Thursday, December 12, 2024

ကန့်သတ်နယ်မြေ


 ကန့်သတ်နယ်မြေ

( ကိုရိုးကွန့် )


အမျိုးသမီးဆောင် သို့ သွားမည်မို့ ကိုယ့် ရှိသမျှ ထဲ မှ အကောင်းဆုံး အဝတ်တို့ ကို ဝတ်သွားရန် ရွေးချယ်ရသည် ။ ကြာကြာ ရွေးချယ်စရာ မလို ပါ ။ နှစ်ထည်တည်း မို့ စက္ကန့်ပိုင်း အတွင်း ပြီးသွားသည် ။ သို့သော် နှစ်ထည်လုံး ကို ပယ်ချလိုက်သည် ။


ယမန်နေ့ က ကျင်းပပြီးစီးခဲ့သော စက်မှုတက္ကသိုလ် မဂ္ဂဇင်းဝတ္ထု နှင့် ကာတွန်းဆုပေးပွဲ တွင် ကိုယ် ဆု တက်ယူစဉ် ဝတ်ဆင်ခဲ့သည့် ဝတ်စုံ က ပို၍ ကောင်းသည် ။ သို့သော် ကိုယ့် ကိုယ်ပိုင် ပစ္စည်း များ မဟုတ် ။ တိုက်ပုံအင်္ကျီ က ဝင်းစိန် ထံမှ ၊ ရှပ်အင်္ကျီ က မြတ်သိန်းထွန်း ထံမှ ၊ ပုဆိုး က အောင်မြင့်သောင်း ထံ မှ အသီးသီး ငှားရမ်း ခဲ့သည် ။ ကိုယ့် ကိုယ်ပိုင် ဟူ၍ စွပ်ကျယ် လက်ပြတ် တစ်ထည် သာ ပါသည် ။ သူတို့ ပစ္စည်းများ ကို ပြန် မပေးသေးဘဲ ထပ်မံ ဝတ်ဆင် လိုက်သည် ။


ကိုယ်ရောင် ကိုယ်ဝါ တွေ ချက်ချင်း တောက်ပြောင် သွားသည် ။ ရေချိုးစဉ် က ကိုယ့် ကိုယ်ပိုင် ကာဘော်လစ် ဆပ်ပြာ ကို မသုံးဘဲ အခန်းဖော် ကိုအောင်ဇော်ဒိုး ၏ လပ်စ်ဆပ်ပြာ သုံးထား သဖြင့် အမွှေးနံ့ က လည်း သင်းပျံ့နေသည် ။


လက်တစ်ဝါး ခန့် မှန်ကွဲလေး ထဲ တွင် ပေါ်နေသည့် ကိုယ့် ပုံ ကို တဝကြီးရှုစားပြီး နောက် အခန်း ထဲ မှ ထွက်ခဲ့သည် ။ နှစ်လှမ်း ခန့် လှမ်းပြီး နောက် တိုက်ပုံအင်္ကျီ မဝတ်သည် က ပို၍ သင့်တော်မည် ဟု ဆင်ခြင်မိ သဖြင့် တစ်ဖန် ပြန်ဝင်ကာ တိုက်ပုံ ကို ချွတ်ရသည် ။


ကိုယ့် အပြုအမူများ ကို မျက်စိနောက် သောကြောင့် ထင်၏ ။ ကိုအောင်ဇော်ဒိုး က မျက်မှောင် ကြုတ်၍ ကြည့်နေသည် ။ သူက လူအေး မို့ ဘာမျှမမေး ။ သူ့ စာ ကို သာ သူ ကြည့် နေသည် ။ ကိုယ် က လည်း ဘာမျှ မပြော ။ သည် ကိစ္စ ကို သူငယ်ချင်းများ မသိအောင် လျှို့ဝှက် ထားချင်သည် ။


သူတို့ သိလျှင် “ အမဲရိုး နှယ် ဟင်းအိုး မှ အားမနာ ” ဟု နာလန်မ ထူနိုင်အောင် ကိုယ့် ကို ဖိ၍ ပြော တော့မည် ။


 •••••   •••••   ••••• 


ကိုယ် သည် စက်မှုအင်ဂျင်နီယာ ကျောင်းသား ။ သွဲ့ သည် ဓာတုအင်ဂျင်နီယာ ကျောင်းသူ ။ နှစ်ဦးစလုံး သည် နောက်ဆုံးနှစ် ကျောင်းသားကြီးများ ဖြစ်နေကြပြီ ။ စက်မှုတက္ကသိုလ် ကျောင်းတော်ကြီး တစ်ခုတည်း တွင် ပညာရည်နို့ သောက်စို့ နေကြသမို့ တစ်ဦး အကြောင်း ကို တစ်ဦး ကြားသိပြီး ဖြစ်၏ ။ သွဲ့ သည် အလှအပ ဖြင့် ဂုဏ်သတင်း ကျော်သလို ကိုယ် သည် ကာတွန်းဆရာ ‘ သင့်ဆွေမျိုး ’ ဟူ၍ ကျောင်းသားများ အကြား လူသိ များသည် ။


မျက်နှာ ချောသလို ကိုယ်လုံးကိုယ်ပေါက် မှာ ပြောစရာ မရှိ ။ ဥစ္စာ ပေါ သလို သဘောမနော ကလည်း ချို၏ ။ ချစ်မေတ္တာ တောင်းခံသူ ဒု နဲ့ ဒေး ရှိသော်လည်း မည်သူ့ကိုမျှ မေတ္တာ မမျှသေး ဟူသော သွဲ့ သတင်းများကို သွဲ့ နှင့် မသိကျွမ်းမီ ကုန်လွန်ခဲ့သော သုံးနှစ်ခန့် ကတည်း က ကြားသိ ထားခဲ့သည် ။


ထိုသတင်းစကား လောက်ဖြင့် ပင် ‘ ဩော် ဒီလို မိန်းကလေးတော့ ချစ်သူအဖြစ် တော်လိုက်ချင်ပါရဲ့ ’ ဟု ကိုယ် တမ်းတဖူးခဲ့သည် ။


ဆုများ ကို စားပွဲ ပေါ်မှ ယူ၍ ဆရာကြီး ကို တစ်ဆင့် ကမ်း ပေးသော သွဲ့ နှင့် ကာတွန်း ပထမဆု ရသော ကိုယ် တို့ မှာ ဆုပေးပွဲ အပြီး စာရေးဆရာကြီးများ ဟောပြောနေစဉ် ရှေ့ဆုံး ခုံတန်း ညာဘက် ထောင့် တွင် နှစ်ယောက် အတူ ယှဉ်တွဲ ထိုင်မိကြသည် ။ အခမ်းအနားမှူး လုပ်သော ကိုသိန်း ၏ မိတ်ဆက် ပေးမှုကြောင့် မိတ်ဆွေတွေ ဖြစ်လာကြသည် ။ သွဲ့ နှင့် ကိုယ် ခင်မင်ခွင့် ရသည် မှာ နောက်ကျလေခြင်း ဟု ယူကျုံးမရ ဖြစ်မိ ၏ ။ ကျန်ရစ်သော ငါးနှစ်တာ တက္ကသိုလ် ကျောင်းသား ဘဝ ကို နှမြောမိ၏ ။


“ ဟုတ်ကဲ့ရှင့် ၊ ခုလို သိကျွမ်းရတာ သွဲ့ အများကြီး ဝမ်းသာ ပါတယ် ကိုမျိုးဆွေ ။ ကာတွန်း သင့်ဆွေမျိုး ရဲ့ လက်ရာတွေ ၊ အတွေးအခေါ်တွေ ကို သွဲ့ သိပ်ကြိုက်ပါတယ် ။ သွဲ့ က ဂျီဟောလ် ၊ အခန်း (  ) မှာ နေပါတယ် ရှင့် ။ လာလည်နော် ”


သူ့ စကား ကြားသောအခါ ဂျီဟောလ်သူတွေ အပေါ် ကိုယ်တို့ ကာတွန်းသမား အုပ်စု ရေးဆွဲခဲ့ သည့် လက်ရာများ ကို ပြန်လည် သတိရမိသည် ။


ကိုယ်တို့ စက်မှုတက္ကသိုလ် တွင် ကျောင်းသူ ထက် ကျောင်းသားက များသည်  ။ အနည်းစု ကျောင်းသူ ထဲ တွင် လည်း သဇင်ဆောင် မှ “ ညီမလေး ” များကို သာ ဦးစားပေး၍ လှလှပပ ရေးဆွဲ သည် ။ ဂျီဟောလ် ဟု ခေါ်သော ( ဥတ္တရဆောင် ဟု လည်း ခေါ်သော ) အမျိုးသမီးဆောင် မှ ကျောင်းသူများ ကို “ ဟိုင်းကြီးကျွန်းသူ ” ဟု အမည် ပေး၍ ကာတွန်းလက်နက် ဖြင့် ထိုးနှက်ကြသည် ။ သာစေ နာစေ သဘောမျိုး မဟုတ်ပါ ။ ညီအစ်ကို မောင်နှမ တစ်တွေ နောက်ပြောင် ကျီစယ်မှု သဘောသာ ဖြစ်သည် ။ တယ်လီဖုန်းရုံ အဟောင်း ကို အသွင်ပြောင်း ထားသော နံရံကပ် ကာတွန်းစာမျက်နှာများ တွင် ဂျီဟောလ်သူ “ မမ ” များ ၏ ပုံသွင် သည် မည်းမည်းဝဝတွေမို့ အရုပ် ဆိုးလှသည် ။


လူ မက နတ် တမျှ ချောသော ( ထိုနေ့က ပြက္ခဒိန် ထဲ မှ ဂျပန်မလေး လို ပြင်ဆင်ထားသော ) ဂျီဟောလ်သူ ‘ သွဲ့ ’ ကို ကိုယ့် မျက်စိ အကြည့် ဖြင့် တောင်းပန်ခဲ့ရသည် ။


“ ကိုယ် ဆွဲခဲ့တဲ့ ဂျီဟောလ်သူ တွေ ထဲ မှာ သွဲ့ မပါ ပါဘူးကွယ် ”


•••••   •••••   •••••


“ ဂျီဟောလ်ဆောင် သို့ ဝင်စို့ ” ရယ်လို့ အားမာန်ခဲ လိုက်သော အခါတွင် သတ္တိသွေး မှာ နည်းနည်း သာ ကျန်တော့၏ ။


ရူပကာအဆင်း ၊ ဓနအချင်း ပြည့်စုံ ကုံလုံသော သွဲ့ ထံ လာရောက် ခစားကြသည့် ယောက်ျား များမှာ စိန် ကို မြ ရံသည့် အလား ၊ လူ့ အဖိုးတန်များ ဖြစ်ကြသည် ။ တစ်ချို့ က ကိုယ်ပိုင်ကား ဖြင့် လာကြသည် ။ တချို့ က ဌာနဆိုင်ရာကား ဖြင့် လာကြသည် ။


ကိုယ့် လို လူ ကို သွဲ့ သည် လက်ခံ တွေ့ဆုံပါမလား ဟူသော အတွေး သည် အဆောင်ရှေ့ ၌ အစီအရီ ရပ်ထားသော ကားငယ်လှလှလေးများ မြင်ရချိန် တွင် တိုးဝင်လာ၏ ။


မနေ့ က မှ သိသော သွဲ့ သည် “ လာလည်နော် ” ဟူ၍ လောကဝတ် စကားဆိုရုံဖြင့် ကောက်ကာ ငင်ကာ ထလာခြင်းသည် သင့်တော်ပါ့မလား ဟု ဒုတိယအတွေးလှိုင်း က ဒိုင်းခနဲ ဝင်လာပြန်သည် ။


မိမိ ကိုယ် ကို မယုံရဲသော စိတ် ၊ အားငယ်စိတ် တို့ ဖြင့် ဂျီဟောလ် ရှေ့ ခဲ တပစ်အကွာ မှ ဖြတ် လျှောက်ခဲ့ရသည် ။ ကထိကဆရာများ အိမ်တန်း ကို ဖြတ်၏ ။ တင်းနစ် ရိုက်နေသော ဆရာကြီး တို့ အုပ်စု ကို တွေဝေငေးမော၍ ကြည့်၏ ။ သံပတ် ပေး ထားသော အရုပ် လို ဆက်လက် လျှောက် လာခဲ့၏ ။ တစ်ပတ် ပြည့်သော် ကိုယ် နေထိုင်ရာ အဆောင် “ ခ ” သို့ အလိုလို ပြန် ရောက်လာသည် ။


ဝတ်ကောင်းစားလှ ဝတ်၍ တစ်ခဏ နှင့် ပြန် ရောက် လာသော ကိုယ့် ကို ကိုအောင်ဇော်ဒိုး သည် နားမလည်သော အမူအရာ ဖြင့် ကြည့်၏ ။ စိတ်မောလူမော ဖြင့် သက်ပြင်း တစ်ချက် ကို မှုတ်ထုတ်၍ အိပ်ရာ ပေါ် ကျောခင်း လိုက်သည် ။ တင်းထားသော စိတ်တို့ ကို ဖြေလျော့လိုက်သည် ။


ဪ ... သွဲ့ ... သွဲ့ ။ မင်း ကတော့ ကိုယ့် ကို မေ့မှာ ပါ ။ ကိုယ့် မှာ သာ မင်း ကို သတိရလွန်း လို့ အို တော်ပြီကွာ ။ သွဲ့ ဆီ သွားဖို့ တစ်သက်လုံး မကြိုးစားတော့ဘူး ”


•••••   •••••   ••••• 


သူ့ ထံ သို့ ကိုယ် မသွား ။ သို့သော်လည်း သူ့ က ကိုယ့် ထံ ရောက်လာသည် ။ စက်မှုခန်းမ ရှေ့တွင် ကိုယ် နှင့် သွဲ့ တို့ ပြန်လည် ဆုံဆည်းမိသည် ။ 


“ ကိုမျိုးဆွေ ကို သွဲ့ လိုက်ရှာနေတာ သုံးရက် လောက် ရှိပြီ ။ သွဲ့ အော်တိုစာအုပ် ထဲ မှာ ကာတွန်းပုံ လှလှလေးတွေ ဆွဲပေးပါနော် ။ သူ ရေးချင် တာတွေလည်း ရေးပေးပေါ့ ” 


သွဲ့ ပေးသော စာအုပ် ကို လက်ခံ ယူမိသော်လည်း စကား တစ်လုံးမျှ ပြန် မဆိုမိ ။ ဘာ ပြန် ပြောရမှန်း မသိသဖြင့် ပြုံး၍ သာနေရသည် ။ ( ဝမ်းသာလွန်းလျှင် စကားများ ထွက်မလာ တတ် ဟု ထင်ပါသည် ။ )


အတန်းများ ကို ဆက် မတက်တော့ဘဲ အဆောင် သို့ ပြန်ပြေးလာခဲ့သည် ။ သွဲ့ အော်တိုစာအုပ် ထဲတွင် ကိုယ့် လက်စွမ်း ရှိသမျှ ရေးဆွဲ ပေးလိုက်သည် ။ နေ့မအား ညမနား ရေးဆွဲ လိုက်သောအခါ နှစ်ရက်တည်း နှင့် ပြီး သွားသည် ။


သွဲ့ အဆောင်သို့ သွား၍ အော်တိုစာအုပ် ပေးလိုက်သော အခါ သွဲ့ က လှန်လှောကြည့်သည် ။


“ ဟယ် ... လှလိုက်တာတော့ ။ ကိုမျိုးဆွေ က သိပ် တော်တာပဲ ။ ပုံ လေးတွေ က ရယ် လည်း ရယ်ရတယ် ၊ ချစ်စရာ လည်း ကောင်းတယ် တော့ ” 


အရုပ်လှလှ ရသော ကလေးငယ် အသွင် ရွှင်မြူးနေသော သွဲ့ ဖြစ်အင်ကြောင့် ကိုယ့် ကိုယ် ကို များစွာ ကျေနပ်သွားမိသည် ။


“ သူ က ဘာမှ လဲ ရေး မပေးပါလား ” 


“ ကိုယ် ဘာ ရေးရမလဲ သွဲ့ ” 


“ ဒါတော့ သိတတ်ဘူးလေ ။ ကြိုက်တာရေးပေါ့ ” 


“ ကြိုက်တာ ရေးရရင် ... ”


ခုန်နေသော နှလုံးသား ၊ တုန်နေသော လက်ဖျား တို့ ကြောင့် စကား ကို အဆက် ရ ခက်ကာ တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည် ။


“ အော်တို တစ်အုပ်လုံး ကိုယ့် လက်ရေးတွေ နဲ့ ဖုံးသွားမှာ စိုးလို့ပါ ”   


“ ရပါတယ်ရှင် ။ သည် တစ်အုပ် ကုန်တော့ နောက် တစ်အုပ် ထပ်ဖွင့်မှာ ပေါ့ ။ ရော့ ပြန်ယူသွား ၊ လှလှ ရေး ၊ ကောင်းကောင်း ရေး ၊ သတ်ပုံမမှားစေနဲ့ ။ ဆရာမ ပြောတာ ကြားလား ”

 

သွဲ့ သည် ပျော်ပျော် နေတတ်မှန်း ကိုယ် ယခု မှ သိသည် ။ ဆရာမ ဟန်ပန်ဖြင့် ပြောဆို နေသော သွဲ့ ၏ ထိမိသော အမူအရာကြောင့် ကိုယ့် မှာ တခိခိ ရယ်ရသေးသည် ။


ရွှင်သော ဘဝင် ၊ လန်းသော နှလုံး ၊ ပြုံးသော မျက်နှာ ၊ သွက်လက်သော ခြေလှမ်း တို့ ဖြင့် အဆောင် သို့ အမြန် ပြန်ခဲ့သည် ။ ဖြစ်ပျက် သမျှကို အပြတ် ကြွားလိုက်မည် ဟု အားခဲ၍ လာသော်လည်း ကိုအောင်ဇော်ဒိုး မရှိ ။ ယခင် က လူ သိမှာ ပင် ကြောက်နေသော ကိုယ် သည် ယခုအခါ လူသိ အောင်ပင် ပြောချင်နေမိ၏ ။ ထို့ကြောင့် တစ်ခန်းခြား မှ မန္တလေးသား ထံ ဆက်လက် သွားသည် ။


“ ဟေ့ ... ဘယ်လိုလဲ သင့်ဆွေမျိုး ၊ စက်မှုစာစောင် အတွက် ကာတွန်း လာပို့တာလား ”


“ မဟုတ်ပါဘူးကွာ ”


“ မြန်မြန် ဆွဲနော် ၊ စာစောင် ထုတ်ရမယ့်ရက် နီးနေပြီ ။ နံရံကပ် ကာတွ န်းတွေ လည်း လဲသင့်တာ ကြာပြီ ။ ကိုတိုးတိုးအောင် နဲ့ ကိုချစ်စမ်းမောင် ဆီ ကတော့ ရပြီ ။ ဂျိုကာ နဲ့ ခင်ဗျား ဆီ က မရသေးဘူး ၊ မြန်မြန် ပို့ဗျာ ”


မန္တလေးသားမို့ ကာတွန်း မန်းဘဲ ဟု အမည် ယူ ထားသူသည် လူ တွေ့ တိုင်း ကာတွန်း ချည်း တောင်း တတ်သည် ။


“ ကာတွန်းကိစ္စ ခဏ ထားစမ်းပါဦးဟ ၊ သူ့ အကြောင်း ပြောချင်လို့ ၊ ဟိုကွာ ဓာတု အင်ဂျင်နီယာဌာန က သွဲ့နှင်းဖြူ ။ အခု သူ့ ဆီ က ပြန် လာတာ ၊ သူ့ကို ကြိုက်တယ်ကွာ ၊ ဘာ လုပ်ရမှန်း မသိအောင် ဖြစ်နေပြီ ” 


ကိုမန်းဘဲ စိတ်ဝင်စားအောင် ကိုယ် မပြောတတ် ။ ကိုယ့် စကား ကို လည်း သူ စိတ်မဝင်စား ။ သူ့ ကာတွန်း သူ ဆွဲနေရာ မှ -


“ ကြိုက်ရင် လိုက်ပေါ့ဗျ ”


သည် လောက်တော့ သူ ပြောမှ သိရမှာလား ။


•••••   •••••   •••••


ကြိုက်တတ်ဖို့ လွယ်သည် ။ လိုက်တတ်ဖို့ ခက်သည် ။


သွဲ့ ကဲ့သို့ လူပျိုတိုင်း ကြိုက်သည့် ပန်းမာလာ တစ်ခိုင် ကို ပိုင်ပိုင်ရ အောင် ကိုယ် မလိုက်တတ် ။ အကြံရ ခက်ပါဘိ ။


ကိုယ့် ဘက် မှ အခြေအနေ ကောင်းသည် မှာ သွဲ့ သည် ကိုယ့် ကို တွေ့ တိုင်း နှုတ်ဆက်သည် ။ လေးလေးစားစား လက်ခံ စကားပြောသည် ။ ရ င်းနှီးဖော်ရွေသော အမူအရာ ကို အမြဲ ပြသည် ။


အဆောင် သို့ ပထမ တစ်ခေါက် နှစ်ခေါက် သွား လည်စဉ်က အလွန် မျက်နှာပူသည် ။ စကား မရှိ စကားရှာ ပြောရ သဖြင့် စိတ်ပင်ပန်းသည် ။


နောက်နောင်များ တွင် မူ တစ်ခေါက် ထက် တစ်ခေါက် စကား ပြောရဲ ဆိုရဲလာသည် ။ အများ အားဖြင့် စကားလမ်းကြောင်း ကို သွဲ့ က ခင်းတတ်သည် ။ ကိုယ် က အလိုက်သင့် နင်း လျှောက်၍ ပြောရသည် ။ ကျောင်း အကြောင်း ၊ မိတ်ဆွေ သူငယ်ချင်းများ အကြောင်း မှ စ၍ ဇာတိမြို့ရွာများ အကြောင်း ရောက် သွားသည် ။ အဆင့် တက်၍ မိဘဆွေမျိုးများ အကြောင်း ပြောဖြစ်သည် ။ ခင်မင်ရင်းနှီးမှု သက်တမ်း တိုး၍ စကားလက်ဆုံ ပြောဖြစ်သော ရက်တွေ များ လာသောအခါ ကိုယ့် ဘဝလမ်းကြောင်း ကို သွဲ့ သည် အစအဆုံး သိပြီး ဖြစ်၏ ။ ထို့အတူ သွဲ့ အသိုက်အဝန်း ၏ ချမ်းသာမှု ၊ ကြီးမားမှု ကို လည်း ကိုယ် သိရ၏ ။


သွဲ့ထံ သွားသော အကြိမ်များစွာ အနက် တစ်ကြိမ်တွင် သွဲ့ သည် ကိုယ့် ကိုကြည့်၍ စကား ဆို၏ ။


“ သူ့ မှာ အင်္ကျီ ဘယ်နှစ်ထည် ရှိ သလဲ ။ သွဲ့ မြင်တာကတော့ နှစ်ထည် တည်းပဲ ” 


သွဲ့ စကားကြောင့် ကိုယ် ရှက်မိသည် ။ ဘာ ပြန် ပြောရမှန်း မသိအောင် ဖြစ်ရ၏ ။ တကယ် ရှိသည့် အတိုင်း အကောင်း နှစ်ထည် ၊ အဟောင်း နှစ်ထည် ဟု ပြောရလျှင် ကောင်းမည်လား ၊ ပို ပြောရလျှင် ကောင်းမည်လား ဟု တွေးနေစဉ်  -


“ သည် အင်္ကျီ ကို လက်ခံပါနော် ၊ ဗိုလ်ချုပ်ဈေး သွားတုန်းက သတိရ လို့ ဝယ်ခဲ့တာ ” 


နိုင်ငံခြားဖြစ် ချုပ်ပြီးသား အင်္ကျီ ကို ကိုယ့် ပေါင်ပေါ် တင်ပေးသည် ။ အမှတ်တမဲ့ ငုံ့ကြည့်လိုက် သောအခါ “ စတီဗင် ” ဟု ရေးထားသော တံဆိပ်ကို တွေ့ရသည် ။ တန်ဖိုး နည်းမည် မဟုတ် ။


“ ကိုယ် ... ကိုယ် ... ဘယ်လောက် ပေးရမလဲ သွဲ့ ” 


သွဲ့ ကို မေးရင်း ယခုလ လက်ကျန်ငွေ ကို စိတ်တွက် တွက်ကြည့် မိသည် ။ ဆယ့်ငါးကျပ် ထက် ပိုပြီး မကျန်နိုင် ။


“ ပေးစရာ မလိုပါဘူး ကာတွန်းဆရာကြီး ရယ် ၊ သွဲ့ စေတနာနဲ့ ပေးတာပါ ” 


အပြန်လမ်း တစ်လျှောက် တွင် သွဲ့ ပေးလိုက်သော ရာကျော်တန်အင်္ကျီ ကို ရင် မှာ ပွေ့၍ အတွေးနယ်ချဲ့မိသည် ။ ကိုယ့် ကို သွဲ့ သည် မရှိဆင်းရဲသား တစ်ဦး ကို စွန့်ကြဲပုံ စွန့်ကြဲနည်း ဖြင့် ပေးကမ်းသည် လား ၊ ချစ်သူ တစ်ဦး ကို ပေးကမ်းနည်းဖြင့် ပေးကမ်းသည် လား ။


ပထမနည်း ဖြင့် ပေးကမ်းသည့် သွဲ့ ကို ကိုယ် သည် ချစ်ခွင့်ပန် မိပါက “ အနူလက်နှင့် ရွှေခွက် နှိက်သည် ” ဟု ပြောလိုက်လျှင် ခက်ရချည်ရဲ့ ။ ဒုတိယနည်း ဖြင့် ပေးကမ်းသည့် သွဲ့ ဖြစ်ပါမူ အခွင့်အရေး ပေးစဉ် ခ စ်ရေးချစ်ရာကို ကိုယ် ဆို ရမည် ။ မဆိုဝံ့ ၊ မပြောဝံ့ ပါ က သွဲ့ စိတ်ပျက် သွားမည် ။ မြောင်းပေးလို့ မှ ရေ မလာလျှင် ကိုယ် သည် မိုက်ရာ ကျမည် ။


သွဲ့ သဘောကို ကိုယ် မည်သို့ ယူဆရမည်နည်း ။ ရှေ့ ဆက်ရမည်လော နောက် ဆုတ်ရမည်လော ။ တွေးရခက်ကြီးပါလား ။


•••••   •••••   ••••• 


“ ကြောက် လျှင် လွဲ ၊ ရဲ မင်းဖြစ် ” ဟူသော ရှေးထုံး ကို နှလုံးမူ ၍ သွဲ့ မေ တ္တာ ကို အားခဲ တောင်း မိသည် ။


သိန်းထီ ထိုးသည် မှာ တစ်ကြိမ် မရ လျှင် အကြိမ်ကြိမ် ကြိုးစား နိုင်သည် ။ အသည်း ပေး၍ အချစ် ကို ကိုးကွယ်သည့် ကိုယ့် မှာ တစ်ကြိမ် မရလျှင် တစ်သက်လုံး မျှော်လင့်၍ မရတော့ပေ ။


စီရင်ဆုံးဖြတ်ချက် ကို ကိုယ် သည် အသည်း တထိတ်ထိတ် ဖြင့် စောင့် မျှော်ရသည် ။ ကိုယ် နှင့် အခြား တစ်ဘက် တွင် ( ကိုယ့် ထက် အစစအရာရာ သာသော ) အမျိုးသားများ လည်း မေတ္တာလွန်ပွဲ တွင် ဝင်နွှဲ နေသောကြောင့် ကိုယ့် မှာ အား ကတော့ ခပ်ပျော့ပျော့ ။


သွဲ့ သည် စီရင်ဆုံးဖြတ်ချက် ကို စာလွှာ ဖြင့် ပေးပို့ လိုက်သည် ။


ကိုမျိုး -

တုနှိင်း မပြသာသော မေတ္တာများကို နှင်းအပ်ပါတယ် ရှင် ။

         သွဲ့


သွဲ့ ထံ မှ စာတိုလေး ကို ဖတ်၍ မဝ ၊ ရှု၍ မဆုံး ဖြစ်ရ၏ ။ မယုံမရဲ ကြည့် နေရာမှ ပီတိလှိုင်း တို့ အလိပ်လိုက် တက် လာသည် ။ အိပ်မက် မဟုတ်ပါ စေနဲ့ နော်ဟု အကြိမ်ကြိမ် ဆုတောင်း ရသည် ။


ကိုယ်တို့ ချစ်သွားကြပြီ ဆိုသည့် အကြောင်း ကို တစ်ကျောင်းလုံး လိုက်လံ ပြောချင် နေမိ၏ ။ ကိုယ် ပထမဆုံး ကြွားလိုက်သည့် သူ မှာ “ သွဲ့ ” ကို ပင် ဖြစ်ပါသည် ။


“ သွဲ့ ”


“ ရှင် ”


“ ကိုမျိုးဆွေ ဆိုတဲ့ လူ ကို သိလား ”


“ ဟင့်အင်း သိဘူး ”


“ ကာတွန်းဆရာ သင့်မျိုးဆွေ လို့ လည်း ခေါ်တယ်ကွာ ၊ သိလား ”


“ သိသေးဘူး ”


“ သိသိ မသိသိ ပြောရတော့မှာ ပဲ ၊ အဲသည် ကိုမျိုးဆွေ နဲ့ မနှင်းသွဲ့ဖြူ တို့ ချစ်သွားကြပြီတဲ့ ဗျ ”


“ သူ တော်တော် အူမြူး နေနော် ၊ လူပြက်ကျ နေတာပဲ ”


“ အလှမ်းကွာ ဝေးတဲ့ လူသား နှစ်ဦး ပေါင်းဖက် မိတော့ ပျော်တာပေါ့ သွဲ့ ရဲ့ ။ ဒါနဲ့ သွဲ့ က ကိုယ့် လို လူ ကို ဘာလို့ ချစ်တာလဲဟင် ..... ”


“ ချစ်ချင်လို့ ချစ်တာရှင့် ”


“ ဟုတ်တယ်နော် ။ အချစ် မှာ ဘယ်ပယောဂ မှ ဝင် မစွက်တာ အကောင်းဆုံးပဲ ” 


“ သူ ကော သွဲ့ ကို ဘာလို့ ချစ် ” 


“ ချစ်ချင်လို့ ချစ်တာပေါ့ ”


“ ဘယ်တုန်း က စ ချစ် ” 


“ လွန်တယ်ပဲ ဆိုဆို ကြိုက်နေတာ တော့ နာမည် ကြားဖူး ကတည်းကပဲ ၊ တကယ် ချစ်လာ တာ က ဆုပေးပွဲနေ့ က ဆုတွေ ယူပြီး ဆရာ ကို ပေး နေ တဲ့ သွဲ့ ကို မြင်ရတဲ့ အချိန်က စတာပဲ ”


“ အဲသည်တုန်း က ဆရာ ကို ကြည့်နေသလား ၊ သွဲ့ ကို ကြည့်နေသလား ”


“ သွဲ့ ကိုပဲ ကြည့်တာပေါ့ကွ ။ ကဲ ... ကဲ သွဲ့ ကော ကိုယ့် ကို ဘယ်အချိန်က စချစ် ”


“ ကိုမျိုး မရယ်ရဘူးနော် ”


“ မရယ်ပါဘူးဗျာ ”


“ အထင်လည်း မသေးရဘူးနော် ”


“ သေးပါဘူးဗျာ ”


“ သွဲ့ လည်း အဲသည် နေ့ က စ ချစ်တာပါပဲရှင် ”


•••••   •••••   •••••


ဝတ္ထု တစ်ပုဒ် သာ ဆိုလျှင် “ ချစ်ကြလေသတည်း ” ဟု ရေး ကာ ဇာတ်သိမ်း သွားစေချင်သည် ။ ချစ်ကြိုက်နေကြဆဲ မှာ ပင် နိဂုံးကမ္ပတ် အဆုံးသတ်၍ ပြည်ဖုံးကား ကို ခပ်မြန်မြန် ချလိုက်ချင်သည် ။ ဒါပေသည့် ကန့်လန့်ကာ နောက်ကွယ်မှ ဇာတ်လမ်းများ သည် ပိုမို စိတ်ဝင်စားစရာ ကောင်းမှန်း ကိုယ် သိလာသည် ။


သွဲ့ မေတ္တာ ထုထည် ကို မူ ကိုယ် သည် စိုးစဉ်းမျှ သံသယ မဖြစ်မိ ။ ကိုယ့်အပေါ်တွင် အသည်း အသက် နှင့် ထပ်တူထပ်မျှ ချစ်ကြောင်း ကိုယ် သိသည် ။ ကိုယ့် အပေါ် သစ္စာတရား ကြီးမားကြောင်း လည်း ကိုယ် နားလည်သည် ။ သို့သော် သွဲ့သည် ကိုယ် နှင့် ယှဉ်တွဲ၍ မြို့ ထဲ မထွက်ရဲ ။ အကြိမ်ကြိမ် ကြုံတွေ့ လာသော အခါ ထိုအချက် ကို ကိုယ် သတိထား မိလာသည် ။ ကြည့် ....


သွဲ့ ကို ရွှေတိဂုံဘုရား သွားရအောင် ခေါ်လျှင် ကိုယ့် ကို နှစ်သိမ့်၍ မင်္ဂလာဒုံစစ်သင်္ချိုင်း သွားသည် ။ သူ့ ကို ဗိုလ်ချုပ်ဈေး ခေါ်လျှင် အကြောင်း အမျိုးမျိုးပြ၍ အင်းစိန်ဈေး သွားသည် ။ သွဲ့ ကို မြို့ထဲ က ရုပ်ရှင်ရုံများ တွင် ရုပ်ရှင် ကြည့်ရအောင် ခေါ်လျှင် မင်္ဂလာဒုံစစ်တပ် ရုပ်ရှင်ရုံ သွားသည် ။ အပြင်ထွက် လမ်းလျှောက် လျှင် လည်း ဘီ - ပီ - အိုင် ပတ်ဝန်းကျင် ထက် မကျော်လွန် ။

 

ကျောင်းတက်ရက် ၇၅ ရာခိုင်နှုန်း မပြည့် မှာ ကြောက်ရ သဖြင့် ကျောင်းတွင်း ၌ သာ အတူတွဲ အတူသွား ကြသည် ။ အပြင်သို့ ထွက်ခဲပါသည် ။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက် ၌ အပြင် ထွက်ဖို့ ခေါ်လိုက်တိုင်း မြို့ထဲ ဆိုလျှင် အကြောင်း အမျိုးမျိုး ပြကာ ရှောင်လွှဲလွန်းသော အခါ ကိုယ့် မှာ တွေးတောရပြီ ။


သွဲ့ သည် ငွေကြေး ကို နှမြောတွန့်တို ၍ မြို့ထဲ သို့ မထွက်ခြင်း မဟုတ် တန်ရာ ။


ကိုယ်တို့ ကျောင်း ထဲ ရှိ နွေးအေး သို့ သွား၍ အအေးသောက်လျှင် ၊ ဦးချစ်ဆိုင် သွား၍ မုန့်ဟင်းခါး စားလျှင် ၊ ဒေါ်အေးကြွယ်ဆိုင် သွား ၍ မြန်မာ ထမင်း စားလျှင် ဆိုင် ထဲ မဝင်မီ ကတည်း က ‘ သွဲ့ ကျွေးမယ်နော် ။ သူ ပိုက်ဆံထုတ်ရင် ဟောသည် လက်သီး ကြည့်ထား ၊ အရိုးကျိုး အောင် ထိုးပစ်မယ် ’ ဟု ရွှတ်နောက်နောက် ဆိုတတ်သည် ။


ဘယ်နေရာ သွားသွား ၊ ဘာစားစား ကုန်ကျစရိတ် မှန်သမျှ ကို ကိုယ် ရှင်း လျှင် သွဲ့ စိတ်ဆိုး တတ်သည်  ။


“ ကိုယ် နဲ့ ယှဉ်တွဲပြီး မြို့ထဲ ထွက်ရမှာ သိမ်ငယ်လို့ လားကွယ် ” 

 

ဖြစ်နိုင်စရာ ကို တွေးမိမှ ရင်လေးလာရသည် ။


တစ်ခါကလည်း ကိုယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စ ကြုံရသေး၏ ။


ဧည့်တွေ့ချိန် တွင် သွဲ့ ကို ခေါ်၍ လမ်းလျှောက်ရန် အဆောင်ပြင်ပ ထွ က်အလာ ကားတစ်စီး သည် အဆောင်ဝ သို့ ဝူးခနဲ ထိုးရပ်သည် ။ သွဲ့ သည် ကိုယ် နှင့် တွဲထားသော လက် ကို ဆတ်ခနဲ ဖြုတ်၍ ကားတွင်း မှ ထွက် လာသော အမျိုးသမီးကြီး ထံ ပြေးသွားသည် ။


သွဲ့ နှင့် သွဲ့ အန်တီတို့ သာကြောင်းမာကြောင်း ၊ ဆွေကြောင်းမျိုးကြောင်း ပြောနေစဉ် ကိုယ် သည် အလိုက်ကန်းဆိုး မသိ ရပ်နေမိသည် ။ 


“ သူက ဘယ်သူလဲ ” 


သွဲ့ အန်တီကြီး သည် စကား ကို ခေတ္တ ဖြတ်၍ ကိုယ့် ကို မေးသည် ။


“ သူ က ကိုမျိုးဆွေ တဲ့ အန်တီ ရဲ့ ။ သွဲ့ တို့ အတန်းကပဲလေ ။ သူ က စာ သိပ်တော်တာ ။ စာတွေ မသိရင် သူ့ ကို မေးရတယ် အန်တီ ရဲ့ ။ စာအုပ် တွေ လိုချင်လည်း သွဲ့ မှာ သူ့ ဆီကပဲ ငှားရတာ ။ အခုလည်း သွဲ့ အတွက် စာအုပ် လာပို့တာလေ ” 


“ မိဘတွေ က ကော ဘာလုပ်သလဲ သွဲ့ ” 


ကိုယ် သည် ဖြေမည် ဟု နှုတ်ပြင်လိုက်စဉ် သွဲ့ က ကြားဝင်၍ ...


“ ကိုမျိုးဆွေ မိဘတွေ က အဲ .. အဲ .. ဘာတဲ့ ၊ ဟို ကျောင်းဆရာကြီး လေ ။ ကျောင်းအုပ်ဆရာကြီးပေါ့ အန်တီရဲ့ ” 


ကိုယ့် အဖေ က ဥယျာဉ်မှူး ပါ ။ ကိုယ့် မိဘတွေ အကြောင်း သူ့ ကို ပြော ထားပြီး ဖြစ်ပါလျက် သွဲ့ သည် ဘာကြောင့် လိမ်ညာရသနည်း ။


ဆက်လက် မနေလိုတော့ သဖြင့် သွဲ့ တို့ ကို နှုတ်ဆက်၍ ပြန်ခဲ့သည် ။ 


နောက်နေ့တွင် တွေ့ဆုံသော အခါ သွဲ့ သည် တောင်းပန်စကား ဆို၏ ။


“ သွဲ့ ကို တစ်မျိုး မထင်ပါနဲ့နော် ။ ကိုမျိုး နဲ့ သွဲ့ တို့ ချစ်တာ အန်တီ သိသွားရင် မေမေတို့ ကို တိုင် ပြောမှာ ကြောက်လို့ ပါ ။ မြို့ထဲ ကို မထွက်ရဲ တာလည်း ဒါကြောင့်ပါ ကိုမျိုး ရယ် ။ မြို့ထဲ မှာ သွဲ့ တို့ အမျိုး တစ်ယောက် ယောက် နဲ့ တွေ့သွားရင် သတင်း ဟာ မေမေတို့ နား ကို ချက်ချင်း ရောက် သွားမှာ ။ မေမေ က မိုးကုတ် မှာ နေပေမယ့် သွဲ့ သတင်းတွေ ကို အမြဲ ထောက်လှမ်းနေတာ သိလား ။ မိုးကုတ် မှာ သွဲ့ နဲ့ သဘောတူ ထားကြတဲ့ အမျိုးသား တစ်ယောက် ရှိတယ် ။ မေမေတို့ နဲ့ စီးပွားဖက်တွေပေါ့ ။ ဒါပေမဲ့ သူ့ မှာ ငွေသာ ရှိတာပါ ။ ပညာ နဲ့ ရုပ်ရည် မှာ ကိုမျိုး ကို မမီဘူး ။ ပြီးတော့ သွဲ့ ချစ်တာ ကလည်း ဟောသည် က ကိုမျိုး ဆို ကိုမျိုး တစ်ယောက် တည်း ။ ကိုမျိုး က လွဲရင် ကျန်တဲ့ ယောက်ျားတွေ ဟာ ဖွဲ့နဲ့ ဆန်ကွဲ ချည်းပဲ ။ ဒါကြောင့် ချစ်ဖို့ မကောင်းဘူး ။ စာကလေးတွေ ကျွေး လိုက်တာပဲ ကောင်းပါတယ် နော် ။ ဟုတ်လား ကိုမျိုး ” 


သို့ ထုံးစံအတိုင်း ဟာသ နှောပြီး စကား ကို အဆုံးသတ်သွားသည် ။ အကျိုးသင့် အကြောင်းသင့် ရှင်းပြကာ မိန်းကလေးက ချော့နေတော့ ကိုယ့် မှာ စိတ်ဆိုး၍ မဖြစ် ။


ထားလိုက်ပါလေ ။ ချစ်ခြင်းပြိုကွဲ မှာ စိုးရိမ်၍ မုသားစကား ဆိုခဲ့သည် ။


သို့သော် ကိုယ်တို့ ချစ်ခြင်း နှင့် ဘာမျှ မဆိုင်သော ကိုယ့် ဖေဖေ သည် ဘာကြောင့် ကျောင်းအုပ်ဆရာကြီး ဖြစ်သွားရသနည်း ။ ကိုယ့် ဖေဖေသ ည် ဥယျာဉ်မှူး မဟုတ်ဘဲ ညွှန်ကြားရေးမှူး ဖြစ် လျှင် “ ဒါဟာ သွဲ့ ချစ်သူ ပါရှင် ” ဟု ဆွေမျိုးများ ကို ရဲဝံ့စွာ ဂုဏ်ဖော်လေမည်လား ။


ကိုယ့် မကျေနပ်ချက်များ ကို သွဲ့ ထံ ပြန်လှန် မေး မနေတော့ဘဲ ဝေဒနာကို ရင်မှာ မြှုပ်နှံထား လိုက်သည် ။


•••••   •••••   ••••• 


အချစ်လမ်း တွင် လက်တွဲ မပျက် ဆက်လက် လျှောက်လှမ်း နေစဉ် စာသင်နှစ် အဆုံးပိုင်း သို့ ရောက်လာသည် ။


သွဲ့ လက် ကို ဖြုတ်၍ စာအုပ်ကိုင်သည် ။ သွဲ့ အဆောင် ကို ရှောင်၍ အခန်းချောင်ကြား စားပွဲ ထားကာ စာဖတ်အား ဖြည့်ရသည် ။ ကိုယ်တို့ နှစ်ဦးသည် အချစ် နှင့် စာမေးပွဲ ကို မရောထွေး ရအောင် သီးသန့် ခွဲခြား ထားသည် ။ နှစ်ဦး နားလည်မှု ယူ၍ တစ်ဖက် တွင် အာရုံစု ထား သော်လည်း တစ်ခါ တစ်ခါ တွင် ချက်ချင်း ပြေးတွေ့ချင်စိတ် တို့ ပေါ်ပေါက် လာတတ်သည် ။ “ စာမေးပွဲ အောင်လို့ ဘွဲ့ရမှ သွဲ့ နဲ့ မြန်မြန် နီးရမှာမို့ ကြိုးစား ဖတ်လိုက်စမ်း ငမျိုး ” ဟု ကိုယ့် ကိုယ် ကိုယ် ဆုံးမ နေရသေးသည် ။ 


သွဲ့ သည် ကိုယ့် ထက် စော၍ စာမေးပွဲ ပြီး သွားသည် ။ အဆောင် မှ မြို့ ထဲ အိမ်သို့ ပြောင်းရွှေ့ နေသည် ။


ကိုယ့် စာမေးပွဲ နောက်ဆုံးနေ့ တွင် သွဲ့ ထံမှ စာတစ်စောင် နှင့် အထုပ် တစ်ထုပ် ရောက်ရှိ လာသည် ။


ကိုမျိုး ရေ ...

      မတွေ့ရတာတောင် အတော်ကြာပြီနော် ၊ လွမ်းတယ်ကွယ် ။

      သူတို့ စာမေးပွဲ ၁၅ ရက်နေ့ ပြီးမယ်နော် ။ ၁၇ ရက်နေ့ ပြန်ကြရအောင် ၊ မမေ့နဲ့ နော် ။ သွဲ့ တို့ လည်း ၁၇ ရက်နေ့ ပြန်မယ် ။ မေမေ ရောက် နေလို့ မိုးကုတ် အပြန်မှာ မေမေ လည်း ပါမယ် ။ ဘူတာကြီး ရောက် မှ ဆုံကြတာ ပေါ့နော် ။

     သူ့ အတွက် စိန်လက်စွပ် တစ်ကွင်း ၊ လက်ပတ်နာရီ ၊ ဘောင်းဘီရှည် နဲ့ ရှပ်အင်္ကျီတွေ ပေး လိုက်တယ် ။ ဘူတာ လာတဲ့ အခါ ဝတ်ခဲ့နော် ။ ဒါဆိုရင် သွဲ့ ချစ်သူ ဖြူဖြူချောချောကြီး ဟာ အပျံစား ဖြစ်သွားပြီကွ ။

      ဘူတာ မှာ မေမေ နဲ့ ကိုမျိုး ကို မိတ်ဆက် ပေးမယ် ။ အဲဒီတော့ သွဲ့ တို့ အကြောင်းကို အရိပ်အမြွက် ပြောပြ လိုက်မယ် ။

      ဆံပင် ညှပ်ခဲ့နော် ၊ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ လည်း ရိတ်ဖို့ မ မေ့နဲ့ ။ ပြီးတော့ စီးကရက် သောက် မလာနဲ့ ။ မေမေ က ဆေးလိပ် မကြို က်ဘူး ။

          အချစ်များ စွာဖြင့်

                   သွဲ့


သွဲ့ စာ ကို ဖတ်ပြီး နောက် သွဲ့ ပေးလိုက်သော အထုပ် ကို ဖြေလိုက်သောအခါ အင်္ကျီ ဘောင်းဘီ နှင့် စက္ကူဘူးငယ် နှစ်ခု ကို တွေ့ရ၏ ။ တစ်ဘူး တွင် နာရီ ပါ၍ တစ်ဘူး တွင် စိန်လက်စွပ် ပါသည် ။ မိုးကုတ်သူ သူဌေးသမီး သွဲ့ သည် ရမည်းသင်းသား အညတရ ကိုယ့် ကို ရာကျော်တန် အင်္ကျီ နှင့် ဘောင်းဘီ ၊ ထောင်ကျော်တန် နာရီ နှင့် သောင်းကျော်တန် လက်စွပ်တို့ ကို ဝတ်ဆင်စေ၍ ပွဲထုတ် တော့မည် ။


သွဲ့ ပေးသမျှကို အစမ်း ဝတ်ကြည့်သည် ။ မှန် ထဲ တွင် ပေါ်နေသည့် ကိုယ့် ရုပ်သွင် ကို ကြည့်လိုက်သည် ။


‘ သူဌေး သမက် ဆိုသည် မှာ ဒီလို အင်္ဂါရုပ် ထင်ပါရဲ့ ’ ဟု ကိုယ့် ဘက် ကိုယ် ယက်၍ တွေးမိ သေးသည် ။


•••••   •••••   ••••• 


ကိုယ် သည် အပြန်အလှန် စဉ်းစားပြီး နောက် ဘူတာကြီး သို့ ထွက်ခဲ့သည် ။

အထက်တန်းတွဲ အဝင်ဝ တွင် သွဲ့ တို့ အုပ်စု ကို တွေ့သည် ။ စိန်ရောင် ၊ ရွှေရောင် တို့ ဖြင့် ပြောင်လက် နေသောကြောင့် အဝေး က ပင် မြင်သာပါ သည်  ။


သွဲ့ တို့ နှင့် မလှမ်းမကမ်း တွင် ကိုယ် ရပ်လိုက်သည် ။ ကိုယ့် ကိုယ်ပိုင် အဝတ် ထဲ မှ ( အကောင်းဆုံး ဟု ထင်ရသည့် ) အဝတ်နွမ်းတွေ ဝတ်ထား သော ကိုယ့် ကို သွဲ့ တွေ့မြင်သော အခါ မျက်စိမျက်နှာ ပျက် သွားကြောင်း ကိုယ် သိလိုက်သည် ။ သွဲ့ ပေးသမျှ ကို မဝတ်သည် မှ လွဲ၍ သွဲ့ အလိုကျ ( သွဲ့ မေမေ အလိုကျ အရှင်းသန့်ဆုံး အမွန်ရည်ဆုံး ပြင်ဆင် ထားပါသည် ။ ပြုံးပြရန် အားယူ လှုပ်ရှား နေသော ကိုယ့် နှုတ်ခမ်း တို့ ပင် လျှင် သွဲ့ မျက်နှာရိပ် ၊ မျက်နှာကဲ ကြောင့် နဂို နေသို့ ပြန် ရွေ့ သွားသည် ။


သွဲ့ မှာသည့် အတိုင်း ကိုယ် ဝတ် မလာသည့် အတွက် စိတ်ဆိုး လို က စိတ်ဆိုး နိုင်၏ ။


ကိုယ် သည် အရှိ ကို အရှိအတိုင်း တင်ပြသင့် ၊ မတင်ပြသင့် ကို ဘူတာ သို့ ထွက်ခွာနီး အထိ ၊ ဦးနှောက် တွေ ပွင့်ထွက်လုခမန်း စဉ်းစား ပြီးခဲ့ပြီ ။ သွဲ့ တွင် သတ္တိ ရှိလျှင် ကိုယ့်ဘဝ အမှန်အတိုင်း သွဲ့ မေမေ နှင့် မိတ်ဆက် ပေးသည် က သင့်လျော်ကြောင်း ကိုယ် ဆုံးဖြတ်ပြီး နာရီ ၊ လက်စွပ် နှင့် အဝတ် တို့ ကို ပြန် ချွတ်ခဲ့၏ ။


သွဲ့ ......


ကိုယ့် အကြောင်းတွေ ကို သွဲ့ ထံ အစအဆုံး ပြောပြီးပါပြီ ။


သို့သော် တကယ် လက်တွေ့ မျက်မြင် ကြုံတွေ့သော အခါ ချိုင်းထောက် ကို အားပြု၍ ဥယျာဉ် ထဲ တွင် တူးဆွ နေသော အဖေ နှင့် ရမည်းသင်း ဈေး ထဲ တွင် ကုန်စိမ်း ရောင်းနေသော အမေ တို့ ကို ယောက္ခမ တော်နိုင်ပါ့ မလား ။ နေပူ ထဲ တွင် ပြေးလွှား ဆော့ကစား နေသည့် ဗိုက်ပူနံကား ကိုယ့် ညီ နှင့် ညီမများ ကို ကိုယ် နှင့် တန်းတူ ထားပြီး ချစ်ခင်နိုင်ပါ့မလား ။


ကျောင်းသား ဘဝ က လို စိတ်ကူးယဉ် အချစ်ရေစီးကြောင်း မှာ မျောပါ နေလို့ မဖြစ်တော့ပေ ။ ဘွဲ့ ရလို့ တကယ့် ဘဝ ပင်လယ်ထဲ ရောက်သည့် အခါ ကြိုးစား ကူးခတ်ရတော့မည် ။ ကိုယ်တို့ နှစ်ဦး ပေါင်းသင်း လက်ထပ်ဖို့ ကြိုးစားရ တော့မည် ။ ကိုယ့် ကို တစ်သက်လုံး လက်တွဲဖို့ ရည်ရွယ် ထားလျှင် တစ်ခဏမျှ ဟန်ဆောင် စေခြင်းသည် အလဟဿ ဖြစ်၏ ။ ဟန်ဆောင်မှု ဟူသည် တစ်ခဏ သာ ရမည် ။ တစ်နေ့ တွင် သွဲ့ မေမေ သိမည် ။


ကိုယ် နှင့် သွဲ့ တို့ နှစ်ဦးတည်း သာ ပေါင်းဖက်သည် ဆိုသော်လည်း တစ်နေ့တွင် ကိုယ့် ဝန်းကျင် သွဲ့ ဝန်းကျင် ကူးလူး ဆက်ဆံရမည် ဧကန် ။ ထိုအခါတွင် သွဲ့ ၌ ခံနိုင်ရည် ရှိရန် များစွာ လိုသည် ။ နှောင်းခါမှ သွဲ့ တွင် စိတ်ပျက်ခြင်း ၊ စိတ်ကုန်ခြင်း ၊ ယူကျုံးမရ ဖြစ်ခြင်း ၊ ခွဲခွာလိုခြင်း ၊ နောင်တ ရခြင်း မဖြစ်စေလိုသည် မှာ ကိုယ့် စေတနာ ။


အစိုးရထောက်ပံ့ကြေး ဖြင့် ကျောင်းတက် နေရသော ကိုယ့် ကို ( အများစု ထဲ မှ ရွေးချယ်၍ ) အသည်းအသက်တွေ စုပုံပြီး ချစ်ရဲသော သွဲ့ မေတ္တာတရား ကို ကိုယ် သိသော်လည်း သွဲ့ သတ္တိ ကို ကိုယ် သိလိုသည့် အတွက် အဝတ်နွမ်း သာ ဝတ်ခဲ့ပါသည် ။


သွဲ့ ကဲ့သို့ ကိုယ့် အပေါ် မေတ္တာတရား ကြီးမားစွာ ချစ်သော ချစ်သူ တစ်ဦး သည် ကိုယ့် ဘဝတွင် နောက်ထပ် ပေါ်ပေါက်လာရန် ခဲယဉ်းသောကြောင့် လက်လွတ် ဆုံးရှုံး သွား မှာ ကို ကိုယ် သိပ်ကြောက် မိသည် ။ သွဲ့ တို့ ကန့်သတ်နယ်မြေ ထဲ ကို စိန်လက်စွပ် ဝတ်ပြီး ဟန်ဆောင် ဝင်ရောက်ရမှာ လည်း ကိုယ် သိပ် ကြောက်မိသည် ။ ထို့ကြောင့် ရှေ့ ဆက်ရမည့် ချစ်ခရီးလမ်း သည် သွဲ့ ၏ လက်ယပ်ခေါ်မှု ပေါ်မှာ တည်သည် ။ သွဲ့ လက်တွင် သွဲ့ အင်အားသတ္တိများ စုတည်ပါသည် ။


သွဲ့ ၏ လက် အလှုပ် ၊ ပါးစပ် အဖွင့် ကို ကြည့်၍ ကိုယ် သည် မျှော်လင့်တကြီး စောင့် နေရသည် ။


“ ခေါ်ပါတော့ သွဲ့ ၊ ကိုယ် မောလှပါပြီကွယ် ” 


•••••   •••••   ••••• 


ရထား ထွက်ရန် ငါးမိနစ် သာ လိုတော့သည် ။ သွဲ့ တို့ သားအမိ သည် လိုက်ပို့သူများ ကို နှုတ်ဆက်၍ အထက်တန်းတွဲ ပေါ် တက် သွားသည် ။ သွဲ့ သည် ကိုယ့် ကို စောင်းငဲ့၍ သော်မျှ မကြည့် ။ ကိုယ့် မျှော်လင့်ချက်တို့ ကုန်ဆုံးပြီ ။


သွဲ့ ကို ကိုယ် အပြစ် မတင်ပါ ။ သွဲ့ မှား ၍ ကိုယ် မှန်သည် ။ ကိုယ် မှန် ၍ သွဲ့ မှားသည် ဟု လည်း ဆုံးဖြတ်ချက် မချလိုပါ ။ ဝမ်းနည်းခြင်း တော့ ဖြစ်မိသည်  ။


ရန်ကုန် မန္တလေး အမြန်ရထား သည် ဘီးလိမ့်စ ပြုသောအခါ ရိုးရိုးတန်း တွဲ ပေါ် သို့ ခုန်တက် လိုက်သည် ။ ခရီး တစ်ခုတည်း ကို ယာဉ်ရထား တစ်စီးတည်း ဖြင့် အဆင့်အတန်း မတူညီစွာ သွားနေကြရပြီ ။


သွဲ့ ပေးထားသည့် လက်စွပ် ၊ နာရီ စသော ပစ္စည်း အားလုံး ကို မန္တလေး အထိ လိုက်ပါမည့် ကိုမန်းဘဲ နှင့် ထည့်ပေး လိုက်သည် ။ မန္တလေး ရောက် လျှင် သွဲ့ လက် ထဲ ထည့်လိုက်ပါ ဟု မှာ ခဲ့သည် ။


ကိုယ် သည် ရမည်းသင်း ရောက် လျှင် ဆင်းရတော့မည် ။ သွဲ့ သည် မန္တလေး ရောက်မှ ဆင်း၍ မိုးကုတ် သို့ ခရီး ဆက်ရမည် ။ ထို့ကြောင့် မကြာမတင်သော ကာလတွင် ကိုယ် သည် ပထမဆုံး ခွဲခွာသူ ဖြစ်ပေသည် ။


အမျက် လည်း မထားပါ ။ အပြစ် လည်း မပွားပါ ။ မေတ္တာများစွာဖြင့် ခွဲထွက်သွားပါမည် ။


ကိုရိုးကွန့်

စန္ဒာမဂ္ဂဇင်း

၁၉၈၅ ၊ မတ်လ 

No comments:

Post a Comment