Thursday, December 26, 2024

ဆရာကလေး


 

❝ ဆရာကလေး ❞
   ( မြိတ်သီတာ )

မောင်ခင် သည် အင်္ဂလိပ်အစိုးရကျောင်း၌ ( ၇ ) တန်းပြ ဆရာကလေး ဖြစ်၏ ။ အကျင့်စာရိတ္တ ကောင်း၏ ။ ရိုးသားဖြောင့်မတ်၍ လူကြီး ၊ မိဘမှန်း သိတတ်၏ ။ ဆရာဖြစ် စာမေးပွဲကို အောင်မြင်သော နှစ်၌ပင် ယခု လုပ်နေရင်း ဖြစ်သော ကျောင်း၌ အလုပ်ရ၏ ။ မိမိ ၏ မွေးရာဇာတိမှာကား ရန်ကုန်မြို့ကြီး ပင်ဖြစ် ပေ၏ ။ ၎င်းမြို့၌ မိမိ၏ ဆွေမျိုးမိတ်သဟာယ စသည်များ မရှိသဖြင့် အိမ် ကလေး တစ်ဆောင် ကို ငှား၍နေရ၏ ။ ထိုမြို့သို့ ရောက်ခါစက အသိမိတ်ဆွေ များ မရှိငြားသော်လည်း ယခုအခါ၌မူကား မိတ်ဆွေများကို ပေါင်းသင်း၍ မကုန်နိုင် လောက်အောင်ပင် များပြားလျက်ရှိ၏ ။ မောင်ခင် သည် နှစ်နှစ်ခန့်မျှ ထို ကျောင်း၌ လုပ်ခဲ့ရာ ၊ ယခုအခါ၌ ကျောင်းတွင် မောင်ခင် ၏ နာမည်ကောင်း သည် များစွာကျော်ကြား၍ နေပေ၏ ။ အဘယ်ကြောင့် ဆိုသော် မောင်ခင် သည် စာ အသင်အပြ ကောင်းခြင်း ၊ ကျောင်းရှိ ဆရာများနှင့် ကျောင်းသား ကြီးငယ် များ ကို မိမိ ၏ ညီအစ်ကို အရင်း ကဲ့သို့ သဘောထားခြင်း အဖြာဖြာကြောင့် ဖြစ်ပေ၏ ။ မြို့ရှိ မြို့အုပ် ၊ နယ်ပိုင် ၊ ဝန်ထောက် ၊ သူဌေး ၊ ကုန်သည်ကြီးများ စသည်တို့လည်း မောင်ခင် ထံသို့ မကြာခဏ လာကြကုန်၍ မိမိတို့ ၏ သားသမီးများ ကို ကျောင်း၌ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် လာ၍ အပ်နှံ ကြလေ၏ ။

ထိုကဲ့သို့ မောင်ခင် သည် လူကောင်းသူမွန် တို့၏ အထဲတွင် အလွန်တရာ မျက်နှာပွင့်လန်း၍ နေသောကြောင့် အပျိုကလေးများ သည် မောင်ခင် ကို အဓိပတိ ထင်မိကြ၍ ၎င်း ၏ နာမည်ကိုပင် ယုယစွာ အမြဲရွတ်ဖတ် သရဇ္ဈာယ် ကာ နေကြလေ၏ ။ အချို့ကလည်း ဒီ ဆရာကလေး မျက်နှာ ကို ကြည့်ရတာ လူဘုန်းကြီး ပဲ ၊ ခါး တို့လို့ ရယ် မှာ မဟုတ်ဘူး ၊ အဲ့ဒီလို လူမျိုး ကို သိပ် ကြောက်စရာ ကောင်းတယ် ၊ အာကာနံ သည့် ကြောင်ဟာဝါ ဆိုတာ ဒီလို လူမျိုးပေါ့ ၊ တချို့ ကလည်း သူ့ ကို ဣတ္ထိယသိုက်ဆရာ လို့ ခေါ်နေကြတယ် ၊ ဒါထက် ဟို သန်းသန်းကလေး နှင့် ငြိနေတယ်လို့ ကြားရတယ် ၊ သူ့ မောင်ကလေး ကို က မောင်ခင် နဲ့ ချည့် သွား နေတယ် ၊ သူ ကတော့ ' ပို့စမင်း ' ကလေး နေမှာပေါ့ စသည်ဖြင့် မနာလိုဝန်တို ၍ သွားရည် တယိုယိုနှင့် ပြောနေကြသော အပျို မပေါက် တပေါက် ၊ အပျိုဟိုင်းကြီး ဘဝသို့ မရောက်တရောက် ဖြစ်နေကြသော မိန်းမများ ပြောဆို၍ နေလေ့ ရှိကြ၏ ။

အထက်၌ ဖော်ပြခဲ့သော မိန်းမပျိုကလေး သန်းသန်း သည်ကား ဆိုလျှင် ပွဲစားကြီး ဦးဘကြွယ် ၊ ဒေါ်မြကြည် ၏ သမီးကလေး ပင်ဖြစ်ပေ၏ ။ မောင်ခင် ၏ အိမ် သည်ကား ၎င်းတို့ ၏ အိမ်နှင့် မျက်နှာချင်းဆိုင် ဖြစ်ပေ၏ ။ သန်းသန်း ၏ မောင်ကလေး မောင်မြဟန် သည် မောင်ခင် ၏ ကျောင်း၌ ပင်နေ၏ ။ အထက်က ( မ ) မနာလို ( မ ) သရေယို တို့ ပြောဆို နေကြသော စကားသည် ကားမှန်၏ ။ မောင်ခင် နှင့် သန်းသန်း တို့သည် တစ်ဦး ကို တစ်ဦး မေတ္တာ သက်ဝင်၍ ချစ်ခင် နေကြ၏ ။ သန်းသန်း ၏ မိဘများသည် မောင်ခင် အား များစွာ ယုံကြည်၏ ။ မိမိ ၏ ဆွေမျိုးအရင်းပမာ ချစ်ခင်ရှာ၏ ။ မည်သည့် အရာမျိုး မဆို မောင်ခင် အား တိုင်ပင်ပြောဆို လေ့ ရှိကြ၏ ။ မောင်ခင် သည် လည်း ၎င်းတို့ ၏ အိမ်ကို အချိန်ခါမရွေး သွားလာ နိုင်လေသည် ။ မောင်ခင် သည် မိမိ အား သန်းသန်း ၏ အမိအဖများ က သားရင်းပမာ အလွန်တရာ ချစ်ခင် နေရှာသည့် အတွက် မိမိ သည် သန်းသန်း အား ဆီကုန် ၊ မီးကုန် အချစ် မေတ္တာ ၏ သတ္တိ မပြဘဲ နေရလေ၏ ။ သို့ပါသော်လည်း မိမိတို့ အချင်းချင်း လျှို့ဝှက်စွာ ဆိုးတူ ကောင်းဖက် ၊ အရိုးမြေကျ ပေါင်းဖက်ရန် ကား သစ္စာကတိ တည်ထား ပြု ပြီးပြီ ဖြစ်ပေ၏ ။

သန်းသန်း ၏ မိဘ များ မှာ မူကား မောင်ခင် အား များစွာယုံကြည် သဖြင့် မိမိ တို့၏ သမီး သည် မောင်ခင် နှင့် အရောတဝင် ၁၅ဝဝ ကိလေသာ မဟာ အချစ်ကြီး မျိုးဖြင့် ချစ်ခင်နေသည် ကို ၅၂၈ သွယ်သော ညီအစ်မ အရင်း သဖွယ် ချစ်ခင်ခြင်း ဖြင့် ချစ်ခင်နေကြသည် ဟု ထင်ကြလေ၏ ။ ထိုကဲ့သို့ လူကြီးများက မောင်ခင် တို့ ၏ အတွင်းသဘောကို မသိကြဘဲ နေပါသော် လည်း မောင်ခင် တို့ ရည်းစားမောင်မယ် တို့မှာ အချစ်ဒီဂရီ သည် ဒီရေအလား ကဲ့သို့ တိုးပွား၍ လာပြီးလျှင် တစ်ဦး ကို တစ်ဦး မမြင်ရ မနေနိုင်လောက်သော အခြေအနေ သို့ ရောက်ရှိနေပေ၏ ။

ယခုလောကကြီး ၌ ရှိရှိ သမျှသော အကြင်လင်မယား ၊ ငယ်ချစ် ၊ ရည်းစားတို့ မှာ ဘယ်နံရောအခါမှ ကွေကွင်းခွဲခွာ၍ နေချင်သော ဆန္ဒများ မရှိကြ ချေ ။ ထိုကဲ့သို့သော ဆန္ဒများ မရှိကြ သော်လည်း လောကဓံ တရားအတိုင်း အကြောင်း တစ်ခုကြောင့် ကွေကွင်းရမည်ကား မုချမလွဲ ဖြစ်ပေသတည်း ။ ထို့ကြောင့် “ ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်း ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏ ” “ ခုံမင်ယုယ ၊ ချစ်လွန်းက ၊ သောကနောက်ဆုံး ရှိချေ၏ ” ဆိုသည့် အတိုင်း ၎င်းတို့မှာ သေမင်း က ခွဲ၍ ကွဲရခြင်း ၊ သို့မဟုတ် ရှင်လျက်နှင့် အကြောင်း တစ်ခုကြောင့် ကွဲရမည်ကား မလွဲ မုချဖြစ်ပေ၏ ။

ထို့ကြောင့် ဝတ္ထု ဖတ်ရှု၍ ပညာဆည်းပူး နေကြ ကုန်သော သူတော်ကောင်း လူအပေါင်းတို့ မည်သည့် အရာမျိုး၌ မဆို လောကဓံတရား ရှစ်ပါး ကို ဂရုမထားဘဲ မပြုသင့်ရာ ၎င်းကို သာလျှင် လက်မကွာဘဲ ဝမ်းထဲယူငင် ၊ နှလုံး ထင်၍ နေ့ညမပြတ် ၊ အမှတ် နှလုံးသွင်းလျက် ၊ ပြုရမည်မှာ လူတကာတို့ မှတ်ကုန်ရာ၏ ။

တစ်နေ့သော ညနေခင်း အချိန်၌ မောင်ခင် သည် ထမင်းများကိုပင် မစားနိုင်ဘဲ ငေးမှိုင်ကာ နေသည်ကို တွေ့ ရှိရပေသည် ။ ကောစမက်တီ တို့၏ အမြဲကိန်းအောင်းရာ ချောမွေ့ စွာ ဖြီးလိမ်း ထားသော ခေါင်းသည် ယခုအခါ ကြွက်သိုက် က ဆရာ ခေါ်ရလောက်အောင် ရှုပ်ပွ၍ နေ၏ ။ လက်ထဲ ၌ ရှိသော စာ ကို အဖန်တလဲလဲ ဖတ်၏ ။ ပြီးသောအခါ အံကြိတ် ၍ ဆုပ်နယ်လိုက်၏ ။

အခန်းကြီးအ တွင်း၌ ခြေကို ပြင်းစွာ ဆောင့်ကာ ဟိုလျှောက် သည်လျှောက် နှင့် ဘီလူး ဝင်၍ ပူးနေသောသူ ကဲ့သို့ ၊ တစ်စုံတစ်ရာ ကို စားတော့မလို ဝါးတော့မလို လုပ်၍နေ၏ ။ သန်းသန်း ၏ အိမ်ကိုကြည့်၍ တစ်စုံတစ်ရာ ကို နက်နက်နဲနဲ စဉ်းစားဟန် ရှိ၏ ။ ထို့နောက် ' ဟင်း ' ဟု သက်ပြင်းကြီး ချလိုက် ပြီးလျှင် စာတစ်စောင် ကို ရေးလေ၏ ။ မြဟန် လာသောအခါ သန်းသန်း အား အပေး ခိုင်း လိုက်လေ၏ ။ ထိုနေ့သည်ကား လပြည့်နေ့ ဖြစ်၍ ရွှေလမင်းကြီး သည် အေးချမ်းသာယာသော အရောင် ကို ဆောင်၍ ထွက်ပေါ်လာလေ၏ ။ ရွှေလမင်းကြီး သည် ကမ္ဘာတစ်ဝန်းလုံး ၌ ရှိရှိသမျှသော သတ္တဝါ အပေါင်း ၏ စိတ် ကို မိမိ ကိုယ်ကြီး ကို ပြသရုံမျှနှင့် စိတ်အေးချမ်းသာစေနိုင်ပါသော်လည်း အပူသည်ကလေး မောင်ခင် ကို ကား စိတ်ရွှင်ရလေအောင် ပြုလုပ်နိုင်မည် မထင်ချေ ။

ထိုည၌ ကံအားလျော်စွာ သန်းသန်း ၏ မိဘများ သည် အိမ်၌ မရှိချေ ။ သန်းသန်း သည် မောင်ခင် ပေးလိုက်သော စာကို စိတ်တပူပူ နှင့် ဖတ်နေပြီး လျှင် မောင်ခင် ၏ အလာ ကို သာ မျှော်၍နေ၏ ။ လှေကား မှ ခြေသံကို ကြားရ သောအခါ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွား၍ လှေကား ဆီသို့ သွားလေ၏ ။

“ ဪ .... ကိုကိုခင် လား ၊ တက်လာပါ ၊ သန်းသန်း  ကိုကိုခင် ကိုပဲ မျှော် နေတယ် ”

ဟု ဆိုပြီးလျှင် နှစ်ယောက် အတူ ဆိုဖာကြီး ပေါ်၌ ထိုင်ကြလေ၏ ။ မောင်ခင် သည် သန်းသန်း ၏ လက်ကလေး ကို ကိုင်ကာ အိမ်နောက်ဖေး ပန်းခြံ အတွင်းသို့ ခေါ်သွားလေ၏ ။

“ သန်းသန်း ကိုကိုခင် လာတာ နောက်ကျလို့ စိတ်ဆိုးနေသလား ”

“ အို.. ကိုကိုခင် ကလည်း သန်းသန်း စိတ် ကို အသိသားနှင့် ၊ ဘာဖြစ် လို့ စိတ်ဆိုးရမှာလဲ ”

မောင်ခင် သည် စကားကို ဆက်၍ မပြောဘဲ နေပြီးလျှင် အတန်ငယ် ကြာမှ ဝမ်းနည်းသော အသံနှင့် ...

“ သန်းသန်း ”

“ ကိုကိုခင် ”

“ သန်းသန်း ဟာ ကိုကိုခင် ကို တကယ် ချစ်ရဲ့လား ၊ ကိုကိုခင် ကို ဆိုးတူ ကောင်းဖက် အရိုးမြေကျ ပေါင်းဖက်မယ်ဆိုတာ အမှန်ပဲလား သန်းသန်း ”

“ ကိုကိုခင် ဘာများ ဖြစ်နေလဲ ၊ ကိုကိုခင် နှင့် သန်းသန်း တို့ ဘုရား အရှေ့မှာ အတူ ကတိသစ္စာ ဆိုထားပြီးပြီ မဟုတ်လား ၊ သန်း ကို မယုံဘူးလား ကိုကို ၊ ထွက်သွားတဲ့ ဆင်စွယ် ပြန် ဝင်တယ်လို့ ဘယ်မှာ ကြားဖူးသလဲ ၊ သန်း ဟာ မိန်းမသား ဖြစ်ပြီး စိတ် အပြောင်းအလဲ မြန်ပါသော်လည်း သန်းတို့ ရဲ့ သစ္စာ ကိုတော့ တစ်သက် မဖျက်ပါဘူး ၊ ကုန်ကုန် ပြောလိုက်မယ် ဒီဘဝမှာ ကိုကိုခင် နှင့် မပေါင်းသင်းရလို့ ရှိရင် အပျိုဟိုင်းကြီးဘဝ နှင့် ဘဝပြောင်းခံ ပါမယ် ”

“ သန်း ကို မယုံလို့ မဟုတ်ဘူး သန်း ၊ ကိုကိုခင်  စိတ်ထဲမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာ မသိဘူးနော် ၊ သန်း က သစ္စာမဖျက်ဘူး ဆိုတာ ကြားရလို့ ကိုကိုခင် သိပ်ဝမ်းသာပါတယ် ၊ ဪ .. သတ္တဝါတစ်ဦး ၊ အပူတစ်ဦး နှင့် ဆိုသလို ကိုကိုခင် မှာလည်း ကိုကို အပူနှင့်ပါ သန်းရယ် ”

“ ကိုကိုခင် ရဲ့ မျက်နှာ ကို မြင်ရတာ သန်း မချိလှဘူး ၊ ဒီကနေ့ ဘာများ ဖြစ်လာတာလဲ ၊ သန်း ကို သိစေလို့ မရဘူးလား ၊ ကိုကိုခင် မှာ ဝမ်းနည်းစရာ ရှိရင် သန်း ကို လည်း ဝမ်းနည်းစေပါ ၊ သန်း ကယ်နိုင်မယ့် အရေး ဖြစ်ရင် သန်း ကယ်မယ် ၊ သန်း ကို ပြောပြလို့ မရဘူးလား ၊ ကိုကိုခင် ”

ဟု ငိုမဲ့မဲ့ မျက်နှာနှင့် ၊ ဝမ်းနည်းသော အသံဖြင့် ယုယစွာ မေးရှာလေ၏ ။

“ အခု ကိုကို လာတာ သန်း ကို ပြောဖို့လာတာ ၊ ကိုကို့ စကားကို ကြားတဲ့ အခါ ဝမ်းမနည်းနဲ့နော် ၊ ဘယ်လို ကြံစည်မယ်ဆိုတာ စိတ်ကူးနော် ၊ ' ခုံမင်ယုယ ချစ်လွန်းက ၊ သောကနောက်ဆုံး ရှိချေ၏ ' ဆိုတဲ့အတိုင်း ကိုကိုခင် တို့ တစ်ဦး ကို တစ်ဦး ချစ်ခင် နေကြပြီး လာတာ အခုတော့ အပူတောက လာပြီး မွှေပြီ သန်း ရဲ့ ၊ ဟိုတစ်နေ့က သန်းတို့ အမေ ကိုခင့် ကို ခေါ်ပြီး သန်း ကို မြို့အုပ် ကလေး မောင်ငွေတင် နှင့် ထိမ်းမြားပေးရင် မတော်ပေဘူးလားလို့ ကိုကိုခင် ကို တိုင်ပင်တယ် ၊ ကိုခင် ကတော့ ဘာမှ ပြန်မပြောဘူး ၊ ဒီထက် စိတ်ပင်ပန်းစရာ ကောင်းတဲ့ အရာက နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ဆိုသလို ဒီကနေ့ ကိုခင် ဆီ ကို ပညာဘက်ဆိုင်ရာ ရုံးကြီး က ဒီလ အကုန်မှာ ပြည်မြို့ ကို ပြောင်းရမယ်လို့ စာ လာတယ် ၊ ဟောဒီ စာကို ဖတ်ပေတော့ ”

ဆို၍ စာ ကို သန်းသန်း အား ပေးလေ၏ ။

သန်းသန်း မှာ အင်္ဂလိပ်စာ ကို အတော်အတန် တတ်သည် အားလျော် စွာ အမိန့်စာကိုဖတ်ပြီးလျှင် “ အမယ်လေး ကိုကိုခင် ရဲ့ ၊ သန်း ရဲ့ ဖြစ်ရပုံ ဆိုးလှ ချည်လား ၊ ဘယ်လို ကြံရမလဲ ၊ ကြံပါဦး ပညာရှိကြီး ရဲ့ ၊ သောက်သောက်စားစား လူမင်းသား အသင်းထဲ မှာ ပါတဲ့ ဒီ ငငွေတင် ကို သန်း ဘယ်လိုနည်းနှင့် ပေါင်း သင်းနိုင်ပါ့မလဲ ၊ ဒီလို ဒုက္ခရောက်နေတဲ့ အထဲမှာပဲ သန်း ရဲ့ အားကိုး အားထား ကြီးဖြစ်တဲ့ ကိုကိုခင် က တစ်ခါ အလုပ်နှင့်ပြောင်းသွားရတော့မယ် ဆိုတော့ သန်း မှာ အားကိုးလို့ ဘယ်သူ ရှိသေးလဲ ၊ ကိုကိုခင် သန်း ကို မကယ်နိုင်တော့ဘူး လား ၊ ဒီ က မိသန်း တော့ ဒီလိုဆိုရင် အမှန်သေလိမ့်မယ် ကိုကိုခင် ရဲ့ ” ဟု သန်းသန်း သည် မောင်ခင် အား ဖက်ကာ ငို၍ ပြောလေ၏ ။

မောင်ခင် သည် သန်းသန်း ၏ ဖြစ်ပျက်ပုံ ကို မြင်ရသောအခါ များစွာ စိတ်မကောင်းဖြစ်လေ၏ ။ “ တိတ်ပါ သန်းသန်း ရယ် ၊ စိတ်ထောင်းတော့ ကိုယ် ကြေမှာပေါ့ ၊ ဒီလို ငိုနေလို့လည်း ကိုကိုတို့ကိစ္စ ပြီးမှာမဟုတ်ဘူး ၊ ဘယ်လို ကြံစည်မယ်ဆိုတာ ပြောပါသန်းသန်း ” ဟု သန်းသန်း အား ပွေ့ပိုက်၍ မျက်ရည်များကို လက်ကိုင်ပဝါဖြူ ဖြင့် သုတ်ရင်း ပြောလေ၏ ။

“ သန်းသန်း စိတ်မှာတော့ ကိုကိုခင် သွားတဲ့ အခါ သန်း ကိုပါ ခေါ်သွား စေချင်တယ် ၊ ဒီ ငငွေတင်မျိုး ကို သန်းသန်း ဘယ်လိုနည်း နှင့် ပေါင်းသင်းနိုင်ပါ့ မလဲ ၊ အကယ်လို့ ကိုကို မခေါ်ဘူး ဆိုရင် သန်းသန်း ကိုယ် ကို သန်းသန်း တစ်ခါတည်း ... ”

ဟု မဆုံးမီ မောင်ခင် သည် သန်းသန်း ၏ ပါးစပ် ကို လက်နှင့် ပိတ်ကာ

“ သန်းသန်း ရယ် ဒီလို နိမိတ် မကောင်းတဲ့ အမင်္ဂလာ စကားတွေကို မပြောစမ်းပါနဲ့ ၊ ဒီမှာ သန်းသန်း ရဲ့ သန်းသန်း တို့ အဖေအမေများ က ကိုကို့ ကို သားအရင်းပမာ ချစ်ခင်ကြတယ် ၊ ကိုကိုခင် ကို သိပ်ယုံကြည်ကြတယ် ၊ ဒီတော့ သန်းသန်း ကို ကိုကိုခင်  တိတ်တဆိတ် ခိုးသွားလို့ ရှိရင် ကိုကို ဟာ ဘာအသုံး ကျဦးမလဲ ၊ လူကြီးများ ကို သက်သက် အရှက် ပေးတာနဲ့ တူနေတော့ မပေါ့ ၊ ကိုကိုခင် နှင့် သန်းသန်း တို့ဟာ လူကောင်းသူမွန် သားသမီးများ ဖြစ်ကြတယ် ၊ ဒီတော့ ခိုးပြီး ထွက်ပြေးတယ် ဆိုတဲ့အလုပ် ဟာ လူကြားလူမြင်လည်း မကောင်းဘူး ၊ အကောင်းဆုံး အလုပ် မှာတော့ လူကြီးများကို အကြောင်းအကျိုးပြောပြီး တင့်တင့်တယ်တယ် မင်္ဂလာဆောင် ယူမှသာ ကောင်းတော့မပေါ့ သန်းသန်း ရဲ့ ”

သန်း ။  ။ တင့်တင့်တယ်တယ် မင်္ဂလာဆောင်မယ် ဆိုတော့ သိပ် ကောင်းတာပေါ့ ၊ သို့ပေမဲ့ ဟို ငငွေတင် နှင့် လူကြီးချင်း ပြောထားပြီး မှ ဖေဖေတို့ ကိုကိုခင် ကို သဘောကျ သော်လည်း သူတို့ သစ္စာကတိ ကို ဖျက်ပြီး ကိုကိုခင် နှင့်တော့ သဘောတူတော့မှာ မဟုတ်တော့ဘူးလို့ ထင်တယ် ။

ခင် ။  ။ ဒီမှာ သန်းသန်း ရဲ့ သူတို့ ကိစ္စဟာ မသေချာသေးဘူး ၊ ဟို မြို့အုပ်ကြီး ဘက် က လာ တောင်းတယ် ၊ သန်းသန်း တို့ မေမေ က စဉ်းစားဦးမယ် လို့ ပြောလိုက်တယ် ၊ ဒီတော့ ကိုကို တို့ မှာလည်း ပြောဖို့ အခွင့်ရှိသေးတယ် မဟုတ်လား သန်း ရဲ့ ။

သန်း ။  ။ အို ဒီလို ဆိုရင်တော့ ၊ သန်းတို့ အကြောင်းကို ပြောပြီး တောင်း ရင် မေမေတို့တော့ ငြင်းမယ် မထင်ဘူး ၊ ဒီအတိုင်း မှန်ရင် နက်ဖြန် မေမေ တို့ကို ပြောပါလား ၊ ကိုကိုခင်  ဒီမှာ နေရဖို့ ရက်နည်းနည်းလေး သာ ရှိတော့ တယ် မဟုတ်လား ၊ မမေ့နှင့်နော် ။

ဟု ပြုံးပြုံးကလေး နှင့် မခို့တရို့ လုပ်ကာ ပြောသောအခါ မောင်ခင် က

“ ဟုတ်တယ် ဟုတ်တယ် ၊ မမေ့ပါဘူး ၊ နက်ဖြန်ခါ ပြောပါ့မယ်ခင်ဗျာ ”

ဟု ပြုံးရယ်ကာ တင်းအိဖောင်းကြွ ပွေ့ပိုက်ချင်စဖွယ် ကောင်းလှ သော သန်းသန်း ၏ ခန္ဓာကိုယ်ကလေး ကို တအားကုန် ပွေ့ထားပြီး လျှင် ၊ အလျှံတထိန်ထိန် ထွက်လျက် ထွားထွားဖြူနက် ၊ မညစ်မကျိ မြူတိမ်မငြိသော လမင်းကြီး ၏ အောက်ရင်းမှာ ရွှင်မြူးစွာ နှင့် မျက်နှာချင်း ထပ်ယှက်ကာ ကပ်တုံ ၊ ခွာတုံ နှင့် အချစ်မေတ္တာ အာရုံ ကို နှစ်ယောက် သဘောတူ ခံယူဝေငှ လိုက်လေကြတော့သတည်း ။

ထိုကဲ့သို့ အချစ်ပွဲသဘင်ကြီး ခင်းကျင်းပြီးနောက် မောင်ခင် သည် သန်းသန်း ၏ ကိုယ်ကလေးကို ပွေ့ဖက်ကာ ပန်းခြံအတွင်း မှ ထွက်လာလေ ၏ ။ နတ်ဘုံဝတိံသာ သို့ ရုပ်ခန္ဓာ မပြောင်းဘဲ ရောက်သောသူ ပမာ ၊ မောင်ခင်  တို့မှာ စိတ်ပျော်ရွှင်စွာ နေရသည်မှာ မကြာသေး ၊ ယခုအခါ၌ နတ်ဘုံကြိုး ပြတ်ကျ၍ တစ်ခါတည်း ငရဲပြည် သို့ ကျရောက်၍ ဒုက္ခခံရသည့်ပမာ ၊ သန်းသန်း ၏ ကိုယ်ကလေး ကို ပွေ့ဖက်ကာ နှင့် အခက်အခဲဒုက္ခဘေးရန်နှင့် တွေ့ကြုံ၍ နေလေ၏ ။ အကြောင်းသော်ကား တံခါးဝ ၌ ဦးဘကြွယ် တို့ နှင့် ရင်ဆိုင်ကာ တွေ့ ရှိနေသောကြောင့် ဖြစ်ပေ၏ ။

လူကြီးများ သည် အံ့အားသင့်၍ နေကြလေ၏ ။ မောင်ခင် မှာ ရှက်ကိုး ရှက်ကန်း ဖြစ်၍ သန်းသန်း ၏ ကိုယ်ကလေး ကို လွှတ်ကာ ခေါင်း အောက် ငုံ့၍ နေလေ၏ ။ ထိုအခါ သန်းသန်း သည် သနားစဖွယ်ကောင်းသော မျက်နှာ ထား နှင့် ဒေါ်မြကြည် အား ဖက်ကာ ၎င်းတို့ ၏ အဖြစ်အပျက် အလုံးစုံကို ပြောပြီးလျှင် ၎င်းတို့ ၏ အချစ်ကို မခွဲရန် တောင်းပန်လေ၏ ။ ထိုအခါ ဒေါ်မြကြည် က

“ ဒီမှာ မောင်ခင် ၊ မင့်ကို ဒေါ်ဒေါ်တို့ သားအရင်း လို ချစ်ခင်တဲ့ အကြောင်းကို မင့် ကိုယ်တိုင် လည်း သိတယ် ၊ မင့် ကို လည်း တို့ ဘာမှ မကောင်း ပြောစရာ မရှိပါဘူး ၊ မင်းတို့ လူငယ်ချင်း မေတ္တာ ရှိနေကြတယ် ဆိုတာလည်း ဒေါ်ဒေါ်တို့ အခုမှ သိရတယ် ၊ ဟိုတစ်နေ့ က ပြောတဲ့ မောင်ငွေတင် ဆိုတဲ့ မြို့အုပ်ကလေး ရဲ့ မကောင်းတဲ့ အကြောင်းကို ဒေါ်ဒေါ်တို့ သိခဲ့ပြီးပြီ ၊ ဒီတော့ မင်း တို့ လူငယ်ချင်း ချစ်ခင် နေကြတာကို ဒေါ်ဒေါ်တို့ မခွဲလိုဘူး ၊ မင်းတို့ နှစ်ယောက် သဘောတူ ပြီးရင် ပြီးတာပဲ ”

ဆို၍ ထွက်သွားလေ၏ ။ ထိုအခါ မောင်ခင် တို့ သည် တို့ ကိစ္စတော့ နေရာကျပြီ ဟူသော မျက်နှာထား နှင့် တစ်ဦး ကို တစ်ဦး ကြည့်ကာ ပြုံး၍ ကျန်ရစ်ခဲ့လေ၏ ။

ထို့နောက် များမကြာမီ နှစ်ဦးနှစ်ဖက် လူကြီးများ သဘောတူချက် အရ ဖြင့် မောင်ခင် နှင့် သန်းသန်း တို့၏ မင်္ဂလာပွဲကြီး သည် အေးချမ်းသာယာစွာ ပြီးမြောက်ခြင်းသို့ရောက်ရှိကြလေ၏ ။

ထို့နောက် ရက်သတ္တပတ် မျှ ကြာသောအခါ မင်္ဂလာမောင်မယ် နှစ်ယောက် တို့သည် မီးရထား ဖြင့် ပြည်မြို့သို့ လိုက်ပါသွား ပြီးလျှင် ချမ်းငြိမ်း သာယာ ရွှင်မြူးစွာ နှင့် ပေါင်းသင်း၍ နေထိုင်ကြလေတော့ သတည်း ။

⎕ ‌မြိတ်သီတာ

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
.

No comments:

Post a Comment