Saturday, December 14, 2024

ချစ်လိုက်ရတာပါကလားနော်


 

💕 ချစ်လိုက်ရတာပါကလားနော်
        ( ကြည်အေး )

ကျွန်မ သည် ကလေး နှစ်ယောက် အိပ်ပြီ မို့ အားလပ်ကာ အိပ်ရာ ၌ လှဲသည် ။ အိမ်ရှေ့ တွင် အမေ က ရေဒီယို ဖွင့်နေပါသည် ။ ဇာတ်သဘင်အဖွဲ့ ၏ ဖျော်ဖြေခန်း ပါတည်း ။ သီချင်းသံများ သည် နား ထဲ သို့ အမှတ်မထင် ဝင် လာသည် ။ ဇာတ်မင်းသမီး တစ်ယောက်ကတော့ အမူ ကောင်းလျှင် လင်မက်ရမည် လို့ ပြောကာ သီချင်း ကောက် ဆိုသည် ။ သီချင်း ကို လည်း အမူပါပါ ပင် ဆိုသည် ။ နားထောင်ချင်စရာ ဖြစ်လာသည် ။

“ သည့်ပြင် လူတွေ ... သည့်ပြင် လူတွေ ..
ချစ်လိုက်ပါတဲ့ အောင်မင်းစိန် ဆိုတဲ့ လင် ...
ဤကမ္ဘာ တွင် ပျိုတစ်ယောက်တည်း ..
စွဲစွဲမြဲမြဲ ချစ်စေချင်တယ် အစ်ကို ... ”

ထိုအခါ မင်းသား က တုန်ဟည်းသံကလေး နှင့် ...

“ အမယ်လေး ... မင်း က သာ မသိတယ် ၊ ငါ့ မှာ တော့ ချစ်လိုက်ရပါကလား နော် ၊ ဟော် ဟော့ ... ဟော် ”

ကျွန်မ လည်း ရုတ်တရက် မြခိုင် ကို သတိ သွား ရသည် ။

“ ချစ်လိုက်ရတာပါကလားနော် ...  ဟင် .. ချစ်လိုက်ရတာပါကလားနော် ... ဟော် ဟော့ ... ဟော် ”

မြမြခိုင် က ပြောင်စပ်ကလေး လုပ်ကာ သည် လေသံ အတိုင်းပင် သည် စကားလုံးများ ကို ဇာတ်သံ ပါပါ ပင် ရွတ်ခဲ့ဖူးသည် ။ ကျွန်မ မျက်စိ ထဲ ၌ သူ့ ရုပ်ပုံကလေး ကို ထုတ် ပြလိုက် ချင်ပါသည် ။ မြမြခိုင် သည် သူ့ ခုတင် ခေါင်းရင်း ရှိ စားပွဲ ကို မှီ၍ နေရာ က ဗြုန်းခနဲ ဇာတ်ဟန်ကလေး ဝင်ကာ က တော့ မလို ခုန် တော့ မလို လုပ်ပြီး ညည်း လိုက်ခြင်းပင် ။ ယခုလို ည အချိန် ပင် ဖြစ်ကာ သူ ၏ သေးငယ်၍ ဆင်စွယ်ရောင် ပြောင်လက်သော ရေဒီယိုကလေး ကို ဖွင့် ထား သည် ။ ရေဒီယို မှ ကာလပေါ် အချစ် သီချင်း တစ်ပုဒ် ကို ချွဲချွဲနွဲ့ နွဲ့ ဆိုနေသည် ။ ထို့ကြောင့် မြမြခိုင် က လျော်ကန် သင့်မြတ်စွာ ထောက်ခံ လိုက်သည် ။ ဟင် ... ချစ်လိုက်ရတာပါကလားနော် ... ။

ကျွန်မ တစ်ယောက် သာ ပြုံးရယ် လိုက်ပါသည် ။ နုနု နှင့် မော် တို့ က မျက်စိများ ကို မှေးကာ မြမြခိုင် ကို ကြည့်နေသည် ။ မြခိုင် က သိပ် ဂရုစိုက်ဟန် မပြဘဲ နှုတ်ခမ်း ၌ တပ်ဆင် မြဲသော အပြုံးမျှ မကတော့ဘဲ တကယ် စိတ်ပါလက်ပါ ကြည်ရွှင် လာပါသေးသည် ။ ကျွန်မ လည်း ပို၍ ရယ်မောလိုက်ရာ မြမြခိုင် က ရောနှော ရယ်မောဆဲ ။ ကျန် နှစ်ယောက် က ကျွန်မ ကို ပါ ငြူစူ ကြပြန်၏ ။

ရေဒီယို မှ သီချင်း ဆက်လက် ဆိုသွားဆဲ .. စောင်းမြောင်း ပြောလေ့ ရှိသော နုနု သည်

“ ဘုန်းကြီးရူး နဲ့ လှေလူး ဆိုတာ ဒါပဲထင်ပါရဲ့ ” ဟု မြမြခိုင် နှင့် ကျွန်မ ကို မကြည့်ဘဲ ပြောသည် ။

သို့သော် မြမြခိုင် နှင့် ကျွန်မ တို့ က ခေတ်ဟောင်းသီချင်း တစ်ပုဒ် ကို သာ ကိုးကား ကြသည် ။

“ အချစ် ဆိုတာ
ပလီပလာ
သူ ဝင်ငြိ ရင်
ပြုံးမိတဲ့ ငါးပမာ
သူ့ လက်တွင်း က
လွတ်ကင်းဖို့ရာ
လွန်ခက်တာ ... ”

မော် က

“ တော်ပါတော့ ခိုင်ရယ် ” ဟု မမျှော်လင့်ဘဲ ငိုသံပါကြီး နှင့် တားရာ ကျွန်မ တို့ သည် သီချင်းဆို ရပ် လိုက်ပြီး မြမြခိုင် က မျက်နှာပြောင်စပ်ကလေး နှင့် ပင် နေဆဲ ။ ကျွန်မ က မော် နှင့် သိပ် ရင်းနှီးလှသည် မဟုတ်၍ အားနာ နေပါသည် ။

ဒုတိယ ဥပစာနှစ် ၊ အင်းလျားကျောင်းဆောင် တွင် အခန်းချင်း ကပ်၍ နေကြစဉ် က ဖြစ်ပါသည် ။ ဘင်တန် မှ ပြောင်း လာသော မြမြခိုင် နှင့် မော် တို့ အတွဲ က ကျွန်မ နှင့် နုနု နေ သော အခန်း နှင့် ကပ်လျက် လာ ကျသည် ။ နုနု က နှုတ်သွက်သူ မို့ ချက်ချင်းပင် အသိဖြစ်ကာ ရင်းနှီး သွားကြ၏ ။ ကျွန်မ က မြမြခိုင် ကို သဘော ကျပြီး နုနု က မော် ကို သဘောကျသည် ။ သို့လျှင် လေးယောက် ပေါင်းမိချိန်များ မှာ အတွဲ ပြောင်း သွားတတ်ပါသည် ။ အများအားဖြင့် ကျွန်မ နှင့် မြမြခိုင် က သီချင်းစာအုပ် လှန်ကာ ဆိုကြဆဲ ကြာရှည် ငြိမ်ငြိမ် မနေတတ်သော နုနု နှင့် မော် တို့က လည်ပင်း ဖက် ကာ တစ်ခန်း ဝင် တစ်ခန်း ထွက် အလည် ထွက် ကြသည် ။

ညနေပိုင်းများ မှာ တော့ မြမြခိုင် သည် ကျွန်မ တို့ နှင့် အတူ မရှိတော့ချေ ။ ဧည့်ခန်း ၌ စောင့် သူ ယောက်ျား မိတ်ဆွေ ရှိသည် ။ ထို့နောက် မော် ၏ မကျေနပ်သံ လည်း ကျွန်မ တို့ ရှေ့ မှာ ထွက် လာတတ်သည် ။ စပ်စုသော နုနု က ဆင်း သွား၍ မေးစစ်ဆဲ ။ မော် က ဖုံး တစ်ချက် ဖော် တစ်ဝက် ပြောဆဲ ။ မြမြခိုင် က တစ်ည မှာ သူ့ နဂို တပ်ဆင်လေ့ ရှိသော အပြုံး ကို ဖယ် ၍ ပြောင်စပ်စပ် မျက်နှာ အမူအရာ ဖြင့် ရိုက်စစ်   ၍ ပေါ်သလို သူ့ အကြောင်း သူ ဖော် သည် ။

သို့နှင့် မထူးဆန်းလှသော မိတ်ဆွေ လို ပေါင်းရာက သည့် ထက် ပိုချင် လာသော ၊ မိတ်ဆွေ ဆိုလျှ င်လည်း သည် နှစ်ယောက်တည်း ပဲ နေကာ တခြား မိတ်ဆွေ ကို အဝင် မခံ လိုသော ၊ မနာလိုတတ်သော ၊ စိတ်ဆင်းရဲ ဖြစ်လွယ်သော ၊ သို့သော်လည်း နှုတ် ဖြင့် ဝန်မခံ သေးသော မြမြခိုင် နှင့် ကိုလှသန်း တို့ ၏ မိတ်ဆွေ ဖြစ်တော်ပေါင်း အတ္ထုပ္ပတ္တိ ကို သိရပေ သည် ။

ကျွန်မ ရည်းစား ထား မှာ ကို နုနု က ကြောက် သလောက် ပင် မြမြခိုင် ရည်းစား ထားမှာ ကို မော် က ကြောက်သည် ။ နုနု နှင့် မော် တို့ က မူ အာသဝေါ ကုန် ဟန် ဆောင်ကြ သည် ။ တကယ်တော့ သူတို့ သည် အများ သိသော မိန်းကလေးများ လို ပင် အလိမ္မာ ရှိခြင်း သာ ဖြစ်သည် ။ သူတို့ နှစ်ယောက် စလုံးပ င် ကျွန်မ နှင့် မြမြခိုင် တို့ ထက် အပေါင်းအသင်း များသည် ။ စုံသည် ။ သူတို့ ၏ လက်မီ တစ်ကမ်း ၌ ယောက်ျား မိတ်ဆွေ အများအပြား ရှိ ကာ အားလုံးပင် ကိုယ့် ဘက် ကိုယ် ဆွဲယူလို့ လည်းရ ၊ တွန်းထုတ် ပစ်လိုက် လို့ လည်း ရသည် ။ ကျွန်မ အဖို့တော့ အနား ၌ ရင်းနှီးစွာ တစ်ယောက် နှင့် တစ်ယောက် ကပ် နေသည် ။ ဆွဲ လို့ မယူ လို ချင် တောင် တွန်းထုတ် မပစ်ရက်သော မိတ်ဆွေမျိုး ပင် ။ ပြီးတော့ ကိုယ် ယောက်ျားသနံ ရ၍ ကလေး သားမြေး ရ လည်း အိမ် မှာ ဝင်ထွက် သွားလာဖို့ ဝန် မလေးသော အခင် မပျက် နိုင်သူမျိုး ပင် ။

မြမြခိုင် မှာ ရိုးဖြောင့် လိုသူ မို့ သစ္စာစကား ကို ချစ်စရာ ပြောကြား ဆဲ ၊ မော် နှင့် နုနု တို့ က သုန်မှုန်မြဲ ပင် ။ မြမြခိုင် ပြောလေ့ ရှိသည် မှာ တော့ သည်မျှ သာ ပါတည်း ။

“ ဟေ့ မော် တို့ တစ်တွေ တိတ်တိတ်နေစမ်းကွယ် ၊ ဒီ ရွှေကိုယ် စိတ်ကူး ပျက်တယ် ”

ကို နှင့် မော် တို့ က စွေစောင်း ဆဲ ...

“ ဪ သူ့ မျက်နှာလေး တရေးရေး ပေါ်တာ ဘာဖြစ်လို့ပါလိမ့်ကွယ် ” ဟု မြမြခိုင် က တအံ့တဩ မေး တတ်သေး၏ ။

“ သူ ဒီ ညနေ မလာဘူး ဆိုတော့ ပျင်းစရာကြီးပဲ မော် ရယ် ” ဟု ညည်း လျှင် မော် က

“ မချစ်ဖူးတဲ့ မကြိုက်ဖူး
မမလေး သင်းနဖူး
ညှင်းဘယ်ကကူး ” လို့ သီချင်း မဆိုတတ် ဆိုတတ် နှင့် ဆိုသည် ။ မြမြခိုင် က

“ ဪ ကိုလှသန်းလေး ဆီက ..
တစ်ပွင့်
နှစ်ပွင့်
သုံးလေးပွင့် ကူး ... ”

နု က ခပ်တည်တည် ဖြင့်

“ ကြိုက်သလား ” ဟု မေးသည် ။

“ သူ ကတော့ ကြိုက်တယ် .. ကြိုက်တယ် နဲ့ ”

“ ခိုင် က ကော ”

“ ခိုင် က တော့ .. ကြိုက်ချင် ... မိုက်ချင် နဲ့ အကြိုက် ခက် ၊ မမိုက် ရက် ”

ကျွန်မ တစ်ယောက် က ပဲ  အားပေးဖော် ရပါသည် ။

“ ကြိုက် လည်း ကြိုက် လိုက်ပါကွယ် ခိုင် ရယ် ”

သို့လျှင် မြမြခိုင် သည် ညနေ သာ မက ဧည့်သည် ဝင်ခွင့် မရသော နေ့လယ်နေ့ခင်း များမှာ လည်း တံခါး သော့ခတ် ထားသည့် အင်းလျားဝင်း ပြင် ကို ထွက်ကာ ကံ့ကော်ရိပ် ၌ ကိုလှသန်း နှင့် ထိုင်ခြင်း တိုးလာသည် ။ မြမြခိုင် က သရော်သော မျက်လုံးတကာ နှင့် အဆောင်မှူး ကို လည်း သူ့ ပြောင်စပ်စပ် မျက်နှာကလေး ကို ထင်ပေါ်စွာ မော့ပြတတ် သေးသည် ။ မြမြခိုင် က မကြောက်တတ် ။ နဂို က လည်း လွန်သူပင် ၊ တားမြစ်သည့် ကြား က မီးလုံးအား တစ်ရာ ကို ဗြောင် ထွန်းသည် ။ အခန်း ထဲ မှာ ဓာတ်မီးပူ ခိုး တိုက်သည် ။ လျှပ်စစ် မီးဖိုကလေး တည် ကာ ကြော်လှော် ချက်ပြုတ် စားသည် ။ ရေဒီယို ကို လည်း ကျယ်လောင်စွာ ဖွင့်သည် ။

မော် နှင့် မြမြခိုင် တို့ ခပ်တန်းတန်း ဖြစ်လာသည် ကို ကျွန်မ တို့ သတိထား မိသည် ။ တကယ် တော့ မော် သည် ပိုင်စိုး လို လွန်းသည် လို့ ကျွန်မ ထင်ဆဲ ။ နုနု က မော် ကို ထောက်ခံ ကာ ကျွန်မတို့ နှစ်ဦး စကား များတတ် ပြန်လေ၏ ။

မြမြခိုင် သည် နဂို က ခပ်ပိန်ပိန် မှာ မျက်နှာ ကျခြင်း ၊ နမူးနထိုင်း နိုင်ခြင်း စသည့် ရုပ် ပျက်သော လက္ခဏာတွေ ပေါ် လာသည် ။ ပြောင်စပ်စပ် တော့ မပျက် ။ နုနု နှင့် မော် ကတော့ ရောဂါ ရပြီ မှတ်လို့ မှတ်ချက် ချသည် ။ ကျွန်မ က မူ အချစ်သီချင်းများ ကိုပဲ ကိုးကား နေရသည် ။

သို့လျှင် တစ်ည ၌ ကာလပေါ် အချစ်သီချင်းများ လာ ဆဲ ဂီတ ဝါသနာပါသူ ၊ ရေချိုးခန်း နှင့် ဧည့်ခံပွဲများ မှာ စိတ်ပါလက်ပါ သီဆိုတတ်သူ မြမြခိုင် က ရုတ်တရက် နောက်သံ ပါ လာကာ က , တော့ မလို အမူအရာ ပေါက်လာပြီး ကျယ်ကျယ် ညည်း လိုက်သည် မှာ

“ ဟင်း ... ချစ်လိုက်ရတာပါကလားနော် ဟော် ... ဟော့ ... ဟော် ”

သို့လျှင် မြမြခိုင် ကွယ်လွန် သွားသည် မှာ လပေါင်း များစွာ ကြာပြီမို့ တစ်ကြောင်း ၊ ကိုယ့် မှာ လည်း လင် နှင့် သား နှင့် ဖြစ်နေပြီ မို့ စိတ် မအား လူ မအား ရှိသမို့ တစ်ကြောင်း ၊ သူကလေး နှင့် နီးစပ်ခဲ့ပုံ ကို မေ့မေ့ပျောက်ပျောက် ရှိရာ က သတိတရ ရှိ ရပြန်သည် ။

ရေဒီယို မှ ဇာတ်မင်းသမီး က တော့ ဆက်လက် သီဆိုသည် ။

“ ဟိုကောင်မတွေ ကို မြင် ...
မရင် ကို မေ့မှာလား ”

မြမြခိုင် က ပါ

“ ချစ်လိုက်ရတာပါလားနော် ဟော် ... ဟော့ ... ဟော် ” မှာ ပြီးဆုံး သွားသည် ။

( ၂ )

သည်လို အစ ချီ လိုက် တော့ ကျွန်မ ၏ မိတ်ဆွေအများ က အချစ်ဝတ္ထု တစ်ပုဒ် ဖတ်ရ တော့မလား ရယ် လို့ အားရချင် ရမည် ။ သို့သော် ကျွန်မ သည် လိင် မတူသူ နှစ်ဦး တွေ့ ဆုံ စွဲမက်ခြင်း အကြောင်းမျှ ကို အချစ်ဝတ္ထု ရယ် လို့ အမည် မတပ်ရက် ၊ တောင်ထိပ် မှာ ကြာ ပေါက်သည့် ချစ်ခြင်းမေတ္တာ ကို လည်း သူ့ ပြည် ရှိ ကျွန်မ ၏ အနှစ်စိတ် အတွင်းမှာ မမြင်စဖူး သေး ။ ပြီးတော့ ယခု အဓိက ပြောချင်သည် မှာ ကံကြမ္မာ လို့ ပဲ ခေါ် ချင် ခေါ် ၊ မတော်တဆ ဖြစ်ပျက်ခြင်း လို့ ပဲ ခေါ် ရင် ခေါ် ၊ အဲသည် ကိုယ် လုပ်သလို အမြဲတမ်း မဖြစ်တတ်သည့် တရား မြမြခိုင် ကိစ္စ ကို ဝင်၍ အဆုံးသတ် ပေးခြင်းကို ပါ တည်း ။ တစ်နည်း ဆိုရလျှင် ကံကြမ္မာ သည် တစ်ခါတစ်ရံတော့ အများသော ဝတ္ထုရေးဆရာ တို့ လိုပင် ပြီးစ လွယ် လုပ်တတ်သည် ။

ဇာတ်လမ်း စ လာပြီး အခက်အခဲ နှင့် ကြုံကာ ရှေ့ လည်း မတက်သေး ၊ နောက် လည်း မဆုတ်သာ ဖြစ်လျှင်ပဲ သေခြင်းတရား ကို လက္ခဏာရေး စီးဖြန်း သည့် အခြေ မရောက်ခင် လက်ယပ် လို့ ခေါ် တတ်သည် ။

သို့လျှင် မြမြခိုင် သည် ကျောင်းသူ ဘဝ နှင့် မိုးလင်း ထ လျှင် အလှ ပြင်ကာ ၊ ထမင်း စား ကာ ၊ ကျောင်း သွားကာ နှင့် ညနေ ပြန်လာတော့ လည်း ဧည့်သည် လာချိန် မို့ ရေမိုးချိုး ကာ ၊ အဝတ် လဲ ကာ နှင့် ကျောင်း ပိတ်ရက်များ မှာ တော့ နေ့လယ်ချိန် ကို သူများလို အိပ် မပစ်နိုင်ဘဲ ကံ့ကော်ပန်း ကို မနမ်းရ လည်း အရိပ် တော့ ခို ရ ဦးမည်တွေ နှင့် နေဆဲ ။ တစ်မိုးသောက် မှာ ဗြုန်းခနဲ ကွယ်လွန် သွားပါသည် ။

မကွယ်လွန်မီ ည မှာ ကျွန်မ တို့ ခါတိုင်း လို ပင် စကားဝိုင်း ဖွဲ့ သေး၏ ။ စာမေးပွဲ ဖြေခါနီး မရန်းသီး ပေါ်ချိန် မို့ မီးဖိုချောင် မှ ကရင်လေးရွှေလှ ကို မရန်းသီး ခူးခိုင်းပြီး ငါးပိ ကြော် နှင့် စား သေး၏ ။ မြမြခိုင် အနား ၌ ရပ်မိုး နေသော အရိပ်ရှည်ရှည် ကို မမြင် မိ ၊ ကာယကံရှင် ခမျာ က လည်း ကြက်သီး မျှ ပင် ထ ရမှန်း မသိ ။

ည ဆယ်နာရီခွဲ လျှင် နုနု က အိပ်ချင်ပြီ ။ ကျွန်မ ကို “ ပြန်စို့ ” ဟု ခေါ်သည် ။ ကျွန်မ က လည်း စကား ပြောရတာ နည်းနည်း ငြီး ပြီ ။ ယနေ့ ည ကျွန်မ ချည်း ပြောသည် ။ သူတို့ က သွား သိပ် မကျိန်းတတ် တိုင်း မရန်းသီး ပဲ စား နေကြသည် ။ ပါးစပ် မအားလှ ၊ မြမြခိုင် က ငရုတ်သီးဖတ်ကြီးကြီးများ ဖယ်ပြီး ပန်းကန်နှုတ်ခမ်း မှာ ပုံရင်း ၊ ပန်းပွင့်များ ခြေ ၍ ရေကာ ဗေဒင် တွက် သလို တွက်၏ ။ တစ်ဖက် က ချစ်တယ် ၊ တစ်ဖက် က မချစ်ဘူး ။ နောက်တစ် ဖက် က ချစ်တယ် ၊ နောက် တစ်ဖက်က မချစ်ဘူး ။ မော် က ယခင် လို သိပ်ပြီး ဆတ်ဆတ်ထိ နာခြင်း မရှိတော့ ။ တစ်နှစ် ပဲ လည် တော့မည် ။ သည်တော့ မြမြခိုင် က စတာ ကို နားလည်ပါ သည် ဟူသော အနေဖြင့် ပေါ့ပေါ့ပြုဖို့ ကြိုးစား၏ ။ သို့သော် စ တာ မှန်ပေမဲ့ မြမြခိုင် နှင့် ကိုလှသန်း တို့ ခွဲခွာ မရတာ လည်း မှန် သဖြင့် သိပ် အပြုံး မရွှင် နိုင်ချေ ။

ကျွန်မတို့ ထွက်လာခါနီး မှာ မြမြခိုင် က ခါတိုင်း လို ပင် ညည်း သေးသည် ။

“ ဪ ချစ်တယ် ကြိုက်တယ် ဆိုတာ ည အိပ်လို့ တယ် မပျော်တဲ့ အလုပ်ပဲကွယ် ”

မြမြခိုင် သည် ခု တစ်လော အိပ်ဆေးလုံးများ ကို စားသည် ။ ကျွန်မ က အိပ်ဆေး မစားဖို့ ပြော လည်း မရ ။ သူ က နဂို က လည်း အအိပ် အနေ နည်းသူ ။ ပြီးတော့ အမြဲ သပ်ရပ်စွာ ဆင်သ ၍ တောင့်တောင့်တင်းတင်း မနေသူ မို့ နှလုံး ထိခိုက် မှာ စိုးသည်  ၊ မြမြခိုင် က မူ

“ ထိခိုက်ပြီးသားပါကွယ် ” တွေ နှင့် ရယ်မော နေသေးသည် ။

ထို ည အဖို့ ခါတိုင်း ထက် ဆေးလုံး အစား ပိုသလား လို့ မော် လည်း မပြောတတ် ။ ည ၁၂ နာရီခွဲ မှာ မော် က ရေချိုးခန်း သွားချင်သည် ။ မော် က ကြောက်တတ်သည် မို့ မြမြခိုင် ကို အဖော် ခေါ်မြဲ ။ သွား ၍ နှိုးတော့ မနိုးသည် တဲ့ ။ သို့လျှင် ကျွန်မတို့ အခန်း က စ၍ တစ်ဆောင်လုံး လို ပင် ရုတ်ရုတ်ရက်ရက် ဖြစ် ကုန်သည် ။ အဆောင်မှူး က ဆေးရုံကြီး သို့ ပို့သည် ။ နယ် မှ လာသူမို့ ရန်ကုန် မှာ ရှိသမျှ ဆွေမျိုးမိတ်ဆွေ ကို ခေါ်ငင်သည် ။ နံနက် သုံးနာရီ မှာ အသက် ပျောက်သည် ။

တချို့က မြမြခိုင် သည် သေကြောင်း ကြံစည် အောင်မြင် သွားသည် လို့ ဆို၏ ။ ကျွန်မ ပင် ပထမ သံသယ ဖြစ်သေးသည် ။ စေ့စေ့တွေး ပြန်တော့ ဟုတ်မည် မထင် ၊ မြမြခိုင် သည် ခုတစ်လော စိတ်ညစ်သည် မှန်၏ ။ သို့ရာတွင် သူ သည် ဘာ တစ်ခု မှ ဆုံးဖြတ် ပြီးသည် မဟုတ် ။ သည် အတိုင်း ပင် မပြီးပြတ်သေးခြင်း က မူ သူ့ ကို မိုက်မဲစေသလား ဟု တွေးချင် လည်း တွေးနိုင်၏ ။ သို့သော် ပြီးပြတ်ခြင်း မှာ ယခုမှ စသည် မဟုတ် ။ ကြာခဲ့ လှလေပြီ ။ ခုမှ ထူးပြီး ထိခိုက်နိုင်ခြင်း မရှိ ၊ ထို့ပြင် တကယ် ဆိုတော့ မြမြခိုင် လို တွေဝေ၍ မဆုံးသူ တို့ သည် မတွေဝေ နေရတာ ကို ပဲ အကြိုက်ဆုံး ၊ အရသာ အပေါ်ဆုံး ၊ အသင့်လျော်ဆုံး ဖြစ်သည် ။ တတ်နိုင် လျှင် သည် အတိုင်းသာ နေ လိုက်ချင်သည် ။ အနည်းဆုံး မြမြခိုင် အဖို့ သည်လိုပဲ ဖြစ်သည် ။ သည်မျှ ကျွန်မ သေချာသည် ။

မြမြခိုင် သည် ထို့ကြောင့်ပင် နဂို က ဘီအေ အောင်လျှင် အိမ် ပြန်မည် လို့ လာသည် ဖြစ်သော်လည်း ဘီအေ အောင်ပြီး ဥပဒေ တက်ရ မလို ၊ ဘီအီးဒီ ပင် ဆက် ယူရမလို တစ်နည်းနည်း နှင့် ကျောင်း မှာ ရှည်ကြာအောင် ပြောင်းလဲ ကြံစည်ခဲ့လေသည် ။ တစ်တန်း ကို နှစ်နှစ် ဖြေ ရလည်း ဝမ်း မနည်းချေ ၊ စာ ဆိုသည် မှာ ကျက် ရတာ ပျင်းစရာ တည်း ။ ပြီးတော့ ဧည့်သည် က အခါမပြတ် လာလိုသည် မဟုတ်လား ၊ ကျောင်း တက်ရင်း က အတန်း လစ်ပြီး ဟို အကွေ့ သည် အကွေ့ မှာ သူ နှင့် ဆုံကာ စကား ပြောစရာတွေ ရှိပြန်သည် ။

ထို့ကြောင့် ရှေ့ မတိုးသာ နောက် မဆုတ်သာ တာ တစ်ခု မှန် သော်လည်း ရေရှည် မျော ၍ ပျော်ရွှင်စရာ ရှာနိုင်သေးသည် မို့ မြမြခိုင် သည် သည်အတိုင်း နေရခြင်း ကို ကျေနပ်သည် ။ သေကြောင်း ကြံစည်စရာ မရှိသည်ရယ် လို့ ကျွန်မ ဆိုချင်သည် ။

သို့သော် စိတ် မရှည်ချင် လည်း မရှည်တတ် သော ကံကြမ္မာ က ပြီးစလွယ် လုပ် တတ်သော ဝတ္ထုရေးဆရာများ လို ပင် ကိုယ့် ဇာတ်လိုက်မလေး ကို သေပစ်လိုက်လေသည် ။

( ၃ )

မြမြခိုင် နှင့် ခင်မင် ပေါင်းသင်း နေသည့် ကာလ အတောအတွင်း သူ့ ၌ စိတ်ဝင်စားစရာလေးများ တဖြည်းဖြည်း တွေ့ ရပါသည် ။ သို့လျှင် သူ့ ရဲ့ အင်မတန် ညိုသော အသား ကို လတ် သည် လို့ ထင် ရအောင် သနပ်ခါးကျောက်ပျဉ် ပေါ် မှာ မကြေညာ မျက်နှာချေမှုန့် လည်း ထည့် ၊ အလှဆီ လည်း ထည့် ၊ မန္တလေး ရှိ မိဘများ က ပို့သည့် ရွှေမှုန်တလက်လက် ရော သည့် သနပ်ခါးမှုန့် လည်း ထည့်ပြီး သမအောင် မွှေကာ ဟေဇလင် စနိုး ခံ၍ မိတ်ကပ် လူး ထား သည့် မျက်နှာ မှာ နာနာ ပွတ် ရတာတွေ လည်း အဓိပ္ပာယ် ရှိလာသည် ။ ခွင့်လွှတ်ချင်စရာ ကောင်း လာသည် ။

နှုတ်ခမ်း က ညိုပြာ သဖြင့် နှုတ်ခမ်းဆိုးဆေး အနီ သက်သက် ကို မှ ရွေး ၍ ဝယ်ရတာ လည်း နားလည် လာသည် ။ ဆံပင် ကို တစ်မျှင်တလေ မျှ မကျအောင် ကော့စမက်တစ် သုံး ရတာလည်း လျော်ကန်တယ် ထင်ပြီး နောက်ဆုံးတော့ ဘယ်ကို သွား လိုသည် ဖြစ်စေ အလှ ပြင်ချိန်ရဖို့ ၂၄ နာရီ ကြိုလို့ နို့တစ် ပေးရမည် ဟူသော သူ့ ကြေညာချက်ကလေး ကို ပဲ ကျွန်မတို့ သည် နှစ်လိုကာ သူ့ ကို ဂုဏ်ပြုစရာ အချက်တွေ ထဲ ပင် ထည့်၍ ပြောမိလေသည် ။

အကြောင်းမှာ တော့ မြမြခိုင် သည် သူ့ အိမ်သားများ အနက် အသား အညိုဆုံး မို့ ကျီးကန်းပမာ မျက်နှာ တစ်မျိုး ငယ်သည် တဲ့ ၊ မြမြခိုင် သည် အမေ နဲ့ မတည့်သော သမီး ဖြစ်ချေ၏ ။ အမေ က သူ့ ကို အိမ် မှာ ပွဲထုတ်လေ့ လည်း မရှိ ၊ မောင်ငယ် ၊ ညီမငယ်ကလေး များ ကို ထိန်းခိုင်း ၊ သူတို့ ကို အင်္ကျီ ချုပ်ခိုင်းသည် ။ သို့သော် မြမြခိုင် သည် စန္ဒရား ကောင်းစွာ တီးတတ် ကာ အသံ လည်း သာသည် ။ ယိုးဒယား က လည်း ပျော့ပျောင်းကျစ်လျစ်စွာ က တတ်သည် ။ မျက်လုံးမျက်ဖန် က လည်း သိမ်မွေ့ သေးငယ်စွာ လှပသည် ။ သူ ၏ နှုတ်ခမ်း ကလေးများ မှာ လိပ်ပြာ နားချင်စရာ တည်း ၊ သို့သော် တမင် တပ်ဆင်ထားသည့်အပြုံး သည် အလေ့ ဖြစ်ကာ အစဉ် ဖျောက်၍ မရဘဲ ရှိ၏ ။ ဖျောက် လိုက်သည့်အ ခါ လှောင်ချင် ပြောင်ချင် သော အမူအရာ ပေါ်လာတတ်သည် ။

မြမြခိုင် အဖို့ တက္ကသိုလ် သို့ လာ ဖို့ မရှိ ။ ဆယ်တန်း အောင်ပြီး အိမ် မှာ သီချင်း ဆို ကာ ပျော်ရသည် မှာ ကြာပြီ ။ တစ်နေ့ မှာ စာ သင်ဖို့ ရယ်လို့ ထွက်ခဲ့သည် ။ သူ ၏ ရည်ရွယ် ချက် က တော့ တက္ကသိုလ် ၌ သူတကာ ပါးစပ်ဖျား မှာ ကျော်ကြား ပြဦးမယ်လို့ ရှိသည် ။

သို့လျှင် ကျောင်း ရောက်စဉ် မျက်နှာ ချိုချို ထား၍ အသိ ဖွဲ့ လာ သမျှကို လက်သင့် ခံကာ ဖိတ်ကြား သမျှ ပွဲကို ထဘီ အလဲလဲ ဝတ်၍ သွားနိုင်လျှင် ပဲ အရုပ်ဆိုးမ မဟုတ် ။ သူတို့ အဖို့ ကျော်ကြားနိုင်သည့် တက္ကသိုလ် ၌ မြမြခိုင် လို ဂီတပါရမီ ရင့်သန်သော ချစ်စဖွယ် ညိုညိုညက်ကလေး တစ်ယောက် ကျော်ကြား လာသည်ကို အံ့ဩသူ ကတော့ သူ့ အမေ သာ တည်း ။

မြမြခိုင် က ကျွန်မ ကို ပြော ဖူးသည် ။

“ ခိုင့် စိတ် ထဲ မှာ ခိုင် တစ်ယောက် ပဲ မိုက် လို့ အမေ နဲ့ မတည့်တာ ၊ အိမ် မှာ မနေချင် တာ လို့ ထင်တယ် ၊ ကောလိပ် ရောက်တော့ မှ ဘော်ဒါ နေတဲ့ မိန်းကလေးတွေ က နွေကျောင်း ပိတ် တောင် အိမ် မပြန်ချင်တဲ့ အကြောင်းအရင်း တွေ သိရတော့ စိတ် နည်းနည်း သက်သာ တယ် ၊ ခိုင် လေ ... တစ်ခါတလေ ဝတ္ထုဆရာ ဖြစ်ချင်တယ် စိတ် ထဲ ရှိတာတွေ ရေးချင် လို့လေ  ”

“ ဟုတ်ပါတယ် ၊ ခုခေတ် မိန်းကလေးတွေ ဟာ အများ အားဖြင့် ပရိယာယ် အမျိုး မျိုးနဲ့ အိမ် က ထွက်ပြေး နေကြတာပါပဲ ” ဟု ကျွန်မ က ထောက်ခံ လိုက်ပါသည် ။

မြမြခိုင် ၏ မေမေ မှာ အဆင်နုနုမက သမီး တွေ နှင့် ပင် ဆင်တူ ဝတ်သူ ၊ အင်္ဂလိပ်စာ ပြန်လည် စတင် သင်သူ လို့ သိရလေသည် ။

သို့သော် မြမြခိုင် သည် သည်လို ကျော်ကြားလာသည် နှင့် ပဲ သူ့ အမေ ကို ကျေးဇူးရှင် အစချီသော စာ ကို လစဉ် ရေးနိုင်သည် ။ ပြီးတော့ လည်း မြမြခိုင် တို့ သည် ဆွေကြီးမျိုးကြီး သူများ ဖြစ်သည် ။ မြန်မာဘုရင် လက်ထက် က သူကောင်းမျိုး မှ ဆင်းသက်ကာ ဆွေသိုက်မျိုးသိုက် က တစ်ယောက် တစ်ပေါက် ဝိုင်းပြောသည် ကို အမြဲ ခေါင်းညိတ်သော ၊ မတော်လှန် ရသော ဓလေ့ ရှိသည် ။ ဖိနှိပ် လာသော ဆွေမျိုး အသိုက်အဝန်း မှာ ကျဉ်းကျပ်စွာ နေ ရသည် ။ မြမြခိုင် အဖို့ ကောလိပ် ရောက် မှ ပဲ မျက်စိ ပွင့်လင်း အံ့သြရတာတွေ များသည် ။ သို့လျှင် ကျောင်း မှ မခွာ ချင်ပြီ ။

သို့သော် ဆွေမျိုးမိဘ ထံ မှ အမှာတွေ ရောက်သည် ။

“ တူမ ဟာ ဦးကြီး အိမ် က ကား လာ မခေါ်ဘဲ နဲ့ တစ်ကား နဲ့ မြို့ထဲ သွားတယ် ကြားတယ် ၊ ဘက်စ်ကား စီးခြင်း ကို ရှောင်ပါ ၊ လူ အလေနတောတွေ နဲ့ တိုး တတ်တယ် ၊ ပြီးတော့ သူငယ်ချင်းကလေး တွေ နဲ့ ရုပ်ရှင် ကြည့်တယ် ဆိုတာ ခရစ်ယာန်မတွေ ရဲ့ ထုံးတမ်း သာဖြစ်တယ် ၊ ကောလိပ် က ပွဲနေပွဲထိုင်များ ညစဉ် သွားရတယ် ဆိုတာတော့ ဂုဏ် ရှိတဲ့ အလုပ်မို့ မတားမြစ် သော် လည်း ညဉ့်နက် သိပ် မခံစေချင်ဘူး ”

မြမြခိုင် သည် ကိုလှသန်း နှင့် အတွေ့ များသည် ဆိုတာကို ကြား လျှင်တော့ မေမေ့ ထံမှ စာ ရသည် ။

“ သမီး ဟာ အော်ဖက်ဆာ သားသမီး ပီပီ အော်ဖစ်ဆာ သားသမီး ကို ပဲ လက်ခံစေ ချင်တယ် ၊ အော်ဖစ်ဆာ သားသမီး မှ လည်း အော်ဖစ်ဆာ ဖြစ်နိုင်တယ် ၊ သမီး ကို လိုချင် တယ် ဆိုတဲ့ သူငယ် က ပိုက်ဆံ ချမ်းသာတယ် လို့ ကြားရပေမဲ့ မြေပိုင်ရှင် သားသမီး ဆိုတော့ ကိုယ့် အနေနဲ့ အစားချင်း တူတာ မဟုတ်ဘူး ၊ သမီး ကို အထက်တန်း ကျကျ ထားနိုင်ဦး .. ထားချင်ပါ့မလား ၊ ကုန်သည် လယ်လုပ် အစား ဟာ အင်မတန် ကုတ်ကပ် လေ့ရှိတယ် ”

သည်မှာ စကားများ သည် ကျွန်မ ၏ မိတ်ဆွေများ အဖို့ ဂရုထား လောက်သည် လို့ ထင်ချင် မှ ထင်ချင်ရာ ဖြစ်သော်လည်း သည်လို ဆို ဆုံးမတာ ကို နာခံ၍ ကြီးပြင်း လာသူ မြမြခိုင် အဖို့တော့ ကိုယ့် ကိုယ် ကိုယ် ငါးခုံးမ တစ်ကောင်များ ဖြစ်လေသလား လို့ ထင်မှား စရာ စိတ် မချမ်းသာစရာ တည်း ။ မြမြခိုင် သည် ကိုလှသန်း ကို အော်ဖစ်ဆာ ၏ သား မဟုတ် သည့် အတွက် ပင် ချစ်ဖို့ရာ သည် စွန့်စားခန်းကြီး တစ်ရပ် ဖြစ်နေပြီ ။ သို့လျှင် နေနိုင်မည် ဆိုက မချစ်ဘဲ နေဖို့ရာ ကို လျော်ကန်သည် ထင်ရကား ကိုလှသန်း စကား စ တိုင်း

“ မချစ်ချင်ပါဘူး ကိုလှသန်း ရယ် ” ဟု မှန်သော သစ္စာစကား ကို ဆိုလေသည် ။

ပြီးတော့ သူ့ အတွေး နှင့် သူ အချစ်စိတ် ကို ဖြေဖျောက်သည် တဲ့ လေ ။ အို ... ကိုလှသန်း ဟာ ... ဟို အင်မတန် ခေါင် တဲ့ ကျေးရွာ မှာ မွေး လာတာ ၊ ကောလိပ် ရောက်မှ မြို့ မှာ နေဖူးတဲ့ လူ ။ သည်တော့ သူ့ ဘိုကေညှပ် ပုံ ကို က လည်း ကိုလေး တို့ ၊ ကိုထွေး တို့ ပုံ နဲ့ လည်း မတူ ၊ ဘောင်းဘီ ဝတ်တာ ၊ ရှူးဖိနပ် စီးတာလည်း မတွေ့ ဖူးဘူး ။ ပြီးတော့ မေမေ ပြော သလိုပဲ ၊ အရာရှိ သားသမီး စတိုင် ငါ နေချင်တာ ကို ထားပါ့မလား ၊ မြန်မာဆန်တဲ့ လူများ ဟာ ချုပ် လည်း ချုပ်ချယ် တတ်တယ် ၊ ဟင်း ... သည်လို သာပြောရတယ် ၊ သူ က ငါ့ ထက် အင်္ဂလိပ်စာ အများကြီး ပို တတ်တယ် ။

သို့သော် မြမြခိုင် သည် ကိုလှသန်း နှင့် တွေ့ဆုံသည့် အကြိမ် ကိုတော့ လျှော့ ဖို့ မစဉ်းစား ။ ကိုလှသန်း နှင့် ကင်း၍ မနေနိုင်သည် ကို သဘောပေါက် ကာ ဘယ်လို လာလျှင် ဘယ်လို တွေ့ နိုင်သည့် အကြောင်းများ ကို နှစ်ယောက်သား တိုင်ပင်ကာ တစ်ခါ တွေ့ ဆဲမှာ နောက် တစ်ခါ တွေ့ဖို့ ကို ပဲ ချိန်းချက် နေကြသည် ။

သည်လို ခဏခဏ အခွင့်ရ တိုင်း တွေ့ ပြီး စကား ပေါက်တတ်ကရ ပြော၍ ပျော်ရွှင် ဆဲ မကျေနပ် နိုင်သူ မော် က ဘင်တန် မှာ လွတ်လပ် လွန်းသည် ။ အင်းလျားဆောင် မှာ မြမြခိုင် က အနည်းငယ် ငြိမ်မည် ထင်ပြီး အကြောင်း အမျိုးမျိုး ပြ ၍ ပြောင်း ဖြစ်ခဲ့ကြပြီ ။ ကျွန်မ တို့ နှင့် တွေ့သည် ။

ကျွန်မ ကြောင့် မြမြခိုင် ပို၍ အတင့် ရဲ ချင် လည်း ရဲမည် ။ သို့သော် ငြင်း ၍ မရသော ကိုလှသန်း ကို ချစ်စိတ် က တော့ ကျွန်မ ၏ ဖန်တီးချက် မဟုတ် ။ ကျွန်မ ကြောင့် သူ့ ရဲ့ မေတ္တာ ကို သူ့ ဘာသာ ရိပ်မိ ဝန်ခံတာ တော့ ဖြစ်နိုင်သည် ။ ဘာပဲ ဖြစ်ဖြစ် ကျွန်မ က တော့ အချစ် ကို ယုံစား သဖြင့် ယုံစား သလိုပင် ပြောမည် လုပ်မည် ။

ပြီးတော့ ကျွန်မ က မြမြခိုင် ကို ပြတ်သား စေချင်၏ ။ ဒါကို ကြိုးစား လို့ ပင် တိုက် တွန်းရသည် ။

သို့လျှင် တစ်ည ရေဒီယို မှ ကာလပေါ်အချစ်သီချင်း ဖွင့်ချိန်မှာ “ ချစ်လိုက်ရတာပါ လားနော် ” ရယ် လို့ ဝန်ခံခြင်းများ ပြောင် သလို နောက် သလို နှင့် စတင် လာ လေသည် ။

( ၄ )

ချစ်လိုက်ရတာပါကလားတွေ နှင့် စိတ်သောကတွေ များရလည်း မြမြခိုင် အဖို့ မပြီး ပြတ်သေး ၊ ချစ် ပြန်တော့ ယူဖို့ မယူဖို့ ကျန်သေးသည် ။ ကိုလှသန်း ကို ယူလျှင် သူ့ ဆွေသိုက် မျိုးသိုက် မှ အပြီးအပိုင် ထွက်ခွာလာပြီး မှ ယူလို့ ရမည် ။ မေမေ သည် ကိုလှသန်း မယား အဖြစ် သူ့ ကို တွေ့ ရလျှင် အမြဲပင် မျက်စ တစ်ဖက် ချီ ထားလိမ့်မည် ကို သိ၏ ။ ဒါကို ခံနိုင်ပါ့မလား ဆိုတာ ကိုယ့် ဘာသာ မသိ ၊ ပြီးတော့ ကိုယ့် ညီမတွေ မေမေ ပွဲထုတ်သည် ။ အပျိုတွေ လင်ရ  ပြန်တော့ ကလပ် တက် တတ်သော ၊ ဘောလုံး ရိုက်တတ်သော ယဉ်ကျေးမှု နှင့် အရက် သောက် တတ်သော မယား ညီအစ်ကို တတွေ ထဲ ကိုလှသန်း က ဝင်ဆံ့မည် မဟုတ် ၊ ညီအစ်မ တစ်တွေ နဲ့ မိတ်ဆွေဝိုင်း လည်း ကွဲပြားမည် ။

မြမြခိုင် သည် ယူနိုင် မယူနိုင် ဆုံးဖြတ်၍ မရသေးသည် နှင့် တခြား ချစ်သူစုံတွဲများ လို ကိုလှသန်း နှင့် မတွဲဝံ့ ၊ ရုပ်ရှင် အတူ မကြည့်ဝံ့ ၊ လမ်းအတူ မလျှောက်ဝံ့ ရှိပြန်သည် ။ တခြား လူ နဲ့ ယူရတောင် အို သူ နဲ့ စကား ထိုင် ပြောရုံပါ ၊ လက်ဖျားချင်း တောင် မထိရပါဘူး လို့ စိတ် ရှင်းရှင်းနှင့် ပြောနိုင် ချင်သည် ။ ချစ်ပေမဲ့ မဖြစ်နိုင် လို့ နောက် ဆုတ်ခဲ့တယ် လို့ ပြောပြီး အပျိုကြီး လုပ်ရ လည်း ကောင်းသားပဲ လို့ ထင် သေးသည် ။ ကိုလှသန်း ကို နှလုံး ထဲ မှာ သာ နေရာ ပေးမည် ဆိုတာ က လည်း ဖြစ်နိုင်သည် လို့ ထင်သည် ။

နုနု နှင့် မော် က အခွင့် ကျန်သေးသည်ရယ် လို့ ချစ်လျက် နှင့် မယူနိုင်သည့် အလွမ်း ဇာတ် ကို ခင်းဖို့ တိုက်တွန်းဆဲ ကျွန်မ သည် စိတ်ဆိုးစွာ ပြော နေမိလေ၏ ။

“ ခိုင် ဟာ ဒီ ဆွေမျိုး မိဘ အသိုက် ထဲ က လွတ်မှပဲ စိတ်ချမ်းသာ မှာ ၊ ကိုလှသန်း ကို ယူမှ လည်း လွတ်မှာ ၊ ပြီးတော့ ကိုလှသန်း ကို ပဲ ချစ်နေပြီ ဟာ ၊ ဘာဖြစ်လို့ တုံ့ဆိုင်း နေတာလဲ  ၊ မယူနိုင်ဘူး ဆိုရင် ချစ်တယ် ဆိုတာ မပြောနဲ့ ၊ ပြောရင် မေတ္တာတရား ကို စော်ကား
တာပဲ ”

“ ဒါ ဟုတ်သလား ဟင် ၊ ခိုင် ဖြင့် ဒီလို တစ်ခါမှ မတွေးမိဖူးဘူး ”

မြမြခိုင် သည် တဖြည်းဖြည်း နှင့် ပွဲလမ်းသဘင် သွားခြင်း လျှော့သည် ။ ဘာကြောင့် လဲ မေး လျှင်

“ မပျော်တော့ဘူး ” ဟု သာ ဖြေသည် ။ ရာဇဝင် မှာ ပထမဆုံး အကြိမ် စာကျက်သည် ။ မေး လျှင်

“ ညည အိပ် မပျော်တဲ့ တူတူ ” ဟု ဖြေ၏ ။

“ အင်တာ အောင်ချင်တယ် ၊ အောင် ရင် အလုပ် လည်း ရလွယ်တယ် မှုတ်လား ” ဟု လည်း ပြောသည် ။

“ ခိုင် တော့ အမေ ဆီ လည်း ပြန် မသွားချင်တော့ဘူး ၊ ကိုလှသန်း တို့ ရွာ ကို ပဲ လိုက် သွား ချင်တော့တယ် ၊ မလိုက် တောင် ဒီမှာပဲ ဆရာမလေး စာရေးလေး ဝင် လုပ်ပြီး နေတော့ မယ် ကွယ် ”

ထို့ကြောင့် နှစ် ကုန် ၍ ဥပစာတန်း အောင် လျှင် ကျောင်း ထွက်မည် ။ ကိုလှသန်း နှင့် ယူမည်လို့ အများ က အသိမှတ် ပြုကြ ပြန်လေ၏ ။ မြမြခိုင် သည် စိတ် တုံးတုံး ချပြီးသား လို ပေါ့ပါး လန်းရွှင် လာ ပြန်သည် ။ ရေချိုးခန်း ၌ သူ့ သီချင်းသံ မစဲဘဲ ရေသံ နှင့် ရော ၍ ဖြာသွန်း ဆဲ ။ သူ့ အမေ များ လိုက် လာကြသည် ။

ထို့နောက် အရက် ၂ဝ မျှ မြမြခိုင် သည် ဦးကြီး အိမ် သို့ ပြန်ကာ အိမ် မှ အတန်း တက်သည် ။ လေးငါးရက် ခြား ကျောင်းဆောင် ပြန် အိပ်သေး သော်လည်း နုနု သွားပေမဲ့ ကျွန်မ က မလိုက်ပါ ။ အမေတွေ က ဆွဲဆောင်ရာ ကို ပါဦးမည် လို့ သံသယ ပွားသည် ။ မြမြခိုင် က လည်း ဆွဲဆောင်ရာ ကို ပါ တတ်သော မိန်းကလေး ပါ ။ ကျွန်မ က စိမ်းစိမ်း နေ လိုက်ပါသည် လို့ ဝန်ခံချင်ဟန် နှင့် အလိုက်သင့်ပင် စိမ်းစိမ်း နေသည် ။

သူ့ အမေများ ပြန် သွား လျှင် ကျွန်မ က ပဲ ဦးအောင် မေးပါသည် ။

“ မဟုတ်ဘူး ကွယ် ၊ အင်တာ အောင်ရုံနဲ့  ထွက်မယ် ဆိုတာ မဟုတ်သေးဘူး ၊ ခိုင် လည်း ဘီအေ အောင် မှ စဉ်းစား တတ်လာမယ် ၊ အဲဒီတော့ မှ ယူ ရင်လည်း ခိုင် ပါ အလုပ် လုပ် နိုင်တော့ သူ့ ကို အကူအညီ ပေးရာ ကျတာပေါ့ ၊ ခု ထွက် လုပ်လို့ စာရေး ဖြစ်ရုံပေါ့ ၊ ခိုင် တော့ အပျိုကြီး လုပ်ပြီးသာ နေချင်ပါတယ် ”

မြမြခိုင် သည် ကိုလှသန်း လာ လျှင် ယခင် က လို ပျာပျာသလဲ မဆင်းဘဲ မှိုင်တွေ ချ ၍နေပြီး မှ ဆင်း သွား တတ်သည် ။ နဂို တပ်ဆင်လေ့ ရှိသော အပြုံး သည် လုံးလုံး ပျက်ပြယ် ပျောက်ကာ ပြောင်စပ်စပ် အမူအရာ သာ ကျန် လေသည် ။ စာ ကျက်ပြန်တော့ အိပ်ပျက် လာပြန်၏ ။ သည်တစ်ခါ တော့ အိပ်ဆေး ရှာ စားသည် ။

ကိုလှသန်း မျက်နှာ မှာ ညှိုး တစ်လှည့် လန်း တစ်လှည့် ရှိသည် ကို သတိထား နေ မိကြသည် ။ နုနု ၊ မော် နှင့် ကျွန်မ တို့ မှာ မရေမရာ ရှိလှသည် ။

“ ဘီအေ အောင်ပြီး ဘီအီးဒီ တက်ဦးမယ် ” ဟု မြမြခိုင် က ကြေညာ ပြန်၏ ။

အဲသည်လို ဇာတ်လမ်း ဆုံးရ ခက် နေဆဲ မှာ ကံကြမ္မာ က ရောက် လာခြင်း ဖြစ်လေသည် ။

◾ကြည်အေး

📖 ရှုမဝ မဂ္ဂဇင်း
      အမှတ် ၁၀၅
      ဖေဖော်ဝါရီ ၊ ၁၉၅၆
.

No comments:

Post a Comment