Sunday, December 22, 2024

မှန် မကြည့်တဲ့သူ


 

မှန် မကြည့်တဲ့သူ
( ညိုထွန်းလူ )

( ၁ )

“ လူ ဆိုတာ မုန်းအောင် ပြောလည်း ဒီ ပါးစပ်ပဲ ၊ ချစ်အောင် ပြောလည်း ဒီ ပါးစပ်ပါပဲအေ ၊ ညည်း ပြောပုံ ဆိုပုံ မျိုးနဲ့ ဈေးရောင်း ရင် ဖြစ်ပါ့မလား ထားရီ ရယ် ”

အိမ် မှာ စတိုးဆိုင်လေး ဖွင့်ဖို့ စိတ်ကူးတုန်း က အမေ က စိုးရိမ်တကြီးနဲ့ ထားရီ ကို ပြောခဲ့သေးတယ် ။ ထားရီ ကလည်း အမေ ပြောမယ် ဆိုရင် ပြောစရာ ဖြစ်နေတာကိုး ။ ကိုယ့် စကားကြောင့် တစ်ဖက်သား မှာ ဘယ်လို ဖြစ်သွားမယ် ဆိုတာကို မတွေးဘူး ။ သူ ပြော ချင်ရာကို ပြောဖို့လောက်ပဲ နားလည်တယ် ။ တကယ်တော့ ထားရီ ရဲ့ ပင်ကိုယ်စိတ်ရင်း က ကောင်းပါတယ် ။ ဒါပေမယ့် သူ့ ပါးစပ်က ဆိုးလွန်း တော့ ထားရီ ပဲ ဆိုးတယ် ဖြစ်ရတာပေါ့ ။ အဲဒါကြောင့်လည်း အမေ က သူ့ သမီး ကို စိတ်မချ ဖြစ်နေရတာပဲ ။ ဈေးသည် ဆိုတာ အပြောအဆို သိမ်မွေ့ လိမ္မာရတာကလား နှုတ်ချိုပြီး လက်တို ( တွန့်တို ) ရမယ် လို့ တောင် ပြော ကြသေးတယ် ။ ထားရီ က စကား ပြောတာ သာ မလိမ္မာတာ ။ နှမြောတွန့်တိုတဲ့ နေရာ မှာ တော့ အခြား မိန်းမတွေ ထက် သာပြန်ရော ။ ပြီးတော့ လောဘ ကြီးလိုက်တာ က လည်း အလွန်ပဲ ။

ထားရီ ကို သားသမီး ထဲ မှာ အကြီးဆုံး သမီး မို့ တခြား ကလေးတွေ ထက် ပိုပြီး အမေ က အလိုလိုက် အချစ်ပို ခဲ့ရတယ်လေ ။ အဲဒါတွေ သိလို့ လည်း ငွေရေးကြေးရေး အခက်အခဲ ဖြစ်လာရင် အမေ ရှိတဲ့ ကျောက်ပန်းတောင်း ကို ထားရီ ပြေးရတော့တာပဲ ။ အိမ်ထောင်ကျ သွားလို့ ယောက်ျား နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားရတုန်းက အမေ့ မှာဖြင့် ထားရီ အတွက် စိတ်ပူ လိုက်ရတာ ။ ထားရီ စကား ပြောတာ ထောင့်မကျိုး နဲ့ မို့ သူ့ ယောက်ျားနဲ့ ရေရှည်ကျတော့ အဆင် ပြေပါ့မလား ။ ကိုယ့် မျက်ကွယ် မှာ ရိုက်မောင်းပုတ်မောင်း ဖြစ်ကြရင် မကောင်းဘူး ။ အမေ က သာ တွေးပူ နေပေမယ့် အဲဒီ အတွက်တော့ ဘာမှ ဖြစ်မလာဘူး ။ ထားရီ က ၁၀ တန်း ကို ၅ ခါလောက် ဖြေတာတောင် မအောင်ပေမယ့် ကိုယ့် ယောက်ျား ကို ဘယ်လို ထိန်းရမယ် ဆိုတာ သိပြီးသား ။ စ ကတည်းက အေးတဲ့ ယောက်ျားမျိုး ကိုပဲရှာတာ ။ ကိုသက်ထွန်းဦး ကလ ည်း ရုံးမှာ အရာရှိ ဆိုပေမယ့် အရာရှိ နဲ့ တောင် မတူဘူး ။ အတော် အေးတဲ့လူ ။ အသောက်အစား ကင်းတယ် ။ ဟိတ်ဟန် မထားဘူး ။ ယောက္ခမ ကို လည်း ရိုသေ လေးစားလိုက်တာ လွန်ရော ။ ထားရီ ခေါ် သလိုပဲ အမေ အမေ နဲ့ မန္တလေး ကို အမေ ရောက်လာရင်း ပျာပျာသလဲ ဖြစ်ရှာတယ် ။ ဒါပေမယ့် ထားရီ ရဲ့ အပြုံး ဟာ ကျေနပ်တဲ့ အပြုံးလား ၊ လှောင်ပြုံးလား ဆိုတာ အမေ ဝေခွဲလို့ မရဘူး ။

အမေ ပြောသလိုပဲ ကိုသက်ထွန်းဦး က အပြစ် အနာအဆာ ပြောစရာ ရှားတဲ့ လူတော်လူကောင်းပါ ။ လောင်းကစား မရှိဘူး ။ အရက်သေစာ မသောက်တတ်ဘူး ။ ဒါပေမယ့် အိမ်ထောင်ရှင် ဖြစ်လာရင် အိမ်ထောင်ရှင် ယောက်ျားတွေ ရဲ့ အရည်အချင်းဟာ အဲ့သလောက်နဲ့ မဖြစ်ဘူးလေ ။ စီးပွား အရှာ ကောင်း ဖို့လည်း လိုသေးတာပဲ ။ ကိုသက်ထွန်းဦး တို့ ရုံးဟာ ငွေရလွယ် ၊ ငွေ ဖြစ်လွယ်တဲ့ ရုံး ။ သူ လက်မှတ် တစ်ချက် ထိုးလိုက်ရင် ငွေ ဟာ ရေစီးကမ်းပြို သလို လှိမ့်ဝင်လာနိုင်တယ် ။ ဒါပေမယ့် ကိုသက်ထွန်းဦး ဒါမျိုး ငါ မလုပ်နိုင်ဘူးတဲ့ ။ နိုင်ငံတော် က ငါ့ ကို ထိုက်သင့်တဲ့ လစာ ပေးထားတယ်တဲ့ ။ ငါ့ အကျင့်စာရိတ္တ ကို ထိခိုက်စေမယ့် ကိစ္စ ဆိုရင် မင်း လာ မပြောရဘူးလို့ ထားရီ ကို တားမြစ် လိုက်တယ် ။ သူ က အေးတာ ရိုးတာ မှန်ပေမယ့် သူ့ လုပ်ငန်းနဲ့ ပတ်သက် လာရင် ဘယ်သူ့ ကို မှ အလျှော့မပေးဘူး ဆိုတဲ့ မူပဲ ။ အလုပ်ချိန် အားရင် ချက် ( စ် ) ထိုးတယ် ။ ဘောလုံးပွဲ ကြည့်တယ် ၊ စာဖတ်တယ် ။ ကိုသက်ထွန်းဦး  ကို ကြည့်ရင်း ထားရီ စိတ်တို သွားတယ် ။ ဒါတွေဟာ ပိုက်ဆံ တစ်ပြား မှ ရတာတွေ မဟုတ်ဘဲကိုး ။ ယောက်ျားတွေ ဟာ ပိုက်ဆံကုန်တဲ့ အလုပ်တွေ ကို ဘာ လို့ လုပ်ကြမှန်း လဲ မသိဘူး ။ ဒါတွေ စုဆောင်းထားရင် တစ်နှစ် တစ်နှစ် နည်းတဲ့ ငွေလားနော် ။ အခုတော့ အိမ် မှာ ဘာ လိုနေတာလဲ ။ ဘာဖြစ်ချင် တာလဲ ။ လိုတာ မှန်သမျှ ထားရီ ပဲ ရှာနေရတယ် ။ ထားရီ တော့ ကိုသက်ထွန်းဦး နဲ့ အိမ်ထောင်ကျတာ အရာရှိကတော် ဆိုတဲ့ ဂုဏ်ထူးဝိသေသက လွဲလို့ တခြား ဘာမှ မရဘူး ထင်တာပဲ ။

ဘယ်လောက်ပဲ အ တယ် ပြောပြော အကင်းမပါးဘူး လို့ပဲ ဆိုဆို ထားရီ လည်း သူ့ နေရာနဲ့ သူတော့ လည်တာပဲ ။ အမေ က သားမက် ကို ချစ်မှန်း လေးစားမှန်းသိတော့ ဒီ သားမက် ကိုပဲ လက်ညှိုးထိုးပြီး အမေ့ ဆီက ထားရီ တောင်းချင်ရာ တောင်း တော့တယ် ။ အပျို ဘဝတုန်း က သမီး အကြီးဆုံး မို့ အမေ့ ကိုယ်စား သော့ကိုင်ခွင့် ရလို့ အိမ်မှာ ငွေ ဘယ်လောက် ရှိတယ် ၊ အတွင်းပစ္စည်း ဘယ်နှခု ရှိတယ် ဆိုတာ ထားရီ သိတယ် ။ အိမ်ထောင်ကျ သွားလို့ ထားရီ ကို က ပေးသင့် သလောက် ပေး လိုက်ပေမယ့် မကျေနပ်နိုင်သေးဘူး အမေ့ ဆီကို ရောက်ရင် တစ်ခုခု ကို ရအောင် တောင်းယူတတ်တယ် ။ အမေ ရယ် ကိုသက်ထွန်းဦး က တီဗွီလေး ရှိရင် ကောင်းမှာ ၊ ပိုက်ဆံ စုပြီး တီဗွီ ဝယ်ရအောင်ကွာ ၊ သုံးနှစ် လောက် စုလိုက်ရင် တီဗွီ တစ်လုံး ဝယ်လို့ ရမယ်လို့ ပြောတယ်အမေ ရဲ့ ” လို့ အမေ့ ရှေ့မှာ ညည်း ပြတယ် ။ ပြီးတော့မှ အမေ့ ဆီ က ပိုက်ဆံ ချေး တော့တာပဲ ။ ကိုသက်ထွန်းဦး ရဲ့ လခ ထဲ က ဖဲ့ပြီး အမေ့ အကြွေး ကို ဆပ် ပါရစေလို့ ပြောတယ် ။

နောက်တစ်ခါ လည်း ကိုသက်ထွန်းဦး တို့ ရုံးက ဌာနမှူး ရဲ့ အလှူ သွား ဖို့ အတွက် နီလာလက်ကောက် နဲ့ လည်ဆွဲ ကို လာ ငှားပြန်တယ် ။ မန္တလေး က နေ ကျောက်ပန်းတောင် ကို ဒီကိစ္စ အတွက် သက်သက် လာရတာ ။ အလှူ မှာ ဝတ်ပြီးရင် ပြန်ပို့ ပေးပါ့မယ်လို့ ထားရီ က ပြောတယ်လေ ။ အခု ထက်ထိ ပြန်မပေးဘူး ။ တောင်းပြန်တော့ ခဏ နေပါဦး အမေ ရဲ့ ။ ဘယ်သူ့ အလှူ ကို ဝတ်ချင်လို့ ။ ဘယ် လမှာ ဘယ်သူ ဘယ်ဝါ ရဲ့ မင်္ဂလာဆောင် ရှိသေးလို့ပါ ဆိုပြီး ဝေ့လည်လည် လုပ်နေတယ် ။ ဟဲ့ ညည်း မှာ လည်း နှစ်ပါးသွား စိန်လက်ကောက် ရှိတာပဲလို့ အမေ က ပြောတော့ အဲဒါချည်း ခဏခဏ ဝတ်နေရလို့ မဝတ်ချင်တော့လို့ တဲ့ ။ တကယ်လို့ အမေ က သာ ဒီအကြောင်း မမေးရင် ထားရီ က အမေ့ဖျောက် ယူတော့မှာ ။ အဲဒါတော့ မဖြစ်ဘူး ။ အမေ့ မှာ တခြား ကလေးတွေ ရှိသေးတယ် ။ သူတို့တွေ အိမ်ထောင် ခွဲသွားရင် ပေးသင့်ပေးထိုက်တာတွေ ကို ပေးရဦးမယ် မဟုတ်လား ။ နောက်တစ်ခါ လည်း စတိုးဆိုင် ဖွင့်ချင်လို့ ဆိုပြီး အမေ့ ဆီ က ငွေ ၃ သောင်း ချေးသွားပြန်ပြီ ။ အမေ့ ဆီက ယူတာ များလွန်းလို့ အား တောင် နာတယ်တဲ့ ။ ဒါပေမယ့် သမီး မှာလည်း အမေ့ ကိုပဲ အပူကပ်စရာ ရှိတာလို့ ပြောတော့ အမေ က ပြုံးနေတယ် ။ နင့် အကြံ ဒါပဲလား ထားရီ ရယ် ။ နင့် ကို ငါ့ ဝမ်းနဲ့ လွယ် မွေးထားရတဲ့ သမီး ပါဟဲ့ လို့ စိတ် ထဲ ကတော့ ပြောနေမိတယ် ။ အမေ က ထားရီ ရဲ့ အကြောင်း သိသာသိပေမယ့် လက် က မနှေးပါဘူး ။ ထားရီ လိုချင်တဲ့ ပိုက်ဆံ ထုတ်ပေး လိုက်တာပဲ ။ အတိုး ပေးပါရစေတဲ့ ။ နှစ် ကုန်ရင် အတိုး နဲ့ အရင်း ကို တစ်ခါတည်း ဆပ် ပါရစေလို့ ထားရီ က ပြောတယ် ။ အမေ ကတော့ တယ်ပြီး မထင်လှဘူး ။ ဒီလိုနဲ့ ဆုံးပေါင်း များလှပြီ ဥစ္စာ ။

တကယ်တော့ ထားရီ က အမေ့ တင် မဟုတ်ပါဘူး ။ ပျော်ဘွယ် မှာ ရှိ တဲ့ ယောက္ခမကြီး ဆီကလည်း ရသလောက် ယူခဲ့တာ ချည်းပဲ ။ သင်္ကြန် တွင်း ရုံးပိတ်ရက်မှာ ပျော်ဘွယ် ကို ထားရီ တို့ သွား ကြတယ် ။ အဲဒီမှာ ရက် တစ်ပတ်လောက် နေပြီး ယောက္ခမ ကို ဘယ်လို ပတ်ချွဲနှပ်ချွဲ ပြော သလဲ မသိပါဘူး ။ ပြန်လာတော့ ထားရီ ရဲ့ ဘယ်ဘက် လက်ကောက်ဝတ် မှာ ယောက္ခမကြီး ရဲ့ ၃ ကျပ်သား လောက် ရှိမယ့် စတိ လက်ကောက်ကြီး ဝတ်ထားတာ ကို တွေ့ရတယ် ။ ဒါကြောင့်မို့ ငါ ကသာ သူ့ အတွက် စိတ်ပူ လိုက်ရတာ ။ သင်း က ငါ ထင်တာ ထက်တောင် လည် သေးတယ် လို့ အမေ ကပြောတယ် ။ ပြီးတော့ နောက်နောင် ကို လည်း ထားရီ ကို အမေ က ဘာ ပစ္စည်း မှ ထုတ် မပြတော့ဘူး ။ မြင်မြင်ရာ လိုချင်လွန်းလို့တဲ့ လေ ။

( ၂ )

သူများတွေ က ထားရီ ကို လောဘကြီးတယ်လို့ ပြောကြမှာပဲ ။ စီးပွား ရှာတဲ့နေရာမှာ လောဘစိတ် မရှိရင် ဖြစ်ပါ့မလား ။ အဲဒါတင် မဟုတ်ပါ ဘူးလေ ။ စီးပွား လည်း ရအောင် ရှာပြီးတော့ ချွေတာစုဆောင်း ဖို့လ ည်း လိုသေးတယ် ။ ချွေတာတဲ့ နေရာ မှာ တော့ ထားရီ က ကိုယ့် ပါးစပ် တောင် ကိုယ် မသဒ္ဓါချင်ဘူး ။ ဈေးရောင်းတဲ့ အခါ ကိုယ့် ကို လည်း မညှာနိုင် ၊ သူများ ကို လည်း အလို မလိုက်နိုင်ဘူး ။ ထားရီ ရဲ့ ဆိုင်ခန်းကျဉ်းကျဉ်း လေးထဲ မှာ “ ယနေ့ ရောင်းရငွေ မနက်ဖြန် အတွက် အရင်းဖြစ်သည် ” “ လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့ ” “ သင် ကောင်းလျှင် ကျွန်ုပ် မဆိုး ” ပြီး တော့ “ လူကို ယုံပါ၏ အကြွေးသည်းခံပါ ” စတဲ့ စာတန်းတွေ စုံနေ တာပဲ ။ ဘယ်သူ့ ကို မှ အကြွေး မရောင်းနိုင်ဘူး ။ ခင်တာမင်တာတွေ ဘေးချိတ်ပြီး ဈေးသည် နဲ့ ဈေးဝယ် လိုပဲ ဆက်ဆံရတာ ကောင်းတယ် ။ လူတွေ က လည်း လိုက်လျောရင် လိုက်လျောသလောက် အခွင့်အရေး ယူကြတယ် ။

ဆိုင်အကြွေး ယူပြီး ပြန်မပေးတဲ့ ငွေကို ပေါင်းကြည့်ရင် နည်းတာ မဟုတ်ဘူး ။ တော်ကြာ ရောင်းတော့ ရောင်းရပါရဲ့ ။ ဒါပေမယ့် အကြွေး ဆိုတာလို ဖြစ်ပြီး ဆိုင်ပြုတ် သွားနိုင်တယ် ။ ဒါတွေ ကို တော့ လူတွေ က မ မြင်ကြဘူး ။ ထားရီ ကို ပဲ ဆိုးတယ်တဲ့ ။ ကွယ်ရာ မှာ ပြောကြတယ်လေ ။ အရင်းအနှီး က များပြီး အမြတ် က တိုးမလာဘူး ။ ဒါကြောင့် ထားရီ ဖြင့် အပို သုံးတာဆို ဘာဆို ဘာမှ မသုံးမိအောင် အတော် သတိထား နေရ တယ် ။ ဒါပေမယ့် ငွေ ဆိုတာ ဝင်ချင်တဲ့ အချိန်မှာတော့ တုံ့နှေးတုံ့နှေး နဲ့ ၊ ကုန်မယ့် ကိစ္စကျတော့ မြန်လိုက်တာ ။ တွေးရင်းနဲ့ ထားရီ  ဒေါသ ဖြစ်လာတယ် ။ အဲဒီ ဒေါသ က ကိုသက်ထွန်းဦး  ဆီကို မြှားဦး လှည့်သွား တယ် ။ ဒီအကြောင်း တွေးရင်း ဒေါသ ဖြစ်ပြီး လင်မယား နှစ်ယောက် တည်း စကား များစရာဖြစ်ပေမယ့် အပြင်လူတွေ သာ သိရင်တော့ ရယ်စရာကြီး ။ အဖြစ်က ဒီလို ။

ထားရီ ဆိုင် အတွက် ဈေးချို ကို ဈေးသွား ဝယ်မယ် ဆိုတော့ ကိုသက်ထွန်းဦး က သူ့ ဆိုင်ကယ် နဲ့ လိုက်ပို့ ပေးမယ်လို့ ထူးထူးခြားခြား ပြော လိုက်တယ် ။ စနေနေ့ ဆိုတော့ ကိုသက်ထွန်းဦး က ရုံးပိတ်တာကိုး ။ ခါတိုင်းတော့ ထားရီ က အမှတ် ( ၆ ) ဘတ် ( စ် ) ကား နဲ့ ဈေးချို ကို သွားလေ့ရှိ တယ် ။ စနေ ၊ တနင်္ဂနွေရုံးပိတ်ရက် နဲ့ ထားရီ ဈေးသွားရက် ဆိုရင်လည်း တခြားကိစ္စ ပေါ်လာတာနဲ့ ထားရီ ကို ဈေးလိုက်ပြီး မပို့ဖြစ်ဘူး ။ ဒီနေ့ တော့ ကိုသက်ထွန်းဦး က စေတနာ ကောင်း နေတယ် ။ အိမ်မှာ ချက်ရ ၊ ပြုတ်ရ ၊ အဝတ်လျှော်ရ ၊ ကလေးတွေ ကျောင်း ပို့ရတဲ့ အပြင် အိမ်ဆိုင်လေး ကိုလည်း တစ်ဘက် တစ်လမ်းကနေ ရောင်းချနေသေးတော့ နေ့စဉ် ပင်ပန်းနေတဲ့ ထားရီ ကို သနားသွားဟန် တူပါရဲ့ ။ အစ က တော့ ကိုသက်ထွန်းဦး ဆိုင်ကယ် နဲ့ ပဲ သွားရကောင်းနိုးနိုး ၊ ဘတ် ( စ် ) ကား နဲ့ ပဲ အရင်လို သွားရ ကောင်းနိုးနိုး ထားရီ ဝေခွဲမရ ဖြစ်နေသေးတယ် ။ ဆိုင်ကယ်နဲ့ သွားရင် လူ သက်သာပြီး အချိန် မကုန်ဘူးပေါ့ ။ ဒါပေမယ့် ဈေး နဲ့ အိမ် တစ်ခေါက် ဆိုရင် ဆိုင်ကယ် ဆီဖိုးက နည်းမှာ မဟုတ်ဘူး ။ အဲဒါကို တွေးမိတော့ ထားရီ တွန့်သွားတယ် ။ “ တစ်ခါတစ်လေပဲကွာ ဆီဖိုး က မင်း ပြောသလောက် မကုန်ပါဘူး ။ ငါ က လည်း မင်း ကို အမြဲတမ်း လိုက် ပို့နိုင်တာ မဟုတ်ဘူး ” လို့ ကိုသက်ထွန်းဦး က ပြောတော့ ထားရီ စိတ်လည်သွားတယ် ။ ကိုယ့် ယောက်ျား နဲ့ ဈေးကို သွားဖူးတယ် ရှိအောင် သွားချင်စိတ် ပေါက် သွားတယ် ။

ဈေး ရောက်တော့ ကိုသက်ထွန်းဦး က ၂၈ လမ်းက ကုက္ကိုပင် အောက် စောင့်ခိုင်းရတယ် ။ ဆိုင်ကယ် ကို လည်း အငှားအပ်တဲ့ ဆိုင်မှာ မအပ် နဲ့ ။ အလကား နေရင်း ဆိုင်ကယ်ခ ၅ ကျပ် - ကုန်နေမယ်လို့ ပြောထားခဲ့ တယ် ။ ဈေးဝယ် တာ တစ်နာရီ လောက် ကြာမယ် ထင်တယ် ၊ အထုပ်အပိုး တွေ တစ်ပိုက်ကြီးနဲ့ ဈေးထဲ က ထားရီ ထွက်လာတော့ စောင့်ခိုင်းထားတဲ့ ကုက္ကိုပင် အောက်မှာ ကိုသက်ထွန်းဦး ကို မတွေ့ရဘူး ။ အထုပ် ကို အောက်ချ လိုက်ရင်း ဟိုဟိုဒီဒီ လိုက်ရှာ နေမိတယ် ။ သူငယ်ချင်း တစ်ယောက်ယောက် နဲ့များ တွေ့လို့လား ဒါမှမဟုတ် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင် မှာ ချက် ( စ် ) သွား ထိုးနေသလား ။ ထားရီ အမျိုးမျိုး တွေး တယ် ။ အဲသလို စဉ်းစား နေတုန်း နာရီဝက်လောက် ကြတော့ ထားရီ ရှိတဲ့ ကုက္ကိုပင် အောက် ကို ခြေလှမ်း နှေးနှေး နဲ့ တဖြည်းဖြည်း လာနေတဲ့ ကိုသက်ထွန်းဦး ကို တွေ့ရတယ် ။ သူ့ ကြည့်ရတာ အားအင် ဆုတ်ယုတ် နေ သလိုပဲ ။ မျက်နှာ က ချောင်ကျ သွားပြီး ချွေးတွေ ကြောင့်လား မသိဘူး ဖြူလျော်လျော် နဲ့ သူ့ ကို ကြည့်ရင်းနဲ့ ထားရီ  ရင်ထိတ် သွားတယ် ။

“ ဘယ်လို ဖြစ်သွားတယ် မပြောတတ်ပါဘူး ထားရီ ရယ် ၊ ညက အစား မှားလို့ ထင်တယ် ။ ဝမ်း သွား နေတာ ၅ ခါ တောင် ရှိပြီ ” လို့ ကိုသက်ထွန်းဦး က ပြောလိုက်တယ် ။ အဲဒီတော့မှ ထားရီ စိတ်မောတာ သက်သာ သွားတော့တယ် ။ ဒါပေမယ့် အိမ်သာ တက်ခ ပိုက်ဆံ ကုန်တာ တွေးမိ တော့ ထားရီ နှမြော သွားတယ် ။ “ ရှင့်နှယ် ခဏလေး အောင့်ထားပြီး နေ ရောပေါ့ ။ အိမ် ရောက်တဲ့ အထိ မနေနိုင်ဘူးလား ” လို့ မေး လိုက်မိတယ် ။ “ မအောင့်နိုင်လို့ပေါ့ကွ ” လို့ ကိုသက်ထွန်းဦး က ဒေါပွပွ နဲ့ ပြန်အော် တယ် ။ ပိုက်ဆံကုန်မယ့် ကိစ္စ ဆိုရင် ဘာ အကြောင်းပြချက် မှ ထားရီ မလိုချင်ဘူး ။ ဈေး မှာ အိမ်သာ တက်တယ် ဆိုတာ အရင်က လို တစ်မတ် ၊ ငါးမူးခေတ် မဟုတ်ဘူး ။ တစ်ခါဝင် ၃ ကျပ် ပေးရတယ် ။ အခု ၅ ခါ ဆို တော့ ငွေ ၁၅ ကျပ် ကို အလကား နေရင်း ဟိုဒင်း ထဲ ချလိုက်ရတာပဲ ။

နောက် အိမ်သာ တက် ချင်လို့ ဆိုင်ကယ် ကို အပ်ထားရတော့ အပ်ခ ၅ကျပ် - ကလည်း ကုန် ပြန်သေးတယ် ။ ပြီးတော့ ဆိုင်ကယ် ဆီဖိုး ၊ တွေးရင်း အလကား ကုန်ရတဲ့ ပိုက်ဆံ က မနည်းပါလား ။

သူ့ ဘာသာ အရင် က လို သွားနေကျ အတိုင်း ဘတ် ( စ် ) ကား နဲ့ လာရင် ဘယ်လောက်မှ မကုန်ဘူး ။ ဒီ ဖင်ကလည်း ဈေး ရောက်မှ ပါပါချင်လွန်း တယ်လို့ ကိုသက်ထွန်းဦး ကို မကြားတကြား ပြော လိုက်တယ် ။ ကိုသက်ထွန်းဦး ကလည်း သူ့ မိန်းမ နှမြော တွန့်တိုလွန်းတာ သိပါရဲ့ ။ စောင့်ရင်း နဲ့ လက်ဖက်ရည်ဆိုင် ခဏ ဝင် ထိုင်မိလို့ ငွေ ၁၂ကျပ် ကုန်သွားတာကိုပါ သိ ရင် ဘာပြောမလဲ မသိဘူး ။ အခုလည်း ဆိုင်ကယ် နောက်က အေးအေး လိုက်လာတာ မဟုတ်ဘူး ။ ကျုပ် ဘာသာ ဈေး သွားရင် ပိုက်ဆံ ကုန်မှာ မဟုတ်ဘူး ။ ပိုက်ဆံ ဆိုတာ လွယ်လွယ် နဲ့ ရှာလို့ရတာ မဟုတ်ဘူးလို့ ပွစိပွ စိ ရေရွတ် လာတယ်လေ ။ ဗိုက် နာပြီး ဝမ်းဟာ မောဟိုက်တာ တစ်မျိုး ။ ထားရီ ရဲ့ ဆီမန်းမန်းတဲ့ အသံ ကို လည်း မခံနိုင်ဘူး ။ ဆိုင်ကယ် စီးရင်းနဲ့ ကိုသက်ထွန်းဦး ဒေါသထွ က်လာတယ် ။ အဲဒီ အချိန်မှာ လမ်းထောင့် နေရာက ယာဉ်ထိန်းရဲ က သူတို့ ကို လှမ်းခေါ်နေတာ တွေ့ရတယ် ။ ဘာများ အပြစ် ကျူးလွန် မိလို့ပါလိမ့် ။ ဒါမှမဟုတ် နေ့ခင်းကြောင်တောင် ရှေ့ မီးများ ဖွင့်မိလို့လား စသဖြင့်ပေါ့လေ ။ ဆိုင်ကယ် ရပ်ပြီး အပြစ်တွေ ကို လိုက် ရှာတယ် ။ တွေ့လည်း တွေ့ရော “ ဟိုက် ” ခနဲ ဖြစ်သွားတယ် ။ စိတ်တိုတို နဲ့ ဆိုင်ကယ် စီး လာလိုက်ကြတာ လင်မယား နှစ်ယောက်စလုံး ဦးထုပ် ဆောင်းဖို့ မေ့ လာခဲ့ကြတာကိုး ။ ယာဉ်ထိန်းရဲ ကို တောင်းပန်ပေမယ့် ဘယ်လိုမှ မရဘူး ။ ယာဉ်မောင်းလိုင်စင် သိမ်းပြီး ဖြတ်ပိုင်း စာရွက်လေး ထုတ်ပေး လိုက်ပါတယ် ။

အိမ် လည်း ရောက်ရော ထားရီ က ဒါတွေ ရှင့် ကြောင့် ဖြစ်ရတာပဲဆို ပြီး အပြစ် တင်တော့တယ် ။ ဒီလို ပြစ်ဒဏ် ကျူးလွန်ရင် အနည်းဆုံး ဒဏ်ငွေ ၅၀ဝိ/- ထက် မနည်း ဆောင်ရမယ် ။ နည်းတဲ့ ငွေလား ။ သူ့ မှာ ဖြင့် တစ်ကျပ်တစ်ပြား မြတ်ဖို့ အရေး ကြိုးစား လိုက်ရတာ ။ ဒီလို အဖြစ်မျိုးနဲ့ ကြုံတာ တစ်လစာ မြတ်မယ့် အမြတ်ကလေး သွားပါရော ။ ကိုသက်ထွန်းဦး က ငါ့ ဘာသာ ငါ ပေးမယ်လို့ ပြောတယ် ။ ဘာ ထူးမှာမို့လဲ ။ လင်မယားပဲ ဘယ်သူက ပေးပေး ကုန်တာတော့ ကုန်တာပဲမ ဟုတ်လား ။

“ အန်တီထား အန်တီထား ” ခေါ်သံ ကြားရလို့ စိတ်တိုတို နဲ့ အသံ ကြား ရာ ဆိုင်ရှေ့ ကို ထားရီ လှမ်းကြည့်လိုက်တယ် ။ မည်းမည်းပိန်ပိန် ကောင်မလေး တစ်ယောက် ရပ်နေတာကို တွေ့ရတယ် ။ ထားရီ တို့ ရဲ့ နောက်ဖေး နှစ်အိမ်ကျော် က မတင်ထွေး ရဲ့ သမီး လေးပါ ။ “ ဘာလဲဟေ့ ” လို့ ထားရီ က အသံမာမာ နဲ့ လှမ်းမေးလိုက်တယ် ။ “ အမေ က ကြက်သွန် နှစ်ဥ လောက် ခဏချေးပါတဲ့ ” ကောင်မလေး က လည်း အ လိုက်တာ ။ ဒေါသ ထွက်နေတဲ့ ထားရီ ရဲ့ မျက်နှာထား နဲ့ လေသံ ကို အကဲ မခတ်တတ် ဘူး ။ ကလေးပဲ လေ ဘယ် သိရှာမလဲ ။ ကောင်မလေး ဆီ က စကား လည်း ကြားရရော ထားရီ ရဲ့ ဒေါသ က မီးလောင်ရာ လေပင့် သလို ဖြစ်သွား တယ် ။ ကလေးဆီ က စကား ဆုံးအောင် နား မထောင်တော့ဘူး ။ “ သွားစမ်း သွားစမ်းဟယ် ၊ ကြက်သွန်ဥ လည်း မရှိဘူး ၊ တခြား ဘာ ဥမှလည်း မ ရှိဘူး ” လို့ အော် ပြော လိုက်တော့ ကောင်မလေး လည်း ကြောက်အားလန့်အား နဲ့ ဆိုင်ရှေ့ က နေ ထွက်ပြေး သွားလေရဲ့ ။

( ၃ )

တခြား နေ့တွေ ဆို ဒီလို လာ တောင်းရင် ထားရီ မတွန့်တိုတတ်ပါဘူး ။ ဒေါသဖြစ်နေတဲ့ နေ့မှာ ဆုံရတာတော့ မတတ်နိုင်ဘူး ။ ထားရီ က နှမြော ပြီး အပေါက်ဆိုး ပေမယ့် မတင်ထွေး တို့ နဲ့ ကျတော့ စေတနာ ကောင်း တယ် ။ ဘာကြောင့်လဲ ဆိုတော့ ထားရီ တို့ မန္တလေး ရောက်ခါစ တုန်းက မတင်ထွေး တို့ လင်မယား က အကူအညီ အများကြီး ပေးတာကလား ။ မတင်ထွေး ရဲ့ ယောက်ျား က ကိုသိန်းချီ တဲ့ ။ မှန်စီရွှေချ လုပ်တယ် ။ မတင်ထွေး က အင်္ကျီကြယ်သီး အငှား တပ်တယ် ။ လင်မယား နှစ်ယောက်စလုံး အလုပ် ရှိပေမယ့် ဆင်းရဲကြ ပါတယ် ။ ပြီးတော့ ကလေးတွေ က များတော့ အမြဲတမ်း မလောက်မင ဖြစ်နေရတာပဲ ။ ထားရီ လည်း မတင်ထွေး နဲ့ မှ ပဲ ဝဋ်လည် တော့တယ် ။ မတင်ထွေး က ထားရီ အကြောင်း သိပ်သိတာပေါ့ ။ ဘယ်လို ပြောပြော စိတ် မဆိုးဘူး ။ အမြဲတမ်း မထား မထား နဲ့ နှုတ် က ချို နေတယ် ။ ပြီးတော့မှ ဆန် ချေးပါဦး ။ ဆီ ၂ ဇွန်း လောက် စသဖြင့် အချေး အငှား သိပ်များတာ ။ ချေးစရာ မရှိရင်လည်း ဟင်း ဖြစ်ဖြစ် လာ တောင်း တာပဲ ။ တစ်ရက် က လည်း ဟင်းကျန် ရှိသေးလား တဲ့ ။ ဝက်သားဟင်း ချက်ထားတာ တော့ ရှိတယ် ။ မရှိဘူးလို့ ပြောမကောင်းတာ မို့ ကိုသက်ထွန်းဦး မစားရသေးဘူး လို့ ဝိနည်းလွတ်အောင် မတင်ထွေး ကို ပြော လိုက်တယ် ။ အဲဒါကို ဟင်းအနှစ်လေးပဲ ဆမ်းပါရစေ ဆိုပြီး ဒန်အိုး လှန် ပြီး မှ ဟင်း ၂ တုံး ပါ ထည့်ယူ သွားတယ်လေ ။ အတုံး အရေအတွက် ကို မှတ်ထားတော့ ထားရီ  သိတာပေါ့ ။

“ ထားရီ ရေ ညနေစာ မချက်နဲ့ တော့ ဟေ့ သင်းပိတောက် စားသောက်ဆိုင် က ကိုမျိုးခင် က သူ့ ဆိုင် တစ်နှစ်မြောက်တဲ့ နေ့ ဖိတ်ထား တယ် ” လို့ ရုံး က ပြန်လာတဲ့ ကိုသက်ထွန်းဦး က ခရီး ရောက်မဆိုက် ပြော လိုက်တယ် ။ ကိုမျိုးခင် နဲ့ ကိုသက်ထွန်းဦး က ငယ်သူငယ်ချင်းတွေ ဖြစ်တယ် ။ ကိုမျိုးခင် အောင်တော်မူ ဘက်မှာ စားသောက်ဆိုင် ဖွင့်ပြီး ကြီးပွားနေပြီ ။ “ စောစော ကတည်း က သိရရင် သိပ်ကောင်းမှာ ” လို့ ထားရီ က ကိုသက်ထွန်းဦး ကို ပြောလိုက်တယ် ။ ဘာကြောင့်လဲ ဆိုတော့ ညနေစာ အတွက် ထမင်းအိုး တည်ထား ပြီးပြီကိုး ။ “ လွယ်ပါတယ်ကွာ မတင်ထွေး တို့ကို ပေးလိုက်ရင် ရတယ် ” လို့ ကိုသက်ထွန်းဦး က အကြံဉာဏ် ပေး လိုက်တယ် ။ ထားရီ က လည်း သူမပြောခင် ကတည်းက အဲသလို လုပ်ဖို့ စိတ်ကူး ပြီးသားပါ ။

ကျောင်း က ပြန်လာတဲ့ ကလေးနှစ်ယောက် ကို မြန်မြန် ရေချိုးပေး ၊ သူကိုယ်တိုင် ဖီးလိမ်း ပြင်ဆင်ပြီး ညနေ ၆ နာရီ ထိုးတော့ သင်းပိတောက်ဆိုင် ကို ထွက်လာခဲ့ကြတယ် ။ မိတ်ဆွေရင်းတွေ မို့သာ သွားရ တာ ။ သူ့ စတိုးဆိုင်လေး ပိတ်ထားခဲ့ရလို့ ထားရီ သိပ် စိတ်မပါလှဘူး ။ ညပိုင်း ဆိုရင် ထားရီ ရဲ့ ဆိုင် က ရောင်းကောင်းတယ်လေ ။ တစ်နေကုန်လုံး မှာ ညပိုင်း အချိန်လေးကိုပဲ အားကိုး ရောင်းရတယ် ။ ဗိုက် က လည်း မကောင်းဘူး ။ မရှိတဲ့ အခါကျတော့ ခဏခဏ ဆာတယ် ။ ဟိုဟာ စားချင်ရ တာနဲ့ ။ ဒီဟာ စားချင်ရတာနဲ့ ။ တကယ် စားရတော့ ခဏလေး နဲ့ ဝတယ် ။ ကိုမျိုးခင် က လိုလေသေး မရှိ ဧည့်ခံပါတယ် ။ အတော် ညဉ့်နက် မှ ကိုမျိုးခင်တို့ဆီက ပြန်လာခဲ့ကြတယ် ။ ကိုသက်ထွန်းဦး ကို အရက်တိုက် လွှတ် လိုက်ကြတယ် ထင်တယ် ။ အကြီးကောင် ကို ပွေ့ရင်း ဆိုင်ကယ် နောက်ခုံ မှာ ထိုင်လိုက်တဲ့ အခါမှ သူ့ ဆီ က အနံ့ရ သလိုပဲ ။ မူးမူး နဲ့ စီးလို့ ကလေး ၂ ယောက်လုံး ဒုက္ခရောက်မှာ ကို တွေးပူပြီး နောက်က ထိုင် လိုက်ရတာတောင် စိတ် မဖြောင့်ဘူး ။

အိမ် ရောက်တော့ ကလေး ၂ ယောက် ကို သိပ်ပြီး တခြား လုပ်စရာရှိ တာ ရှာကြံ လုပ်နေမိတယ် ။ အိပ်ချင်စိတ် မရှိသေးဘူး ။ ကိုသက်ထွန်းဦး ကတော့ မူးမူးနဲ့ အိပ်ပျော်နေပြီ ။ တစ်ယောက်တည်း ထိုင် နေတော့ အတွေးတွေ က ဟိုရောက် ဒီရောက်ပဲ ။ ကျောက်ပန်းတောင်း အိမ် ကို လည်း စိတ် က ရောက်သွား သလို ။ မနက်ဖြန် ဈေးဝယ် ထွက်ရမယ့် အကြောင်း ကို လည်း တွေးမိတယ် ဒီလိုနဲ့ တွေးမိတွေးရာ တွေးရင်း ညနေ က မတင်ထွေး တို့ ဆီကို ထမင်းအိုး ပေးလိုက်တဲ့ အကြောင်း စိတ်ကူး ရောက်သွားတော့ ထားရီ တစ်ယောက် “ ဟောတော့ ” လို့ ဖြစ် သွားတယ် ။ အခုမှ သတိရတယ် ။ ဒီနေ့ ညနေစာ ဟင်း မရှိလို့ ကြက်ဥ ကို ပဲပြုတ်ပြီး သုတ်စားတော့မယ် ဆိုတဲ့ စိတ်ကူး နဲ့ ထမင်းအိုး ထဲမှာ ကြက်ဥ နှစ်လုံး ထည့်ထားမိတယ်လေ ။ အဲဒါကို သတိမေ့ပြီး မတင်ထွေး တို့ ကို ပေးလိုက်မိတယ် ။ ထမင်း ခူးရင် ဒီ ကြက်ဥ ၂ လုံး ကို တွေ့မိမှာပဲ ။ နာရီ ကြည့် လိုက်တော့ ည ၁၂ နာရီ ကျော်နေပြီ ။ မတင်ထွေး တို့ ဆီကို ချက်ချင်းပဲ ထားရီ သွားမေး ချင်လိုက်တာ ။ ကြက်ဥ တစ်လုံး ၇ ကျပ် ရှိ တယ် ။ ၂ လုံး ဆိုရင် ၁၄ ကျပ် တောင် ပေးခဲ့ရတယ် ။ တစ်ညလုံး ဒီ ကြက်ဥ ကိစ္စကြောင့် ထားရီ  စိတ်ဖြောင့်လက်ဖြောင့် မအိပ်ခဲ့ရဘူး ။

မနက် လင်းတော့ မျက်နှာ ကပျာကယာ သစ်ပြီး မတင်ထွေး တို့ အိမ် ဘက် ကူးသွားတယ် ။ ထားရီ ကို တော့ မတင်ထွေး က ပြုံးပြုံးရွှင်ရွှင် နဲ့

“ ဟော မထား ပါလား ကျွန်မ လည်း မနေ့ည က ထမင်းအိုး ကို မထား တို့ဆီ ကို လာပို့တော့ မလို့ပဲ ။ မနေ့ညနေ က ကိုသိန်းချီ အလုပ် က ပြန် ရောက်တဲ့ အချိန် ထမင်း လိုနေတာနဲ့ မထား ဆီက ထမင်းအိုး ပို့လိုက်တော့ အဆင်ပြေ သွားတယ် ။ ကိုသိန်းချီ က မထား တို့ ကို ကျေးဇူး တင် လိုက်တာ ။ ငါ ကံကောင်းတာပဲ ။ ငါ့ အတွက် မထား တို့ က ကြက်ဥ ၂ လုံး ထည့် ပေးလိုက်တယ် လို့ ပြောတယ် မထား ရဲ့ ”

ဝမ်းသာအားရ နဲ့ ပြောနေတဲ့ မတင်ထွေး ကို ငေးကြည့်နေမိတယ် ။ မျက်နှာ ကို အတတ်နိုင်ဆုံး ပြုံးရယ်မိအောင် ကြိုးစားရင်း “ ကျွန်မ လည်း စားလို့ ကောင်းရဲ့လား လို့ လာ မေးရတာ မတင်ထွေးရဲ့ ” လို့ အလိုက်သင့် ပြန်ပြောရတာပေါ့ ။

ယာဂုအိုး ကွဲလို့ ရွှေစည်းခုံ ကို လှူပါ၏ အဖြစ်မျိုး မလုပ်ချင်ပါဘူး ။ စေတနာ က ပြတ်ထား ပြီးပြီလေ ။ အဲဒီ ပြတ်တဲ့ စေတနာ ဟာ မတင်ထွေး တို့ အတွက် ထမင်းအိုး ပဲ ဖြစ်တယ် ။ ကြက်ဥ နှစ်လုံး မပါခဲ့ဘူး ။ ဒါပေမယ့် စားတဲ့ သူက စားပြီးပြီ ဆိုမှတော့ ဘယ် တတ်နိုင်မလဲ ။ သက်ပြင်း ချရင်း စိတ် ထဲ မှာ တစ်ယောက်တည်း ရေစက်ချ သာဓုခေါ် နေမိတယ် ။ လောဘစိတ် ၊ ဒေါသစိတ် နဲ့ မောဟတွေ ဖုံးလွှမ်း နေတဲ့ လူတွေ ရဲ့ မျက်နှာ က အလွန် အရုပ်ဆိုး သတဲ့ ။ အဲဒီနေ့ ကတော့ မနက် စောစောကြီး အိပ်ရာ က ထ လာလို့ ထားရီ  မှန် မကြည့်ခဲ့ရဘူး ။

◾ညိုထွန်းလူ

📚 ပန်းဝေသီ
      ဇူလိုင်လ ၊ ၁၉၉၅ ။

No comments:

Post a Comment