Sunday, December 8, 2024

နွယ်ချို ( ၀၈ )


 “ မြရီနွယ် ”


နွယ် လှည့်ကြည့်သည် ။ ထူးနိုင် ကို မြင်တော့ ဝမ်းသာဟန် နှင့် ပြုံးပြီး


“ ရောက်နေတာ ကြာပြီလား ၊ ရှာရမယ် မှတ်နေတာ ”


ထူးနိုင် က ပါ လိုက် ပြုံးပြီး


“ ကြိုရောက်နေတာပါ စောင့်နေရမှာ စိုးလို့ ”


မြရီနွယ် က ရယ်ပါသည်  ။ ထူးနိုင် က သာ သူ့ နား ကပ်ပြီး


“ ဘာတွေ ဝယ်စရာ ရှိလို့ လဲ ”


“ မေမေ့ အတွက် ဆေး နည်းနည်း ရယ် ၊ နောက်ပြီး ကြီးမေတွေ နယ် ပြန်မှာ မို့ ပေးလိုက်စရာ လက်ဆောင် တချို့ပေါ့ ”


ထူးနိုင် က ပြုံးပြီး


“ ရတယ်လေ ၊ လိုက် ဝယ်ပေးတာပေါ့ ၊ လာ ဆေးတွေ က ဟိုဖက်မှာ ”


သူတို့ နှစ်ယောက် ခြေလှမ်း စ စဉ်မှာ ပင်


“ ထူးနိုင် ထူးနိုင် မဟုတ်လား ”


အော် ခေါ်သံ ။ နှစ်ယောက်လုံး ဝေ့ ကြည့်သည် ။ မိုးမောင် ။ ဇာတ်တိုက် ထားသည့်အ တိုင်း ထူးနိုင် က ဝမ်းသာဟန် ဖြင့်


“ မိုးကြီး မိုးကြီး မဟုတ်လား ”


နှစ်ယောက်သား ဝမ်းသာဟန် နှင့် ပြေး ဖက် လိုက်သည် ။ 


“ ဟာ ဟေ့ကောင် မတွေ့တာ ကြာပြီနော် ”


အမှန်တော့ ခုနက တင် အပေါက်ဝ က ခွဲလာတာ ။ ဒါကို မတွေ့တာ ကြာသော မိတ်ဟောင်းဆွေဟောင်း ဟန် ဖြင့်


“ အေးကွ ၊ ကျောင်းပြီး ကတည်း က မတွေ့တော့တာ ၊ ငါ မင်း ကို ရှာ သေးတယ်ကွ ၊ ဒါပေမယ့် အဆက်အသွယ်တွေ က ပြတ်ကုန်တော့ ”


မြရီနွယ်က ကြောင်တက်တက် နဲ့ ကြည့်သည် ။ ဒါကို ထူးနိုင် က ပြန် လှည့်ကြည့်ပြီး


“ ကျောင်း တုန်းက သူငယ်ချင်း လေ ၊ ကွဲနေတာ ကြာပြီ ” 


မြရီနွယ် က ကြောင်တက်တက် နှင့်


“ ဪ ဟုတ်ကဲ့ ”


မိုးမောင် က ခေါင်းပြန်ညိတ် ပြပြီး


“ ဟေ့ကောင် ငါ မင်း ကို ပြောစရာ ရှိတယ်ကွ ၊ အကူအညီလဲ တောင်း စရာရှိတယ် ”


“ ပြောစရာ ရှိတာ ပြောလေကွာ ၊ ပြော ငါ ဘာ ကူညီရမလဲ ”


ဒါကို မိုးမောင် က ရှိုးတိုးရှန်းတန်း ဟန် ဖြင့်


“ ဒီမှာ ပြောလို့ မဖြစ်ဘူးကွ ၊ ခဏတော့ အချိန် ပေးကွာ ”

 

ထူးနိုင် စိတ်ရှုပ်ဟန် ဖြင့် ခေါင်း ကုတ်ပြီး


“ အဲဒါမှ ပြဿနာပဲကွာ ၊ ဒီမှာ လဲ ငါ က ဧည့်သည် နဲ့ ”


ဒါကို အလိုက်သိသော မြရီနွယ် က


“ ဟိုလေ အရေးကြီး ရင် ရပါတယ် ၊ သွားစရာ ရှိရင် သွားလိုက်ပေါ့ ”


သူမ စကား ကြောင့် ထူးနိုင် မျက်နှာ ဝင်းလက် သွားသည် ။ သို့သော်


“ ဟာ နွယ့် ကို တစ်ယောက် တည်း ထားခဲ့ရမှာ ဖြစ်မလား ”


မြရီနွယ် က ကြည်နူးစွာ ပြုံးရင်း


“ ရပါတယ် ၊ နွယ် က လာနေကျပဲဟာကို ”


ထူးနိုင် က စိတ်ရှုပ်ဟ န်ဖြင့် ခေါင်း ကုတ်ပြီး


“ ဒါဆို ခဏစောင့် ၊ အခု ကိုယ် ပြန်လာခဲ့မယ် ”


“ ဟုတ် ”


မြရီနွယ် က အလိုက်သိစွာ ခေါင်း ညိတ်သည် ။ ထူးနိုင် က မိုးမောင် လက်ကို ဆွဲပြီး


“ လာ သူငယ်ချင်း သွားမယ် ၊ နွယ် ရေ ကိုယ် ပြန်လာခဲ့မယ် ”


မြရီနွယ် ခေါင်းညိတ်သည် နှင့် နှစ်ယောက်သား သုတ်ခြေတင်ကြသည် ။


•••••   •••••   •••••  


“ သူဇာချို ”


သူမ လှည့်ကြည့်ပါသည် ။ ထူးနိုင် ကို မြင်တော့ ဝင်းလက်သော မျက်နှာဖြင့်


“ ဪ ကိုနိုင် ၊ နောက်ကျမယ် မှတ်နေတာ ”


ထူးနိုင် က ပြုံး၍ အနား ကပ် သွားပြီး


“ စော လာချင်တာ ၊ အိမ် အလုပ်တွေ မပြတ်လို့ ”  


“ အားနာလိုက်တာ ”


သူမ က အဟုတ် မှတ်ပြီး အားနာနေပုံ ရသည် ။ ထူးနိုင် က သာ အရေး မကြီး ဟန်ဖြင့်


“ ရပါတယ် ၊ ကိစ္စ မရှိပါဘူး ၊ ဪ ဒါနဲ့ ဘာတွေ ဝယ်ဖို့ ရှိလဲ ” 


သူဇာချို က ဘေးဘီ ဝေ့ကြည့်ပြီး ရှက်ရွံ့စွာ ဖြင့်


“ ဘာမှ တော့ သိပ် ဝယ်စရာ မရှိပါဘူး ”


ဆိုလိုရင်း အဓိပ္ပာယ် က ထူးနိုင် ချိန်းလို့ လာခဲ့သည် ပဲပေါ့ ။ ထူးနိုင် က လဲ အလိုက်သိစွာ ဖြင့်


“ ဒါဖြင့်လဲ ဈေး ထဲ ပတ်ကြည့်တာပေါ့ ၊ လိုအပ်တာ ရှိလဲ ဝယ်ပေါ့ ၊ ဟုတ်ဖူးလား ”


“ အင်းပေါ့ ”


နှစ်ယောက်သား ခြေလှမ်းစ စဉ်မှာ ပင်


“ ထူးနိုင် ထူးနိုင် ”


ခေါ်သံ ကြားလို့ လှည့် ကြည့်တော့ သူငယ်ချင်း သိန်းစိုး ။ ထူးနိုင် ဝမ်း သာအားရ အသံဖြင့်


“ ဟာ သိန်းကြီး သိန်းကြီး ”


နှစ်ယောက်သား ဝမ်းသာအားရ ပြေး ဖက် လိုက်သည် ။ အပီအပြင် ပင်


“ ဟာ ထူးနိုင် မတွေ့တာတောင် ကြာပြီနော် ”


“ ဟုတ်ပါ့ သိန်းကြီး ရာ ၊ ကျောင်းပြီး ကတည်း က ဆိုပါတော့ ” 


“ အေးကွ ၊ မင်း အခု ဘာတွေ လုပ်နေတာလဲ ၊ အရင်လို ပွေတုန်းရှုပ်တု န်းလား ”


အရေးထဲ တစ်ချက်လှည့် ခွပ်ထည့်၍ မျက်နှာ ပျက်ရသေးသည် ။ သူဇာနွယ် လှည့်ကြည့်တော့ လဲ ဘာမှ မဖြစ်ဟန် ဖြင့် ပြုံးစစ နှင့် ။ ထူးနိုင် က သာ ရှက်ကိုးရှက်ကန်း နှင့်


“ မင်းကလဲ ကွာ ၊ ငါ ဘယ်တုန်းကများ ရှုပ်လို့ လဲ ၊ မင်း အခု ရန်ကုန် လာတာ အလည်သက်သက်ပဲလား ”


“ အလည်တော့ မဟုတ်ဘူး ကွ ၊ မင်း ကို လာရှာတာကွ ၊ အခုတောင် ငါ မင်း အိမ် ရောက်ခဲ့သေးတယ် ၊ မင်းကို မတွေ့လို့ လိုက်လာရတာကွ ”


“ ဆိုပါဦး ဘာကိစ္စလဲ ”


သိန်းစိုး ကလဲ အပီအပြင် ဘေးဘီ ဝေ့ကြည့်ပြီး


“ ဒီမှာ ပြောလို့ မဖြစ်ဘူးကွ ၊ ငါ နဲ့ ခဏ လိုက်ခဲ့ပါလား ၊ မကြာပါဘူး ”


ထူးနိုင် က ရပ်စောင့် နေသော သူဇာချို ကို ဝေ့ ကြည့်ကာ


“ ဧည့်သည် ပါတယ်ကွ ၊ မဖြစ်ပါဘူး ”


သိန်းစိုး က သူဇာချို ကို ဝေ့ ကြည့်ပြီး


“ ဧည့်သည် ပါတာလား ၊ ဒါဆိုလဲ သွားသွား နောက်မှ ”


သိန်းစိုး စကားကြောင့် ထူးနိုင် မျက်နှာ ပျက်သွား၏ ။ သူ မှ မခေါ်သွား လျှင် ခွင် ပျက်ပြီကိုး ။ ဟိုကောင် က လဲ သိသိကြီး နဲ့ တမင် လုပ်တာ ဖြစ်မည် ။


ထို့ကြောင့် ထူးနိုင် က ပြန် ထိန်းရင်း


“ ဟာ သိန်းကြီး ကလဲကွာ ၊ မင်း နဲ့ ငါ မတွေ့တာ ကြာတော့ တွေ့ချင် တာပေါ့ ၊ နောက်ပြီး မင်း အခက်အခဲ ကလဲ ငါ့ အခက်အခဲပေါ့ကွ ၊ တို့ တွေ က ညီအစ်ကို တွေပဲဟာ ”


သိန်းစိုး က လဲ မခေ ။ သူ့ စကား ကို မလျော့ ။


“ ရပါတယ် ယောက်ဖရာ ၊ ဒီနေ့ မတွေ့လဲ နောက်နေ့ တွေ့မှာ ”  


သူတို့ စကား မဆုံးခင် သူဇာချို က


“ ကိုနိုင် ”


“ ဗျာ ”


ထူးနိုင် လှည့် ကြည့် လိုက်သည် ။ သူဇာချို က ရှက်ကိုးရှက်ကန်း နှင့် 


“ သူငယ်ချင်း အရေးကြီး ရင် လဲ ခဏ လိုက်သွား လိုက်လေ ၊ ချို ဈေးထဲ မှာ ပဲ ရှိဦးမှာ ပဲ ”


ထူးနိုင် ဝမ်းသာသွားသည် ။ သို့သော် မသိသာစေရန် မျက်နှာလေး ကို

အိုချ လိုက်ပြီး


“ ချို့ကို စိတ်မချလို့ ပါ ”


သူဇာချို က ကြည်နူးစွာ ပြုံးပြီး


“ ရပါတယ် ၊ ချို သွားတတ်ပါတယ် ၊ ပြီးမှ ပြန်လာခဲ့နော် ”


ထူးနိုင် ဝမ်းသာ သွားသည် ။ ဒါကို သိန်းစိုး က


“ နေခဲ့လိုက်ပါကွာ ၊ မိန်းကလေး သနားစရာ ”


လုပ်နေသေး၍ ထူးနိုင် က အတင်း ဆွဲကာ


“ ကဲ ဒါဆို ချို ခဏစောင့် ၊ ကိုယ် ပြန်လာခဲ့မယ် သိလား ”


ဆိုကာ သိန်းစိုး လည်ကုတ်မှ ဆွဲ ၍ ဆွဲပြေး ရလေသည် ။ လမ်းရောက် မှ


“ အေပေး ၊ အတော် ဒုက္ခ ပေးတဲ့ ကောင် ”


ဆိုသည် ကို သိန်းစိုး က ရယ်ကျဲကျဲ နှင့်


“ ပျော်လို့ ပါကွာ ၊ ဟီးဟီး ”


ထူးနိုင် က မပျော်နိုင် ။ ခြေလှမ်း သွက်သွက်ဖြင့် မြရီနွယ် ရှိရာ ပြေးရလေသည် ။


▢ အကြည်တော်


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment