🏠 အိမ်လေး တစ်လုံး ရဲ့ ခေါင် တစ်ခု အကြောင်း
( မောင်ရေချမ်း )
( ၁ )
ငယ်စဉ် က စာသင်ခန်း ထဲတွင် စာစီစာကုံး ရေးရာ ၌ သင့်တင့် ကောင်းမွန်သည် ဟု မြန်မာစာဆရာမ တချို့ ၏ ချီးမွမ်းခြင်း ကို ကျွန်တော် ဝင့်ကြွားစွာ ခံရလေ့ရှိခဲ့ဖူး သည် ။ သို့သော် မူလတန်းကျောင်းသား အရွယ် က တစ်ခုသော စာမေးပွဲခန်း အတွင်း “ မိသားစု ” ဟူသည့် ခေါင်းစဉ် ကို ငေးကာငိုင်ကာ ကြည့်ရင်း ဝါကျ တစ်ကြောင်း ၊ နှစ်ကြောင်း ပင် ပီပြင်အောင် မဖွဲ့နိုင်ခဲ့သည့် ကျွန်တော့် အဖြစ် ကို မည်သူ့ ကိုမျှ ပြန် မပြောပြဖြစ်ခဲ့ပါ ။ ကျွန်တော် တို့ မိသားစုကို ဘောလုံးအသင်း တစ်သင်း ပမာ ပုံခိုင်း နှိုင်း၍ တွေးမိလေတိုင်း မိသားစုဝင် တစ်ဦး စီ ကိုတော့ နည်းပြ ညံ့၍ ကစားချင် သလို ကစား နေကြသော ကစား သမားများ လိုသာ စိတ်မကောင်း ဝမ်းနည်းစွာ ခံစားမိခဲ့ မြဲ ၊ တစ်ဦး ကို တစ်ဦး အပြစ်တင် ပြောဆိုရင်း ညီညွတ်စွာ ထမင်းလက်ဆုံ မစားဖြစ်ခဲ့သည်မှာ ကြာခဲ့လေသော နေ့ ၊ ည ပေါင်း များစွာ အတွက် မည်သူ့ ကို အပြစ် တင်ရမည် နည်း ။ ကျွန်တော် ကိုယ်တိုင် ထို မိသားစု ထဲတွင် အိမ်သား တစ်ဦး အဖြစ် ပါဝင်နေခြင်း ကြောင့် ကျွန်တော့် ကိုယ် ကျွန်တော် အပြစ်တင် ဝေဖန်ခြင်းသာ တရား သဖြင့် အမှန်ဆုံး ဖြစ်ပါလိမ့်မည် ။
သို့သော် ခေါင် မလုံ၍ တစ်အိမ်လုံး ရွှဲစိုရေမွန်းခဲ့ သော မိုးညများစွာ ရှိခဲ့ကြောင်း ကတော့ တကယ် သေချာ ပါသည်ဟု ကျွန်တော် အပြစ်တင် လိုစိတ် ရှိခဲ့မိဖူးပါသည် ။
••••• ••••• •••••
( ၂ )
“ ရှင့် အမျိုးတွေ ကျတော့ ရှင် သိတတ်တယ်လေ ။ ကိုမျိုးချစ် လို့ နာမည် ကို ပါ ပြောင်းပစ်လိုက်ပါလား ။ ကျွန်မ အမျိုးတွေက ဘယ်နှခါ ဒုက္ခ လာ ပေးဖူးလို့လဲ ကိုမျိုးချစ်ကြီး ရဲ့ ”
ငိုသံ တစ်ဝက် ၊ ဒေါသသံ တစ်ဝက် အမေ့ စကား မဆုံးမီမှာ ထမင်းဝိုင်း ပေါ် က ပန်းကန် တစ်ချပ်သည် အဖေ့ ဒေါသ အောက်တွင် “ ခွမ်း ” ခနဲ အော်မြည် ကြေမွ သွားခဲ့ပြီ ။
“ နင် တော်တော် စကား များလွန်းနေပြီ ၊ ငါ ထ,လုပ် မှငြိမ်မှာလား ” ဟူ၍ နှုတ်က အော်ဟစ် တုံ့ပြန်သော်လည်း တကယ်တမ်း တွင် ကျွန်တော့် အမေ မျက်နှာ ပေါ် “ ဖျတ် ” ခနဲ ပျံဝဲ သွားသော အဖေ့ လက်က တစ်ဆက်တည်းသာ ။ မျက်လုံး အပြူးသား နှင့် “ ဟင့် ” ခနဲ အသံပင် မထွက် တော့သော ညီမလေး ကို ကျွန်တော့် ရင်ဘတ် ထဲ ဆွဲကပ် ထားရုံသာ ကျွန်တော် တတ် နိုင်ပါသည် ။ ညီမလေး ၏ တဝေါဝေါ သွန်ချ နေသော မျက်ရည်လှိုင်းတွေ က ကျွန်တော့် အင်္ကျီ ကို ရိုက်ပုတ် စို၍စွာ ။ အံတင်းတင်း ကြိတ်ထား မိသော ကျွန်တော့် မေးဖျားတွေ က တဆတ်ဆတ် တုန်ခါ နေခဲ့ပါလိမ့်မည် ။ သို့သော် အရွယ် မရောက်သေး သည့် ကလေး တစ်ယောက် အဖြစ် ကျွန်တော် တတ်နိုင်သည် မှာ မကျေနပ်စရာ အတ္တ မျက်နှာ တစ်ခု ကို မျက်လုံး လှန်ကာ ၊ လက်သီး ဆုပ်ကာ ပစ်ပေါက် စိုက်ကြည့်နေရုံသာ ။
••••• ••••• •••••
( ၃ )
မှတ်ဉာဏ် ကို စတင် အလုပ် လုပ်တတ်ရာ ဘဝ ကတည်း က ကျောင်း နေခါစ ကလေးဘဝ အထိ “ အဖေ သည် ဘယ် ရောက်နေလဲ ” ကျွန်တော် မသိခဲ့ ။ အမေ့ ကိုလည်း ကျွန်တော့် အဖေ အကြောင်း သိချင်စိတ် ပြင်းပြ စွာ မမေးဖြစ်ခဲ့ ဟုသာ ကျွန်တော် ထင်သည် ။ ကျွန်တော် သူငယ်တန်း ကို နှစ်ခါပြန် တက်ပြီး သွားသည့် တစ်ခု သော နွေတစ်ရက် တွင် တော့ ကျွန်တော့် ရှေ့တည့်တည့် သို့ “ အဖေ ” ဆိုသူ က “ ဗြုန်း ” ခနဲ ၊ “ ဘွား ” ခနဲ ပေါ်လာခဲ့သည် ကို မှတ်မိ နေသေးသည် ။ အိမ်မှာ ရှိသည့် မိသားစု ဓာတ်ပုံ ထဲ က အဖေ့ ပုံ နှင့် အပြင်တွင် အခုမှ တွေ့ခါ စ အဖေ့ပုံ ကို ကျွန်တော့် စိတ်ထဲ တွင် အကြိမ်ကြိမ် တိုက်ကြည့် နေရင်း ရင်းနှီးကျွမ်းဝင်ခါစ အချိန် ရောက်လုခါနီးတွင် အဖေ က ကျွန်တော့် မြင်ကွင်း မှ ပြန် ထွက်ခွာ သွားပြန်သည် ။
“ အဖေ ဘယ်သွားတာလဲ ၊ ဘယ်တော့ ပြန်လာမှာ လဲ ” ဟု ထိုစဉ်က အမေ့ ကို ကျွန်တော် မေးမိခဲ့သည် ဟု ဝိုးတဝါး ထင်နေမိသည် ။ “ နိုင်ငံ့ဝန်ထမ်း ” ဟူသည်ကို လည်းကောင်း ၊ “ နယ်မှာ ” ဟူသည် ကို လည်းကောင်း “ ကျွန်တော့် အဖေသည် သူများ အဖေတွေ လို အိမ် မှာ မနေ ရသော အဖေ ” ဟု ကျွန်တော် တွေးချင်သလို တွေး၍ နားလည် မိခဲ့ပါသည် ။
ကျွန်တော် မူလတန်း ပြီးဆုံးခါနီးတွင် မိသားစု အတွင်း အဖေ ပြန် ရောက်လာပြန်သောအခါ ပျော်သည် လည်း မဟုတ် ၊ ဝမ်းနည်းသည် လည်း မဟုတ်သည့် ခံစား မှုသာ ထုံထိုင်း နေခဲ့သည် ကိုလည်း ကျွန်တော် မှတ်မိနေ ခဲ့ပါသည် ။
ကျွန်တော့် အတွက် အဖေ သည် ဝေးလိုက် ၊ နီး လိုက် ကြည့်ခွင့် ရခဲ့သော မြင်ရလိုက် ၊ မမြင်ရလိုက် ရှုခင်း တစ်ခု ပမာသာ ဖြစ်ခဲ့ပါသည် ။
••••• ••••• •••••
( ၄ )
တချို့ ခုနှစ် တို့သည် မြင်လွှာ အနီး တွင် ကပ်၍ ပြန် မြင်နေရသလို ကျွန်တော့် အတွက် ပီပြင် ထင်ရှားလွန်း ဆဲ ဖြစ်ပါသည် ။
“ ကျောင်းသွားပြီ ”
ဟု မည်သူ့ ကို နှုတ်ဆက်မှန်း မသိသော စကား ကို ဆိုရင်း လမ်းစရိတ် “ ငါးရာ ” ကို ခုံပေါ်မှ ဆွဲယူကာ ထမင်း ချိုင့် ဆွဲ၍ ထွက်သွားသည့် “ ကိုလေး ” ကို မျက်စိ တစ်ဆုံး ကျွန်တော် ငေးကြည့်နေခဲ့မိသည် ။ ကျွန်တော် ကိုယ်တိုင် လည်း မကြာမီ ကျောင်း သွားရတော့မည် ။ တက္ကသိုလ် ကျောင်းသား ဖြစ်သူ ကိုလေး အနေ နှင့် ငွေငါးရာ ကို တစ်နေ့တာ မည်သို့ လောက်ငအောင် သုံးစွဲပါလိမ့်မလဲ ဟု လည်း တွေးရင်း သက်ပြင်း ကို သာ “ ဟင်း ” ခနဲမှုတ် ထုတ် မိသည် ။ အလယ်တန်း ကျောင်းသား တစ်ဦး ဖြစ်သူ ကျွန်တော် သည်ပင် “ နှစ်ရာကျပ်တန် ” ခြင်္သေ့တံဆိပ်ငွေ စက္ကူတစ်ရွက် နှင့် ကျောင်းမုန့်စားဆင်းချိန်တွင် ယောင် ချာချာ နေ့လယ်ခင်း များစွာ ဖြစ်သည်မို့ ကျွန်တော် သူ့ ကို ကိုယ်ချင်းစာ မိခြင်းလားတော့ မသိပါ ။
“ ယောက်ျားလေး ဆိုတာ ငွေများများ သုံးရင် ပျက်စီးမှာပဲ ။ ကိုယ့်အထွာ ၊ ကိုယ့်အတိုင်း နဲ့ ကိုယ် နေတတ် အောင်နေ ”
မိသားစု ကို စည်းကမ်းရှိစွာ အုပ်ချုပ်သည် ဟူသော အဖေ့ အတွေးအခေါ် သည် အဖေ့ အတွက် မှန်ကောင်း မှန် ပါလိမ့်မည် ။ သားသမီးများ ကို မုန့်ဖိုး ဟူ၍ အပို မပေး တတ်ဘဲ “ အသုံးစရိတ် ” ခေါင်းစဉ် တပ်ကာ ပေးလေ့ရှိ သော မလောက်ငသည့် ငွေကြေး တွင် ကျွန်တော်တို့ သိမ်ငယ်စွာ ဖြတ်သန်း နေရပါလိမ့်မည်ဟု အဖေ တွေးမိ ၊ မတွေးမိ ကိုတော့ ကျွန်တော် သံသယ စိတ်ဖြင့် တွေးနေမိ ခဲ့ဖူးပါသည် ။
စိတ်လိုလက်ရ ရှိသောအခါ “ ငါတို့ ငယ်ငယ် က ” ဟု အစပြု၍ ပြောလေ့ ရှိသည့် အဖေ့ခေတ် က ကုန်ဈေးနှုန်း များ အကြောင်းကို ကျွန်တော် တတ်နိုင်သလောက် နား လည်နိုင်ဖို့ ကြိုးစားလိုစိတ် ရှိခဲ့ပါသည် ။
“ လက်ဖက်ရည် တစ်ခွက် တစ်မတ် ကွ ” ဆိုသော အဖေ ပြောသည့် “ တစ်မတ် ” ဆိုသည့် တန်ဖိုး ကို ကျွန် တော်တို့ မတွက်ချက်နိုင်သော အခါ “ အင်း ” ဟူ၍ အသံ ရည်ဆွဲကာ တစ်မတ် ဆိုတာ နှစ်ဆယ့်ငါးပြား ပေါ့ကွာ ။ နှစ်ဆယ့်ငါးကျပ် မဟုတ်ဘူးနော် ။ အခုခေတ် ရွှေတစ်မတ် ပဲ မင်းတို့ သိကြတာပေါ့ ။ ငွေ တစ်မတ် ဆိုတာ စိမ်းနေပြီပေါ့ ”
ပြော လည်း ပြော ၊ ဘာကို သဘောကျမှန်း မသိဘဲ “ ဟဲ ဟဲ ” ရယ်တတ်သော အဖေ့ ရယ်သံ ကိုတော့ ကျွန်တော်တို့ နားလည်ရန် ခက်ခဲလွန်းခဲ့ပါလိမ့်မည် ။
“ မင်းတို့ အခုလို အိမ် နဲ့ ဇိမ် နဲ့ နေနိုင်အောင် ငါ ခြစ် ကုတ်စုခဲ့ရတာ ”
ဟူသော အဖေ့ စကား တချို့ အတွက် တော့ ကျွန်တော် ငေးကာငိုင်ကာ ကြည်ညိုလေးစားစိတ်လား ၊ ဝေခွဲရခက် စိတ်လား မသိ ဖြစ်ခဲ့ရဖူးပါသည် ။ အဖေ ဝင့်ဝင့်ကြွားကြွား ပြောနေတတ်သော ထိုအခါမျိုးတွင် အမေ ကတော့ မဲ့ သယောင်ယောင် ပြုံး နေတတ်ပါသည် ။ အဖေ့ နောက်ကွယ် တွင်တော့ “ နင်တို့ အဖေ ကို စိတ် နဲ့ တောင် မပြစ်မှားနဲ့ ” ဟု မကြာခဏ ဆုံးမ တတ်သော အမေ့ စကားကို ကျန်သည့် ညီအစ်ကို မောင်နှမ တွေ နားထောင်လား ၊ နားမထောင် လားတော့ မသိပါ ။ ကျွန်တော် ကတော့ အမေ့ စကား ကို ချိုးဖျက်ကာ အဖေ့ ကို စိတ် နှင့် အကြိမ်ကြိမ် ပြစ်မှားခဲ့ဖူးပါသည် ။
မှတ်မိ နေသေးသည် ။ ကျွန်တော် အလယ်တန်း ကျောင်းသားဘဝ အထိ အဖေ့ တရားဝင် လစာငွေ မှာ သောင်းဂဏန်း အနည်းငယ် မျှသာ ။ ထို ခုနှစ် တို့မှာ အခု အချိန်မှ ပြန်နောက်ဆုတ် ရေတွက် ကြည့်သော် လွန်ခဲ့ သော ဆယ်စုနှစ်ကာလ မျှသာ ။ ထိုမျှ လစာငွေကလေး နှင့် ပညာရေးဝန်ထမ်းကျောင်းအုပ် တစ်ဦး အဖြစ် ကျောင်း ရုံးခန်း အတွင်း မညည်းညူ ၊ တက်ကြွစွာ လှုပ်ရှားသက်ဝင် နေခဲ့သော အဖေ့ ရုပ်ပုံများ ကိုတော့ အခု ပြန် တွေးတိုင်း ကျွန်တော့် အာရုံဝယ် ထင်ရှားနေဆဲ ဖြစ်သည်မှာတော့ မိမိ ကိုယ် မိမိ အံ့သြရပြန်သည် ။
••••• ••••• •••••
( ၅ )
“ မင်း က အဲဒီလောက် ပိုက်ဆံ ကို အဲဒီလို သုံးပစ်ရ အောင် သူဌေး လား ၊ ဒါမှမဟုတ် သူဌေးသား လား ။ သူဌေး လို့ ဆိုရအောင် မင်း ကိုယ်တိုင် ငွေ ဘယ်နှပြား ရှာနိုင် နေပြီလဲ ၊ သူဌေးသား လို့ ကိုယ့် ကိုယ် ကိုယ် ထင် နေရင် မင်း အဖေ ငါ က သူဌေး မဟုတ်ဘူးကွ ”
နှုတ်က ထွက်လာသည့် လေသံနှင့် လက်က ထွက် လာသည့် လက်သီးသံ မည်သည် က ပိုမိုပြင်းထန် သနည်း ခွဲခြား မသိနိုင် လောက်အောင် မြန်ဆန် လွန်းပါ သည် ။ “ ဖောင်း ” ခနဲထိုးချလိုက်သော အဖေ့ လက်သီးချက်တွင် ကျွန်တော့် အစ်ကိုကြီး “ ချာ ” ခနဲ လည်ထွက် သွားသည် ကိုသာ ကျွန်တော် မြင် လိုက်ရသည် ။ အမေ အပါအဝင် ကျန်သည့် လူများမှာ နှုတ်ဖြင့်သာ အဖေ့ ကို တားဆီးနိုင်စွမ်း ရှိပါသည် ။ အိမ် တွင် တစ်ခုခု ဝုန်းဝုန်း ဒိုင်းဒိုင်း ဖြစ်သည့် အခါတိုင်း “ တော်ကြပါတော့ ” ဟု ပြောသည့် အလား တအီအီ ငိုရှိုက်၍ ကြောက်လန့်နေ တတ်သော ညီမလေး အနား ကိုသာ ကျွန်တော် တိုးကပ် နေမိသည် ၊ လန့်၍ ကြောက်၍ တက်တော့ မယောင် “ မေကြီး ၊ ကိုချမ်း ” ဟု ရှိသမျှ လူ နာမည် အကုန် ခေါ်ကာ ညည်းကာ နေသော ညီမလေး ကို သာ ကျွန်တော် ဖက်ထားမိသည် ။ ကလေး အရွယ် ဖြင့် မြင်လိုက်ရသော မြင်ကွင်းများ က ကြီးပြင်း လာသည့်အခါ စိတ်အမာရွတ် ဖြစ်လာမည် ကို ကျွန်တော် စိတ်ပူ နေခဲ့မိသည် ။
တိုင်းထွာလီစိတ် ပေးထားသည့် ငွေကြေး ထက် နည်းနည်း ပို၍ သုံးစွဲခဲ့ မိသော အစ်ကိုကြီး ၏ ပြစ်မှု က အိမ်တွင်း တရားရုံး တွင်တော့ ကြီးမားသော ပြစ်မှုကြီး ဖြစ်သည် ။ သို့သော် ကိုယ်တိုင် ဥပဒေထုတ် ၊ ကိုယ်တိုင် ပုဒ်မတပ် ၊ ကိုယ်တိုင် ပင် တရားသူကြီး လုပ်ကာ စီရင်ချက် ချနေခဲ့သော အဖေ့ ကို ကျွန်တော် နားမလည်နိုင်စွာ မုန်းတီးမိသော စိတ် ကို စိတ်ပျက်လက်ပျက် မျိုသိပ်ဖြေ ဖျောက်၍သာ နေမိခဲ့သည် ။
“ နင်တို့ ဖအေကို စိတ် နဲ့ တောင် မပြစ်မှားနဲ့ ” ဟု မကြာခဏ ပြောဆို ဆုံးမ တတ်သော အမေ့ စကား အတွက် လည်း ကိုယ့် စိတ်ရိုင်းကို ချွန်း မအုပ်နိုင်သည့် အခါ စိတ်တွင်း မိုက်ရိုင်း ပြစ်မှားမှုများ အတွက် အဖေ့ ကို တောင်းပန်ရန် ဝန်လေး လွန်းပြီး အမေ့ ကို သာ စိတ် အတွင်းမှ ခွင့်လွှတ်ရန် တောင်းပန် နေမိခဲ့ပါသည် ။
••••• ••••• •••••
( ၆ )
“ ကန်စွန်းရွက် ၊ ချဉ်ပေါက်ရွက် စားပြီး ဘွဲ့ရတဲ့ အထိကျောင်း ထားခဲ့တာ ”
ဧည့်စိမ်း ဖြစ်စေ ၊ ဧည့်ကျက် ဖြစ်စေ အိမ် ကို ရောက် လာတတ်သည့် အခါ ကြုံရင် ကြုံသလို ထည့် ပြောတတ် လေ့ ရှိသော အမေ့ စကား အတွက် ကျွန်တော် နားမလည် နိုင် ဖြစ်ခဲ့ဖူးပါသည် ။ ကိုလေး ၏ ဘွဲ့ ဓာတ်ပုံ ကို ကြည့်ရင်း “ ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက် ” ဟူသော စကားလုံး ကို မာနတကြီး ဖြင့် သိသိသာသာ ဝင့်ကြွားစွာ ပြောဆိုသည့် အမေ့ မျက်နှာ ကို ကျွန်တော် တွေငေး ကြည့်ခဲ့ရသည် ။ ထိုစဉ် အခါမျိုး တွင် အဖေ ဂုဏ်ယူဝမ်းသာ နေပါ သလား ဟု သိချင်စိတ် ဖြင့် အဖေ့ မျက်နှာမှ တစ်ဆင့် စိတ် ကို လှမ်း ဖတ်နိုင်ရန် ကြိုးစား မိလျှင်တော့ ကျွန်တော် ဖတ်ရှု ဘာသာပြန် ရန် မတတ်နိုင်သည့် အရိပ်အငွေ့ ကို သာ တွေ့ခဲ့ရပါသည် ။
ကျွန်တော့် အဖေ သည် မိမိ စိတ်ခံစားချက်ကို ထုတ် ပြရန် သိုသိပ် ဝန်လေးသူ တစ်ယောက်လား သို့မဟုတ် ကြီးမား ထူထပ်သော အတ္တ ထုထည်ကြောင့် ခံစားမှု တစ်ချို့ ထုံကျဉ် နေတတ်သူလား ။ စသော မေးခွန်းတို့ အတွက် ကျွန်တော် ကိုယ်တိုင် အဖြေ ရှာရင်း ကျွန်တော် ကိုယ်တိုင် မဖြေနိုင်ခဲ့ပါ ။
ကျွန်တော် သည်ပင် မိဘ နှင့် စိတ်ချင်း ဝေးနေသော ၊ မိဘ အပေါ် ခံစားမှု ကင်းမဲ့နိုင်လွန်းသူ ဖြစ်သည့် လူမဆန် သော သားဆိုးသားမိုက် တစ်ဦးများ ဖြစ်စေပါသလား ဟူ၍ အလန့်တကြား အတွေး ဝင်လာလျှင်တော့ မိမိ ကိုယ် မိမိ မသတီ သလို ရွံရှာရ ပြန်သည် ။
••••• ••••• •••••
( ၇ )
ခုနှစ် များစွာ ကျော်လွန် ခဲ့ပါသော်လည်း ကျွန်တော် တို့ မိသားစု အိမ်လေး ကတော့ အပြစ်တင်သံများ ၊ ပန်းကန်ခွဲသံများ အောက် သက်ဝင်ရီဝေ နေဆဲသာ ။ ပင်စင် ယူခဲ့သည်မှာ နှစ် တချို့ပင် ကြာခဲ့လေပြီ ဖြစ်သော အဖေ က ကျွန်တော်တို့ ငယ်စဉ်က အတိုင်းပင် အမေ့ ကို တစ်နေ့တာ ဈေးဖိုး အသုံးစရိတ် အဖြစ် ခွဲဝေလီ စိတ်ပေး နေမြဲ ။
“ သူ့ ဘဏ်စာအုပ် ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိတယ် ဆိုတာ မိန်းမ ဖြစ်တဲ့ ငါ ရော ၊ နင်တို့ သားသမီးတွေ ရော တစ်သက်လုံး မသိရဘူး မဟုတ်လား ”
အဖေ အိမ်မှာ ရှိစဉ် သို့မဟုတ် မရှိသည့် အခါ နောက်ကွယ်များ တွင် ပြောနေတတ်သော အမေ့ စကား က ခင်ပွန်း ဖြစ်သူ အဖေ့ ကို အပြစ်တင် စိတ်ဖြင့် ပြောသည် လား ဟု ကျွန်တော် အပါအဝင် ကျန်သည့် မောင်နှမများ တွေးနေခဲ့ပါလိမ့်မည် ။ မည်သို့ပင် ဖြစ်စေ အမေ့ အသံ သည် ကြေကွဲဝမ်းနည်းမှု ဖြင့် စိုစွတ် နေသည် ဟုသာ ကျွန်တော် ထင်မိသည် ။
သူများ အိပ် ကောင်းချိန် ညဘက် သို့မဟုတ် မနက် စောစောဘက် တွင် ကျယ်လောင်စွာ ဘုရားရှိခိုးတတ် သော အဖေ သည် ထိုအချိန်တွင် တစ်စုံတစ်ယောက် က သူ့ ဘဏ်စာအုပ် ကို နောက်ပြောင် စချင်စိတ် ဖြင့် ဆွဲယူမိ လျှင်တောင် ချက်ချင်း ထ,လိုက်၍ ပြန် လုတတ်သည် ကို တော့ ကျွန်တော် သတိရ မိပါသည် ။ ဘဏ်စာအုပ် ကို ဘုရားရှိခိုးရာ နေရာနှင့် မနီးမဝေး တွင်သာ ထားထား တတ်သည်သာ ။ အစိုးရကျောင်းအုပ် တစ်ယောက် အနေ နှင့် အနားယူ ခဲ့သော အဖေ့ ပင်စင်လစာ မှာ မများလှသည့် သောင်းဂဏန်း မျှ သာဖြင့် အမေ့ ကို တာဝန် တစ်ရပ် လို နေ့စဉ် ဈေးဖိုး ပေးနိုင်မြဲ ဖြစ်သည် ကိုတော့ ကျွန်တော် အံ့သြမိခဲ့သည် ။
အဖေ့ ကို ကျွန်တော် မုန်းတီးနေမိသလား ၊ အထင်ကြီး လေးစား နေမိသလား မသေချာ သော်လည်း -
ဒီနိုင်ငံ က ကျောင်း ကို တောင် ကောင်းကောင်း မတက်ချင်ဘဲ နိုင်ငံခြား က ကျောင်းကို တက်ချင်တယ် တဲ့ ။ ငါ့ ဘဝ တစ်လျှောက် မရိုးသားခဲ့ရင် တော့ မင်း တက်ချင် တဲ့ နိုင်ငံခြား က ကျောင်း ထားပေး နိုင်တာပေါ့ကွာ ”
ဟု ရယ်ဟဟ ပြော တတ်သည့် အဖေ့ လိပ်ပြာကို တော့ ကျွန်တော် သံသယ စိတ်ကင်းစွာ ထောက်ခံရန် ဝန်လေးမိမည် မဟုတ်ပါ ။ တစ်စုံတစ်ယောက် က သူ့ စကား ကို လှောင်ပြောင် ခဲ့သော အခါတွင် လည်း အဖေ က ပြန်၍ လှောင်ပြောင်သံ စွက်ကာ အားရပါးရ ရယ်မော နေခဲ့သည် ကိုလည်း ကျွန်တော် မျက်ဝါး ထင်ထင် တွေ့ခဲ့ ဖူးပါသည် ။
ပေါင်းသင်းမိခဲ့သော အတန်းဖော် တချို့ ၏ မိဘ များ နေထိုင် ပိုင်ဆိုင်ရာ တို့ကို ငေးကြည့်ရင်း ကျွန်တော့် အဖေ ကို ကျွန်တော် ငယ်စဉ်က အထင်ကြီး လိုစိတ် မရှိခဲ့ သည် မှာတော့ သေချာပါသည် ။
အဖေ ပိုက်ဆံ ကို မည်သို့ ကုတ်ခြစ်စုဆောင်းခဲ့ ကြောင်း မေးမိပါက အသည် ကျွန်တော့် မေးခွန်း တချို့ကို အမေး ဖြင့် သာ ပြန် တုံ့ပြန်တတ်ပါသည် ။
“ ငါ ဆေးလိပ် သောက်တတ်သလား ၊ အရက် ဘီယာ သောက်တတ်သလား ၊ လောင်းကစား လုပ်တတ် သလား ”
စသည်ဖြင့် ကျွန်တော် လုပ်ဖြစ် နေကျ အရာများ ကို လိုက် ကြည့်၍ သိနေ သလို ဆက်တိုက် ပြန် မေးတတ် သော အဖေ့ မေးခွန်းများ အတွက် ကျွန်တော် လက်မြှောက် အရှုံးပေး ရပါသည် ။ စီးကရက် ကို ကြိုက်တတ် သည်မှာ သေချာလှ သော်လည်း မသွားမဖြစ် သွားရသော မင်္ဂလာဆောင် တို့မှ ဝေလိုက်သည့် စီးကရက် ကို အိမ် ရောက် မှ အားရပါးရ ဖွာ တတ်သော အဖေ့ ပုံရိပ် ကို လည်း ကောင်း ၊ တစ်ခါတစ်ရံ သူများ တိုက်သည့် လက်ဖက်ရည် ကို နှစ်ခွက် ခွဲကာ နှစ်ခါ သောက်တတ်သော အဖေ့ စရိုက် ကို လည်းကောင်း အဖေ က ပြန်ပြောင်း မပြော သော်လည်း ကျွန်တော် မြင်ယောင် နိုင်ခဲ့သည် ။
ကျွန်တော်တို့ ငယ်စဉ် ကလိုပင် ငွေကြေး ကိစ္စ အပေါ် တိုင်းထွာ နေတတ်သော အဖေ နှင့် အဖေ့ ချုပ်ကိုင်မှု အောက် က အမေ သည် မကြာခဏ ပြစ်တင်ရန် ဖြစ်လေ့ ရှိမြဲ ။ ထို့ပြင် “ နင်တို့ ဖအေ ကို စိတ်နဲ့ တောင် မပြစ်မှား နဲ့ ” ဟု လည်း အမေ က ကျွန်တော်တို့ ကိုတော့ ပြောနေ တတ်ပြန်မြဲ ။ ကျွန်တော် အပါအဝင် သားသမီး လေးယောက် ရှိသည့် အနက် အလုပ်အကိုင် ကိုယ်စီ နှင့် ဖြစ်လာ ကျွန်တော့် အစ်ကို နှစ်ယောက် က အမေ့ ကို ငွေစကြေးစ တချို့ ရံဖန်ရံခါ အပ်နှံ ပေးနိုင်တတ်နေ သော်လည်း အဖေ က မူ သူ့ တာဝန်သူ မပျက်မကွက် ထမ်းဆောင်သည့် ပမာ အမေ့ ကို အိမ် အသုံးစရိတ် ပေးနေမြဲပင် ။
“ ဒီကောင်တွေ ရှာ လို့ရတဲ့ ပိုက်ဆံ ဒီကောင်တွေ သုံးလို့ဖြုန်းလို့ ကုန်မှာပဲ ။ ငယ်တုန်းရွယ်တုန်း ပိုက်ဆံ ရှာ ပြီး စုဖို့ မစဉ်းစား ရင်တော့ ကြီးရင် ဒုက္ခ တွေ့မှာပဲ ။ အေး သုံးဖြုန်းဖို့ပဲ ရှာချင်ရာ ၊ မိဘ ကို ပြန်မပေး လည်း ရတယ် ။ မိဘ ဆီက လည်ပင်း ညှစ်ပြီး လက်ဝါး လာ မဖြန့်ရင်ပဲ တော်လှပြီ ”
အဖေ က ထိုသို့ ပြောတတ် သော်လည်း “ သင်တန်း ကြေး ၊ ကျောင်းစရိတ် ” ဟူသော ခေါင်းစဉ် အမျိုးမျိုး အောက်တွင် ကျွန်တော့် မှာ အဖေ့ ဆီ က လက်ဖြန့် နေရဆဲ သာ ။ ထိုအခါ မြည်တွန် တောက်တီး ငြင်းဆန် ပြောဆို ရင်း နောက်ဆုံး ထုတ်ပေးတတ်သည် သာ ဖြစ်ခြင်း ကို လည်း ကျွန်တော် ကျေးဇူးတင်လိုစိတ် ချို့တဲ့စွာ မတွေး ဖြစ်ခဲ့ပါ ။
စေ့စပ်လောက်ငအောင် သုံးစွဲ နိုင်သော ဝင်ငွေ ရနေ ပါလျက် ငွေကြေး သုံးစွဲမှု စည်းကမ်း မရှိခြင်းကြောင့် မိမိ ရှာဖွေ၍ ရသည့် ငွေကို မိမိ ဘာသာ တစ်ယောက်တည်း သုံးစွဲရင်း မြုပ်ချည်ပေါ်ချည် ဖြစ်နေ ရှာကာ ဘဝလှိုင်း အတွင်း ကူးခါစ ကျွန်တော့် ကို အဖေ က တော့ ပြုံးနေလိမ့် မည် ဟု ထင်ပါသည် ။ တကယ်တမ်း တွင် လည်း မိသားစု အတွက်မူ အရွယ် မရောက်သေးသူ ညီမလေး အတွက် သာ ကျူရှင် ထားပေးရုံ တတ်နိုင်သည့် မိမိ အဖြစ်ကို ကျွန်တော် ရှက်ရွံ့စွာ ဝန်ခံ ရပါလိမ့်မည် ။
••••• ••••• •••••
( ၈ )
ငယ် ဘဝ မှ စ၍ ယခုတိုင် အထိ ဘဝ တစ်လျှောက် သိမ်းဆည်းထားမိသော အမှတ်တရ ပစ္စည်းပေါင်းစုံ ထည့်ထားရာ အိတ်တစ်လုံး ကျွန်တော့် တွင် ရှိပါသည် ။ ပျင်းရိအားလပ် နေသော နွေ တစ်ရက် တွင် ထို အိတ်ကို ဖွင့်၍ လွန်လေပြီးသော နေ့များကို ပြန်သတိရ ငေးကြည့် မိသောအခါ ငယ်စဉ် မည်သည့် အချိန်က သိမ်းထားမိ မှန်း မသိသည့် စာတစ်စောင် ကို ကျွန်တော် ပြန်ဖတ်မိခဲ့ ပါသည် ။ ဝါကြန့် နေပြီ ဖြစ်သော စာရွက် ပေါ်က ရိုးစင်း သော ဝါကျများ သည် ဖတ်မိသူ ကျွန်တော့် လက် ကို မည်သည့် အတွက်ကြောင့် တဆတ်ဆတ် တုန်ခါ လာစေပါသနည်း ။
၁ ရက် သြဂုတ်လ ၁၉၉၄ ။
မငယ် နဲ့ သားတွေ ကျန်းမာကြရဲ့လား ။ စာ မျှော်နေမယ် ။ ၁၂. ၇. ၉၄ နေ့ က ထားဝယ်လေယာဉ် ဦးဆုံး ထွက်တယ် ။ ထားဝယ်မြို့ပေါ် ရောက် ခါမှ တိမ်တွေ ထူနေလို့ ရန်ကုန် ကို ပြန်မောင်း လေမလား ဆိုပြီး ဝမ်းသာမိသေးတယ် ။ ဒါပေမဲ့ ချောချောမောမော ဆင်းနိုင်ပါတယ် ။
၁၃. ၇ ၊ ၉၄ နေ့ မှာ အလုပ် ပြန်ဝင်တယ် ။ လခ ၂၂ဝ မျှ ကျန်တယ် ။ လခ နည်းနည်း ထွက်လို့ စု/ ချေး ငွေကြေး လည်း မဆပ်နိုင်ဘူး ၊ သြဂုတ်လ ကုန် မှ ဆပ်ရမယ် ၊ မငယ် နဲ့ သားများ စားဖို့ အတွက် ကြံဖန် ပို့နိုင်အောင် ကြိုးစားရမှာပေါ့ ။
ဒီ စာ ရေးနေတဲ့ နေ့ဟာဖြင့် ထားဝယ်မြို့ အနီး အ.ထ.က ညောင်ဇင် မှာ အထက်တန်းပြ ဆရာဖြစ်တာ သုံးနှစ် ပြည့်တဲ့ နေ့ပေါ့ ။ စုမိတာ က သားလေး မောင်ရေချမ်း တစ်ယောက် သာ ရှိတယ် ။
အကြီး နှစ်ယောက် ဖြစ်တဲ့ သားလေး စွမ်းတောက် နဲ့ ပြည့်ဖြိုးနိုင် တို့ ကိုလည်း ကျန်းမာစွာ နေထိုင်ကြဖို့ ဂရုစိုက်ပါ ။ ပြည့်ဖြိုးနိုင် ကတော့ အဖေ မှာခဲ့တဲ့ ပရိတ် ရွတ်ဖတ်ဖို့ အလုပ်ကို ကြာသပတေးနေ့ တိုင်း မပျက်စေအောင် လုပ်မယ် ၊ ဖတ်မယ်လို့ အဖေ့ ကို သား ကတိ ပေးလိုက်တယ် ။ မှတ်မိမှာပေါ့ ။ ဖတ်မယ် လို့ အဖေ ယုံပါတယ် ။ ပြည့်ဖြိုးနိုင် အချိန်ပို ဘယ်လို တက်တယ် ၊ ဘယ်လို သင်တယ်ဆိုတာ စာရေးလိုက်ပါ ။ စွမ်းတောက် ရော ဝလုံး ကောင်းကောင်း ရေး တတ်ပြီ လား ။ မောင်ရေချမ်းလေး ကို ချစ်ချစ်ကြင်ကြင်နေ ကြဖို့ အဖေ မှာခဲ့တာ မမေ့ပါနဲ့ ။
မငယ် ကို အထူး မှာစရာရယ်လို့ မရှိပါ ။ သား များ စိတ်အား မငယ်အောင် ပြုစုပျိုးထောင်ပေးဖို့ ကို လည်း ထပ်မှာချင်တယ် ။ စိတ်အညွန့် ထက်အောင် ပြောဆို ပြုပြင်ပေးပါ ။
ပြည့်ဖြိုးနိုင် အတွက် ကျောင်းစာများ ဝန်ပိနေ အောင် မခိုင်းနဲ့ ။ အောင်ရုံဆို တော်ပြီ ။ ဆုတွေ အဆင့်တွေ ဆိုတာ ငယ်သေးသူ အတွက် ပင်ပန်း မခံ စေနဲ့ ။ ပုံမှန် လိုက်နိုင်ရုံမျှ ဆို တော်လောက်ပါပြီ ။ အပျင်း ကြီးဖို့ ပြောတာ မဟုတ် ။ ပုံမှန် ကြိုးစားရုံမျှ အောင်နိုင်ပါတယ် ။ သား လက်ရေး ကောင်းအောင် တော့ လေ့ကျင့်ပါ ။ ပြီးစလွယ် မလုပ်နဲ့ ။ သင်္ချာ တွက်ရင် မြန်ဖို့ ထက် မှန်ဖို့ ၊ သေချာဖို့နဲ့ စဉ်းစားတဲ့ အလေ့ လုပ်ပေးပါ ။
သူငယ်ချင်းတွေ နဲ့ ရန် မဖြစ်အောင်နေ ။ ကျောင်း မှာ ဖြစ်စေ ၊ လမ်း မှာ ဖြစ်စေ ကိုယ့်ကို စ,ရင် လည်း မကြားဟန်နေ ။ ကိုယ် ကလည်း သူများ ကို မစ , နောက်ပါနဲ့ ။
တွေ့ကရာ မုန့်ပဲသရေစာတွေ စားဟာ ကျန်းမာရေး လည်း ထိခိုက် ၊ ငွေ လည်း ကုန်ဖြစ်တယ် ။ ထမင်း စားတာဟာ ကျန်းမာရေး လည်း ကောင်းမယ် ၊ အန္တရာယ် လည်း ကင်းတယ် ။ ပိုက်ဆံ သုံးချင် တဲ့ ကျောင်းသား ဟာ စာ မကြိုးစားတာ များတယ် ။
အခြေအနေ ပေးရင် သီတင်းကျွတ် ပိတ်ရက် မှာ ပြန်လာမယ် ။ သေချာပေါက် တော့ မဟုတ်ဘူး ။ မငယ် နဲ့ သားများ အားလုံး ကျန်းမာကြပါစေ ။
ဦးကျော်နိုင်
အ.ထ.က - ညောင်ဇင်ရွာ
သရက်ချောင်းမြို့နယ် ၊
တနင်္သာရီတိုင်း ။
လွန်ခဲ့သော အနှစ် နှစ်ဆယ် ကျော် က ထို စာလေး တစ်စောင် ကို ဖတ်မိရင်း အဆုံး မှာ ကျွန်တော် ငိုင်တွေ ခဲ့ ရသော ခြောက်သွေ့ပူပြင်းသည့် နွေ တစ်ရက် ဖြစ်ပါသည် ။ ကျွန်တော် သာ ဝတ္ထု တစ်ပုဒ် ထဲ က ဇာတ်ကောင် တစ်ကောင် ဆိုပါလျှင် ထို စာလေး ထဲ က ဝါကျများ တွင် လွမ်းဆွတ် ရီဝေဖွယ်တို့ ဝေသီ နေပါလိမ့်မည် ၊ သို့သော် ထို စာလေးတစ်စောင် သည် ဝတ္ထု တစ်ပုဒ် ကို ဇာတ် နာ အောင် ဆင် ထားသော ထိုးဇာတ် တစ်ခု မဟုတ်ခဲ့ပါ ။ ကြေကွဲဖွယ်ရာ စကားလုံးများ လည်း မပါဝင်ခဲ့ပါ ။ သို့သော် တကယ့် ဘဝ အဖြစ်အပျက် တို့သည် သမားရိုးကျ အတိုင်းပင် ရိုးစင်းစွာ ဖြစ်ပျက် နေပါသော်လည်း ကျွန်တော့် အတွက် ကြေကွဲဆွေးရီဖွယ်ရာတော့ တကယ် ကောင်းလွန်း နေခဲ့သည်သာ ။
••••• ••••• •••••
( ၉ )
“ တစ်ယောက် တစ်ပေါက် နဲ့ စားချင်တဲ့ အချိန်မှာ ကြုံသလို စားနေကြတော့ ထမင်း ၊ ဟင်း ကို ဘယ်လို တိုင်း ချက်ရမှန်း မသိတော့ဘူး"
ကျွန်တော့် အမေ မကြာခဏ ညည်းညူ တတ်သည် မှာ အမှန်ပင် ဖြစ်သည် ။ အဖေ နှင့် မျက်နှာချင်းဆိုင် မိ လျှင် ဘာမဟုတ်သည် နှင့်ပင် ပြဿနာ ဖြစ်တတ်၍ အိမ် နှင့် မနီးမဝေး ၊ တခြား အိမ်လေးတွင် နေဖြစ်နေသည့် ကျွန်တော် ကိုယ်တိုင်လည်း အမေ ချက်သည့် ထမင်း ၊ ဟင်း ကို မစားဖြစ်သည် မှာ များခဲ့ပြီ ။ ကျန်သည့် အစ်ကို နှစ်ယောက် ကလည်း အိမ်တွင် ထမင်း စားသည့် ရက်မှာ နည်း ကောင်း နည်းပါလိမ့်မည် ။
အဖေ ၊ အမေ နှင့် ညီမလေး သာ ပုံမှန် ရှိတတ်သော မိသားစု အိမ်ကလေး ၏ ထမင်းဝိုင်း ကလည်း လက်ဆုံ မစားဖြစ်ဘဲ တစ်ယောက် စီ ခူးခပ် စားကြခြင်းမှာ နှစ်ကာလ ကြာလေပြီ ။ သေချာသည် မှာ မိသားစု ထမင်း လက်ဆုံ စားခြင်း အလေ့အထ သည် ကျွန်တော်တို့ အိမ်လေး အတွင်း မှ ဝေးလွင့် သွားခဲ့လေပြီ ။
“ ဆာတဲ့ အချိန် စားပဲဟေ့ ၊ ဝမ်းချင်း ဆက်တာ မဟုတ်ဘူး ။ ဘယ်သူမှ မစား လို့လည်း ဝမ်းနည်း မနေဘူး ။ မကုန်ရင် ခွေးကျွေးပစ်လို့ရတယ် ”
ဟု ပြောတတ်သော အဖေ့ စကား ကြောင့် ထမင်း စားရန် ပြင် နေသော ကျွန်တော့် လက်သည် တွန့်ခဲ့ဖူးပါသည် ။
သူငယ်ချင်း တချို့ ၏ အိမ်သို့ ရောက်ဖြစ် လျှင် ထမင်းစားချိန် နှင့် ကြုံ၍ “ သား ထမင်း စားပြီးပြီလား ၊ ဝင်စား ပါလား ” ဟု သူတို့ မိဘများ က ပျူငှာစွာ ပြောတတ်သော မိသားစု ထမင်းဝိုင်း သည် ကျွန်တော့် အတွက် လွမ်းစရာ ပင် ၊ သူများ မိသားစု ထမင်းဝိုင်းများ ကို ငေးရီ ကြည့်ရင်း ခုနှစ် အချို့ ကြာခဲ့လေပြီ ။
••••• ••••• •••••
( ၁၀ )
ဒရောသောပါး ခေတ် ထဲတွင် ပြေးရင်းလွှားရင်း ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း တို့ကို ထွေးပွေ့၍ စိမ်းလန်းခြင်း နှင့် ခန်းခြောက်ခြင်း တို့ ကို လည်း ဖြတ်ကာ ကျော်ကာ ကူးချည် ခတ်ချည် ဖြင့် ကျွန်တော်ကိုယ်တိုင် နေသားတကျ နီးနီး ဖြစ်ခဲ့လေပြီ ။ ထိုအခါ လွန်ခဲ့သော ကာလများက ကျွန်တော် တွေးခဲ့ ၊ ထင်ခဲ့ သည့် တချို့သော အရာများစွာ သည် ဉာဏ် တိမ်လွန်း ၊ မသိတတ်လွန်းခြင်း တို့သာ ပေကျံစွန်းထင်း နေကြောင်း တစ်စုံတစ်ယောက် ကို ရင်ဖွင့် ပြောဆို ကာ ဆေးကြော ပစ်လိုစိတ်သည် ဖြစ်လာတတ်မြဲ ။
မိသားစု တစ်ခု အတွင်း အကောင်းအဆိုး ဟူသမျှ သည် “ အိမ်ထောင်ဦးစီး ” ဖြစ်သူကြောင့် သာ ဟု ငယ်စဉ် ကတည်း က ရိုးစင်းစွာ ထင်ခဲ့မိသည် ။ ကျွန်တော့် ငယ် ဘဝ တချို့၏ အိမ်လေး အတွင်း တိုက်ခတ်သော မိသားစု မုန်တိုင်းများ အတွက် လည်းကောင်း ၊ ကျွန်တော်တို့ ရွှဲစို ရေမွန်း ခဲ့ရသော မိုးည များစွာ အတွက် “ ခေါင်မလုံခြင်း ” ကြောင့် ဟု လည်းကောင်း ဖခင် ဖြစ်သူ ကိုသာ တရားခံ အဖြစ် ကျွန်တော် မိုက်မဲစွာ ယိုးစွပ် ထင်ခဲ့မိသည် ။
မိမိ ကိုယ်တိုင် မိုး သည်းလွန်းသော ခေတ်ကာလ ထဲ တွင် လက်တွေ့ ဖြတ်သန်းရင်း အခုတော့ “ ခေါင်မလုံ သည့် အိမ် များစွာ ” ကို လည်း ကျွန်တော် မြင်နိုင်အောင် ကြည့်တတ် ခဲ့ပါပြီ ။
“ ငါတို့ တုန်းက လက်ဖက်ရည် တစ်ခွက် တစ်မတ် ” ဟု ပြောတတ်သည့် အဖေ့ စကားသံ သည် ကျွန်တော် တို့ အိမ်လေး အတွင်း ရိုက်ခတ် နေဆဲ ။ ထိုစဉ် ဟိုးအချိန်ပေါင်း များစွာ ကတည်းက ယခု တိုင်အောင် မှောင်လွန်း သည့် ည များစွာ ထဲတွင် သည်းထန်လွန်းသော မိုးစက် များ ကို သပ်ချနိုင်သည့် အခါ သပ်ချပြီး ၊ မသပ်ချ နိုင်သည့် အခါ ပင်ပန်းလေးလံစွာ ထမ်းပိုး သယ်ယူရင်း အဖေ ဖြတ်ကျော်ခဲ့ရပါလိမ့်မည် ။ အခုမှ အမှောင်ထဲ ရောက်စ ကျွန်တော် သည် ထိုသို့ အဖေ့ ညများကို ပြန် ငေးကြည့်မိ တော့သည် ။
ထိုအခါတွင် တော့ -
“ အဖေ က အိမ်လေး တစ်လုံးရဲ့ ခေါင် ဆိုရင်တောင် ငါတို့ အိမ်က ခေါင် ပဲ ။ အိမ် အများကြီး ရဲ့ ခေါင်မှ မဟုတ် တာ ” ဟူ၍ တစ်စုံတစ်ယောက် ကို ဖြစ်စေ ၊ လူအများ ကို ဖြစ်စေ ပြောပြလိုစိတ် သည် အုံကြွ ထိုးထွက် လာခဲ့ပါ သည် ။ အိမ်ပေါင်း များစွာ ၏ ခေါင် ပေါက်ပြဲနေခြင်း ကြောင့် အဖေ ကိုယ်တိုင် အိမ်လေး တစ်အိမ် ၏ ခေါင် တစ် ခု အဖြစ် မလုံသော မိုးသည်းည များ တွင် မိုးစို ခဲ့ရှာပါလိမ့်မည် ။ ထိုအခါ အဖေ သည် ဖြတ်သန်းရာ ခေတ် အတွင်းမှ “ မလုံသော ၊ ပေါက်ပြဲ နေသည့် ခေါင် ” ကို အခု ကျွန်တော် ငေးကြည့် နေ သလိုပင် ငေးကြည့်ရုံ သာ တတ် နိုင်ခဲ့ပါလိမ့်မည် ။ မိမိ အိမ်လေး ကိုတော့ မိုး မစိုအောင် စွမ်း သလောက် ကြိုးစား၍ “ ခေါင် ” တစ်ခု အနေဖြင့် အမေ သည် မိုးကာခဲ့ပါလိမ့်မည် ဟုလည်း ကျွန်တော် တွေးမိ လေပြီ ။
အလုပ် ကိုယ်စီ ဖြင့် ပြေးကာ ၊ လွှားကာ တစ်စစီ ပြန့်ကျဲ နေသော မိသားစုဝင်များ ဖြစ် လာသည့် ကျွန်တော် တို့ အိမ်လေးတွင် အမေ ချက်သော ထမင်းဟင်း ကို တစ်ရက် တွင် လက်ဆုံ စားဖြစ်ပါလိမ့်မည် ။ ထို တစ်ရက်သို့ ရောက်ခဲ့ပါက အဖေ ပြောပြော နေကျ “ လက်ဖက်ရည် တစ်ခွက် တစ်မတ် ” မှ စ၍ ကျွန်တော် မစဉ်းစား ဖြစ်ခဲ့သော အဖေ ဖြတ်သန်း မှတ်မိ နေလိမ့်ဦးမည့် တချို့ လေထန် မိုးသည်း ည များကို မိသားစုဝင် အားလုံး ကြားသိအောင် ကျွန်တော် တတ်နိုင်သမျှ မေးမြန်း လိုပါသေးသည် ။ မိမိ စိတ် အတွင်းမှ အကြိမ်ကြိမ် ပြစ်မှား မိခဲ့သမျှ ကို တော့ တစ်ခုသော သီတင်းကျွတ် အထိ လေးနင့်စွာ စောင့် ၍ ကျွန်တော် တောင်းပန် ကန်တော့လိုပါသေးသည် ။ ထိုအခါ အမေ က “ နင်တို့ အဖေ ကို စိတ်နဲ့တောင် မပြစ် မှားနဲ့ ” ဟု ပြောလိမ့်ဦးမည်လား မသိပါ ။ သို့သော် အဖေ ကတော့ -
“ ကန်တော့ ပြီး ကုသိုလ် ယူတာ ပိုက်ဆံ ပေးရတာ မှ မဟုတ်တာ ၊ ကန်တော့ပေါ့ ”
ဟု လက်အုပ် ချီ ထားသူ ကျွန်တော့် ကို ကြည့်၍ သူ့ ဝသီ အတိုင်း လှောင်သံ ၊ ရွဲ့သံ စွက်၍ ပြောလိမ့်မည် ဟု ထင်မိပါတော့သည် ။
••••• ••••• •••••
( ၁၁)
စိတ်ကူး တချို့ တို့သည် စိတ်ကူး အဖြစ် သာ မပျောက်မရှ ရှိနေလိမ့်မည် မှာ သေချာလှပါသည် ။ အဘယ်ကြောင့် ဆိုသော် လူ့ လောက အတွင်းမှ ကျွန်တော့် အဖေ ထွက်ခွာ သွားခဲ့သည်မှာ လပေါင်း များစွာ ပင် ကြာခဲ့လေပြီ ။
⎕ မောင်ရေချမ်း
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၆
.
No comments:
Post a Comment