Wednesday, December 25, 2024

အပ်ချလောင်း


 အပ်ချလောင်း 

( ညီပုလေး )


လူ့ဘောင်ကိုဘိုတောက် လေးဆောင် က လှမ်းပို့ လိုက်တဲ့ သတင်း အချက်အလက် က မပြည့်စုံနဲ့ ။ သူတို့ အဆောင် မှာ ကိုငြိမ်းချမ်း ကို သိပ် တွေ့ချင်နေတဲ့ သူ တစ်ယောက် ရှိတယ် လာ တွေ့လိမ့်မယ် ။ တွေ့ဖြစ်အောင် တွေ့ လိုက်ပါတဲ့ ။ ကိုဘိုတောက် ရဲ့ စကားကြုံ ပါးလာတဲ့ အချက်တွေ ကို အပြန်ပြန် အလှန်လှန် စဉ်းစားနေမိ ၊ ဆင်ခြင် နေမိတယ် ။


ညီပုလေး ကို တွေ့ချင်တာ လို့ မမှာလိုက်ဘဲ ၊ ကိုငြိမ်းချမ်း ကို တွေ့ချင်တာတဲ့ ။ ဘယ်မြို့လဲ မန္တလေး က လား ။ ဒါမှမဟုတ် မန္တလေး အနီးအနား ၊ အမရပူရ ၊ ပုသိမ်ကြီး ၊ စစ်ကိုင်း ၊ တံတားဦး ၊ စဉ့်ကိုင် ၊ ကျောက်ဆည် ကလား ၊ နိုင်ငံရေးအကျဉ်းသားလား ။ စစ်ပြေးလား ၊ ရဲပြေးလား ၊ ခိုးဆိုးနှိုက်ထဲကလား ။ တက္ကသိုလ် မှာ ဆုံခဲ့ဖူးသူလား ။ ဒီ လူ က ဘယ်သူလဲ ။ ကျွန်တော့် ထက် အသက်ကြီးသူ လား ။ ရွယ်တူတန်းတူ လား ၊ ငယ်ရွယ်တဲ့သူ လည်း ဖြစ်နိုင် တယ် ။ ဒါမှမဟုတ် ဆယ်တန်း မှာ ကျူရှင် တက်ရင်း ခင်မင်တဲ့ သူလား ။ ဘောလုံး ကန်ဖော်ကန်ဖက် လား ။ 


ကိုဘိုတောက် ရဲ့ စကားလုံးတွေ ကို အသက်ရှူသံ နဲ့ အတူ စဉ်းစားနေမိတယ် ။ ဘယ်သူတုံး ။ ဘယ်သူများပါလိမ့် ။ ဘယ်ကလဲ ။


ခက်တာက ဒီလ ကျွန်တော်တို့ အဆောင်မှာ တာဝန် ကျတဲ့ အဆောင်မှူးဝန်ထမ်း က နားကြပ် တစ်လက် ။ နားကြပ် ဆိုတာ ထောင် ထဲ ကို ယာမတို့ ၊ ဘိန်းဖြူတို့ ၊ ဆေးခြောက်တို့ လို စိတ်ကို ပြောင်းလဲရူးသွပ်စေတဲ့ ဆေးဝါး တွေ သုံးစွဲဖောက်ကားမှု နဲ့ ရောက်လာကြတဲ့ ဘစ ဘိန်းစားလေးတွေ ရဲ့ ဝေါဟာရ ။ ဒီ အဆောင်မှူး ( အမာနူး ) ရောဂါ သိပ်ရှာတာ ။ ဒါကြောင့် နားကြပ် လို့ ခေါ်တာ ။ ပြဿနာ သိပ်လုပ်တဲ့ အမာနူး ။ အပြစ် မရှိ အပြစ် ရှာတတ် ၊ ရစ်တတ် ၊ ဂျစ်တတ်တဲ့ အဆောင်မှူး ။ သူတို့ သတ်မှတ်ချက် ကလည်း မမှားဘူး ။ အဆောင်မှူး မည်းတူ ( နာမည်ပြောင် ) ကလည်း ဂျပန်ဝက်အူ ၊ တကယ် အရစ်ရှည်တဲ့ ငနဲ ။ 


သရက် တစ်ထောင်လုံး က နားကြပ် ဆိုရင် မည်းတူ ကို ပြောမှန်း သိလောက်တဲ့သူ ။ ရစ်ဖန် ၊ ညစ်ဖန် များ လာ တော့ ရာဇဝင် လူဆိုးကြီးတွေ က ဒီလို အမာနူးမျိုး ရဲဘက် စခန်း မှာ တွေ့ချင်စမ်းတယ်လို့ ကွယ်ရာမှာ သူ မကြား အောင် ပုဆိုးခြုံ ထဲ က လက်သီး ပြကြတယ် ။ 


ကျွန်တော့် ကို တွေ့ ချင်တယ် ဆိုတဲ့ လူ ဟာ ဘယ်သူလဲ ။ တကယ်တော့ ထောင် ထဲ မှာ ကိုငြိမ်းချမ်း ဆိုတာလည်း ဘာမှ မဟုတ်သလို ၊ ညီပုလေး ဆိုတာလည်း ဘာမှ မဟုတ်ဘူး ။ ထောင်အာဏာပိုင်တွေ က လူ တစ်ယောက် ရဲ့ ဂုဏ်တွေ ၊ သိက္ခာတွေ ၊ ဘွဲ့ တွေ ကို အကုန်လုံး တိုက်ချွတ်ပစ်တဲ့ အရပ် ။ ဒီလို တိုက်ချွတ် ပစ်ပေမဲ့လည်း ကိုငြိမ်းချမ်း ၊ ဒါမှမဟုတ် ညီပုလေး ဆိုတာ ပျောက်ပျက် မသွားဘူး ။ လူ့ဘောင် က ကိုဘိုတောက် လည်း ပျောက်ပျက် မသွား သလို ရှစ်ဆယ့်ရှစ် က ထွန်းမြင့်အောင် လည်း ပျောက် မသွားဘူး ။ အခြေခံကျောင်းသားသမဂ္ဂ နေလင်း လည်း ပျောက် မသွားဘူး ။ မဂ္ဂင်ဆရာတော် လို ပုဂ္ဂိုလ်မျိုး ပိုပြီး အရောင် မမှိန်သေးတယ် ။


ကိုငြိမ်းချမ်း ကို တွေ့ချင်တာတဲ့ ။ ကျွန်တော့် မိဘနှစ်ပါး ဖြစ်ကြတဲ့ လူထုဦးလှ နဲ့ လူထုဒေါ်အမာ တို့ ရဲ့ နာမည် သတင်းကြောင့် တွေ့ချင်တာ ထင်ပါရဲ့ ။ ဟိုလိုကြောင့် ထင်ပါရဲ့ ။ ဒီလိုကြောင့် ထင်ပါရဲ့ ။ ကျွန်တော့် မှာ ဒီသတင်း ရောက်လာမှ ကိုယ့် အမြီး ကိုယ် လိုက်စမ်းတဲ့ ဟိုအကောင် လို ၊ မေးခွန်းတွေ ၊ တွက်ကိန်းတွေ ၊ ထင်ကြေးတွေ နဲ့ လုံး ချာလိုက်နေတော့တယ် ။


လွန်ခဲ့တဲ့ ငါးရက် က တစ်ဆောင် က နွားခိုး တစ်ယောက် က နှစ်ဆောင် က မုဒိမ်းတစ်ယောက် ကို သံချွန် နဲ့ အဆောင်ကူးပြီး ထိုးမှုဖြစ်ထားလေတော့ တစ်ဆောင် နဲ့ တစ်ဆောင် အကူးအလူး အဆက်အဆံတွေ က ကျပ်တည်းခက်ခဲနေတဲ့ အချိန် ၊ ဒီလူ ဘာလို့ တွေ့ချင်ရတာလဲ ။ 


ဒါပေမဲ့ တစ်နေ့တော့ ထမင်းဘုတ်သားတွေ ထမင်း လာ ဝေချိန်မှာ ပဲဟင်းအိုးထမ်းသူ အသစ် နှစ်ယောက်နဲ့  ငါးပိပန်းကန်ပြား ကိုင်လာသူ အသစ်တွေ ခါတိုင်း လို အတူတူ ပါလာတယ် ။ လူသစ်တွေ ချည်းပဲ ။ ကမ္ဘာပေါ် မှာ အနံ့ အဆိုးဆုံးနဲ့ အငန်ဆုံး ဖွဲ အများဆုံး ပါတဲ့ ငါးပိဖုတ် ပန်းကန် ကိုင်ထားတဲ့ သူ က ငါးပိ ဝေရင်း မျက်စိ က ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတယ် ။ ထောင် သက်တွေ ကြာ ဝါရင့်ထောင်ကျ တစ်ယောက် ဖြစ်တဲ့ ကျွန်တော် အဲဒီ ငါးပိပန်းကန် ကိုင်ထား သူဟာ ကျွန်တော့် ကို သိပ် တွေ့ ချင်တယ် ဆိုတဲ့ လူမှန်း သိလိုက်တယ် ။ သူ က မင်းဘူးနယ် က လူသ,တ်မှုနဲ့ ထောင်ကျနေတဲ့ လက် ထောက်ဖိုခေါင်းဘဲဥ ကို ကိုငြိမ်းချမ်း က ဘယ်သူလဲ လို့ မေးနေတာ လည်း နား နဲ့ မကြားရပေမဲ့ ခပ်လှမ်းလှမ်း က ကြည့်ရုံနဲ့ သိတယ် ။


ကျွန်တော့် လက်ထဲ က ဒန်ပန်းကန်ပြား ယူပြီး သူ့ ဘက် လျှောက်သွားတော့ ကျွန်တော့် ကို ရှာနေတဲ့ ဘဲဥ က အခု လာနေတဲ့ သူပဲလို့ ပြောလိုက်သံ လည်း ကြားလိုက်မိ တယ် ။ အဲဒီ အချိန်မှာ ငါးပိသမား ပြုံးတဲ့ အပြုံးက တကယ့် ဆွေရင်းမျိုးချာ ကို နှစ်ပေါင်း အတော်ကြာ ကွဲကွာနေရာက ပြန်လည် ဆုံတွေ့တဲ့ အပြုံးမျိုး ။


“ အစ်ကို က ကိုငြိမ်း နော် ”


“ အေးဟုတ်တယ် ” လို့ ဖြေရင်း ကျွန်တော် လည်း ကျွန်တော့် မှတ်ဉာဏ် အင်ဂျင်စက် ကို အမြန် နှိုးလိုက်တယ် ။ သူငယ်ချင်း လား ၊ အရပ်ထဲ က လား ၊ ကျောင်းနေဖက် လား ၊ ဘောလုံးကန်ဖက် လား ၊ အမေ့ဘက် က အမျိုးလား ၊ အဖေ့ ဘက် က ညောင်လေးပင် ၊ ပုစွန်မြောင်း ဘက် ကလား ။ 


“ ဝမ်းသာတာ အစ်ကို ရာ ၊ အစ်ကို နဲ့ တွေ့ချင်နေတာ ” 


“ ဟုတ်လားကွ ၊ ဘာလို့လဲ ” 


“ ကျွန်တော့် နာမည် အောင်သူဆန်း ပါ ” 


“ ဘယ်ဇာတိလဲ မင်း က ” 


“ သဲတောဝမ်းတွင်း က ပါ  ”


တကယ်တော့ ဘာမှုလဲ ၊ သဲတောဝမ်းတွင်း ကနေ ဘယ်လိုလုပ် မကွေးတိုင်း က သရက်ထောင် ကို ရောက် လာတာလဲ ဒီလို မေးခွန်းတွေ မေးချင်စရာ ။ ဒါပေမဲ့ ပုံစံ ထမင်းထိုးတဲ့ သူ ထမင်းထိုး ပြီး ကုန်တော့ အောင်သူဆန်း လည်း ငါးပိ ပြီးအောင် ဝေတာ လက်စသ,တ်လိုက်တယ် ။ 


“ အစ်ကို မန္တလေး က ဘုရားအစ်မ ၊ ကျောင်းအစ်မကြီး နဂါးဒေါ်ဒေါ်ဦး ရဲ့ တူနော် ”


သူ မေးတဲ့ မေးခွန်းက ကျွန်တော့် ကို ကျဉ်စက် နဲ့ တို့ လိုက် သလို ရုတ်တရက် ခံစား လိုက်ရတယ် ။ သူ့ မေးခွန်း က ဘယ်လိုမှ မျှော်လင့် မထားတဲ့ မေးခွန်း ။ လူထုဦးလှ ၊ လူထုဒေါ်အမာ သား လို့ လူသိများတဲ့ ရပ်ဝန်း မှာ သူ က ကျွန်တော့် အမေ ရဲ့ အစ်မ နဂါးဆေးလိပ် ကုမ္ပဏီပိုင်ရှင် ကြီးတော်ဦး ရဲ့ တူလားလို့ မေးလိုက်တာ ဆိုတော့ မအံ့ဩ ဘဲ မနေနိုင်ဘူး ။


ကျွန်တော် က “ အေး ဟုတ်တယ် ” လို့ ကမန်းကတန်း ဖြေ လိုက်ရတယ် ။ ထမင်းပုံး ထမ်းတဲ့ သူတွေက သံစည် ပိုင်းနား ကွင်းထဲ ထမ်းပိုး လျှိုပြီး အဆောင် က ထွက်ကြ တော့ အောင်သူဆန်း လည်း ခပ်သွက်သွက် ထွက်သွားရ တယ် ။


ကျွန်တော့် ဒန်ပန်းကန်ပြား ရှေ့ ၊ မီးခြစ်ကျောက် ရေလုံပြုတ် ထားတာနဲ့ တူတဲ့ သရက်ထောင် ရဲ့ ပေါင်းထမင်းနီကြန်ကြန် ကိုကြည့်ပြီး ဆန်လုံးနီ က ဆန်ဖြူဖြူ ထက် ပိုပြီး အာဟာရ ပြည့်ဝတယ် ဆိုတဲ့ ကျန်းမာရေး အသိ ကို ခေါင်းထဲ ချော့ထည့် ၊ လည်ချောင်း ထဲ ထမင်း ချော့ထည့် ပဲဟင်းရည်ကျဲ နဲ့ မျှောချရင်း လူပုံနွဲ့ နွဲ့ အသားလတ်လတ် အောင်သူဆန်း အကြောင်း တွေးနေမိတယ် ။ ဒီပုံစံနဲ့ ဆိုရင် သူ နဲ့ ညနေ ငါးပိရည် နဲ့ တာလပေါ အချိန် ပြန်ဆုံရကောင်း ဆုံရနိုင်တယ် ။ ကျွန်တော် နေတဲ့ အဆောင် ထမင်းဘုတ် နဲ့ မပါဘဲ ဒီပြင် အဆောင်တွေ တိုက်တွေ ကိုလည်း ဒီ သူငယ် ပါသွားနိုင်တယ် ။ ထမင်းဘုတ် မှာ ဆိုတော့ ပေးနိုင်ကမ်းနိုင် ဘောက်ချာ ဖွင့်နိုင်တဲ့ ပြည့်စုံကြွယ်ဝတဲ့ သူငယ်လည်း ဖြစ်နိုင်သလို ၊ ထောင်လက်ကောက် ၊ ထွက်ချည် ၊ ဝင်ချည် လုပ်နေတဲ့ ငနဲ လည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် သူ့ နယ် က ထောင်ကျ ၊ သူ့ အပိုင်သား တစ်ယောက် ယောက် က အနေအစား ချောင်တဲ့ ဖိုကြီးဘုတ် ထဲ ကို ဆွဲသွင်းထားတာ လည်းဖြစ်နိုင်တယ် ။ ကျတဲ့ အမှု က ခပ်သေးသေး ၊ ထောင် ချ လိုက်တာလည်း လ က နည်းတော့ လွတ်ခါနီး လို့ ဖိုကြီး ရောက်နေသူလား ။


ညနေ ထမင်းဘုတ် မှာ အောင်သူဆန်း ပါမလာဘူး ။ တစ် အဆောင် နဲ့ တိုက် ထမင်းထိုး ပါသွားသတဲ့ ။ ဘာမှု နဲ့ ကျတာလဲ ဆိုတော့ လိမ်လည်မှု ဖိုးတွမ်တီး နဲ့ ။ တာလပေါ နဲ့ ငါးပိရည် ရောထွေး စားနေတဲ့ ညစာထမင်းထဲ အောင်သူဆန်း အကြောင်း အတွေးတွေ ရောထွေးနယ်ဖတ် စား ပစ်လိုက်တယ် ။


နှစ်ရက် လောက် ထမင်းဘုတ် နဲ့ အတူ ပါမလာတော့ မေး ရတာပေါ့ ။ လွတ်များ လွတ်သွားပြီလား ၊ မလွတ်သေးဘူး ။ တစ်အဆောင် နဲ့ တိုက် ထမင်းထိုးပါသွားသတဲ့ ။ 


ဗုဒ္ဓဟူးသား ကျွေးမယ့် ညနေကျမှ သူ နဲ့ ပြန် ဆုံရတော့ တယ် ။ ဖိုကြီး က တာဝန်မှူး က ၅ ( ည ) တွေ ၁၇ ( ၁ ) တွေ များတဲ့ အဆောင်မို့ ဂရုတစိုက် ဝင်နေချိန်မှာ အောင်သူဆန်း ကျွန်တော့် ဆီ လာပြီး စကားတွေ ပြောတယ် ။


“ ကျွန်တော့် အပေါ်မှာ အစ်ကို့ ကြီးတော် နဂါးဒေါ်ဒေါ်ဦး ရဲ့ ကျေးဇူးတွေ ရှိတယ် ။ ရှိတာမှ အများကြီး ရှိတာ ”


ဖိုးတွမ်တီးမှု နဲ့ ဝင်လာတဲ့ သဲတောဝမ်းတွင်းသားလေး နဲ့ ရွှေမန်း ကျက်သရေတော်ဆောင် မတုပနိုင်သော နိုင်ငံကျော် နဂါးဆေးလိပ်ပိုင်ရှင် ဘုရားအစ်မ ကျောင်းအစ်မ နဂါးဒေါ်ဒေါ်ဦး ရဲ့ တူတို့ တွေ့ဆုံ စကားပြောခန်း က ဘာမှ မဆန်းဘူး ဆိုလည်း ဟုတ်သလို ၊ ထူးဆန်းတယ် ဆိုရင်လည်းဟုတ်တယ် ။


“ ဘယ်လို ... ဘယ်လို ကြီးတော် ရဲ့ ကျေးဇူး ဟုတ်လား ”


“ ဟုတ်တယ် အစ်ကို ၊ ကျွန်တော့် အစ်ကို ဆရာ မစ္စတာနေလင်း ဆိုတာ အစ်ကို ကောင်းကောင်း သိတယ် ။ နာမည်ကြီး မျက်လှည့် လက်လှည့် ဆရာပေါ့ ။ အစ်ကို ကြည့် ဖူးမှာပါ ”


“  အေး ... ကြည့်ဖူးတယ် ။ ငါတို့ အိမ်အနား ခဏ ခဏ လာပြတတ်တယ် ” 


သူ ပြောလိုက်မှ ရုပ်ရှင်မင်းသား ကြီး ကောလိပ်ဂျင်နေဝင်း ဟန်တွေ ကို ကလုံး လုပ်ထားတဲ့ လမ်းဘေး မျက်လှည့်ဆရာ မစ္စတာနေလင်း ရဲ့ ရုပ်ကို စိတ် ထဲ ပြန် မြင်ယောင် လာမိတယ် ။


“ အစ်ကိုတို့ ရဲ့ မျက်နှာချင်းဆိုင် က အစ်ကို့ကြီးတော် ရဲ့ သုံးထပ်တိုက်ကြီး ရယ် ၊ သူ့ နံဘေး က ကုက္ကိုပင်ရိပ်ကြီး ရယ် မှတ်မိသေးတယ် ။ တိုက်အရိပ် ကုက္ကိုပင်ရိပ်ကြီး က ကောင်းတော့ ဆရာကိုနေလင်း ရဲ့ ဘိအမှန် အောင်မြေ ပေါ့ ။ မြို့လယ်ကောင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် မေး တင်ပြီး ဘင်သံ သုံးလေးချက် ပေး လင်းကွင်းသံ တချမ်းချမ်း စက္ကန့် အစိတ်သုံးဆယ် ဆို အိုး ပရိသတ်တွေ ဝိုင်းလာ တာ ။ ဆိုက်ကားတွေ ၊ မြင်းလှည်းတွေ အရှိန် လျှော့ မောင်း ရတယ် ။ လမ်းပေါ်ကျူး မျက်လှည့် ကြည့်တဲ့ ပရိသတ် တိုးမိ တိုက်မိ မှာစိုးလို့ ” 


အောင်သူဆန်း နဲ့ တွေ့ကြချိန်မှာ ကျွန်တော် ဟာ အသက် ပြန်ငယ်သွား ၊ ကိုယ့် မြို့ကို ပြန်ရောက် သွား သလိုလို စိတ်အာရုံ မှာ အတိတ် က အရိပ်တွေ ပြန် မြင်ယောင်တယ် ။ 


“ ဆရာနေလင်း က နဂါးဒေါ်ဒေါ်ဦး ရဲ့ သုံးထပ်တိုက်ကြီး ကို လက်ညှိုးထိုးပြီး ဟောဒါ ကျွန်တော့် အစ်မ အကြီးဆုံး မမဦး ရဲ့ တိုက် ။ သူ့ အစ်မ အရင်း အရိပ် ခိုပြီး နေလင်း မျက်လှည့် ပြတယ် ။ အဲဒီအချိန်မှာ ဘင်သံ က တဒုံးဒုံး ၊ လင်းကွင်းသံ က တချမ်းချမ်း တီး ။ မောင်နှမ ခြောက်ယောက် မွေးထား တာ ကျွန်တော် မောင်နေလင်း က မောင်အငယ် ဆုံး ၊ အထွေးဆုံး ။ သားယောက်ျားလေး ဒီ တစ်ယောက် ပါတာ အစ်မတွေ က ဝိုင်း အလို လိုက်ကြ ချစ်ကြတော့ တက္ကသိုလ် မရောက်ခဲ့ဘူး ။ အဲဒီလို ပေလို့ မိုက်လို့ အခု လို လမ်းနံဘေး ရောက်နေတာ ။ မမဦး က အံမယ်လေး မောင်လေး နေဝင်းရယ် မင်း ဒီပြင် ဘာ လုပ်စားလုပ်စား မမ က အရင်းအနှီး ထုတ်ပေး ပါမယ် ။ စတိုးဆိုင် ဖွင့်မလား ၊ ဘယ်လောက် ယူမလဲ ။ မင်း ဓာတ်ပုံပညာ လည်း တတ်သား နဲ့ ဓာတ်ပုံတိုက် ဖွင့် မလား ၊ မမ ထုတ်ပေးမယ် ”


“ ကျွန်တော့် ဆရာ ဝတ်ပုံစားပုံ နက်တိုင် နဲ့ ဘွတ် နဲ့ ဆု နဲ့ မျက်မှန် နဲ့ ။ ဆံပင်ကို စတိုင်ကျကျ ဖြီးထားတာ ။ အစ်ကို မှတ်မိတယ် ဟုတ်လား ”


“ အေး .. မှတ်မိတာပေါ့ ”


“ နေလင်း ယောက်ျား ၊ သူများ ဆီ လည်း မမှီခိုချင် ဘူး ။ အစ်မတွေ ဆီလည်း လက်ဝါး မဖြန့်ချင်ဘူး ။ သူတို့ က ရှက်လွန်းလို့ မျက်လှည့် တော့ ပြ မစားပါနဲ့တဲ့ ။ နေလင်း ဟောဒီပ ညာ ချစ်မြတ်နိုး လွန်း လို့ မျက်လှည့် ပြနေ တာ ။ မျက်လှည့် တဲ့ ပဉ္စလက် တဲ့ ၊ လက်လှည့် တဲ့ ။ အရပ် ရှစ်မျက်နှာ က လူမျိုးတစ်ရာ့တစ်ပါး ယောက်ျား ၊ မိန်းမ ၊ လူငယ်လူကြီး ၊ ကလေးပါ မကျန် သူတို့ရဲ့ စူးစူးစိုက်စိုက် သံသယစိတ် ၊ လျင်ပေ့ ၊ မြင်ပေ့ ဆိုတဲ့ မျက်လုံးမျက်စိ တွေကို နေလင်း က တဒင်္ဂ ၊ လက်ဖျစ်တစ်တွတ် ၊ လျှပ်တစ်ပြက် အတွင်းမှာ လှည့်စားပြမှာ ။ ပရိသတ် မျက်တောင် မခတ်နဲ့ ၊ နှာ မချေနဲ့ ၊ ချောင်း မဆိုးကြနဲ့ ၊ မျက်တောင် ခတ်တုန်း ၊ နှာ ချေဆတ်တုန်း ၊ ချောင်း ဆိုးနေတုန်း မှာ နေလင်း က လှည့်စား သွားလိမ့်မယ် ”


ဆရာနေလင်း က အပြောကောင်း ၊ ဘင်ထုသူ က လည်း ဘယ်အချိန် ဘင်ကို နာနာ ထုရမယ် ၊ လင်းကွင်း နှစ်ချပ် လည်း အဖိအဖော့ နဲ့ တီးရမယ် အတွေ့အကြုံ တွေ နဲ့ မလွန်ချင်းတန်း ၊ မလွန်ကွမ်းသီးတန်း ၊ မလွန်ပဲပုပ်တန်းလာကြတဲ့ နယ် က ကုန်သည်ပွဲစားတွေ ၊ ဆရာ့ ဆေးကြော်ငြာ က လည်း အာဝဇ္ဇန်းရွှင်လေတော့ ပရိသတ် တွေ အုံခဲ နေတာ ကို ပြန်မြင်ယောင် ကြားယောင်တယ် ။ 


“ ဆရာနေလင်း က အပြောကောင်း ၊ လက်လှည့် လည်း အပြ ကောင်းတော့ ကျွန်တော်တို့ သိပ် အလုပ်ဖြစ် တာ ။ ဒါကြောင့် အစ်ကိုတို့ ကျေးဇူး ရှိတယ်လို့ ပြောတာ ” 


“ မင်း ဆရာ က ငါ့ ကြီးတော် နဲ့ ဆွေမတော် မျိုးမတော် ဘဲ လျှောက် ပြောနေတော့ အသရေဖျက်မှုတွေ ဘာတွေ စွဲမှာ ပြဿနာ ဖြစ်မှာ မစိုးရိမ်ဘူးလား ”


“ အဲဒီ မေးခွန်း ကျွန်တော် လည်း ဆရာ့ ကို မေးဖူး တယ် ။ ဟ ငါ့ လို လမ်းဘေး က လူ ကို သူ လို မျက်နှာဖုံး သူဌေးသူကြွယ်ကြီး က အရေးတယူ လုပ် ပြဿနာ ရှာနေ ပါဦးမယ် ။ လုပ်ရင် သူ ပဲ နစ်နာမှာပေါ့ကွတဲ့ ”


ထမင်း ဝေပြီးချိန် အောင်သူဆန်း ပြန် သွားတယ် ။ မင်း က မင့် ဆရာ နဲ့ အတူ ဆေးရောင်းတာလား ။ ဘင်ထု တာလား ။ ဘာလုပ်တာလဲ တောင် မမေးလိုက်ရဘူး ။ ဒီ သူငယ် ဘာလို့များ သိပ်ပြီး ကျေးဇူးတင် ၊ ကျေးဇူးရှိတယ် လို့ ပြော နေပါလိမ့် ။ လိုလိုမယ်မယ် သူ့ ကို ပေးဖို့ အင်္ကျီ အိတ် ထဲ ထည့်ထားတဲ့ ဆေးလိပ်လေး မရှိတော့ မှ သဘော ပေါက်တော့တယ် ။


( ညီပုလေး )

ခေတ်ရနံ့ မဂ္ဂဇင်း

မေ ၊ ၂ဝ၁၇ ။

No comments:

Post a Comment