Tuesday, December 17, 2024

နေ့ခင်းကြောင်တောင် တွင် အမှောင်ကျသွားသော တော

နေ့ခင်းကြောင်တောင် တွင် အမှောင်ကျသွားသော တော
( ဝေယံလင်းခေါင် )

ဤ ထူးဆန်းဖွယ်ရာ အဖြစ်အပျက်မှာ ကျွန်ုပ်ငယ်စဉ်က ဖြစ်သည် ။

ကျွန်ုပ်တို့ ရွာနှင့် လယ် သုံးလေးကွင်းကျော်တွင် တောကြီးတစ်တော ရှိ သည် ။ ဒေသ အခေါ်မှာ “ အထက်တော ” ဖြစ်သည် ။ ထို တောမှာ အနောက် ရိုးမ နှင့် တစ်ဆက်တည်း ဖြစ်သဖြင့် တောတိရစ္ဆာန်များလည်း ပေါသည် ၊ ရာသီမရွေး စမ်းရေများ တသွင်သွင် စီးကျနေသော စမ်းချောင်းကြီး များ လည်း ရှိသည် ။ ထို့ကြောင့် အထက်တော တွင် သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ် ၊ ဖွတ် ၊ ပုတတ် ၊ ဝက်ဝံအပြင် တစ်ခါတစ်ခါ ဆင်တွေ ၊ ကျားတွေပင် လာရောက် နေတတ်ကြကြောင်း ရွာခံ မုဆိုးများက ပြောပြတတ်ကြသည် ။

တောထဲတွင် လူးအိုင် ၊ ကျစ်မြေ ၊ ဆားကျင်း ၊ ချပ်တွင်း ၊ အူဝါကျင်းများ လည်း ရှိသဖြင့် တောကြမ်းသည် တောခြောက်သည် ၊ တောမှောင့်သည်များ ကို လည်း မကြာခဏ ကြုံကြရသည် ဟု ဆို၏ ။ သို့သော် တောမည်မျှကြမ်း ကြမ်း မုဆိုးများ ကမူ ထိုတောသို့ သွားလျှင် သားကောင်ကြီးငယ် များကို အမြဲပစ်ခတ် ရတတ်ကြသဖြင့် ရွာခံ မုဆိုးများ အပြင် ရွာနီးဝန်းကျင် နှင့် မြို့မှ တောပစ် အမဲလိုက် ဝါသနာပါသူ အရာရှိ အရာခံများပင် မကြာမကြာ လာ၍ အပျော် သဘော တောလာပစ်လေ့ ရှိကြသည် ။

တစ်နေ့ ညနေတွင် ကွင်းကောက်ရွာဘက် အမှုသွား စစ်ရင်း မြို့က ဌာနာအုပ် ( စခန်းမှူး ) အသစ်နှင့် သူ့ရဲတပ်သား နှစ်ယောက်တို့ ဦးလေး သူကြီးအိမ် သို့ ရောက်လာကြသည် ။ သူတို့သည် ယခင့်ယခင် မြို့က ဌာနာအုပ် ၊ ဝန်ထောက်များ ကဲ့သို့ တောပစ်ရန် လာကြသည်ဆိုတာ မမေးဘဲ သိနိုင်လေ သည် ။

ကျွန်ုပ်တို့ ဦးလေး သူကြီး အိမ်တွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ မနက် တွင် အထက်တော ခေါ် မဟာမြိုင်တောထဲ အမဲပစ်ရန် သူတို့ သွားကြမည် ။ သူတို့ အမဲပစ် ရောက် လာကြလျှင် ဦးလေးတို့ အိမ်သားတွေနှင့် ကျွန်ုပ်တို့ အိမ်သားတွေမှာ အလုပ် များကြရသည် ။ သူတို့ တောလိုက်လာသူများ သောက်ရန် လောလောဆယ် အဖေ က ကြက်ရှာရသည် ။ ဦးလေး မိန်းမနှင့် အမေတို့က ချက်ပြုတ် ကြော်လှော် ပေးရသည် ။ ဆယ့်သုံးလေးနှစ်သား အရွယ်သာ ရှိသေးသော ကျွန်ုပ်က သူတို့ ချိုးရေကို တင်ပေးရသည် ။ တစ်ခါ တစ်ခါတွင် သူတို့၏ အဝတ်များကိုပင် လျှော်ဖွပ် ပေးရသည် ။

ထို့ကြောင့် ယနေ့ သူတို့ ရောက်လာသည်ကို မြင်သည်နှင့် ကျွန်ုပ်မှာ စိတ်ရှုပ် သွားသည် ။ သို့သော် ရှောင်လွှဲ၍ ကား မရ ။ သူတို့ ရောက်လာကြပြီး မကြာမီ မှာပင် အိမ်ချင်းနီးနီး နေကြရသော ဦးလေး သူကြီးမင်း ၏ ခေါ်သံကို ကြားရတော့သည် ။ ချစ်ကြောက်ရိုသေရသော ဦးလေး မို့ ဦးလေး ရှေ့ ချက်ချင်း အပြေး သွားရလေ၏ ။

“ ဖိုးအောင် ဦးထော်ကြီးကို သွားပြောစမ်း ၊ မကြာမီကမှ တို့မြို့ ပြောင်းလာ တဲ့ ဝန်ထောက်ကြီး တို့ ရောက် နေကြတယ် ။ မနက်ဖြန် မနက်စောစော တောတက် မသွားနဲ့ ။ ဝန်ထောက်မင်း တို့နဲ့ အထက်တော ကို အမဲပစ်လိုက်ရမယ် ။ မနက်စာ စားပြီးရင် ဒီလာခဲ့ပြော ၊ ဟုတ်လား ”

“ ဟုတ်ကဲ့ပါ ”

“ အေး ဒါနဲ့ အမဲတောသား ရလာရင်လည်း ဝန်ထောက်မင်း တို့ ညနေ သုံးဆောင်ရအောင် လာပို့ပါလို့ ဦးလေး မှာလိုက်တယ်ပြော ။ သွား .. သွား ” 

ဦးလေး စကားကြောင့် ကျွန်ုပ် ဝမ်းသာသွားသည် ။ အစကမူ ဦးလေး ခေါ်သည်မှာ ယခင်ကလို ဝန်ထောက်မင်းတို့အဖွဲ့ ညနေ ရေချိုးကြရန် ရေငင် ခိုင်းဖို့ခေါ်ခြင်းဟု ထင်နေရာမှ ယခု ရွာမုဆိုး ဦးထော်ကြီးကို သွားပြောပါဟု ဆိုသောအခါ ကျွန်ုပ် ဝမ်းသာအားရနှင့် ဦးတော်ကြီး အိမ်ဘက် က၍စင် ထွက်လာသည် ။

ဦးထော်ကြီး ကိုမူ မတွေ့ ။ ထောင်ခြောက်တွေ သွားဖြုတ်ရာက ပြန်မ ရောက်သေးဟု သူ့ မိန်းမက ပြော၏ ။ ထို့ကြောင့် ဦးလေး မှာသည့် အကြောင်း သူ့ မိန်းမအား ပြောထားခဲ့ကာ အိမ်ပြန်လာသည် ။ ထိုအချိန်မှာ ဝန်ထောက်ကြီးတို့ အဖွဲ့ကား ရေချိုး ပြီးကြပြီ ။ ဆက်ရက်မင်း စည်းစိမ်နှင့် ပင် ဝိုင်းဖွဲ့ နေကြပြီ ။

သို့နှင့် နောက်တစ်နေ့ ရောက်သောအခါ နံနက်စာ စားပြီးချိန် နေ ထန်းတစ်ဖျားခန့် အရောက်မှာ သူ့ လက်စွဲတော် ဒူးလေးကြီး ကို ထမ်းပြီး ဦး ထော်ကြီး ပေါက်ချလာ၏ ။

“ ထိုင် ဦးထော်ကြီး ၊ ဒါ ကျုပ်တို့ မြို့ကို မကြာခင်ကမှ ပြောင်း လာတဲ့ ဝန်ထောက်ကြီးတို့ အဖွဲ့ပဲ ။ ခု လာတာက ကွင်းကောက်ဘက် အမှု တစ်ခု လာ စစ်ရင်း ဟိုတုန်းက ဝန်ထောက်မင်းများ လိုပဲ အမဲတောပစ် လုပ်ကြည့်ချင်လို့ ဒီကို ဝင်လာကြတာတဲ့ ။ အဲဒါ တစ်ခါမှ အမဲလိုက် တောပစ် မလုပ်ဖူး သေးတဲ့ ဝန်ထောက်မင်း ကို ဒီနေ့ ခင်ဗျား တစ်ခါတည်း တောလမိုင်းကပ် သွားအောင် လုပ်ပေး လိုက်စမ်းပါ ။ နောက်ဆို ဟိုတုန်းက ဝန်ထောက်မင်း တွေလိုပဲ ခင်ဗျားနဲ့ အဖွဲ့ ကျသွားအောင်ပေါ့နော် ”

“ ဟုတ်တယ်ဗျ မုဆိုးကြီး ။ ကျုပ်က အမှန်တော့ အမဲလိုက် တောပစ် ဝါသနာ မပါပါဘူး ။ အဲဒါကြောင့်လည်း ကျုပ် တစ်ခါမှ အမဲလိုက် တောပစ် မလုပ်ဖူးဘူး ။ ဒါပေမဲ့ ခက်တာက ခင်ဗျားတို့မြို့ကို တာဝန်နဲ့ ပြောင်းရတော့ မယ် ဆိုတာနဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေက ဘုန်းကြီး နဲ့ ဘီး ပဲလို့ နောက်ကြတယ် ။ ကျုပ် သဘော မပေါက်ဘူး ။ နောက်မှ သိရတာက ခင်ဗျား တို့မြို့ကို ရောက်ခဲ့လို့မှ အမဲ မပစ်ခဲ့ဘူး ဆိုရင် ကျုပ်တို့ လောကမှာ လူရာမဝင် သလိုဆိုပါလား ။ အဲဒါကြောင့် ကွင်းကောက်သူကြီး ကလည်း ညွှန်လိုက် တာနဲ့ ခု ကြုံတုန်းကြုံခိုက် တောပစ် အမဲလိုက် လုပ်ကြည့်သွားမယ် ဆိုပြီး ဝင်လာတာမျိုး ၊ တစ်ခါတည်းနဲ့ ကို သားကောင် တစ်ကောင် ကောင်တော့ ပစ်လို့ရအောင် လုပ်ပေးစမ်းပါဗျာ ။ အဲဒါမှ မြို့ပေါ်ကအရာရှိ အရာခံတွေ ကို ကျော်နိုင်မှာဗျ ။ ဟဲ ... ဟဲ ”

ဝန်ထောက်ကြီး ဟု ဆိုသော်လည်း သူ့ အသက်မှာ သုံးဆယ်ကျော် လောက် သာ ရှိပေဦးမည် ။ ပြီး ယခင် ဝန်ထောက်ကြီးများလို အသက်ကြီး အရုပ်ဆိုး လည်းမဟုတ် ။ လူပုံနွဲ့နွဲ့ နှင့် စကား ပြောလည်း ညင်သာသည် ။ ထို့ကြောင့် မုဆိုးဦးထော်ကြီး က ခုမှ တွေ့ကြရသော်လည်း ရဲရဲဝံ့ဝံ့ပင် ။

“ စိတ်ချပါ ဝန်ထောက်မင်း ၊ တခြား သားကောင်ကြီးတွေ မပစ်ရ တောင် ( ဂျီ ) ချေ တစ်ကောင် တော့ ပစ်ကို ပစ်ရစေ့မယ် ။ ခုဆို အထက်တော မှာ သစ်ဆိမ့်သျှားဖြူ ၊ မျောက်ပလုပ်သီးတွေ လှိုင်လှိုင်ပေါ်ချိန်မို့ ဟိုသုံးလေး ရက်ကပဲ ကျွန်တော် နေ့လင့်ကြီး တစ်လင့် သွား ထိုး ထားတာနဲ့ အတော်ပါပဲ ” 

“ နေ့လင့် ဆိုတာ .. ”

“ နေ့လင့်ဆိုတာ သားကောင်တွေ ကို နေ့ခင်း လင့်စင်ပေါ် က ပစ်ခတ်လို့ ရအောင် သစ်ပင်ကြီးတွေ ပေါ် လင့်စင် ထိုးထားတာ ကို ပြောတာပါ ”

“ ဩ ဒါဆို သစ်ပင် လင့်စင်ပေါ်က သားကောင်တွေ ကို စိမ်ပြေနပြေ ချိန်ပြီး ပစ်ရမှာပေါ့နော် ။ ကျုပ် ထင်တာက တောလိုက် အမဲပစ်တယ် ဆိုတာ တော တိရစ္ဆာန်တွေကို ချောင်းမြောင်းပစ်ခတ်ရတာ ၊ တောကောင်တွေ ထွက်ပြေး တုန်း လိုက်ပစ်ကြတာလို့ ထင်နေတာဗျိုး ”

“ အဲသလို ပစ်ခတ်ရတာ မျိုးလည်း ရှိတတ်ပါတယ် ”

“ သားကောင်တွေ ပြေး နေတုန်း လိုက်ပြီး ပစ်ရတာကတော့ မသေချာဘူး ပေါ့ဗျာနော် ။ ခု မုဆိုးကြီးပြောသလို အမြင့်စင်ပေါ်ကျနေပြီး ချိန်ပစ်ရလို့ ကတော့ ကျည်တစ်တောင့် တစ်ကောင် ကို ပစ်ပြမယ်ဗျာ ။ မန္တလေးဆပ် ကျောင်း တက်ခဲ့တုန်းက ကျုပ် လက်ဖြောင့်တပ်သားဆုတောင် ရခဲ့တာဗျ ဟဲ ဟဲ ”

သည်လိုနှင့် ဝန်ထောက်ကြီးတို့ အဖွဲ့ တောပစ် ထွန်ရန် စီစဉ်ကြသည် ။

“ ဖိုးအောင် မင်းလည်း ဝန်ထောက်ကြီးတို့ လက်တိုလက်တောင်း ခိုင်း ရအောင် လိုက်သွားလိုက် ။ ဝန်ထောက်ကြီးတို့ လမ်းမှာ ရေ ဆာရင်လည်း ရေနွေးကြမ်း သောက် ရအောင် ဦးလေး ဓာတ်ဘူး လွယ်ယူသွား ” 

ထိုခေတ်က ကျွန်ုပ်တို့ မြို့တွင် ဓာတ်ဘူး ပေါ်ခါစ ဖြစ်ရာ ကျွန်ုပ်တို့ရွာတွင် ဓာတ်ဘူး ဆောင်နိုင်သူ ဆို၍ ဘုန်းတော်ကြီး နှင့် ဦးလေးသူကြီး တို့သာ ရှိ သည် ။

ဘုန်းတော်ကြီး က အလှူအတန်း ရှိ၍ တရွာတကျေး ကို ညအိပ်ညနေ သွား ရလျှင် ကျောင်းသားလေး တစ်ယောက် က ဓာတ်ဘူး လွယ်၍ လိုက်ရသည် ။

လမ်းတွင် ဘုန်းကြီး ရေဆာလျှင် ဓာတ်ဘူး ထဲမှ ရေနွေးကြမ်း ကို ကပ်ရသည် ။ ဤသည် ကို ဂုဏ်ရှိသည် ဟု ထင်ကြသော ကာလ ။

ထို့ကြောင့် ယခု ဦးလေးကြီး ကလည်း သူ့ တွင် ဓာတ်ဘူး ရှိကြောင်း ဝန်ထောက်ကြီး ကို ကြွား လို၍ ကျွန်ုပ်အား ဝန်ထောက်ကြီး နှင့် ထည့်လိုက် ခြင်း ဖြစ်သည် ။ ထို့ကြောင့် ဝန်ထောက်ကြီး နှင့်အတူ ကျွန်ုပ်လည်း အထက် တောသို့ လိုက်လာခဲ့ရခြင်း ဖြစ်သည် ။

xxxxxxxxx

ဤအထက်တော ကို ကျွန်ုပ် လူကြီးတွေ နှင့် မျှစ်ချိုး မှိုရှာ လောက်သာ ရောက်ဖူးသည် ။ မျှစ်ချိုး မှိုရှာ ဆိုသည်မှာလည်း တောအစလေးနားသာ ။ တောနက် ထဲ ကိုမူ တစ်ခါမှ မရောက်ဖူးဘူး ။ ယခု ရွာခံ မုဆိုးဦးထော်ကြီး နှင့် ဝန်ထောက်ကြီးတို့ အဖွဲ့ ကမူ တောနက်ထဲ ဖြတ်ပြီး စမ်းချောင်း တစ်ခုကို ပင်ကျော်ကာ ရိုးမကြီးနှင့် တစ်ဆက်တည်း ရှိနေသော တောကြီးမျက်မည်း ထဲ ရောက်လာကြ၏ ။

ဝန်ထောက်ကြီးတို့အဖွဲ့ အား ဤနေရာသို့ ရွာခံမုဆိုးကြီး က ခေါ်လာခြင်း မှာ သူ ကြိုတင် လင့် ထိုးထားသော သစ်ဆိမ့် ၊ မျောက်ပလုပ် ၊ သျှားဖြူတော တွေ ရှိသဖြင့်ဟု ဆိုသည် ။ ကာလမှာ သွားဖြူ ၊ မျောက်ပလုပ် ၊ သစ်ဆိမ့်တို့ ပေါ်ချိန် ဖြစ်သဖြင့် နေစောင်းသည်နှင့် ချေ အပါအဝင် သစ်သီးကြိုက် တော တိရစ္ဆာန်များ ရောက်လာနိုင် သဖြင့် ဖြစ်သည် ။ ချေ ၊ စိုင် ၊ ဆတ်များသည် ကြွေကျ နေသော သစ်ဆိမ့် ၊ မျောက်ပလုပ် နှင့် သျှာဖြူသီးများကို ကောက်စားတတ်ကြသလို အပင်ပေါ်ရှိ အသီးများ ကိုလည်း ကြွေကျလာစေ ရန် ပင်စည်ငယ်များကို လည်ပင်းနှင့် တိုးတိုက်၍ ခြေချတတ်ကြသည် ။ ဤ သည်ကိုတော့ ရွာမုဆိုးများ ပြောပြ၍ ငယ်စဉ်ကပင် ကျွန်ုပ် ကြားဖူး ထားသည် ။

သည်လိုနှင့် ကျွန်ုပ်တို့ အဖွဲ့သည် နေမွန်းတိမ်းစတွင် ရွာခံ မုဆိုး ဦးထော် ကြီး ကြိုတင် ထိုးထားသော နေ့လင့်ပေါ်သို့ တက်လာကြ လေသည် ။ နေ့လင့် ကို အနီးအနားရှိ သစ်ကိုင်း သစ်ပင်များနှင့် ဖုံးကွယ် ကာထားသဖြင့် တော တိရစ္ဆာန်များ မသိနိုင်ပေ ။ လင့်ပေါ်သို့ ရောက်သော အခါ ကျွန်ုပ်လွယ်လာ သော ဓာတ်ဘူးထဲမှ ရေနွေးကြမ်းကို ရေဆာပြေ ခွက်လှည့် သောက်ကြ သည် ။ ညနေစောင်းတွင် သစ်ဆိမ့်သီး ကောက်စားရန် ရောက်လာကြမည့် ချေနှင့် တောတိရစ္ဆာန်များကို စောင့်ဆိုင်း နေကြသည် ။

ဦးထော်ကြီး က သူ့ တွက်ကိန်းနှင့် သူ ထိုးထားသော လင့်စင် မှာ လူလေး ယောက် အတော် ကျပ်ကျပ်တည်းတည်း ထိုင်ကြရသည် ။ ကျွန်ုပ်တို့ ရောက်နေသော လင့်စင် မှာ သစ်ဆိမ့်သီးများ မှည့်နေသော သစ်ဆိမ့်တော ထဲ ဖြစ်သဖြင့် မည်သည့် အပင်အောက်ကို တောတိရစ္ဆာန် တစ်ကောင် ရောက်လာ ရောက်လာ မြင်သာ၍ ပစ်ကွင်း ကောင်းသည် ။

တောကောင်ကို စောင့် နေကြရင်း ဝန်ထောက်ကြီး နှင့် အတူ ပါလာသော ရဲ တပ်သားက ခံတွင်း ချဉ်လာသည် ဆိုပြီး သူ့ အိတ်ထဲမှ ကွမ်းတစ်ယာ ကို ထုတ်ဝါး နေသည် ။ လင့်စင်ပေါ် က ဘေးဘက်လေးတန် ကို လှည့်လှည့် ကြည့်နေသော ရဲတပ်သား သည် ကွမ်းတံတွေး ကိုလည်း လင့် အောက်သို့ တဗျစ်ဗျစ် ထွေးချနေသည် ။ ဤသည် ကို ဦးထော်ကြီး က မနှစ်မြို့သည့် သဘော နှင့် တစ်ချက် တစ်ချက် ကွက်ကြည့်ကွက်ကြည့် လုပ်နေတတ်သည် ။ သို့သော် ဤနေ့မှ တွေ့ကြရသော ရဲတပ်သားကို အားနာ၍လား မသိ ။ ဦး ထော်ကြီး က ဘာမှတော့ မပြော ။

သည်လိုနှင့် သစ်ဆိမ့်တော သစ်ဆိမ့်ပင် အောက်သို့ သားကောင်များ ရောက် အလာကို စောင့်နေကြရာ တစ်နာရီပင် မကြာ ဖြိုးဖြိုးဖြောက်ဖြောက် ရွက်ကြွေခြောက်များ ၊ သစ်ရောင်း ကိုင်းများကို နင်းလျှောက်လာနေသော ခြေသံများကို ကြား ကြရသည် ။ ဝန်ထောက်ကြီး သည် မိုးပေါ်ထောင် ကိုင် ထားသော သေနတ်ကို ချက်ချင်း အနေအထား ပြောင်းလိုက်လိုက်သည် ။ ဦးထော်ကြီးနှင့် ရဲတပ်သားတို့ ကလည်း ဟိုဟို သည်သည် ကြည့်ရင်း အနေအထား ပြင်လိုက်ကြသည် ။

သို့သော် သားကောင်များ ခြေသံကြားရာမှာ တစ်နေရာတည်း က မဟုတ် ။ ကျွန်ုပ်နားထဲတွင် အရပ်ရှစ်မျက်နှာ စလုံးက ကြားလာရသလိုပင် ခြေ သံတွေကမူ ပို၍ နီးလာသလား ထင်ရ၏ ။ သို့သော် သားကောင် တစ်ကောင် ပေါ်လာသည် ကိုကား မမြင်ရ ။ တဖြည်းဖြည်းနှင့် ခြေသံတွေက ဝေးသွား ပြီး တစ်တောလုံး တစ်တောင်လုံး တိတ်ဆိတ် သွားသည် ။ တိတ်ဆိတ် သွား သည်မှာ ကျေးသံ ငှက်သံ တစ်ကောင်တစ်မြီး မြည်တွန်နေသံ ကိုပင် မကြား ရဘဲ ချောက်ချားစရာ ကောင်း လောက်အောင် တိတ်ဆိတ်သွားသည် ။

ဝန်ထောက်ကြီး နှင့် ရဲတပ်သားတို့က ‘ ဘယ့်နှယ့်လဲ ’ ဟူသော သဘောနှင့် ဦးထော်ကြီး ကို လက်ကုတ်ကြသည် ။ ထိုအချိန်မှာပင် လေကြီးမိုးကြီး ကျ လာသလို တစ်တောလုံး တစ်တောင်လုံး ဆူညံ လာပြန်၏ ။ ထူးဆန်း သည်မှာ အသံတွေသာ ကြားနေရပြီး သစ်ပင်သစ်ကိုင်းများ လှုပ်ရှား ယိမ်းထိုး နေသည် ကိုလည်း လုံးဝမမြင်ကြရ ။ အကယ်၍ အမှန်တကယ် သာ လေကြီးမိုးကြီး ကျလာလျှင် တစ်တောလုံး တစ်တောင်လုံး ရှိ သစ်ပင် သစ်ကိုင်းတွေ က ပကတိ အတိုင်း ။

“ ဦးထော်ကြီး ဘယ်လိုလဲ ၊ လေကြီးမိုးကြီး ကျလာ သလို အသံသာ ကြားရ ပြီး အပင်တွေ လှုပ်တာ ယိမ်းယိုင် နေတာလည်း မမြင်ရပါလား ” 

မနေနိုင်သော ဝန်ထောက်ကြီး က ဦးထော်ကြီး ကို တီးတိုး မေး၏ ။

“ တော တောခြောက်တာ ထင်တယ် ဝန်ထောက်မင်း ၊ ခဏ စောင့်ကြည့်ပါ  ”

ဦးထော်ကြီး က တောခြောက်တာ ထင်တယ် ဆိုသဖြင့် ကျွန်ုပ် ကျောချမ်း သွားသည် ။ ထို့ကြောင့် ကျပ်ကျပ် တည်းတည်း လင့်ပေါ်တွင် တစ်ယောက် နှင့် တစ်ယောက် ပူးကပ် နေကြရသော်လည်း ကျွန်ုပ် စိတ်ထဲက မလုံတော့ သဖြင့် ဦးထော်ကြီး နားကို ပိုပြီး ကပ် နေလိုက်သည် ။ ဦးထော်ကြီး ကမူ ဟိုကြည့် သည်ကြည့် နှင့်သာ အသံ ကြားရာဆီ ငေးနေသည် ။ သို့သော် လေကြီးမိုးကြီး ကျလာသံ ကို ကြားနေရခြင်း မှာလည်း စောစောက ခြေသံ များလို အရပ် ရှစ်မျက်နှာက ကြားနေရ သဖြင့် လူတွေ မှာ ဘယ်ဘက် ကြည့် ရမှန်းမသိ ဖြစ်နေကြသည် ။

တန်ခူးလဆန်းကြီး တော ကလည်း အောက်ခြေရှင်းပြီး နေရောင်ခြည် ပြိုး ပြုံး ပြောက်ပြောက်လည်း မြင်နေကြရရာ လူကြီးတွေ မှာ များစွာ ကြောက်ရွံ့ကြပုံတော့ မရသေး ။ ဇဝေဇဝါနှင့်သာ နားစွင့်နေကြ၏ ။

မကြာမီ လေကြီးမိုးကြီး ကျလာသံတွေ တိတ် သွားပြန်ပြီး တစ်တောလုံး တစ်ကောင်လုံးကို မြူလိုလို ၊ မီးခိုးငွေ့လိုလို အခိုးအငွေ့တွေက လေနှင့် လွင့် ပါလာကြပြီး နေရောင်ခြည်ပါ ချက်ချင်း ပျောက်ကွယ် သွား ပြန်သည် ။ အချိန်မှာ မွန်းတိမ်းခါစသာ ရှိသေးသဖြင့် တစ်တောလုံး တစ်တောင်လုံး ချက်ချင်း မှောင် သွားသည်မှာ အံ့သြစရာပင် ။

“ ဟင် ဦးထော်ကြီး ဒါလည်း တော ခြောက်တယ် ဆိုတာလားဗျ ။ နေ့ခင်း ကြောင်တောင်ကြီး မှောင် သွားလိုက်တာ ဘယ့်နှယ်ဟာတုံး ” 

“ ဒါ ဒါ မှိုင်းကျတာပါ ဝန်ထောက်မင်း ၊ မှိုင်း ကျရင် ဒီလိုပဲ ဖြစ်တတ်ပါ တယ် ”

ဦးထော်ကြီး က အသံကို အုပ်၍ပြော၏ ။

“ မှိုင်းကျတာ ”

ဝန်ထောက်မင်း ပါးစပ် ကလည်း အံ့ဩသံ ထွက်လာသည် ။

“ ဟုတ်မယ် ထင်တယ် ဝန်ထောက်မင်း ၊ ကျွန်တော် ရှမ်းပြည်နယ် နဲ့ မိုးကုတ်မှာ တာဝန်နဲ့ ဆယ်နှစ်ကျော် နေခဲ့ဖူးပါတယ် ။ တောထဲတောင်ထဲရယ် မဟုတ်ပါဘူး ။ သူတို့ ဆီမှာတော့ ရွာတွေမြို့တွေမှာလည်း ဒီလိုပဲ မိုးရိပ် လိုလို နှင်းမှုန်တိမ်ရိပ် လိုလိုတွေ အလိပ်လိပ် လွင့်လာကြပြီး မှောင်ကျသွား တတ်တယ် ။ အဲဒါကို ရှမ်းပြည်နယ်က လူတွေကတော့ မှိုင်းတိုက်တယ်လို့ ခေါ်ကြတယ် ။ နာရီဝက်တစ်နာရီလောက်ကြာမှ နှင်းမြူရိပ်တွေ စင်ပြီး ပြန် လင်း လာတတ်တယ် ။ သူတို့ ဆီက တောင်တွေ တောတွေ မြင့်သလို ရွာတွေ အိမ်တွေကလည်း တောင်ပေါ်တွေမှာ ဆိုတော့ ဒီလို မှိုင်းတိုက်တာ ၊ တိမ်စု တွေ ဖြတ်ဖြတ်သွားလို့ မှောင်သွားတာ မကြာမကြာ ကြုံဖူးပါတယ် ”  

ဝန်ထောက်ကြီး နှင့် ပါလာသော ရဲတပ်သားက လေသံတိုးတိုး နှင့် သူ့ အတွေ့အကြုံ ကို ပြောပြသည် ။

“ အေး ခင်ဗျား ပြောမှ ကျုပ်လည်း သတိရတယ် ။ ဆပ်ကျောင်းဆင်းပြီး စက ကျုပ်တို့ ခွင့် လဝက်ရတော့ သင်တန်း တစ်ပတ်တည်း တက်ရတဲ့ ဗန်းမောက် က သူငယ်ချင်းတစ်ယောက်နဲ့ ကျုပ် ဗန်းမောက် အလည် လိုက်သွား တယ် ။ မြို့ရဲ့တောင်ဘက် ထင်တာပဲ ။ ဘုရားတစ်ဆူ ရှိတဲ့ တောင်ပေါ် ဘုရားဖူး ရောက်သွားတော့ တိမ်တွေ မိုးသားတွေက တောင်အောက် တောင်ချိုင့် ကြားတွေကို အခဲလိုက် အလုံးလိုက် လေနဲ့ ပြေးဝင်လာကြတာ တောင်ပေါ် က ကြည့်ရင် မြင်နေရတယ်ဗျ ။ ကျုပ်တို့ ရောက်နေတဲ့ တောင်ထိပ် မှာတော့ ဘာ မိုးရိပ်တိမ်ရိပ် မှ မရှိဘူး ။ ကြည်လင်လို့ နေချစ်ချစ် တောက် ပူလို့ဗျာ ။ ခုလည်း ဒီသဘောမျိုးလားဟင် ဦးထော်ကြီး ”  

“ ဗျာ ဝန်ထောက်မင်း ”

ဦးထော်ကြီး ကမူ ဘာကို ငေးပြီး ဘာကို တွေး နေသည်မ သိ ။ ဝန်ထောက် ကြီး အမေးကို ထိတ်ထိတ် လန့်လန့်သံနှင့် ပြန်မေးလိုက်၏ ။

“ ဩ စောစောက ဦးထော်ကြီး ပြောတဲ့ မှိုင်းကျတယ် ဆိုတာလားလို့ မေး တာပါ ”

“ ဟုတ် ဟုတ်ကဲ့ ၊ ကျွန်တော် ကလည်း အဲဒါမျိုးလားလို့ စဉ်းစားမိလို့ပါ ” 

“ ဟင် အရင်က ဒီတောမှာ ဒီလိုဟာမျိုး တစ်ခါမှ မဖြစ်ဖူးဘူးလား ”  

“ ကျွန်တော့် တစ်သက် တော့ မကြုံဖူးပါဘူး ။ တောခြောက်တယ် ဆိုတာ လည်း ငယ်စဉ်ကပဲ အဖေတို့ ပြောသံ ကြားဖူးတာပါ ”

ယခုတော့ ဦးထော်ကြီး အသံက ပုံမှန်အသံ မဟုတ်သော်လည်း နည်းနည်း ကျယ်လာသည် ။

“ ဟာ ဒါဆို ခု ဒီတောမှာ အမဲပစ်လို့လည်း ဘယ်ရတော့မလဲနော် ။ ပြန်ကြ တာပဲ ကောင်းမယ် ထင်တယ် ”

ဝန်ထောက်ကြီး က ဦးထော်ကြီး ကိုပြောရင်း သူ့ ရဲတပ်သား၏ မျက်နှာဆီ သို့လည်း ဆန္ဒ ယူလိုသည့် သဘော လှမ်းကြည့်သည် ။

“ ကျွန်တော့် အထင်လည်း .. အဲ ပိုပြီးတောင် မှောင် လာသလိုပဲ ။ မှိုင်း မှိုင်း ကျတာတော့ မဟုတ်ဘူးနဲ့ တူတယ် ။ မှိုင်းကျတာ ဒီလောက် အမှောင်ကြီး မဖြစ်ဘူး ”

ဤအထက်တော တွင် မလွဲမသွေ သားကောင် ပစ်ရပါစေ့မယ်ဟု အာမခံ လာသော ဦးထော်ကြီး နှုတ်ဆိတ် ငိုင်နေစဉ် ရဲတပ်သား က ပြောလိုက်ရာ ထိုအခါမှ လင့်ပေါ်ရှိ လူအားလုံးမှာ ပတ်ဝန်းကျင် အခြေအနေ ကို ချက်ချင်း သတိပြုမိသွားကြသည် ။

မှန်သည် ။ လင့်စင် အောက်ကို ကျွန်ုပ် ငုံ့ ကြည့်လိုက်ရာ ရုတ်တရက် လန့် သွားသည် ။ သားကောင် ပစ်ရန်ကို မဆိုထားနှင့် ။ လင့် အောက်ကို သားကောင် ရောက်လာလျှင်လည်း ဘယ်လိုမျှ မြင်နိုင်စရာ အကြောင်း မရှိတော့ ။ ဤမျှ မှောင်မိုက်နေသည် ကို ကျွန်ုပ် တစ်သက်နှင့် တစ်ကိုယ် တစ်ခါ မှ မကြုံဘူးပေ ။ လင့်စင် အောက်နှင့်တကွ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်ကျ နေသည်မှာ မိမိတို့ တက်ရောက် နေကြသော လင့်စင် ထိုးထားသည့် သစ်ပင်၏ ပင်စည်ခြေရင်း နှင့် အပေါ်ရှိ သစ်ကိုင်း သစ်ခက်များ ကိုပင် မမြင် ရတော့ ။ လဟာပြင် အမှောင်ထုကြီး ထဲတွင် လင့်စင်တဲ မှာ အတွယ်အတာ မရှိ လေထဲ တည်နေသလိုပင် ။

ထိုအခါမှ ဝန်ထောက်ကြီး နှင့်တကွ အားလုံးမှာ ထိတ်ထိတ်လန့်လန့် ဖြစ်လာကြ၏ ။

“ ဦးထော်ကြီး မှိုင်း တိုက်တာ ကျုပ် ... ကျုပ် .. အခါခါ ကြုံဖူးပါတယ် ။ ဒီလို အမှောင်မျိုး မဟုတ်ဘူးဗျ ။ ဘယ်လို ဖြစ်တာလဲ ”

စောစောက ရှမ်းပြည်နယ်တွင် ( ၁၀ ) နှစ်ကျော် နေခဲ့ဖူးသည် ဆိုသော ရဲသားကြီး က အသံ ကတုန်ကယင်နှင့် ဦးထော်ကြီး ကို မေးသည် ။

“ ဦးထော်ကြီး ဆရာအောင်သန်း ပြောတာ ဟုတ် .. ဟင် ဟော့ ”

ဝန်ထောက်ကြီး ၏ စကား မဆုံးမီပင် ကျွန်ုပ်တို့ လင့်စင် ပေါ်ရှိ သစ်ပင်ပေါ် က ငှက်ဆိုး တစ်ကောင် ဂီး ဟူသော သံရှည်ဆွဲ ထိုးမြည်လိုက်သံကြောင့် ဝန်ထောက်မင်း ၏ စကား က ထိတ်ထိတ်ပျာပျာနှင့် ရပ်သွားပြန်သည် ။

“ ဝန်ထောက်မင်း ဝန်ထောက်မင်း အကုန်လုံး လက်ချင်း ဆက်ထားကြ ။ လက်ချင်း မြဲမြဲ ဆုပ်ကိုင်ထားကြ ။ အောက်မှာ ဘာကောင် မြင်မြင် ဘယ်လို မှ မပစ်နဲ့ ။ ဝန်ထောက်မင်း သေနတ် ကျွန်တော့် ပေး ။ ကိုယ့် လက်နက် ကို ဖင်ခု ထိုင်ထားကြ ”

ချက်ချင်း ဦးထော်ကြီး ၏ အထိတ်တလန့် ဆော်ဩလိုက်သံကြောင့် လူ တွေမှာ ကြောက်ကြောက် နှင့် တစ်ယောက် လက် တစ်ယောက် ဆုပ်ကိုင်ပြီးသား ဖြစ်သွားကြသည် ။ ဦးထော်ကြီး နှင့် ကျွန်ုပ် မှာ အနီးဆုံးလူ ဖြစ်သဖြင့် ဝန်ထောက်ကြီး ဆီက သေနတ် ကို ဦးထော်ကြီး လှမ်းဆွဲ လိုက်သည်နှင့် ဦး တော်ကြီး သည် ချက်ချင်း မတ်တတ်ထ ရပ်ကာ ကျွန်ုပ် ကိုယ်ပေါ် ကို ခွစီး ထားပြီး “ လူလေး ဘာမှ မကြောက်နဲ့နော် ဘဘ ရှိတယ် ” ဟု အော်ပြော၏ ။ သို့သော် ကျွန်ုပ်ကို သာ မကြောက်နှင့် ဟု ဆိုသော်လည်း ဦးထော်ကြီး ကား ကြောက်သေးတွေပင် ကျွန်ပ် ကိုယ်ပေါ် ပန်းချလိုက်ပြီ ။

( နောက်မှ သိရသည်မှာ ဦးထော်ကြီး သည် ကျွန်ုပ်တို့ ထဲ၌ အကြီးအမှူး ဖြစ် သူ ဝန်ထောက်ကြီး ၏ သေနတ် ကို သေး နှင့် ပန်းလိုက်သည် ဆို၏ ။ )

ကျွန်ုပ်တို့ လင့်စင် ပေါ်မှ တဂီဂီ သံရှည်ဆွဲ လာ နေသော ငှက်ဆိုးထိုး သံက ပို ကျယ်လာသည် ။ မှောင်လိုက်သည် မှာ လည်း ပိန်းပိန်းပိတ် ။ လမိုက်ည သန်းခေါင်ယံပင် ဤလောက် မှောင်မည် မထင် ။ ည မည်မျှ မှောင်မှောင် ကြယ်ရောင်တို့ ကြောင့် ဤမျှ မမှောင် ၊ ယခုမူ တစ်ယောက်နှင့် တစ်ယောက် လက်ချင်း ကိုယ်ချင်း ပူးနေကြ သော်လည်း တစ်ယောက် ကို တစ်ယောက် မ မြင်ကြရ ။ ဤမျှထိ မှောင်သည် မှာ ချောက်ချားစရာ ။

“ ဆရာကြီး ခါး က ဓာတ်မီး ကျုပ် ယူမယ်နော် ”

ပြောပြောဆိုဆိုနှင့်ပင် ရဲသားကြီး ခါးတွင် ချိတ် ထားသော လက်နှိပ်ဓာတ်မီး ကို ဦးထော်ကြီး ယူ လိုက်သည် ။ ရဲတပ်သားကြီး ကမူ ယခုအချိန်တွင် လှုပ်ပင် မလှုပ်ရဲဘဲ လင့်တဲ ဘေးတွင် ကျောက်ရုပ်လို ဖြစ်နေ လိမ့်မည် ။ လူကို မမြင်ရသော်လည်း ကျွန်ုပ် အား ခွစီးထားသော ဦးထော်ကြီး ၏ လှုပ်ရှားမှု မှန်သမျှကို ကျွန်ုပ် တော့ သိနေရသည် ။

ချက်ချင်း လင့်စင် ပေါ်ရှိ သစ်ပင်ထိပ် ဆီ၌ မီးရောင်တန်းတစ်ခု ကို လျှပ်တစ်ပြက် မြင်လိုက်ရသဖြင့် ကျွန်ုပ် အား ဦးထော်ကြီး ခွစီး ထား၍ လှုပ်မ ရ သော်လည်း လည်စောင်း၍ မီးရောင် ကျရာဆီ ကျွန်ုပ် လှမ်း ကြည့်လိုက်ရာ သစ်ကိုင်း တစ်ကိုင်း ၏ အောက်ဘက်ကို တွယ်ကပ်ကုပ်ထားပြီး ခေါင်းကို အောက်သို့ ကြည့်ကာ တဂီဂီ အော်မြည် နေသော ငှက်ဖြူကြီး တစ်ကောင် ကို ဓာတ်မီးရောင် ထဲတွင် ထင်ထင်ရှားရှားပင် လှမ်းမြင်လိုက်ရလေသည် ။

ထိုအချိန်၌ပင် ဦးထော်ကြီး က ‘ မကြောက်ကြနဲ့ ၊ အောင်ပြီ ’ ဟူသော အသံ နှင့်အတူ ဒိုင်းခနဲ သေနတ်သံ တစ်ချက်ကို ဓာတ်မီးရောင် အမှိတ်တွင် ကြားလိုက်ရသည် ။

ထို့နောက် တစ်ချက်

ထို့နောက် တစ်ချက်

သေနတ်သံ သုံးချက် အဆုံးတွင် တစ်တောလုံး တစ်ကောင်လုံး ဟည်းသံ နှင့်အတူ နေရောင်ခြည် ကိုလည်း သစ်ပင်ကိုင်းခက် ရွက်လက်ရိုးတံများ ကြားမှ ချက်ချင်း ပြန် မြင်လိုက်ရသည် ။ ငှက်ဆိုးထိုးသံ လည်း ပျောက်သွား ကာ တစ်တောလုံး တစ်တောင်လုံး မှာ ကျွန်ုပ်တို့ လင့်စင်ပေါ် တက်လာကြ စဉ် ကလို ကျေးသံငှက်သံများနှင့် အားလုံး ရှင်းရှင်းလင်းလင်း ပကတိ တော တစ်တော ၏ နေမွန်းတိမ်း သမယ ကို ပြန်မြင်လိုက်ကြရသည် ။

ထိုအခါမှ လူ လေးယောက် မှာလည်း တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ကာ မယုံကြည်နိုင် လောက်သော အံ့ဩသံကြီး နှင့် ဝန်ထောက်ကြီး က

“ တောခြောက်တာဟာ ကြောက်စရာကြီးပါလား ဦးထော်ကြီး ” ဟူသော စကားမဆုံးမီ

“ တောခြောက်တာတင် ဘယ်ကလိမ့်မတုံး ဝန်ထောက်မင်း ၊ တောပါ ဝင် မှောင့်တာဗျ ၊ တောပါ ဝင် မှောင့်တာ ။ ကံကြီး ပေလို့ ဘာမှ မဖြစ်ကြတာ ” ဟု ဆိုသည် ။

အထက်တော မှ ပြန် ထွက်လာကြ၍ လယ်ကွင်းစ ကျွန်ုပ်တို့ ကြံခင်းနား အရောက် မှာ ကျွန်ုပ် မိုးပေါ် မော့ ကြည့်လိုက်မိသည် ။ အချိန်မှာ မွန်းစောင်းကြီး သုံးနာရီ ခန့်သာ ရှိသေးလေသည် ။

◾ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ

 

No comments:

Post a Comment