ဟု မေး၏ ။ မလောဘကြီး အကြောင်း ကို မောင်စိတ်ကောင်း က ပြောပြသော အခါ တစ်နေ့လျှင် အသပြာ တစ်ရာ ထက် ပိုမပေးနှင့် တော့ ဟု မြစ်စောင့်နတ်သမီး က မှာကြား လေ၏ ။

နေ့စဉ် အသပြာ တစ်ရာ ရသော်လည်း မလောဘ သည် အေးအေးဆေးဆေး မနေ ချေ ။ မောင်စိတ်ကောင်း သည် နေ့စဉ် အသပြာ တစ်ရာ ကို ဘယ်က ရသနည်း ဟု စဉ်းစား၍ မောင်စိတ်ကောင်း နောက်မှ လိုက်လံ ချောင်းမြောင်း၏ ။ ရွှေပန်းထိမ်သည် ထံတွင် ရွှေငါးတစ်ကောင် အား အသပြာ တစ်ထောင် နှင့် ရောင်းချနေသည့် မောင်စိတ်ကောင်း ကို မြင်လျှင် အားရ ဝမ်းသာစွာဖြင့် မလောဘကြီး သည် အိမ် သို့ပြန်ခဲ့၏ ။

ထိုနေ့တွင် မောင်စိတ်ကောင်း သည် မလောဘကြီး လက်သို့ ခါတိုင်း ကဲ့သို့ ငွေ အသပြာ တစ်ရာ ကို ပေး၏ ။ ထိုအခါ မလောဘကြီး သည် အသပြာ တစ်ထောင် ပေးရမည် ဟု အတင်း တောင်း၏ ။ မောင်စိတ်ကောင်း က မရှိပါ ဆိုသော်လည်း မလောဘကြီး သည် ဒေါသမီး တောက် နေသော မျက်လုံးကြီးများ ဖြင့် မောင်စိတ်ကောင်း အား စားတော့ဝါးတော့မည် ကဲ့သို့ ကြည့်ရှု၍ မောင်စိတ်ကောင်း ၏ အိတ်တွင်း မှ ငွေ အားလုံး ကို လုယက်ယူငင်လေ၏ ။

ငွေအသပြာ တစ်ထောင်လုံး ကို ရသော်လည်း မလောဘကြီး သည် ဤအတိုင်း မနေပေ ။ “ သင် သည် ငါ လိုသမျှ သော ရွှေငါး တို့ ကို ပေးရမည် ၊ မပေး လျှင် သင့် အား ရွှေငါးတို့ ကို ခိုးယူ တိုက်ခိုက် နေသော သူခိုးဓားပြ တစ်ယောက် ဖြစ်ကြောင်း ၊ ဘုရင့် ထံ သို့ သွားရောက် တိုင်တန်း မည် ” မလောဘကြီး က ဤသို့ ခြိမ်းခြောက်လေသော် မောင်စိတ်ကောင်း လည်း ပြင်းထန်စွာ တုန်လှုပ် ချောက်ချားခြင်း ဖြစ်လျက် မြစ်ဘက် သို့ အပြေးအလွှား ငိုကြွေး သွားလေ၏ ။

မြစ်ဆိပ် တွင် မိခင် နတ်သမီး နှင့် တွေ့လျှင် မောင်စိတ်ကောင်း က အကျိုးအကြောင်း
အစုံအလင် ပြောကြား ပြလေ၏ ။ ထိုအခါ “ သည်လို ဆိုလျှင် ငါ့ သား မပူနှင့် ၊ ဤရွှေငါး တစ်တင်း ကို ယူ၍ မလောဘကြီး အား ဤသို့ ပြောကြား၍ ပေးလော့ ။ နောက်ထပ် ကျွန်တော့် မှာ ရွှေငါး ပေးစရာ မရှိတော့ပါ ။ ရှိရှိသမျှ ရွှေငါး အားလုံး မှာ ဤမျှသာ ဖြစ်ပါသည် ” ဟု သင်ကြား ပြီးလျှင် မြစ်စောင့်နတ်သမီး သည် ရွှေငါးတစ်တင်း ကို မောင်စိတ်ကောင်း အား ပေး၍ လွှတ်လိုက်လေ၏ ။

မောင်စိတ်ကောင်း လည်း ရွှေငါးတစ်တင်း ကို ထမ်းလျက် အိမ်သို့ ရောက်လျှင် မိခင် သွန်သင်လိုက်သည့်အတိုင်း မလောဘကြီး အား ပြောကြား၍ ရွှေငါး တစ်တင်း ကို ပေးလေ၏ ။ ထိုအခါ မလောဘကြီး သည် ရွှေငါးအိတ်ကြီး ကို မနိုင့်တနိုင် ပွေ့ပိုက်လျက် “ ဒီ တိုင်းပြည် တွင် ငါ့ ထက် ချမ်းသာတဲ့ လူ မရှိတော့ဘူး ၊ ငါ့ ထက် ပျော်ရွှင်တဲ့ လူ မရှိတော့ဘူး ” ဟု အော်ဟစ်ကခုန် လျက် မောင်စိတ်ကောင်း ပြောသမျှ ကိုလည်း တကယ် ယုံကြည် သွားလေ၏ ။

မလောဘကြီး ကား ထိုမျှလောက် ချမ်းသာ သော်လည်း မောင်စိတ်ကောင်း ကြောင့် မိမိ ချမ်းသာလာရကြောင်း ကို လူ သိမည် စိုးရိမ်မိ ပြန်သဖြင့် မောင်စိတ်ကောင်း အား သ,တ်ရန် ကြိုးစားလေ၏ ။

မလောဘကြီး သည် ရွှေငါးတစ်ပြည် ကို ဘုရင့် ထံ ဆက်သ၍ သူကြွယ်မဘွဲ့ ပေးရန် တောင်းခံပြန်လေ၏ ။ ရှင်ဘုရင် လည်း မလောဘကြီး အား တောင်းခံသည့် ဘွဲ့ကို ပေးသနားပြီး လျှင် ရွှေငါး တို့ အား ဘယ်ကဲ့သို့ ရရှိသည် ကို မေးလေ၏ ။

မောင်စိတ်ကောင်း ထံ မှ ရကြောင်း ပြောပြလေလျှင် ရှင်ဘုရင် လည်း မောင်စိတ် ကောင်း ကို ရှေ့တော်သို့ ချက်ချင်း သွင်း၍ ရွှေငါး ငါးတင်း ကို ဆက်သရမည် ။ ဆက်သနိုင် က သမီးတော် နှင့် လက်ထပ်ထိမ်းမြား ၍ အိမ်ရှေ့မင်း အရာ ကို ပေးမည် ။ မဆက်သနိုင်က အသ,တ်ခံ ရမည်ဟု မလောဘကြီး ရှေ့မှောက် မှာပင် အမိန့် ချမှတ်လေ၏ ။ မလောဘကြီး ကား ဆွေ့ဆွေ့ခုန် ဝမ်းသာ သွားလေ၏ ။

မောင်စိတ်ကောင်း ကား သေမည့် ဘေးကို ကြောက်လန့်၍ မြစ်ဘက် သို့ ငိုကြွေး၍ ရှေးနည်းတူ ပြေးပြန်လေ၏ ။ မြစ်စောင့် နတ်သမီး လည်း အကျိုးအကြောင်း စုံလင်စွာ မောင်စိတ်ကောင်း ထံ မှ သိရှိရလျှင် “ ယခုပင် ရွှေငါး ငါးတင်း ကို ယူသွားလော့ ၊ ထို့ပြင် ဘုရင့်သမီးတော် နှင့် လက်ထပ်ပွဲ တွင် တက်ရောက်ကြသော တိုင်းသူပြည်သား တို့ ကိုလည်း ရွှေငါး တစ်ကောင် စီ ကမ်းလှမ်းနိုင်ရန် အလို ရှိသမျှသော ရွှေငါးတို့ ကို လာယူဦးလော့ ” ဟု ပြောကြား၍ မောင်စိတ်ကောင်း အား နှစ်သိမ့်စေပြီးလျှင် ရွှေငါး ငါးတင်း ကို ပေးလေ၏ ။

မောင်စိတ်ကောင်း သည် ရွှေငါး ငါးတင်း ကို ရှင်ဘုရင် အား ဆက်သ လျှင် ရှင်ဘုရင် လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ ကတိ ရှိသည့် အတိုင်း သမီးတော် နှင့် ထိမ်းမြား၍ အိမ်ရှေ့ မင်းသား အရာ ကို ပေးလေ၏ ။

မောင်စိတ်ကောင်း လည်း ဘုရင့်သမီးတော် နှင့် လက်ထပ်ပွဲ တွင် မိခင် မြစ်စောင့်နတ် သမီး ထံမှ ရွှေငါး တို့ ကို ယူဆောင်၍ တိုင်းသူပြည်သား တို့အား တစ်ကောင်စီ လက်ဆောင်ကမ်း လေ၏ ။ ရွှေငါး ရသော တိုင်းသူပြည်သား တို့ သည် ပျော်မဆုံးရွှင်မဆုံးရှိကြလေ၏ ။

ထို အကြောင်း ကို ကြားသိရသော မလောဘကြီး ကား တစ်တိုင်းပြည်လုံး တွင် မိမိ တစ်ဦးတည်း သာလျှင် အပျော်ရွှင်ဆုံး ၊ အချမ်းသာဆုံး ထင်မှတ် နေရာမှ စိတ်အဆင်းရဲဆုံး ဖြစ် သွားလေ၏ ။ မိမိ သေစေချင်လှသော မောင်စိတ်ကောင်း မှာ မသေရုံမျှ သာမက ဘုရင့်သမီး ကို ရလျက် အိမ်ရှေ့မင်းသား ဖြစ်သွားသောကြောင့် ဒေါသ ဖြစ်လှလေ၏ ။ တစ်တိုင်းပြည်လုံး ပျော် ရွှင်မြူတူး နေကြသည်ကို လည်း မနာလိုဝန်တို ဖြစ်လှလေ၏ ။ ထို စိတ် တို့ကြောင့် မလောဘကြီး သည်မိမိ ရွှေငါးတို့ ကို ပြန် ကြည့်မိလေ၏ ။

မလောဘကြီး ၏ မျက်စိ တွင် ရွှေငါး တို့သည် ကြေးငါး များ ဖြစ်နေကြလေ၏ ။ ဤတွင် မလောဘကြီး သည် ဝမ်းမြောက်ဝမ်းသာစွာ နန်းတော်သို့ အပြေးအလွှား သွားရောက်၍ ရှင်ဘုရင် အား ရွှေငါး တို့သည် ရွှေငါး မဟုတ်ဘဲ ကြေးငါးများ ဖြစ်ကြောင်း ၊ မောင်စိတ်ကောင်း သည် မှော်အတတ် နှင့် ကြေးငါးများ ကို ရွှေငါး အသွင် လှည့်စားခြင်းသာ ဖြစ်ကြောင်းတို့ ကို လျှောက်ထား ပြန်လေ၏ ။ ထိုအခါ ရှင်ဘုရင် နှင့် တကွ မှူးကြီးမတ်ကြီး များသည် ရွှေငါးများ ကို သေချာစွာ ပြန်လည် စစ်ဆေးကြ၏ ။ မလောဘကြီး ပြောသကဲ့သို့ မဟုတ်ဘဲ ရွှေငါး တို့ဖြစ်သည် ကို တွေ့ လျှင် “ ဟယ် ... သူကြွယ်မ ၊ သင့်လက် မှ ငါးတို့ သည် လည်း ရွှေငါးများ ဖြစ်ကြကုန်၍ ငါ့နန်းတော် မှ ရွှေငါး တို့လည်း ရွှေငါး ဖြစ်ကြကုန်၏ ” ဟု ပြောဆို၍ မလောဘကြီး အား ပြန် လွှတ်လိုက်လေ ၏ ။

မလောဘကြီး အား ရှင်ဘုရင့် ရှေ့မှောက် တွင် မိမိ ငါးများ ကို ရွှေငါး ဟု အမှန်မြင်၍ ပြန် လာခဲ့ သော်လည်း မိမိ အိမ်သို့ ရောက်လျှင် မိမိ ရွှေငါး တို့ မှာ ကြေးငါးတို့ အသွင် ပင် မြင်ရပြန်လေ ၏ ။

ထိုအခါ နန်းတော် သို့ ပြေး၍ ကြေးငါးတွေ ဖြစ်ကြောင်း ရှေးနည်းတူ လျှောက်ထား တိုင်တန်း ပြန်လေ၏ ။ ရှင်ဘုရင် လည်း ရွှေငါး တို့ ကို ရွှေငါး မှန်း စစ်ဆေး သိရှိလျှင် ရှေးနည်းတူ ပင် မလောဘကြီး အား အိမ် သို့ ပြန်လွှတ်လေ၏ ။

မလောဘကြီး သည် အိမ်သို့ ရောက်ပြန်လျှင် ရှေးနည်းတူ ပင် မိမိ ရွှေငါး တို့ ကို ကြေး ငါးတို့ အသွင် မြင်ရ ပြန်လေ၏ ။ ဤတွင် နန်းတော် သို့ ပြေးလွှား ပြန်လေ၏ ။

နောက်ဆုံးတွင် နန်းတော် သို့ ပြေးလိုက် ၊ အိမ်သို့ ပြန်လိုက်နှင့် မလောဘကြီး သည် လမ်းခရီးမှာ ပင် နှလုံးကွဲ၍ သေဆုံးလေ၏ ။

▢ ကိုကြီးမြင့်သိန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ မတ်

အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞

 

❝ အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞
( စံပယ်ဖြူနု )

တောလမ်းကလေး သည် မညီမညာ ကွေ့ကောက်လျက် ရှိလေသည် ။ လမ်း သည် မြေသား ပြောင်ပြောင်ပင် မဟုတ် ။ လူ သွားဖန် များသည့် အတွက် မြက်ပင် ၊ နွယ်ပင်တို့ ပိပြားလျက် ဖြစ်လာရသော တောလမ်းကလေး မျှ သာပင် ။ နံဘေးတစ် ဖက်တစ်ချက်တွင် တော့ ချုံနွယ် နှင့် သစ်ပင်များ ဝန်းရံလျက် အချို့သော နေရာများတွင် လမ်းပေါ် အထိ ရောက်နေသော နွယ်ပင်နှင့် သစ်ကိုင်းတို့ကို ဖယ် ရှားကာ သွားရ သေးသည် ။

ဖိုးနီ သည် လမ်းကလေး ပေါ်တွင် တစ်ယောက် တည်း ယိုင်နဲ့နဲ့ လျှောက်လာသည် ။ တစ်ညလုံး သူ တောတိုး ခဲ့ရသည် ။ ယခု နံနက်တွင် မှ သည်လမ်း ကလေးကို တွေ့ပေသည် ။ တော မှာ မွေးသော ကလေးငယ်တို့ ၏ သိတတ်ခြင်းဖြင့် သည် လမ်းသည် ကား လမ်းမကြီး သို့မဟုတ် လူတို့ နေထိုင်ရာ ရွာများဆီ ရောက်မည် ဟု သူ အလိုလို သိနေသည် ။ သည့် အတွက်ကြောင့်ပင် ဝမ်းသာလှိုက်လှဲခြင်းသည် သူ့ ခြေလှမ်းများ ကို သွက်စေသည် ။ သို့သော် ပုံမှန် ခြေလှမ်းတော့ မဟုတ် ။ တရွတ်ဆွဲ ရတော့မလို အားအင် ကုန်ခန်း နေသော ခြေလှမ်းများ ထက်တော့ နည်းနည်းသာသည် ဆိုရမည် ။ သူ အားရှိလာသည် ဟု ခံစားရ၏ ။ သို့သော် မောလှပြီ ။ တစ်နေရာ ရာတွင် ပစ်လှဲ လိုက်ချင်စိတ်သည် သူ့ ရင်ထဲ ကြီးစိုးကာနေသည် ။ ထိုတစ်နေရာသည် သူ့ အိမ် က ဝါးကြမ်းခင်းကလေးများ ဖြစ်လျှင် ဘယ်လောက်များ ကောင်း လိုက်မည်နည်း ။ ငိုက်စိုက်စိုက် လျှောက် လာသော ခြေလှမ်းများ ကို ရပ်ကာ ဖိုးနီ နောက်သို့ လှည့်ကြည့် မိသည် ။ သူ ဘယ်ရောက် နေသည်လဲ မသိ ။ အိမ် နှင့် အလွန့်အလွန် ဝေးလံသော နေရာ သို့ ရောက်နေပြီ ဟု သာ ထင်သည် ။ မိုင် အားဖြင့် သူ မသိ ။ ခြေထောက်များ ညောင်းညာခြင်း ဖြင့်သာ ခရီးဝေးသည် ကို မှန်း တတ်သည် ။ သူ့ အိမ်ကလေး သည် နောက်ကျောဘက် မိုင် များစွာ ကွာဝေးသော နေရာတွင် ကျန်ခဲ့သည်လား ။ လက်ဝဲဘက် ၊ လက်ယာဘက် ကနေ ဦး တိုက်သွားလျှင် ရောက်နိုင်သည်လား သူမသိပေ ။

သူ နားလည်သည် မှာ တော့ သူ သည် အိမ် နှင့် မိုင်များစွာ ဝေးခဲ့ပြီ ။ မိဘတို့ နှင့် တကွဲစီ ဖြစ်ခဲ့ပြီ ။ အိမ် ပြန်ရန်လည်း မဖြစ်နိုင်သေး ။ အိမ် ကို ထားခဲ့ရပြီ တည်း ။

ဖိုးနီ တို့ ရွာကလေး သည် တောင်တန်းများ ရိပ်မိုးထားသော နေရာ မှာ ရှိလေသည် ။ ရွာ ကို ချောင်းငယ် တစ်ခု က ဖြတ်စီးသွားသည် ။ ရွာ တွင် အိမ်ခြေ များစွာ ရှိသည် မဟုတ် ။ မူလတန်းကျောင်း မျှသာ ရှိ သော ရွာ တစ်ရွာပင် ။ ထိုရွာကလေး တွင် ဖိုးနီ မွေး ဖွားကြီးပြင်းခဲ့သည် ။

ကောက်ပင်တို့ လယ်ယာမြေ တွင် စတင် စိမ်းလန်းကြသော မိုးရာသီ ၌ ဖိုးနီ ကို မွေးဖွားခဲ့ လေသည် ။ များစွာသော လယ်သမား သားသမီးများ လိုပင် အမေ့ ကျော ပေါ်မှာ ကတည်း က လယ် ကို ကျွမ်းဝင်ရသည် ။ အမေ က ဖိုးနီ ကို ကျောပိုး ကာ ကောက်ရိတ်သိမ်းခဲ့သည် ။ အဖေ နှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့ကြသည် ။ လယ် ကတော့ ဧက များစွာ ရှိသည် မဟုတ်ပေ ။ ဝမ်းစာ အပြင် နည်းနည်းမျှသာ ပိုလျှံသည် ။ ကြွေး မတင်ရုံသာ ရှိခဲ့သည်တဲ့ ။ သူ နားလည်တတ် ချိန် မှာ အမေ က ပြန်ပြောင်း ပြောပြ တတ်လေသည် ။

ဖိုးနီ သည် လယ်ထဲ တွင် အဖေ ပင်ပန်းလှသည် ကို သတိရ၏ ။ အဖေ က အလုပ် ကို အပင်ပန်းခံ လုပ် တတ်သည် ။ စပါးစိုက်ချိန် ဆိုလည်း အပတ်တကုတ် လုပ်သည် ။ အဖေ့ ဘက် က တူ တစ်ယောက်နှင့် ထွန်ချကြ ၊ စိုက်ကြ ၊ ပျိုးကြသည် ။ ခြံထဲ တွင် လည်း စားပင်သီးပင် စိုက်ရသေးသည် ။ တောထဲ တက်ကာ ထင်းရှာသေးသည် ။ ငါးရှာတတ်သေးသည် ။ သည် ကြွက်သား အပြိုင်းပြိုင်းနှင့် အလွန် သန်စွမ်းသည် ။ အဖေ့ ပခုံး ကို ခိုတွဲထားရလျှင် ဖိုးနီ အလွန် ပျော်သည် ။ သို့သော် အဖေ့ ကို သူ အချိန် ကြာမြင့်စွာ တွယ်ကပ်ခွင့် ရခဲ့သည်တော့ မဟုတ်ပါပေ ။ သူ့ အောက် က ညီမလေး ရလာချိန် မှာတော့ ဖိုးနီ သည် အမေ့ ရင်ခွင် ထဲ က ညီမလေး အား အဖေ မြှူသည်ကို သာ တွေ့လာရသည် ။ ညီမလေး ကို ပွေ့ချီကျီစယ် သည် ကို မြင်လာရသည် ။ ဖိုးနီ ကို အဖေ မမြင် တော့ပြီ ။

သို့သော် သူ သည် မနာလိုလည်း မဖြစ်တတ် ပါပေ ။ ကောင်းစွာ ပြေးလွှားဆော့ကစားတတ်ပြီ မို့ အိမ်နီးချင်း ကလေးတစ်သိုက် ကို ပြောင်းလဲခင်တွယ် တတ်ခဲ့သည် ။

သူ ကောင်းစွာ သိတတ်ပြီ ဖြစ်သော အသက် ခြောက်နှစ်ခန့် တွင် ညီမလေး က သုံးနှစ် ရှိပြီ ။ ထိုစဉ် က သူ ကျောင်း နေရသည် ။ ရွာ ထဲ က မူလတန်း ကျောင်းကလေး မှာ ပင် နေရသည် ။ ဖိုးနီ အတွက် အမေ က လွယ်အိတ်အသစ် ဝယ်ပေးသည် ။ ကွန်ပါဘူးလေး ဝယ်ပေးသည် ။ သူ သည် စာသင်ရသည် ကို အလွန် ပျော်ရွှင်ခဲ့လေသည် ။ ဉာဏ်လည်း ကောင်း၏ ။ တစ်နှစ် တစ်တန်း အောင်ခဲ့သည် ။ ဖိုးနီ အတွက် တော့ ကလေးပီပီ ပျော်ရွှင်ခဲ့သော ၊ အပူအပင် ကင်းခဲ့သော ကာလများ ။ မြို့ က လာသော ဆရာမလေး က တော့ -

“ ဖိုးနီ ဟာ ပညာရေး ဖြစ်ထွန်းမယ့်ကလေး ” ဟု အမေ့ ကို တစ်ကြိမ် မှာ ပြောတာ ကြားဖူးသည် ။

သို့ပေမဲ့ ကျောင်း မှာ နောက်ဆုံး နေခဲ့ရသည်က တော့ ဖိုးနီ ဒုတိယတန်း အောင်သည် အထိပါပဲ ။ သူ ဒုတိယတန်း ရောက်သည့် နှစ်တွင် ညီမလေး က သူငယ်တန်း တက်ပြီ ။ အမေ သည် နောက်ထပ် ညီလေး တစ်ယောက် ကို မွေးဖွား၏ ။ သူ သည် အလိုလိုပင် ညီမလေး ကို ထိန်းရသည် ၊ ညီလေး ကို ထိန်းရသည် ။ အမေတို့ လယ်ထဲ ဆင်းသည့် အခါ ထမင်း ချက်ရသည် ။ ရှစ်နှစ်မျှ သာ ရှိသေးသော်လည်း လူကြီးလေး ပမာ အိမ်မှာ အသုံးတည့်နေသည် ။

အိမ်အလုပ်နှင့် ကျောင်းစာများ အကြား ဖိုးနီ က အသားတကျ ရှိဆဲ ။ သည်မှာပင် အမေတို့ က သူ့ ကို ကျောင်းထုတ်ရန် ကြံလေသည် ။ ဖိုးနီ သည် တစ် ခဏမျှတော့ ဝမ်းနည်းခြင်း ဖြစ်လိုက်သေးသည် ။ သို့သော်လည်း အမေ ၏ ညှိုးနွမ်းသော ၊ ပင်ပန်းသော မျက်နှာ ကို ငယ်ရွယ်သော်လည်း သိတတ်ခဲ့ သည် ။ ကျောင်း ပြန်ဖွင့်တော့ မိုးရာသီ အစပြုချိန် ။ အမေတို့ က လယ်ထဲ ဆင်းကြပြီမို့ ဖိုးနီ သည် ညီလေး ထိန်းကာ ၊ ထမင်းချက်ကာ နှင့် ညီမလေး ကျောင်း သွားသည် ကို ထမင်းစောင့် ကျွေးရသည် ။ ညနေခင်း များမှာ ကျွဲသိမ်းရသည် ။ သူ့ လွယ်အိတ်ကတော့ စုတ်ခဲ့ပြီ ဖြစ်လေရာ လက်နှီးသာ ဖြစ်သွား လေသည် ။

အတန်းဖော်များ ခြံရှေ့ က ဖြတ်လျှင် ဖိုးနီ သည် ကလေး ပိုးကာ ချော့မြူရင်း ပြုံးပြ နှုတ်ဆက်ရသည် ။ သူတို့တွေ ကျောင်း ဆင်းချိန်ကို စောင့်ကာ ဆော့ ကစားရသည် ။ ဆရာမလေး က မျက်ရည် ဝဲချင်သည် ကို ဘာကြောင့်မှန်း မသိ မစဉ်းစားနိုင် ။ ကိုယ့် ဘဝ ကိုယ် ကျေနပ်ကာ နေခဲ့သည် ။

သို့သော် ရံဖန်ရံခါတော့ ဖိုးနီ မှာလည်း မကျေနပ်ချက်ကလေးများ ရှိရသည်ပင် ။ အဖေ သည် သူ နှင့် ခု နောက်ပိုင်း စိမ်း လာသည် ။ သူ့ ကိုတော့ ဖိုးနီ ဟု တုံးတိတိ ခေါ်တတ်သည် ။ ညီမလေး နှင့် ညီလေး ကို တော့ သမီးရေ ၊ သားငယ်ရေ ဟု ခေါ်သည် ။ ညီလေး ကို ချီပိုးကာ နေပြန်သည် ။ ညီလေး ကို မြှူလျှင် ပြုံးရွှင်နေသည် ။ ညီမလေး စာကျက် နေလျှင်လည်း ပြုံး နေပြန်သည် ။ ဖိုးနီ ကို ကား ဆူပူစရာများသာ ရှာ တွေ့နေသည်လား မသိ ။ မျက်ထောင့်နီနှင့်သာ ဆူပူ သည်ကို နေ့စဉ်လို ကြုံရသည် ။

တစ်ရက် မှာ တော့ ညီလေး ကို အိမ်ရှေ့ခန်း တွင် သိပ်ထားတုန်း သူ သည် မီးဖို ထဲမှာ ညနေစာ ထမင်းအိုး တည်နေခဲ့သည် ။ အိမ်ရှေ့ က ဒုန်းခနဲ အသံ ကြား ၍ ပြေးကြည့်လျှင် ညီလေး သည် ပုခက် ထဲ ကနေ ကြမ်းပြင်ပေါ်ကျပြီး စူးစူးဝါးဝါး ငိုလျက်ရှိသည် ။ အိမ် မှာ လည်း မိဘများ ရှိသည် မဟုတ် ။ တတ်သလောက် ၊ မှတ်သလောက် ချော့ရသည် ။ နဖူးယောင် သွားသည်ကိုတော့ ဘာ လုပ်ရမှန်း မသိ ။

ညနေ ရောက်သည့်အခါ အဖေတို့ ပြန်လာလျှင် တော့ ဖိုးနီ အရိုက် ခံရသည် ။ အဖေ က ဖိုးနီကို ရိုက်သည် ။ အဖေ ရိုက်တာ နာလှ၍ မဟုတ်သော်လည်း ဖိုးနီသ ည် ဝမ်းပန်းတနည်း ပင် ငိုခဲ့သည် ။

“ အဖေ က သားကို မချစ်ပါဘူး အမေရာ ”

သူ သည် မီးဖို ထဲတွင် အမေ့နား ကပ်နေရင်း တီးတိုး ပြောမိသည် ။ အိမ်ရှေ့တွင်တော့ အဖေ သည် ညီလေး ကို ချော့မြူလျက် ။ ညီမလေး ကား စာကျက် လျက် ။ သူ သည် အဖေ့ လက်မောင်းများ ကို ဝမ်းနည်းစွာ ငေးနေခဲ့၏ ။

“ မဟုတ်ပါဘူး ဖိုးနီ ရဲ့ ။ အဖေပဲ ၊ မချစ်ဘဲ ဘယ် မှာ ရှိပါ့မလဲ ။ နင့် ကို ချစ်လိုက်တာများ အားကိုးတာပါ ပါတာပဲ ။ အမေ အသိဆုံးပေါ့ ”

ဖိုးနီ သည် အမေ့ မျက်နှာကို တအံ့တသြ ငေး နေခဲ့သည် ။ သူ ဘယ်သို့ နားလည်ရမည်နည်း ။ အဖေ ဟာ ဖိုးနီ ကို ဘာကြောင့် အမြဲတမ်း ဆူပူချင်ရတာလဲ ။ အမေ့ စကား ကို ယုံလှသည် မဟုတ်သော်လည်း ဖိုးနီ က ငြိမ်နေခဲ့သည် ။ ထမင်းဝိုင်း ကျတော့လည်း အဖေ သည် သူ မဟုတ် သလိုပင် ဖိုးနီ ကို စကား ဆိုပြန် သည် ။ သို့ပေမဲ့ တုံးတုံးတိတိသာ ။ မနက်ဖြန် တော ထဲ လိုက်ခဲ့ဦးတဲ့ ။

သို့နှင့် ဖိုးနီ သည် အဖေ လှည်းတစ်စီး နှင့် တော ထဲ ဝင်ရာမှာ လိုက်ရပြန်သည် ။ သားအဖ တစ်တွေ ထင်း တိုက်ကြသည် ။ အိမ် အောက်ဘက်မှာ ထင်း သိုလှောင်ကြသည် ။ ဖိုးနီတို့ အိမ် သည် သည်အရပ် က ရှမ်းဗမာရွာများ တွင် တွေ့ရတတ်သော ခြေတံရှည်အိမ်ငယ်လေး သာ ဖြစ်သည် ။ အိမ် အောက်ထပ်မှာ ကြက်ခြံ ရှိသည် ။ ထင်းစင် ရှိသည် ။ အိမ်ကတော့ သက်ငယ်မိုး ၊ ဝါးကြမ်းခင်း ၊ ထရံကာသာ ။ သာမန် လယ်သမားအိမ် မျှပင် ။

သည် အိမ်မှာသာ မဟုတ်ပါ ။ တစ်ရွာလုံး မှာ တော့ အိမ်ငယ်လေးများသာ အများစု နေကြသည် ။ ကချင်များ လည်း ရှိသည် ။ တောင်သူ အလုပ် ကိုသာ အဓိက လုပ်ကြလေသည် ။ ဖိုးနီတို့ အရွယ် များကတော့ မိဘ ကို ကူညီတတ်ကြသည် ။ အိမ်အလုပ် ၊ လယ်ထဲက အလုပ်များ ကို တတ်နိုင် သလောက် လုပ်ကြရသည် ။ ကျောင်း တက်သူများ ကလည်း ကျောင်းချိန် ပြင်ပမှာ အလုပ် ကူကြရသည် ။ များသောအားဖြင့်တော့ သူတို့ သည် လေးတန်းမျှ အောင် လျှင် ပညာရေး ဆုံးခန်းတိုင်ကြမြဲ ။ ဖိုးနီ လို လေးတန်း ပင် မရောက်သူများ လည်း မရှား ။ သို့သော် ရွာမှာ တော့ ဒါသည် အဆန်းလည်း မဟုတ်ပါပေ ။
သူတို့ ကျေးရွာကလေး သည် မြို့နှင့် တော်တော် အလှမ်း ကွာသည် ။ ကချင်ပြည်နယ် ထဲ က သာမန် ကျေးရွာလေး တစ်ရွာ သာပင် ။ မြို့ပေါ်သို့ ဖိုးနီ တို့ သိပ် မရောက်ဘူးပေ ။ အဖေတို့ ကတော့ စပါးလေး ၊ ပဲလေး ရောင်းဖို့ ၊ ဈေးဝယ်ဖို့ ရောက်တတ်သေးသည် ။ ဖိုးနီ ကတော့ အဖေ နှင့် တစ်ခါ နှစ်ခါသာ လိုက်သွားဖူးသည် ။ မြို့သေးသေးလေး ပေမဲ့ သူ့ အတွက် ကြီးကျယ် ခမ်းနားနေခဲ့သည် ။

“ ငါ တော့ မြို့မှာ မနေချင်ပါဘူးဟေ့ ” ဟု တော့ ရွာ က သူငယ်ချင်းများ ကို ပြောပြတတ်သည် ။

တကယ်လည်း ဖိုးနီ သည် ရွာကလေး မှာ ပျော် ခဲ့သည် ။ အဖေ က သူ့ကို မချစ်ဘူးဟု ထင်မြဲ ဖြစ်သော်လည်း အိမ်တွင် သူပျော်ခဲ့သည် ။ ပင်ပန်း သော်လည်း အိမ် အလုပ်များ ကို မညည်းညူ ။ အချိန်တန်၍ လယ်ထဲ ဆင်းရလျှင် လည်း သူ သည် အဖေ့ လို လယ်သမားစစ်စစ် သာ ဖြစ်လာဦးမည် ။ ကောက်နှံပင် များ ကို မြင်လျှင် သူ လည်း ပျော်တတ်သည်ပင် ။ ကောက်နှံများ ရိတ်သိမ်းချိန် တွင်တော့ သူတို့ ရွာကလေးများသည် ပွဲလမ်းများ နှင့် ပျော်မွေ့ဖွယ်ဖြစ်လာမြဲ ။ သည်လိုသာ မပြောင်းမလဲ ရှိဦးမည် ဟု ဖိုးနီ က ကလေးပီပီ တွေးထင်ခဲ့သည် ။

သို့သော် မမြင်ရသော ကံကြမ္မာ သည် ဖိုးနီ တို့ ဆီ ဆိုက်ရောက်လာခဲ့သည် ။ ဖိုးနီတို့ ရှမ်းဗမာရွာကလေးများ သာမက အနီးဝန်းကျင် တစ်ဝိုက်က ကချင်ရွာကလေးများ ကိုလည်း ဆိုက်ရောက်ခဲ့သည် ပင် ။ ပထမတော့ လူကြီးများ ကျိတ်ကျိတ် ကျိတ်ကျိတ် စကား ပြောတတ်ကြသည် ကို သူတို့ ဆန်းသည် မထင်သေး ။ နောက်တော့ ညဘက် ဆို အသံ တချို့ ကို အဆန်းတကြယ် ကြားလာရသည် ။ မိုးလင်း လျှင်တော့ ည က ဟိုရွာ မှာ ဘာဖြစ်လို့တဲ့ ဆိုသော အသံများ ညံစီ နေပြန်သည် ။ လယ်ယာ ထဲ သို့တော့ ပုံမှန် ဆင်းနိုင်ဆဲ ။ ဖိုးနီတို့ ရွာလေးက အေးချမ်းဆဲ ။

ဆောင်းရာသီ စ ဝင်လျှင်တော့ ကောက်နှံများ ရင့်မှည့်ပြီ ။ မကြာခင် ရိတ်သိမ်း ရတော့မည် ။ အဖေ နှင့် အမေတို့က စိတ်ကူးနှင့် မျှော်မှန်းဆဲ ။ တစ်ည မှာတော့ မုန်တိုင်း မွှေသလို အသံများ က သူတို့ နှင့် သိပ် မဝေးတော့ပြီ ဆိုသည်ကို သိရသည် ။ ရွာ က ဗီဒီယိုရုံများ တွင် ကြည့်ရတတ်သော ဇာတ်ကား ထဲ ကလို အသံများ သည် ကလေးများ ကို အထိတ်တလန့် ငိုကြွေးစေသည် ။ လူကြီးများ က လည်း ထိတ်လန့်ကြသည် ။ အသံများသည် တဖြည်းဖြည်း နှင့် သည်းထန်လာသည် ။

“ ဖိုးနီရေ ဒီအထုပ်လေးဆွဲ ” ဟု အမေ က ပြော သည် ။ အမေ သည် ညီလေး ကို ချီလျက် ။ အဖေ က တော့ ညီမလေး ကို ပွေ့ဖက်လျက် ၊ ဖိုးနီ သည် အမေ လှမ်းပေးသော အထု ပ်ကို ပိုက်ကာ အိမ်ပေါ် က အမြန် ဆင်းရသည် ။ တစ်ရွာလုံးသည် အသက်ဝင် ဆူညံ နေပေသည် ။ ဖိုးနီ တို့ သည် ရွာ နှင့် အနီးဆုံး တောထဲ ကို တိုးလာကြသည် ။ တော သည် အမှောင် ကြား ထဲတွင် ပို၍နက်ရှိုင်း မည်းမှောင်နေသည် ။ လူသံများသည် ဟိုမှာ သည်မှာ ပေါ်ထွက် လာနေသည် ။ ပေါက်ကွဲသံများ သည် သူတို့ ရှေ့တွင် ပင် ရောက်လာ သလို အသံများ က နှိပ်စက်ဆဲ ။ အော်ဟစ်သံ ၊ ငိုကြွေးသံ နှင့် ပြေးလွှားသံများ ၊ ခြေသံများ ။

သူတို့ ပြေးကြသည် ။ ဖိုးနီ ပြေးသည် ။ တစ်ယောက်တည်း အားသွန် ပြေးသည် ။ အသံများ ကပ် ပါလာသည် ထင်လေလေ တိုးကာ ပြေးလေလေ ဖြစ် သည် ။ သူ့ နားထဲတွင် အသံများ သာ ဆူညံ နေသည် ။ အပြေးပြိုင်ပွဲ တိုင်း ဗိုလ်စွဲနေကျ ဖိုးနီ ၏ ခြေထောက် များ က ရှေ့သို့သာ အရှိန် နှင့် တိုးနေသည် ။ သူ ဘာကိုမှ မသိတော့ ။ ကြောက်ခြင်း တစ်ခု ကို သာ သိသည် ။

နောက်ဆုံးတော့ ဖိုးနီ မောပန်း၍ နားသည့် အခါ တွင် သူ့ အနီးတွင် ဘယ်သူမျှ မရှိတော့ ။ သူ ဆွဲလာ သော အထုပ်ကလေးသည် လည်း ဘယ်မှာ ကျ ကျန် ခဲ့ပြီလဲ မသိတော့ပါပေ ။ တော သည် မှောင်နေ၏ ။ အသံတို့ က တိတ်ဆိတ်နေသည် ဟု ထင်ရသော် လည်း တကယ့် တကယ် မှာတော့ ချောက်ချားစဖွယ် ။ ဖိုးနီ သည် သစ်ပင် တစ်ပင်၏ ခြေရင်း ၌ တိုးကပ်ကာ ရှိုက်ငင်လိုက်သည် ။ သူ ငိုသည် ။ အဖေ သူ့ ကို ရိုက်စဉ် က ထက် ဝမ်းနည်းစွာ ငိုကြွေး လေသည် ။

တောလမ်းလေး ပေါ်တွင် ယိုင်နဲ့နဲ့ လျှောက်လာ သော ဖိုးနီ သည် အသံတစ်ခု ကြောင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည် ။ ဘာသံပါလိမ့် ။ အသေအချာ နား စွင့်မိလျှင်တော့ ဖိုးနီ ၏ မျက်နှာ သည် မျှော်လင့်ခြင်း ဖြင့် ဝင်းပ လာသည် ။ ဆိုင်ကယ်သံ ။ လမ်းမကြီးနှင့် မဝေးတော့ပြီလား ။ သို့တည်းမဟုတ် ဆိုင်ကယ် သည် သူ ရှိရာ လမ်းကလေးဆီ လာ နေသည်လား ။ လမ်းကလေး က ကွေ့ကောက်နေသည်မို့ ရှေ့ ကို မမြင်သာ သေး ။ သို့သော် အသံ သည် ပို၍ပင် နီးကပ်လာသည် ကို ကြားရသည် ။ ဖိုးနီသည် တစ်စုံတစ်ရာ ကို စောင့်နေသူလို ခြေလှမ်းများကို ရပ်တန့်ထားသည် ။

ကလေးများ ကို ဖမ်းတတ်သည် ဟု လူကြီးများ က ခြောက်လှန့်တတ်သော လူဆိုးများပင် ဖြစ်စေဦး ။ ယခုနေတော့ ဖိုးနီ ဘာကိုမျှ မကြောက်နိုင်ပါပေ ။ သူ သည် တစ်ညလုံး ကြောက်လန့်ခြင်း နှင့် အသား ကျခဲ့သည် ။ သည့်ထက်လည်း ထူး၍ မလန့် မကြောက်နိုင် တော့ပြီ ထင်သည် ။ ညက ဝမ်းပန်း တနည်း ငိုရှိုက် နေခဲ့သော ဖိုးနီ သည် မိုးစင်စင်လင်း ချိန်မှာတော့ ငိုရန်ပင် မောနေပြီ ။ ထပ်၍လည်း မငို နိုင်တော့ ။

ဖိုးနီ ငေးမော နေစဉ်မှာပင် လမ်းချိုးကွေ့ တွင် ဆိုင်ကယ် တစ်စီး ပေါ်လာသည်ကို တွေ့ရသည် ။ လူ နှစ်ဦး ပါလာသည် ။ သူတို့ သည် ဖိုးနီ ကို မြင်လျှင် ဆိုင်ကယ် ကို စက်သ,တ်လိုက်ကြသည် ။ စကားတချို့ မေးမြန်းကြသည် ။ သူ့လို ရှမ်းဗမာတစ်ယောက် မဟုတ်ဘဲ ကချင်များ ဖြစ်သည် ကို ဖိုးနီ သိလာသည် ။ ဖိုးနီ သည် ဖြစ်ကြောင်း ကုန်စင် ကို ပြောပြရ၏ ။ သူ ဘယ်ရွာ က လာသည့်အကြောင်း ။ မိဘများ နှင့် ကွဲသွားရသည့် အကြောင်း ။ သူတို့ သည် ခေါင်း တညိတ်ညိတ် နှင့် နားထောင် ပြီးနောက် တီးတိုးတိုင်ပင် ကြ၏ ။ ထို့နောက် ဖိုးနီ ကို ဆိုင်ကယ် ပေါ် တင်ကာ ခရီး ဆက်ခဲ့ကြသည် ။ ဆိုင်ကယ်မောင်းသူ နှင့် နောက် က လိုက်သူ နှစ်ဦး အကြား ဖိုးနီ ထိုင်ရသည် ။

သူတို့ ဘယ်သွားမည်နည်း ။ ဖိုးနီ မသိပါ ။ သို့သော် သူ့ကို ထွေးပိုက်ထားသော လက်များတွင် စာနာမှုများ ပါသည် ဟု တော့ ခံစားရသည် ။ ကလေးဖမ်းသူများ ဘယ်နည်းနှင့်မျှ မဖြစ်နိုင် ။ တစ်ညလုံး ချမ်းတုန်ခဲ့ရသော ဖိုးနီသည် နွေးထွေးသော ခန္ဓာ ကိုယ်ငွေ့များ ကြားတွင်နွေးကာ နေသည် ။ အချိန် တော့ ဘယ်လောက် ကြာသည် လည်း မသိ ။ တော လမ်း ထဲ ကွေ့ကောက်ကောက် သွားရသည် ။ ကုန်းကလေးကွေ့များ ကို တက်ရသည် ။ တစ်နေရာတွင် တော့ ဆိုင်ကယ် ကို စက်သ,တ်ကာ ရပ်လိုက်ကြသည် ။ သူတို့ အားလုံး ဆိုင်ကယ် ပေါ်က ဆင်းကြသည် ။ ဦးတည်လိုသော နေရာသို့ ရောက်ခဲ့ပြီဟု ဖိုးနီ ထင်ပါသည် ။

ပတ်ဝန်းကျ င်ကို စူးစမ်းရန် လှည့်ကြည့်လိုက် တော့ ဖိုးနီ သည် မြင်ကွင်းကို တအံ့တသြ ငေးမော နေရသည် ။ သူ ရောက် နေသော နေရာသည် သစ်ပင် များ အုပ်မိုးလျက် ။ အလယ်တွင် ရှင်းလင်းကာ တဲ များ ဆောက်ထားသည်ကို တွေ့ရသည် ။ တာလပတ် များ မိုး ထားသော ဖက်များ ကာရံထားသော တဲကြီး များ ထဲ၌ လူများစွာ တွေ့ ရသည် ။ သူတို့ အရွယ် ကလေးငယ်များ ၊ သူ့ ထက် ငယ်သောကလေးများ သည် မြေပြင် တွင် ဆော့ကစား နေသည် ။ ရွာ လား ။ ဟင့်အင်း မဟုတ်ပါဘူး ။ ဒါ ရွာနှင့် မတူပါ ။ လယ်စောင့် တဲများ ထက်ပင် အနေစုတ် ချင်နေသော တဲကြီးများ နေရာကွက်ကွက်လေးမှာ စုစည်းနေတာသည် ရွာနှင့် မတူပါ ။ ဒါဆို ဘာများပါလိမ့် ။

ဖိုးနီ သည် ကြာကြာ မတွေးနိုင် ။ သူ့ ကို ခေါ်လာသူ နှစ်ဦး က ခြေလှမ်းပြင်ပြီမို့ သူတို့ နောက် လိုက်ရ သည် ။ ဖိုးနီ က ကစား နေသော ကလေးတို့ အနီးမှ ဖြတ်လျှင် ညီမလေး နှင့် ညီလေး ကို ပြင်းစွာ အောက်မေ့လေ၏ ။ သူတို့ ဘယ်ရောက်နေပြီနည်း ။ အမေ ၊ အဖေတို့ ကရော ဘယ်မှာပါနည်း ။ သည် တဲများတွင် ရှိနေလေမည်လား ။ ဖိုးနီ သည် မျှော်လင့်ခြင်းဖြင့် မျက်နှာလေး ရွှင်လာ ပြန်သည် ။

“ ဟေ့ နင် ဖိုးနီ မဟုတ်လား ”

ကလေးတစ်သိုက် ထဲက အသံ ထွက်လာလျှင် ဖိုးနီ က ငဲ့ကြည့် လိုက်ပါသည် ။ မျက်ဝန်းကျဉ်းကျဉ်း လေးများ ပိတ်သည်အထိ ပြုံးရယ်ပြ နေသူ ကို ဖိုးနီ

ကောင်းစွာ မှတ်မိသည် ။ ဒုတိယတ န်းမှာ တစ်တန်း တည်း နေခဲ့ရသော ဖိုးနီ ၏ သူငယ်ချင်းပါပေ ။

“ အားဘူ ... အေး .. နင်တို့ ဒီမှာ ဘယ်လို လုပ် ရောက်နေတာလဲ ”

“ ငါတို့ လည်း ပြေးလာတာပဲကော ။ နင့် အဖေတို့ရော ”

“ မပါဘူးဟ ။ ငါ တစ်ယောက်တည်း လမ်းကွဲ သွားတာ ။ ဒီမှာ ရောက်နေမလား မသိဘူး ”

“ မရောက်ပါဘူးဟယ် ။ ငါ မြင်ရင် သိပါတယ် ”

ဖိုးနီ သည် သက်ပြင်းလေး ချလိုက်မိသည် ။ သူ့ မျော်လင့်ချက်လေးသည် ဟုတ်ခနဲ ငြိမ်းသွားသော မီးညွန့်ကလေး လို ပင် ။ ရှေ့တွင်တော့ သူ့ ကို ခေါ်လာ သူတို့ သည် ဆရာမလေးတို့ အရွယ် အစ်မကြီး တစ်ယောက် နှင့် စကား ပြောကာနေသည် ။ ကချင်စကား များနှင့်သာ စကားပြောသည် ဖြစ်၍ ဖိုးနီ နားမလည် ပေ ။ သို့သော် သူ့ အကြောင်း ပြောနေမှန်းတော့ ဖိုးနီ သိပါသည် ။ ထို့နောက် သူ့ ကို လာခေါ်သည် ကို ကြုံ ရသည် ။ သည်မှာပင် ဖိုးနီနေရဦးမည် တဲ့ ။ အားဘူ ကတော့ သူတို့ တဲသို့ ခေါ်သွားလိုသည် ။ သို့သော် အားဘူ တို့ နေသည့် တဲတွင် လူက များလှပြီ ။ မျက်နှာချင်းဆိုင် က တဲတွင် ဖိုးနီ နေရပါသည် ။ လူကြီးများ အကြား တွင် ဖိုးနီ ကို နေရာ ပေးထားသည် ။ သူတို့ ချင်း ပြောကြသော ကချင်စကား ကို ဖိုးနီ နားလည် သည် မဟုတ် ။ မျက်နှာများ က နွေးထွေးမှု ကို တော့ ကလေးပေမဲ့ ဖိုးနီ သိပါသည် ။

တစ်ညလုံး ပြေးလွှား ခဲ့ရသော ဖိုးနီ အတွက်တော့ အားဘူတို့ ကလေးတစ်သိုက်နှင့် အတူ စားရသော ထမင်း မှာ မြိန်လှသည် ။ တကယ်တော့ ဟင်းက ဘာမျှ ပါသည် မဟုတ် ။ ပဲပြုတ်တစ်ခွက် မျှသာ ။ သို့ပေမဲ့ ဆာလောင် နေသည်မို့ ထမင်း ကုန်အောင် စား ပစ်လိုက်သည် ။

သည်ကြားထဲ အမေ ချက်ပေးတတ်သော စွန်တန်ဟင်းရည် နှင့် ငါးကြော်လေးများ ကို ပင် သတိရ သေးသည် ။ ညီမလေး နှင့် ဟင်းလု စားရသည် ကို
အမှတ်ရသည် ။ သူတို့သည် ဘယ်နေရာ မှာ ရှိနေ သနည်း ။ ဖိုးနီ လို တဲတို့ ၊ ထမင်းတို့ ရှာတွေ့ရဲ့လား ။ ပူပင်သောက နှင့် ခေတ္တမျှ ငေးငိုင်ရသော်လည်း ကလေးပီပီ ပင် တစ်အောင့်မျှ ကြာလျှင် မေ့သလို ရှိ လာပြန်သည် ။ အားဘူတို့နှင့် ကုန်းကလေး ထက်တွင် ပြေးတမ်းလိုက်တမ်း ကစား နေပြန်သည် ။ သူတို့သည် လူကြီးများ လို သောက များတတ်သေးသည် မဟုတ် ။ ကောက် မရိတ်ရသေးသည် ကို မပူပင်တတ် ။ နောက် နှစ် အတွက် ဆန် မရှိမည် ကို မတွေးတတ် ။ မနက်ဖြန် တွင် ဘာဖြစ်လာဦးမည် ကို မကြောက်တတ် ။ ဘာမျှ မသိတတ်သေးသော စိတ်နှလုံးများနှင့် သူတို့ ရယ်မော နိုင်ကြသေးသည် ။

နေဝင်မိုးချုပ်တော့ ညစာ စားပြီးသည် နှင့် သူတို့ အိပ်ရာဝင်ကြသည် ။ တဲများသည် ခဏမျှ ကြာလျှင် အမှောင် ကြားတွင် တိတ်ဆိတ်ကာ နေသည် ။ လေ သည် ဖက်ရွက်ကြား က တိုးဝင်လာသည် ။ ချမ်းမြ သောလေကြောင့် ဖိုးနီ တုန်စပြုလာသည် ။ သို့သော် သူ့ တွင် စောင် မရှိ ။ တစ်ဖက်မှာ အိပ်သော အဘိုး တစ်ယောက် က ခြုံစောင် ကို လွှမ်းပေးသေးသည် ။ သို့သော် သူ လူးလိမ့် နေရင်းမှာပင် စောင် လျောကျ ရသည် ။ နှစ်ယောက်ခြုံ နိုင်သော စောင်မဟုတ်သည် မို့ ဆွဲယူရန် ရွံ့ရ ၊ အားနာရ သေးသည် ။ ကွေးကွေးလေး နေရင်တော့ အချမ်းပြေ မှာပဲ ။ ဖိုးနီ သည် မျက်လုံးကို စေ့ပိတ်ထားသည့် ကြားက အမေ့ ရင်ခွင်ကို လွမ်းစ ပြုလာသည် ။ အိမ် မှာတော့ ဆင်းရဲသည် မှန် သော်လည်း နွေးထွေး သေးသည် ။ အမေ့ နား တိုးကပ်နိုင်သည် ။ ညီမလေး နှင့် စောင် လုခြုံနိုင်သည် ။ အဖေ့ ကိုယ်ငွေ့ ကိုလည်း ငယ်တုန်းက ခိုလှုံခဲ့သည် ကို သတိရလာသည် ။ နောင်တော့ ဘယ်လိုပင် မိဘ များ က ဆူသည် ဖြစ်စေ စိတ် မကွက်တော့ပါဘူး ဟု တစ်ဆက်တည်းပင် စဉ်းစား နေပြန်သည် ။ သည်လို နှင့် ချမ်းချမ်း နှင့် ကွေးရင်းက သူ အိပ်ပျော်သွား ခဲ့သည် ။

နောက်တစ်နေ့ မိုးလင်း လာလျှင် ချမ်းအေးလှဆဲ ဖြစ်သည် ကို တွေ့ရလေသည် ။ ဖိုးနီ သည် တခြား ကလေးများ နှင့် အတူ မီးလှုံရ၏ ။ သူတို့ တွင် အင်္ကျီ အနွေးထည် မရှိပါပေ ။

အချိန်တန်လျှင် လူကြီးများ က ချက်ပြုတ်ကြသည် ။ ဆန် က နည်းခဲ့ပြီဟု ပြောသံကြားရသည် ။ အေးလေ အိမ် ပြန် ရတော့မှာပဲ ။ ဖိုးနီ က ကလေးပီပီ ပင် တွေးနေသည် ။ သူ အိမ်ပြန်ချင်ပြီ ။ မိဘမောင်နှမများ ကို တွေ့ချင်လှပြီ ။ မကြာခင် ပြန်ရတော့မည် ဟုပင် သူ ထင်နေသည် ။ ထို့ကြောင့်ပင် ပူစရာ ဟု ဘယ်အရာ ကို မျှ မမြင် ။ သူ့ လိုပင် တခြားကလေး များသည် လည်း မကြာခင် အိမ်ပြန်ရမည် ဟု တွေး လေသလားမသိ ။ သူတို့ တစ်တွေသည် ဆော့ကစား ကာ စကား ဆိုကာ ရှိနေပြန်သည် ။ သူ့ ရွာ အကြောင်း ကိုယ့်ရွာ အကြောင်း ပြောကြသည် ။ ကျောင်း တက်သူ တို့ က ကျောင်းအကြောင်း ပြောကြသည် ။ ဆရာမ အကြောင်း ပြောကြသည် ။ ကောက်သစ်စားပွဲများ အကြောင်း ပြောကြသည် ။ လယ် ထဲ မှာ မိဘ ကူရ သည့် အကြောင်း များလည်း ပါသည် ။

“ အားဘူး နင်တို့ ဘယ်တော့ ပြန်ကြမလဲ ” ဟု ဖိုးနီ က မေးသေးသည် ။

“ အေး ဖိုးနီ ရဲ့ ။ အနူး ပြောတာတော့ ရွာဘက် မှာ အေးရင် ပြန်ချင်တယ်တဲ့ ။ စပါး လည်း ရိတ်ရဦးမယ် လေ ။ ငါ လည်း ကျောင်း မတက်ရဘူး မဟုတ်လား ”

“ နင် ပြန်ချင်ပြီလား ။ ငါလည်း ပြန်ချင်ပြီဝေး ”

“ ပြန်ချင်တာပေါ့ဟယ် ။ ဒီအချိန် ဆို တို့ ရွာမှာ ခရစ္စမတ် နီးလို့ ပျော်စရာပေါ့ ။ နင်တို့ ဆီမှာလည်း ဘုရားပွဲတွေ နီးပြီပေါ့ ”

“ အေးပေါ့ဟ ”

ဖိုးနီတို့ သည် သစ်ပင်ရိပ်များ တွင် တစ်နေကုန် နေကြသည် ။ စာသင်စရာလည်း မရှိ ။ ကျောင်းများ သည် အဝေး တွင် ကျန်ခဲ့ကြလေပြီ ။

ဖိုးနီ တစ်ယောက်တည်း အတွက် ဆိုလျှင်ကား သူ နားပူတတ်သော အဖေ့ ဆူသံများ ကို လည်း ကြားစရာမလိုတော့ ။ အိမ် အလုပ်များ ကိုလည်း လုပ်ရန် မလိုတော့ ။ ညီမလေး နှင့် လည်း ငြင်းခုံရန် မလိုတော့ပေ ။ သို့သော် ဘာကြောင့် မပျော်ပါသနည်း ။

အားဘူ ကတော့ ရွာ ကို လွမ်းကြောင်း ခဏခဏ ပြောသည် ။ ဖိုးနီ က လည်း စဉ်းစား၏ ။ သူ လွမ်း သလား ။ ရွာ ကို လွမ်းသလား ။ တကယ့်တကယ် စဉ်းစားတော့လည်း သစ်ပင်စိမ်းများ ရိပ်မိုးထားသည် ဖြစ်သော ရွာကလေး ကို မြင်ယောင်လာသည် ။ သူငယ်ချင်းများ နှင့် ပြေးလွှားဆော့ကစား ခဲ့ရသော ရွာလမ်း ကို သတိရသည် ။ ရွာဦးစေတီ က ဆည်းလည်းသံ ကို ပြန်လည်ကြားယောင်သည် ။ လယ်ကွက်များ ကိုပင် သတိရစရာ ဖြစ်ရသည် ။

နောက်ဆုံးတော့ လည်း သူ့ စိတ်သည် သူ့ မိသားစု နှင့် အတူ နေထိုင်ခဲ့ရာ အိမ်ကလေး တွင် ရပ်တန့် တော့၏ ။ အိမ်ကလေး ထဲ က ရယ်သံများ ။ ညီလေး ၊ ညီမလေးတို့ နှင့် အဖေ ရယ်မော နေလျှင် သူ ပါ ပျော် ရွှင်ခဲ့သည် ။ အဖေ သည် သူ့ ကို ချစ်ခင်ရင်းနှီးစွာ မနေတတ် သော်လည်း အားကိုးတတ်သည် ဟု အမေ ပြောဖူးသည် ကို သတိရလာ၏ ။ ဟုတ်မှာပဲ ဟု လည်း အဖေ့ ကို မြင်ယောင်ကာ တွေးစ ပြုလာပြန်သည် ။

“ ငါ လည်း အိမ် ကို လွမ်းတယ်ဟ ” ဟု ဖိုးနီ သည် အားဘူ ၏ စကားကို ထောက်ခံလာသည် ။

“ အေးဟယ် အိမ် ပြန်ရရင် ကောင်းမှာပဲနော့ ”

ခဏကြာတော့ လည်း သူတို့ သည် ကလေးတို့ ၏ စိတ်ပြောင်းလဲလွယ်ခြင်း နှင့် အသားကျ လာပြန် သည် ။ ရယ်ကာမောကာ ရှိလာပြန်သည် ။ အားဘူ ကတော့ စခန်း သို့ စောစီးစွာ ရောက်လာခဲ့သူ ဖြစ်လေရာ သူ့ တွင် ပြောစရာများစွာ ရှိလေသည် ။

“ နင့်လိုပဲ စခန်း မှာ အဖေ ၊ အမေ မပါဘဲ ရောက် လာတဲ့ ကလေးတွေ ရှိသေးတယ် သိလား ။ တချို့လူ တွေလည်း ကွဲကုန်တာပဲဟယ် ။ ငါတို့ တောင် ကံကောင်းလို့ မကွဲတာ ။ တို့တော့ ညပြေးတာ မဟုတ်ဘူး ။ နေ့ခင်းဘက် ပြေးလာတာ ။ အစကတော့ အနူး တို့ က မပြောင်းဘူးလို့ပဲ ။ ဒါပေမဲ့ နောက်တော့ မရတော့ဘူးလေ ။ တိုက်ပွဲတွေ က တဖြည်းဖြည်း နီးလာတာကိုး ”

“ ဒီမှာ ဆန် ကုန်ရင် ငါတို့ တော့ ဒုက္ခပဲ တဲ့ ။ လူကြီးတွေ ပြောတာ ကြားခဲ့တယ် ” ဟု ဘောက်ဂျာ ဆိုသော ကောင်မလေး တစ်ယောက် က ဝင်ပြော သေးသည် ။ ဖိုးနီ ကတော့ ထုံးစံအတိုင်း တွေးပြန်သည်မှာ အိမ်ပြန်မှာပေါ့ ဟု ပင် ။ သို့ပေမဲ့ ရွာ ကို ဘယ်လမ်းက သွားရမည်နည်း ။ ဒါက သိပ်တော့လည်း ပူစရာ ရှိမည်မဟုတ် ။ လူကြီးများ က လမ်းပြ ပေးမှာ ပါ ။ ပူပန်စရာ မှာတော့ ဘယ်သူမှ မရှိသော အိမ် သို့ မပြန်လိုခြင်းတည်း ။

အတွေးများ နှင့် ငေးငိုင်နေသော ဖိုးနီ သည် လူသံများ အုတ်အုတ်ကျက်ကျက် ကြားရတော့ နား စွင့်မိ၏ ။ တစ်ချက်တစ်ချက် ပျံ့လွင့်လာသည် မှာ ကချင်စကားများ သာ ဖြစ်၍ ဖိုးနီ နားမလည် ။ အားဘူ က တစ်ချက် ခုန်ထကာ လူသစ်တွေ ရောက်လာတယ်ဟေ့ ဟု ဖိုးနီ ကို ပြောသည် ။ ပြီးတော့ ရှေ့က ပြေး သွားသည် ။ ဖိုးနီ လည်း သူ့ နောက် က ပြေးလိုက် လာ၏ ။

“ ဖိုးနီ နင့် အမေ မဟုတ်လား ”

အားဘူ ၏ ဝမ်းသာအားရ အသံကြောင့် ဖိုးနီ သည် လူအုပ် ကြားထဲ တိုး ကြည့်လိုက်သည် ။ စခန်း က လူကြီးများ နှင့် စကားပြောနေသည်မှာ အမေ ပါ တကား ။ အမေ သည် ညီလေး ကို ပွေ့ဖက်လျက် သား ။ တခြားသူများလည်း ပါသေးသည် ။ စခန်း တွင် နေရာချကာ အလုပ်ရှုပ်စ ပြုနေသည် ကိုလည်း မြင်ရ၏ ။ အမေ သည် သူ့ အနား တိုးကပ်လာသော ဖိုးနီ ကို မြင်လျှင် ဝမ်းသာလှိုက်လှဲခြင်း နှင့် ပြုံးလာ သည် ။ ရုပ်ရှင်ကားများ ထဲ က လိုတော့ ပြေးမဖက် ။ ငို လည်း မငို ။ ငိုရန်ပင် မျက်ရည်များ ကုန်ခဲ့ပြီလား မသိ ။

“ အမေ ၊ အဖေတို့ရော ”

“ ကွဲသွားတယ် ဖိုးနီ ရဲ့ ။ ဘယ်ရောက်သွားမှန်း တောင် မသိဘူး ”

အမေ သည် ခုမှပင် မျက်ရည် ဝဲစ ပြုလာသည် ။ ဖိုးနီ ကို ထွေးဖက် ထားသည် ။ နောက်ထပ် ပျောက် သွားဦးမှာ ကြောက်နေတော့ သလိုပင် ။ ဖိုးနီ သည် လည်း အမေ့ ခါး ကို တိုးဖက် ထားမိသည် ။ ညီလေး ကို ပင် ပိုချစ်ခင်လာမိ၏ ။

သည်လိုနှင့် ည မှာတော့ သားအမိများ အတူ နေခွင့် ရကြလေသည် ။ စခန်း မှာတော့ ရှိသည့်တဲ အကျယ် နှင့် လူဦးရေ က မမျှခဲ့ပြီ ဖြစ်ရာ လူများမှာ လူးသာလှည့်သာ ပင် မရှိပေ ။ ဆောင်းရာသီ ဖြစ်၍ လူငွေ့ နှင့် နွေးထွေးသည် ကို ပင် ကျေးဇူးတင်ရမလို တည်း ။

ဖိုးနီ နှင့် အမေ သည် ညီလေး အိပ်စက်နေသည့် အနီး မှာ တိုးကပ် ထိုင်နေကြသည် ။ အမေ သည် အပြင်ဘက် မြင်ကွင်းကို ငေးနေ၏ ။ အပြင်တွင် မြင် ကွင်းသည် အမှောင်သာ ။ မီးဖို က မီးတို့ ငြိမ်းခဲ့ပြီ ။ လကွယ်ည မို့ ပိန်းပိတ်အောင် မှောင်လျက် ။ သည် ပြင်ပ ကို ပင် အမေသည် ဘာကြောင့်မှန်း မသိ ငေး ကာ နေသည် ။

ဖိုးနီ သည် အမေ နှင့် ပြန်တွေ့ရသည့် အတွက် အခါများစွာ က ထက် အားတတ်လာရသည် ။ မကြာ ခင် သူတို့ အိမ် ပြန်နိုင်တော့မည်လား မသိ ။ အဖေ တို့လည်း ပြန် ရောက်ရင် ရောက်လာမှာပေါ့ ။ သူ သည် အတွေး နှင့် ရွှင်လန်းစွာ ပြုံးလိုက်သည် ။ အခု တော့ ရွာအပြန်လမ်း ကို မမှတ်မိလည်း ရပါပြီ ။ အမေ ရောက်လာပြီ မဟုတ်လား ။ အမေ နှင့် အတူ ပြန်ရလျှင် အိမ်ကို ချောမောစွာ ပြန်ရောက်နိုင်မည် ဟု သူ ထင် ပါသည် ။

“ အမေ သားတို့ ဘယ်တော့ အိမ် ပြန်ရမလဲဟင် ”

အမေ သည် သူ့ အမေးကို မကြားဘူးလား မသိ ။ မမြင်ရသော အမှောင် ကို ပင် ငေးမြဲ ငေး နေ လေသည် ။

◾စံပယ်ဖြူနု
📚 ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၂

Sunday, December 29, 2024

ဘာမျှ ပါမလာတော့ ဘာမျှ ဖြစ်မလာဘူးပေါ့


❝ ဘာမျှ ပါမလာတော့ ဘာမျှ ဖြစ်မလာဘူးပေါ့ ❞


“ ပြော အစ်ကိုကြီး ” 


“ အကြီးကောင် က နိုင်ငံခြား သွား အလုပ် လုပ်ချင်တယ် ပြောနေလို့ ကွာ .. ” 


စက်တင်ဘာ ၆ ရက်နေ့ က ကျွန်တော့် အစ်ကို ဦးညိုကြီး သည် အိမ် သို့ ပေါက်ချလာလေ၏ ။ 


“ ဘယ်လောက် ကုန်မတဲ့လဲ ”  


“ သုံးဆယ့်ငါးလို့ ပြောတာပဲ ”  


သုံးဆယ့်ငါး ဆို စင်ကာပူ ဖြစ်ဖို့ များပါ၏ ။


“ အရိုက် မခံရအောင် သေချာ တဲ့ ပွဲစား နဲ့ ဆက်ပေးမယ် ၊ ကျွန်တော် တတ်နိုင်တာကတော့ အဲဒါပဲ ”  


ဤသို့ဖြင့် သူ့ သား ရန်ကုန် သွား သင်တန်းများ တက်ရန် စီစဉ်ကြကုန်၏ ။ 


ပြည်ပ ထွက်မည့်သူများ အရင်ဆုံး လုပ်ရသည်မှာ သင်တန်းများ ပါပဲ ။ သင်တန်းတွေ တက် ၊ တော်တော်လေး တီးမိခေါက်မိ ရှိပြီ ဆိုမှ နိုင်ငံခြား ထွက်ကြ ။ ဒါ သည်နေ့ လက်ရှိ အခြေအနေ ။ 


မိတ်ဆွေ သူဌေး တစ်ယောက် ကတော့ သူ့သမီး စင်ကာပူ မှာ သွားပြီး ပညာ သင်မည် ။ တစ်နှစ် သိန်း ၁၀ဝ ( တစ်ရာ ) ခန့် ကုန်မည် ဆိုပါ၏ ။ ထို သင်တန်း ထို ပညာ သင်ယူပြီး ပါ က ဘယ်နိုင်ငံ မဆို သွားရောက် အလုပ် လုပ်နိုင်သည် ဆိုပါ၏ ။


ကျွန်တော် မောင်ချမ်းသာ ဘာ မျှ မသိပါ ။ သူများ ပြောတာ ကို ပြန် ပြောပြတာ ။ 


နိုင်ငံခြား သွား ပညာသင် ၊ နိုင်ငံခြား တိုင်းပြည်တွေ မှာ အလုပ် လုပ်ကြ ၊ အဆင်ပြေကြသည် ဟု လူပြော များပါ၏ ။ 


ပညာသင်ဖို့ သွားတာ မဟုတ် ဘဲ ၊ အလုပ် လုပ်ဖို့ သွားသူ က ဦးရေ ပိုများပါ၏ ။ တချို့ ပြန်လာကုန် ကြပြီ ။ သည့်ပြင် မြို့ ရွာ တွေမှာ တော့ မသိ ၊ အောင်လံမြို့ကလေး မှာ တောရွာတွေ မှာ နိုင်ငံခြားပြန် တွေ ယနေ့ အတော်များနေလေပြီ ။ 


နိုင်ငံခြား ပြန်များ ကိုယ့်မြို့ ကိုယ့်ရွာ ပြန် ရောက်လာတော့ ဘာ ဖြစ်သွားသနည်း ။ 


ဘာမှ ဖြစ်မသွားပါ ။


တောရွာ က လူငယ်လေးများ တချို့ ထွန်တုံး ပေါ် ပြန် ရောက်ကုန်ပါ၏ ။ မြို့ပေါ် က လူငယ်လေးများ သိပ် ထူးထူးခြားခြား ဖြစ်မလာ ။ ဘာ မှ ဖြစ်မလာတဲ့ အပြင် ယောင်တောင် ပေါင်တောင်တွေ ဖြစ်သွား ကြကုန်ပါ၏ ။ သည်က အလုပ်တွေ နဲ့ သူတို့ နဲ့ မတန်ဘူး လို့ ပြောသံ တွေ လည်း ကြားမိ ။ ပြည်ပ က ပြန် လာ ၊ တချို့ လည်း ငွေကလေး ပါ လာ ၊ တချို့ ကျတော့ မိဘ ထံ မှ လမ်းစရိတ် မှာ ပြီး ပြန်လာကြသူများ လဲ ရှိ ။ 


အင်း ဟင်း ခက်တော့ ခက်သား ။ ပြန်လာတဲ့ လူတွေ က ပြန် လာကြပေမဲ့ ထွက်တဲ့ လူတွေ က ထွက်နေကြတုန်းပဲ ။


အခု ပြောမှာက သွားတာ ပြန်တာ ကို ပြောမလို့ မဟုတ်ပါ ။


ဘာကြောင့် ဘာမျှ ဖြစ်မလာ ဆိုတဲ့ အချက်ပါ ။


သည်မှာ သင်တန်းတွေ တက်တက် တက် ၊ သင်တန်းလက်မှတ်တွေ ရဖို့ ကို က ငွေ က ကုန်လှပြီ ။ ပြည်ပ ထွက်တော့ တစ်ခါ ထပ်ကုန် ၊ ပြန် စရိတ် မရှိလို့ မိဘ ထံ ပြန်တောင်း တော့ တစ်ခါ ထပ်ကုန် ။


ဟော ပြန်လာကြပြီ ။ 


ဘာမျှ ဖြစ်မလာဘူး ။ 


ဘာကြောင့် ဘာမျှ ဖြစ်မလာပါသလဲ ။


ရှင်းတယ် ၊ အလွန်ရှင်း ၊ နင်းကန် ရှင်းတယ် ။


ဟိုမှာ ဘာလုပ်ခဲ့ကြရသလဲ ။ 


ကျွန်တော် နည်းနည်းပါးပါး စုံစမ်းကြည့်


ဂျမ်း တဲ့ ခင်ဗျာ ၊ ဂျမ်း တဲ့


ဂျမ်း ဆိုတာ သိတဲ့ အတိုင်းပဲ ။ 


ကျွန်တော်တို့ ပန်းရံစကား နဲ့ ပြောရရင် အရမ်း ကို ရှင်းတယ် ။ 


“ ဂျမ်း ဟာ ဂျမ်း ပေါ့ ဦးလေး ရ ”   


“ ဟာကွာ မင်း ဟာ ... ”   


ပန်းရံဆရာ က ရှင်းပြပါ၏ ။ 


ဂျမ်း ဆိုသည် မှာ လက်ထောက် မဟုတ် ၊ သံလျက်ကိုင် မဟုတ် ၊ မြေတူး ၊ ဘိလပ်မြေသယ် ၊ ထုံးသယ် ၊ မဆလာစပ် ၊ လိုတဲ့ နေရာ ပို့ပေး ၊ အုတ်သယ်ပေး ဂျမ်း ဆိုတာ ဒါပါပဲ ။


ဘာမျှ ပညာ မပါသော ဂျမ်း သက်သက်ပေတည်း ။ 


ယနေ့ ပြည်ပ သွား ၊ ဟိုမှာ ကျတော့ ဂျမ်း ။


သည် ပြန်ရောက်တော့ ဘာ ပညာ မှ ပါမလာ ။ ဘာ ပညာ မှ ပါ မလာ ၊ တတ် မလာတော့ သည်မှာ ဘာ လုပ်ငန်း မှ ထူထောင်လို့ မရ ။ 


ဤနေရာ၌


ဘာကြောင့် ဘာမျှ ဖြစ်မလာ သလဲ ဆိုတာ ရှင်းသွားပါပြီ ။


ဟိုမှာ နင်းကန် အလုပ် လုပ် ခဲ့ကြရ ၊ နင်းကန် ပင်ပန်းခဲ့ကြရ ။ 


သည် ပြန်ရောက်တော့ ငုတ်တုတ် ငိုက် ။


သိပ်တော့ မမိုက်လှဘူးဗျာတို့ 


နည်းနည်း စဉ်းစားကြဦး ။


ငွေ ကုန်ရ ကျိုး ၊ အပင်ပန်း ခံရ ကျိုး မနပ်ဘူး ။ 


( ပြည်ပ ပို့ရမယ့် မိဘများ ၊ ပြည်ပ ထွက်မည့်ကလေးများ အလေးအနက် စဉ်းစားကြပါကုန် )


မောင်ချမ်းသာ

ကုမုဒြာ ဂျာနယ်

၂၀ အောက်တိုဘာလ  ၊ ၂၀၀၆

 

Saturday, December 28, 2024

ထမင်းဝိုင်း

 

❝ ထမင်းဝိုင်း ❞
( အောင်လင်း )

မိတ်ဆွေ တော်တော် များများသည် နေ့တိုင်း ထမင်းဝိုင်း၍ စားဖူးကြမည် ဆိုသည် ကို မေးစရာပင် လိုမည် မဟုတ် ။ လူတိုင်း ထမင်းဝိုင်း ၍ နေ့တိုင်းလို စားကြသည် ။ သည်အထဲ တွင် တစ်ကောင်ကြွက် ဆရာများကို မဆိုလိုပါ ၊ အလုပ်အကိုင် စီးပွားရေး အခြေအနေ အရ လခပေး စားသူများ နှင့် တစ်ကိုယ်တည်းသမား လုံးချင်းသမား ကို မဆိုလိုပါ ။

အိမ်ထောင်စု ၊ မိသားစု ဆိုသည် ကိုတော့ ပြောစရာပင် မလိုပေ ။ အဖေ နှင့် အမေ က အိမ် သို့ မရောက်လာသေးသော သားသမီး ကို ဆာလျက် နှင့် စောင့် ၍ စားသည် ။ လိမ္မာသော မယား က ဝတ္တရား ကျေပွန်သော လင်သား အလုပ်မှ အပြန်ကို ဆာဆာ နှင့် စောင့်၍ ထမင်း စားသည် ။ လင်ဆိုးမယား ကမူ အရက် ဆိုင် နှင့် မှော ယင်တော တွင် ညဉ့်နက်သန်းခေါင် အလည် ကြူး နေသော လင်သား နှင့် လက်ဆုံ စား လို၍ အူလိမ် ခံကာ စောင့်၍ စားတက် ကြသည် ။

သို့သော် သည်လို ထမင်းဝိုင်း တွင် ခံစားချက် တစ်မျိုးတည်း မဟုတ် ၊ ဝမ်းသာခြင်း တစ်မျိုးတည်း မဟုတ် ၊ ရွှင်လန်းခြင်း တစ်မျိုးတည်း မဟုတ် ၊ ညည်းညူ ခြင်း တစ်မျိုး တည်း မဟုတ် ၊ လှုပ်ရှားမှု တစ်မျိုးတည်း မဟုတ် ၊ ဟင်းကလည်း တစ်မျိုးတည်း မဟုတ် ။

အဆင် မပြေသော ထမင်းဝိုင်း တွင် မယား လျှင် ငို ရတတ်၏ ။ သား လျှင် ထိပ် ခေါက် ခံ ရတတ်၏ ။ ယောက်ျား က လျှင် ထမင်းပွဲ ကို ခြေ ဖြင့် ခတ် ကာ စွန့်ခွာ သွားတတ်၏ ။

ဤသို့ ဖြစ်ရသည့် အကြောင်းရင်း ကို ရှာ လိုက်ပြန်တော့လည်း ကြီးမားသော အကြောင်း ကြောင့် လည်း ဖြစ် ရတတ်၏ ။ စီးပွားရေး အကြောင်း ၊ ငွေအသုံးအစွဲ အကြောင်း လင်ဘက် မယားဘက် ဆွေမျိုးသားချင်းများ အကြောင်း ကြောင့်လည်း ဖြစ်တတ်သည် ။ သေးငယ်သော အကြောင်းကလေး ကြောင့်လည်း ဖြစ် တတ်သည် ။

သားငါးဆီပြန် ချက် ထားပါလျက်နှင့် ငါးပိထောင်း မပါ ၍ လည်း ဆူတတ် ပွက် တတ်၏ ။ ငါးပိထောင်း နှင့် မြန်မာ့ရိုးရာ ပီပီ ချဉ်ငန်စပ် ချက် ထားလျက် နှင့် လည်း လင် ၏ အကြိမ်းအမောင်း ကို ခံ ရတတ်၏ ။ လင် က ကျေနပ်လျှင် လင့် အဖေ မိဘ ၏ အမာန်အမဲ အဆဲ ကို ခံရတတ်၏ ။ သည်အခါတွင် အရုပ်လို ငြိမ် ၍ ခံ တတ်သော ဇနီး ချွေးမ ဆိုလျှင် ပြဿနာ က တစိမ့်စိမ့် အေး သွားမည် ။ မဟုတ်မခံ သတ္တိခဲ ၊ မာနခဲ ဇနီးချွေးမ နှင့် တွေ့လျှင် ကက်ကက်လန် ပြန်၍ ပက် မည် ။ သည်အခါတွင် ထမင်းပွဲ သည် ထမင်း တခြား ၊ ပန်းကန် တခြား လည်း ဖြစ်တတ်သည် ။ ထမင်း နှင့် ဟင်းဖတ် ဟင်းရည်များ သည် ပါးစပ် ထဲသို့ မရောက်လာဘဲ မျက်နှာ ပေါ်သို့ ရောက် လာတတ်သည် ။ လုံချည် အင်္ကျီများ ကို ပေကျံ လာတတ်သည် ။ ဤသို့ ထမင်းပိုင်းမျိုး သည် ဤသို့ ရန်ပွဲ ဖြစ်၍ ပျက်သွားသလား ဆိုသော် ပျက် မသွားပါ ။ နောက်နေ့တွင် ဤ ထမင်းဝိုင်း သည် စိုစိုပြည်ပြည် ရွှင် ရွှင်လန်းလန်း သင့်သင့်မြတ်မြတ် ဖြစ်နေတတ်သည် ။

ဇနီးမယား က စောင့်မြဲ စောင့်တတ်သည် ၊ ဆွေငယ်လင် ကလည်း ဇနီးမယား မဆာသေး ၍ မောင် အရင် စားနှင့် ပါ ဟု ပြော လျှင် “ လာပါ ကွယ် ၊ အတူ စားရအောင်ပါကွယ် အချစ်ကလေးရယ် ” ဟု ချော့၍ ခေါ်တတ်သည် ။ လူကြီးမိဘများ က လည်း သမက် ၊ သမီး ချွေးမ ရိုသေသမှု ဦးဦးဖျားဖျား ကျွေး လျှင် -

“ လာကြဟေ့ ၊ တစ်ဝိုင်းလည်း စား ရတော့ ထမင်း မြိန်တာပေါ့ ”

ဟု စေတနာ ချစ်ကြည်မှုဖြင့် ခေါ်ခြင်း ပြုတက်သည် ။

အိမ်ထောင်စု မိသားစု ၊ ဆွေမျိုးစု ၊ မိတ်ဆွေစု တို့ ၏ ထမင်းဝိုင်းသည် ဟင်းကောင်း ၊ ဟင်းညံ့ ကွဲချင် ကွဲမည် ။ ခံစားချက်ချင်း ကွဲချင် ကွဲမည် ။ အဘိုး ၊ အဘွား ၊ အဖေ ၊ ယောက္ခမ ၊ သား ၊ သမက် ချွေးမ ၊ မြေး စသည်ဖြင့် ပေါက်ဖွား ဖွဲ့စည်းပုံ ၊ စုစည်းပုံ ကွဲချင်ကွဲမည် ။ မည်သို့ပင် ဖြစ်စေ သည် လက်ဆုံ ထမင်းဝိုင်း သည် ဘယ်တော့ မှ မပျက် ။

ဤသည်မှာ မြန်မာ့ဓလေ့ ၊ မြန်မာ့ထုံးစံ ဖြစ်သည် ။ ဤဓလေ့ ထုံးစံသည် ရှေး ကတည်း က စခဲ့သော ဓလေ့ထုံးစံ လည်း ဖြစ်သည် ။

ဝန်ကြီးပဒေသ ရာဇာ ၏ ထမင်းအဖွဲ့အနွဲ့ ပါသည့် ကဗျာ ၊ တျာဘွဲ့များ ကို စာပေ သမား ကျောင်းသား တို့ စွဲလမ်းခဲ့ခြင်းမှာ မိသားစု သဘော ၊ ညီညွတ်သင့်မြတ်ခြင်း သဘော ပျော်ရွှင် ကြည်နူးစရာ သဘော ကို ဖော်ပြခြင်းကြောင့် စွဲလမ်းခဲ့ခြင်း ဖြစ်သည် ။

ဝန်ကြီးပဒေသရာဇာ ကဗျာ ထဲ မှာ ထန်းသမား ထမင်းဝိုင်း ၊ လယ်သမား ထမင်းဝိုင်း ၊ လှေသမား ထမင်းဝိုင်းများ သည် ရွှင်လန်းဖွယ် ကောင်းသည် ။ မြိန်ရေရှက်ရေ ရှိသည် ။ အားကျစရာလည်း ကောင်းသည် ။

အမှန်ဆိုလျှင် ထမင်းဝိုင်း သည် မိသားစု ၊ ဆွေမျိုးစု မိတ်ဆွေစု ၊ လုပ်ဖော်စု တို့၏ ဆွေးနွေးဝိုင်း လည်း ဖြစ်သည် ။ နှီးနှောဖလှယ် ဝိုင်းကလေး ဖြစ်သည် ။

ပြဿနာ ဖြေရှင်းရာ ဝိုင်းကလေး လည်း ဖြစ်သည် ။ လောကဓံ ၏ အကောင်းအဆိုး ဒဏ် ကို ဖွင့်အန်ရာ ဝိုင်းကလေး လည်း ဖြစ်သည် ။

ဤထမင်းဝိုင်းကလေး ကို မြင်ရုံမျှဖြင့် အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လူမှုရေး ဇာတ် လမ်းကလေးများ ကို တွေ့ရတတ်သည် ။ အိမ်ထောင်ကို ဦးစီး၍ စီးပွားရှာသူများ ၊ စီးပွားရေး အလုပ် မလုပ် ရဘဲ အိမ်တွင်း အိမ်ထောင်မှုဖြင့် မီးဖိုချောင်တွင် အချိန် ကုန်ရသူများ ကလေးလူငယ် ပညာရှာနေရ သူများ ၊ သက်ရွယ် ကြီးရင့်၍ အနား ယူကာ အငြိမ်းစား နေရ
သူများ အကြောင်း ကို တွေ့ရတတ်သည် ။

ထိုသို့ ထမင်းဝိုင်း ဇာတ်လမ်း အမျိုးမျိုး ထဲ မှ ကိုအောင်တင် မခင်သက် တို့၏ ထမင်းဝိုင်း ဇာတ်လမ်း ကို ကား လူသိ နည်း ပေလိမ့်မည် ။ ဤ ထမင်းဝိုင်းကလေး သည် လည်း စိတ် ဝင်စားစရာ ကောင်းလှပေသည် ။

ကိုအောင်တင် မခင်သက် တို့ ၏ ထမင်းဝိုင်း တွင် သူတို့ ၏ မိသားစုများ ဖြစ်ကြ သော ကိုအောင်တင် ၏ ဖခင်ကြီး ဦးအောင်ကြီး ၊ မိခင် ဒေါ်အေး ၊ ကိုအောင်တင် ၏ အစ်မ မကြည်ကြည် ဇနီး မခင်သက် ၊ သား မောင်ထူး တို့ ဖြစ်ကြသည် ။

သောကြာနေ့ ညနေ ခြောက်နာရီ တွင် သူတို့  ထမင်းဝိုင်း စ ပါပြီ ။

•••   •••   •••   ••• 

ထမင်းဝိုင်း တွင် ဦးအောင်ကြီး နှင့် မခင်သက် တို့ မှအပ လူစုံနေပြီ ။ ဦးအောင်ကြီး က လမ်းလျှောက် သွားသည် ။ မခင်သက် က ထမင်းဟင်း ချက်ပြီး ရေ ချိုးနေသည် ။

ကနေ့ မခင်သက် ပင်ပန်းသည် ။ ကိုအောင်တင် နှင့် အကြောင်းပါပြီး မှ ခုလို တစ်ခါ မှ မပင်ပန်းဖူးချေ ၊ မပင်ပန်းသည် မှာ ဘာမှ မလုပ် ရသောကြောင့် ဖြစ်သည် ။ မခင်သက် စာမေးပွဲ အလွတ် ဝင် ၍ ဖြေမည် ဆိုသောကြောင့် ကိုအောင်တင် တို့ တစ်အိမ်သားလုံး က မခင်သက် ကို ဘာမှ မလုပ်ရ ၊ စာ ကိုသာ လွတ်လွတ်လပ်လပ် ကြည့်စေ သည် ။ ကိုအောင်တင် တို့ မိသားစု က စာ ကို လွတ်လွတ်လပ်လပ် ကြည့်ရန် အချိန် ပေးကြသော်လည်း ဘာကြောင့်မှန်း မသိ ၊ စာ က မကြည့်ဖြစ် ၊ စာအုပ် နှင့် ဝေး သည်မှာ နှစ် ပိုင်း ပင် ကျော်လာတော့ ကျောင်းစာအုပ် နှင့် ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့ရန် မလွယ်ကူလှ ။

သည် နေ့ တော့ မခင်သက် သည် ကိုအောင်တင့် အစ်မ မကြည်ကြည် နေ မကောင်း နေ ၍ မိုးလင်းမှ မိုးချုပ် အထိ နား ရသည် ဟူ၍ မရှိ ။ မိုး လင်း လင်းချင်း ရေနွေးတည် ၊ ကော်ဖီ ဖျော် ပြီးတော့ ဈေးသွား ၊ ကိုအောင်တင် ရုံးချိန် မီရန် သုတ်သုတ်ပျာပျာ ချက်ပြီးတော့ ထမင်းပွဲ ပြင်  ၊ ထမင်းစားပြီး ပန်းကန်ဆေး ၊ အိုးတိုက် ၊ မီးဖိုချောင် လုပ်ငန်း ပြီးတော့ မောင်ထူး ရေချိုးပေး ၊ အဝတ်လျှော် ၊ ရေ ၊ သနပ်ခါးလိမ်း ၊ အဝတ်တွေ ခြောက်ချိန် တွင် မီးပူ တိုက် ၊ မီးပူ တိုက် ရသည်မှာလည်း ထမင်းအိုး တစ်လုံးချက် ထက် ပင်ပန်းသည်  ။ မီးပူ က လျှပ်စစ်မီး မဟုတ် ၊ မီးသွေးမီးပူ ဖြစ်သည် ။ မီး မွှေးရသည် ။ လေ ဖြင့် လည်း မှုတ် ရသည် ယပ် ဖြင့်လည်း ခတ် ရသည် ။

မခင်သက် ဟင်းများ နွှေးပြီးမှ ကိုအောင်တင် အလုပ် မှ ပြန် ရောက် လာသည် ။ မခင်သက် က ကိုအောင်တင် ကို ဆီးကြို နှုတ်ဆက်လိုက်သည် ။

“ ကနေ့ ကိုယ် ရောက်တာ နောက်ကျတယ်နော် ”

ကိုအောင်တင် ၏ မျက်နှာ သည် ပင်ပန်းနွမ်းနယ် ဟန် ရှိသည် ။ သူ သည် အိမ်ရှေ့ ကြမ်းပြင် တွင် ထိုင်ပြီး တိုင် ကို မှီပြီး အပန်း ဖြေလိုက်သည် ။

“ နောက်ကျဆို သူဌေး က အပို အလုပ်တွေ ခိုင်း နေလို့ပေါ့ သက် ရာ ၊ ဆာ လိုက်တာလည်း အူ လိမ် နေပြီ ”

မခင်သက် သည် ရွှင်လန်းစွာ ပြုံးလိုက်သည် ။

“ ကနေ့ ကိုယ် သက်ချက်တဲ့ လက်ရာကို စားရမှာ ၊ အစ်မကြီး နေမကောင်း လို့ မချက်နိုင်ဘူး သက် နဲ့ အမေ နဲ့ ချက် ကြတာ ”

“ ဒီလိုဆို ဆာဆာ နဲ့ စားကောင်းပေါ့ဗျာ ၊ ကိုယ့်မယား တစ်ယောက် တည်း ချက်တဲ့ ဟင်းသန့်သန့် တစ်ခါမှ မစားဖူးသေးဘူး အမလေး မိုးမင်းရေ ဒီအချိန်ကြီး မရွာလိုက်ပါနဲ့ ၊ စပါး တွေ ပျက်ကုန်ပါဦးမယ် ကဲ ဟင်း ကို ပြောပါဦး ၊ ကိုယ် လျှာရင်း မြက်အောင် ဘာ ဟင်း ချက်သလဲ မိမိ ငဲ့ ”

“ မောင်မောင် လျှာရင်း မြက်အောင် ဘာဟင်းချက် ဆိုတော့ တံတားပေါ် က ကုလားကြီး ချော်တော့ ငါးကျည်းကြော် က တစ်ခွက် ။ ပြီးတော့ ဓားမချောင်စက်ကြီးဆိုတဲ့ ပင်းဟဲ ပဲဟင်း က တစ်ခွက် ၊ အစ်ကို့ မယား အိပ်ချင်ပြေ တဲ့ မရီးသမ်း မရမ်းသီး က ... ”

“ ကဲကဲ တော်ပါပြီကွာ ပြောတာနဲ့ အဆာ ပြေပါပြီ ၊ အမေ တောင် ကနေ့ တော် တော် ပင်ပန်းနေတယ် ထင်တယ် ”

ကိုအောင်တင် က ပြောပြောဆိုဆို နောက်ဖေး မှ ထွက် လာသော အမေ ကို လှမ်း၍ နှုက်ဆက် လိုက်သည် ။

ဒေါ်အေးမေ သူ့ သား အနားသို့ ဆေးပေါ့လိပ် တစ်လိပ် ဖြင့် ထိုင် လိုက်သည် ။

“ မင်း ကနေ့ နောက်ကျလှချည်လား ”

“ နောက်ကျဆို အမေ ရာ ၊ သူဌေး အိမ် က နက်ဖြန် ဆွမ်းကျွေး ၊ အဲဒါ ခေါင်းပုံဖြတ် အလုပ်တွေ အကုန် လုပ်ပေးနေ ရတာ ၊ တော်ပါသေးရဲ့ ကျွန်တော် က ဆိုင်ရောင်းရမယ့် သူ ဆို တော့ ည မအိပ်ရဘူး ၊ ဆာ လိုက်တာလည်း လွန်ရော ”

"ကိုယ့်သူဌေး က အလုပ်တော့ ခိုင်းပြီး ထမင်း မကျွေး တောင် မုန့်လေး ဘာလေး မကျွေးဘူးလား ”

မခင်သက် က မကျေမချမ်း မေး လိုက်သည် ကို အမေ က ထောက်ခံလိုက်သည် ။

“ ဟုတ်ပါရဲ့ မင်း သူဌေး ကလည်း ကပ်စေးနှဲ ကော်တရာ ”

“ သူဌေး ဆိုတာ ဒီလိုပဲ အမေရ လုပ်အား ကို ချွေးတစ်ပေါက် မကျအောင် အမြတ် ထုတ်ကြတယ် ၊ ခိုင်းချင်ရင် ရှေ့က မျက်နှာ ကို ပြုံး ထားတယ် ၊ ငွေ ပေးဖို့ ဆိုရင် အဲဒီ ငွေ တွေ ကို လက် နောက် မှာ ဝှက် ထားတတ်ကြတယ် ။ သူတို့ က ယူ ရမှာဆို တစ်ပြား မလျှော့ ဘူး ၊ သူတို့ က ပေး ရမှာဆိုရင် တစ်ခါတည်း မွဲသွား ပြီ ၊ အလှူ လုပ်တယ် ဆိုတာ တချို့ လည်း စေတနာသဒ္ဓါ ထက်သန်လို့ ပါပဲ ။ ကျွန်တော် တို့ သူဌေး ကျတော့ မဟုတ်ဘူး ၊ သူတို့ ငရဲတွေ ပပျောက်ဖို့ နဲ့ ခု ဘ၀ ရော နောက် ဘဝ ရော ချမ်းသာ ဖို့ ပါ အမေ ရာ ”

အမေ သည် ဘာမှ ဆက် မပြောတော့ချေ ။ ဆေးပေါ့လိပ် ကို အားပါးတရ ဖွာ လိုက်ပြီး ဆေးလိပ်ခွက် ထဲ သို့ ထည့် လိုက်သည် ။ ပြီးတော့ မီးဖိုဘက် ဆီ သို့ ထွက် သွားသည် ။ မီးဖိုထဲ ရောက် မှ အမေ က လှမ်း ၍ အော် လိုက်သည် ။

“ မခင်သက် က ရေချိုးတော့လေ ၊ ငါ ထမင်း ပြင် လိုက်ပါမယ် ”

“ ဟုတ်ကဲ့ အမေ ကျွန်မ ကူ ရဦးမလား အားလုံးတော့ အဆင်သင့်ပဲ ”

“ အို နေပါ ငါ့ ဘာသာ လုပ် ပါ့မယ် ။ ညည်း ယောက်ျား က ဆာလှပြီ ”

မခင်သက် သည် ကိုအောင်တင် အား တစ်ချက်မျှ မျက်စောင်း ထိုး လိုက်သည် ။

“ ဘာဖြစ်ဖြစ် သဲ ကို သဲ တယ် ”

ကိုအောင်တင် ၏ လက်မောင်း ကို တစ်ချက် လိမ် ၍ နောက်ဖေး သို့ ထွက် သွားသည် ။

“ အမေ ကျွန်တော် လုပ်မယ် အဖေ့ ကို မစောင့် တော့ ဘူးလား ”

“ အမလေး မစောင့်နဲ့ ၊ မင်း အဖေ က သူ့ မြေး နဲ့ ရွာ ရိုးတကာ အိမ်တကာ လျှောက်နေတာ ”

ကိုအောင်တင် သည် အမေ က မကူ နှင့် ပြော သော်လည်း ဇွတ် ဝင်၍ ကူ လုပ်ပေး သည် ။ အမေ နှင့် ကိုအောင်တင် တို့ ထမင်း ပြင် ပြီးလျှင် အမေက သူ့ အတွက်နှင့် ကိုအောင်တင် အတွက် ထမင်း ခူး ပေးသည် ။

“ အဖေ နဲ့ မောင်ထူး ကို မစောင့်တော့ ဘူးလား ”

“ စားပါကွယ် သူတို့ လာတော့ ဝင် စား လိမ့်မပေါ့ ”

အမေ သည် ပြောပြောဆိုဆို ချဉ်ပေါင်ရွက်ဟင်းချို ကို ခပ်၍ ဆမ်း လိုက်သည် ။ ကိုအောင်တင် က ထမင်းချည်း တစ်လုတ် နှစ်လုတ် စား လိုက်ရင်း ဟင်း ကို ကြည့် လိုက် သည် ။ ထမင်းစား စားပွဲ နိမ့်နိမ့်လေး တွင် ချဉ်ပေါင်ရွက်ဟင်းချို ချက် နှင့် ဆိပ်ဖူး ဇရစ် စသည့် တို့ စရာများ ကို တွေ့ရသည် ။

ကိုအောင်တင် အဖို့ သည်လို ဟင်းမျိုး သည် အညံ့စား မဟုတ် ၊ အချဉ် အငန် အစပ် ပါလျှင် ထ မင်း ဝင် သည် ။ ပြီးတော့လည်း သည် ဟင်းများ သည် ချစ်သော ဇနီးသည် ၏ လက်ရာများ ပင် မဟုတ်လား ။

ကိုအောင်တင် သည် ဆာဆာ နှင့် ထမင်း ကို ပလုတ်ပလောင်း စား လိုက်သည် ။ ကိုအောင်တင် တို့ စား နေစဉ်မှာပင် ဦးအောင်ကြီး နှင့် မောင်ထူး တို့ ရောက် လာသည် ။

ဦးအောင်ကြီး သည် ထမင်းဝိုင်း ကို စောင်း ၍ ကြည့် လိုက်ပြီး မသိမသာ မျက်နှာ ညှိုး ၍ သွားသည် ။

“ မင်းတို့ အစောကြီး ရှိသေးတယ် ။ စားနှင့်ကြပလား ”

မအောင့်နိုင်လွန်းသဖြင့် သူ သည် ဖွင့် ၍ မေး လိုက်သည် ။ ဒေါ်အေး က ထမင်း ငုံ့ ၍ စား နေရာမှ ဦးအောင်ကြီး ကို မျက်လုံး ဖြင့် လှန် ၍ ကြည့် လိုက်သည် ။

“ စော ပေမယ့် အလုပ် လုပ်တဲ့ သူ က ဆာတာပေါ့ ၊ ရှင် ကတော့ လေမျိုး ရှစ်ဆယ် ဖော်နေ ရတော့ ဘယ် ဆာတော့မလဲ ။ လာဟဲ့ သားသားလေး ထမင်း စားရအောင် ”

မောင်ထူး က သူ့ အဘွား ဘေး တွင် ဝင် ၍ ထိုင် လိုက်သည် ။ သူ့ အဘွား က မောင်ထူး ကို ထမင်းဟင်းများ ထည့်၍ နယ် ပေးလိုက်သည် ။

ဦးအောင်ကြီး သည် တစ်လုံးတည်း ရှိသော ပက်လက်ကု,လားထိုင် ပေါ် တွင် ထိုင် ၍ လှဲ လိုက်သည် ။ သူ့ စိတ်များသည် မအီမလည် ဖြစ်နေသည် ။

အတိတ်တုန်း က ဖြစ်ရပ်များသည် တရိပ်ရိပ် ပေါ်လာသည် ။ ဘာ မဟုတ်သော အကြောင်းကလေး ဖြင့် ဘ၀ သည် နာကြည်းစရာ ကောင်း လာသည် ။ ကြေကွဲဝမ်းနည်း ဖွယ်ရာ ကောင်း လာသည် ။

သူ အလုပ် လုပ် နိုင်စဉ်ကမူ သည် ထမင်းဝိုင်း သည် သူ မထိုင်သေးဘဲ ဘယ်သူမှ လက်ဖျား နှင့် မတို့ရဲခဲ့ကြ ။ စား တော့လည်း သူ့ အတွက် သီးသန့်ဟင်း တစ်ခွက် က အမြဲ ပါ တတ်သည် ။ ထိုစဉ်က ထမင်း ကို ဖန်တီးသူ သည် သူ ပင် မဟုတ်လား ၊ ထမင်း ကို လုပ်ကိုင် ရှာကြံ ပေးသူ လည်း သူပင် မဟုက်လား ။ 

ယခုတော့ ဘဝ က ခြားနားခဲ့ လေပြီ ။ သူ သည် ခု ထမင်းဝိုင်း ကို ဖန်တီးသူ မဟုတ် ရှာကြံသူ မဟုက် ၊ သည် ထမင်းဝိုင်း ကို ရှာကြံသူ သည် သား ပင် ဖြစ်စေ ၊ သမီး ပင် ဖြစ်စေ ၊ တပည့် ပင် ဖြစ်စေ ၊ သူတို့ က အစားထိုက်ဆုံး ၊ ပထမဆုံး စားသင့်သူ နေရာ ကို ယူသွားလေပြီ ။

ဦးအောင်ကြီး သည် တွေးရင်း ရင် နာ လာသည် ။ ဆို့ တက်လာသည် ။ သို့သော် သား ကို ညှာတာသော စိတ် ၊ ခွင့်လွှတ်သော စိတ် ဖြင့် သူ့ ဒေါသ ကို ဖျောက် ပစ်လိုက် သည် ။ ဇနီးသည် ကို တော့ လုံးဝ မကျေနပ်ချေ ။

တစ်သက်လုံး ထမင်း ရှာ ကျွေး ခဲ့ရပြီး အသက် ကြီး လို့ ထမင်းရှာ မကျွေးနိုင်မှ သူ့ အပေါ် စေတနာ ယုက် သည် ကိုတော့ နည်းနည်း မှ ခွင့် မလွှက်နိုင်ချေ  ။ ငယ်စဉ်က ဆိုလျှင် အကြီးအကျယ် စကား များမိမည် ၊ ထမင်းပွဲ ကို ခြေ ဖြင့် ဗြောင်းဆန်အောင် ကန်ကျောက်လိုက် မိမည် ။

အခုတော့ အရင်လို ကိုယ် လုပ်ချင်တာ လုပ် ၍ မရ ၊ သင့် လည်း မသင့် သည် ကို ဦးအောင်ကြီး နားလည် လာသည် ။ သား မျက်နှာ ကို ကြည့် ရဦးမည် ၊ သူ က ကိုယ့် သွေး မဟုတ်လား ။ ပြီးတော့ သူ က ခု အချိန်မှာ ကိုယ့် ကို တပြန်တလဲ ထမင်း ကျွေးနေသူ မဟုတ်လား ။ မြေး မျက်နှာ ကိုလည်း ကြည့် ရဦးမည် ၊ သူ က ကိုယ့် ဘဝ နောက်ပိုင်းမှာ ချစ်စရာ ရွှင်လန်းစရာကလေး မဟုတ်လား ။ ရွှေဆည်းလည်း ငွေဆည်းလည်းလေး လည်း မဟုတ် လား ။ သား မှာ အချစ် မြေး မှာ အနှစ် ဆိုတဲ့ စကား လို ကိုယ့် စိတ် ကိုယ့် ကိုယ် အားလုံး ရဲ့ အနှစ် မဟုတ်လား ။

ဦးအောင်ကြီး သည် တွေးရင်း တွေးရင်း ဒေါသ မှ ခွင့်လွတ်ခြင်း ၊ ခွင့်လွှတ်ခြင်း မှ မေတ္တာစေတနာ ကရုဏာလှိုင်းများ က ဒေါသကျောက်ဆောင်ကြီး ကို ချေဖျက် ပစ်လိုက် လေသည် ။

“ ကဲ ရှင် ကရော တစ်လက်စ တည်း ဝင် မစားသေးဘူးလား ”

ဒေါ်အေး က လှမ်း ၍ အော် လိုက်မှ သူ့ အတွေးများ ပြတ် ၍ သွားသည် ။

“ အေးအေး စားမှာပေါ့ကွာ ၊ နည်းနည်းမောလို့ ခဏ အမော ဖြေတာပါ ”

ဦးအောင်ကြီးသည် လိမ် ၍ ပြောလိုက်သည် ။ ခုတော့ သူ့ စိတ် ကို လျှော့ထား လိုက်ပြီ မဟုတ်လား ။ ထမင်းဝိုင်း တွင် လူ စုံနေကြပြီ ။ နေ မကောင်းသော သမီးကြီး မှ လွဲ၍ အားလုံး စုံနေပြီ ။

ဇနီးရယ် ၊ သားရယ် ၊ ချွေးမရယ် ၊ မြေးရယ် အားလုံး လက်ဆုံ စား ကြသည့် ထမင်းဝိုင်း သည် ပျော်စရာ ကောင်းမည် ။

ဦးအောင်ကြီး သည် သူ့ စိတ်ကို သူ ဖြေသိမ့်ရင်း ထမင်း ကို ငုံ့ ၍ စား လိုက်သည် ။ စားသာ စားရသည် ၊ ဘယ်ရောက်လို့ ဘယ်ရောက်မှန်း မသိ ။

ထမင်းဝိုင်း က ခုတော့ ဟင်း တစ်ခွက် တိုး ၍ လာလေသည် ။ ကြက်ဥ ကြော် တစ်ခွက် တိုး ၍ လာသည် ။ ကြက်ဥကြော် ပန်းကန် ထဲ တွင် ကြက်နှစ်လုံး ကြော်ထားသည် ကို တွေ့ ရသည် ။ ထို နှစ်လုံး အနက် မှ ဦးအောင်ကြီး က တစ်လုံး ကို ယူ၍ ထမင်း ဖြင့် နယ် လိုက်ပြီး ငါးပိချက် ဖြင့် လူး ကာ စား လိုက်သည် ။ 
ထမင်းဝိုင်း သည် ခါတိုင်းလို မဟုတ် ။ တိတ်ဆိတ်နေသည် ။ တစ်ခါတစ်ခါမှ စကား သံ အတိုအပြတ်ကလေးများ ကို ကြား ရသည် ။

“ ထမင်း ယူဦးမလား”

“ ချဉ်ရည်ဟင်းတွေ ရှိတယ် သောက်ကြ ”

“ သားလေး ဘာ ထည့်မလဲ ”

သည်လို စကား မှ လွဲ၍ တခြား ထွေရာလေးပါး စကား ဘာမှ မကြားရ ၊ စကား အတိုအပြတ်ကလေးများ ပြော ပြီးလျှင် ထမင်းဝိုင်း သည် ငြိမ်မြဲ ငြိမ်၍ သွားသည် ။

ခဏကြာလျှင် မောင်ထူး ၏ အိချွဲချွဲသံ ပေါ်၍ လာသည်  ။

“ မေမေ သားသား ကြက်ဥကြော် စား ချင်တယ်”

“ သားသား ကို အမဲနှပ် ထည့် ထားပေးတယ် မဟုတ်လား ၊ ဒါ ကိုကို စား ပါစေ ”

“ ဟင့်အင်း မေမေ အမဲနှပ် က ဝါးလို့ မရဘူး ၊ ငါးပိချက် ကလည်း ငရုတ်သီး စပ်တယ် ”

“ ဒါဖြင့် ဝါး လို့ ရတာ မေမေ သွား ယူပေးမယ်နော် ”

“ သား က အမဲသား မစားချင်ဘူး ၊ သွားကြား ညပ်တယ် ”

သည် စကားများ သည် ဦးအောင်ကြီး ရင် ကို တစ်ချက်ချင်း ဆောင့် လာတော့သည် ။

ကိုအောင်တင် က တင်းမာသော မျက်နှာထား ဖြင့် မခင်သက် ကို လှမ်း ၍ ကြည့် လိုက်သည် ။

“ ဟဲ ထည့်ပေးလိုက် ထည့်ပေးလိုက် ဟုတ်သားပဲ သူ စားစရာ ဟင်း မှ မရှိဘဲ” 

“ ချက်တုန်း ကတော့ ချက် တာပဲ မောင်ရဲ့”

“ ချက် တုန်း က ချက် ရင် ရှိ မှာပေါ့ ၊ ခု ဘယ်မလဲ ထမင်းကလေး ဟင်းကလေး တစ်ရက် ချက် ရင် တစ်ရက် အပေါက် မတည့်ဘူး ။ မိန်းမ တစ်ယောက် လုပ်နေ ပြီး အိမ်ထောင် မှု နား မလည်ဘူး ”

“ နားမလည်လို့ မဟုတ်ဘူး မောင် ၊ နားလည်တယ် ၊ နားလည်တယ် ၊ ဒါပေမဲ့ ကိုယ် လုပ်ချင်တိုင်း လုပ် ရတာ မဟုတ်ဘူး ၊ ကိုယ် စီစဉ်သလို ဖြစ်တာ မဟုတ်ဘူး ၊ ချက် တုန်း ကတော့ အားလုံး အတွက် အဆင် ပြေအောင် ချက်တာပဲ ။ ဒါပေမဲ့ ”

မခင်သက် သည် စကား ကို ရှေ့မဆက် ဘဲ ရပ် ထားသည် ။

“ ကဲပါကွယ် တော်ကြပါ ပြီး ပြီးတာပဲ ”  

ဦးအောင်ကြီး ၏ ထမင်းလုပ်များ သည် လည်ချောင်း တွင် တစ်ဆို့၍ နေတော့သည် ။

မခင်သက် သည် စားလက်စ ထမင်း ကို ဆက် မစားတော့ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် ထ သွားတော့သည် ။ သူ့ နှုတ် မှ မကျေနပ်ချက်များ အဆက်မပြတ် ဖွင့် အန် လိုက်သည် ။

“ မိဘ အိမ် မှာဆို အိုးမဲ အပေခံတာ မဟုတ်ဘူး ”

“ မီးဖိုချောင် ဝင်တဲ့ မိန်းမမျိုး မဟုတ်ဘူး ၊ ကိုယ့် ပညာ နဲ့ ကိုယ် အလုပ် ကို လုပ်မယ့် မိန်းမ ”

မခင်သက် သည် သူ့ မာန ကို ထုတ်ဖော် ကြေညာ လိုက်သည် ။ မကြည်ကြည် သည် အိပ်ရာ တွင် လှဲ နေရာမှ အိမ် ရှေ့သို့ ထွက် လာခဲ့သည် ။

“ မသက် နင် စကား ပြောရင် ကြည့် ပြော ၊ မီးဖိုချောင် ဝင်တာလည်း အလုပ်ပဲ ၊ ဒီ အလုပ် က ကျွန် လို အနစ်နာ ခံပြီး လုပ်ရတဲ့ အလုပ် ၊ အောက်ကျ ခံပြီး လုပ်ရတဲ့ အလုပ် ၊ ငါ ချက်တုန်းက ညည်း တတွတ်တွတ် ပြောတယ် ၊ ဟင်း လည်း အမြဲတမ်း ကြေး များတယ် ၊ ငါ ငုံ့ခံ နေတယ် ၊ ငါ့ မိဘတွေ စိတ်မချမ်းသာ မှာ စိုးလို့ ဘာမှ မပြောဘူး ၊ ငါ့ မောင် စိတ်ညစ် မှာ စိုးလို့ ခေါင်းငုံ့ ခံနေကယ် ၊ ညည်း ကို ကြောက်လို့ မဟုတ်ဘူး ၊ ကနေ့ ငါ နေမကောင်း လို့ မချက်တာ ၊ ညည်း လုပ်တာ တစ်ခုမှ မဟုတ်ဘူး ၊ ငါ အိမ် ထဲ က အကုန် ကြားတယ် ၊ ညည်း က လင် အပေါ် ရော ၊ ကို့မိသားစု အပေါ် မှာ ရော မင်းမူ ချင်တယ် ၊ ညည်း ကို ဘုရင်မ လုပ် ဖို့ အိမ် ကို ဘယ်သူကမှ ပင့် လာတာမဟုတ်ဘူး ” 

ဦးအောင်ကြီး သည် မနေသာတော့ဘဲ ဝင် ၍ ဟန့် လိုက်သည် ။

“ တော်ကြဟာ တော်ကြ ၊ အလကား လူ ကြား ရင် ရှက် စရာကြီး ”

ထမင်းဝိုင်း သည် မုန်တိုင်း ထန်ပြီ ၊ မခင်သက် ကလည်း အလျှော့ မပေး ၊ မကြည်ကြည် ကလည်း ခေါင်းငုံ့ခံပေါင်း များ၍ ခု တစ်ကြိမ် တော့ ပေါက်ကွဲ ထွက်လာသည် ။

အမေ က “ အင်း ဘုရား ဘုရား ” ဟု ညည်းကာ နောက်ဖေး သို့ ပန်းကန်များ ကိုင် ၍ ထွက် သွားသည် ။ ကိုအောင်တင် သည် မခင်သက် ကို လှမ်း၍ ဟန့် လိုက်ရင်း ရန်ပွဲ ကို လမ်း ပြန်၍ ပြောင်း လိုက်သည် ။

“ ဟေ့ အသက် မင်း တော် ၊ ဒါ မင်း အမှား ” 

“ ဘာပြောတယ် ၊ အသက် က ဘာ မှား လို့လဲ ”

“ လူ သုံးယောက် ရှိတာ မင်း ကြက်ဥ နှစ်လုံး ပဲ ကြော် တယ် နှစ်လုံး ကြော်ရင် မွှေ ကြော် ရတယ် မွှေ ကြော်ရင် ဘာမှ ပြဿနာ မဟုတ်ဘူး ၊ ခုတော့ အလုံးလိုက် ဖောက် ကြော် တော့ ဘယ်လိုလုပ် စား မှာလဲ ”

“ ကြက်ဥ က နှစ်ယောက် စာပဲ ကြော်တာ ။ ဒါကြောင့် မွှေ မ ကြော်တာ ”

“ ဟာ နှစ်ယောက် စာ ဟုတ်လား ”

“ ဟုတ်တယ် ၊ မောင် နဲ့ သားသား အတွက် ပဲ ”

မခင်သက် ၏ စကား သည် တစ်အိမ်လုံး ၏ ရင် ကို လှံ ဖြင့် ထိုး လိုက်သလို နာကျင်စေတော့သည် ။ ဦးအောင်ကြီး သည် နေရာမှ ထလိုက်သည် ။

“ နင့် ရုပ်ကလေး လှ သလောက် စိတ် ယုတ်လှချည်လား ၊ ငါ က ထမင်းဝိုင်း မှာ နောက် မှ ဝင်တာ အောင်တင် စားပြီးပြီ မှတ်လို့ ငါ စားတာ ၊ နို့မို့ရင် ငါ မစားဘူး ၊ မင် တို့ စေတနာ ငါ သိတယ် နင် တို့ လင်မယား နဲ့ နင် တို့ သား အပေါ် မှာ သာ စေတနာ ရှိတယ် ဆိုတာ ငါ နားလည်တယ် ”

“ ဖေဖေ ကျွန်တော်တို့ အထဲ ဝင် မပြောနဲ့ ”

“ ဘာကွ မင်းတို့ အထဲ ဆိုတာ ဘာ အဓိပ္ပာယ် လဲ ၊ ငါ့ ကို မင်း မယား က စော်ကားတာ ကိုတော့ ခံ နေရမလား ၊ တော်တော် ပုတ္တောဝါဒ ပြည့်တဲ့ သား ပဲကွ ”

“ ကျွန်တော် မိဘ ကို မစော်ကားပါ ဘူး ၊ ဒါပေမဲ့ ခု ဖြစ်ရတာ ဖေဖေ ကြောင့် ဖြစ် ရတာ ၊ အိမ်မှာ ပြဿနာ ပေါ် ရင် ဖေဖေ ပဲ စတာပဲ ”

“ ဪ ဒါဖြင့် ငါ က ပြသနာကောင်ကြီး ပေါ့ ဟုတ်လား ၊ အေး ငါ နားလည်ပြီ မင်း မယား က မင်းတို့ သားအဖ အတွက် ကြော် ပေးတဲ့  ကြက်ဥ ကလေး စား မိလို့ ပြဿနာ ပေါ် တာပေါ့  ၊ အောင်တင် ဒီ စကားမျိုး ခု ချိန်မှာ ပြော ရက်တယ် ၊ မင်း ကို တစ်သက်လုံး ငါ ကျွေး လာခဲ့တာပါကွာ ၊ ငါ ကျွန် ခံပြီး လုပ်ကျွေးလာတာပါ ၊ ငါ ကျွေးရတဲ့ အလှည့် တုန်း က မင်းလို ငြူငြူစူစူ မဟုတ်ပါဘူး ကြည်ကြည်ဖြူဖြူ ပါ ၊ ငါတို့ က မျို မကျနိုင်ဘဲ မင်း ကို အကောင်းမှ ရွေး ကျွေးခဲ့တာပါ ခု မင်း အလှည့် ကျတော့ ငါ က မသဒ္ဓါ ရေစာ စားရတဲ့ ဘဝ ရောက်နေပြီ ၊ နောက်ထပ် မင်း ထမင်း ကို မစားတော့ဘူး ၊ မရှိ ရှိတာ နဲ့ စားမယ် ၊ ငါ့ ပင်စင် လစာလေး နဲ့  ကြံဖန် စားမယ် ၊ သမီး သူ့ ကြက်ဥ ကို အစား ဝယ်ပြီး ကြော် ပေးလိုက် စေတနာ မရှိတဲ့ အစာ ကို  စားရမယ့် အစား အပင်းအဆိပ် ကို မျိုမယ် ၊ ဟေ့ကောင် မင်း ကို ငါ တစ်ခု တော့ ပြော လိုက်မယ် ၊ မင်း အသက် သုံးဆယ် အတွင်း ရောက် နေပြီ ၊ နောက် အနှစ် သုံးဆယ် ကျော်ရင် မင်း အခု ငါ ခံစားနေရတာတွေ နာကြည်းတာတွေ နားလည် လာ လိမ့်မယ် ၊ မင်း မှာ လည်း သား နဲ့ပဲ ၊ ငါ့ လိုပဲ အလှည့် ကြုံ ဦး မှာပဲ ။ ဝဋ် လည် ဦး မှာပဲ ။ အဲဒီတော့ မင်း သား ကို ဘယ်လောက် ချစ်တယ် ။ ကြင်နာတယ် သည်းခံတယ် ၊ အလျှော့ ပေးတယ် ဆိုတာတွေ နားလည်လာမယ် ၊ အဇာတသတ် လို ပေါ့ ၊ အဲဒီတော့မှ မိဘတွေ ဟာ သားသမီး အပေါ် ဘယ်လောက် ချစ်ပြီး ဘယ်လောက်တောင် အလျှော့ ပေးပြီး သူတို့ မာန တွေ မြူ လောက် တောင် မရှိအောင် သူ့ သားသမီး အပေါ် မှာ ချစ်တယ် ဆိုတာ ”

ဦးအောင်ကြီး သည် ဆက်၍ မပြောနိုင်တော့ချေ ၊ အသံ က နစ် ဝင် သွားသည် ။ သူ သည် ခေါင်း ကို ငိုက်စိုက် ချလိုက်သည် ။ မျက်ရည်ပေါက်များ သည် သူ့ ခြေဖမိုး အစုံ ပေါ် သို့ တစ်ပေါက်ချင်း ကျ ဆင်းသွားတော့၏ ။

◾အောင်လင်း

📖 ဝတ္တုတိုများ ပေါင်းချုပ်

Friday, December 27, 2024

မောင်ကန်း

 ❝ မောင်ကန်း ❞

     ( ပုံပြင် )

ရှေးရှေးက ရွာ တစ်ရွာ တွင် တောင် နှင့် မြောက် ခွဲခြား၍ နေသော တောင်ပြင် သူဌေး နှင့် မြောက်ပြင် သူဌေး တို့ ရှိကြလေသည် ။ သူတို့ နှစ်ဦး သည် တစ်ဦး ကို တစ်ဦး အလွန်အမင်း ချစ်ခင် ကြလေသည် ။


တစ်နေ့သ၌ တောင်ပြင် သူဌေး နှင့် မြောက်ပြင် သူဌေး တို့သည် ရင်းနှီးစွာ တွေ့ဆုံ၍ သားသမီးများ မွေးဖွားလာသော အခါတွင် ထိမ်းမြားရန် သဘော တူကြလေသည် ။


ထိုသို့ နေထိုင်၍ နှစ်ပေါင်း အနည်းငယ် ကြာသောအခါ မြောက်ပြင် သူဌေး တွင် လှပ ချောမောသော သမီးကလေး ကို ဖွားမြင်၍ တောင်ပြင် သူဌေး တွင် လည်း တင့်တယ်သော သားရတနာ ကို ဖွားမြင် လေသည် ။ 


သို့သော် တောင်ပြင် သူဌေးသား ကား ကံဆိုး ရှာ၏ ။ မွေး ကတည်း က မျက်မမြင် ဘဝ နှင့် ကြုံလာရလေသည် ။ ထို့ကြောင့် တောင်ပြင် သူဌေး ၏ သား အမည် ကို မောင်ကန်း ဟု အမည် တွင်ပြီး မြောက်ပြင် သူဌေးသမီး ၏ အမည် က ရှင်ဖြူ ဟု အမည် တွင်သည် ။ 


ထိုသို့ နေထိုင်ကြပြီး အရွယ် ရောက်လာသော အခါ မိဘတို့ က ထားရှိပြီးသော ကတိ အတိုင်း လက်ထပ် ထိမ်းမြားရန် စီစဉ်ရ လေသည် ။


ထိုအခါ သတို့သမီး ရှင်ဖြူ က သတို့သား ကို မမြင်ဖူးသည် နှင့် အိမ် သို့ အလည် ခေါ်လေသည် ။ သတို့သား မောင်ကန်း ခမျာ အခက်အခဲ နှင့် ရင်ဆိုင်ရ လေသည် ။ သို့သော်လည်း မောင်ကန်း သည် အသိ အမြော်အမြင် လိမ္မာရေးခြား ရှိသူ ဖြစ်သည် ။


မျက်လုံး မမြင်သဖြင့် သွားရန် အခက်အခဲ တွေ့သည့် ပြဿနာ ကို ခပ်လွယ်လွယ်ပင် ဖြေရှင်း လေသည် ။ အိမ် မှာ ငယ်စဉ် ကတည်း က မွေးထားသော နွားကလေး တစ်ကောင် ရှိသည် ။ မောင်ကန်း နှင့် လည်း အတော်ကလေး ပင် ရင်းနှီး နေသည် ။ တိရစ္ဆာန် ပေမယ့် လိမ္မာလွန်းသည် ။ နွား က အိမ် က လူများ သွားရာ နောက်သို့ လိုက်တတ်သည် ။


ထို့ကြောင့် မြောက်ပြင် သူဌေး အိမ် သို့ သွားရာတွင် တောင်ပြင်သူဌေး က အရှေ့ မှ သွားလေသည် ။ နွား က သူဌေးကြီး နောက်မှ တကောက်ကောက် နှင့် လျှောက်လိုက်သည် ။ မောင်ကန်း က နွားမြီး ကို ဆွဲ၍ လိုက်လေသည် ။


မြောက်ပြင်သူဌေး အိမ် တွင် စကား နှီးနှောဖလှယ် ကြသည် ။ မောင်ကန်း မှာ မျက်စိ အလင်း မရ သော်လည်း အသိဉာဏ် ပွင့်လင်းသူ ဖြစ်သည် ။ ထို့ကြောင့်လည်း အစီအစဉ် အတိုင်း အားလုံးပင် အဆင်ပြေ လေသည် ။


ထိုသို့ အလည်အပတ် က ပြန်မည် အပြုတွင် မောင်ကန်း က နွားမြီး ဆွဲပြန်သည် ။ ထို အချင်းအရာ ကို တောင်ပြင် သတို့သမီး က မြင်၍ ...


“ အလို ... မောင်ကြီး ၊ ဘာကြောင့် နွားမြီး ကို ဆွဲရပါသလဲ ”


ထိုအခါ မောင်ကန်း က အလိုက်သင့်ပင် ...


“ ဟာ ... ကျုပ် က ကျုပ် ကျွေးမွေး ထားတဲ့ နွား ဟာ ဘယ်လောက် အားရှိသလဲ ၊ ဘယ်လောက် သန်မာလာသလဲ ဆိုတာ အမြဲ စမ်းနေတာ ” ဟူ၍ ပြောလိုက်လေသည် ။ ထိုအခါ မြောက်ပြင် သတို့သမီး က အလွန်ပင် သဘောကျ သွားလေသည် ။


မကြာမီ တောင်ပြင် သူဌေး နှင့် မြောက်ပြင် သူဌေး တို့မှာ ကတိ အတိုင်း သားသမီး တို့ ကို လက်ဆက် ထိမ်းမြား လေသည် ။ ထိမ်းမြား လက်ထပ် ပြီးသော အခါတွင် သတို့သား မောင်ကန်း က သတို့သမီး အိမ် မှာ လိုက် နေရလေသည် ။ မောင်ကန်း က ဟန်ဆောင် ကောင်းခြင်း ၊ ဖြတ်ထိုးဉာဏ် ကောင်းခြင်း တို့ကြောင့် အလိမ် မပေါ်ဘဲ ရှိလေသည် ။ 


သို့သော်လည်း မောင်ကန်း ကား လောကကြီး ကို လုံးဝ မမြင်ရပေ ။


သူတို့ လင်မယား သည် မိဘများ ဝေငှ ပေးကမ်းသော ကြေးငွေဥစ္စာ တို့ ဖြင့် တစ်အိုး တစ်အိမ်ထောင် တည်ပြီး များမကြာမီပင် အိမ် မီးလောင် ခံရသော ပြဿနာ တစ်ခု နှင့် ရင်ဆိုင် လိုက်ရလေသည် ။


မီးလောင်သည် နှင့် အိမ်ရှိ လူများ ကကပျာကသီ ပြေးဆင်းကြလေသည် ။ မောင်ကန်း ခမျာကတော့ စမ်းတဝါးဝါး ဖြင့် ထရံ ကို ကိုင်ပြီး ဆင်း ရ ရှာလေသည် ။ ထိုအခါ ဇနီးသည် က ... 


“ မြန်မြန် ဆင်းလာပါ မောင်ကြီး ရယ် ၊ ဘာလုပ်လို့ နှေးနေရသလဲ ” လို့ မေးသောအခါ 


“ မင်း မသိပါဘူး ရှင်မ ရယ် ၊ နောက်အိမ် ဆောက်ရင် ထရံ ကာဖို့ ထရံယက်နည်း ကို ကြည့်တာပါ ” ဟု ဖြေလိုက်ရ ရှာသည် ။


ထိုမျှနှင့် မပြီးသေး ။ မီးဘေး မှ ကင်းလွတ်ရန် အတွက် ရေတွင်းပျက် တစ်ခု ထဲ ကို ခုန် ဆင်း လိုက်ရာတွင် ရေတွင်းပျက် ထဲ ၌ ရှိနေသော ခွေးပေါ် ကို တည့်တည့် ကျ လေသည် ။ 


ထိုအခါ ခွေး က တအား အော်လေသည် ။


“ ဟင် ... ကောင်းတယ် ၊ မှတ်ပြီလား ၊ ဟိုနေ့ က အိမ် က ငါးကြော်တွေ ခိုးစားတဲ့ခွေး ”


မောင်ကန်း က အရှက်ပြေ ပြော လိုက်လေသည် ။ ဤလိုနှင့် နေထိုင်ရင်း မောင်ကန်း မှာ ပြဿနာ ပေါ်လာရလေသည် ။ အကြောင်းကမောင်ကန်း တို့ အိမ်လေး မီးလောင် ပြီးသည် နှင့် ဘာပစ္စည်းမျှ လည်း မကျန်ဘဲ ဆင်းဆင်းရဲရဲ ဖြစ်သွား ရှာလေသည် ။


ထိုအခါ မောင်ကန်း မှာ အလုပ် လုပ်ဖို့ အကြောင်း နှင့် ရင်ဆိုင်ရတော့သည် ။ ထို့ကြောင့် မောင်ကန်း က ငါးဖမ်းသည့် အလုပ် ကို စ လုပ်လေသည် ။


တစ်နေ့တွင် မောင်ကန်း သည် အိုင် တစ်ခု တွင် ငါးပက်ရာ ငါးကြီး တစ်ကောင် ကို ရ လေသည် ။ မောင်ကန်း မှာ အလွန်ပင် ဝမ်းသာရ ရှာသည် ။ နတ်မသည် ဟုလည်း မောင်းကန်း က တစ်ထစ်ချ ပင် ယုံကြည်မိသည် ။


ငါး ရသည် နှင့် ဝမ်းသာအားရ ပင် အိမ်သို့ ပြန်ခဲ့လေသည် ။ အိမ် သို့ ရောက်လျှင် ... 


“ ရှင်မ ရေ ၊ ကနေ့ တော့ ငါးအကြီးကြီး ရတယ်ဟေ့ ”


“ အလို ... ဝမ်းသာလိုက်တာ မောင်ကြီးရယ် ၊ ပေး .. ပေး ” 


ထိုအခါ မောင်ကန်း က ဇနီးသည် အနီး သို့ သွား ကာ ပေးလေသည် ။


“ ဟင် ... မောင်ကြီး က လည်း ကျွန်မ ထိုင်တာ အနောက်ဘက် မှာပဲ ၊ ဘာလို့ အရှေ့ ဘက် ကို လှမ်း ပေးရတာလဲ မောင်ကြီး ”


“ အို ... ရှင်မ ကလည်း မေးနေရသေးသလား ၊ တို့ အမျိုး က ဘာမဆို နေနတ် ကို အရင် ပြရတယ် ဆိုတာ သိရဲ့ မဟုတ်လား ၊ ရော့ ... ယူ ... ယူ ”


မောင်ကန်း ရဲ့ ဖြတ်ထိုးဉာဏ် ၊ ထွင်ဉာဏ်တွေ ကောင်းမှုကြောင့် မောင်ကန်း ၏ ဘဝ မှန် ကို မသိရှာပေ ။ သို့သော်လည်း မောင်ကန်း သည် မိမိ ၏ ဘဝ ကို အလွန်ပင် အသည်းနာ နေမိ တော့သည် ။


ဤလိုနှင့် တစ်နေ့ တွင် မောင်ကန်း သည် မီးလောင် ခံရသော အိမ်အစား ၊အိမ် ဆောက်ရန် အတွက် တာဝန် ဖြစ်လာတော့သည် ။ 


နောက်ဆုံး မောင်ကန်း ခမျာ အပေါင်းအဖော်များ နှင့် အတူ သစ်ဝါး ခုတ်ရန် တောထဲ သို့ ထွက်ခဲ့ကြသည် ။


လမ်း တစ်လမ်းလုံး မောင်ကန်း သည် အစဉ်းစားရ ခက် နေတော့သည် ။ ဝါးပင် နှင့် သစ်ပင် ခွဲခြားပြီး မခုတ်တတ် လျှင် မိမိ ဘဝ မှန် ပေါ်၍ အရှက်တကွဲ ဖြစ်တော့မည် ကို မောင်ကန်း သည် အလွန်ပင် စိုးရိမ်မိ လေတော့သည် ။


သို့သော် မောင်ကန်း က ဉာဏ် ကို လွှာ၍ သုံးသူ ဖြစ်သည် ။


တော ထဲ သို့ ရောက်လျှင် မောင်ကန်း က အပေါင်းအဖော် တွေ အနီး တွင် စကားသံ ကို နားထောင်၍ မယောင်မလည် လုပ် နေလေသည် ။


အပေါင်းအဖော်များ ကတော့ ဝါးပင်များ ကို သဲသဲမဲမဲ ခုတ်လှဲကြသည် ။ မကြာမီပင် ဝါးပင် တစ်ပင် က မောင်ကန်း အပေါ်သို့ ပိ လေသည် ။


“ အမယ်လေး ... လုပ်ကြပါဦး ၊ ကယ်ကြပါဦး ”


သူ့ အသံကြောင့် အပေါင်းအဖော်များ က စိတ်ပူပန်သောက နှင့် အပြေး ရောက်လာကာ ဝါးပင် အောက် မှ ဆွဲထုတ် လေသည် ။


“ ကယ်ကြပါဦးဗျာ ၊ ဝါးခက် ရိုက်လို့ ကျွန်တော့် မျက်စိ ဘာမှ မမြင်ရတော့ဘူး ”


မောင်ကန်း ရဲ့ ဖြတ်ထိုးဉာဏ် ၊ ထွင်ဉာဏ် တို့ ကြောင့် တစ်ရွာလုံး က မောင်ကန်း သည် ဝါးခက် နှင့် ရိုက်မိ၍ မျက်စိ ကန်း သွားပြီ ဟု ထင်ကြသည် ။


နောက်ဆုံး မောင်ကန်း ၏ ယောက္ခမ က သားမက် အဖြစ် ကို မကြည့်ရက်၍ ဆရာကောင်း သမားကောင်းများ နှင့် ရှာဖွေ ကုသလေသည် ။


ငယ်စဉ် ကတည်းက မျက်လုံး အလျဉ်း မမြင်ရသော မောင်ကန်း သည် ယခုမှ ပင် အလင်း ပကတိ နှင့် တစ်လောကလုံး ပါ ၊ လှပသော ဇနီးသည် ကို ပါ မြင်ရ၍ ဝမ်းသာ မဆုံး ရှိတော့ သတည်း ။


▢ ရွှေမြိတ်သောင်းတင်

 

📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၃ ၊ မတ်

.