Monday, December 30, 2024

မောင်စိတ်ကောင်း နှင့် မလောဘကြီး


 

❝ မောင်စိတ်ကောင်း နှင့် မလောဘကြီး ❞
        ( ပုံပြင် )

တရံရောအခါ တိုင်းပြည် တစ်ပြည် တွင် မောင်စိတ်ကောင်း ခေါ် လူငယ်ကလေး တစ်ဦး သည် မုဆိုးဖို ဖခင်ကြီး နှင့် အတူ နေထိုင်၏ ။ မောင်စိတ်ကောင်း ၏ မိခင် သည် မောင်စိတ်ကောင်း လေးငါးဆယ်နှစ်သား တွင် မြစ်လယ်တွင် ငါးရှာ ထွက်ရင်း သေဆုံးခဲ့၏ ။ ထို့ကြောင့် မောင်စိတ်ကောင်း မှာ လည်း အမိမဲ့သား ဖြစ်ရရှာ၍ မောင်စိတ်ကောင်း ၏ ဖခင်ကြီး လည်း မုဆိုးဖို ဖြစ်ခဲ့ရ လေ၏ ။

မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် အလွန် အပျင်းကြီးသူ ဖြစ်သည် ။ မောင်စိတ်ကောင်း ၏ မိခင် ရှိစဉ် ကတည်း က မည်သည့် အလုပ်ကိုမျှ မလုပ်ကိုင်ချေ ။ မောင်စိတ်ကောင်း ၏ မိခင် လုပ်ကိုင်ကျွေးသမျှ ကိုသာ စားသောက် နေထိုင်ခဲ့သူ ဖြစ်လေသည် ။ မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် ဇနီးသည် သေဆုံးသွားပြီး ကတည်း က မိမိ ကိုယ်တိုင် အလုပ် လုပ်၍ သား ဖြစ်သူ မောင်စိတ်ကောင်း ကို လုပ်ကိုင်ကျွေးမွေးရန် ဝတ္တရား ရှိသော်လည်း နည်းနည်းကလေးမျှ အလုပ် မလုပ်ချေ ။ မောင်စိတ်ကောင်း ကို လှေတစ်စင်း နှင့် မြစ်သို့ လွှတ်၍ တံငါ အလုပ် ကို လုပ် စေပြန်၏ ။ ထို ကတည်းက မောင်စိတ်ကောင်း မှာ တံငါ လုပ်၍ ဖခင်ကြီး ကို လုပ်ကျွေးရရှာလေသည် ။

ငါးများများ ရ၍ ပြန်လာလျှင် မောင်စိတ်ကောင်း ကို သူ့ ဖခင်ကြီး က ပြုံးရွှင်စွာ ဆီးကြို နေလေ့ ရှိသော်လည်း ငါးနည်းနည်း ရ၍ သော်လည်းကောင်း ၊ အလျဉ်း ငါးမရဘဲ သော်လည်းကောင်း ပြန်လာလျှင် မူ မောင်စိတ်ကောင်း အား သူ့ ဖခင်ကြီး က သေမတတ် ရိုက်နှက်လေ့ ရှိ၏ ။ ထို့ကြောင့် မောင်စိတ်ကောင်း မှာ ငါးများများ မရဘဲ အိမ်သို့ မပြန်ဝံ့ချေ ။

တစ်နေ့သော် မြစ်ပြင် ၌ လေမုန်တိုင်း ကြီးစွာ ကျ၏ ။ မောင်စိတ်ကောင်း မှာ ငါးရှာရန် မတတ်နိုင်သည့် ပြင် လှေကလေး ကိုပင် မမှောက်စေရန် ကမ်းတွင် ကပ်၍ မြဲမြံစွာ ချည်နှောင် ထားရလေ၏ ။ မိုးချုပ်သည့် တိုင်အောင် လေမုန်တိုင်း က ထန် နေလေသည် ။ မောင်စိတ်ကောင်း  မှာ ငါး မရသဖြင့် အိမ်သို့လည်း မပြန်ရဲရှာချေ ။ နံနက်စာ ရော ၊ ညစာ ပါ မစားရသော မောင်စိတ်ကောင်း မှာ ဆာလောင်မွတ်သိပ်ခြင်းဒဏ် ကို အလူးအလဲ ခံစားရလေ၏ ။

ထိုအခါ မောင်စိတ်ကောင်း သည် သူ ဆာလျှင် ဆာတိုင်း အစားအစာ ကျွေးမွေးလေ့ ရှိသော မိခင်ကြီး ကို အောက်မေ့ လွမ်းဆွတ်လျက် သနားစဖွယ် ငိုကြွေးမြည်တမ်း ရှာလေ၏ ။ ထိုခဏ၌ အံဩဖွယ်ရာပင် မုန်တိုင်း သည် ငြိမ်သက် သွား၍ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းစွာ ဖြင့် နတ်သမီးတစ်ပါး သည် မောင်စိတ်ကောင်း ၏ ရှေ့တွင် ကိုယ်ထင် ပြ၍ “ လူကလေး ၊ ဘာမျှ အားငယ်နှင့် ၊ အမေ သည် လူကလေး စားသောက်ရန် အစားအစာများ ကို ယူဆောင်ခဲ့ပြီ ။ ယခု ပင် စားလော့ ” ဆိုလျက် မောင်စိတ်ကောင်း အား အစားအစာအထုပ်များ ကို ပေးကမ်းလေ၏ ။

မောင်စိတ်ကောင်း လည်း အစားအသောက် စားပြီး လျှင် ပြီးခြင်း “ အရှင် နတ်သမီး ၊ အရှင် နတ်သမီး သည် အဘယ်ကြောင့် ကျွန်ုပ် ၏ အမေ ဟု ဆိုသနည်း ။ ထိုအကြောင်း ကို ကျွန်ုပ် သိပါရစေ ” ဟု မေး၏ ။

“ လူကလေး အမေ သည် သေပြီး ကတည်း က သမုဒ္ဒရာစောင့် နတ်သမီးကြီး ထံ တွင် ခစားရသော နတ်သမီး တစ်ပါး ဖြစ်ခဲ့၍ ဤ ယနေ့ပင် ဤ မြစ်ပြင်ကို မုန်တိုင်းထန်အောင် ပြုလုပ် သော နတ်ဆိုး ကို နှိမ်နင်းရန် နှင့် ဤ မြစ်တရိုး ကို အမြဲတစေ စောင့်ကြပ်ရန် အမေ့ အား အပိုင်စား ပေးလိုက်၏ ၊ အမေ ကား ဤ မြစ်စောင့် နတ်သမီး တည်း ၊ သို့ဖြစ်၍ လူကလေး ၊ ဘာမျှ မပူနှင့် ၊ ဤ မြစ် ၏ တစ်နေရာဝယ် ရွှေငါးတို့ ကို သိုလှောင် ထားသော ဥစ္စာသိုက်ကြီး တစ်သိုက် ရှိ၏ ၊ ထို သိုက် အတွင်းမှ ရွှေငါး တစ်ကောင် ကို ယူ၍ လူကလေး အား ယခု ပေးလိုက်မည် ၊ ထိုရွှေငါး ကို ထုခွဲ ရောင်းချ၍ သင့်ဖခင် အား ကျွေးလော့ ” ထိုသို့ ပြော၍ မောင်စိတ်ကောင်း ၏ မိခင် မြစ်စောင့်နတ်သမီး သည် မောင်စိတ်ကောင်း အား ရွှေငါးတစ်ကောင် ပေးပြီး လျှင် မြတ်နိုးလှစွာသော မိခင် ၏ ချစ်ခြင်း ဖြင့် မောင်စိတ်ကောင်း အား ရင်ဝယ် ပွေ့ပိုက်သည် ခဏ၌ မောင်စိတ်ကောင်း လည်း အိပ်မောကျ သွားလေ၏ ။

နံနက် လင်း လျှင် မောင်စိတ်ကောင်း သည် ပန်းထိမ်ဆရာ တစ်ဦး ထံတွင် ရွှေငါး ကို အသပြာ တစ်ထောင် နှင့် ရောင်းချ၍ အိမ် သို့ ပြန်လေ၏ ။ တစ်နေ့ နှင့် တစ်ညလုံးလုံး နေပြီး မှ ငါး တစ်ကောင် မျှ မပါဘဲ ပြန်လာသော မောင်စိတ်ကောင်း ကို မြင်လျှင် ဖခင်ကြီး သည် ဆီးကြို၍ ရိုက်နှက်မည် ပြု၏ ။ မောင်စိတ်ကောင်း သည် အသပြာ တစ်ထောင်လုံး ကို မပေးဘဲ အသပြာ တစ်ဆယ် ကို သာ ဖခင် လက်သို့ ပေး၏ ။ ဖခင် လည်း အသပြာ တစ်ဆယ် ကိုရလျှင် နှစ်သိမ့် ရွှင်လန်းလျက် မောင်စိတ်ကောင်း အား ထို ငွေ ကို ဘယ်ကဲ့သို့ ရရှိသနည်း ဟု မေး၏ ။ မောင်စိတ်ကောင်း က လမ်းတွင် ငါး ရောင်းချ၍ ရခဲ့ကြောင်း ပြော၏ ။ ဤတွင် သူ့ ဖခင်ကြီး သည် နောင် လည်း ရသမျှ ငါး ကို လမ်းတွင်ပင် ရောင်းချခဲ့ ဟုပြော၏ ။

“ ကောင်းလှပါပြီ ဖခင် ” ဟုဆို၍ မောင်စိတ်ကောင်း လည်း ဆိတ်ဆိတ်နေ၏ ။

ထိုနေ့မှ စ၍ မောင်စိတ်ကောင်း သည် တံငါအလုပ် ကို မလုပ်ရတော့ချေ ။ သို့ရာတွင် ဖခင်ကြီး မရိပ်မိ စေရန် နေ့စဉ် မြစ်ပြင် သို့ ထွက်သွား၍ မြစ်စောင့်နတ်သမီး ဖြစ်သော သူ့ မိခင် ၏ ရင်ခွင် တွင် နှစ်ခြိုက်စွာ အိပ်ရလေ၏ ။

ဤသို့ နှစ်ရှည်လများ နေထိုင်ခဲ့ ပြီးနောက် တစ်နေ့သော အခါတွင် မြစ် ထဲ တွင်မျော လာသော မိန်းမကြီးတစ်ဦး ကို တွေ့လျှင် မောင်စိတ်ကောင်း သည် ကယ်ဆယ်ရန် ကြိုးစားလေ၏ ။ မိခင် မြစ်စောင့်နတ်သမီး က ထို အမှု ကို မပြုရန် အတန်တန် တားဆီးလေသော်လည်း မောင်စိတ်ကောင်း က မနာယူချေ ။ ထို မိန်းမကြီး ကို ဆယ်ယူပြီး နောက် မောင်စိတ်ကောင်း သည် မိန်းမကြီး အား သတိရအောင် အမျိုးမျိုး ပြုစုပြီးလျှင် အိမ် သို့ ခေါ်ဆောင် သွားလေ၏ ။

မိန်းမကြီး ၏ အမည် မှာ မလောဘကြီး ဟု သိရ၏ ။ အိမ် သို့ ရောက်လျှင် ထို မိန်းမကြီး ကို မြင်လျှင် မြင်ချင်းပင် နှစ်သက်လှသော မောင်စိတ်ကောင်း ၏ ဖခင်ကြီး သည် ထို မိန်းမကြီး နှင့် အိမ်ထောင် ပြု၏ ။ ထိုနေ့ မှစ၍ ဖခင် လက် သို့ ပေးရသော အသပြာ တစ်ဆယ် ကို မောင်စိတ်ကောင်း သည် မိထွေး ဖြစ်သော မလောဘကြီး ၏ လက်သို့ ပေးရ၏ ။ မလောဘကြီး ကား နာမည် နှင့် လိုက်အောင် လောဘကြီးသူ ဖြစ်သဖြင့် တစ်ဆယ် မျှ နှင့် အားမရချေ ။ နှစ်ဆယ် တောင်း၏ ။ နှစ်ဆယ် ပေး လျှင် သုံးဆယ် တောင်း၏ ။ သုံးဆယ် ပေး လျှင် လေးဆယ် တောင်း၏ ။ သို့နှင့် မောင်စိတ်ကောင်း လည်း မလောဘကြီး တောင်းသည့် အတိုင်း ပေးခဲ့ရာ အသပြာ တစ်ရာ သို့ တိုင်လေ၏ ။

မောင်စိတ်ကောင်း လည်း လက် ထဲ တွင် ငွေ ကုန်သွားတိုင်း မိခင် မြစ်စောင့်နတ်သမီး ထံ သို့ ရွှေငါးတောင်းရလေ၏ ။ မိခင် က အဘယ်ကြောင့် ရွှေငါး တို့ ကို ယခင် က ထက် ခဏခဏ တောင်းရသနည်း ဟု မေး၏ ။ မလောဘကြီး အကြောင်း ကို မောင်စိတ်ကောင်း က ပြောပြသော အခါ တစ်နေ့လျှင် အသပြာ တစ်ရာ ထက် ပိုမပေးနှင့် တော့ ဟု မြစ်စောင့်နတ်သမီး က မှာကြား လေ၏ ။

နေ့စဉ် အသပြာ တစ်ရာ ရသော်လည်း မလောဘ သည် အေးအေးဆေးဆေး မနေ ချေ ။ မောင်စိတ်ကောင်း သည် နေ့စဉ် အသပြာ တစ်ရာ ကို ဘယ်က ရသနည်း ဟု စဉ်းစား၍ မောင်စိတ်ကောင်း နောက်မှ လိုက်လံ ချောင်းမြောင်း၏ ။ ရွှေပန်းထိမ်သည် ထံတွင် ရွှေငါးတစ်ကောင် အား အသပြာ တစ်ထောင် နှင့် ရောင်းချနေသည့် မောင်စိတ်ကောင်း ကို မြင်လျှင် အားရ ဝမ်းသာစွာဖြင့် မလောဘကြီး သည် အိမ် သို့ပြန်ခဲ့၏ ။

ထိုနေ့တွင် မောင်စိတ်ကောင်း သည် မလောဘကြီး လက်သို့ ခါတိုင်း ကဲ့သို့ ငွေ အသပြာ တစ်ရာ ကို ပေး၏ ။ ထိုအခါ မလောဘကြီး သည် အသပြာ တစ်ထောင် ပေးရမည် ဟု အတင်း တောင်း၏ ။ မောင်စိတ်ကောင်း က မရှိပါ ဆိုသော်လည်း မလောဘကြီး သည် ဒေါသမီး တောက် နေသော မျက်လုံးကြီးများ ဖြင့် မောင်စိတ်ကောင်း အား စားတော့ဝါးတော့မည် ကဲ့သို့ ကြည့်ရှု၍ မောင်စိတ်ကောင်း ၏ အိတ်တွင်း မှ ငွေ အားလုံး ကို လုယက်ယူငင်လေ၏ ။

ငွေအသပြာ တစ်ထောင်လုံး ကို ရသော်လည်း မလောဘကြီး သည် ဤအတိုင်း မနေပေ ။ “ သင် သည် ငါ လိုသမျှ သော ရွှေငါး တို့ ကို ပေးရမည် ၊ မပေး လျှင် သင့် အား ရွှေငါးတို့ ကို ခိုးယူ တိုက်ခိုက် နေသော သူခိုးဓားပြ တစ်ယောက် ဖြစ်ကြောင်း ၊ ဘုရင့် ထံ သို့ သွားရောက် တိုင်တန်း မည် ” မလောဘကြီး က ဤသို့ ခြိမ်းခြောက်လေသော် မောင်စိတ်ကောင်း လည်း ပြင်းထန်စွာ တုန်လှုပ် ချောက်ချားခြင်း ဖြစ်လျက် မြစ်ဘက် သို့ အပြေးအလွှား ငိုကြွေး သွားလေ၏ ။

မြစ်ဆိပ် တွင် မိခင် နတ်သမီး နှင့် တွေ့လျှင် မောင်စိတ်ကောင်း က အကျိုးအကြောင်း
အစုံအလင် ပြောကြား ပြလေ၏ ။ ထိုအခါ “ သည်လို ဆိုလျှင် ငါ့ သား မပူနှင့် ၊ ဤရွှေငါး တစ်တင်း ကို ယူ၍ မလောဘကြီး အား ဤသို့ ပြောကြား၍ ပေးလော့ ။ နောက်ထပ် ကျွန်တော့် မှာ ရွှေငါး ပေးစရာ မရှိတော့ပါ ။ ရှိရှိသမျှ ရွှေငါး အားလုံး မှာ ဤမျှသာ ဖြစ်ပါသည် ” ဟု သင်ကြား ပြီးလျှင် မြစ်စောင့်နတ်သမီး သည် ရွှေငါးတစ်တင်း ကို မောင်စိတ်ကောင်း အား ပေး၍ လွှတ်လိုက်လေ၏ ။

မောင်စိတ်ကောင်း လည်း ရွှေငါးတစ်တင်း ကို ထမ်းလျက် အိမ်သို့ ရောက်လျှင် မိခင် သွန်သင်လိုက်သည့်အတိုင်း မလောဘကြီး အား ပြောကြား၍ ရွှေငါး တစ်တင်း ကို ပေးလေ၏ ။ ထိုအခါ မလောဘကြီး သည် ရွှေငါးအိတ်ကြီး ကို မနိုင့်တနိုင် ပွေ့ပိုက်လျက် “ ဒီ တိုင်းပြည် တွင် ငါ့ ထက် ချမ်းသာတဲ့ လူ မရှိတော့ဘူး ၊ ငါ့ ထက် ပျော်ရွှင်တဲ့ လူ မရှိတော့ဘူး ” ဟု အော်ဟစ်ကခုန် လျက် မောင်စိတ်ကောင်း ပြောသမျှ ကိုလည်း တကယ် ယုံကြည် သွားလေ၏ ။

မလောဘကြီး ကား ထိုမျှလောက် ချမ်းသာ သော်လည်း မောင်စိတ်ကောင်း ကြောင့် မိမိ ချမ်းသာလာရကြောင်း ကို လူ သိမည် စိုးရိမ်မိ ပြန်သဖြင့် မောင်စိတ်ကောင်း အား သ,တ်ရန် ကြိုးစားလေ၏ ။

မလောဘကြီး သည် ရွှေငါးတစ်ပြည် ကို ဘုရင့် ထံ ဆက်သ၍ သူကြွယ်မဘွဲ့ ပေးရန် တောင်းခံပြန်လေ၏ ။ ရှင်ဘုရင် လည်း မလောဘကြီး အား တောင်းခံသည့် ဘွဲ့ကို ပေးသနားပြီး လျှင် ရွှေငါး တို့ အား ဘယ်ကဲ့သို့ ရရှိသည် ကို မေးလေ၏ ။

မောင်စိတ်ကောင်း ထံ မှ ရကြောင်း ပြောပြလေလျှင် ရှင်ဘုရင် လည်း မောင်စိတ် ကောင်း ကို ရှေ့တော်သို့ ချက်ချင်း သွင်း၍ ရွှေငါး ငါးတင်း ကို ဆက်သရမည် ။ ဆက်သနိုင် က သမီးတော် နှင့် လက်ထပ်ထိမ်းမြား ၍ အိမ်ရှေ့မင်း အရာ ကို ပေးမည် ။ မဆက်သနိုင်က အသ,တ်ခံ ရမည်ဟု မလောဘကြီး ရှေ့မှောက် မှာပင် အမိန့် ချမှတ်လေ၏ ။ မလောဘကြီး ကား ဆွေ့ဆွေ့ခုန် ဝမ်းသာ သွားလေ၏ ။

မောင်စိတ်ကောင်း ကား သေမည့် ဘေးကို ကြောက်လန့်၍ မြစ်ဘက် သို့ ငိုကြွေး၍ ရှေးနည်းတူ ပြေးပြန်လေ၏ ။ မြစ်စောင့် နတ်သမီး လည်း အကျိုးအကြောင်း စုံလင်စွာ မောင်စိတ်ကောင်း ထံ မှ သိရှိရလျှင် “ ယခုပင် ရွှေငါး ငါးတင်း ကို ယူသွားလော့ ၊ ထို့ပြင် ဘုရင့်သမီးတော် နှင့် လက်ထပ်ပွဲ တွင် တက်ရောက်ကြသော တိုင်းသူပြည်သား တို့ ကိုလည်း ရွှေငါး တစ်ကောင် စီ ကမ်းလှမ်းနိုင်ရန် အလို ရှိသမျှသော ရွှေငါးတို့ ကို လာယူဦးလော့ ” ဟု ပြောကြား၍ မောင်စိတ်ကောင်း အား နှစ်သိမ့်စေပြီးလျှင် ရွှေငါး ငါးတင်း ကို ပေးလေ၏ ။

မောင်စိတ်ကောင်း သည် ရွှေငါး ငါးတင်း ကို ရှင်ဘုရင် အား ဆက်သ လျှင် ရှင်ဘုရင် လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံ၍ ကတိ ရှိသည့် အတိုင်း သမီးတော် နှင့် ထိမ်းမြား၍ အိမ်ရှေ့ မင်းသား အရာ ကို ပေးလေ၏ ။

မောင်စိတ်ကောင်း လည်း ဘုရင့်သမီးတော် နှင့် လက်ထပ်ပွဲ တွင် မိခင် မြစ်စောင့်နတ် သမီး ထံမှ ရွှေငါး တို့ ကို ယူဆောင်၍ တိုင်းသူပြည်သား တို့အား တစ်ကောင်စီ လက်ဆောင်ကမ်း လေ၏ ။ ရွှေငါး ရသော တိုင်းသူပြည်သား တို့ သည် ပျော်မဆုံးရွှင်မဆုံးရှိကြလေ၏ ။

ထို အကြောင်း ကို ကြားသိရသော မလောဘကြီး ကား တစ်တိုင်းပြည်လုံး တွင် မိမိ တစ်ဦးတည်း သာလျှင် အပျော်ရွှင်ဆုံး ၊ အချမ်းသာဆုံး ထင်မှတ် နေရာမှ စိတ်အဆင်းရဲဆုံး ဖြစ် သွားလေ၏ ။ မိမိ သေစေချင်လှသော မောင်စိတ်ကောင်း မှာ မသေရုံမျှ သာမက ဘုရင့်သမီး ကို ရလျက် အိမ်ရှေ့မင်းသား ဖြစ်သွားသောကြောင့် ဒေါသ ဖြစ်လှလေ၏ ။ တစ်တိုင်းပြည်လုံး ပျော် ရွှင်မြူတူး နေကြသည်ကို လည်း မနာလိုဝန်တို ဖြစ်လှလေ၏ ။ ထို စိတ် တို့ကြောင့် မလောဘကြီး သည်မိမိ ရွှေငါးတို့ ကို ပြန် ကြည့်မိလေ၏ ။

မလောဘကြီး ၏ မျက်စိ တွင် ရွှေငါး တို့သည် ကြေးငါး များ ဖြစ်နေကြလေ၏ ။ ဤတွင် မလောဘကြီး သည် ဝမ်းမြောက်ဝမ်းသာစွာ နန်းတော်သို့ အပြေးအလွှား သွားရောက်၍ ရှင်ဘုရင် အား ရွှေငါး တို့သည် ရွှေငါး မဟုတ်ဘဲ ကြေးငါးများ ဖြစ်ကြောင်း ၊ မောင်စိတ်ကောင်း သည် မှော်အတတ် နှင့် ကြေးငါးများ ကို ရွှေငါး အသွင် လှည့်စားခြင်းသာ ဖြစ်ကြောင်းတို့ ကို လျှောက်ထား ပြန်လေ၏ ။ ထိုအခါ ရှင်ဘုရင် နှင့် တကွ မှူးကြီးမတ်ကြီး များသည် ရွှေငါးများ ကို သေချာစွာ ပြန်လည် စစ်ဆေးကြ၏ ။ မလောဘကြီး ပြောသကဲ့သို့ မဟုတ်ဘဲ ရွှေငါး တို့ဖြစ်သည် ကို တွေ့ လျှင် “ ဟယ် ... သူကြွယ်မ ၊ သင့်လက် မှ ငါးတို့ သည် လည်း ရွှေငါးများ ဖြစ်ကြကုန်၍ ငါ့နန်းတော် မှ ရွှေငါး တို့လည်း ရွှေငါး ဖြစ်ကြကုန်၏ ” ဟု ပြောဆို၍ မလောဘကြီး အား ပြန် လွှတ်လိုက်လေ ၏ ။

မလောဘကြီး အား ရှင်ဘုရင့် ရှေ့မှောက် တွင် မိမိ ငါးများ ကို ရွှေငါး ဟု အမှန်မြင်၍ ပြန် လာခဲ့ သော်လည်း မိမိ အိမ်သို့ ရောက်လျှင် မိမိ ရွှေငါး တို့ မှာ ကြေးငါးတို့ အသွင် ပင် မြင်ရပြန်လေ ၏ ။

ထိုအခါ နန်းတော် သို့ ပြေး၍ ကြေးငါးတွေ ဖြစ်ကြောင်း ရှေးနည်းတူ လျှောက်ထား တိုင်တန်း ပြန်လေ၏ ။ ရှင်ဘုရင် လည်း ရွှေငါး တို့ ကို ရွှေငါး မှန်း စစ်ဆေး သိရှိလျှင် ရှေးနည်းတူ ပင် မလောဘကြီး အား အိမ် သို့ ပြန်လွှတ်လေ၏ ။

မလောဘကြီး သည် အိမ်သို့ ရောက်ပြန်လျှင် ရှေးနည်းတူ ပင် မိမိ ရွှေငါး တို့ ကို ကြေး ငါးတို့ အသွင် မြင်ရ ပြန်လေ၏ ။ ဤတွင် နန်းတော် သို့ ပြေးလွှား ပြန်လေ၏ ။

နောက်ဆုံးတွင် နန်းတော် သို့ ပြေးလိုက် ၊ အိမ်သို့ ပြန်လိုက်နှင့် မလောဘကြီး သည် လမ်းခရီးမှာ ပင် နှလုံးကွဲ၍ သေဆုံးလေ၏ ။

▢ ကိုကြီးမြင့်သိန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ မတ်

No comments:

Post a Comment