ဂမ္ဘီရ
( မောင်ကိုကို - အမရပူရ )
၁ ။
ကိုယ် ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်ပါလျက် ကိုယ့် ဆုံးဖြတ် ချက်ကို ကံကြမ္မာ က အားဖြည့် ထုဆစ်ပေးမှာ ၊ တစ်စုံတစ်ယောက် က ကိုယ့် ဆုံးဖြတ် ချက်ကို ခိုင်မာ အားကောင်းအောင် အကူအညီ ပေးမှာ ကို ကျွန်တော် ကိုယ်တိုင်လည်း မျှော်လင့် နေတတ်ပါသလား ။
၂ ။
စက်မှု ( ၁ ) ပရဝဏ် ထဲက အဆောက်အအုံတွေ က ကောင်းသည် ။ ညမွှေး ပန်းပင်လေး က အပွင့်တွေ ဖွေးဖွေးလှုပ် ဝေစည်နေပါ၏ ။ ဒေသန္တရစက်မှုရုံး ၏ အပေါ်ထပ် အစွန်ဆုံး အခန်း တစ်ခန်း ထဲ မှာ ကျွန်တော် တစ်ယောက်တည်း ည ဂျူတီ စောင့်အိပ်ဖူးသည် ။
မှန်ပြတင်း ကို တွန်းဖွင့် လိုက်တော့ မလေးရှားပိတောက်ပင် ကို ကျွန်တော် ကျေနပ်စွာ တွေ့ရသည် ။ ကျွန်တော် ရုံး ဘယ်နှရက် တက်ရဦးမှာလဲ ။ ကျွန်တော် ညဂျူတီ ဘယ်နှည စောင့်ရဦးမှာလဲ ။ ကျွန်တော် မည်သည့် အကျိုးခံစားခွင့် မှ မယူဘဲ အလုပ် ထွက်ဖို့ အတွက် ညွှန်ကြားရေးမှူးချုပ် ထံ မှာ ထွက်စာ တင်ထားသည် ။
ဘယ်မှာမှ ဘာမြေကွက်မှ မယူခဲ့ဖူးပါဘဲ ၊ ဘာပင်စင်မှလဲ ယူမှာ မဟုတ်ပါဘဲ မိမိ သဘောဆန္ဒ အလျောက် အလုပ် ထွက်တာ ဖြစ် သော်လည်း ကျွန်တော် ထွက်ခွင့် မရသေး ။ အဖြေ မသိရသေးပါ ။ ကိုယ် က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သော်လည်း ဒါရိုက်တာလူကြီးတွေ ရဲ့ အစည်းအဝေးခန်းမ မှာ ဆုံးဖြတ်ချက် မချကြသေး ။
သို့နှင့်ပင် နံနက်တိုင်း အင်္ကျီရင်ဘတ် ဆီမှာ ဝန်ထမ်းကတ်ပြား ချိတ်ကာ အစောင့်အရှောက် ထူပြောသော စက်မှုဂိတ်ဝ တံခါး ကို ဖြတ်သန်း နေရပါ၏ ။
မည်သို့ပင်ဖြစ်စေ ရုံးထဲ မှာ ကျွန်တော့် မိတ်ဆွေများ နှင့် ပျော်ရွှင်စွာ စကား ပြောခွင့် ရနေသေးသည် ။ ဗေဒင်ပညာ ကျွမ်းကျင်သော ဌာနခွဲမှူး လူပျိုကြီး ဦးထွတ် ရှိသည် ။ စာဖတ် ဝါသနာ ပါသော မီမီထွေး ရှိသည် ။ မိမိအောင် ရှိသည် ။ နော်ရီလေး ရှိသည် ။ ဒေါ်ခင်အေးမြင့် ရှိသည် ။ စက်မှု ( ၁ ) စားသောက်ဆိုင် ထဲမှာ နေ့ခင်း ဆို ထမင်း စားလို့ရသည် ။ ဈေးနှုန်း ချိုသာသည် ။ ကြွေမြေက ကော်ဖီ နှင့် ပဲမုန့် က ကောင်းသည် ။ ကျွန်တော်တို့ တစ်တွေ အပေါ်ထပ် တက်ကာ ကော်ဖီ သောက်ကြသည် ။ မန္တလေးပဲကြော် ကြွပ်ကြွပ်ရွရွလေး ကို စားကြသည် ။ ပြီးတော့ ဦးထွတ် တံမှာ ဗေဒင် မေးကြသည် ။ လူတွေ ဟာ ပျင်းပျင်း ရှိလျှင် ၊ အားလပ် နေလျှင် ဗေဒင် မေးတတ် ပါသလား ။ ကျွန်တော် က ဗေဒင် အပေါ် မယုံ တစ်ဝက် ၊ ယုံ တစ်ဝက် ။
ကျွန်တော် ထွက်စာ တင်ထားသည် မှာ တစ်လ အနီးသို့ ချဉ်းကပ်လာပြီ ။ အခုထိ ထွက်ခွင့် မရသေး ။ ခွင့်ယူလို့ လည်း မရပါ ။ ထွက်ခွင့် မရဘဲနှင့် ကျွန်တော် ရုံးမတက်ဘဲ နေလိုက်လျှင် ကျွန်တော် ဝန်ထမ်းပြေး ဖြစ်သွားမည် ။
၃ ။
“ ကားမှတ်တိုင် နှစ်တိုင် စီးရမယ် ။ ဆင်းတာနဲ့ ကန်ထရိုက်တိုက်ခန်း တစ်ခု ကို တန်းပြီး တွေ့ရလိမ့်မယ် ။ အောက်ထပ် မှာ ဆန်ရောင်းတဲ့ ဆိုင် တွေ့မယ် ။ လှေကား အတိုင်း တက်သာသွားပါ ။ သုံးလွှာမြောက် ယာဘက် အခန်း ရဲ့ တံခါး ကို ခပ်ရဲရဲ ခေါက်လိုက်ပါ ။ အဲဒီ အကြားအမြင်ဆရာမ ရဲ့ အခန်း ကို ရောက်ပြီပဲ ”
“ အား ... အရမ်း အရမ်းကို မှန်တာပဲပေါ့နော် ။ မိန်းမ ရှိရင် မိန်းမ နဲ့ အတူတူ မသွားနဲ့ ။ မိန်းမ ကွယ်ရာမှာ ရှင် ဘယ်သူ နဲ့ ရှုပ်တာ ဆိုတာ အကုန် ပေါ်ပြီသာ မှတ်ပေတော့ ”
ဗေဒင်တွေ ၊ အကြားအမြင်တွေ ၊ နတ်ဆရာ ၊ ဓာတ်ဆရာတွေ ဆီ အကုန်
ရောက်ဖူးသော အမျိုးသမီး တစ်ဦး က အဲ့သလို ညွှန်းဆို လိုက်ပါသည် ။
ကျွန်တော် ရယ် ၊ ဦးထွတ် ရယ် ၊ အမျိုးသမီး အင်ဂျင်နီယာ တစ်ဦးရယ် ၊
လက်နှိပ်စက်ဆိုင်ရာ အုပ်ချုပ်ရေး အမျိုးသမီး တစ်ဦးရယ် ဘတ်စ်ကား နှင့် မှတ်တိုင် နှစ်တိုင် ကို ဖြတ်သန်းခဲ့ကြသည် ။ နောက်ပြီးတော့ ကန်ထရိုက်တိုက် လှေကားထစ်များ ကို နင်းတက် လာကြသည် ။
ကျွန်တော်တို့ တစ်တွေ တံခါး ကို ခေါက်လိုက်ပါပြီ ။ တံခါး ပွင့်လာသည် ။ ကော,င်မလေး တစ်ယောက် ထွက်လာသည် ။
“ ဆရာမ ရှိသလားဟေ့ ”
အင်ဂျင်နီယာ အမျိုးသမီး က ဒီအခန်း ၊ ဒီ ဆရာမ ထံ ရောက်ဖူးပြီးသား ဖြစ်၏ ။
“ ရှိတယ် အစ်မ ၊ ဝင်ပါ ”
ကျွန်တော်တို့ တိုက်ခန်း ထဲ သို့ ဝင်ခဲ့ကြသည် ။ ဘုရားစင် ရဲ့ အရှေ့ မှာ ကျွန်တော်တို့ ထိုင်ဖို့ ကော,င်မလေး က နေရာ ချထား ပေးသည် ။ ကျွန်တော် က ဘုရားစင် ပေါ်က ကြေးဘုရားရုပ်ပွားတော်များ ကို တစ်ချက် ဝေ့ကြည့် လိုက်သည် ။ နောက် တစ်ကြိမ် အသေအချာ ဖူးလိုက်သည် ။ ကြေးဘုရားရုပ်ပွားတော် အသစ်ကျပ်ချွတ် များ ဖြစ်သည် ။ ကြေးဝါရောင် မှာ ပြောင်လက် နေ၏ ။ ဘုရားခန်း မှာ အမွှေးတိုင် အနံ့များ သင်းပျံ့ နေသည် ။
နောက်ဖေး မီးဖိုခန်း မှ အမျိုးသမီးကြီး တစ်ယောက် ထွက်လာသည် ။
“ နေဦးနော် သမီး ၊ သမီး ဖြစ်တဲ့ ဆရာမ က ဘုရားရေတော်ခွက်တွေ ညောင်ရေအိုးတွေ ဆေးကြော နေတယ် ။ ဆရာမ က သူများ လုပ်တာ မကြိုက်ဘူး လေ ။ ကိုယ်တိုင် လုပ်ရမှာ ကျေနပ်တာ ”
အမျိုးသမီးကြီး က အဲ့လို ပြောပြီး ပြန် ဝင်သွားသည် ။
ဂျာနယ်တစ်စောင် အရွယ် ချပ်စက္ကူပြား ပေါ်မှာ စာ ရေးထားပြီး ဘုရားစင်
၏ အောက်ခြေ မှာ ချိတ်ဆွဲ ထားသည် ။ ချပ်စက္ကူပြား ပေါ် မှာ ရေးသားထားသည့် စာတန်း က တော့ ...
“ ဝိညာဉ် ပူးကပ်၍ ဟောသည် ။ တစ်ဦး လျှင် သုံးရာကျပ် ”
အဲ့လို ဖြစ်၏ ။
ကျွန်တော်တို့ ထိုင်လို့ နာရီဝက် လောက် အကြာမှာ အကြားအမြင် ဆရာမ က ထွက်လာသည် ။ အသက် နှစ်ဆယ့်ငါးနှစ် အရွယ် ၊ အသားညိုညို ၊ မျက်လုံး ပြူးပြူး ၊ မျက်ခုံးမွေး ပါးပါး ၊ မျက်နှာ ဝိုင်းဝိုင်း ၊ အရပ် က ပုပု ဖြစ်သည် ။
သူမ က ကျွန်တော်တို့ ရှေ့မှာ လာထိုင်သည် ။ ပန်းကနုတ်တွေ နှင့် ဖယောင်း ပုဆိုး က ကျွန်တော်တို့ ကို အေးမြစေ၏ ။
“ ကြေးညောင်ရေအိုး ရဲ့ နှုတ်ခမ်းအစွန်း နဲ့ ထိ သွားလိုက်တာ ။ သည်မှာ ကြည့်ပါဦး ။ ကျွန်မ လက်ညှိုးထိပ် မှာ ကွဲသွားတယ် ။ အဲဒါ ဘာဆေး လူးရသလဲ ”
သူမ က ပြောသည် ။
“ ဆေးပလတ်စတာ ကပ် လိုက်ပေါ့ ”
တစ်ယောက် က ပြောသည် ။
“ ဆေးပလတ်စတာ ဆိုတာ ဘယ်လိုဟာလဲ ”
“ ဆေးပါတဲ့ ပလက်စတာပေါ့ ဆရာမ ရဲ့ ”
“ အဲ့ဒါ ကျွန်မ မှာ မရှိဘူး ။ ပရုတ်ဆီ တော့ရှိတယ် ။ လူးလို့ ဖြစ်သလား ”
“ ဖြစ်တာပေါ့ ၊ ပရုတ်ဆီ လည်း ကောင်းတာပဲ ”
အမျိုးသမီး အင်ဂျင်နီယာ က အကြားအမြင်ဆရာမ ထံ ဝိညာဉ် ပူးကာ ဟောပြော စေချင်လှပြီ ။
သူမ က လက် မှာ ပရုတ်ဆီတွေ လူးနေ၏ ။
“ ကျွန်မ က ရန်ကုန်မြို့ မှာ နေချင်တာ မဟုတ်ဘူး ။ ကျွန်မ ရဲ့ နယ်မြို့ လေး မှာပဲ အေးအေးဆေးဆေး နေချင်တာလေ ။ ကျွန်မ ဟောနေကျ ရွှေရောင်းတဲ့ တရုတ်မကြီးတွေ က သူတို့ နဲ့ နီးအောင် ရန်ကုန် ကို ခေါ်လာလို့ သာ လိုက်လာရတာ ။ ဒီ တိုက်ခန်း ကလည်း အဲဒီ တရုတ်မကြီးတွေ ပဲ သူတို့ ပိုက်ဆံနဲ့ ငှားရမ်းပြီး ကျွန်မ တို့ ကို တင်ပေးထားတာလေ ။ ကျွန်မ တို့ အခန်း က ဧည့်သည်တွေ လာလွန်းတော့ လည်း ပိုင်ရှင် က သိပ် ကြည်ဖြူတာ မဟုတ်ဘူး ။ ကျွန်မ က လည်း ဒီလို ဟောတာ ပြောတာ ကို လုပ်ချင်တာ မဟုတ်ဘူး ။ ဘိုးတော်တွေ က အမိန့် ပေးလို့ သာ လုပ်နေရ တာ ။ အခုလို ပိုက်ဆံ သုံးရာ ယူရတာ ကလည်း တရုတ်မကြီးတွေက ဈေးဖြတ် ပေးရာကနေ သုံးရာ ဖြစ်သွားတာ ။ ကဲကဲ သုံးရာ အရင် တင် ။ ငွေစက္ကူတွေ ကို အမြီးပြန် ခေါင်းပြန် မစီ နဲ့ ။ အတည့် ညီညီ စီထပ်ပြီး ဟောဒီ ကြွေပန်းကန်ပြားလေး ထဲ မှာ ထည့်ပါ ။ ကျွန်မရဲ့ ဘိုးတော် က လေ ငွေစက္ကူ ကို အသစ်ကျပ်ချွတ် မှ ကြိုက် တာ သိလား ”
အင်ဂျင်နီယာ အမျိုးသမီး က ရှေ့ သို့ တိုးကပ်သွားသည် ။ အကြားအမြင် ဆရာမ နှင့် အင်ဂျင်နီယာ အမျိုးသမီး ဒူးချင်း ထိဆက် နေမိပြီ ။ အင်ဂျင်နီယာ အမျိုးသမီး က ပုဆစ်တုပ် ၍ ထိုင်ပြီး အကြားအမြင် ဆရာ မက တင်ပျဉ်ခွေ၍ ထိုင်ထား၏ ။
အင်ဂျင်နီယာ အမျိုးသမီး က သူမ ၏ ပိုက်ဆံအိတ် ထဲမှ ငွေစက္ကူအသစ်ကလေးတွေ ရှာဖွေနေချိန်မှာ အကြားအမြင် ဆရာမ က အနီးရှိ ကြွေဆေးလိပ်ခွက် ထဲမှ ဆေးပေါ့လိပ်တစ်လိပ် ကို ယူကာ မီးညှိ ဖွာရှိုက်နေ၏ ။ သူမ ထံ ဝင်ရောက်ပူးကပ်မည့် ဝိညာဉ်ရှင် မှာ ဆေးလိပ် ကြိုက်သည့် ဘိုးတော် ဖြစ်ပေလိမ့်မည် ။ အမွှေးတိုင် ရနံ့တွေက သင်းထုံ စွာဖြင့် ဘိုးတော် ကို ကြိုဆို နေပါသလား ။
ကျွန်တော်တို့မှာ တစ်စုံတစ်ရာ ကို စိတ်ဝင်စား ရင်ခုန်စွာ စောင့်မျှော် နေကြပါ၏ ။
၄ ။
အကြားအမြင်ဆရာမ ၏ မျက်နှာ မှာ ကမ္ဘာကြီး ပေါ်တွင် ချော်ရည်တွေ စီးဆင်းကွဲအက် လာသလိုပင် ရှုံ့တွလှုပ်ရှား လို့ လာသည် ။ သူမ ၏ မျက်နှာပြင် မှာ ကွန်ပျူတာ ပြုလုပ်ချက်များကြောင့် ဖောင်းကာပိန်ကာ ပုံသဏ္ဌာန်ထွေပြား ပြောင်းလဲ သွားတာမျိုး နှင့် လည်း တူသေးသည် ။ သူမ ၏ နှုတ်ခမ်း ကို စုချွန်လိုက်၏ ။ သူမ ၏ ပါးနှစ်ဖက် ကို စူဖောင်းစေ၏ ။ သူမ ၏ မျက်ခုံးနှ စ်ဖက်မှာ တစ်ဖက်နိမ့် တစ်ဖက် မြင့် ဖြစ်လာသည် ။ သူမ ၏ မျက်လုံးများ မှာ တစ်ဖက်ပြူး တစ်ဖက်ကျဉ်း ဖြစ်လာ သည် ။ သူမ ၏ နဖူးပြင် ပေါ်မှာ အရေးကြောင်း အတွန့်တွေ ထူထပ်များပြားစွာ ဖြတ်သန်း နေကြ၏ ။ သူမ ၏ မျက်နှာ တစ်ပြင်လုံး မှာ အညိုရင့်ရင့် အရောင်များ ဖြတ် သန်းသွားသည် ။ အနီရောင်များ ဖြတ်သန်း သွားသည် ။ ခရမ်းနက်ရောင်များ ဖြတ်သန်း သွားသည် ။ သူမ ၏ ပါးစပ် က ဟပြဲလာပါသည် ။ သူမ က ဝါးခနဲ ဝါးခနဲ သမ်း ဝေလိုက်ပါသည် ။
သူမ သည် ဆေးပေါ့လိပ် ကို ကောက်ကိုင်ကာ ပြင်းပြင်းထန်ထန် ဖွာရှိုက် လိုက်ပါ၏ ။
ဆေးပေါ့လိပ် ကို သူမ အနီး က ဆေးလိပ်ပြာခံခွက် ထဲ ပြန် ထည့်ကာ ထိုးခြေ ပစ်လိုက်ပြန်သည် ။ သူမ ကို ကျွန်တော်တို့ က ဆရာမ ဟု ခေါ်ရမလား ၊ ဘိုးတော် ဟု ခေါ်ရမလား ၊ အဘ ဟု ခေါ်ရမလား ။ သူမ ၏ ပစ္စက္ခ ရုပ်ပုံလွှာသည် သူမ မဟုတ်ပါဘဲ ဘိုးတော် ဖြစ်နေပြီလား ။
သူမ ၏ လက်ရုံးနှစ်ဖက် ကို လေ ထဲ မှာ ဆန့်တန်း ဝဲပျံစေခဲ့သည် ။ သူမ ၏ ကိုယ်ခန္ဓာ သည် ဘယ်ဘက် ညာဘက် ရှေ့ဘက် နောက်ဘက် ဝှေ့ယမ်း လှုပ်ရှားနေ ပါ၏ ။ အသံသေးသေးကြောင်ကြောင် ထွက်လာ၏ ။
“ ဟဲ့ ကော,င်မစုတ် တိုးစမ်း ၊ နင် တစ်ခါ လာဖူးတယ် မဟုတ်လား ။ ငါ ခိုင်းတာ အခုထိ မလုပ်သေးဘူး မဟုတ်လား ”
အင်ဂျင်နီယာ အမျိုးသမီး က ရှေ့ သို့ တိုးသည် ထက် တိုးကပ်သွား၏ ။
“ ဟုတ် ဟုတ်ကဲ့ အဘ အဘ လုပ်ခိုင်းတဲ့ ယတြာတွေ က များလွန်းတော့ သမီး မလုပ်တတ်လို့ပါ ”
“ အေး ၊ ဒါကြောင့်မို့ အခုလို ဖြစ်နေတာ ၊ ငါ့ ဆီ မှာ ပွဲထိုးလိုက် ။ နင့် ယောက်ျားလည်း ဟိုကော,င်မတွေ နဲ့ ညည တွဲ မကအောင် ငါ လုပ်ပေးမယ် ။ နှင် နိုင်ငံခြား သွားချင်တာ လည်း အမြန် သွားရအောင် ငါ လုပ်ပေးမယ် ။ ကော,င်မစုတ် ညအိပ်ခါနီး မှာ တောင် ဘုရားရှိခိုးဖို့ အတော် အပျင်း ထူတာပဲ ”
“ ဪ နောက်က ထိပ်ပြောင်ပြောင် နဲ့ ဟာ လူပျိုကြီး ပါလား ။ သူ က ဘုရား တရားတော့ လုပ်ပါရဲ့ ။ မိန်းမ က လည်း လိုချင်သေးဘာ ၊ ဟို နောက်က မိန်းမ က ယောက်ျား ေ သ သွားပြီ ။ နင့် ယောက်ျား မကျွတ်သေးဘူးဟဲ့ ။ နင် သိရဲ့လား ”
နောက်နား မှာ ကုပ်ကုပ်ကလေး ထိုင် နေကြသော လူပျိုကြီး ဦးထွတ် နှင့်
လက်နှိပ်စက်အမျိုးသမီး က လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည် ။
ဦးထွတ် က သူ့ သွားတွေ အကုန် ပေါ်အောင် ရယ်မောကာ ခေါင်းညိတ် သည် ။ လက်နှိပ်စက် အမျိုးသမီး က တော့ -
“ ဟုတ်တယ် အဘရယ် ... ကျွန်မ အမျိုးသား က နိုင်ငံခြားသင်္ဘော လိုက် ရင်း ဆုံးသွားရှာတာပါ ၊ ကျွန်မ မှာ အခု ပိုက်ဆံ သုံးရာ ပါမလာသေးလို့ နောက် နေ့ မှ အသေအချာ လာ မေးပါရစေဦး ။ ကျွန်မ လည်း လုပ်ငန်းကိုင်ငန်းလေး အဆင် ပြေချင်ပါတယ် အဘ ”
“ အေး ငါ လုပ်ပေးမယ် ၊ ငါ လုပ်ပေးမယ် ။ ဒီနေ့ အဖို့ ငါ က သုံးတောင်ဝတ် ကော,င်မစုတ်တွေ ကို သိပ် မဟောချင်ဘူး ”
အကြားအမြင် ဆရာမ က ဝါးခနဲ တစ်ချက် သမ်းဝေ လိုက်၏ ။
၅ ။
သို့နှင့် ကျွန်တော့် အလှည့် သို့ ရောက်လာ၏ ။ ကျွန်တော့် ငွေသုံးရာ ကို ကြွေပန်းကန်ပြား ထဲ စီပြီး ထည့်လိုက်သည် ။ သူမ က ဆေးပေါ့လိပ် အသစ်တစ် လိပ် ကို မီးညှိ ဖွာရှိုက်လိုက်ပါသည် ။ သူမ ၏ မျက်နှာ ပေါ်မှာ အရောင်တွေ ဖြတ်သန်း သွားသည် ။ သူမ ၏ မျက်နှာ မှာ ကွန်ပျူတာ ပြုလုပ်ချက် ကို ခံခဲ့ရသော တီဗွီ ဖန်သားပြင် ပေါ် မှ မျက်နှာ ဖြစ်သွားသည် ။
“ ဟဲ့ကော,င် ငမွဲ ရှေ့တိုးစမ်း ။ အရာရှိ အကြီးကြီး လည်း မဟုတ် ၊ စာရေးစာချီ ထက် လည်း မြင့်တဲ့ အလယ်အလတ်ကော,င် ။ ဟဲ့ ငမွဲ ၊ နင် အခု ကပ်ပါး ဖြစ်နေတယ် မဟုတ်လား ။ သူများ အိမ်မှာ ကပ်နေတယ် မဟုတ်လား ။ အိမ် က မိန်းမ နဲ့ လည်း အတူ လည်း မနေ ၊ ကွဲ တာ လည်း မဟုတ်ဘဲ ခွဲနေကြတယ် မဟုတ်လား ။ အတူတူ နေရင်လည်း တကျက်ကျက် ဖြစ်နေတယ် မဟုတ်လား ။ တွေ့တဲ့ နေရာ မှာ တွေ့တဲ့ မိန်းမ နဲ့ ပျော်ပါးချင်တဲ့ စိတ် က နင့် မှာ မကုန်ခန်းသေးဘူး မဟုတ်လား ”
ဘိုးတော် ပူးကပ်ခံရသော သူမ ၏ အသံ မှာ သေးသေးကြောင်ကြောင်လေး ဖြစ်ကာ ကလေးသံ နှင့် ဆင်တူ နေ၏ ။
“ မေးစရာ ရှိတာ မေးလိုက်လေ ၊ အဘလို့ ခေါ်မေးနော် ”
ကျွန်တော့် အနောက် က လှမ်း ပြောသည် ။
“ အဘ ၊ ကျွန်တော် အလုပ် ထွက်မလို့ ထွက်စာ တင်ထားတယ် အဘ ”
“ ဟဲ့ကော,င်ရ ၊ နင့် ကို လူကြီးတွေ က ချစ်တာဟ ၊ နင် အလုပ် ထွက်ခွင့် မရဘူးဟ ။ နားလည်ရဲ့လား ဟေ့ကော,င်ရ ၊ အစိုးရ အလုပ်ကို နင် ဆက်လုပ်ရမှာပါ ။ ပွဲထိုး လည်း အလုပ် ထွက်လို့ မရဘူးဟ ။ နင် မိန်းကလေးတွေ နဲ့ တွေ့ရဆုံရဦးမှာ ဟဲ့ သိရဲ့လား ”
သူမ က သမ်းဝေ လိုက်ပါသည် ။ သူမ ၏ သမ်းဝေမှုသည် ဘိုးတော် တစ်ဦး ၏ သမ်းဝေမှုပေလား ၊ သူမ ၏ ကိုယ်တိုင်လား ကျွန်တော် မသိပါ ။
သူမ က ပင်ကိုမျက်နှာ ပြန် ဖြစ်သွားသည် ။ သူမ သည် နွမ်းလျနေ၏ ။ ချွေးသီးချွေးပေါက်လေးတွေ က သူမ ၏ မျက်နှာဝိုင်းဝိုင်းလေး ပေါ်မှာ စီးဆင်း နေပါ၏ ။
“ မှန်ရဲ့လားဟင် ။ ဘာတွေ ဟောသလဲ ဆိုတာ ကျွန်မ ကတော့ မသိဘူး ။ ကျွန်မ ကို ပူးကပ်တဲ့ ဘိုးတော် က ပုဏ္ဏားပညာရှိ ပုရောဟိတ် က နေပြီး ဘဝပြောင်း လဲ လာခဲ့တာလေ ”
သူမ က ရေတစ်ခွက် သောက်ရင်း ကျွန်တော့် ကို ပြောပြနေ၏ ။
၆ ။
ထိုနေ့က ကျွန်တော်တို့ လေးယောက်သား အကြားအမြင် ဆရာမ ထံမှ အပြန် မှာ ကက ငှားပြီး ပြန်လာခဲ့ကြသည် ။ ကျွန်တော် နှင့် ဦးထွတ် က ဒေသန္တရစက်မှုရုံး အပေါ်ထပ် ဆီ သို့ ရောက်ခဲ့ကြသည် ။ ဟို အမျိုးသမီး နှစ်ယောက် က စက္ကူ ဓာတုဌာန သို့ သွားကြပြီ ။
ကျွန်တော့် စားပွဲသို့ ရောက်သောအခါ စားပွဲ ပေါ်မှာ အလုပ် ထွက်ခွင့် အမိန့်စာ က ကျွန်တော့် ကို ပြူးပြူးကြောင်ကြောင် ကြိုဆို နေ၏ ။
“ ဦးထွတ် ၊ ခင်ဗျား ကို ဆရာမ ဟောတာ က အရေးကြီးဆုံး အချက်မှာ မှ လာ မှားနေတယ် ။ သူ က အလုပ် ထွက်ခွင့် မရဘူးလို့ ဟောခဲ့တယ် ။ ကျွန်တော် က အခု အလုပ် ထွက်ခွင့် အမိန့်စာ ရပြီလေ ”
“ ဟုတ်တယ် ၊ အဲ့ဒီ ဆရာမ ကို ကျွန်မ တို့ မေးမလို့ ဥစ္စာ အခုတိုင်း ဆို
မမေးတော့ဘူး ”
ကျွန်တော့် နံဘေး စားပွဲ မှ မီမီထွေး က လှမ်းပြောသည် ။
“ မောင်ရင့် ကိစ္စ က ရုံးကိစ္စ ၊ အစိုးရနဲ့ ပက်သက်တဲ့ ကိစ္စ ၊ အဲလို ကိစ္စဆိုရင် သူတို့တွေ က အနာဂတ် ကို အမှန်အတိုင်း မဟောနိုင်ဘူးကွ ၊ သိရဲ့လား ။ မောင်ရင် မိန်းကလေးတွေ နဲ့ ပတ်သက်ရလိမ့်ဦးမယ် ဆိုတာ က တော့ မှန်မှာ သေချာပါတယ် ။ မြေကြီးလက်ခတ် မလွဲပါဘဲ ”
ဦးထွတ် က မှတ်ချက် ပေးသည် ။ ဟောခ ပေးခဲ့ရသော ကျွန်တော့် အိတ်ထောင် ထဲ မှ ငွေသုံးရာ ကို ကျွန်တော် နှမြောလိမ့်မည် မဟုတ်ပါ ။ မျက်နှာအသစ် တစ်ခု ၊ စရိုက်အသစ် တစ်မျိုး ကို ဒီဇိုင်း ဆန်းစွာ အရောင် ဆန်းစွာ ကျွန်တော် တွေ့ ကြုံ ဖြတ်သန်းလိုက်ရသည်ပဲလေ ။
အမှားသစ်တွေ ရော အမှန်သစ်တွေ ရော ကျွန်တော် က ဖြင့် ရင်ဆိုင်ဖို့ ဝန်မလေးခဲ့ပါ ။
မောင်ကိုကို ၊ အမရပူရ ၊
ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း
အမှတ် ၉၇
ဧပြီလ ၊ ၁၉၉၇ ခုနှစ်
.
No comments:
Post a Comment