အားလုံး အံ့အားသင့် ကြောင်ငေးပြီး ထူးနိုင် ကို ကြည့်သည် ။ အတန်ကြာမှ သိန်းစိုး က
“ ဟင် ဒါဆို မင်း တစ်ရက်တည်း နှစ်ယောက် နဲ့ ချိန်းတွေ့ နေတယ်ပေါ့လေ ၊ ဟုတ်လား ”
ထူးနိုင် က ပြုံးရင်း
“ တစ်ရက် မဟုတ်ဘူး ၊ တစ်မနက် နှစ်ယောက် ”
သူ့ စကား ကို မိုးမောင် က
“ ဒါဖြင့် သူတို့ နှစ်ယောက် ထဲ က တစ်ယောက် က စည်း ဖောက်ပြီး ကျော် လာတာမျိုး ဆိုရင်ရော ၊ ဥပမာ ဘယ်သူတဲ့ ၊ အဲ မြရီနွယ် က လက်ဖက်ရည်ဆိုင် လိုက်မယ် ဆိုတာမျိုး ၊ ဒါမှမဟုတ် သူဇာချို က မင်း နဲ့ အတူ လိုက်ပြေးမယ် ဆိုတာမျိုးပေါ့ ”
ထူးနိုင် က ခပ်တည်တည် နှင့် ခါး ထောက်ပြီး
“ ထူးခြားတာ က သူတို့ နှစ်ယောက် က အမူအကျင့် လုံးဝ မတူတာဘဲ ၊ မြရီနွယ် က ကျန်းမာရေး ကို အပြင် မှာ လုပ်တာ ကြိုက်တယ် ၊ သူဇာချို က အိမ် မှာ ပဲ ကျန်းမာရေး လုပ်ရတာ ကြိုက်တယ် ၊ အဲ မြရီနွယ် က ကျန်းမာရေး လုပ်ပြီး မနက်စာ ကို အိမ်မှာ စားရတာ ကြိုက်ပေမယ့် သူဇာချို က အပြင်မှာ စားရတာ ကြိုက် ပြန်ရော ၊ ဒါကြောင့် သူတို့ နှစ်ယောက် က ဘယ်လိုနည်း နဲ့ မှ မဆုံနိုင်ဘူး ၊ ဆိုပါတော့ ၊ အချိန်ဇယား မတူသလိုမျိုးပေါ့ ကွာ ”
ထူးနိုင် ၏ ရှည်လျားသော စကား ကို နံဘေး နား က ငြိမ်နေသော အောင်သက် က
“ ဒါဖြင့်လဲ သူတို့ နှစ်ယောက် က အချိန်ဇယား ချပြီး မင်း ကို ပေါင်းကြံတာ ရော မဖြစ်နိုင်ဘူးလား ၊ ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲ က လိုလေ ”
အားလုံး စိတ်ဝင်စား သွားကြသည် ။
“ အေး ဟုတ်တယ် ၊ ဒါ ဖြစ်နိုင်တယ် ၊ နှစ်ယောက် ပေါင်းပြီး လက်စား ချေတာမျိုးပေါ့ ”
ထူးနိုင် ခြေလှမ်း ရပ်တန့် သွားသည် ။ ထို စကား က သူ့ အတွက် စဉ်းစားစရာ ဖြစ်သွားပုံ ရ၏ ။ အတန်ကြာ မှ
“ မဖြစ်နိုင်ဘူး ”
“ ဘာလို့ လဲ ”
အောင်သက် က ဝင် ထောက်သည် ။
“ ဘာလို့ လဲ ဆိုတော့ သူတို့ နဲ့ ငါ ဘာ ရန်ငြိုးရန်စ မှ မရှိတာ ၊ အခုမှ တွေ့ဖူးတာလေ ”
သူ့ စကား ကို မိုးမောင် ခေါင်းညိတ်သည် ။
“ ဒါလဲ ဟုတ်တာပဲ ၊ အဲ တစ်ခု ရှိတာက သူတို့ နဲ့ ရန်ငြိုးရန်စ မရှိရင် လဲ အရင်က တခြား တစ်ယောက် နဲ့ ရှိခဲ့တာမျိုးရော ”
ထူးနိုင် တွေခနဲ ဖြစ်သွား၏ ။ ပြီးမှ
“ ဒါလဲ မဖြစ်နိုင်ဘူး ၊ ငါ က ဘယ်သူ နဲ့ ရန်ငြိုးရန်စ ရှိရမှာ လဲ ”
“ ဆိုပါတော့ကွာ ၊ မင်း အရင် က ထားခဲ့တဲ့ ရည်းစားတွေ ပေါ့ ၊ သင်းသင်းလှိုင် တို့ မိုးပွင့် တို့ ပေါ့ ”
ထူးနိုင် မျက်မှောင်ကြုတ် ၍ စဉ်းစားပြန်သည် ။ အတန်ကြာ မှ
“ ဒါလဲ မဖြစ်နိုင်ဘူး ၊ သင်းသင်းလှိုင် က ငါ့ ကို အရင် ဖြတ်သွားတာ ၊ နောက်ပြီး မိုးပွင့် ဆိုတာ ကလဲ သူ့ ဘာသာ သူ ဘာမပြော ညာမပြောနဲ့ လင် ယူသွားတာလေ ”
ဟုတ်ပါသည် ။ ယခင် က ထူးနိုင် ထားခဲ့သော ရည်းစားများ မှာ ထူးနိုင် ဖြတ်ရတယ်ကို မရှိ ။ ထူးနိုင် သောက်ကျင့် သိသည် နှင့် သူ့ အလိုလို ပြတ် သွား ကြတာချည်းသာ ။
မဖြတ် ခံနိုင်ရိုးလား ။ ထူးနိုင် မှာ ရုပ်ရည် သာ ရှိသော်ငြား လူ က ဘာမှ အဖြစ်ရှိလှတာ မဟုတ် ။ ဉာဏ်ရည် အနေနှင့် ဆိုလဲ ငတုံး ငပျော့ ။ သင်ခဲ့ဖူး သောစာတွေ တောင် တစ်လုံး မှ မမှတ်မိလောက် အောင် ညံ့ ရှာသူ ။ အလုပ်အကိုင် အနေနှင့် ကလဲ ငပျင်း မို့ ဘာ အလုပ် မှ မဖြစ် ။ ဒါ ကို နည်းပါးသော မိဘလုပ်စာ နှင့် ခပ်တည်တည် ထိုင်စား နေသူ ။ တကယ့် ငတုံးပျော့ အစစ် ။
ဒါကို မိုးမောင် က
“ ဒါဆိုလဲ မင်း နဲ့ ရန်စ မရှိပေမယ့် မင်း မိဘတွေ နဲ့ ရန်ကြွေး ရှိရင်ရော ”
ထူးနိုင် ခေါင်းခါသည် ။
“ တစ်ဆွေလုံး တစ်မျိုးလုံး ရန်ကုန် ရောက်ဖူးတာ ငါ ပဲ ရှိတာကို ”
“ ဒါလဲ ဟုတ်သား ”
ထူးနိုင် တို့ တစ်ဆွေလုံး တစ်မျိုးလုံး က နယ် မှာ သာ ။ ထူးနိုင် တစ်ယောက် သာ ထူး ပြီး မြို့ ရောက် နေတာလေ ။
ဒါကို သိပ် မဆင်းရဲသော မိဘနှစ်ပါး က ရန်ကုန်မြို့ ပေါ် နှစ်ထပ်အိမ် ပျဉ်ထောင်အိမ်ကလေး တစ်လုံး ဝယ်ထားပေးခြင်း ဖြစ်၏ ။
ထူးနိုင် ကတော့ လက်ကြော တင်း မှာ စိုး၍ ဘာ အလုပ်မှ မလုပ် ။ ဆွေရိပ်မျိုးရိပ်သန်းရုံ လူများ ကို အိမ်ပေါ် တင် ထားပြီး အိမ်လခ ယူသည် ။ သူ တို့ ချက် ကျွေးတာ စားသည် ။ ပြီးလျှင် ပြန် မောင်းချသည် ။ ဤမျှနှင့် လည်ပတ်နေခြင်း ဖြစ်၏ ။ အမှန်တော့ သူ့ ကိုယ်ပိုင် အဖြစ်ရှိတာ ဘာမှ မရှိ ။
“ မင်း ဟာ က စဉ်းတော့ စဉ်းစားစရာကြီးကွနော် ”
မိုးမောင် စကား ကို ထူးနိုင် က ပြုံးပြီး
“ မင်းတို့ စဉ်းစား ၊ ငါ တော့ မစဉ်းစားဘူး ၊ ကြုံရင် ကြုံသလို ရှေ့ဆက် မယ် ၊ တစ်ချိန်မှာ ငါ့ရုပ် ငါ့ရည် နဲ့ သူဌေးသားမက် ဖြစ်ရမယ် ၊ ဒါပဲ ”
အားလုံး ပါးစပ် အဟောင်းသား နှင့် ထူးနိုင် ကို ကြည့်ကြသည် ။ သူ့ ရုပ် နှင့် သူ့ ရည်မှန်းချက် က တော့ ကွက်တိပင် ။ အရည်အချင်း သာ သိပါက ခွေးပင် သားမက် တော်ချင်မည် မဟုတ် ။
“ ဟဲ့ တို့ က ဘိုခွေးမျိုး ၊ သွားစမ်းပါ တခြားကို ”
••••• ••••• •••••
တစ်နေ့ခင်းလုံး အားယား နေသော ထူးနိုင် အိပ်ရာ ခုတင် ပေါ် ခြေပစ် လက်ပစ် လှဲနေသည် ။
ဘယ်သူ့ ဆီ ဆက်သွယ်ရ မှန်းလဲ မသိ ။ ခုနက သူငယ်ချင်းများ နှင့် လမ်းခွဲ လာပြီမို့ သွားစရာ လာစရာ မရှိဘဲ ယောင်ချာချာ ဖြစ်နေသည် ။
နောက်မှ သတိရ ပြီး ဖုန်းနံပါတ် ပူပူနွေးနွေး ရှိနေသော မြရီနွယ် နှင့် သူဇာချို တို့ ဆီ ဆက်ရင် ကောင်းမလား ဟု စဉ်းစားမိသည် ။
“ ဖုန်းဆက် ပြီးတော့ရော ဘာပြောရမလဲ ”
ဖုန်း ကို လက် ထဲ ကိုင်ပြီး ဇဝေဇဝါ ဖြစ်နေသည် ။
“ တော်ကြာ အတင်း လိုက် လုံးနေတယ် ထင်မှ ဖြင့် ”
စဉ်းစားမိပြီး သက်ပြင်း ချ မိသည် ။ အခြေအနေ က ဘာမှန်း မသိသေး ဘဲ စွတ်စက် တင်၍ ဖြစ်မည် မဟုတ် ။
“ ဒါဆို ဘယ်လို လုပ်ရင် ကောင်းမလဲ ”
သူ စဉ်းစား နေတုန်းမှာ ပင်
“ တီ တီတီ တီတီတီ ”
တယ်လီဖုန်း မက်ဆေ့ချ် ဝင်သံ ။
“ ဘယ်သူများ ပါလိမ့် ”
သူ တယ်လီဖုန်း ကို ဖွင့်လိုက်သည် ။
“ ဟာ ”
သူ့ ရင်ထဲ လှိုက်ခနဲ ။
ပူပူနွေးနွေး နံပါတ် ရထားသော မြရီနွယ် ထံ မှ မက်ဆေ့ချ် ။
သူ ကမန်းကတန်း ဖွင့် ဖတ်လိုက်သည် ။
“ နေကောင်းလား ”
စာ က မြန်မာ လို ရေး ထားသော စာတိုလေး ဖြစ်သည် ။
သူ မက်ဆေ့ချ် ပြန် ပို့ရန် ပြင်သည် ။ သို့သော် တယ်လီဖုန်း တွင် ပါသော မြန်မာ Font များ ကို သူ လျင်လျင်မြန်မြန် မရိုက်တတ် ။ အင်္ဂလိပ် လို ကျပြန်တော့လဲ စာလုံးပေါင်းများ သူ မေ့တေ့ တေ့ ဖြစ်နေပြီ ။
Yes နှင့် No နှစ်လုံး လောက် သာ သူ ကောင်းကောင်း မှတ်မိတော့၏ ။ ထို နှစ်လုံး သာ တွင်တွင် သုံးပါက သူ့ ကို အထင်သေး သွားနိုင်သည် ။
ဘယ်လို လုပ်ရမှန်း လဲ မသိ ။ ဖုန်း ကို ဟိုကလိ ဒီကလိ လုပ်ရင်း
“ ဟာ ”
လက် က ချော်ပြီး ထို စာတန်း ကို သူဇာချို ဆီ ပို့မိလျက်သား ဖြစ်သွား၏ ။
ပျာပျာသလဲ နှင့် သူ လိုက်ဖျက် ကြည့်သေး၏ ။
သို့သော် မမီတော့ ။
သူ ခေါင်း ကို အုပ်ကိုင်ရင်း
“ သွားပြီ ၊ သွားပြီ ”
ဟု ရေရွတ်နေမိသည် ။ သို့သော်
“ တီတီတီ တီတီတီ ”
“ ဟာ ”
မက်ဆေ့ချ် မြည်သံ ။ သူ ကြောက်လန့်တကြား ဖုန်းမက်ဆေ့ချ် ကို ဖွင့် ကြည့်လိုက်သည် ။
“ ဟင် ”
သူ မျက်လုံး ပြူးသွားသည် ။
သူဇာချို့ ဆီ မှ ပြန်လာသော မက်ဆေ့ ( ချ် ) ။
သူ ဖွင့် ဖတ်လိုက်သည် ။
Yes, I am fine, what can I help u?
မက်ဆေ့ချ် ပြန် ဝင်လာတော့ ထူးနိုင် ပျော်သွား၏ ။
အားလုံး အင်္ဂလိပ် လို ချည်း ရေးထားသည် ။ မက်ဆေ့ချ် ကို ကြည့်ရင်း
“ ဟာ ဟုတ်ပြီ ”
အတွေး ပေါက် ကာ သူဇာချို ဆီ မှ ရောက် လာသော အင်္ဂလိပ်စာများ ကို မြရီနွယ် နာမည် ပြောင်း တပ်၍ ခပ်တည်တည် နှင့် မြရီနွယ် ဆီ ပို့လိုက် သည် ။ သိပ် မကြာပါ ။
“ တီတီတီ တီတီတီ ”
မြရီနွယ် ထံ မှ မက်ဆေ့ချ် ပြန် ဝင်လာသည် ။ မြန်မာ လို ဖြစ်သည် ။
“ မနက်ဖြန် အားလား ၊ ပလာဇာ သွားစရာ ရှိလို့ အဖော် မရှိလို့ ပါ ”
ထူးနိုင် စဉ်းစား မနေဘဲ ထို မက်ဆေ့ချ်ကိုပင် သူဇာချို ဆီ ပြန်ပို့လိုက်သည် ။
သိပ် မကြာပါ ။ သူဇာချို့ ဆီ မှ အင်္ဂလိပ် လို မက်ဆေ့ချ် တစ်စောင် ပြန်ဝ င်လာ၏ ။
“ Yes, I also have to go plaza tomorrow, what time will u go? ”
ထို မက်ဆေ့ချ် ကိုပင် ဖလှဲဖလှယ် လုပ်၍ မြရီနွယ် ထံ သို့ ပို့ပြန်သည် ။ ဟိုက မြန်မာ လို ပင်
“ ၁၀:၃၀ ”
သူဇာနွယ် ထံ ပို့ ပြန်သည် ။
“ ၁၀:၃၀ ”
ဟို က ပြန်ပို့ လာသည် ။
“ OK, we'll meet plaza ”
ထို မက်ဆေ့ ( ချ် ) ပင် တစ်ဖက် သို့ ပြန်ပို့သည် ။
ပြီးနောက် ကိုယ့် ဘာသာ ကိုယ် တွေးပြီး ပျော်နေသည် ။
နောက်ဆုံး တစ်ယောက် တည်း ပျော်ရတာ အားမရ ။ ဟိုကောင် တွေ ကို ကြွားဦး မှ ဟု စဉ်းစားမိပြီး ဖုန်း ခေါ် လိုက်သည် ။
“ ဟဲလို မိုးမောင် လား ၊ မင်းတို့ ဘယ်မှာ လဲ ”
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment