ကံကြမ္မာ ရဲ့ အရသာ
( သန်းမြင့်အောင် )
ကံကြမ္မာ ကို ချုံခိုတိုက်လို့ မရမှန်း တော့ ကျွန်မ သိတာပေါ့ ။ အတိတ် ဘဝ ဆိုတာ ကလည်း အဆန်လက်မှတ် ဝယ် မရလေတော့ ငေါက်ခနဲ ထပြီး ပြေးသွား ကြည့်လို့ ရတာ မဟုတ် ။
••••• ••••• •••••
ဂဏန်း သုံးလေးလုံး ပါတဲ့ ငွေစက္ကူ တစ်ရွက်တလေ ဟာ ကျွန်မ ဆီ မှာ တစ်ပတ် ထက် ပိုပြီး ကြာကြာ မနေနိုင်တာ ဘာကြောင့်များ ပါလိမ့် ။
“ အိတ်ဆောင် ” ဆိုတဲ့ စကား ကို လူ အတော်များများ ထိန်းသိမ်း ထားနိုင်ကြရင် တော့ ကျွန်မ ညံ့လို့ ဖြစ်မှာပေါ့ ။တစ်ခါတစ်ရံ ကလေးတွေ က မုန့်ဖိုး တောင်းတဲ့ အချိန်မှာ ဖြစ်ဖြစ် ၊ တစ်ခုခု လိုအပ်လို့ ပူဆာတဲ့ အခါမှာ ဖြစ်ဖြစ် ကျွန်မ က သတင်းစာစက္ကူ အခေါက်လိုက် ထည့် ထားလို့ ဖောင်းကား နေတဲ့ ပိုက်ဆံအိတ် အဟောင်းကြီး ကို ပုတ်ပြပြီး ...
“ မေမေ့မှာ အရွက်ကြီးတွေ ပဲ ရှိတယ် သားရေ ” လို့ ခပ်တည်တည် ပြော လိုက်တဲ့ အခါမှာ သားတွေ ကလည်း အလိုက်သိစွာ ရယ်ကျဲကျဲနဲ့ ....
“ အဲဒါဆိုလည်း မဖျက်ပါနဲ့ တော့ မေမေရယ် ၊ နှမြောစရာကြီး ” လို့ ပြန် ပြောနေတတ်တာ ကျွန်မတို့ မိသားစု ရဲ့ သဘာဝပဲ ။ သားသမီးတွေ လိမ္မာ ကြပါတယ် ။ မသိသား ဆိုးရွား နေတာ က အိမ် က ဟာကြီးပဲ ။ သူ့ လောက် နီးနီး မသိတတ် တာ က တော့ အငယ်ဆုံး ဖိုးသားလေး ပဲ ။ ကလေး က တော့ ငယ်သေးတာ ကိုး ။ အခုမှ သုံးနှစ် ကျော်ကျော်ပဲ ရှိသေးတာ ။ ဒါပေမဲ့ စကား လည်း တတ်တယ် ။ အကောင်း က လည်း ဘာ ကြိုက်သလဲ မမေးနဲ့ ။ အငယ်ဆုံးတို့ ရဲ့ ထုံးစံအတိုင်း ဗိုလ်ကလည်း ကျ သေးတယ် ။ ထမင်း စားလို့ ဟင်း တစ်ယောက် တစ်တုံးစီ ဝေပုံချ ပေးရင် ဟင်းအိုး ထဲ ကို ဇွန်းတစ်ချောင်း နဲ့ မွှေပြီး ကြီးပေ့ ဆိုတဲ့ ဟင်းတုံး ကို သူ က အရင် ဦးတာ ။ အကြီးကောင်တွေ က အမေ ခပ်ထည့် ပေးတဲ့ အတိုင်း နည်းနည်းများများ စား တာပဲ ။ သူတို့ ဝေစု ထဲ ကတောင် ထပ်ဖဲ့ ကျွေး လိုက်သေးတယ် ။
ဖိုးသား ကို မွေးပြီး ဇာတာ ဖွဲ့တုန်း က မြို့ဦးကျောင်း ဆရာတော် က မိန့်ဖူးတယ် ။
“ ဒီကလေး က ဇာတာ ရော ၊ အင်္ဂါရုပ် ရော ကောင်းတယ် ။ မင်းတို့ ကို အကျိုးပေးမယ့် ကလေးပဲ ။ သူ့ ကို ကောင်းကောင်း မွေးကြ ။ ဒီကလေး အကျိုးပေးတဲ့ အချိန် နဲ့ မင်းတို့ ကုသိုလ်ကံ ပွင့်တဲ့ အချိန် အံကိုက် ဖြစ်တဲ့ တစ်နေ့မှာ ချမ်းသာ ကြလိမ့်မယ် ” တဲ့ ။
အဲဒီလို ကြားပြီး ကတည်း က ဖိုးသားလေး ကို ပိုပြီးချစ်ကြ ၊ ဂရုစိုက်ကြတာ ဆိုတော့ သင်းကလေး ဆိုးလို့ ကောင်းပေါ့ ။ ဒါတောင် ကျွန်မ က နေရာတကာ မှာ စည်းနဲ့ ကမ်းနဲ့ ကြပ်မတ်နိုင် လွန်းလို့ ၊ သူတို့ အဖေ နဲ့ သာ လွှတ်ထားရင် ထိန်းလို့ တောင် နိုင်မှာ မဟုတ်ဘူး ။ သူတို့ အဖေ ဆိုလို့ ပြောရဦးမယ် ။ အဲဒီဟာကြီး အကြောင်း ...
အိမ်ထောင်သက် ပဲ နှစ်ဆယ် ပြည့်တော့မယ် ။ အကြီးဆုံးသား က ဆယ်တန်း ဖြေထားပြီးပြီ ။ သူ့ အောက် မှာ လေးယောက် ၊ တစ်သက်လုံး တောက်လျှောက် ဘာမှ မတိုးတက်ဘူး ။ တစ်လ နဲ့ တစ်လ အလျဉ်မီအောင် မနည်းသုံး နေရတယ် ။ အိမ်တစ်လုံး လည်း ခုထိ မပိုင်သေးဘူး ။ ရွှေ တစ်ကျပ်သား လည်း မစုမိသေးဘူး ။ မိဘလက်ထက် က ပါလာတဲ့ ဟောဒီ ဥဿဖရား နားကပ်ကလေး က ကို မတက်သေးဘူး ။ ကျွန်မ လည်း မောင် တစ်ထမ်း မယ် တစ်ရွက် လုပ်ဖို့ တော့ စိတ်ကူးမိသား ။ ကလေးတွေ က ဆင့်ကဲဆင့်ကဲ လက်မလွတ်ကြသေးတာနဲ့ ဘာမှ အကောင်အထည် မဖော်ဖြစ်သေးတာ ။
သူ က အရက် လည်း မသောက်တတ် ၊ ဖဲ လည်း မရိုက်တတ်ဘူး ။ မိန်းမကိစ္စ ဆိုတာ ဝေလာဝေးပဲ ။ အဲဒီ အချက်ကလေးလောက် နဲ့ တော့ ကျွန်မကို ကံကောင်းတယ်လို့ ပြောရင် ကျွန်မ လက်ခံမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့ လဲ ဆိုတော့ မကောင်းတဲ့ ကိစ္စတွေ ဘာမှ မလုပ်တတ်တဲ့ ကျွန်မ ယောက်ျားဟာ ကောင်းတဲ့ ကိစ္စတွေ လည်း ဘာမှ မလုပ်တတ်ပြန်ဘူး ။
ဥပမာ ခုလို အချိန်မျိုးမှာ လစာ အကုန် အပ်တာက လွဲလို့ ဘာမှ မကြံတတ် ၊ မဖန်တတ်ဘူး ။ ကြံတယ် ဖန်တယ် ဆိုတာ ခုတ်မှ ၊ ထစ်မှ ၊ လှီးမှ ၊ ဖြတ်မှ အကြံအဖန် မဟုတ်ပါဘူး ။ ကိုယ့် လုပ်အား နဲ့ ကိုယ့် အတွေးအခေါ် နဲ့ သူတစ်ပါး ကို မထိခိုက်တဲ့ ကိစ္စမျိုးတွေ လောက မှာ အများကြီး ရှိပါတယ် ။ ဒါတွေ သူ နားမလည်ဘူး ။ အရိုး လွန်ပြီး တုံး နေတဲ့ လူတွေ စာရင်း မှာ ကျွန်မ ယောက်ျား ထိပ်ဆုံးက ပါတယ် ။ နည်းနည်းလေး ဦးနှောက် ခြောက်ရမယ့် အလုပ် ၊ စိတ်ရှုပ်ရမယ့် အလုပ် ဆို သူ ဘာမှ စိတ်မဝင်စားဘူး ။ သူ က အင်မတန် စိတ်အေးလက်အေး နေချင်တဲ့ သူ ။ အိမ်ပြန် ရောက်လို့ လည်း သားသမီးတွေ ကို စာလေး ဘာလေး ပြပေးမယ် ၊ လိုအပ်ရင် မာန်မဲ ခြိမ်းခြောက်ပြီး အနည်းအကျဉ်း ဆူပူ ဆုံးမလိုက်မယ် မရှိဘူး ။ အဲဒီ ကိစ္စတွေ အကုန်လုံး ကျွန်မ ပဲ လုပ်ရတယ် သိလား ။
သူ က အားရင် ဘာလုပ်မလဲ ။ ဓမ္မပဒ တို့ ၊ ပရိတ်ကြီး ဆယ့်တစ်သုတ် တို့ ၊ ဇိနတ္ထပကာသနီတို့ စတာတွေ ကို မွှေနှောက်ပြီး ခေါင်း ရင်း မှာ ပက်လက်ကု,လားထိုင် တစ်လုံးနဲ့ မှိန်းပြီး ရွတ်ဖတ် နေတော့ တာပဲ ။ အဲဒါ ကောင်းတဲ့ အလုပ် မဟုတ်ဘူး လားလို့ ကျွန်မ ကို ပြောကြမှာ ပဲနော် ။ သူ့ တစ်ယောက် တည်း အတွက်တော့ ကောင်းတာပေါ့ ။ သူ က တော့ သေရင် နတ်ပြည် တန်းရောက်မယ့် လူပဲ ။ ကျွန်မ မှာ သာ ခုနေ သေသွားရင် အဝီစိငရဲ ကို နောက်ကျွမ်းနဲ့ ပစ်ကျမှာ ။ သူ က အေးအေးဆေးဆေး ရှိလေ ၊ ကလေး ငါးယောက်နဲ့ မီးဖိုချောင် သေးသေးလေး ကို အလှည့်ကျ အလိုမကျ ဖြစ်ရင်း ပွစိပွစိ ပူညံပူညံ ဖြစ်ရလေ က ကျွန်မ ပဲ ။ ဒီ အိမ်မှာ အဆူညံဆုံး ကတော့ ကျွန်မ ပဲ ။ အဲဒီ အခါ ကျရင်တော့ မိန်းမ ကို ချော့ရမှန်း သူ နားအလည်သားရှင့် ။ ကျွန်မ ကို ဘယ်လို ပြောပြီး ချော့တယ် မှတ်သလဲ ။ တစ်ချိန်က ကျွန်မ သိပ်ချစ်ခဲ့တဲ့ ၊ အခုလည်း ချစ်နေဆဲ ဖြစ်တဲ့ သူ့ ရဲ့ ချိုသာ နူးညံ့တဲ့ မျက်လုံးအစုံ နဲ့ စိုက်ကြည့်ပြီး ...
“ အမေကြီး က လည်း ကွယ် ၊ အလကား စိတ်တွေ တိုနေတယ် ၊ ကိုယ် ပုတီးစိပ်လို့ မဖြောင့် တော့ဘူး ၊ ကိုယ်တို့ ငယ်ငယ်က နိပါတ်တော် ထဲမှာ အမရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူလ ဆိုတဲ့ တော်လေးဝ ပဲ ရှိတယ် ၊ အခု ခင်မြမြ ဆိုတဲ့ ကိုယ့်မိန်းမ ပါ ထည့် ပေါင်းလိုက်ရင် တော်ငါးဝ ဖြစ်သွားမှာ ၊ လိမ္မာပါ တယ်ကွာ ၊ ကိုယ့် ကိုယ် ပါရမီ ဖြည့်စွမ်းပါနော် ” တဲ့ လေ ။ အတော် လာတဲ့ ကိုရွှေလိပ် ပဲ ။ ကျွန်မ က စိတ်ပေါက်ပေါက် နဲ့ ...
“ ဖြည့်ပါတယ်တော် ၊ ဖြည့်ပါတယ် ၊ တစ်ခါတည်း ဘုန်းကြီး သာ ဝတ်လိုက်ပါလား ၊ ကျွန်မ ပြောင်းဖူးပြုတ် ရွက်ပြီး လည် ရောင်းရဲပါတယ် ” လို့ ရွဲ့ပြောတော့ သူ က အဟုတ် မှတ်ပြီး ...
“ ကွယ် ၊ မဟုတ်တာ ၊ ဒီလောက်လည်း ကိုယ် တစ်ကိုယ်ကောင်း မဆန်ရက်ပါဘူး ၊ တာဝန် မမဲ့ ပါရစေနဲ့ ” တဲ့ လေ ။
ဟင်း .... အတော့်ကို အမြင်ကတ်ကတ် နဲ့ ချစ်ဖို့ ကောင်းတဲ့ လူ ။
••••• ••••• •••••
“ မေမေ သား ကို မိသားစု မုန့်ပုံး ဝယ်ကျွေးမယ်ဆို ၊ ဘယ်တော့ ဝယ်ကျွေးမှာ လဲ မေမေရ ၊ သား စားချင်လှပြီ ”
“ ဟာ ... သောက်ကျိုးနည်း ၊ ပူဆာတတ်တဲ့ သူဌေးသားလေးပဲ ”
ဖိုးသား ကို ဖက်တွယ် နမ်းရှုပ် ချော့မြူလိုက်တဲ့ ခဏမှာ ကျွန်မ မျက်ဝန်းတွေ လက် သွားလိမ့် မယ် ထင်တယ် ။
ကျွန်မတို့ ငှားနေတဲ့ နှစ်ခန်းတွဲ အိမ်ကလေး ရဲ့ ရှေ့မှာ ဆိုင်ခန်းလေး တစ်ခန်း ရှိတယ် ။ အဲဒီ ဆိုင်လေး ဟာ မုန့်မျိုးစုံ ရောင်းတဲ့ ဆိုင်ကလေးပေါ့ ။ အဲဒီမှာ မြန်မာဘီစကွတ် မုန့်မျိုးစုံ က စပြီး ကိတ်မုန့် ၊ ပေါင်မုန့်တွေ အပြင် နိုင်ငံခြား မုန့်ပုံးမျိုးစုံ နဲ့ ဖျော်ရည်မျိုးစုံ လည်း ရှိတယ် ။
ကလေးတွေ တင် မကဘဲ လူကြီးပါ ငေးကြည့်ချင်စရာ ကောင်းအောင် လှလှပပ ၊ စီစီရီရီ ၊ ခမ်းခမ်းနားနား ခင်းကျင်းထားတဲ့ မုန့်ဆိုင်ကလေး ကို ကျွန်မ ရဲ့ ကြိမ်းမောင်း ဟန့်တားမှုကြောင့် တရားဝင် သွား မမျှော်ရဲတဲ့ ဖိုးသား ဟာ အိမ် ထဲမှာ တော့ မကြာခဏ ဆိုသလို ...
“ မေမေ ပိုက်ဆံရရင် မိသားစုမုန့်ပုံး ဝယ်ကျွေးမယ် ဆို ၊ သူများ စားတာ ဖိုးသား မမျှော်ဘူးလေ ၊ ဝယ်ကျွေးနော် မေမေ ” လို့ တတွတ်တွတ် ပြောတတ်လာတာဟာ ဆင်ခြင်တုံတရား နည်းပါးတဲ့ ကျွန်မ ရဲ့ အမှား တစ်ကွက် ကြောင့် လည်း ဖြစ်နိုင်မယ် ထင်တယ် ။
လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဈေး သွားရင်းနဲ့ အပြင်တန်း မှာ ချရောင်း နေတဲ့ မိသားစု မုန့်ပုံး အလွတ် တစ်ခု ကို မီးဖိုချောင်သုံးပစ္စည်း ထည့်ဖို့ ဝယ်လိုက်မိတာ ကျွန်မ အမှားပဲ ။
အဲဒီနေ့ က စပြီး ဖိုးသား ဟာ Top Choice ဆိုတဲ့ စာလုံး ပါတဲ့ မုန့်ပုံး ပေါ် က မုန့်ပုံစံကလေး တွေ ကို ကြည့် ကြည့်ပြီး ပူဆာ နေတော့တာပဲ ။
••••• ••••• •••••
“ ငါ့ တူမ ကို မပြော မဖြစ်လို့ သာ ပြောရတာ အားလည်း နာတယ် ”
“ ရပါတယ် အဘ ရယ် ၊ ကျွန်မ က သူတို့ အဖေ လာတော့ တိုင်ပင်ပြီး အကြောင်းပြန်ပါ့မယ် နော် ”
“ အေးပါကွယ် ၊ ညည်းတို့ မိသားစု ကို လည်း အဘတို့ က သံယောဇဉ် တွယ်နေပြီ ဆိုတော့ ဒီမှာ ပဲ ဆက် နေစေချင်တာပဲ ”
“ ဟုတ်ကဲ့ပါ အဘ ရယ် ၊ သမီး လည်း ကြိုးစားပါ့မယ် ”
အဲဒီ ခေါင်းရင်းခန်း က ကျွန်မတို့ အိမ်ရှင်ပေါ့ ၊ စိတ်ပူပန် ညစ်ညူးပြီး ခေါင်းငိုက်စိုက်ချ ပြန် ထွက်လာတဲ့ ကျွန်မ ရဲ့ ကျောပြင် ကို နောက် ကနေ ငေးကြည့်ပြီး သူ စိတ်မကောင်း ဖြစ်နေမှာ သေချာပါတယ် ။
မမျှော်လင့်ဘဲ ဗြုန်းစားကြီး ပေါ်လာတဲ့ ပြဿနာ ကြောင့် ကျွန်မ ခေါင်းတွေ ချာချာလည် နေ တော့တယ် ။ ဒီ အခက်အခဲ ဟာ သေးသေးကွေးကွေး မဟုတ်ဘူး ။ တစ်နေကုန် ထိုင်မရ ၊ ထမရ နဲ့ ညနေ အိမ် မှာ လူစုံတော့ အဲဒီ ကိစ္စကို ကျွန်မ ပြော ပြလိုက်တယ် ။
အိမ်ရှင် က စပေါ် တစ်သောင်း ထပ် တောင်းတဲ့ ကိစ္စ ။ မပေးနိုင်ရင် တင်ထားတဲ့ စပေါ်ငွေ ပြန်ယူပြီး ပြောင်း ပေးရမယ့် အကြောင်း ။ နောက်ထပ် နေမယ့် လူ က ကျွန်မတို့ ထက် နှစ်ဆ မက တင်ပြီး နေမှာ ဖြစ်တဲ့ အကြောင်း အပြင် တိကျမှန်ကန်ပြီး တရားမျှတ တဲ့ အိမ်ရှင် ပြောတဲ့ ...
“ အိမ် က လည်း မိုးတွင်း ဆို ချုံးချုံးကျ တော့မှာ ၊ အဲဒီ ပိုက်ဆံလေး ကို အဘ သုံးမှာ မဟုတ်ဘူး ၊ အိမ် ပြင်ရမှာ ။ ဒီလိုမှ မပြင်ရင် သမီးတို့ ရော ၊ အဘရော ရှေ့လျှောက် ဘယ်လို ဆက်နေကြမလဲ ”
ဆိုတဲ့ တကယ့် ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အကြောင်းအရာ ကိုပါ ပြောပြနေတဲ့ ကျွန်မ မျက်နှာဟာ အတော်အတန် ထက် ပိုပြီး ညှိုးငယ်ငိုင်တွေ နေလိမ့်မယ် ထင်တယ် ။ ကျွန်မ က သာ ဆောက်တည်ရာ မရပေမဲ့ လင်တော်မောင် ကတော့ ထုံးစံအတိုင်း လေပျော့လေးနဲ့ ...
“ စိတ်အေးအေး ထားစမ်းပါကွာ ၊ သိပ် ကြီးလည်း စိတ်ဓာတ်ကျ မနေစမ်းပါနဲ့ ၊ ခေါင်းအေးအေး ထားမှ ပေါ့ ”
ခုချိန်အထိ အေးနေနိုင် သေးတဲ့ သူ့ ကို ကျွန်မ နာနာကြည်းကြည်း ဆတ်ခနဲ မော့ ကြည့်လိုက် ဖြစ်တယ် ။
“ စိတ်အေးအေး ထား ရအောင် ရှင့်မှာ ဘယ်နှပြား ရှိလို့ လဲ ၊ တစ်ပြား မှ မရှိဘဲ စိတ်အေးအေး ထားလိုက်ရင် ခေါင်း နဲ့ ဆင်းသွားရမှာ ပေါ့ ရှင့် ၊ ဒီ ကနေ ပြောင်းပြီး တခြား ဘယ် ချောင်ထဲ သွားနေမလဲ ၊ ကိုယ့် မှာ သားပျို သမီးပျိုလေးတွေ နဲ့ ပတ်ဝန်းကျင် ဆိုတာ အရေးကြီးတယ် ၊ အဲဒါကော ရှင် တွေးမိရဲ့ လား ”
“ ဒါတွေ ကိုယ် နားလည်ပါတယ်ကွာ ၊ နေရာတကာ မှာ ယောက်ယက်ခတ် နေလို့ လည်း ပြေလည် သွားမှာ မှ မဟုတ်တာ ၊ မင်း ဒီ မှာ ဆက် နေချင်တယ် ဆိုလည်း ငွေလေး ဘာလေး ချေးငှား ကြည့်ကြတာပေါ့ကွာ ၊ ငါ ကတော့ ကြွေးတင် မခံချင်တာ အမှန်ပဲ ၊ ဒါပေမဲ့ ဖြစ်လာတော့လည်း မတတ် နိုင်ဘူးပေါ့လေ ၊ ကြွေး ဆိုတာ တင်ပြီးရင် ပြန် ဆပ်ဖို့ လွယ်တာ မဟုတ်ဘူး ၊ တို့ မှာ ဒီ ဝင်ငွေလေးနဲ့ ဘယ့်နှယ် လုပ် ဆပ်ကြမလဲ ၊ ငွေ က လည်း ချေးရမှာ တစ်သောင်း တောင် ၊ ပြီးတော့ အတိုး က လည်း ပေးရဦးမှာ ”
အရေး ဟယ် ၊ အကြောင်း ဟယ် ဆိုတော့ မောင်မင်းကြီးသား ဒီလောက်စိတ်ပါလက်ပါ ဖြေရှင်းဖော် ရတာကိုပဲ ကျွန်မ အတော်လေး ဝမ်းသာအားတက်သွားတယ် ။
“ အို ... ရှင် ... ဘာပဲဖြစ်ဖြစ် ချေးတော့ ချေးရမှာ ပဲ ၊ ရှင် သာ ရအောင် ၊ ရှာပေး ၊ ပြ န်ဆပ်ဖို့ ကျွန်မ တာဝန်ထား ၊ ကြွေး ရှိ လာပြီ ဆိုတော့ ကျွန်မ လည်း ဒီလို နေလို့ ဘယ်ဖြစ်တော့မလဲ ၊ အိမ်ရှေ့ မှာ မုန့်ဟင်းခါးဆိုင်လေး ထွက်မယ် ၊ ကလေးတွေ မုန့်ဖိုး လည်း သက်သာ ၊ ဈေးဖိုးလည်း ကာမိပေါ့ ”
“ သားလည်း အောင်စာရင်း မထွက်ခင် အလုပ် တစ်ခုခု လုပ်ချင်တယ် ၊ မင်္ဂလာဈေး က သား သူငယ်ချင်း အထည်ဆိုင် မှာ အရောင်းဈေးသည် တစ်ယောက် လို နေတယ် ၊ သား သွားလုပ်မယ် နော် မေမေ ၊ သား သာ လုပ်ရင် ဒီကောင် အရမ်း ဝမ်းသာ သွားမှာ ၊ သား လခ ကို ကြွေးဆပ်လို့ ရတာပေါ့ နော် ၊ ဖေဖေ နော် ”
ဆယ်တန်း ဖြေထားတဲ့ သားကြီး ရဲ့ အသံ က လည်း ကျွန်မ တို့ ကို တအားတက်စေတယ် ။
“ ဟုတ်တယ် ၊ ကိုကို က အလုပ် ထွက်လုပ် ၊ သမီး က မေမေ နဲ့ ဈေးကူရောင်းမယ် ၊ ကျောင်း မသွားခင် နံနက်ပိုင်းရယ် ၊ ကျောင်း က ပြန်လာတဲ့ ညနေခင်းရယ် မေမေ့ ကို ကူလို့ ရတာပဲဟာနော် ”
ဒုတိယသမီး ရှစ်တန်းကျောင်းသူ ကပါ ဝင် ထောက်ခံတော့ တတိယ နဲ့ စတုတ္ထ နှစ်ကောင် က သူတို့ ရင်ဘတ်ကလေးတွေ သူတို့ ပုတ် ပြပြီး ...
“ သား က စားပွဲထိုး ”
“ မီး က ပန်းကန်ဆေးမယ် ”
အမယ် ... ခုလိုတော့လည်း အဟုတ်ကြီးပါလား ။ မိသားစု အားလုံးဟာ ထွက်ပေါက် တစ်ခုကို တွေ့ သွားလို့ ပြန်လည် လန်းဆန်း တက်ကြွ လာကြတယ် ။
“ အဲဒါ ပြောတာပေါ့ကွ ၊ အချိန်တန် တော့လည်း သူ့ သဘော သူ ဆောင် သွားတာပဲ မဟုတ် လား ၊ ဒါကြောင့် မင်း ကို ပြောတာ ၊ ခေါင်းအေးအေး စဉ်းစားပါလို့ ”
အမယ် ... အရေးထဲ သူ က ဝင်ပြီး အမှတ် ယူ နေလိုက်သေးတယ် ။
“ ဟေ့ ... ဖိုးသားလေး ၊ မင်း က ကော ဘာလုပ်မှာ လဲကွ ၊ ပြောပါဦး ကိုကြီး ကို ”
သားကြီး က သူ့ ပေါင် ပေါ်မှာ ထိုင်နေတဲ့ ဖိုးသား ရဲ့ ခေါင်း ကို ပွတ်သပ်ပြီး
ချစ်စနိုး ကျီစယ် လိုက်တော့ ဖိုးသား က သူ့ အစ်ကို ပေါင်ပေါ်က ဆတ် ဆို ထပြီး အခန်း ထဲ ပြေးဝင် သွားတယ် ။ ပြန် ထွက်လာတော့ သူ့ လက် ထဲ မှာ မြေစုဘူး တစ်လုံး ၊ ဘယ်သူမှ လှမ်း မတားနိုင်ခင် ကြမ်းပြင် မှာ ခွပ်ခနဲ ထုခွဲ လိုက်တော့ အထဲ က ကျပ်စေ့တွေ ၊ ကျပ်တန်တွေ ဖွေးခနဲ ထွက်လာတယ် ။ လေးငါးရာ လောက် ရှိမယ် ထင်ရတဲ့ သူ့ ပိုက်ဆံ အကြွေတွေ ကို ကြည့်ပြီး သူ့ အစ်ကိုကြီး က ...
“ ဟ ဘာလုပ်တာလဲ ဖိုးသား ရ ၊ အဲဒါ အိမ်စပေါ် တင်ဖို့ လား ၊ မုန့်ဟင်းခါး ရောင်းဖို့ လား ပြောစမ်းပါဦး ” ဆိုတော့ ခေါင်း ကို ခါယမ်းပြီး စိတ် မကောင်းတဲ့ ပုံနဲ့ ...
“ မဟုတ်ဘူး ၊ ဘာလုပ်ဖို့ မှ မဟုတ်ဘူး ၊ မိသားစုမုန့်ပုံး ဝယ် စားမလို့ မေမေတို့ မှာ ပိုက်ဆံ မရှိဘူး ဆိုတော့ သား ပိုက်ဆံနဲ့ ပဲ သား ဝယ်စားတော့မယ် ၊ မေမေ သွား ဝယ်မယ်နော် ၊ အမှန်မှာ ဆို သား အဲဒါတွေ ကို စက်ဘီး ဝယ်ဖို့ စု ထားတာ ”
“ အို ”
လူကြီးလေး တစ်ယောက် လို စကားကြီး စကားကျယ် ပြောပြီး ကလေးပီပီ ရွတ်နိုင်လွန်းတဲ့ ဖိုးသား ကို ကျွန်မ မဆူရသေးခင် သူ့ အဖေ က ...
“ ဝယ်ပေးလိုက်ပါကွာ ၊ ဒီကောင် ဒီလောက် အစွဲအလမ်း ကြီးနေတာ ”
ငွေစက္ကူလေးတွေ ဝိုင်း ဖြန့်နေတဲ့ ကျွန်မ ကို ...
“ မီးဖိုချောင် ထဲ က ပုံမျိုးနော် မေမေ ၊ အဲဒီ အထဲမှာ အပြင်က ပုံး ထဲက မုန့်လှလှလေးတွေ မျိုးစုံ ပါတယ် ဆို ၊ သား အားရပါးရ စားပစ်မှာ ၊ မေမေတို့ လည်း စားနော် ၊ ကိုကြီး ရော ၊ မမတို့ ရော အကုန်လုံး ကို ကျွေးမယ်နော် ၊ မေမေ သွားဝယ်နော် ၊ အိမ် က နေ ငြိမ်ငြိမ်လေး ထိုင် စောင့်နေမယ် ”
••••• ••••• •••••
ဖိုးသား ပိုက်ဆံကလေးတွေ လက်ကိုင်ပဝါ နဲ့ စု ထုပ်ပြီး ကျွန်မ ဆိုင် ထဲ ဝင်ခဲ့တယ် ။
“ မုန့်ပုံး တစ်ပုံးလောက် လိုချင်လို့ ညီမရေ ”
မျက်မှန်းတန်းပြီး ရင်းနှီး နေတဲ့ ဆိုင်ရှင် ကောင်မလေး က ကျွန်မ ကို ပြုံးပြုံးရွှင်ရွှင် ရယ်ပြပြီး ...
“ ဘာလုပ်ဖို့ လဲ အစ်မ ၊ လက်ဆောင် ပေးဖို့ လား ၊ လက်ဆောင် ပေးဖို့ ဆိုရင်တော့ ဒါလေးတွေ ကောင်းတယ် လှလည်း လှတယ် ”
ရွှေရောင်လက်ကိုင်ကြိုး တပ်ထားတဲ့ မုန့်ပုံးရှည်ရှည်ကလေး တစ်ခုကို ညွှန်ပြပြီး
“ ဈေး ကတော့ ငါးရာ နီးပါး ရှိတယ် ၊ ဒီထက် သေးသေး လိုချင်ရင်တော့ အာစီနယ်လေးတွေ လည်း ကောင်းတယ် ၊ ကန်တော့ဖို့ ဆိုရင်တော့ ဖျော်ရည် မျိုးစုံလည်း ၊ အစ်မ ဘာလုပ်မှာ လဲ ”
“ စားဖို့ ပါ ၊ အဲ ... ဘုရား ဆွမ်းတော်ကပ် ၊ ကလေးတွေ လည်း စားရအောင် အစ်မ လိုချင်တာ တော့ ( ပ် ) ခြိုက် လေးထောင့်ပုံး ပါကွယ် ”
ငွေအကြွေထုပ် ကို လက် နဲ့ ကျစ်ကျစ် ဆုပ်ထားသော ကျွန်မ ကို ကောင်မလေး က တစ်က္ကန့်ထက် မနည်း စိုက်ကြည့် နေရင်း ပြီးမှ ...
“ တော့ ( ပ် ) ချိုက် ကုန် နေလို့ ခုမှ ဈေး သွားတုန်း အစ်မရဲ့ ၊ အတော်လေး ကြာမှ ရောက်မယ် ၊ တခြား မုန့် မကြိုက်ဘူးလားဟင် ”
“ ရပါတယ်ကွယ် ၊ တော်ကြာမှ ပဲ အစ်မ တစ်ခေါက် လာပါ့မယ် ၊ အိမ် က လည်း ဝေးတာမှ မဟုတ်တာ ”
ကျွန်မ ပြန် လှည့်လာတော့မယ့် ဆဲဆဲ ...
“ ဟာ ... အစ်မ ခဏလေး ၊ သူ့ ဆီမှာ ပါလာ မလား မသိဘူး ၊ အဲဒါ ကျွန်မတို့ ဆီ မုန့် လာသွင်းတာ ”
ခေါင်းတုံးဆံပင် တိုနံ့နံ့ ၊ အဝတ်အစား နွမ်းနွမ်း နဲ့ ဝဝပုပု ကောင်မလေး တစ်ယောက် ၊ လက်ဆွဲခြင်း တစ်လုံး နဲ့ ဆိုင် ထဲ ဝင်လာတယ် ။
“ မုန့်ပါလား မိသီး ”
ဆိုင်ရှင် ကောင်မလေး က လှမ်း မေးလိုက်တော့ ...
“ ပါပါ့တော် ၊ ဖေဖေကြီး က ဒီ မုန့်ပုံးကြီးကို ခွေးသွား ကျွေးပစ် ခိုင်းတာ မေမေကြီး က အတင်း ဆွဲလုထားလို့ ”
အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ စကားလုံး ပဲ ။
“ ဘာဖြစ်လို့ လဲ မိသီး ရယ် ၊ ဘယ်သူ ကန်တော့တာမို့လဲ ”
“ သိပေါင်တော် ၊ သူဌေး တော့ သူဌေးပဲ ၊ သောင်းအေး ဆိုလား ၊ သောင်းဌေး ဆိုလား အဲဒီလို ကားမျိုးကြီး နဲ့ လာပြီးမှ ဒီ မုန့်ပုံးလေး တစ်ပုံး တည်း ပေးသွားလို့ ဖေဖေကြီး ဒေါတွေ ကန်နေတာ ၊ ဟောဒါကြီးပေါ့ ၊ သူ ပေးသွားတာ ”
မိသီး ဆိုတဲ့ ကောင်မလေး က ကျွန်မ လိုချင်နေတဲ့ မုန့်ပုံး ကို အရင် ဆွဲပြီး ကောင်တာပေါ် တင်ပေးရင်းနဲ့ ...
“ ဖေဖေကြီး လုပ် ပေးလိုက်လို့ သူ သိန်းငါးဆယ် လောက် ပွသွားတာတဲ့ ၊ အဲဒါကြောင့် ဖေဖေကြီး က အကြီးအကျယ် ဒေါကန် နေတာပေါ့ ၊ ရော့ ... ဒါတွေက အရင် နေ့က လာထားတာတွေ ”
ပါးစပ် က လည်း ပြော ၊ လက် က လည်း အကောင်းစား မုန့်ပုံးတွေ တစ်ခု ပြီး တစ်ခု ဆွဲထုတ်ပေး နေတယ် ။ ဘောက်ချာ ဖွင့် ၊ ငွေ ချေပြီး မိသီး ပြန် သွားတော့မှ ...
“ အစ်မ ကံကောင်းတာပဲ ၊ အဲဒါ တော်တော် အရာရောက်တဲ့ လူကြီး ရဲ့ အိမ် က အစ်မ ရဲ့ ၊ ခပ်ကြီးကြီး ထဲ ကပဲ ၊ ဒါမျိုးတွေ က သူ့ အိမ် မှာ စားမကုန် ၊ သောက်မကုန် လို့ ဒီ ဆိုင်မှာ လာလာ ပြန် သွင်းရတာသာ ကြည့်တော့ ၊ ဒီ မုန့်ပုံး ကို အစ်မ ယူ လိုက်လေ ၊ ဘောက်ချာ ထဲ က အတိုင်းပဲ ပေးပါ ၊ အနည်းဆုံး အစ်မ ငါးဆယ် တော့ သက်သာတယ် ။ ဒီပြင်လူ ဆို ကျွန်မ ပေါက်ဈေး နဲ့ ပဲ ပြန် ရောင်းမှာ ၊ အစ်မ မို့လို့ ... ”
ဘယ်ပုဂ္ဂိုလ် ဘယ်လို အရာရောက်တာလဲ ၊ ဘယ်လောက် အကောင်ကြီး သလဲ ဆိုတာကို ကျွန်မ စိတ် မဝင်စားနိုင် ။ လောလောဆယ် ငါးဆယ် သက်သာသွားတာကိုပဲ ကျွန်မ ကျေနပ်၍ မဆုံး ။
အဲဒီ အချိ န်မှာပဲ ဆိုင်ရှေ့ ကို မီးခိုးရောင်ကားလေး တစ်စီး ထိုးဆိုက်ပြီး တောက်တောက် ပြောင်ပြောင် အမျိုးသမီး တစ်ယောက် မျက်ရည်စက်လက် နဲ့ ဖိုးသား တို့ အရွယ် ကလေး တစ်ယောက် ကို လက် ဆွဲပြီး ဝင်လာတယ် ။ သူ့ ဖောက်သည် ဖြစ်ပုံရတဲ့ သားအမိ ကို ဆိုင်ရှင် ကောင်မလေး က ...
“ မမနီ တို့ သားအမိ ပါလား ၊ မီးမီး က လည်း ငိုထားတယ် ထင်တယ် ”
“ ဟုတ်တယ် ညီမရေ ၊ အိမ် မှာ သူ့ မုန့် ကုန် နေလို့ ငိုကာ ရယ်ကာ ဖြစ်နေတာလေ ”
“ ဟာ မီးမီး ကြိုက်တဲ့ မုန့်က ဒီမှာ လည်း ကုန်နေတယ် ၊ ခုမှ ဈေး သွားတုံး ၊ နောက်ပြီးမှ လှည့်ဝင်ခဲ့ပါလား မမနီ ရယ် ”
“ နေပါစေတော့ကွယ် ၊ ဒါဆိုလည်း တခြား က ပဲ ဝင် ဝယ်သွားတော့မယ် ၊ စားရတဲ့ ကလေးများ ငတ်ကို ငတ်ပါတယ်ကွယ် ၊ မမ လည်း ရိုက်တာပဲ ၊ ဖအေ က အလိုလိုက် လွန်းတယ် ၊ သူ ပဲ ဖျက်ဆီး နေတာ ၊ အခုလည်း အတင်းပဲ သွား ဝယ်ပေး လိုက်ပါ ဆိုပြီး လွှတ်နေလို့ ”
ဆံပင် ရှည်ရှည် ၊ မျက်နှာ ဝိုင်းဝိုင်း ၊ မျက်လုံး ပြူးပြူး ၊ ဂါဝန် ကားကားလေး နှင့်
ကလေးငယ် က အတော်လေး ချစ်စရာ ကောင်းတယ် ။ သူ့ ကို ဒီ မုန့်ပုံး ပေးလိုက်ပြီး ဖိုးသား အတွက် ပြီးမှ ပဲ ယူလိုက် ရင် ကောင်းမလားလို့ တောင် တွေးလိုက်မိ သေးတယ် ။ အဲဒီ အတွေး ကို ကိုယ် တောင် မပြောရသေးဘူး ။ ဆိုင်ရှင်ကောင်မလေး က ...
“ ဒါဆို ဒီလို လုပ်ပါလားဟင် ၊ အစ်မ မုန့်ပုံး ပဲ ခဏ ပြန် ပေးပါလား ၊ ဈေးက လာရင် ညီမ အစား ပြန် ပေးပါ့မယ် ၊ ပိုက်ဆံ လည်း ထပ်မယူပါဘူး ၊ ဒီ မမ ကလည်း ဖောက်သည် ဖြစ်နေလို့ ပါ ” ဆိုတော့ ကျွန်မ ရှောရှောရှူရှူပဲ ပြန် ပေးလိုက်တယ် ။ အတော် ဒေါသ ထွက်နေပုံရတဲ့ ကလေး အမေ က ကျွန်မ ကို ငဲ့ ကြည့်ပြီးတောင် အသိအမှတ် မပြုဘဲ ချက်ချင်း ငွေချေပြီး ..
“ လာလာ ၊ ဒီလောက် ငတ်ကြီးကျလှတဲ့ ကောင်မ ၊ နင့် ကို မုန့်ကျွေးပြီး သ,တ်မယ် ၊ ဒီမှာ တင် ထိုင်စား ၊ တစ်ပုံးလုံး ကုန်အောင် စားစမ်း ၊ မစားနိုင်လို့ ကတော့ သေဖို့ သာပြင် ”
ဘယ့်နှယ် မိန်းမ ပါ လိမ့်နော် ။ ရုပ်ကလေး သနားကမား နဲ့ ဒါလောက် ဒေါသ ကြီးရသလားလို့ ကျွန်မ တွေးလိုက်မိပေမဲ့ ဆိုင်ရှင် ကောင်မလေး က တော့ နောက်ထပ် ရောက် လာတဲ့ ဝယ်သူ တစ်ယောက် ကြောင့် အလုပ်နည်းနည်း ရှုပ်သွားတယ် ။
ကျွန်မ က တော့ ဆိုင် ထဲ က ရုတ်တရက် မထွက်ဖြစ်သေးဘဲ သားအမိ နှစ်ယောက် နဲ့ မုန့်ပုံး တစ်ပုံး ရဲ့ အဖြစ်သနစ် ကို ငေးမော နေမိသေးတယ် ။
“ ရော့ ... ယူ ... စား ... စား ... စားလေ ၊ ဘာ ငိုမဲ့မဲ့ လုပ်နေတာလဲ ၊ ရော့ ဒီမှာ ဘယ်ဘက် က ကိုင်ထား ၊ ဒါက ညာဘက် က ကိုင်စား ၊ အားရပါးရ စား ၊ မစားနိုင်ရင် ရိုက်မယ် ၊ စားစမ်း ၊ ဒီလောက် ပူဆာတာ ၊ နောက်ကို ပူဆာဦး ”
“ ရော့ .... ဒီမှာ ၊ ထပ်ယူ ... ယူ ၊ ဟင် .. ဟင် ... ဟာ .. လာ .. လာ ... အိမ်ကျမှ ဆက်စား ၊ မြန်မြန်လာ ”
အို .. ကျွန်မ ရုတ်တရက် မှင်တက်မိ သွားတယ် ။
မြန်ဆန် လိုက်တာ ။ အဖြစ်အပျက် က မြန်ဆန် လိုက်တာ ။ သွေးရူးသွေးတန်း နဲ့ မုန့်ပုံး ကို ပြန်ပိတ် ၊ ကလေး ကို ဒရောသောပါး နဲ့ ချိုင်းကနေ ဆွဲမပြီး ကားပေါ် တက် မောင်းထွက် သွားတဲ့ မိန်းမ ဟာ အဲဒီ မုန့်ပုံးရဲ့ တန်ဖိုး ထက် အဆများစွာ တန် နေတဲ့ မုန့်ပုံး ကို ကတုန်ကယင် နဲ့ မြဲမြဲကြီး ပိုက် သွား တာ ကျွန်မ မျက်စိ ထဲ က မထွက်တော့ဘူး ။
ကိုယ့် ကိုယ် ကိုယ် ကျိန်ဆဲ နေမိတဲ့ ကျွန်မ ဟာ ကလေးတွေ အဖေ ရဲ့ “ ကုသိုလ်ကံပေါ့ကွာ ” ဆိုတဲ့ စကား တစ်ခွန်း နဲ့ မကျေနပ်နိုင်ဘူး ။ ကျွန်မ သာ မဆိုသလောက် မြန်ဆန် သွက်လက်ခဲ့မယ် ဆိုရင် အခြေအနေ ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်တယ် ။
ဒါပေမဲ့ ခုတော့ အားလုံး ပြီးခဲ့ပြီ ။
အစား ပြန်ရတဲ့ မုန့်ပုံး ကို ဖွင့်ပြီး စားပွဲ ပေါ် သွန်ချဖြစ်အောင် ရူးသွပ်ခဲ့သော ကျွန်မ ...
ဖိုးသားလေး အဖေ က မျက်ရည်တွေတွေ ကျနေသော ကျွန်မ ကို နှစ်သိမ့် လိုက်တဲ့ သူ့ စကား တစ်ခွန်း ဟာ ကျွန်မ ရင် ကို ပို နာသွားစေတယ် ။
သူ ကပဲ အပြော မတတ်တာလား ၊ ကျွန်မ က ပဲ သဘောထား မမှန်တာလား တော့ မသိဘူး ။ နား ထဲ ကို ဝင်လာတာကတော့ ကန့်လန့်ကြီး ပဲ ။
သူ ပြောတဲ့ စကား ကို လည်း ကြည့်ပါဦး ...
“ တို့ ဘ ဝက တော့ ဆင် နင်းတဲ့ ဆန်ကော လို ပါပဲကွာ ၊ ဒီထက် လည်း ပြားစရာ မရှိတော့ပါဘူး ” တဲ့ ။
“ အဲဒီ ဆင်က ကျုပ်တို့ နဲ့ ဘယ်လို ရေစက် ပါခဲ့သလဲမှ မသိတာ ” လို့ သာ ပြန် ပြောလိုက် ချင်တယ် ။
ဘာတွေ ပြော နေနေ ၊ ဘယ်လိုပဲ တရားချချ ၊ မျက်စိ ထဲ က ဖျောက် မရတာက မုန့်ပုံး ကို ကတုန်ကယင်ကြီး ပိုက် သွားတဲ့ မိန်းမ ရယ် ၊ မုန့်ပုံး ကို အလျင်စလို မဖုံးခင် လှမ်း မြင်လိုက်ရတဲ့ အညိုရောင် ဂဏန်း သုံးလုံး ပါတဲ့ စက္ကူတွေ ရယ် ၊ ဟုတ်တယ် ၊ စိတ်မခိုင်ရင် ရူးသွား နိုင်တယ် ။
သန်းမြင့်အောင်
ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment