ငါတို့ ယောက္ခမ နိုင်နိုင်
ချက်ကောင်းကို ကိုက်ထားပိုင် ...
နင်တို့ ယောက္ခမ ရှုံးရှုံး ...
အမွေးတစ်ထုံး နဲ့ ကိုယ်တုံးလုံး ...
••••• ••••• •••••
လူအများ က ပြောကြပါသည် ။
ကမ္ဘာပေါ်၌ ကံ အကောင်းဆုံး သော လူသား နှစ်ဦး ရှိပါသည် ။
ထို နှစ်ဦး မှာ အာဒမ် နှင့် ဧဝ ဖြစ်သည် ဆို၏ ။
စဉ်းစားကြည့်ပါ ။
ကမ္ဘာဦးစ ဘာမှ မရှိစဉ် ကာလ ၌ လူနှစ်ဦး တည်း နေထိုင်ဖို့ ရာမှာ လွန်စွာ ခက်ခဲပေလိမ့်မည် ။
ယခုလို လျှပ်စစ်မီး တို့ ၊ လပ်တော့ ( ပ် ) တော့ တို့ ၊ ဟမ်းဖုန်း မဆိုထား နှင့် မီး ကို ပင် မမြင်ဘူး ၊ သုံးဖို့ စွဲဖို့ အပ်တို တစ်ချောင်း ပင် မရှိ ။ ခြင်ထောင် စောင် ဆိုတာ ဝေလာ ဝေး ၊ စား ကောင်းသော အသီး က ဘယ် အရာ ၊ ဘယ် အရာ က မစားသင့်သော အသီး ပင် မသိကြရှာသော သူ နှစ်ယောက် အဘယ့်ကြောင့် ကမ္ဘာ့ ကံအကောင်းဆုံး ဟု တညီတညာတည်း သတ်မှတ်ကြ သနည်း ။
တစ်ခု သာ ။
ယောက္ခမ, မရှိ၍ ဖြစ်သည် ။
မိတ်ဆွေ ။
မစားကောင်းသော အသီး ထက် ယောက္ခမ က ပို ဆိုးကြောင်း အဘယ်ကြောင့် ဆိုကြသနည်း ။
ဖြစ်နိုင်ပါသည် အဆွေ ။
အဘယ်ကြောင့် ဆိုသော် ထို နှစ်ယောက် မှာ မစားကောင်းသော အသီး ကို စား၍ သာ ယောက္ခမ ဘဝ ရောက်ရသည် မဟုတ်ပါလား ။
သူတို့ နှစ်ဦး သည် ပထမဆုံး လူသား ဖြစ်ခဲ့လျှင် ပထမဆုံး ယောက္ခမ သည် လဲ သူတို့ နှစ်ဦးပင် ဖြစ်ပေလိမ့်မည် ။ သူတို့ သည် ကမ္ဘာဦး က ယောက္ခမ ။
ဘုရားသခင် ၏ သတ်မှတ်ချက် အတိုင်း မစားမကောင်းသော အသီး က မစားခဲ့ပါ က ဧဝ ဗိုက်မကြီး ။ ဗိုက် မကြီးက ကလေးမမွေး ။ ကလေး မမွေးက ယောက္ခမ ဆိုတာကြီး လဲ ဖြစ်လာကြလိမ့်မည် မဟုတ်ပေ ။
ထို့ကြောင့် အဆိပ်သီး ကို ပင် ယုံယုံကြည်ကြည် စားရဲသော သူထက် မည်သူက များ ပို ဆိုးဦးမည်နည်း ။
ကျွန်တော် လဲ သိချင်၍ လူသားမျိုး ကို စတင် ပွားများ စေသော အာဒမ် နှင့် ဧဝ ( ကမ္ဘာပေါ် ပထမဆုံးသော ယောက္ခမ ) ပုံ များအား ပြတိုက် ၌ သွားရောက် ကြည့်ခဲ့ဖူးပါသည် ။
သူတို့ ၏ ဓာတ်ပုံများ မှာ အဝတ်အစားများ မပါ၍ ဘယ်အရာ က အာဒမ် ၊ ဘယ်သူ က ဧဝ မှန်း မသိခဲ့ရပါ ။ အဝတ်အစား နှင့် ဆိုလျှင် အထီးအမ ခွဲတတ်ပါသည် ။
အကောင်း နှင့် အဆိုး မှာ အမြဲ ဒွန်တွဲလျက် ရှိကြောင်းကို အာဒမ် နှင့် ဧဝ ကို ကြည့်၍ ဆင်ခြင် မိပါသည် ။
အဘယ်ကြောင့် ဆိုသော်
သူတို့ နှစ်ဦးသည် ကမ္ဘာဦး ၏ အချစ် သင်္ကေတ ဖြစ်ခဲ့သလို ယောက္ခမ ၏ နိဒါန်း လဲ ဖြစ်ခဲ့ပါသည် ။
••••• ••••• •••••
လူသားမျိုးနွယ် ပျံ့ပွားရေး ကို မဆောင်ရွက်ကြသော လူပျိုကြီး အပျိုကြီးများ ကို လူအများ အပြစ် တင်ကြပါသည် ။
ကမ္ဘာပေါ် တွင် ထိုသို့ တစ်ယောက် ကို တစ်ယောက် စိတ်မဝင်စား သော လူပျိုကြီး အပျိုကြီးများ သာ များ ပြားလာပါက မျိုးဆက် လဲ ထပ်မပွား ၊ ကိုယ်တိုင် လဲ အိုသေကြမှာ မို့ ကမ္ဘာ ပေါ် တွင် လူညွန့်တုံး ရမည့် အရေး ကို တွေးမြင်ကြတာ ဖြစ်နိုင်ပါသည် ။
သို့သော် စိုးရိမ်စရာ မရှိပါ ။
လူပျိုကြီး အပျိုကြီးများ လို မျိုးနွယ်ပျံ့ပွားရေး ကို မဆောင်ရွက်သူများ ကမ္ဘာ မှာ ရှိကြသလို ၊ လူသားမျိုးနွယ် ပြန့်ပွား လွန်း အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ လည်း ရှိပါသည် ။ ဆိုကြပါစို့ ။
မြန်မာပြည်၌ မင်းတုန်းမင်း လို မင်းမျိုး က မိဖုရားပေါင်း ( ၅၀၀ ) ခန့် ရှိ ခဲ့ကြောင်း ၊ သမိုင်းမှတ်စာ တချို့တွင် ဖတ်ရပါသည် ။
ထို့အပြင် ထို ( ၅၀၀ ) မျှ နှင့် မလုံလောက်ဘဲ သူ စက်တော် ခေါ်တုန်း အခန်း ရှေ့ ခြေသံ ကြား တိုင်း
“ ဟေ့ ဘယ်သူလဲ ”
လှမ်း မေးတတ်၏ ။ ဒါကို ရံရွှေတော်များ က
“ ကျွန်မပါ ရှင့် ”
ဆိုလျှင် အသံဩကြီး ဖြင့်
“ ကျွန်မ ဆို ဝင်ခဲ့လေကွယ် ၊ ဟီးဟီး ”
လုပ်တတ် လွန်း၍ ကြာလာ လတ်သော် ရံရွှေတော်များ အနေ ခက် အိပ်ရေး ပျက် လာကြ၏ ။
မင်းကြီး အခန်း ရှေ့ ခြေဖွဖွ မျှ ပင် မဖြတ်ရဲ ။ ဖြတ် လျှောက်တုန်း ကြမ်း လေး ' ကျွီ ' ခနဲ ကြားသည် နှင့် နား ပါးသော မင်းကြီး မှ အသံဩကြီး ဖြင့်
“ ဟဲ့ ဘယ်သူတုန်း ”
သူ ၏ အသံ ကြားလျှင် ရံရွှေတော်များ က လဲ မနေရဲ ။ ဘုရင် ကိုး ဗျ ။ ဒါကြောင့်
“ ကျွန်မပါ ရှင့် ”
“ ကျွန်မ ဆို လာခဲ့ဦးကွယ့် ၊ ဟဲဟဲ ”
ထိပါ များ တော့ ရံရွှေတော်များ တိုင်ပင် ကြရ၏ ။ မင်းကြီး ၏ အခန်း တွင်း မဝင်ရအောင် မည်သို့ ပြုရမည် ကို ခေါင်းချင်း ဆိုင်ကြရ၏ ။ နောက်ဆုံး အဖြေ တစ်ခု ထွက်လာသည် ။ စွန့်စားမှု တစ်ခုပင် ။ ထိုအရာ ကား မင်းကြီး အခန်းရှေ့ ခါတိုင်း လို ခြေဖွ မနင်းတော့ဘဲ ခြေသံ ခပ်ပြင်းပြင်း နှင့် တဒုန်းဒုန်း လျှောက်သည် ။
မင်းကြီး က ထို ခြေသံ ကြားသော်
“ ဟဲ့ ဘယ်သူတုန်း ၊ ခြေသံနှယ် ပြင်းလိုက်တာ ”
ဆိုသော် ရံရွှေတော် မှ အသံ ကို ဖျက်ပြီး
“ ကျွန်တော်ပါ မင်းကြီး ”
ထိုအခါ မင်းကြီး လဲ စိတ် မသက်မသာအ သံကြီးဖြင့်
“ ကျွန်တော် ဆို သွား ကျွန်တော် ဆို သွား ”
ဆိုကာ မှ ရံရွှေတော် ခမျာ သက်ပြင်း ချ၍ လွတ်လပ်စွာ သွားရလေ တော့၏ ။
ထိုအကြံ အောင်မြင်သော အခါ ရံရွှေတော် အားလုံးလဲ မင်းကြီး အခန်း ရှေ့ ဖြတ်တိုင်း ခြေကျင်းများ ဝတ် ၍ ခြေသံပြင်းပြင်း နှင့် လျှောက်ကြသည် ။ မင်းကြီး အသံ ကြားတိုင်း
“ ဘယ်သူတုန်း ”
“ ကျွန်တော်ပါ ”
“ ကျွန်တော် ဆို လစ်ချင်တာ သာ လစ်လိုက်တော့ ”
နောက် တစ်ယောက် လဲ မင်းကြီး အခန်းရှေ့ ခြေသံပြင်းပြင်း လမ်း
လျှောက်တိုင်း
“ ဘယ်သူတုန်း ဟ ”
“ ကျွန်တော်ပါ ဆို ”
“ ဒီလို လုပ်ပါလား ”
“ ဗျာ ”
“ လစ်ချင်သလို သာ လစ်လိုက်တော့ ”
ဤသို့ဖြင့်
မန္တလေးသူများ သည် “ ကျွန်တော် ကျွန်တော် ” နှင့် ပြောတတ်သော အမူအကျင့် နှင့် ခြေကျင်း ဝတ်သော အလေ့အထ ထိုအချိန် မှ စသည် ဟူ၏ ။ ( မယုံရင် ပုံပြင် မှတ်ပါဗျ )
••••• ••••• •••••
သမိုင်း နှင့် ချီ၍ သာဓက ထပ်ပြရပါဦးမည် ။ ရနောင်မောင်မောင်တုတ် လဲ သီပေါဘုရင် ကို ဤသို့ ဆိုဖူးသည် ။
“ မင်းကြီး မင်းကြီး က မိန်းမ တစ်ယောက်တည်း ယူ ထားတာကိုးဗျ ၊ ကျုပ် လို မိန်းမ အများကြီး ယူ ထားရင် ဘာ ပြဿနာ မှ ဖြစ်မှာ မဟုတ်ဘူး ”
ရနောင်မောင်မောင်တုတ် မှာ တရားဝင် မယားပေါင်း တစ်ရာကျော် ရှိသည် ဟူ၏ ။
“ မင်းကြီး ရ ၊ မိန်းမ ဆိုတာ တစ်ယောက်တည်း ယူ ထားမှ သာ ယောက်ျား ကို ဂရုစိုက်ပြီး ပြဿနာ ရှာတာ ၊ မိန်းမ များများ သာ ယူ ထားရင် ယောက်ျား ဖက် မလှည့်နိုင်တော့ဘူး ၊ သူတို့ အချင်းချင်း သာ လှည့်ပတ် ပြဿနာ ရှာရင်းနဲ့ လုံးလည်ချာလည် လိုက်ပြီး ယောက်ျား က အေးဆေး ဖြစ်ရော ”
ရနောင်မောင်မောင်တုတ် ၏ အတွေး လဲ မှန်ပေလိမ့်မည် ။ ( သူ က ကိုယ်တွေ့ ကိုး ဗျ ၊ မိန်းမများ သည် တစ်ယောက်တည်း ရှိချိန်၌ သာ ယောက်ျား ဖြစ်သူ အား ရန်ရှာရန် သတိရ ကြပြီး နှစ်ယောက် ရှိပါက မိမိ ယောက်ျား ဖြစ်သူဖက် မလှည့်ဖြစ်ကြတော့ ။ သူတို့ အချင်းချင်း ( သူတို့ မှ အခြား ကို ) အတင်းတုတ် ရန်သာ ရည်ရွယ် လိုက်ကြ၍ ဖြစ်သည် ။ ( မယုံ ရင် ဒီ စာ ဖတ်နေသူ က မိန်းမ ဖြစ်ရမယ် ။ ) သို့သော် ထိုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်သူများ သတိ ထားရမည် ကား ကျွန်တော်တို့ မျိုးနွယ်များ ကို အုပ်ချုပ် မင်း လုပ် ခဲ့သော ဘုရင် တစ်ပါး လို အင်္ဂါစပ် ပုပ်ကြွေ မသေစေ ရန်တော့ သတိထား ရပေမည် ။
သူ့ ခမျာ တရုတ်ပြည် က အပျိုစင် ဆိုပြီး မိန်းမပျက် သုံးယောက် ကို ပို့ ပေး လိုက်သည် ကို လဲ ယူ တာပါပဲ ။ ( တရုတ် က အဲဒီ ကတည်း က မွှေတာ ) ဘယ် ဘုရင် လဲတော့ မပြောတော့ပါဘူး ။
••••• ••••• •••••
ဆိုကြပါစို့ ။
လောက၌ လူသားမျိုးနွယ် ပြန့်ပွားရေး ကို ဟန့်တား နေသော အပျိုကြီး လူပျိုကြီးများ လို လူများ ရှိ သလို ၊
လူသားမျိုးနွယ် ပြန့်ပွားမှု ကောင်းအောင် မတန်တဆ စွမ်းစွမ်းတမံ ဆောင်ရွက် နေသူများ လဲ လောက၌ များစွာ ရှိပါသည် ။
လူပျိုကြီး ၊ အပျိုကြီးများ သည် မရှိသော ယောက္ခမများ အား တွေးပြီး ကြောက်ကြပါသည် ။
လူသားမျိုးနွယ် လျင်မြန်စွာ ပြန့်ပွားစေသူများ မှာ တော့ ယောက္ခမ ကို ပင် ကြောက်ရန် အချိန် လုံးဝ မရှိကြပေ ။
ယခု ကျွန်တော် ပြောပြမည့် သူ မှာ ထိုသို့ သူမျိုးပင် ဖြစ်ပေလိမ့်မည် ။
စိတ်ဝင်စားက ဆက်လက် ရှုစားပါ ။ ဘာလို့လဲ ဆိုတော့ ...
ဒါဟာ ယောက္ခမ မကြောက်နည်း လဲ ဖြစ်နိုင်ပါတယ် ။
••••• ••••• •••••
တဖျတ်ဖျတ် နှင့် ကိုယ့် ခြေသံ သာ ကိုယ် ရှင်းရှင်းလင်းလင်း ပြန်ကြား နေရသည် ။
ဒီလို အချိန်မျိုး၌ ကျန်းမာရေး အတွက် အပြေး လေ့ကျင့်ရတာ အကောင်းဆုံး ။ ရာသီဥတု က လဲ နှင်းများ တဖွဲဖွဲ နှင့် ဖြူမွဲနေသည် ။
မိမိ အရှေ့ လက်တစ်ကမ်း အကွာ ကို ကြည့်ရတာ ကို က မသဲကွဲ ။
ရာသီဥတု က နှင်း ကြောင့် စိမ့်စိမ့်ပြီး အေး နေ သော်လည်း ပြေးလာ သော အရှိန်ကြောင့် ခန္ဓာကိုယ် က နွေးနေသည် ။
ချွေး များ စို့လာအောင် ပုံမှန် ခြေလှမ်း ကို မြှင့်တင် လိုက်စဉ်
“ ကျွီ ”
“ ဟာ ”
လမ်း တစ်ဖက် မှ အရှိန် ပြင်းပြင်း ဖြတ်လာသော ကားတစ်စီး ၏ မီးရောင် ။
ထို လမ်းကွေ့လေး ၌ပင် နှင်းများ ကြောင့် ကား ကို မမြင်ဘဲ ဖြတ်လာသော မိန်းမပျို ။
“ ဟိတ် ကား ကား ကား ”
သူ ၏ အော်သံ ကျယ်ကျယ် ။
အော်သံကြောင့် လမ်းလယ် မှ မိန်းမပျို ကြောင်ပြီး ရပ် နေသည် ။ အရှေ့ ကို ကောင်းမွန်စွာ မမြင်ရဘဲ အရှိန်ပြင်းပြင်း မောင်း လာသော ကား ။
“ အား ”
“ ဟာ ”
မိန်းမပျို ၏ ကြောက်လန့်တကြား အော်သံကြောင့် သူ ခြေလှမ်း ကို အရှိန် ပို မြှင့်လိုက်သည် ။ ကြောက်လန့်တကြား မို့ ခလုတ် တိုက်ပြီး မှောက် အလဲ ။
“ ဟိတ် ”
“ ဟာ ”
သူ မိန်းကလေး ကို ပြေးပွေ့ သလို ဖြစ်ပြီး လမ်း တစ်ဖက် ဆီ လဲကျ သွားသည် ။
“ ကျွီ ”
ထိုတော့မှ သတိထား မိသော ကားလေး က သူတို့ နှစ်ယောက် ကို ပွတ်ကာသီကာ ကျော်ရင်း ခပ်လှမ်းလှမ်း သွား ရပ်သည် ။
သူ ၏ ရင်ခွင် ထဲ မှာ တော့ တုန်ယင် နေသော မိန်းမပျို ။
လှပသော သူ ၏ မျက်လုံးများ က ကြောက်ရွံ့မှု ကို ဖော်ညွှန်း နေသည် ။
သူ ၏ နှလုံးခုန်သံ က လဲ တဒိတ်ဒိတ် ။
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment