❝ တောင်ပြန်လေ နှင့် အတူ ❞
( တင်တင်ဦး )
( ၁ )
ဆောင်းနှင်းရွက် တို့ ကြွေသက်စ ပြုပြီ ။
နွေဦးလေ သည် ဘယ်တော့မှ အတည်မကျ ပြေးလွှား၍ သာ နေ၏ ။
သူ့ လမ်း ၌ ကြွေကျခဲ့သည့် သစ်ရွက် တစ်ရွက် ကို တော့ သိ မှ သိခဲ့ပါလေစ ။
တကယ်တော့ ‘ အထွန်း ’ ဆိုသည် မှာ လည်း ဦးတည် ရာမဲ့ ပြေးလွှား လျက် ရှိသည့် နွေဦးလေ ဟု သာ ခင်မမ ဆိုချင်သည် ။
လမ်း ရှိသမျှ အရာရာ ကို ဝင်ရောက် မွှေနှောက် ထား ခဲ့ပြီး အဝေး သို့ တစ်ဖန် ပြေးလွင့် ပျောက်ကွယ် သွားပြန် သည် ။
သူ့ မှာ ဘာ တစ်ခုမျှ အဆုံးအဖြတ် မရှိ ။
ဘယ်တွင် အဆုံးသတ် လေမည် လည်း မသိ ။
( ၂ )
မနေ့က အထွန်း အိမ် ပြန် ရောက်သည် ။ နေ မကောင်း ၍ ခွင့်ရက်ရှည် နှင့် အနားယူ ရန် လာသည် ဟု ဆို၏ ။ ခြောက်နှစ် ကျော် ခုနစ်နှစ် နီးပါး လွင့် နေပြီး ကာ မှ မမျှော်လင့်ဘဲ ဗြုန်းစားကြီး တွေ့ ရတော့ အားလုံး က တအံ့တသြ နှင့် ။
“ ဒီလောက် အကြာကြီး ခွဲနေတာ တောင် ငါ့ မြေး ဆီ က ရယ်လို့ ပြ စရာ အလွမ်းပြေ စာလေး တစ်စောင် တောင် ရေးဖော် ရရဲ့လား ဟင် ”
အဘွား သည် မျက်ရည် ကို လက်ဖမိုး နှင့် သုတ်ရင်း ဝမ်းသာ ဝမ်းနည်း ဆီး၍ အပြစ် တင်၏ ။
“ တီဘီများလား မှ မဆိုနိုင်ဘဲ ၊ တို့ ကွယ်ရာ မှာ ဖြစ် ချင်တိုင်းဖြစ်ပြီး အရက်များ စွဲ နေပြီလား ဟယ် ” ဟု အမေ သည် စိုးရိမ်မကင်း ဆို၏ ။
“ အထွန်း ရယ် သွားစ က ဆိုရင် ညတိုင်း အထွန်း ကို အိပ်မက်တွေ မက် လိုက် ရတာ မပြောပါနဲ့တော့ ” ဟု မယဉ်လှကြီး က လည်း မီးဖိုချောင် မှာ ဟင်းချက် နေရာမှ ကမန်းကတန်း နှင့် ယောက်မကြီး မေ့ ပြီး ကိုင် လာကာ ပြေး ထွက် နှုတ်ဆက် ၏ ။
“ မင်း နှယ် ကွာ ဒီ အရွယ် ကတည်း က ငါ့ လောက် မှ ကျန်းမာရေး မကောင်းဘူး ”
အိမ် ပေါ် ထပ် မှ ဆေးတံ ဆေး ထည့်၍ ဆင်း လာ သော ဖေဖေ က ပြော၏ ။
“ အစ်ကိုကြီး က ဒီတိုင်း ဒီတိုင်းပဲ နော် ၊ ကျွန်တော် က တောင် အစ်ကိုကြီး ထက် အရင် အရွယ် ကျ လွယ် မလားပဲ ”
အထွန်း သည် ခင်မမ ၏ မေမေ ကို အန်တီလေး ဟု ခေါ်သော်လည်း ဖေဖေ့ ကို မူ ငယ်စဉ် ကတည်း က နှုတ် ကျိုး နေ၍ အစ်ကိုကြီး ဟု ခေါ်၏ ။
ဖေဖေ သည် ပါးစောင် မှ ဆေးတံ ကို ချွတ်၍ သဘောကျ စွာ ရယ် လိုက်သည် ။ အထွန်း ၏ အပြုံး သည် အရင် က လိုပင် လွတ်လပ်ပေါ့ပါး ဆဲ ရှိ သော်လည်း မျက်လုံးတို့ က မူ မှုန်ငေး ရီဝေ ၍ နေ ကြသည် ။ ပါးရိုး ၊ မေးရိုးများ ငေါ နေကာ မျက်ကွင်း နားထင်များ ကျ နေ သည် ။
သူ့ ကို ကြည့် ၍ ခင်မမ စိတ်မကောင်း ဖြစ်ရသည် ။ အခန်းထောင့် တစ်နေရာ မှာ ခင်မမ သည် ငြိမ်သက် စွာ ရပ်ကြည့် နေမိသည် ။
“ ဟေး …. ခင်မ ၊ နင် လည်း ကျောင်းသူ ဘဝ ကနေ ကျောင်းဆရာမ သာ ဖြစ်သွားတယ် ။ အိမ် နဲ့ ကျောင်း ၊ ကျောင်း နဲ့ အိမ် ပဲလား ။ ခရီးလေး ဘာလေး ထွက်ကြည့် ပါလား ၊ အညာ တို့ ရှမ်းပြည်ဘက် တို့ ”
ခင်မမ သည် ပြုံး နေမိ၏ ။ ထို့နောက် အပေါ် ထပ် သို့ ခင်မမ နှင့် အတူ တက်ခဲ့ ကြသည် ။ အရင် သူ နေ သွားသည့် အခန်း သူ့ အိပ်ရာဟောင်းလေး ကို ဟိုဟိုဒီဒီ ကြည့်သည် ။ လက်ဝဲ ဘက် က သူ့ စာအုပ်စင် သည် ပင့်ကူအိမ်များ ကြား မှာ တွေးတောနေသည် ။ သူ ထားပစ် ခဲ့ ၍ ကြာရှည် ကြာမြင့် အထီးကျန် နေခဲ့ရသည့် လက်ယာ နံရံဘက် က စောင်းကောက် သည် လည်း တိတ်တိတ် ဆိတ်ဆိတ် ။
“ တစ်ခါတစ်ရံ လည်း ငါ့ အခန်းလေး ကို သတိရ မိ သား ”
ယခုတိုင် အထွန်း ဘာ တစ်ခွန်းမျှ မဟ ၊ ဘယ်သူမှ လည်း စ မမေးမိ ကြသော စကား တစ်ခု ကို ခင်မမ သည်းခံ မစောင့်နိုင်တော့ဘဲ မေးလိုက်၏ ။
“ အထွန်း နင့် အမျိုးသမီး ကော နေကောင်းလား ”
သူ သည် ပြတင်းတံခါး ကို တွန်း ဖွင့် လိုက်သည် ။ သရက်ကိုင်း တစ်ကိုင်း အထွန်း ၏ ပြတင်း ဝ မှာ ထိုး နေသည် ။
“ ဒီ သရက်ပင် ခုထိ ပွင့် တုန်းပဲ နော် ”
ငယ်စဉ်က ဤ ပြတင်းပေါက် မှ တက်ကာ လက် လှမ်း မမှီတမီ နှင့် သရက်သီး ခူးစား တတ် သော အထွန်း ကို ခြေချော် ကျမည် စိုး၍ အဘွား မကြာခဏ ဆူ ခဲ့ ရသည် ။
ပူအိုက်သော နွေရက်များ ၌ ဤ သရက်ပင် အောက် မှာ ပက်လက်ကု,လားထိုင် တစ်လုံး နှင့် စာကျက်မည် ဟု ဆင်း လာသော အထွန်း ကို စာအုပ် ရင်ဘတ် မှာ တင် ကာ အစဉ် အိပ်ပျော်၍ ချည်း တွေ့ ရ တတ်သည် ။
“ အထွန်း နင့် သားလေး ကော ကျောင်း နေပြီလား ”
“ နေရောပေါ့ ”
သူ သည် အပြင် သို့ ငေး နေသည် ။ သူ့ ဖြေပုံ မှာ တစ်မျိုး ဖြစ်နေ၍ ခင်မမ နား မလည်နိုင် ။ သိပ် ပြောချင်ပုံ မရ ဟု တွေးကာ ဘာမျှ ဆက်မမေးမိတော့ ။
“ ကွဲသွားတာ ကြာပြီ ခင်မ ။ ငါ့ သား ဖြူလား ၊ မည်း လားတောင် ငါ မသိဘူး ”
သူ သည် ပြတင်းပေါက် တွင် တံတောင်ဆစ် နှစ်ဖက် တင်၍ ရပ်လျက် အတန်ကြာ အောင် ငြိမ် နေသည် ။ ပြီးတော့မှ ဟူးခနဲ သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက် ၏ ။
“ ဒါတွေ မေး မနေပါနဲ့တော့ ခင်မ ရာ ၊ အားလုံးဟာ လေ နဲ့လွင့် သွားပြီ ”
သူ သည် လက်ဟန် ခြေဟန် နှင့် ပြောကာ ရယ်မော လိုက်သည် ။ ရယ်ရွှန်း ပတ်ရွှန်း ပြော နေသည့် ကြား မှ ပင် မျက်လုံးတို့ က မှိုင်းညို့ရီဝေ ၍ နေကြသည် ။ သူ့ ကို ကြည့်ရင်း ခင်မမ သည် အလိုလို ရင်မော နေမိသည် ။ သူ သည် အရာရာ ကို မေ့မေ့လျော့လျော့ ထားချင် နေ ပုံ ရ၏ ။
ဘာပဲ ပြောပြော ဒီ ရောက် တော့ အထွန်း ပြန်လည် လန်းဆန်း လာသည် ထင်သည် ။ မကြာမီ အထွန်း တစ်ယောက် ကို ဖမ်း မမိတော့ ။ အိမ် မှာ ပျင်းသည် ဟု ဆိုကာ အပြင်ချည်း ထွက်လည် နေရာ ညတိုင်း မိုးချုပ် မှ ပြန် ရောက် လာတတ်၏ ။ အထွန်း နှင့် ပတ်သက်၍ အထဲ ဝင် ပြင်ထွက် တစ်မိသား တည်းပမာ ဝင်ရောက် စားသောက် နေခဲ့ကြသည့် မိတ်ဆွေဟောင်းများ လည်း ပြန် ပေါ်လာ ကြ၏ ။
ပန်းကန် ကျကွဲသံ ၊ သီချင်းဆိုသံ ၊ ဆူဆူညံညံ ရယ် မောကြသံ ။ ညကြီး အချိန်မတော် မှာ အော်ဟစ် ငြင်းခုံသံ ။ “ ဟဲ့ .. ဘေး ပတ်ဝန်းကျင် က အရက် မူးပြီး ရန်ဖြစ် နေကြ တယ် ထင် နေဦးမယ် ။ ဖြည်းဖြည်းသက်သာလည်း ပြောကြဦး ” ဟူသော မေမေ ၏ တားမြစ်သံ တို့ ကို ကြား လာရ ပြန်သည် ။ ဂေါတမဗုဒ္ဓက စ ကာ လီယွန်တေ့ဗ် ဘောဂဗေဒ သို့ ရောက်လိုရောက် ဘွန်ကိန်ချာတာဂျီ ၏ စာပေ ကနေ ဂီတဝိသောဓနီ သို့ ရောက် လို ရောက် နှင့် အထွန်း နှင့် ဖေဖေ တို့ ၏ စကားဝိုင်း မှာ လည်း ည ၁၁ နာရီ နှင့် မပြီး ။ ဟိုတုန်း က လို ပင် ခင်မမ နှင့် စစ်တုရင် ကစား သည့် အခါ ကစား ၍ တစ်ခါတစ်ရံ ညများ မှာ တော့ သူ့ သားငယ် ကို သတိရ လေသလား ။ အိမ်ဘေး ပတ်ဝန်းကျင် က ကလေးများ ကို ခေါ်ကာ အထွန်း စာသင် ပေး နေ တတ်၏ ။ တစ်ခါတစ်ရံ ညဉ့်နက် သန်းခေါင် မှာ ထွက်ပေါ် လာ တတ်သော အထွန်း ၏ စောင်းမှ တောမြိုင် ခြေလမ်း ယိုးဒယား တို့ သာဆန်းရဂုံဗွေပတ်ပျိုး တို့ သည် လသာသာမှာ လွမ်းမောစရာ ပင် ။
“ အထွန်း ရယ် ကျန်းမာရေး မကောင်းဘူး လည်း ဆိုသေး ၊ အချိန်မှန် စား အချိန်မှန်မှန် လည်း အိပ် ဦးမှပေါ့ ”
မနေနိုင် ၍ အဘွား က ပင် တားယူ ရသည် ။
အရာရာ သည် ဟိုတုန်း က လို အသစ် တစ်ဖန် ဖြစ်လာ ရ ပြန်သည် ။
( ၃ )
ဦးလေးစိုး နောက် အိမ်ထောင် မပြုခင် ကတည်း က အထွန်း ဘွားဘွား ဆီ ရောက် လာ၏ ။ မအေ ဆုံးပြီး စ ကလေး စိတ် လွင့်မည် စိုးသည် က တစ်ကြောင်း ၊ စီးပွားရေး နှင့် သာ လုံးထွေး နေရ၍ ကလေး ကို ဂရုစိုက်ချိန် မရ သည်က တစ်ကြောင်း ဟု အကြောင်း ပြ ကာ ဦးလေးစိုး သည် အထွန်း ကို အဘွား ဆီ ပို့လိုက်၏ ။ ဦးလေးစိုး လွတ်လွတ်လပ်လပ် နောက် အိမ်ထောင် ပြုလိုသည် ကလည်း တစ်ကြောင်း ပါ လိမ့်မည် ထင်သည် ။ ထိုစဉ်က အထွန်း စတုတ္ထတန်း ပဲ ရှိသေးသည် ။ နောက် ဦးလေးစိုး အရောင်းအဝယ် လုပ်ငန်းမှာ အရင် က ထက် တွင်ကျယ် လာသည် ကြားရ၏ ။ မကြာမီ ဦးလေးစိုး နောက် အိမ်ထောင် ပြု လိုက်သည် ဟု ကြားရ၏ ။
ထို ကတည်း က ဦးလေးစိုး သည် ပြည် နှင့် ရန်ကုန် ခရီး လောက် ကို ပင် သား ထံ တစ်ခေါက်တလေ လာ တွေ့ ဖော် မရ ၊ စာလေး တစ်စောင် တောင် မရေး ၊ အထွန်း အတွက် ဟူ၍ တစ်ပြား တစ်ချပ် မျှ သတိတရ ပို့ ပေးသည် မရှိ ။ အထွန်း မှာ မူ စိတ် နာ သည်လား သို့မဟုတ် ဤ အသိုက်အမြုံ မှာ နေသား ကျလာ၍ မေ့မေ့ပျောက်ပျောက် ရှိ နေသည် လား မသိ ။ သူ့ အဖေ ကို ယောင်၍ မျှ စကား ဟဟ မမေးဖူး ။ ဘာပဲ ဖြစ်ဖြစ် အဘွား က မူ သွားလေသူ သမီး ကိုယ်စား ကိုယ်ပွား တစ်ခု အဖြစ် အထွန်း ကို အလို လိုက် ၍ မဆုံး ။ မေမေ သည် သူ့ အစ်မ ကို သတိရ တိုင်း ဥမမယ် စာမမြောက် မိတဆိုးလေး အထွန်း ကို သနား ၍ မဆုံး ။ သူ့ ထက် ငယ် သော်လည်း သူ့ အနွံအတာ ကို သည်းညည်းခံ ခွင့်လွှတ် တတ်သော ခင်မမ ကြောင့် လည်း ဤ အသိုက်အဝန်း မှာ အထွန်း ပို၍ ပျော်ပိုက် လာပုံ ရ၏ ။ ကျောင်း နေရ ပြန်တော့ ခင်မမ အဖေ ဖွင့် ထားသည့် အလွတ် ပညာသင်ကျောင်း မှာ နေရ ပြန်ရာ အထွန်း မှာ လွတ် နေတော့၏ ။ ကျောင်း မှာ ဘယ် ဆရာ မှ မကြောက် ၊ ဘယ်သူ့ မှ ဂရုမစိုက် ထင်ရာစိုင်း နေသော အထွန်း ကို အဘွား က ‘ ဒင်း တော့ တစ်ကျောင်း ပြောင်း မှ ဖြစ်မယ် ’ ဟု ဆူပူ၏ ။ သည်တော့ ဘယ် ဖြစ်မလဲ အဘွား ၊ ခင်မ တစ်ယောက် တည်း ဖြစ်နေမှာပေါ့ ဟု အထွန်း က ဆို၏ ။
“ နင့် အပူ မဟုတ်ဘူး ၊ ခင်မမ က လိမ္မာတယ် ။ ဘာ တစ်ခွန်း မှ ပြောဖို့ ဆိုဖို့ မလိုဘူး ”
သို့သော် တစ်နှစ် တစ်တန်း တော့ အထွန်း မှန်မှန် အောင်သည် ။ တက္ကသိုလ် သို့ ခင်မမ ထက် နှစ်နှစ် စော၍ ရောက်သည် ။ တက္ကသိုလ် ရောက်သည် အထိ အထွန်း မှာ အချိုး က မပြောင်း ။ တစ်ခါတလေ အတန်း မပြီးသေး သည် ကို မြင်လျက် ခင်မမ ကို အပြင် မှ လှမ်း ခေါ်နေ တတ်၏ ။ မလိုက် လျှင် စိတ် ဆိုးမည် စိုး၍ ခင်မမ မှာ လက်ချာ လိုက်နေရင်း တန်းလန်း လည်း စာအုပ် ပိတ်ကာ ထလိုက် သွားရ တတ်သည် ။ ပြီးတော့လည်း ဘာမျှ မဟုတ် ၊ အင်းလျား မှာ ဘူးသီးကြော် သွား စားမည် ဟု ဆိုသည် ။ ထို့နောက် ဘူးသီးကြော်ပွဲ နှင့် ခင်မမ ကို ထား ကာ စာအုပ် ကို ခေါင်းအုံး ပြီး ရေစပ်ဘေး ခုံတန်းလျား လေး၌ လေညင်း ခံရင်း စိတ်လွတ် လက်လွတ် အိပ်ချင် အိပ် နေ တတ်သည် ။
“ ကြည့်စမ်း …. ဒီလို နေရတာ ဘယ်လောက် အေး ချမ်းသလဲ ၊ တစ်နေ့ လာ လည်း စာသင်ခန်း စာသင်ခန်း နဲ့ အိမ် နင် မငြီးငွေ့ဘူးလား ” ဟုလည်း ခင်မမ ကို လှမ်း ပြောတတ် သေးသည် ။
တစ်ခါတလေ ရုပ်ရှင် ညပွဲ အတင်း ခေါ်သွားကာ အပြန် မှာ ကား မစီးရဘဲ သူ နှင့် အတူတူ လမ်းလျှောက် ပြန် ခိုင်းသည် ။ ကား အသွား အလာ ရှင်းပြီး ညဉ့်လေပြည် တိုက်ခတ် နေသည့် လရောင် အောက် ကတ္တရာလမ်း ပေါ် မှာ သူ သည် သူ့ အကြိုက် “ ဘာလီကျွန်းက ချစ်သူ ” အမည် ရှိ တေး တစ်ပုဒ် ကို အေးအေးဆေးဆေး လေချွန် ညည်းရင်း လိုက်ပါ လာ တတ်သည် ။
ညဉ့်နက် မှ အိမ်ပြန် ရောက် ကြလျှင် အမေ က ဆီး၍ ဆူ၏ ။
“ အောင်မယ်လေး ဟယ် ၊ ဒီအချိန် ဒီလောက် အဝေး ကြီး လမ်းလျှောက် ပြန်ကြရ သလား ”
“ အန်တီလေး က လည်း ဒီလောက်လေး မှ တစ်ခါ တလေ လျှောက် မပေးရင် ဒီထက် ဆိုးတဲ့ လမ်းလျှောက် ရမယ့်ခါ ကျ ဘယ့်နှယ် လုပ်မလဲ ”
တခြား အချိန် မှာ ဘယ်လို နေနေ အထွန်း တစ် ယောက် စာမေးပွဲ မှန်မှန် ဝင် ဖြေသည် ကို ပင် အားလုံး က ကျေးဇူး တင် နေကြရသည် ။ တဖြည်းဖြည်း တော့ တည်ငြိမ် လာမှာပေါ့လေ ။ သူ့ ဘာသာ သူ ထိန်း လာနိုင် မှာ ပါ ဟု မရဲတရဲ ယုံစ ရှိသေးသည် ။ ဘာစိတ် ဘာလက် ပေါက်သည် မသိ ။ နောက်ဆုံးနှစ် ရောက်ကာ မှ “ ကျွန်တော် စာမေးပွဲ မဖြေတော့ဘူး ” ဟု အထွန်း က ဆိုလာ၏ ။ နယ် မှာ အလုပ် သွား လုပ်မည် ဟုလည်း ပြောသည် ။
“ ကွာ ... အလုပ် လုပ်တာ က လည်း နယ် မှာ မှ လား ၊ ဒီမှာ လုပ်ချင် လည်း ရပါတယ် ”
“ မထူးပါဘူး ကိုကြီး ရာ ၊ ဒီနေရာ ဒီနေရာ ချည်း ငြီးငွေ့ တယ် ။ တစ်ခါတလေ အတွေ့ အကြုံသစ် ရှာချင်သေးတယ် ”
မှတ်မှတ်ရရ ခင်မမ တို့ စေ့စပ်ပြီး နှစ်ပတ် လောက် ပဲ ရှိလိမ့်ဦးမည် ထင်သည် ။
“ နင် က ဘာလဲ ၊ ငါတို့ နဲ့ မနေချင်တော့ဘူး ပေါ့ ”
“ မနေချင်ဘူး လည်း မဟုတ်ပါဘူး ခင်မ ရာ ၊ တစ်မျိုးပဲလေ ။ အထီးတည်း ဘဝ ဟာ ငါ့ အဖို့ အဆန်း တော့ မဟုတ်တော့ပါဘူး ”
သူ သည် တွေ နေ၏ ။ ပြီးတော့ အထူးအဆန်း စကား တစ်ခု ဆိုသည် ။
“ ခင်မ နင် တကယ် လက်ထပ် မှာ လား ၊ ဟုတ်လား ”
“ ဪ … တကယ် လက် မထပ်လို့ ငါ က အပျော် လုပ်ရမှာလား ”
သူ သည် စီးကရက် တစ်လိပ် ကို မီးညှိ သောက် ကာ မီးခိုးငွေ့များ ကို ဟူးခနဲ အပေါ် သို့ မှုတ်ထုတ် လိုက်သည် ။
“ လွတ်လပ် အေးချမ်း နေတဲ့ ဘဝလေး တစ်ခု ကို ဘာလို့ ဒီလောက် လွယ်လွယ် မြှုပ်နှံသင်္ဂြိုဟ် ပစ်ချင် ရတာလဲ ”
“ ဘာတွေ လာ ပြော နေတာလဲ အထွန်း ရယ် ၊ အားလုံး လူကြီးတွေ သဘော ပါ ”
သူ သည် ခနဲ့ပြုံး ပြုံး လိုက်သည် ။
“ ဒီမယ် ... ခင်မ ၊ လောက မှာ ခေါင်းညိတ် တတ်တာ တစ်ခုက လွဲ လို့ တခြား ဘာမှ မတတ်တာဟာ ပုတ်သင်ညို မဟုတ်ဘူး ၊ ခင်မမ ပဲ ”
“ ငါ က ဘာ လုပ်နေလို့လဲ ”
“ ဘာမှ မလုပ်လို့ပေါ့ ”
သူ သည် သောက်လက်စ စီးကရက် ကို အပြင် သို့ လွှင့်ပစ် လိုက်သည် ။.
“ ကုန်သည် ပွဲစား ဆိုတာတွေ မှာ တရားတယ် ဆိုတာ မရှိပါဘူးကွာ ။ လိမ် ရမလား ၊ ခိုး ရမလား ၊ တိုက် ရမလား ၊ လူတောင် သ,တ်ချင် သ,တ်ဦးမှာ ။ သူတို့ ပိုက်ဆံ ရဖို့ က လွဲရင် တခြား ဘာ အမြင်မှ ရှိတာ မဟုတ်ဘူး ။ ဒီနေ့ တောင် ဟိုက်ဇွမ် မှာ ငါ နဲ့ တွေ့ ခဲ့ပါသေးတယ် ။ နင့် လူ … စောသာ ”
“ အင်း ... ပြောပါဦး ”
“ ငါ့ ကို ပြောလိုက် သေးတယ် ၊ ကိုနိုင်ထွန်း တဲ့ ။ ကျွန်တော် က တက္ကသိုလ် ပညာ ကို ထမင်း စားဖို့ သင်တာ မဟုတ်ဘူးတဲ့ ။ တက္ကသိုလ် ပညာ တတ်တိုင်း ထမင်း ဝ ကြ တာ မဟုတ်ပါဘူးဗျာ တဲ့ ။ ဒါပေါ့ဗျာ လို့ ‘ တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ ’ ဆိုတဲ့ သခင်ကိုယ်တော်မှိုင်း ကဗျာ ထဲ က လို ဘာမှ မမြင်နိုင်အောင် ကိုယ် ရဖို့ တစ်ခုပဲ ငမ်းငမ်းတက် လောဘဇော တိုက် နေတဲ့ မျက်ကန်းတွေ ကို လည်း ကျွန်တော် က အထင် မကြီးတတ်ပါဘူးလို့ ။ ငါ့ ကို ပိုက်ဆံ စကား ဒီလောက် ပြောချင်တဲ့ ကောင် တစ်နေ့ လောက် ကောင်းကောင်းလေး တည်ခင်း ဧည့်ခံ ပြီးတော့ နှစ်ပြား မတန်အောင် ပြောပစ် ဦးမယ် ။ ဒီမယ် ... ခင်မ ၊ စိတ်တော့ မရှိနဲ့ နော် ။ နင့် ကို တော့ အားနာပါတယ် ”
“ တော်တော့ …. အထွန်း ၊ နင် ငါ့ ဒါတွေ လာ ပြော မနေနဲ့ ၊ ငါ နဲ့ လည်း မဆိုင်သေး ပါဘူး ”
သူ သည် ထွေ လာ ဟန် တူသည် ။ ခလုတ် တိုက်မိ သော ကု,လားထိုင် တစ်လုံး ကို ဆောင့်ကန် ပစ်ခဲ့သည် ။ ဒေါသ ဖြစ်သည်လား ၊ ဝမ်းနည်းသည်လား မဝေခွဲတတ် ။ ခင်မမ သည် မျက်ရည်များ ရစ်ဝဲ လာ မိ သည် ။
ထိုနေ့ က အထွန်း တစ်ယောက် စောစော အိပ်ရာ ဝင် သွားသည် ။ နောက်နေ့ မှာ တော့ ဘယ်သူ မှ တားမရ လိုက် ၊ အထွန်း အိမ် မှ ထွက်ခွာ သွားသည် ။ သွားစ က စာ လှမ်း ရေး သေးသည် ။ နောက်တော့ စာ လည်း မလာ တော့ ၊ ဘယ်ရောက် လို့ ဘာ လုပ်နေသည် လည်း မသိရ ။ အထွန်း ၏ မင်္ဂလာသတင်း ကို မူ သတင်းစာ ထဲ မှာ ဖတ် လိုက်ရသည် ။ ခင်မမ တို့ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်း သည့် သတင်း ပါ မလာမီ နှစ်ရက် က ထင်သည် ။
“ ညည်းတို့ အဘွား မြန်မြန်သေအောင် လုပ်နေကြ တာ လား ၊ တစ်ယောက် အိမ် ကထွက် သွားလို့ စိတ် မကောင်းရတဲ့ ထဲ ခင်မမ ညည်း ကလည်း တစ်မျိုး ”
“ သမီး ဒီလိုပဲ နေချင် သေးတယ် မေမေ ရယ် ”
ဒီလိုနှင့် အထွန်း ၏ သတင်း အစအန မကြားရဘဲ တော်တော် ကြာ ခဲ့သည် ။ တစ်ခါက ရှမ်းပြည် မှ ပြန်လာ သည့် အထွန်း ၏ မိတ်ဆွေ တစ်ယောက် ပြောစကား အရ အထွန်း မှာ သားလေး တစ်ယောက် ပင် ရှိနေပြီ ဟု တော့ ကြား ရသည် ။
ခု အထွန်း တစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် ရောက် လာသည် ။
တောင်ပံ ညောင်း လျှင် ငှက်တို့ သည် သူ့ အသိုက် သို့ ပြန်ဝင် လာကြ စမြဲပင် ။
ခုလို ဆိုတော့ အသိုက်အမြုံ ကို ခင်တွယ်ရ ကောင်း မှန်း အထွန်း နားလည်ပုံ ရပါ၏ ။
( ၄ )
ရေစပ် နံဘေး ၌ သူ သည် အရင် ကလို စိတ်လွတ် လက်လွတ် လှဲ အိပ် လိုက်သည် ။ သစ်ရွက်ခြောက် တို့ ရေစီး မှာ မျောပါ နေကြသည် ။
“ ခင်မ တို့ လက် မထပ်ဖြစ်ကြဘူး နော် ၊ အဲဒီ သတင်း ငါ တော်တော် ကြာ မှ သိရတယ် ”
သူ သည် မှိုင်းညို့သော မျက်လုံး ဖြင့် အဝေး သို့ ငေး နေသည် ။
“ အရိပ် ဆို တာ ဆူပွက် နေတဲ့ရေပြင် မှာ မထင်နိုင် ဘူး ။ ငြိမ်သက် နေတဲ့ ရေပြင် မှာ သာ အရိပ် ထင်နိုင်တယ် ။ ဟုတ်တယ် ။ ခု ငါ့ ရင် တွေ ငြိမ်သွားတဲ့ အချိန် ကျ မှ ငါ့ ကို ငါ ပြန် မြင်လာမိတယ် ”
သူ သည် ကောင်းကင် ကိုမော့ ၍ ငြိမ်သက် နေသည် ။ အတွေး တို့ သည် တိမ် တို့ နှင့်အတူ လိုက်ပါ လွင့်မျောနေ ဟန် တူ၏ ။ အတန် ကြာတော့ သူ သည် လှဲ နေရာ မှ ထ ထိုင်ကာ အရင်း မရှိ အဖျား မရှိ မေး လိုက်သည် ။
“ ခင်မ အချစ် ဆိုတာ ကို နင်
ဘယ်လို မြင်လဲ ”
“ ဘယ် ... ဘာ မြင်ရမှာလဲ ”
“ ခင်မ က ကလေး ပဲ ၊ ခုထိ ကလေး ပဲ ”
သူ သည် အားရပါးရ ရယ်မော လိုက်သည် ။
“ ဆိုကြပါစို့ကွာ ၊ တချို့က တော့ လည်း အချစ် ဆို တာ ဟာ နီးစပ် ရင် ချစ်သွား ကြတာပဲ ။ ဝေးသွား တဲ့ ခါ လည်း မေ့ပျောက် သွားကြတာပဲ လို့ ဆိုကြတယ် ။ ငါ က တော့ ဒီလို မမြင်ပါဘူး ။ အချစ် ကို ကိုးကွယ်တယ် ပဲ ပြောပြော ၊ အချစ် မှာ ရူးမူးသူလို့ ဆိုဆို ၊ စိတ်ကူးယဉ် စိတ္တဇအချစ် လို့ ပဲ ခေါ်ခေါ် လူ တစ်ယောက် ဟာ တစ်သက် တာ မှာ တစ်ခါ ပဲ ချစ်ဖူးရ လိမ့်မယ် ထင်တယ် ”
“ ဟေရာကလိုက်တပ်စ် က ဆိုတယ် မဟုတ်လား ၊ လူ တစ်ယောက် ဟာ မြစ် တစ်ခု တည်း ကို နှစ်ကြိမ် မဆင်း နိုင်ဘူးတဲ့ ။ ဘာလို့လဲ ဆိုတော့ ရေ ဟာ အစဉ် ပြောင်းလဲ နေလို့ပဲတဲ့ ”
“ စောစော က စီး သွားတဲ့ ရေ ၊ ခု စီးဆင်း နေတဲ့ ရေ ၊ နောက်စီး လာမယ့် ရေ ဟာ မတူကြလို့ပဲ ။ အရာရာ ဟာ ပြောင်းလဲ နေတယ် ဆိုတဲ့ ဖြစ်ပျက်မှု အစဉ် ကို ဆိုလို တာ ပေါ့လေ ။ ငါ က တော့ စီးဆင်း နေတဲ့ ဘဝ ရေအလျဉ် မှာ လူ တစ်ယောက် ဟာ နှစ်ခါ မချစ်နိုင်ဘူး လို့ ဆိုချင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အချစ် ဆိုတာ ဟာ အရည်အသွေး တူ နှစ်ခုထပ် ဖြစ်ပေါ် လာနိုင်တဲ့ အရာမျိုး မဟုတ်လို့ ဘဲ ။ ဘဝ ရဲ့ အဖြူစင်ဆုံး ကာလပိုင်း မှာ ပေါက်ဖွား လာရတဲ့ အချစ်မျိုး နောက်ထပ် ဘယ်တော့ မှ မဖြစ်ပေါ် နိုင် တော့ဘူး ”
“ ၆၉ ခု ၊ မတ်လ တုန်း က စန်းစန်းဝင်း ကို ငါ လက်ထပ်ခဲ့တယ် ၊ ဒါဟာလည်း ဆောက်တည်ရာ မရ တုန်း ပရမ်းပတာ အလွဲလွဲ အမှားမှား ဆုံးဖြတ်မိ ခဲ့တာပါ ။ ဆုံးရှုံးရမယ့် အချစ် အတွက် အစားထိုး လိုက်မိတာလည်း ဖြစ်ပါတယ်လေ ။ ဒါပေမဲ့ အချစ် ဆို တာဟာ အစားထိုးလို့ ရစကောင်းတဲ့ အရာ မဟုတ်ဘူး ခင်မ ၊ သားလေး အခါ လည် တော့ ငါတို့ နှစ်ဦး သဘောတူ ကွာရှင်း လိုက်ကြ တယ် ။ ငါ့ ကို နားမလည် တဲ့ စန်းစန်းဝင်း နဲ့ စန်းစန်းဝင်း ကို တကယ်တမ်း မချစ်တဲ့ ငါ တို့ ဟာ ဒီလို အဆုံးမသတ် ကြရင် မဖြစ်တော့လို့ ဘဲ ”
“ ခုချိန် မှာ ငါ ဟာ ရယူလိုမှု ဆန္ဒ လည်း မရှိတော့ ဘူး ။ ဆုံးရှုံး ရမှာ ကိုလည်း မတုန် လှုပ်တော့ဘူး ။ ဖြစ်ချင် ရာ ကို ကျောခိုင်း ခဲ့ရပြီး နောက်တော့ ဖြစ်လာ သမျှ ဟာ ဖြစ်သင့်ရာတွေ ပဲ လို့ လက်ခံတတ် ခဲ့ပြီ ၊ ဆန္ဒ မှန် သမျှ ကို ဥပေက္ခာ ပြုတတ်တဲ့ အကျင့်လည်း အဲဒီ က စ ရလာခဲ့ သလား မဆိုနိုင်ဘူး ။ ဥစ္စာဓန ၊ အချစ် ၊ ကျော်စောလိုမှု ဘာတစ်ခု မှ မလိုလားဘူး ။ ဒုက္ခ ၊ သုခ ခံနိုင်ရည် သတ္တိ နဲ့ နှောင်ကြိုးမဲ့ လွတ်လပ်တဲ့ စိတ်ကိုသာ နှစ်သက်လိုလား တယ် ။ ခင်မ ငါ ပြောတာ တွေ နား မှ လည်ရဲ့လား ”
ခင်မမ သည် ငေးနေရာ မှ အလန့်တကြား လှည့် ကြည့် မိသည် ။
“ အေး ... နား မလည်တာ လည်း တစ်မျိုး ကောင်းတာ ပေါ့လေ ၊ ကျောက်ဆစ်ရုပ် ဟာ လူ နဲ့ တူတယ် ။ ဒါပေမဲ့ လူ ထက် ကောင်းတာက အသိ မရှိလို့ မခံစား တတ်ဘူး ။ အသည်းနှလုံး မရှိတော့ ဝေဒနာ လည်း ကင်းတယ် ။ နောက်ပြီး ဘာမှ မတတ်တော့ အမှား လည်း မရှိ ၊ အပြစ် လည်း ကင်း တယ်ပေါ့ ခင်မ ရယ် ”
နေဝင်ရီတရော ကျတော့ အိမ်ပြန် လာကြသည် ။ လမ်း တစ်လျှောက်လုံး အတွေး ဖြင့် သူ သည် တိတ်ဆိတ် လာသည် ။ အတန်ကြာ မှ ...
“ နက်ဖြန် ငါ ပြန်တော့မယ် ၊ ည ကျ သီချင်း နားထောင်ဦး မလား ”
“ အေးဟယ် .. နားထောင်ချင်တယ် ၊ နင် မရှိရင် စောင်း လည်း တီးမယ့် လူ မရှိပါဘူး အထွန်း ရယ် ”
“ အဟင်း ”
သူ တစ်ချက် ရယ် ပစ် လိုက်သည် ။ သူ့ ရယ်သံ သည် ခြောက်ကပ်ကပ် အက်တက်တက် နှင့် ။
( ၅ )
ခင်မမ သည် အသံ ကို ထိန်း၍ မေး လိုက်သည် ။
“ နင် ဘယ်တော့ လာဦးမှာလဲ ”
“ အတိအကျ တော့ မပြောနိုင်ဘူးလေ ၊ လာချင် တဲ့ ခါ တော့ ရောက် လာမှာပဲ ”
“ စာ ရေးဦးနော် ”
“ စိတ် ပါတဲ့ ခါတော့ ရေး လိုက်မယ် ခင်မ ရယ် ”
သူ သည် စာအုပ် တချို့ ကို လက်ဆွဲအိတ် ထဲ ထည့် လိုက်သည် ။
“ အထွန်း နင် ဘယ် ရောက်ရောက် ဘာလုပ် နေနေ တို့များ ကို စာ ရေးဖို့ သတိရဦး ကြားလား ”
အဘွား သည် စိပ်ပုတီး ကို ကိုင် ရင်း မျက်ရည် လည် နေ၏ ။
အိမ်ရှေ့ မှ ကား ရပ်သံ ကြား ရသည် ။ သူ့ သူငယ်ချင်း အောင်စည် သည် ကား ပေါ် မှ ခုန် ဆင်း ကာ အိမ် ပေါ် သို့ တက် လာသည် ။ ပစ္စည်းများ ကို ကူသယ် ပေးသည် ။ တစ်ယောက် တစ်ပေါက် အမှာ စကားများ ပြော၍ မပြီးနိုင်ကြ ။
ကား စက်နှိုးသံ ကြားရသည် ။ အထွန်း သည် လက် ကို မြှောက် ၍ နှုတ်ဆက် လိုက်သည် ။
“ ခင်မ ရေ ... ငါ သွားပြီ ဟေ့ ”
ခင်မမ သည် ဘာမျှ မပြောမိ လိုက် ၊ အရုပ်ပမာ တွေတွေကြီး ရပ်လျက် ငေး နေမိသည် ။
အပြင်ဘက် မှာ သစ်ရွက်တို့ ဝေ့ဝဲ လွင့်ပါး၍ ကြွေ နေကြသည် ။
ဘယ်တော့မှ အပြီး အပိုင် နှုတ် မဆက် တတ်သော တောင်ပြန်လေ သည် မေ့မေ့ပျောက်ပျောက် နှင့် အဝေး သို့ တစ်ဖန် ပြေးနှင် ပျောက်ကွယ် သွားပြန်သည် ။
ဘယ်ဆီ ဦးတည် လေသည် မသိ ။
ဘယ်တွင် အဆုံးသတ် လေမည်လည်း မသိ ။ ။
◾တင်တင်ဦး
📖 မိုးဝေ စာပေမဂ္ဂဇင်း
၁၉၇၇
.
No comments:
Post a Comment