Monday, December 9, 2024

နွယ်ချို ( ၁၁ )


 ထူးနိုင် ကိုယ့် ကို ကိုယ် အလှဆုံး ဖြစ်အောင် သ,နေသည် ။ ရင် ထဲ မှာ လဲ တထိတ်ထိတ် ။ အခြေအနေ က ဘာဖြစ်နိုင်မယ်မှန်း မသိနိုင်သေး ။ တစ်ချက် မှားသွားသည် နှင့် အခြေအနေ က ချက်ချင်း ပြောင်းလဲ သွားနိုင်သည် ။ တစ်ချိန်တည်း တစ်ပြိုင်တည်း ကို ဘယ်လို သွားရမှန်း မသိ ။ နောက်မှ အကြံ ရပြီး


“ ဟုတ်ပြီ ၊ ကားတစ်စီး ကို အပြတ် ငှားထားမယ် ၊ ပြီးရင် ဟိုဖက် ဒီဖက် ကူးမယ် ”


ဟု စိတ်ပိုင်းဖြတ်ပြီး


“ အဲ နေဦး ၊ ဟိုဖက်ဒီဖက် ဘယ်လို ကူးမလဲ ”


ထပ် စဉ်းစားမိပြန်သည် ။ နောက်မှ သတိရကာ လက်ဖျောက် တစ်ချက် တီးကာ


“ ဟုတ်ပြီ ၊ မိုးမောင် ကို ဖုန်းဆက် ခိုင်းရမယ် ”


တွေးမိကာ မိုးမောင် ထံ ဖုန်း ဆက်လိုက်သည် ။


“ ဟဲလို မိုးမောင် လား ၊ အေး ငါပါ ထူးနိုင် ပါ ၊ မင်း ငါ့ကို ဆယ့်တစ်နာရီခွဲ ကျော်ကျော်လောက် ဖုန်းဆက်လို့ ရမလား ၊ ကိစ္စ က မင်း သိတဲ့ အတိုင်း ပေါ့ကွာ ၊ မိန်းကလေး နှစ်ယောက်ကြား ဗျာများ ရမှာ ပေါ့ ၊ ဆက် ဖြစ် အောင် ဆက်နော် ၊ မင်း ညီလေး ခြေထောက် ကျိုးလို့ ဘာညာပေါ့ ၊ ဒါပဲနော် ”


အားလုံး အကွက်ကျအောင် စီမံပြီး ထူးနိုင် ပျော် သွားသည် ။ ထို့ကြောင့် အချိန် မနှောင်းစေရန် အပြင် ထွက်၍ ကား ငှားလိုက်သည် ။ အခန့်သင့်ပင် ကားတစ်စီး လာရပ်သည် ။


“ ဘယ် သွားမလို့ လဲ ညီလေး ”

 

ကားဆရာ က အသက် ခပ်ကြီးကြီး တစ်ယောက် ။


“ ဒီ ရပ်ကွက် အစွန်ဖက် ကို သွားမယ် ၊ ပြီးရင် စောင့်ရမယ် ၊ အဲဒီက မှ ဟိုဖက် ရပ်ကွက် ကို သွားမှာ ”


လူကြီး က မျက်မှောင် ကြုတ်သွားသည် ။ ပြီးမှ


“ တစ်နာရီ တစ်သောင်း ပဲ ပေး ”


ထူးနိုင် စဉ်းစား မနေဘဲ


“ ရတယ် ၊ ပေးမယ်ဗျာ ”


ဆိုကာ ကားပေါ် တက် လိုက်သည် ။ ကားလေး က အလိုက်သင့် မောင်း ထွက်လိုက်သည် ။


“ သီချင်းတွေ ကြိုက်လား ညီလေး ”


ကားဆရာ အမေး ကို ထူးနိုင် လဲ ဘာရယ် မဟုတ် ။


“ ဟုတ်ကဲ့ ကြိုက်ပါတယ် ”


“ ဘာ သီချင်း ကြိုက်လဲ ညီလေး ၊ ဘိုသီချင်းလား ၊ မြန်မာသံလား ”


ထူးနိုင် ခေါင်းကုတ်ပြီး


“ လေးဖြူ သီချင်း လုပ်ဗျာ ”  

“ အိုကေ ညီလေး ”


ဆိုကာ


“ ပင်လယ်ပြင် ကို ဖြတ်ကျော်ချင်တယ် နှလုံးသားများ လဲ လေးလံနေဆဲ အချစ် ”


“ ဟင် ”


ပြဲကွဲ ထွက်လာသော အသံကြီး ကြောင့် ထူးနိုင် လန့်သွားသည် ။


“ ဟင် ဒါ ဒါက ”


ကားဆရာ က ပြုံးပြီး


“ ကက်ဆက် တော့ မရှိဘူး ညီလေး ၊ ဒါပေမယ့် သီချင်း အကုန် ရတယ် ၊ အစ်ကို ဆိုပြမယ် ”


“  ဟင် ”


ထူးနိုင် အံ့အားသင့် သွားသည် ။


“ ဘဝ တစ်ခု ဆက် ရှင်နေထိုင် မြစ်တစ်ခုလို ငါ့ရဲ့ အချိန်တွေ စီးတယ် ၊ အသံထပ်ကျယ်ပေးရမလား ညီလေး ”


“ ရ ရပါပြီဗျာ ”


“ အားမနာနဲ့ ညီလေး ၊ တစ်နာရီ တစ်သောင်းတောင် ပေးထားတာပဲ ”  


“ စီးဆင်းနိုင်မလား လွတ်လပ်ခြင်းများ လမ်းလျှောက် ”


ပြဲကွဲ နေသော အသံကြီး ကြောင့် ထူးနိုင် သည်း မခံနိုင်တော့ ။ ထို့ကြောင့်


“ မြန်မာ မြန်မာသံလေး ပဲ လုပ်ပါတော့ဗျာ ”


“ ရတယ်လေ ညီလေး ၊ ဟင်္သာတထွန်းရင် ၊ တွံတေးသိန်းတန် ၊ ကိုမြကြီး ၊ ဗညားဟန် ၊ ဘာ နားထောင်မလဲ ၊ အကုန် ရတယ်နော် ”

 

“ တွံတေးသိန်းတန် သာ လုပ်ပါဗျာ ”


“ ကျေးစေခိုင်းရမှာ ဖြင့် ရိုးတယ်ထင်ပါသည် ၊ ပေဖူးလွှာ ပေဖူးလွှာ အမှာ ပါးရမှာ ဖြင့် ”


သီချင်းတွေ တကယ် ကို ရနေခြင်းဖြစ်သည် ။


ဤသို့ဖြင့် သီချင်း ( ၃ ) ပုဒ် မဆုံးခင် မြရီနွယ် တို့ အိမ်သို့ ရောက်ပါသည် ။ နာရီ ကြည့်တော့ ဆယ့်တစ်ခွဲရန် အနည်းငယ် အလို ကားပေါ် မှ ဆင်းသည် ။


“ ညီလေး သီချင်း ဆက်လုပ်ထားရမလား ”


ထူးနိုင် လဲ ခေါင်းညိတ် ပြီး


“ ဆက်လုပ်ထား ရတယ် ၊ ရတယ် ”  


“ တွံတေးသိန်းတန် ပဲ လား ညီလေး ”


“ ရတယ် ၊ ရတယ် ၊ ဆက်လုပ် ”


“ အဲ မြန်မာဆို ငါးပိကို မမေ့ပါနဲ့ ”


ထူးနိုင် အရသာ ခံ၍ နားမထောင်နိုင်တော့ ။ မြရီနွယ် တို့ အိမ်လေး ထဲ လှမ်း ဝင်လိုက်သည် ။


“ ပျင်းသေးတယ် ၊ ပျင်းသေးတယ် ၊ ပျင်းတောင်ပျင်းသေးတယ်ဟေ့ ၊ မိန်းမမျက်ရည် မာယာလောက်တော့ ပျင်းသေးတယ် ၊ ပျင်းသေးတယ် ၊ ပျ င်းတောင်ပျင်းသေးတယ်ဟေ့ ”


•••••   •••••   •••••


“ မျှော်နေတာ ”


မြရီနွယ် က ဆီးကြို၏ ။


“ မင်းတို့ မျက်ရည် မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေး တယ် ၊ ပျင်းတောင် ပျင်းသေးတယ်ဟေ့ ”


ကားဆရာ ၏ အသံကျယ်ကျယ် ကြား တော့ မြရီနွယ် မျက်မှောင်ကြုတ် သွားသည် ။


“ ကားဆရာ ဘာလို့ သီချင်း ဆိုနေတာလဲ ”


“ ပျော်လို့ ၊ အဲ ဟုတ်ပါဘူး ၊ တန်အောင်လို့ တဲ့ ”

 

မြရီနွယ် အံ့အားသင့် သွားသည် ။


“ ဟင် ကား ကို တစ်ခါတည်း ငှားထားတာလား ၊ ဘယ် သွားစရာရှိ သေးလို့ လဲ ”


ထူးနိုင် ရှိုးတိုးရှန့်တန့် ဖြစ်သွားသည် ။ နောက် ကယောင်ကတမ်းဖြင့် 


“ ဟုတ်ကဲ့ ၊ သူငယ်ချင်း ရဲ့ ညီ တစ်ယောက် က အက်ဆီးဒင့် ဖြစ်မှာ လေ ၊ အဲဒါ ကြိုသိလို့ ”


“ အက်ဆီးဒင့် ဖြစ်မှာ ကြိုသိလို့ ”


မြရီနွယ်  မျက်လုံး ပြူး သွားသည် ။ ထိုတော့မှ ထူးနိုင် လဲ စကား မှားမှန်း သိပြီး


“ ဟဲဟဲ ဘာမှ မဟုတ်ပါဘူး ၊ ပျော်လို့ ပြောတာ ၊ လာ အထဲ ဝင်ရအောင် ”


ဆိုကာ ရှက်ကိုးရှက်ကန်း နှင့် သူ့အိမ် သူ့ယာ လို သူ က ဦးဆောင်၍ အိမ် ထဲ ဝင်လိုက်သည် ။


“ ပျင်းတောင် ပျင်းသေးတယ် ဟေ့ ပျင်းတောင် ပျင်းသေးတယ် ”


ကားဆရာ အသံ က ကြားနေရတုန်း ။


“ လာ ကိုထူး လာ ”


မြရီနွယ် က ဦးဆောင်၍ ထမင်းစားခန်း ခေါ်သွားသည် ။ 


“ မေမေ ဒါ သမီး ပြောတဲ့ ကိုထူး လေ ၊ ထူးနိုင် တဲ့ ”  


မိတ်ဆက် ပေးသော မြရီနွယ် အမေ က ပြုံးရွှင်စွာ ဖြင့်


“ အေး သားလေး အကြောင်း သမီး က အမြဲ ပြောတယ် ၊ လူချင်း က အ ခုမှ မြင်ဖူးတာ ၊ သမီးလေး အတွက် လဲ ကျေးဇူး တင်ပါတယ်ကွယ် ” 


အတော်ကလေး ကို ဖော်ဖော်ရွေရွေပင် ။


“ ဘာတွေ ရှောင်လဲတော့ မသိဘူး ၊ အားလုံး စုံ အောင်တော့ ချက်ထားတာပဲ ”


တကယ့်ကို ဖွယ်ဖွယ်ရာရာ ပင် ။ ထမင်းစားပွဲ ကို ကြည့်၍ ထူးနိုင် အဝ တုတ်ချင်စိတ်များ တဖွားဖွား နှင့် ပေါ်လာသည် ။ အိမ် မှာ တည်းမယ့်သူ မရှိ ကတည်းက ထမင်းဆို င်မှာ ပင် ဖြစ်သလို မဖြစ်ညစ်ကျယ် စားနေရသည် ကိုး ။


“ ထည့်စားနော် သား ၊ အားမနာနဲ့ ”


ဟိုက ရိုးရိုးသားသား သား ဟု ခေါ်သည် ကိုပင် ထူးနိုင် မှာ ရှိန်းတိန်း ဖိန်းတိန်းနှင့် ။


“ သမီးလေး ကို စောင့်ရှောက်တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် သားရယ် ၊ ဟဲ့ သမီး ဟင်းတွေ ထည့်ပေးလေ ” 


“ ဟုတ်ကဲ့ မေမေ ”


မြရီနွယ် က ဟင်းတွေ ခပ် ထည့်ပေးသည် ။ ထူးနိုင် လဲ အားမနာဘဲ ပါးဖြဲနားဖြဲ စားမည် အပြင်


“ တီတီတီ တီတီတီ ”


ဖုန်းမြည်သံ ။ ဖွင့် ကြည့် လိုက်တော့ မိုးမောင် ၏ ဖုန်း ။ ထူးနိုင် စိတ်ညစ်သွားသည် ။ ဆယ့်တစ်နာရီခွဲ ကျော် မှ ဖုန်းခေါ်ခိုင်းသည် ကို ဘာမှ ပင် မစားရသေးခင် ကြို ခေါ်၍ ဖြစ်သည် ။


ဖုန်း ကို ကိုင်ရနိုး ၊ မကိုင်ရနိုး ဖြစ်နေမိ၏ ။ မြရီနွယ် က သူ့ ကို ပြုံးကြည့်ပြီး


“ အရေးကြီးတဲ့ ဖုန်းလား ၊ ကိုင် လိုက်လေ ”


ထူးနိုင် ခေါင်းညိတ်ပြီး ဖုန်း ကို ကိုင်လိုက်ရသည် ။


“ ဟဲလို ”


တစ်ဖက် မှ ကြားရသော အသံ က


“ ဟေ့ကောင် သေချင်းဆိုး ၊ ယောက်ဖလေး ”


မိုးမောင် ၏ ခေါ်သံကြောင့် ထူးနိုင် မျက်နှာ ပျက် သွားရသည် ။ သို့သော် ဟန် မပျက်ဖြင့်


“ ဟုတ်ပါတယ် ၊ ထူးနိုင် ပါ ”


“ အေး ဟေ့ကောင် အခြေအနေ ကောင်းလား ၊ သူများ ကျွေးတာ စားပို့နင့် အောင် မစားနဲ့ နော် ”


ထူးနိုင် လဲ မသိချင်ယောင် ဆောင်ပြီး


“ ဪ မိုးမောင် လား ၊ ပြော ဘာကိစ္စလဲ ”


တစ်ဖက်မှ လဲ မလျှော့ ။


“ အေး မင့် နှမယောက်ျား လေ ၊ မင်း ကို ချေးကားလက်ဆောင် ဝယ်

ပေးခဲ့တဲ့ သူပေါ့ ” 


ထူးနိုင် လဲ ခပ်တည်တည် ဖြင့်


“ ဘာ မင်း ညီမ ဟိုကောင် နောက် လိုက်လို့ ”


တစ်ဖက် မှ ကြောင်ပြီး အသံတိတ် သွားသည် ။ နောက်မှ သတိရကာ 


“ အေး မင်း ညီမဝမ်းကွဲလေး ငါ့ အိမ် ရောက်နေလို့ အဲဒါ သတိပေးတာ ”


“ ဘယ်အချိန် က လဲ ”


“ မနက် ကတည်း က ဆိုပါတော့ကွာ ”


“ ဟာ ဒါဆို လိုက်ရင် မီနိုင်သေးတာပေါ့ ”


“ မမီတော့ဘူး ဟေ့ကောင် ၊ ကိစ္စက ပြီးသွားပြီ ”


“ အေး အေး ဒါဆို ငါ လာခဲ့မယ် ”


ဆိုကာ အရေးကြီး ဟန်ဖြင့် ကမန်းကတန်း ဖုန်း ချလိုက်သည် ။ 


နောက် မြရီနွယ် ဖက် လှည့်၍


“ သူငယ်ချင်း မိုးမောင် လေ သိတယ် မဟုတ်လား ၊ ပလာဇာ မှာ တွေ့တာ ”


“ အင်း ဘာဖြစ်လို့ လဲ ”


“ သူ့ ညီမ က လင်နောက် လိုက်လို့ တဲ့ ၊ ကောင်မလေး က ( ၆ ) တန်း ပဲ ရှိ

သေးတာ ”


“ ဟင် ( ၆ ) တန်း ကလေးက လင်နောက် လိုက်လို့ ”

 

“ ဟုတ်တယ် ၊ အဲ ( ၁၆ ) နှစ် ပဲ ရှိသေးတယ်လို့ ပြောတာ ” 


“ ( ၁၆ ) နှစ် ”


“ အဲ ( ၂၆ ) နှစ် လို့ ပြောတာ ၊ သူ လိုက်ပြေးတဲ့ ကောင်လေး က သံဝယ်တယ် ၊ ကြေးဝယ်တယ် လုပ်တဲ့ ကောင်လေး ”

 

မြရီနွယ် မှာ တကယ်ပဲ အံ့သြ နေတာလား ၊ တမင် အံ့ဩ ပေးတာလား မသိ ။ အံ့ဩ ပေးရှာသည် ။


“ အဲ အဲဒါ အမြန် လိုက် ရှာမလို့ တဲ့  ၊ အကူအညီ တောင်းလို့ ”


“ ဟင် ထမင်းစားလျက်ကြီး ”


“ ဟုတ်တယ် ၊ ဒါပေမယ့် အမြန် လိုက်ရမှာ လေ ၊ နောက်ကျ သွားရင် ပိုးစိုးပက်စက်တွေ ဖြစ်ကုန်မှာ ”


“ အင်း ဒါလဲ ဟုတ်သား ”


“ ကဲ အဲဒါကြောင့် ခွင့်ပြုဦး ၊ နောက်တစ်ခါ မှ ပဲ အားရပါးရ စားတော့ မယ်နော် ”


“ ဪ ဟုတ် ဟုတ် ”


“ ကဲ ဒါဖြင့် သွားပြီ သွားပြီနော် ”


ဆိုကာ အရေးကြီးဟန် နှင့် ပြေးထွက်ခဲ့သည် ။ ဒါကို မြရီနွယ် မိခင် ကပါ


“ ဟဲ့ ဟဲ့ ဒီကလေး ထမင်း စားမယ် ဆိုပြီး ”


“ နောက်မှ စားတော့မယ် အန်တီ ရေ ၊ သွားဦးမယ် ”


ဆိုကာ ကားဆီ ပြေး သွားလိုက်သည် ။


“ သတိရ နေတယ် သူငယ်ချင်း ရေ ၊ တို့ များ ငယ်ငယ်တုန်း က ရွာအဝင် လမ်းဆီကနေ လက်ချင်း ယှက်ကာ တောင်းကာ ရမ်းကာ အဲ လက်ချင်း ယှက်ကာ ပြေးကာလွှားကာ ”


“ ကားဆရာ သွားမယ် ”

 

ကားဆရာက မော့ ကြည့်သည် ။


“ မြန်လှချေလား ၊ တွံတေးသိန်းတန် တစ်ခွေ တောင် မကုန်သေးဘူး ”  


“ နောက်မှ ဆက် ဆိုဗျာ ၊ ဟိုဖက် သွားစရာ ရှိသေးတယ် ”


ဆိုကာ အတင်း ကား ကို မောင်း ခိုင်းလိုက်သည် ။ ဒါကို ကားဆရာ က 


“ ဘာသီချင်း နားထောင်ဦးမလဲ ”


“ ဆိုချင်ရာ ဆိုဗျာ ”


“ ဟွန်းသတထန်းရည် ၊ အဲလေ ဟင်္သာတထွန်းရင် နားထောင်မလား ”


“ ကြိုက်တာသာ လုပ်ဗျာ ”


“ အမေ မွေးမေ ကျေးဇူး ဆပ်ဖူးချင်တယ်လေ ၊ အမေ တစ်မြေဆီခြား လို့ ဝေးကွာခဲ့ပြီ ၊ သားချစ်တဲ့ မွေးမေမေ ၊ သားသားချစ်တဲ့ မွေးမေမေ ”


ကားလေး နှင့် အတူ ဟင်္သာတထွန်းရင် သီချင်းသံများ ပျံ့လွင့် နေသည် ။ ကြာတော့ ထူးနိုင် သည်း မခံနိုင်တော့ ။


“ ကားဆရာ ၊ အဲဒီ အသံ ပိတ်လို့ မရဘူးလား ”


ကားဆရာ က လှည့် ကြည့်ပြီး


“ ညီလေး မတန်ဘူး ဖြစ်သွားမှာ ပေါ့ ၊ တန်အောင် အစ်ကို အာ အညောင်းခံပြီး ဆိုပြနေတာ ”


“ ဒါဆို Lဆိုင်းဇီ ဆိုဗျာ ”


“ မိုးရေထဲမှာ အချစ်ရေ ခဏလေး တွေ့လိုက်မိတိုင်း ”

 

ထူးနိုင် ကိုယ့် နဖူး ကိုယ် ရိုက် လိုက်မိသည် ။ သူ ကတော့ မိန်းကလေး သီချင်း ဆိုလျှင် ဒီ လူကြီး မရလောက်ဘူး ထင်နေတာ ၊ သူ့ အထင် နှင့် အမြင် တက်တက်စင်အောင် လွဲသွားသည် ။ မိန်းကလေး သီချင်း ကို ပို၍ ပင် ပိုင်နေသေး၏ ။


“ တမ်းတမိတဲ့ ဟိုးအရင် မိုးရေ ”


“ ချမ်းချမ်း လုပ်ဗျာ ”


“ တကယ်ပဲလဲ နင်မချစ်ဘဲနဲ့ လာပြီးတော့ ညာချွဲမနေနဲ့ ၊ ဟိုးတုန်းက လို အချစ်မျိုးလဲ ၊ ပုံပြင်တွေလို ဟောင်းသွားခဲ့ပြီ ၊ တကယ်ပဲလဲ နင်မချစ် ဘဲနဲ့ ”


ကား ထဲ မှ သီချင်းသံ လွင့်ပျံ့နေဆဲ ။ ထူးနိုင် ကိုယ့် နဖူး ကိုယ် သာ ပြန် ထု နေမိသည် ။


▢ အကြည်တော်


📖 နွယ်ချို


.

No comments:

Post a Comment