❝ မိတ်ဆွေ နှင့် အနမ်း ❞
( ဝင်းဦး )
တိမ်လှိုင်း ဖြူဖြူ တို့ သည် လွင့်၍ လွင့်၍ ပြေးသွားကြ လေပြီ ... ။
လေယာဉ်အမည် - ချားလ် ( စ ) တော့ (ဒ) ။
ခရီး - ဆစ်ဒနီ မှ ခရစ်စဘိန်း သို့ ။
လက်ရှိပျံသန်းသည့်နေရာ - ကော့ ( ဖ ) ဟာဘာဆိပ်ကမ်း နှင့် မျဉ်းပြိုင်
အချိန် - နေ့လယ် ၁၂ နာရီ ၂၁ မိနစ်
ဆင်းမည့်နေရာ - ကူလန်ဂတ်တား
အချိန် - နေ့လယ် ၁ နာရီ ၅ မိနစ် ။
လေထဲမြန်နှုန်း - တစ်နာရီ မိုင် ၂၆၀ ။ ရှေ့လေ ၊ နောက်လေ မရှိ ။
မြေပေါ် မြန်နှုန်း - တစ်နာရီ မိုင် ၂၆၀ ။
ပင်လယ်ပြင်မှ အမြင့် - ပေ ၁၉၀၀၀ ။
နေ့စွဲ - ၈ . ၁၁ . ၅၉ ။
လေယာဉ်မှူး ဂျီကင်း ။
လက်ဆင့်ကမ်း လာသော တီအေအေ ‘ မိတ်ဆွေ ’ လေယာဉ်ပျံကြီး မှ လေယာဉ် ၏ ပျံသန်းမှု မှတ်တမ်းတိုကလေး ကို ဖတ်လိုက်ပြီး နောက် ကျွန်တော် မှာ လည်ဝ တွင် ဝေ့ လျက် တက်လာသော ပိယေဟိ တို့အား ဖိချလိုက်ရ ရင်း သက်ပြင်း မျှဉ်းမျှဉ်း ချလိုက်ရ ပေသည် ။ မကြည် ကား ကျွန်တော့် ဘေး တွင်ကွေးကွေးကလေး အိပ်ပျော်၍ နေသည် ။ သူ့ လက် တစ်ဖက် မှာ ကျွန်တော့် လက်မောင်း ချိုင်းကြား အောက် မှ သိုင်းဖက် ထားပြီး ကျွန်တော့် လက်ဝါး တစ်ဖက် ကို ဆုပ်ကိုင်၍ ထားသည် ။ လက်ကလေး ၏ နွေးထွေးမှုကြောင့် ကျွန်တော် လည်း လက် ကို မရုပ်ဘဲ ငြိမ်၍ နေမိသည် ။ ထို့ပြင် ကျွန်တော့် လက်မောင်းရင်း တွင် သူ့ ခေါင်း တစ်ခြမ်း မှီထားပြန် သဖြင့် ရွှေဝါရောင် ဆံပင် လိမ်ကောက်ကောက်ကလေးများ ကျွန်တော့် ရင်ထဲ ပျံဝဲလျက် ရှိကြသည် ။ နောက် မိနစ် ၄ဝ လောက် ကြာလျှင် မကြည် နှင့် ကျွန်တော် ခွဲခွာရ ပေတော့မည် ။
ဘဝ ဟူသည် တိုတောင်း လွန်းသည် တကား ။
လေယာဉ် ပြတင်းပေါက် မှ မျှော် ကြည့်သော မိုးကောင်းကင်ပြာကြီး ကို ရှုမဆုံး မြင်ရသည် ။ ဟိုး အောက်ခြေ နား တွင် တိမ်ဂွမ်းကပ်အလွှာကြီး ခင်း၍ ထား၏ ။ လေယာဉ် သည် ပတ်ဝန်းကျင် တိမ်လွှာတို့ အထက် မှ ပျံလေသည် ဖြစ်သောကြောင့် ချမ်းစိမ့်စိမ့် ရှိနေသည် ။ သို့သော် လေယာဉ် အတွင်း ရှိ လေထု ကို ကား ပင်လယ်ပြင် အမြင့်ပေ ၇၀ဝ၀ တွင် ကြုံရသည့် လေထုမျိုး ဖိသွင်း ထားသည် ဟု သိရသည် ။ သို့မှလည်း အသက်ရှူ ဝ ရပေ မည်တည်း ။
အအေးဓာတ် ကဲ နေသော လေယာဉ် အခန်းတွင်း ၌ ကျွန်တော် ၊ မကြည် နှင့် တကွ အခြား ခရီးသည် ၁၅ ယောက် ခန့် ပါသည် ။ ထို အထဲ တွင် ဦးကြီး လည်း အပါအဝင် ဖြစ်သည် ။ ဦးကြီး မှာ ကျွန်တော် နှင့် သြစတြေးလျပြည် သို့ အတူ လာရသူ ဖြစ်ပေသည် ။ သူ့ နာမည် ရင်း ရှိသော်လည်း ကျွန်တော် က ဦးကြီး ဟု သာ ခေါ်တတ်သည် ။
“ ငါ က အသက် လေးဆယ် ကျော်ပြီကွ ၊ မင်း ပဲ ပျော်ပါ ” ဟု အမြဲ ပြောတတ် သဖြင့် အသက် ကြီးပြီ ၊ အိုပြီ ဟု ကိုယ့် ကိုယ် ကို သဘောပိုက်သော သူ အား ကျွန်တော် က ချစ်စနိုးဖြင့် ဦးကြီး ဟု ခေါ်ခြင်း ဖြစ်သည် ။ ဦးကြီး ကမူ ကိုယ်ခန္ဓာ တုတ်ခိုင်ခိုင် ၊ ခေါင်းကြီးကြီး ၊ မျက်လုံးပြူးပြူး နှင့် မို့ သူ့ ကိုယ် သူ “ ကျွန်တော် မျိုးကြီး ကြယ်နီ ” ဟူ၍ လည်း ကင်ပွန်းတပ်လေ့ ရှိပေသေးသည် ။
အမှန် မှာ လက်မှတ်နံပါတ် အစဉ် အရ ဆိုလျှင် လေယာဉ် စီး ရာ၌ ဦးကြီး နှင့် ကျွန်တော် ယှဉ်တွဲ ထိုင်ရမည် ဖြစ်သော်လည်း မကြည် တစ်ယောက် မမျှော်လင့်ဘဲ ပါလာ သဖြင့် “ လူကြီး ဆိုတာ လူငယ် ကို နေရာ ပေးရတယ် ။ အလွမ်း သယ်ကြဦးကွာ ၊ ဟေး ... ဟေး ... ဟေး ” ဟု ရယ် ပြောပြီး မကြည် နှင့် နေရာချင်း လဲထိုင် ပေး သဖြင့် ခရီး တစ်လျှောက်၌ ချစ်သူ နှစ်ယောက် ပူးပူးကပ်ကပ် ထိုင်လာ နိုင်ကြခြင်း ဖြစ်လေသည် ။
ချစ်သူ နှစ်ယောက် ဟု ကျွန်တော် ဘာကြောင့်များ ပြောမိလေသလဲ ။
မကြည် နှင့် ကျွန်တော် သည် အကယ်စင်စစ် ချစ်သူများ မဟုတ်ကြပေ ။ အသည်းချင်း ဖလှယ်ပြီး ချစ်ခွင့် ရင်ဝယ်ပိုက် ခဲ့ကြသူများ လည်း မဟုတ်ချေ ။ သို့သော် ကျွန်တော် တို့ ချစ်နေ ကြပေသည် ။ တစ်ယောက် ကို တစ်ယောက် “ ချစ်လိုက်တာ ” ဟု တူပြိုင်ပြိုင် ပြောခဲ့ကြသည် မဟုတ်ပေမဲ့ အိပ်မက် တစ်ခု ဖန်ဆင်း ၍ အိပ်မက်တွင်း ချစ်တမ်းကစားကြသူများ ဟု ဆိုလို က ဆိုလို နိုင်သည် ။ သို့သော် ရေရာမည် မဟုတ်ချေ ။
“ ကိုယ့် လူကလေး ၊ နောက် မိနစ် သုံးဆယ် ကျရင် အသည်း ကွဲဖို့ ကိန်း မြင်တယ် ၊ ဦးကြီး ဗေဒင် ကို မယုံရင် နုတ်စားကြည့် ”
ဦးကြီး က တစ်ထောင့် မှ လှမ်း အော်ပြော လိုက် သဖြင့် -
“ မှန်မှန်လည်း ဟောပါ ဦးကြီး ရ ၊ အသည်း ကွဲရင် ဘရစ်စဘိန်း မှာ အသည်းဆက်တဲ့ဌာနတွေ ရှိတယ်လို့ ကြားတယ် ” ဟု ကျွန်တော် ကလည်း ခပ်တည်တည် ပြန် ပြောရသည် ။ သြစတြေးလျ တစ်နိုင်ငံလုံး တွင် ဘရစ်စဘိန်းမြို့ကြီး သည် သာ “ ညပန်းချီကား ” များဖြင့် အသာယာဆုံး ဟု ပြောကြသည် ကို ကျွန်တော် က ရည်ရွယ်၍ ပြောခြင်း ဖြစ်ရာ ဦးကြီး သည် ကျွန်တော့် ဘက် လှည့်၍ –
“ ဦးကြီး တို့ က အသက် ကြီးပြီပဲ ” ဟု ဆိုကာ မျက်စိ တစ်ဖက် မှိတ်ပြ လိုက်လေသည် ။
ထိုအခိုက် လေယာဉ် သည် ရုတ်တရက် နိမ့်ဆင်း လိုက်သည် ထင်ရ၏ ။ အသည်း ထဲ တွင် အေးခနဲ ဖြစ်၍ သွားသည် တွင် ဘာကြောင့်မှန်း မသိ မကြည် ၏ ရွှေဝါရောင် ဆံပင်ကလေး တွေ စုဝေးရာ ခေါင်းနွဲ့နွဲ့ကလေး ကို ကျန် လက် တစ်ဖက် ဖြင့် အသာ ဖွ ကိုင် လိုက်မိသည် ၌ မကြည် သည် လူးလွန့်မော် ကြည့် ကာ “ အဟင်း ” ဟု တစ်ချက် ပြုံးလိုက်ပြီး ကျွန်တော့် ရင်အုံ ရှိရာ သို့ မွှေးမွှေး တစ်ချက် ပေး လိုက်လေသည် ။
ပြီးမှ “ ကူလန်ဂတ်တား ကို ဘယ်တော့ ရောက်မယ်တဲ့ လဲ ဝင်းနူး ” ဟု ရင်ဘတ် မှ မျက်နှာ မခွာဘဲ မေး လေသည် ။
“ ၁ နာရီ နဲ့ ၅ မိနစ် ”
မကြည် သည် ကျွန်တော့် နာမည် ဝင်းဦး ကို ပီပီသသ ခေါ်တတ်သော်လည်း သူတို့ ဓလေ့အတိုင်း လျှာချော်လဲပြီး ချစ်စရာ “ ဝင်းနူး ” ဟုသာ ခေါ်တတ် သဖြင့် ကျွန်တော့် မှာ လည်း သူ့ နာမည် “ မာဂျီ ကို မြန်မာပြန်၍ “ မကြည် ” ဟု သာ ခေါ်လေ့ရှိ ခဲ့သည် ။
မကြည် က လ ည်း “ မကြည် ” ကို သဘောကျ လေသည် ။ “ ဝင်းနူး ” ကို ကား ကျွန်တော် မကြိုက်ပေ ။ ဝင်းနူး ဟု သူ က ခေါ်လျှင် ကျွန်တော့် မှာ အကယ်ပင် ဝမ်းနူး ၍ သွား ရမလို ဖြစ် သောကြောင့်တည်း ။
“ ဟင် ... ဒီလိုဆို အချိန် ဘာ ကျန်တော့လို့လဲ ဝင်းနူး ရယ် ”
မကြည် ၏ အသံမှာ လွမ်းလွမ်းဆွတ်ဆွတ် ရှိလှသဖြင့် ကျွန်တော့် မှာ တံတွေး တစ်ချက် ကွက်ခနဲ မျို၍ ချလိုက်ရ၏ ။ အရူး ဟု အခေါ် ခံရမည်ကို ကြောက်၍ ကျွန်တော် မလွမ်းရဲ မဆွေးရဲ သော်လည်း တပ်မက်ခြင်း ဟူသည့် တဏှာ သည် အရူးရောဂါ တစ်မျိုး ဟု လူအများ အသိအမှတ် ပြုသည့် အချိန် ဆိုလျှင် မည်မျှ ကောင်းလိမ့်မည်လဲ ။
ဘာလိုလိုနှင့် လေယာဉ် စခန်းထောက် ဖြစ်သော “ ကူလန်ဂတ်တား ” ပင်လယ်ကမ်းခြေ စခန်းမြို့ကလေး တွင် မကြည် ဆင်းနေရစ်ခဲ့ရ တော့မည် ။ ထို့သို့တပြီး နောက်၌ကား မကြည် တစ်ယောက် ကို ကျွန်တော့် ဘဝ တွင်း မှ မေ့ပျောက် ပစ်လိုက် ရတော့မည် ။ မကြည် နှင့် ကျွန်တော် ကား ဘယ်တော့မှ ပြန်တွေ့ ကြရတော့မည် မဟုတ်ပေ ။ ပြန် တွေ့ကြရရန်လည်း မကောင်း ပေ ။ ထို့ကြောင့် ဦးကြီး က “ အသည်း ကွဲကိန်း မြင်တယ် ” ဟု ဗေဒင် ဟောခြင်းဖြစ်သည် ။
ကျွန်တော် သည် မကြည် ၏ ပါးပြင် အား အသာအယာ ငုံ့၍ နမ်း လိုက်သောအခါ –
“ ကျေးဇူးပြုပြီး ... မကြည် ကို တစ်ခါလောက် အသေအချာ နမ်းစမ်းပါဦး ဝင်းနူး ရဲ့ ” ဟု မကြည် က ကျွန်တော့် နားနား ကပ်၍ တိုးတိုးကလေး ပြောသဖြင့် ဦးကြီး ဘက်သို့ မျက်လုံး စွေ ကြည့်ရသည် ။ ဦးကြီး က မမြင်ချင်ယောင် ဆောင် ၍ နေသည် ။
သည်တော့မှ ကျွန်တော် လည်း ကိုယ် ကို တစောင်း လှည့် ပြီး နီထွေးသော မကြည် ၏ နှုတ်ခမ်းအစု ပေါ်တွင် ကျွန်တော့် နှုတ်ခမ်းများ ကို ကပ်၍ နမ်း လိုက်ပါသည် ။
သည်တစ်ခါ အနမ်း ကား အဆုံး မရှိသော အနမ်း မှာ ကြာရှည်လှသဖြင့် မကြည် က ကျွန်တော့် ခေါင်း က ဆံပင်များ ကို ပင် သူ့ လက်များ နှင့် ဖွ ကစားလေသည် ။
“ ဟင်း ... ဟင်း ... သိပ် မကဲကြနဲ့နော် ” ဟု လေယာဉ်မယ် မစ္စစ်တိုနာ က နောက်နား မှ ကပ်၍ ပြောသောကြောင့် သာ ကျွန်တော် တို့ လူချင်း ခွာ လိုက်ပေသည် ။ လေယာဉ်မယ် က ပြုံး ၍ နေသည် ။ ဦးကြီး လည်း အိပ်ပျော်ချင် ယောင် ဆောင် နေပြီး မျက်နှာကြီး က ပြုံးဖြဲဖြဲ ဖြစ်၍ နေသည် ။
တီအေအေ “ မိတ်ဆွေ ( Friendship ) ” အမည်ရှိ လေယာဉ်ကြီး ကား အရှိန် မပျက် ပျံ၍ နေလေ၏ ။
••••• ••••• •••••
“ မန္တလေး ကို လိုက်ကြမလား အစ်ကို ၊ အောင်နိမိတ်တွေ တဘောင်အတိတ်တွေ ဆိုဆို ၊ ရွှေမန်းတောင်တော်ရိပ်ခို ××× တောင်ရိပ်ခို ” ဟူသော လေဘာတီ မမြရင် ၏ စိမ်းရောင်စို သီချင်းဓာတ်ပြား ကို တဂျီဂျီ ဓာတ်စက်သံကြား မှ မြိန်ရေရှက် နားထောင် တတ်သော ကျွန်တော် သည် မန္တလေး ကို မလိုက် ဘဲ ဩစတြေးလျနိုင်ငံ သို့ လိုက်၍ လာရသည်မှာ နှစ်လ မျှ ပင် ရှိ၍ သွားပေပြီ ။
ထို စိမ်းရောင်စို ဓာတ်ပြား ကို ဦးကြီး ထံမှ ပင် ရသဖြင့် ကျွန်တော့် အိမ် မှ ချောင်ထိုး ထားသော ဓာတ်စက်ဟောင်း နှင့် မကြာခဏ ဖွင့်၍ နားထောင် မိသည် ။ မမြရင် ကို မမီလိုက်၍ မကြည့်ဖူး ၊ မမြင်ဖူး လိုက်သော်လည်း မမြရင် ၏ -
“ မန္တလေး ကို လိုက်ကြမလား ××× အစ်ကို ၊ ဂျစ်ဂျစ်ဂျစ် ××× မန္တလေး ကို ××× ဂျစ်ဂျစ်ဂျစ် ” ဟု ခေါ်လိုက်သံ အား ကျွန်တော့် နားတွင် စွဲမိသည် ။
မမြရင် နှယ် မန္တလေး တင် မဟုတ်ဘဲ တခြား တိုင်းပြည် ကို လည်း ခေါ်ဦးမှပေါ့ ဟူ၍ ကျွန်တော် အမြဲ အရူးပြော ပြော လေ့ရှိရာ ယခုတော့ မမြရင် က မခေါ်ဘဲ ဦးကြီး ခေါ်၍ သြစတြေးလျ သို့ ကန့်လန့် ကန့်လန့် ဖြင့် ပါ၍ လာသည် ။ မြစမ်း ရေညို နှင့် မတွေ့ရ သော်လည်း အလှပန်းမေပျို နှင့် တွေ့ရပြီ ။
ထို့ကြောင့်ပင် ရောက်ပြီး တစ်လ မကြာ မကြည် နှင့် အသိအကျွမ်း ဖြစ်သော အခါ “ မင်း က လည်း တယ် လျင်ပါ့ ” ဟု ဦးကြီး က ကောင်းချီးသြဘာ ပေးလေရာ၌ “ ခေါ်ဦးလေ သြစကြေးလျ ကို ” ဟူသော အကြည့်မျိုး နှင့် ပြန် ကြည့်သော အခါ -
“ နှစ်ယောက်တည်း ဆိုရင် မောင်ရယ် ... ဧဝရက်တောင် ထိပ် သွား ××× အဟားဟား ” ဟု ဦးကြီး က မမြရင် ၏ သီချင်း ကိုပဲ နောက်ပြောင် ၍ ဆိုပြတတ်သည် ။
မကြည် နှင့် တွေ့သောအခါ ကျွန်တော် ရွှေကြာပန်း သည် ဝေဖြာလန်းပေ၏ တကား ။
သြစတြေးလျတိုက် ၏ ပြည်နယ် တစ်ခု ဖြစ်သော နယူးဆောက် ( သ ) ဝေး ( လ ) မှ နယူးကာဆယ် ( လ ) မြို့ ကို ပထမဦးစွာ ကျွန်တော် တို့ သွားရောက် နေရပေသည် ။ သက်ဆိုင်ရာ မှ စီစဉ် ပေးချက် အရ အိမ်တစ်လုံး ငှား၍ နေသောအခါ ထုံးစံအတိုင်း အိမ်ရှင် နှင့် သိကျွမ်းခင်မင်၍ သွားသည် ။ အိမ်ရှင် အဘိုးကြီး “ တိုနီ ” သည် ကျွန်တော့် ကို “ ကလေး ” ဟု ခေါ်၍ အလေးပျူငှာ ခင်မင်စွာဖြင့် ဆက်ဆံ လေသည် ။ ထို့ပြင် ကိုရီးယားစစ်ပွဲ တွင် ကျဆုံးသွားသော သူ့ သား နှင့် ပင် တူလှသည် ဟု ဆိုကာ ဓာတ်ပုံ ထုတ် ပြသည် ။
ကမ္ဘာ ပေါ်တွင် “ သူ့ သား နဲ့ တူတယ် ၊ သူ့ အစ်ကို နဲ့ တူတယ် ၊ သူ့ မောင် နဲ့ တူတယ် ” ဟု ပြောတတ်ကြသော သူတွေ ရှိသမျှ ကာလပတ်လုံး လူပျိုချောကလေးတွေ ကံထူးကြရသည် ဖြစ်ရ ကား ကျွန်တော့် မှာ လည်း သူ့ သား နှင့် တူအောင်ပင် ဇွတ်အတု ခိုး နေလိုက်ရပေသည် ။
သို့သော် သြစတြေးလျ လူမျိုး တို့ သည် အင်္ဂလိပ် မှ ဆင်းသက် လာသော လူမျိုးပင် ဖြစ်လင့်ကစား အင်္ဂလိပ် နှင့် မတူဘဲ မတူ ကွဲပြားသော စိတ်ဓာတ် ရှိဟန် တူသည် ကို တွေ့ရသည် ။ ဖော်ရွေသည် ။ ပွင့်လင်းသည် ။ အတားအဆီး မရှိ ခင်တတ် သည် ။ သို့သော် ပေါ့တီးပေါ့ဆ နေကြသည် ဟု ကျွန်တော် ထင် ပေသည် ။
သို့သော်လည်း ချစ်စရာ ကောင်းသော လူမျိုးပင် ဖြစ်လေသည် ။
ချစ်စရာ ဘယ်က စ သနည်း ဆိုသော် စကား စပ်မိရာမှ ကျွန်တော် က အမေရိကန်ဂျပ် ( ဇ ) တေးဂီတကို ဝါသနာ ပါသည် ဟု ပြောရာ မှ စခြင်း ဖြစ်သည် ။
ဤတွင် အိမ်ရှင် အဘိုးကြီး တိုနီ က သူ့ သမီး မာဂျီ မှာ လည်း ဂျပ် ( ဇ ) မြူးဇစ် ကို ဝါသနာ ပါကြောင်း ၊ နယူးကာ ဆယ် ( လ် ) တွင် ဂျပ် ( ဇ ) ကလပ် တစ်ခု ဖွင့်ထားရာ၌ သူ့ သမီး က အတွင်းရေးမှူး ဖြစ်ကြောင်း ၊ ကျွန်တော့် ကို သူ့ သမီး နှင့် မိတ်ဆက် ပေးမည် ဖြစ်ကြောင်း ကို ပြောပြ၍ တစ်ဆက်တည်း ဘယ်နေ့ ၊ ဘယ်ရက် သူ့ အိမ် ကို လာပါဟူ၍ ဖိတ် သွားလေသည် ။ ထိုသို့ ဖိတ် ပြန်တော့လည်း ဦးကြီး နှင့် ကျွန်တော် မှာ မြို့မိမြို့ဖ များ ဆန္ဒ အရ ဒေသစာရီ ကြွချီရ ပြန်လေသည် ။
တိုနီ တို့ မိသားစု နေသော နေရာ မှာ နယူးကာဆယ် ( လ ) မြို့ မှ ကိုးမိုင် ခန့် ဝေးသော ရေမွန်းတဲရေး ( စ ) ခေါ် တောမြို့ကလေး တွင် ဖြစ်၍ သွားရင်း ရှုခင်း အပြောင်းအလဲကလေးတွေ ပါ တဝကြီး ကြည့်ရသည် ။ သူတို့ ဆီ က တောမြို့ သည် ကျွန်တော် တို့ ဆီ က မေမြို့ ထက် ပင် သာသည် မှာ အထူးပြော ဖွယ် မလိုပေ ။
တောင်ကုန်းမြင့်ကလေး ပေါ်တွင် မြို့ကွက်များ အဆင့် ဆင့် ချ၍ တည်ဆောက်ထားသဖြင့် ရေမွန်တဲရေး ( စ ) ( Raymond Terrace ) ဟု ခေါ်သလား မသိပေ ။ နှစ်ထပ်တိုက်ကြီးများ နည်းပါး၍ တစ်ထပ်တိုက်ပုကလေးများ ဖြင့်သာ ဝေဝေဆာဆာ ရှိပြီး အဝေး က လှမ်း ကြည့်လိုက်လျှင် တီဗွီ ရုပ်မြင်သံကြားစက် မှ ဧရိယာတိုင်ကလေးများ အစီအရီ ထူ ထားသည် ကို ပါ ချစ်စဖွယ် လှမ်း မြင်ရလေသည် ။
ကျွန်တော် တို့ ဆီက ချောင်း အကြီးစားလောက် ရှိသော ဟန်းတားမြစ် ဆိုသည့် မြစ် တစ်ခု မှာ လည်း ထိုမြို့ကလေး ဘေး မှ ဖြတ်၍ စီးနေသည် ။ ကျွန်တော် တို့ကို တင်ဆောင် လာသော အဘိုးကြီးတိုနီ ၏ ကား သည် လည်း ထို ဟန်းတားမြစ် ကို ဖြတ် ကျော် ဆောက် ထားသော တံတား ပေါ် မှပင် ဖြတ်ကျော် လာရ သည် ။ ကားမောင်း ရင်း မှ တိုနီ သည် သူ့ မြို့ကလေး ၏ ရှုခင်း များ ကို လက်ညှိုး ထိုးပြီး ရာဇဝင် ချီ၍ ရှင်းပြလေသည် ။ ဘယ်သင်း ဘယ်ဟာ က စသဖြင့် မနားတမ်း စကား ဆို သည် ။ ကိုယ် ဖွားသောမြေ ကိုယ့် ဒေသ ဆိုတော့လည်း ဂုဏ်ယူ ပေလိမ့်မည် ။
“ သူတို့ တိုင်းပြည် ရောက်တဲ့ အခါ သူတို့ နေရာတွေ နဲ့ သူတို့ ဓလေ့ထုံးစံ ကို လေ့လာရတာ လည်း အမြတ်ပဲကွ ” ဟု ပြော တတ်သော ဦးကြီး က မူ စပ်စပ်စပ်စပ်နှင့် တွေ့ကရာ ရှစ်သောင်း အကုန် မေး လေတော့သည် ။ ယင်းသို့ ကြောင်ခံတွင်းပျက် နှင့် ဆက်ရက်တောင်ပံကျိုး တွေ့ကြသည့် နှယ် တိုနီ နှင့် ဦးကြီး အချီအချ စကား ပြောလာကြသည် ။ ကျွန်တော် ကမူ အနည်းငယ် မျှ စိတ်ပါ မဝင်စားမိ ။
မာဂျီ ဆိုသည့် ကလေးမ သည် အသို့ နေသလဲ ။
အချောကြီး ၊ အလှကြီး မဟုတ်လျှင် ပင် ဖော်ရွှေမှု ရှိက တော်ဦးမည် ။ သူတို့ ဆီ က ဖော်ရွေသော မိန်းကလေး သည် ဆက်ဆံသော ယောက်ျား ၏ လိမ္မာပါးနပ်မှု ပေါ်တွင် တည်သည် ဟု ပြောကြသည် ။ သြစတြေးလျနိုင်ငံ ရောက် ကတည်း က အမျိုးသမီး မိတ်ဆွေ ဟူ၍ မည်မည်ရရ မရသေး သဖြင့် မာဂျီ ကို မမြင်ဖူးခင် က စိတ်ဝင်စား နေမိပါသည် ။
“ ကျီခနဲ ” ဘရိတ် အုပ် လိုက်၍ “ ဟောဒါက ကျွန်တော့် အိမ် ပဲ ” ဟု တိုနီ က ဆိုမှ အတွေး ပြတ်၍ လှည့် ကြည့်သော် နောက်ဆုံးပေါ် ပုံစံ တစ်ထပ်အိမ်ကလေး ကို တွေ့ရသည် ။ အမွေးဖွား ကော်လီယာ ခွေးနှစ်ကောင် က တဝုတ်ဝုတ် ဟောင် ၍ ပြေးလာကြသည် ။
မရှေးမနှောင်း တွင် ကျွန်တော် တို့ လည်း ကားပေါ် မှ ဆင်းလိုက်ကာ တိုနီ ခေါ်ဆောင်ရာ အိမ်ဝင်း သို့ ဝင်လိုက်ကြပါ သည် ။ ထူးထူးဆန်းဆန်း ခွေးနှစ်ကောင် က ကျွန်တော့် လက် နှစ်ဖက် ကို ခုန်လျက်ကာ လိုက်ပါလာသည် ၌ -
“ အိုး .. ကြည့်စမ်း ဘီလီ နဲ့ ဖရန်တို ဟာ ဒီလောက် သဘော ကောင်း နေကြတာ တစ်ခါမှ မမြင်ဖူးပါကလား ရှင် ”
ဟူသော အသံသာသာ ကြောင့် ဝမ်းသာအားရ နှင့် ကျွန်တော် က မော် ကြည့်လိုက်ရာ “ ဟောဗျ ” ဟု အာမေဍိတ်သံ တစ်လုံး ပင် နှုတ် မှ ယောင်၍ ထွက်သွားမိပါ၏ ။
အိမ်ရှေ့ ဆင်ဝင် ပုပျပ်ပျပ်ကလေး ရှေ့တွင် ယဉ်နွဲ့နွဲ့ကလေး ရပ်နေသော သူမှာ ကျွန်တော် မျှော်မှန်း သလို ဒေဝစ္ဆရာ နတ်ကညာကလေး တစ်ပါး မဟုတ်ချေ ။ လက်ပြင်ကလေး ကုန်းကုန်း ၊ သွားကလေး ခေါခေါ ၊ လူကလေး ပိန်ခြောက်ခြောက်ဖြင့် စိတ်ပျက်စရာ မဟဝါကလေး ဖြစ်၍ နေလေရာ လာရသည့် ဆန္ဒ ပင် ချွေးပြန် သိပ်ကာ စိတ် မပါ့တပါကြီး ဖြစ်သွားမိသည့် အထဲ တိုနီ က မိတ် မှ မဆက်ပေးရ သေးခင် -
“ မစ္စတာဝင်းနူး တို့ ကို ဖြင့် ကြားနေတာ ကြာပါပြီ ။ ဝမ်းသာအယ်လဲ ကြိုဆိုပါရဲ့ ရှင် ” ဟု ရှေ့သွားကလေး ငေါငေါ ဖြင့် ပြုံးကာ ရယ်ကာ ပြော ပြန်လေရာ ကျွန်တော့် မှာ စင်းစင်းသေချင်စိတ်များ ပင် ပေါက် မိပါသည် ။
သို့ရာတွင် အိမ်သည် ကို ဧည့်သည် က အကျွမ်းတဝင် ရင်းနှီးမှု ပြမှ ဖြစ်လိမ့်မည် ကို သိထားလိုက်သည့် အတွက် “ ဟုတ်ကဲ့ ၊ ကျွန်တော် တို့ ကလည်း တွေ့ချင်နေပါတယ် ဒါ့ကြောင့် ” ဟု ပြေပြေလျောလျော ပြောရသည့် အခိုက် -
“ အမယ်လေး ၊ ကိုယ့် ဘာသာ ကိုယ် တောင် မိတ်ဆက် ပေးနေကြပါကရော့လား ၊ ဟောဒါကတော့ ဂျူလီ တဲ့ ကျွန်တော့် သမီး မာဂျီ ရဲ့ မိတ်ဆွေ ပေါ့ ၊ ဟောဒါ က တော့ ဗမာ နိုင်ငံ က ...... နဲ့ မစ္စတာဝင်းဦး ” ဟု ကားရုံ တွင် ကား ထိုးပြီး နောက် ဆက် လိုက်လာသော တိုနီ က မိတ်ဆက် ပေးလေမှ “ ငါ့ နှယ် ... အတွေး မြန်ပြီး စိတ်ပျက် လွယ်လိုက်တာ ” ဟု ကိုယ့် ကိုယ် ကို ကျိတ်၍ အပြစ် တင် လိုက်ရင်း ရယ်ချင် သလိုလို ဖြစ်မိလေသည် ။ ဦးကြီး ၏ မျက်နှာ မှာလည်း “ တော်သေး တာပေါ့ကွာ ” ဟူသော အကြည့်မျိုး ဆောင် ထားပြီး စပ်ဖြဲဖြဲ ဖြစ် ၍နေသည် ။
ကျွန်တော် တို့ အားလုံး အိမ် ထဲ ဝင်လိုက်ပြီး မရှေးမနှောင်း ၌ အဖျပ်ဖျပ် ဖိနပ်သံကလေး ကြားရပြီး အတွင်း တံခါးမကြီး မှ ခန်းဆီးစ လှုပ်၍ သွားသည်နှင့် ကျွန်တော့် အသည်းမြွှာ မှာ လည်း ကတ္တီပါသား ခပ်နုနု ဖြင့် ဆုပ်ဆွဲ ခံလိုက်ရ သကဲ့သို့ ခံစားလိုက် ရသည် ။ ခုတင်က စိတ်ပျက် ခဲ့ရသည်များ မှာလည်း ပိန်းကြာဖက် ပေါ် မှ ရေစက်များ ကဲ့သို့ အလွယ်တကူ လျှောဆင်း ပျောက် ပျက်ကြလေသည် ။ ဦးကြီး ပင် လျှင် တံခါးဝ သို့ အတန်ကြာမျှ ငေးကြည့်လိုက်သည် ကို ကျွန်တော် သတိထား မိသည် ။
မာဂျီ ကား ကျွန်တော် ထင်တာ ထက် ပင် လှ၍ နေလေသည် ။
သူ့ အလှ မှာ ကြွေပန်းကလေးများ ကဲ့သို့ နု၍ နေပြီး ထိကိုင် လိုက်လျှင် ကြွေ၍ ကျတော့မည် ကဲ့သို့ ကြွကြွရွရွကလေး လှ သော အလှ ဖြစ်လေရာ အဖြူမကလေးများ တွင် မြင်ရခဲသော အလှမျိုး ဖြစ်၍ ကျွန်တော့် မှာ ပထမ ၌ ကြီးစွာ အံ့သြရပါသည် ။ နောက်တော့ကား တစ်မုဟုတ်ချင်း မက်မော လိုက်မိပေသည် ။ ဤသည် ကို အချစ် ဟု ဆိုလျှင် “ မြင်မြင်ချင်း ပင် ဘာ့ကြောင့် များ ချစ်ချင်တယ် ” ဟူသော သီချင်း ကို ဆိုပြရမည် ကဲ့သို့ ရှိလေသည် ။ အကျည်းတန်မကလေး ဂျူလီ နှင့် ကား ဘာမျှ မဆိုင်ချေ ။
ဂျူလီ ၏ သွားကလေးများ ရှေ့သို့ ခေါထွက် နေသော် လည်း မာဂျီ ၏ သွားကလေးများ မှာ ညီညာဝင်းလက် နေရုံတင် မက ကျဲခြင်း ၊ စိပ်ခြင်း မရှိ ၊ တုံးတိတိလည်း မနေ ၊ ပုလဲသွယ်ကလေး တစ်ကုံး သွယ်တန်းထား သကဲ့သို့ အကြီးအသေး စီရီ ကျနစွာဖြင့် ပြေပြစ်လှပ၍ နေပေသည် ။ ဂျူလီ ၏ သွားဖုံးများ မှာ အသေကြာ နေသော ငါးပါးဟက် ကဲ့သို့ ညိုမည်းလျက် ရှိ သော်လည်း မာဂျီ ၏ သွားဖုံးကလေးများ မှာ မူ ဆားငန်ရည် နှင့် အမြဲ ဆေး၍ထားသော သန္တာခက် ကဲ့သို့ သွေးနီရောင် လျှမ်း လျက် ရှိပေသည် ။
ထို့ကြောင့် ပြုံးရယ် လိုက်သည့် အခါ မာဂျီ မှာ တန်ဆောင်မုန်းလပြည့် ကြယ်စုံည ကဲ့သို့ ဝင်းလက်ကြည်စင်လျက် ရှိနေ တတ်ပြီး ၊ ဂျူလီ ပြုံးလိုက် ၊ ရယ်လိုက်သော အခါ၌ ကား မြင်ရ သူ အဖို့ သနားရတော့ မလို ရယ်ရတော့ မလို မအီမလည်ကြီး ဖြစ်သွားနိုင်ပေသည် ။
အဖြူမကလေးများ တွင် ရှိခဲသော ပေါ်ရုံမျှ နှာတံစင်းစင်း နှင့် နက်မှောင်သော မျက်ခုံးတို့ ကို မာဂျီ မျက်နှာ ၌ မြင်နိုင် သော်လည်း ကြက်တူရွေး ကဲ့သို့ နှာတံကောက်ချိတ်ချိတ် နှင့် အမွေး ကျဲကျဲ မသဲမကွဲ မျက်ခုံးမွေး မပီမသ ကိုကား မဂျူလီ ထံ တွင် မြင်နိုင် ပေသည် ။
မာဂျီ နှင့် ဂျူလီ မှာ မျက်နှာ အသွင်အပြင် တင် မက ကိုယ်ခန္ဓာ တွင် လည်း အကွာခြားကြီး ကွာခြား နေပေသေးသည် ။ မာဂျီ မှာ အဖြူမလေးတို့ ရှိလေ့ ရှိသည့် ကာယမျိုး ထက် အနည်းငယ် သေးသည် ဟု ထင်ရသော်လည်း အသားကလေး များ အိအိထွေးထွေးနှင့် ခါး ၊ တင် ၊ ရင်တို့ အဆင်ပြေ အနေကျ ဖြစ်ပြီး ဂျူလီ မှာ မူ အရပ်ကလေး ရှည်ရှည် ၊ အရိုးအဆစ် က ကြီးကြီး ၊ အသား နည်းနည်း ၊ အရေကပ်ကပ် ဖြင့် ပိန်ချပ်ချပ်ကလေး ဖြစ်နေ ပြန်သည် ။
တစ်နည်းအားဖြင့် သူတို့ နှစ်ယောက် ကို တစ်ပြိုင်တည်း ယှဉ်၍ ကြည့်နေရ သဖြင့် တစ်ဦး က ပို လှပြီး တစ်ဦး က ပို အရုပ် ဆိုး နေသည် လား မခန့်မှန်းနိုင်ပေ ။
မာဂျီ သည် ခန်းဆီးပြာပြာ ကို ဆင်စွယ်နုရောင် သူ့ လက်ကလေး တစ်ဖက်ဖြင့် အသာ မပြီး အခန်းတွင်း သို့ ဝင်လိုက် ကာ -
“ ကျွန်မ က တော့ မာဂျီ ပါ ၊ မစ္စတာဝင်းနူး တို့ ကို ထွက် မကြိုဆိုနိုင်တာ ဝမ်းနည်းပါတယ် ၊ မစ္စတာဝင်းနူး တို့ သုံးဆောင် မယ့် ညစာ ကို မာဂျီ ကိုယ်တိုင် စီစဉ် ပြင်ဆင် နေမိလို့ အချိန်လင့် သွားမိပါတယ် ရှင် ” ဟု ပြောလိုက်ပြီး ယာဘက် လက် ကို ကမ်းပေး လိုက်ရာ ကျွန်တော် လည်း စောစောက နှလုံးသွေးရပ် သွားသမျှ တို့ ပြန်၍ လှည့်လည် လှုပ်ရှား လာပြန်တော့ကာ ထိုင် မလိုလို မှ ကမန်းကတန်း ခါးဆန့် ထ လိုက်ရပြီး -
“ ဝမ်းသာပါတယ် မာဂျီ ၊ ကျွန်တော် ဗမာပြည် ပြန်သွား တဲ့ အခါ ဩစတြေးလျ အမျိုးသမီးကလေးတွေ စီမံတဲ့ ဟင်းလျာ ဟာ သိပ် ကောင်းတာပဲလို့ ပြောနိုင်တော့မှာပေါ့ ” ဟု လှိုက်လှိုက်လှဲလှဲ ပြန် ပြောလိုက်မိပါသည် ။
“ အမယ်လေး ၊ တော်ကြာ မစ္စတာဝင်းနူး ရဲ့ အဆက် က သူ့ ဟင်းတွေ ထက် ကောင်းတာ ပြောမိလို့ ရန်တွေ့နေပါဦးမယ် ” ဟု သွားခေါမလေး ဂျူလီ က ဝင် နှောက်လိုက်သည်တွင် ဦးကြီး က ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည် ။
ဦးကြီး ရယ်သောအခါ တိုနီ က လိုက် ရယ်၍ မာဂျီ ရော ၊ ဂျူလီ ပါ တခစ်ခစ် လုပ်လိုက်ကြပါသည် ။ ကျွန်တော် က မူ ပေါက်ခေါမကလေး ကို အလကား နေရင်း အမြင်ကတ် လိုက် မိပြီး “ အဟက် ” ခနဲသာ ရယ်လိုက်ရလေသည် ။
ထိုအခါ နှင်းဆီပန်းများ တစ်ပွေ့တစ်ပိုက် ဖြင့် နောက်ဖေး ပေါက် မှ လှည့်ဝင်လာသော အဘွားကြီး က လည်း -
“ ဘာများ ရယ်စရာ တွေ့နေပါလိမ့် ၊ ကိုယ် လည်း ရယ်ရ အောင် ပြောစမ်းပါဦးဟဲ့ ” ဟု ပြော လိုက်လေ၏ ။ တိုနီ က သူ့ ဇနီး နှင့် ကျွန်တော် တို့ကို မိတ်ဆက် ပေးပြန် လေသည် ။
“ အိုး .. မစ္စတာဝင်းနူး က လူချောပဲ ” ဟု အဘွားကြီး က ပြောသောအခါ တိုနီ က သူ့ သမီး မာဂျီ ကို မျက်စိမှိတ် ပြလေရာ မာဂျီ က လည်း ဂျူလီ ကို လှမ်း ကြည့်၍ ဂျူလီ က လည်း ကျွန်တော့် ကို ပြန် ကြည့် ပါသည် ။
ကျွန်တော် ကမူ အားကျမခံ ပင် “ အန်တီ ကို လည်း မြင်မြင် ချင်း ဂျန်ကရောဖို့ များလားလို့ ကျွန်တော် က အောက်မေ့နေ တာ ” ဟု ပြန် ပြောလိုက်ရသည် ။
ခုမှ တွေ့၍ ခုမှ သိကြရ သော်လည်း သူတို့ ဆက်ဆံပုံ ကျင်လည်မှု ကြောင့် သိဟောင်း ကျွမ်းဟောင်းကြီးများ ပမာ ပြောနိုင် ဆိုနိုင်ကြ၍ အနေကျပ် ၊ အထိုင်ကျပ် မဖြစ်ဘဲ စိတ်ချမ်းမြေ့ နေမိ ပါသည် ။ တစ်ခန်းလုံး လင်း၍ နေသော မာဂျီ ၏ အလှကြောင့် လည်း ကျွန်တော့် မှာ စိတ်ချမ်းသာရုံတင် မက စိတ်အနေ တစ်ခု လုံး လန်းဆတ်လျက် ကြည်နူး၍ ပင် နေမိပါသည် ။ ဦးကြီး က မူ ကျွန်တော့် စိတ် ကို သိလေသည့် အတိုင်း -
“ ဒီမှာ တိုနီ ရဲ့ သြစတြေးလျ ရောက် ကတည်း က စပြီး ဒီနေ့ အထိ ဝင်းဦး ဒီလောက် ပျော်တာ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး ၊ ကြည့်စမ်းပါဦး ” ဟု တိုနီ အား ပြောပြလေသည် ။ ကျွန်တော် က မူ ဦးကြီး ပြောစကား ကို စိတ်မဆိုး ဘဲ ကျေးဇူး ပင် တင်သေးသည် ။
မာဂျီ နှင့် နှစ်ယောက်ထိုင် ဆိုဖာ ပေါ် ထိုင်ပြီး ပြောရသော အခါ၌ကား ကျွန်တော့် မှာ မိုးမမြင် လေမမြင် ရှိဘိသည် ။ သို့သော် ပေါက်ခေါမကလေး ဂျူလီ ဘက် လှည့်၍ လှည့်၍ ပြောရဆိုရ ခေါင်းညိတ် ရသေးရာ ထိုအချိန်များ ၌ကား ကျွန်တော့် မှာ ကသိကအောက် ဖြစ်၍ ဖြစ်၍ သွားမိသေးသည် ။
ကမ္ဘာ ပေါ် တွင် လူမျိုး တစ်ရာ့တစ်ပါး ရှိကြသော်လည်း မိန်းမ ကား တစ်မျိုးတစ်စားတည်း ရှိပေလိမ့်မည် ။ သူတို့ ၏ စိတ်ဝင်စားမှု ၊ အတွေးအခေါ် ၊ အယူအဆ ၊ နှစ်သက်စရာ စသည်တို့ ကား အတူတူပင် ဖြစ် လေသည် ။ မာဂျီ ၊ ဂျူလီ နှင့် အဘွားကြီး တို့သည် ကျွန်တော် တို့ ဆီက ငြိမ်းလှ ၊ မိခွေး နှင့် ဒေါ်ဂျမ်းဘုံ တို့ ကဲ့သို့ပင် ကျွန်တော် တို့ အမျိုးသမီးတွေ ဘာ ဝတ်သလဲ ၊ ဘယ်လို နေသလဲ ၊ ဘာ အခွင့်အရေးတွေ ရသလဲ ဟု စပ်စပ်စုစု မေးကြမြန်းကြပါသည် ။ ဦးကြီး နှင့် ကျွန်တော် ကား တတ်သမျှ ၊ မှတ်သမျှ ဖြေရပြုရလေသည် ။
တစ်နေရာ ၌ ဦးကြီး က သူ သာ မီလျံနာသူဌေးကြီး ဖြစ်ရင် ပုပ္ပား နား က ထန်းရည် ကို တိုနီ လာ သောက်နိုင်ရန် ဂျက်လေယာဉ် နှင့် လာ ခေါ်မည်ဟု ပြောသံ ကြားလိုက်ရသေးသည် ။ ဝါသနာချင်း မတူကြပါပေ ။
စကား စကား ပြောပါများ စကား ထဲ က ဇာတိ ပြသည့် အတိုင်း ပေါက်ခေါမကလေး ဂျူလီ က ကျွန်တော့် ကို “ ဒန့် ” တတ်သလား ဟု မေးလေရာ၌ ဘီယာကလေး အတော်များများ ဝင်ပြီ ဖြစ်သော ကျွန်တော် က ခပ်သွက်သွက် ခေါင်းညိတ် ပြမိသည် ။ တစ်ခါက မေမြို့ တွင် မျက်နှာဖြူ အိမ် ၌ အလုပ် လုပ်သော ထမင်းချက် အန်ထော်နီ နှင့် ကလေးထိန်း အဲလ်ဇဘက် တို့မှ စပ်ကျပေါက်ဖွား လာသော ကပြား ဆဲမြူရယ် တို့ တစ်သိုက် ၏ ကျေးဇူးကြောင့် နှံ့နှံ့စပ်စပ် က,တတ် လာသော ကျွန်တော် မှာ ရုတ်ခြည်း က,ချင်စိတ်တွေ ပေါက်လာသဖြင့် -
“ ရေမွန်တဲရေး ( စ ) မှာ ကပွဲခန်း ရှိသလား ” ဟု မေးလိုက် ရလေသည် ။
“ ရှိတော့ မရှိပါဘူး ၊ ဒါပေမဲ့ ဘာဖြစ်လဲ အိမ် မှာပဲ ကကြတာပေါ့ ” ဟု မာဂျီ က အလိုက်သိစွာ ဆိုလိုက်ကာ -
“ ဂျူလီ က တော့ ဒီမှာ အတတ်ဆုံးပဲ ၊ ချာ - ချာ - ချာ က လွဲ လို့ သူ အကုန် တတ်တယ် ” ဟု ပြောပြပါသည် ။
“ ဟား .. အဲဒါ အချက်ပဲပေါ့ ၊ ဝင်းဦး က ဗမာပြည်မှာ ချာ - ချာ - ချာ ဝိဇ္ဇာလေ ”
ဦးကြီး က အမြင်ကတ်ကတ် နှင့် ချောက်ချ လေပြီ ။ သည်တွင် ဂျူလီ သည် နင့်ခနဲ ဖြစ်လာကာ သူ့ ကို သင်ပေးရမည် ဟု အရေး ဆိုသည် ။ မသင်ပေး ရင်တော့ ဒါပဲ ဟူသော အကြည့် ဖြင့် မူ ပြန်ရကား ကျွန်တော့် မှာ စိတ်မော၍ သွားမိပါသည် ။ သို့သော် မာဂျီ ၏ အပြုံး ကြောင့် နုံးခွေရာ မှ ပြန်၍ အမော ပြေရပါ၏ ။
တစ်ဖန် အဘွားကြီး က အိမ် တွင် ချာ - ချာ - ချာ ဓာတ်ပြား မရှိဟု ဆိုသည့် အတွက် တိုနီ က “ ဘာ ခက်လဲ ကွာ ၊ ဈေးနားက ကိ ( သ ) တို့ ဆိုင် မှာ သွား ရှာရင် တွေ့ပါ လိမ့်မယ် ၊ ကိုင်း ... ကလေး ( ကျွန်တော့် ကိုခေါ်သည် ) ကားသော့ ယူသွား ၊ မာဂျီ နဲ့ ဂျူလီ လည်း လိုက် သွားလေ ” သဘော ကောင်းလွန်စွာ ဆိုလေရာ ကျွန်တော် လည်း နေရာ က ထ လိုက်ရသည် ။
ခဏချင်း တိုးတက် ပြောင်းလဲလာသော ကျွန်တော့် အဖြစ် ကို ကျွန်တော် ရယ်ချင်မိသည် ။ ယခု ဆိုလျှင် ကားပေါ် တွင် မြာနှစ်ဗွေ နှင့် အညာအကြေ က ဆရာစလေ တစ်ယောက် ဖြစ်၍ လာပြန်ပြီ ။ တော်သေး၏ ။ မာဂျီ က ကျွန်တော် နှင့် ကပ် ထိုင်ပြီး ဂျူလီ က အစွန် က ထိုင် သောကြောင့် တော်ပေ သေးသည် ။
တိုနီ နတ်လမ်းညွှန် လိုက်သော ကိ ( သ ) ၏ ဆိုင် သို့ ရောက် သော် ဂျူလီသည် ကားတံခါး ကို အမြန် ဖွင့်၍ အပြေး ဆင်းပြီး “ ဟဲလို ဂျွန် ... ဓာတ်ပြား လာ ဝယ်တယ် ဆရာ ” ဟု အသံကလေး အဲ့အဲ့ ဖြင့် ဆိုင်တွင်း ဝင် သွားလေရာ ပိန်ရှည်ရှည် အရောင်းစာရေးကလေး တစ်ယောက် က ဆီးကြိုသည် ကို
တွေ့လိုက်ရသည် ။
“ သနားစရာ ဂျူလီ ပဲ ဝင်းနူး ရယ် ၊ သူ က ဒန့် သိပ် ဝါသနာ ပါတာ ” ဟု မာဂျီ က သူ့ သူငယ်ချင်းမ အား နောက်က ကြည့်ပြီး ပြောရှာရာ ကျွန်တော် လည်း ‘ အဟင်း ’ ခနဲ တစ်ချက် အဓိပ္ပာယ် ဗလာ ဖြင့် ရယ်လိုက်ရပြီး မာဂျီ ၏ ခါးကလေး ကို ကိုင်ပြီး ဆိုင်အတွင်း သို့ လိုက် ဝင်ရသည် ။
နာရီဝက် နီးပါးမျှ ရှာကြဖွေကြ သော်လည်း လိုချင်သော ဓာတ်ပြား ကို မရကြပေ ။ ကြာသော် အရောင်းစာရေးကလေး ဂျွန် က -
“ ရှာ မနေပါနဲ့တော့ဗျာ ၊ ဒီ့ပြင် အက ပဲ က ကြပေါ့ ၊ မဟုတ်ဘူးလား သွားကြားထိုးတံကလေး ရဲ့ ” ဟု ပြောင်သလိုလို ပြော လိုက်လေသည် ။
ဤတွင် သွားခေါမကလေး ဂျူလီ က ဆတ်ဆတ်ခါ နာသွားတော့၏ ။ သွားကြားထိုးတံ ကဲ့သို့ သူ့ မှာ ပိန်ကပ် အကျည်းတန်သည် ဟု ပြောခံ လိုက်ရ သဖြင့် ရှက်ဒေါသ ဖြစ် ၍ သွားလေရာ -
“ ဟဲ့ ဝါးခြမ်းခြောက် ရဲ့ နင် ကကော ဘယ်လောက် လှ လို့လဲ ဟဲ့ ၊ တီဗွီကြော်ငြာ ထဲ က ဆေးမစားမီပုံ နဲ့ တူတဲ့ကောင်ရဲ့ ” ဟု ကက်ကက်လန် ရန်တွေ့ ပါလေတော့သည် ။
ဂျွန် က ပျာပျာသလဲ ပြန် တောင်းပန် သော်လည်း မရ ၊ မာဂျီ က ဝင်ဆွဲ သော်လည်း မရ ၊ ဂျူလီ မှာ ဒေါသ အကြီးအကျယ် ပွနေကာ မျက်ရည်များ ပင် ကျလာလေရာ ကျွန်တော့် မှာ ကြားထဲက သနားရ မလို ရယ်ရ မလို ဖြစ်၍ နေမိပါသည် ။ ကားပေါ် ရောက်သည် အထိ ဂျူလီ မှာ ဒေါသ လည်း မပြေ နိုင်ဘဲ မျက်ရည် က လည်း ဝေဖြိုင်ဆဲတည်း ။
ထိုည ညစာ စားပြီးနောက် ကျွန်တော် တို့ ၏ ကပွဲမဟာ လည်း စ,တော့သည် ။ တိုနီ ၊ ဦးကြီး ၊ ကျွန်တော် နှင့် အဘွားကြီး ၊ ဂျူလီ ၊ မာဂျီ တို့ သုံးတွဲ အံကိုက်ပင် ဖြစ်သည် ။ သို့သော် တိုနီ အရက်မူး လွန်၍ လည်းကောင်း ၊ ဦးကြီး က သိပ် မက တတ်၍ လည်းကောင်း ကျွန်တော် သာ တစ်ပင်တိုင် မင်းသား အဖြစ် အလဲလဲ နှစ်ပါးသွား နေရပါသည် ။
အရသာ မှာ ကား ချို တစ်ခါ ၊ ခါး တစ်ခါ ပင် ။
မာဂျီ နှင့် တွေ့တော့ ချို၍ ၊ ဂျူလီ နှင့် ဖက်ရတော့ ခါးသည် ။ ရသာ မျိုးစုံပေစွ ။
နယူးကာဆဲ ( လ ) ရှိ ကိုယ့် နေရာ ကိုယ် ပြန် ရောက်၍ အိပ်ရာ ဝင်ခါနီး၌ ဦးကြီး
“ ဘယ့်နှယ်လဲဟေ့ ဝင်းဦး ၊ ပေါက်ခေါမကလေး တော့ မင်း ကျနေလေရဲ့ ” ဟု ပြောပါသည် ။
“ ဟာ .. ဦးကြီး က လည်း ရန်စတာပဲ ”
“ ပေါက်ခေါမလေး က မျက်လုံး တော့ လှပါတယ်ကွ ”
မှန်သည် ဂျူးလီ တွင် မျက်လုံးကလေး တစ်ခုတော့ လှသည် ကို ကျွန်တော် ဝန်ခံရမည် ။ လဲ့လဲ့ကလေး ပြာ၍ ဝင်းဝင်းကလေးကြည် နေသော မျက်လုံးအစုံ မှ လွဲ၍ တခြား ဘာမှ မလှသည် ကို လည်း ဝန်ခံရဦးမည် ။ သို့သော် ကျွန်တော့် ရင်ထဲ ၌ ကား မာဂျီ ကို သာ တမ်းတ နေမိသည် ။ ဂျူလီ ဆို သည်မှာ ဘယ်သူလဲ ။
“ အိပ်ချင်ပြီ ဦးကြီး ရာ ”
••••• ••••• •••••
နောက်နေ့များ ၌ ကျွန်တော် သည် “ အိပ်ချင်ပြီ ဦးကြီး ရာ ” ဟု ဘယ်တော့မှ မပြောရတော့ပေ ။ ကျွန်တော် အိမ် ပြန်ရောက် လျှင် ဦးကြီး မှာ တခေါခေါ နှင့် အိပ်မောကျနှင့် ပြီး ရှိထား သောကြောင့် ကိုယ့် ဘာသာ ကိုယ် ကော်ဖီပူပူ တစ်ခွက် ဖျော် သောက် ၊ ရောက်တတ်ရာရာ ထိုင်တွေး ၊ မျက်စိကလေး မှေး မှ အိပ်ရာဝင်လေ့ ရှိရတော့သည် ။
မာဂျီ သည် သူ့ ကတိ အတိုင်း နယူးကာဆဲ ( လ ) တွင်ရှိသော ဂျပ် ( ဇ ) ကလပ် သို့ ကျွန်တော့် ကို နောက် တစ်နေ့၌ ခေါ်၍ သွား သည် ။ ထို တေးဂီတကလပ် မှာ မြေအောက် လက်ဖက်ရည်ဆိုင်ကလေး တစ်ခု ၏ အခန်းကျဉ်းကလေး ထဲ တွင် ကြာသပတေး နေ့တိုင်း ပြုလုပ်ကြရာ ည ရှစ်နာရီ မှ စ၍ သန်းခေါင် တစ်ချက် တီး ကျမှ ပြီးလေ့ ရှိသည် ။ ညနေစောင်း ရေချိုးရန် ပြင်ဆင်နေ ခိုက် မာဂျီ သည် သူ့ ကိုယ်ပိုင်ကား ဖိယက်ကလေး နှင့် ရောက် လာလေရာ မေ့ နေမိသော ကျွန်တော့် မှာ အားနာမိရ သဖြင့် ရေနွေးပိုက်အောက် ကမန်းကတန်း ပြေး ချိုးပြီး ကပျာကယာ မုတ်ဆိတ်ကျင်စွယ် ရိတ်ပယ်ရသည် ၌ မာဂျီ သည် တစ်ယောက် တည်း ဧည့်ခန်း တွင် ငူငူကြီး ထိုင်နေရမည် ကို ပျင်းဟန် တူသည့် အလျောက် အတွင်းခန်းတွင်း သို့ တောက်လျှောက် လိုက် လာပြီး သင့်ရာ တစ်နေရာ တွင် ထိုင်ကာ ကျွန်တော် မုတ်ဆိတ် ရိတ်သည် ကို ကြည့်ပါသည် ။
“ မာဂျီ လေ ၊ ယောက်ျားကလေးတွေ မုတ်ဆိတ် ရိတ် တာ ကို ထိုင်ကြည့်တာ ဝါသနာ ပဲ ဝင်းနူး ရဲ့ ”
“ ဘာဖြစ်လို့လဲ ”
“ ဒီလိုပါ ၊ အခု ဝင်းနူး မုတ်ဆိတ် ရိတ် နေတာ ကြည့်ပါ လား ၊ လည်ပင်း က ကြွက်သားကြောတွေ လှုပ်ရှား နေတာ ၊ ဓားသွား ကို ဆတ်လိုက်တိုင်း လက်မောင်း နဲ့ လက်ဖျံ က ကြွက်သွားတွေ ရယ် ၊ ရင်ဘတ် နဲ့ ချိုင်း နားက တောင်ပံကြွက်သားတွေ ရယ် အချက်ကျကျ လှုပ်နေတာ ကို မာဂျီ သိပ်ကြိုက် တယ် ၊ မာဂျီ လက်ထပ် ရင် လေ အဲဒါတွေ မြင်ရအောင် ယောက်ျား ပီသပြီး ကြံ့ခိုင်တဲ့သူ ကို မှ ယူမှာ ”
ကျွန်တော့် မှာ မှန် ထဲ မှ နီသွားသော မျက်နှာ ကို နှစ်ခါ ပြန် ကြည့်ပြီး အသည်းနှစ်မြွှာ မှ သွေးတိုး မြန်၍ လာမိပါသည် ။ မာဂျီ ကား ကလက်သည် ဟု မဆိုသာ ၊ တည်ကြည်သည် ဟု လည်း မပြောနိုင်ဘဲ ပြောနေကျ လုပ်နေကျတို့ ကို လုပ်နေသူ ပမာ ချစ်စဖွယ် လျှောက် ပြောနေပြီး ကျွန်တော့် ကို နက်ကတိုင် လည်စည်း ပြင် စည်းပေးခြင်း ၊ ကုတ်အင်္ကျီ ဝတ်ပေးခြင်း တို့ ကို ပြုလုပ် ပေးပါသည် ။ သူ ကိုယ်တိုင် က လည်း မှန် ကြည့်နေသော ကျွန်တော် ညိုမြ အား “ ဟိုဘက် တိုးစမ်းပါဦး ၊ မာဂျီ အလှပြင် မလို့ ” ဟု ဘေးသို့ တွန်းဖယ်ပြီး ရယ်ကာမောကာ နှုတ်ခမ်း ဆိုးခြင်း ၊ ဆံပင်ပြင်ခြင်း တို့ ကို လုပ်ပြန်သေးသည် ။ ကျွန်တော့် မှာ ကား ဆောင်းအငွေ့ ကြောင့် ဝေ့လည် လာသော နှင်းရည်ဥ ပမာ အရည်ပျော် မတတ် ကြည်နူးစိတ်တွေ ဖြာ နေမိပါသည် ။
မာဂျီ က ကား မောင်း၍ ကျွန်တော် က ဘေး က ထိုင်လိုက် သွားသောအခါ ငေးကြည့် ကျန်ရစ်သော ဦးကြီး က “ သေမင်းငင်ကလေး ရွှင်လို့ မြူးလို့ ” ဟူ၍ တဖျစ်တောက်တောက် ပြော ဆို ကျန်ရစ်ခဲ့ လိမ့်မည် ထင်ပါသည် ။
ဂျပ် ( ဇ ) တေးဂီတ ကလပ် ကား မြီးကောင်ပေါက် သာသာ လူငယ်များ သာ စုထောင်သော ကလပ် ဖြစ်သည် နှင့် အညီ ဖြူဖြူ ၊ ဝါဝါ ၊ ပြာပြာ ၊ စိမ်းစိမ်း ရွှေရင်သိမ်းစကလေးများ ဖြင့်သာ ပြည့်ကျပ် နေပါသည် ။ လစဉ်ကြေး ပေးသော အသင်းသားများ မှ အပ အပြင်လူ ဆိုလျှင် ငါးသျှီလင် ပေး ဝင် ရပါသည် ။ ကျွန်တော့် ကို မူ အထူးဧည့်သည် မို့ ( ဂုဏ်ထူးဆောင် အသင်းသား ) တံဆိပ် ကို ပင် တံခါးစောင့် အမှုဆောင်မလေး က ရင်ဘတ် တွင် တပ်ဆင် ပေးလိုက်ကာ “ အတွင်းရေးမှူး အဆက် ဆိုတော့ ကိုယ် က အမြတ်တော်ကြေး ကောက်ရလိမ့်မယ် ” ဟု ပြောပြောဆိုဆို မွှေးမွှေး တစ်ချက် ပေး လိုက်သေးသည် ။ ကျွန်တော် က “ အဟဲ ” ဟု ရယ် သော် မာဂျီ က “ အဟင်း ” ဟု ကြိမ်းသည် ။
ဂျပ် ( ဇ ) တေးဂီတ မှာ စည်းသုတ် ဖြင့် တီးမှုတ် ရသည် ဖြစ်သော် ငြားလည်း အပျော့အယဉ် ၊ အဆွဲအငင် တို့ ၌လည်း တစ်မျိုး နားထောင် ကောင်းပေသည် ။ လူငယ်ကလေးများ ပင် ဖြစ်သော်လည်း ဂိုးဂိုးဂွမ်းဂွမ်း ဆူဆူညံညံ မရှိဘဲ အတက်အကျ ၊ အနိမ့်အမြင့် မှန်မှန်ကန်ကန် တီးနိုင်ကြသည် ထင့် ၊ လာရောက်၍ နားထောင်ကြသူများ မှာ အခန်းကျဉ်းကလေး ထဲ တွင် ပြည့်၍ နေ ပြီး ကုလားထိုင်တွေ ဘေးသို့ ဖယ်ရှား၍ ကြမ်းပေါ် တွင် အတွဲ ကိုယ်စီ ပြွတ်သိပ်စွာ ထိုင်ကြရပေသည် ။ မာဂျီ နှင့် ကျွန်တော့် မှာ လည်း သူတို့ ကြားတွင် တစ်ယောက် ခါး တစ်ယောက် ဖက် ၍ နေသော သာမန်စုံတွဲ တစ်ခုသာ ဖြစ်၍ နေလေတော့သည် ။ ဂျင်မီ ၊ ဂျော်နီ ၊ ဂျယ်ရီ စသော ဘောင်းဘီဖင်ကြားညှပ် အဖြူချာတိတ်ကလေးတွေ က လည်း သူတို့ အတွဲ နှင့် သူတို့ ပင် ။
“ ပျော်ရဲ့လား ဝင်းနူး .. ဟင် ”
သန်းခေါင်ကျော် အိမ် အပြန် ကားပေါ်၌ ကားမောင်း နေ သော မာဂျီ က ဤသို့ မေးရာ ကာလပြောင်းပြန် မေးပုံ ဆန်း ကြောင့် ကျွန်တော့် မှာ ရှက်ကိုးရှက်ကန်းပင် ဖြစ်၍ သွားမိပါသည် ။
“ မပျော်ဘူး ”
“ ဘာဖြစ်လို့လဲ ”
“ ကိုယ့် နှာဝ မှာ ယားကျိကျိ ဖြစ်နေတာ အခံရ ခက်နေလို့ ”
“ နှာချေလိုက်ပေါ့ ဝင်းနူး ရဲ့ ”
“ ဒါဖြင့် ကား ခဏရပ် ”
“ မရပ်ဘူး ”
မာဂျီ က ငွေဆည်းလည်းသံလေး တလွင်လွင် ဖြင့် ရယ် ပါလေသည် ။ ကျွန်တော် သည် သူ့ အနား ကပ်၍ ခါးကလေး ကို ဖက်ပြီး ကျွန်တော့် နှာခေါင်း အား သူ့ လည်တံစောင်း တွင် အသာ တင်၍ နမ်း လိုက်ပါသည် ။ မာဂျီ ကလည်း ကားမောင်းရင်း ကျွန်တော့် နားထင်စ သို့ နှုတ်ခမ်း ဖြင့် မွှေးမွှေး တစ်ချက် လှည့် ပေးလေသည် ။
“ ကျေရော မဟုတ်လား ”
ကျွန်တော် ဘာမှ မပြောပါ ။ မဆီမဆိုင် မျက်စိ ထဲ ၌ သူ့ သူငယ်ချင်းမကလေး ပေါက်ခေါဂျူလီ ကို သွား မြင်လိုက်သဖြင့် “ ဂျူလီ မပါလာတာ သိပ် ကံကောင်းတာပဲ ဝင်းဦး ရေ ” ဟု ကိုယ့် ဘာသာ ကိုယ် ပီတိ ဖြစ်နေမိပါသည် ။
သို့ရာတွင် ကျွန်တော် ကံကောင်းသည် မှာ သည် တစ်ခါ တည်းသာ ဖြစ်လေသည် ။ နောက်နေ့များ ၌ ကား မချောကလေး သည် ကြော့ကြော့ ၊ ကြော့ကြော့ နှင့် ရှေ့ဆုံး က အမြဲ ပါလာလေတော့သည် ။ ကျွန်တော့် မှာ မူ တွေ့လေတိုင်း ယဉ်ကျေး သိမ်မွေ့သူ တစ်ယောက် ၏ ပကတိ အမူအကျင့်
အတိုင်း “ ဂျူလီ ပါလာတာ ကိုယ့် အဖို့ သိပ် ပျော်မိတာပဲ ” ဟု ပြောရပါသည် ။ ရင်ထဲ ၌ ကား ကျပ်၍ နေမိသည် ။
နေ့စဉ် နေ့တို င်းလိုလို သူတို့ နှစ်ယောက် ပေါက်လာပြီး သုံးယောက်သား ကပွဲ သွားလိုက် ၊ ရုပ်ရှင် သွားလိုက် ဖြင့် အပျော် ကြီး ပျော်ရ နေမိပါသည် ။ အပျော်ကြီး ပျော်သည်ဆို ရာ၌ သူတို့ နှစ်ယောက် သာ ကျပ်ပြည့်တင်းပြည့် ပျော်သည် ဖြစ်လိမ့်မည် ။ ကျွန်တော့် မှာမူ မာဂျီ ၏ ခါး ဖက် လျှင် ဂျူလီ ကို လည်း ဖက်ရ ၊ ကောင်းသောည ဟု နှုတ်ဆက်ရသော အခါ မာဂျီ ကို နမ်းလျှင် ဂျူလီ ကို လည်း နမ်းရ ပြန်ဖြင့် ရွှင်မြူး ရ မလို ၊ ကြေကွဲ ရ မလို လိပ်ခဲတည်းလည်း ရှင်းရှင်း မပျော်နိုင်ဘဲ သဲပွင့် အဝင် ခံရသော ကမာကောင် ပမာ မကျေနိုင် မချမ်းနိုင် ဖြစ်၍နေမိ ပါသည် ။ သို့ဖြစ်လေလေ ပေါက်ခေါမဂျူလီ ကို အမြင်ကတ်လေလေ ဖြင့် မတတ်သာ၍ ပင့်သက်ရှူ နေရသည့် ကြားထဲမှ ပင် တစ်နေ့တခြား ဒေါမနဿ ပွား နေမိပါသည် ။ သူ့ခမျာ မသိရှာပေ ။
သူတို့ နှင့် သွားနေစဉ် အတွင်းတွင် နယူးကာဆဲ ( လ ) မြို့ ကြီးအား အတော်ကလေး နှံ့နှံ့စပ်စပ် ရောက်သွား မိပါသည် ။ ဆင်ခြေဖုံးရပ်ကွက် မှ အစ မြို့လယ် ကုန်ပဒေသာတိုက်ကြီး များ အထိ တတွဲတွဲ သွားခဲ့ကြသည် ။ ဒယ်လီကေတဆင် ( Delicatessen ) ခေါ် အစားအသောက်ဆိုင်ကလေးများ တွင် ဝင် စား ၍ နို့တစ်ခွက် သောက်ပြီး ဝမ်းပြည့် မှ ပင်လယ်ကမ်းခြေ ဘက် ထွက်ကာ လေညင်းခံ ပြီးသော် လဟာပြင်ရုပ်ရှင် တွင် ကား ထိုး၍ သူတို့ နှစ်ယောက် က တစ်ဖက် တစ်ချက် မှ တိုးကပ် ထိုင်ပြီး ရုပ်ရှင် ကြည့်ရသည် မှာ နိဗ္ဗာန် ပင် ဖြစ်လေသည် ။
အစ ပထမ၌ ပေါက်ခေါမ ဂျူလီ ကြောင့် ကသိကအောက် ဖြစ်ရသော ကျွန်တော့် မှာ ကြာတော့လည်း ကျင့်သားရ၍ သွား ပြီး အမှုမဲ့ အမှတ်မဲ့ ပင် ဖြစ်သွားရပါသည် ။ မာဂျီ ရှိ နေသရွေ့ တော့ ကျွန်တော် ကြည်မွေ့ရ ပေလိမ့်မည် ။
ဦးကြီး မှာ လည်း ညစဉ် တံခါး ထ မဖွင့်ပေး နိုင်တော့ သဖြင့် တံခါး စေ့ထားပြီး ကျွန်တော့် ဘာသာ ကျွန်တော် တွန်းဖွင့် ဝင်ရသည့် အလေ့ပင် ရခဲ့ပြီ ။
ကျွန်တော့် ဘဝ ကား အိပ်မက် ကဲ့သို့ ဆန်းကြယ်ပြီး ကြည်နူးဖွယ်ရာတွေ အပြည့် ရှိနေသည် ။ သို့သော် အိပ်မက် ဆိုသည့် အတိုင်း မက်တုန်း ခဏ တိုတောင်းရပေမည်တကား ။
••••• ••••• •••••
“ ကိုင်း .. ကိုင်း ... နှစ်ပါးသွား တစ်ခါ သိမ်းလို့ လွမ်းခန်းနဲ့ ချိန်းစို့ရဲ့ ဝင်းဦးကလေး ”
တစ်နံနက် တွင် အအိပ်နှပ် နေသော ကျွန်တော့် အား လက် ထဲ တွင် သံကြိုးစာရွက် ကိုင်ပြီး ဝင်လာသော ဦးကြီး က ကာရန်နဘေ မစပ်မဟပ် တို့ဖြင့် ပြောလိုက် သောကြောင့် ကျွန်တော့်မှာ ထိတ်ခနဲ ဖြစ်၍ သွားမိပါသည် ။
အိပ်မက် မှ အစစ်အမှန် သို့ ကူးပြောင်းရပြန်ဦးမည် ကို ရိပ်မိလိုက် သဖြင့် “ ဆိုပါဦး .. ဦးကြီး ရဲ့ ” ဟု မေးလိုက်ရာ တွင် -
“ နက်ဖြန်ခါ တို့ ကွင်းစလမ်း ( Queens Land ) ပြည်နယ် က ဘရစ်စဘိန်း ( Brisbane ) မြို့ကို ရွှေ့ရဖို့ သံရုံး က ညွှန်ကြားချက် ရတယ်ကွ ၊ လေယာဉ်လည်း စီစဉ်ပြီးပြီ ဆိုပဲ ” ဟု ဦးကြီး က ဖြေပါသည် ။
ကံဆန်းကလေး တစ်ကွက် လှည့်ပေပြီ ။
သည် ခရီးစဉ်တွေ ကို မဆွက ကြိုတင် သိလေပြီး ဖြစ်ခဲ့ သော်လည်း ပျော်စရာတွေ နှင့် တွေ့၍ ကျွန်တော် မေ့ခဲ့ရသည် ဖြစ်ရကား ယခု မမျှော်လင့်သည် ကို ကြားလိုက်ရသူ လို ယောင်ချာချာများ ပင် ဖြစ်၍သွားမိသည် ။ ထို့ကြောင့် - “ သူတို့ဟာ ကလည်း မြန်ချင်တော့ လည်း မြန်လိုက်တာ ၊ ကြိုတင် ပြီးတောင် အကြောင်းကြားဖို့ အချိန် မရတော့ဘူးတဲ့လားဗျာ ” ဟု ညည်းညူသံ မပါမိအောင် မနည်းကြီး ထိန်း၍ ပြောလိုက်ရ ပေသည် ။
ဤတွင် ဦးကြီး က -
“ ဟ ... မင်း က အခုမှ ပျော်စရာတွေ တွေ့နေတော့ ဒီလို ပြောမပေါ့ကွ ၊ လွန်ခဲ့တဲ့ တစ်လ လောက် ကဖြင့် ကျွန်တော် ဖြင့် ပျင်းပြီ ဦးကြီး ရယ် ၊ ဒီနေရာက ဘယ်တော့ ရွှေ့ရပါလိမ့် မယ် မသိဘူး ၊ ဒုက္ခပါပဲ ၊ ဘာပဲ ၊ ညာပဲ နဲ့ ညည်းနေတဲ့ ကောင်က ” ဟု စိတ်တိုတို ဖြင့် ပြောလိုက် သဖြင့် ကျွန်တော် လည်း စကား မဟဝံ့တော့ဘဲ ငြိမ်၍ နေလိုက်ရသည် ။
“ ကိုင်း .. ဝယ်စရာ ခြမ်းစရာလေး ပြေး ဝယ်ကြဦးစို့ ၊ မြန်မြန်ထ ၊ မျက်နှာသစ် ၊ အဝတ်လဲ ”
သို့ ဦးကြီး လောဆော်လိုက်သည် ၌ ကျွန်တော် လည်း အကြံဉာဏ် တစ်ခု ဖျတ်ခနဲ ရလိုက်သဖြင့် အိပ်ရာ ဘေး မှ တယ်လီဖုန်း ကို ကောက်ကိုင်လိုက်ပြီး မာဂျီ ပြောထားသည့် နံပါတ် ကို ကောက်၍ လှည့် လိုက်ပါသည် ။ ပြီးနောက် ဦးကြီး မျက်နှာ အား လှမ်းကြည့်သောအခါ မချိုမချဉ် မျက်နှာပေး ဖြင့် နားစွင့် နေသည် ကို တွေ့ရသည် ။
မာဂျီ နှင့် ဂျူလီ တို့သည် ရေမွန်တဲရေး ( စ ) မြို့ကလေး အနီး ရှိ နိုင်လွန်စက်ရုံကြီး ၌ မန်နေဂျာကြီးများ ၏ အတွင်းရေးမှူးမကလေးများ အဖြစ် အလုပ် လုပ်နေကြသူများ ဖြစ်ရကား အလုပ်ဆင်းရက် ဖြစ်သည့် အလျောက် ၄င်းတို့ ထုံးစံအရ ညနေ ငါးနာရီ ကျမှ အားကြမည် ဖြစ်ပါသည် ။ ထိုအချိန် ကျမှ တွေ့ဆုံ ပြီး ကိုယ် လိုချင်သည့် အစီအစဉ် ကို ပြောလျှင် အချိန်မီမည် မဟုတ်ပေ ။
“ ဟယ်လို ၊ မန်နေဂျာချုပ် ရဲ့ အတွင်းရေးမှူး စကား ပြောနေပါတယ် ရှင် ”
မာဂျီ ၏ အသံသာသာကား မည်သည့် နေရာ က ကြားရ ကြားရ နားဝင် ချိုလှပါသည် ။
“ ဝင်းဦး ပါ မာဂျီ ၊ ကိုယ့် အသံ မမှတ်မိတော့ဘူးလား ”
“ မမှတ်မိဘဲ နေပါ့မလား ဝင်းနူး ရယ် ၊ မာဂျီတို့ ကြား နေကျ အသံမျိုး မှ မဟုတ်ဘဲကလား ”
“ ဒီမှာ မာဂျီ ... ”
“ ဆိုလေ ”
“ ကိုယ်တို့ လေ နက်ဖြန်ခါ ဘရစ်စဘိန်း ကို ပြောင်းရလိမ့် မယ် ၊ ဘာ ... ဘာ နောက်နေတာ မဟုတ်ဘူး မာဂျီ ၊ တကယ် ပါ ၊ ဒီနေ့ပဲ သံကြိုး ရတယ် ။ ကိုယ်တို့ နောက် ဘယ်တော့မှ တွေ့နိုင်ကြတော့မှာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့ မာဂျီ ရယ် ၊ ဒီတော့လေ ဒီနေ့ ည ကိုယ် ... ကိုယ် နှုတ်ဆက်ပွဲ သဘော မျိုး လုပ်ချင်လို့ .... အဲဒါ ”
ဦးကြီး က ပြူးတူးပြဲတဲ နှင့် ခေါင်းထောင် ကြည့်လေ သည် ။ နှုတ် မှ လည်း -
“ အေး ... ကုန်ဦးမပေါ့ကွာ ပိုက်ဆံ ” ဟု ပြောလိုက်သေးသည် ။
“ ဒီလိုဆို မာဂျီတို့ ရေမွန်တဲရေး ( စ ) က ဝှိုက်အင်းဟိုတယ် မှာ ညစာ စား ရအောင်လေ မကောင်းဘူးလား ၊ ပြီးတော့ ဒန့် ( စ ) ပေါ့ ၊ မာဂျီ့ အသိ ယောက်ျား ၊ မိန်းမလေးတွေ ရော ၊ ဂျူလီ ရော လူစုံအောင် ဖိတ်ထားလိုက်မယ် ၊ ဒက်ဒီ နဲ့ မာမီ ကို လည်း ပြောထားနှင့်မယ် ”
“ ကောင်းတော့ ကောင်းပါတယ် မာဂျီ ရာ ၊ ဒါပေမဲ့ ကိုယ် မာဂျီ နဲ့ ... ”
“ သိပါတယ် ဝင်းနူး ရယ် ၊ ပါတီ ကျတော့ ကိုယ်တို့ နှစ်ယောက် အတွက် သတ်သတ် အချိန် အားတွေ ရမှာပါ ၊ မပူပါနဲ့ ၊ မာဂျီ ကတိ ပေးပါတယ် ”
“ ကျေးဇူးတင်ပါတယ် မာဂျီ ”
“ အိုကေ ညနေ ခုနစ်နာရီ အရောက်သာ ဆက်ဆက် ဝှိုက်အင်း ကို လာနော် ... ချယ်ရီးရို ဝင်း ”
ကျွန်တော် က တယ်လီဖု န်းကို ပြန် ချလိုက်ပြီး ဟင်းခနဲ နှာခေါင်း မှ လေမှုတ်ထုတ်လိုက်ရာ “ အကွက် က လည်း တယ် ဆင်နိုင်ကိုး ဝင်းဦး ရ ၊ ဗမာပြည် ပြန် ရောက်ရင်တော့ မင်း ကို မိန်းမ ပေးစားပစ် မှ အေးမှာပါ ” ဟု ဦးကြီး က ဆိုပါသည် ။
“ လူငယ်ပဲ မဟုတ်လား ဦးကြီး ရယ် ၊ အိပ်မက်လောက မှာ ပျော်ပါရစေဦး ”
“ အေး ... ကောင်းတာပေါ့ ကွာ ”
သို့ဖြင့် ဦးကြီး နှင့် ကျွန်တော် ရေမွန်တဲရေး ( စ ) မှ ဝှိုက်အင်း ဟိုတယ် သို့ ရောက်သောအခါ ချိန်းထားသည့် အချိန် နှင့် ကွက်တိ အံကိုက် ပင်ဖြစ်၍ နေပေသည် ။
တိုနီက သူ့ ကား အား တစ်နေ့လုံး ကျွန်တော် တို့ သုံးလိုရာ သုံးရန် ဟူ၍ လူကြုံ နှင့် မောင်းပို့ ပေးလိုက်သဖြင့် တစ်နေ့လုံး သွားစရာ ရှိသည်များကို လျှောက် သွားပြီး သူ့ ကား နှင့် ပင် လာခဲ့ ကြခြင်း ဖြစ်ပါသည် ။ ကျွန်တော် က ဒရိုင်ဘာ လုပ်၍ လာ သည် ။
ဟိုတယ် လှေကားထစ် အရှေ့ ကား ထိုးဆိုက်လိုက်သည် ဆိုလျှင်ပင် မာဂျီ နှင့် ဂျူလီ သည် အပြေးကလေး ဆင်း လာကြ ပြီး ကြိုပါသည် ။ ပြီးနောက် တိုနီ့ မိန်းမ အဘွားကြီး က လည်း ထက်ကြပ် လိုက်လာပြီး ဦးကြီး ကို ခေါ်သည် ။ ကျွန်တော် ကား သူတို့ နှစ်ယောက် နှစ်ဖက် ညှပ်၍ တက်လိုက်လာရသည် ။
ကပွဲခန်းမ ထဲ ရောက်သော အခါ၌ တိုနီ က ထုံးစံအတိုင်း တစ်ယောက်ချင်း မိတ်ဆက် ပေးလိုက်ပြီး ဘီယာဝိုင်း စလိုက် ကြပါသည် ။ အားလုံးပေါင်း လူ ၃ဝ ခန့် ရှိမည် ထင်ရပြီး အမျိုးသား ၊ အမျိုးသမီး အရေအတွက် မျှ ကြပါသည် ။ ကောင်ချောကလေး သုံးလေး ယောက် ပါသော်လည်း သူ့ အတွဲ နှင့် သူ ရှိပြီး ဖြစ်လေသည် ။ မာဂျီ နှင့် ဂျူလီ သာ အတွဲ မရှိသည် ကို ရိပ်မိ သဖြင့် “ မာဂျီ ကတော့ ကိုယ့် ( Girl Fiend ) မိတ်ဆွေ ထားပါတော့ ၊ ပေါက်ခေါမကလေး က တော့ ဘာဖြစ်လို့ အဖော် ခေါ် မလာရတာလဲ ” ဟု မကျေမနပ်ဖြင့် အနှောင့်အယှက် ဖြစ် တော့မည့် အရေးကို တွေးပြီး အစိုးရိမ် ကြီးလိုက်မိပါသည် ။ သို့ပေမဲ့ သူ့ ချည်း ဂရုစိုက် မနေနိုင်ပါ ။
အမျိုးသမီးတွေ က ဂျင် သောက်ပြီး ကျွန်တော် တို့ က ဘီယာ သောက်ပါလျက် သူတို့ မမူးဘဲ ကျွန်တော် က မူးချင်ချင် ဖြစ်၍ နေသည် ။ အမြည်း အဖြစ် ကျွေးကြသည်များ မှာ လည်း မနည်းပေ ။ ဟန်းတားမြစ်ကမ်းနဖူး တွင် ဆောက်ထားသော ဟိုတယ် ဖြစ်သည့် အလျောက် လတ်လတ်ဆတ်ဆတ် ရေသတ္တဝါများ အလျှံပယ် စားသုံးရလေသည် ။ ပူပူနွေးနွေး ပြုတ် ထားသော ပုစွန်ဆိတ်နီနီကလေးများ ကို သူ့ အတိုင်း စားပွဲ ပေါ် တွင် ဟိုတစ်ပုံ ၊ သည်တစ်ပုံ ပြု၍ ချိုးဖဲ့ စားသုံးရသော အခါ ကိုယ့် ပြည် ကိုယ် လွမ်း၍ လာသည် ။ ကမာကောင်အစိမ်း ကို ဆော့ နှင့် တို့ စားရသော အခါ တစ်မျိုး အရသာ ရှိပေသည် ။ ဦးကြီး ကမူ ဝီစကီ ကို မှ သောက်၍ တွေ့သမျှ လူကို ဝီစကီ လိုက်တိုက်၍ နေလေရာ လက်မြှောက်သူတွေ မြှောက် ကုန်ကြ တော့သည် ။ “ ဘီယာ က အလကား ၊ ဗိုက် ကားပြီး မမူးဘူး ဝီစကီ မှ ” ဟု ဆိုသဖြင့် ဗျစ်ခါး ကလေး တစ်မြုံ ကျိုက်၍ ခေါင်းစိုက် တတ်ကြသော သူတို့ အတွက် တအံ့တသြကြီး ဖြစ် စရာတည်း ။
သောက်ပွဲ ပြီးသည် နောက် ကပွဲ မစမီ အားလုံးက ဝိုင်း၍ ကျွန်တော် တို့ နှစ် ယောက်အား သီချင်း ဆိုခိုင်း ရာ “ မင်း က အင်္ဂလိပ်သီချင်း ဆို ကွာ ၊ ငါ က ဗမာသီချင်း ပဲ ဆိုမယ် ” ဟု ဦးကြီး ၏ အမိန့်ချမှုကြောင့် မူးမူး နှင့် “ ယနေ့ညတော့ သတိရနေမှာပဲကွယ် ” ဟူသော ပက်ဘွန်း ၏ သီချင်းအား ကောက်ဆို လိုက်ရပေသည် ။
အရက်ကလေး ထွေလျှင် စိတ်ကူးယဉ် အလျဉ်ကြော ၌ မျောတတ်သော ကျွန်တော် ကား မာဂျီ မျက်နှာ အား ကြည့် ကာ သည် သီချင်း ကို ဆိုရသောအခါ မြေ မှ ကြွ ၍ မိုးဝ သို့ ပျံလေပြီ ဟုပင် အထင် ရောက်ရှိပါသည် ။
ကျွန်တော် ပြီးသော် ဦးကြီး က ထ တည့်၍ “ မန္တလေး ကို လိုက်ကြမလား အစ်ကို ၊ အောင်နိမိတ်တွေ ၊ အောင်အတိတ် တွေ ဆိုဆို ၊ ရွှေမန်းတောင်တော်ရိပ်ခို ၊ တောင်ရိပ်ခို ၊ မြစမ်းရေညို ၊ စိမ်းရောင်စို ” ဟူသော လေဘာတီမမြရင် ၏ သီချင်း အား အသံအောကြီး နှင့် ဟစ်ဆိုပါလေတော့သည် ။
ဤတွင် မာဂျီ က “ တေးသွား က တစ်မျိုး နားထောင်လို့ ကောင်းသား ၊ အဓိပ္ပာယ် က ကော ဘာတဲ့လဲ ဟင် ” ဟု မေးသဖြင့် “ မန္တလေး ဆိုသည်မှာ ရှေးမင်းစိုက်ရာ ကျွန်တော် တို့ မြို့ဖြစ် ကြောင်း ၊ မန္တလေး တွင် တောင် ရှိကြောင်း ၊ ထို တောင်ရိပ် ကို ခို လျှင် အသက်ရှည်သည် ဟု ဆိုစမှတ် ပြုကြကြောင်း ၊ ထို့ ကြောင့် လိုက်ကြမလား ဟု ခေါ်သည် ဖြစ်ကြောင်း ” ကို ကပေါက်တိ ကပေါက်ချာ ဖြေရှင်း ပြရသည် ။
“ မာဂျီ လည်း လိုက်ချင်လိုက်တာကွယ် ”
ကျွန်တော် သည် သူ့ လက်ကလေး နှစ်ဖက် မနာကျင် အောင် အသာ ဖျစ်ညှစ်လိုက်မိပါသည် ။ မာဂျီ လိုက်ချင် လျှင် ကမ္ဘာအစွန်း သို့ပင် သွားရန် ဝန်မလေးသော ကျွန်တော် မှန်း သူ သိစေချင်ပါသည် ။
“ မာဂျီ ... မာဂျီ ကိုလေ ကိုယ် ဗမာ နာမည် “ မကြည် ” လို့ ပေးမယ် သိလား ၊ အဓိပ္ပာယ် ကတော့ ကြည်လင်သော အလှ လို့ ဆိုနိုင်တာပေါ့ ”
“ မကြည် ၊ ဟုတ်လား ဝင်းနူး ၊ မကြည် တဲ့လား ”
“ ဟုတ်တယ် မကြည် ၊ ဝင်းဦး ရဲ့ မကြည် ပေါ့ ၊ ဗမာပြည် ပြန် ရောက်တဲ့အခါ ဗမာပြည် မှာ မကြည် တွေ အများကြီး ရှိပေမဲ့ သြစတြေးလျ က မကြည် ကိုမှ လွမ်းနေမယ့် ဝင်းဦး ပဲ လေ ”
မကြည် က ပြုံး၍ နေပေသည် ။
မကြည် သည် သူ့ ကတိ အတိုင်း တစ်ချိန်လုံး တစ်ညလုံး ကျွန်တော့် ဘေးတွင် သာ ရှိနေပြီး ကျွန်တော် မှ လွဲ၍ ဘယ်သူနှင့် မှ တွဲ၍ မကရှာပါ ။ တစ်ခုသာ ရှိသည် ။ သူ မောသည့်ဟန် တွေ့ရ သောအခါ “ ဂျူလီ နဲ့ ကပါဦးနော် ” ဟု တောင်းပန်တတ် သဖြင့် ကျွန်တော့် မှာ ရံဖန်ရံခါ ပေါက်ခေါမကလေး နှင့် တွဲ၍ က ရပါသည် ။ အကျည်းတန်မကလေး က မူ မလှမ်းခင် က ကမ်းချင် ချင်မို့ ချောခနဲ အလိုက်သင့် ပါလာတတ်သည်ချည်း ဖြစ်သည် ။
အရေချပ်ချပ် ၊ အရိုးဖြင့် ကပ်နေသော လက်ချောင်း ကလေးများ ကို ဆုပ်ကိုင်ရပြီး ၊ အဆစ်များ ဖော်ထားသော မက်ချင်းမွန်သား တုတ်ကောက် ကို အသာ တင်ထားသလို ကျောရိုးကလေး ငေါင်းစင်းစင်း ပေါ် နေသည့် သူ့ ကျောပြင်အား လက်တစ်ဖက် ဖြင့် သိုင်းဖက်ရသော အခါ ကျွန်တော့် မှာ မည်သို့မျှ သာယာမှု မရနိုင်ဘဲ ရှိနေပါသည် ။ ကံဆိုးရှာသော အမျိုးသမီးကလေး ပေ ပဲ ။ သူ့ ခမျာ ကျွန်တော့် ရင်ဘတ် တွင် မျက်နှာများ ပင် အသာ ကပ်၍ ကတတ်ပါသေးသည် ။ ကျွန်တော့် မျက်လုံးများ က မူ အလှပြနေသည့် သဖွယ် ကုလား ထိုင် တွင် ထိုင်ပြီး ကြည့်နေသော မာဂျီ ( ဝါ ) ကျွန်တော့် မကြည် ထံ သို့သာ ရောက်နေမိပါသည် ။
ထို့ကြောင့် ဂျူလီ နှင့် တစ်ဆိုင်း က ပြီးနောက် မကြည် နှင့် ပြန် ကရသော အခါ၌ကား ကျွန်တော် လည်း သူ့ ကို ဝရန်တာ အပြင်ဘက် သို့ တွဲခေါ်ခဲ့မိပါတော့သည် ။
ငွေရောင်ခြည်များ ဖြာကျ နေသော ဝရန်တာ တွင် ကား ထိုအချိန်၌ မကြည် နှင့် ကျွန်တော် နှစ်ယောက်တည်း သာ ရှိနေပါသည် ။ လက်ရန်း ကို မှီ၍ နှစ်ယောက်သား အောက်ခြေဆီ သို့ မျှော်ကြည့်ကြသောအခါ တသွင်သွင် စီးလျက် ရှိသော ဟန်းတားမြစ် ကို မြင်ရပါသည် ။
ငါးဖမ်း မော်တော်ဘုတ်ကလေး တစ်စင်း သည် မီးကလေး မှိတ်တုတ် မှိတ်တုတ်ဖြင့် ဟို မှ သည် ကူးသန်း သွား လာနေသည် ။ အချိန် မဟုတ် ၊ အခါ မဟုတ် လမ်းမှား ပျံသန်း လာဟန် တူသော ကွတ်ကားဗာရား ( Cookaburra ) ဟူသော ငှက် တစ်ကောင်သည် ကျွန်တော် တို့ ခေါင်း ပေါ်မှ ကိုးကိုးကက်ကက် ဖြင့် အရှည်ကြီး အော်၍ သွားကာ ဟန်းတားမြစ် ကို ကျော်၍ အဝေးဆီ သို့ ပျံလေ၏ ။
မကြည် ကား ကျွန်တော့် ရင်ခွင် ထဲတွင် ရောက်၍ နေလေ သည် ။ အပြာနုရောင် နိုင်လွန်ဂါဝန်ဖားကြီး ဝတ်ထားသဖြင့် နီလာ နှင့် ပတ္တမြား ပေါင်းစပ် ရောယှက် ထုထားသော ပန်းပု နတ်သူဇာ အလား ယိုးမှား မိပါသည် ။ ကျွန်တော် က ပွေ့ဖက် နမ်းရှုပ် သမျှ မကြည် ကလည်း အားကျမခံ ပြန်နမ်းလေရာ သူ က နမ်း ၊ ကိုယ် က နမ်း ဖြင့် အနမ်းလောကကြီး ဖြစ်၍နေလေ တော့သည် ။ ကျွန်တော် ရဲတင်းသမျှ ကို အိုး ... အိုး ... အင်း ... အင်း ဖြင့် စိတ်ရှည်လက်ရှည် အလိုလိုက် ရှာပါသည် ။ အတန် ကြာသည် အထိ နေလိုက်ကြပြီးမှ -
“ ဝင်း ”
“ မကြည် ”
မကြည် သည် သက်ပြင်း တစ်ချက် ချ လိုက်လေသည် ။ ပြီးမှ -
“ ဂျူလီ ကို ပဲ ချစ်ပါလားကွယ် ” ဟု တစ်လုံးချင်း ဖြည်းလေးစွာ ဆိုလိုက်ပါ၏ ။
ယစ်ရွှေရည် ဖြင့် ကြည်မွေ့နေသော ကျွန်တော့် မှာ အထိတ်တလန့် ဖြင့် သူ့ ကို ငုံ့ ကြည့်လိုက်မိပါသည် ။ တကယ် ပြောနေမှန်း သူ့ မျက်နှာ ကြည့်မှ ပို၍ သိလိုက်သဖြင့် ကျွန်တော့် အဖို့ အဆန်းတကြယ်ကြီး ဖြစ်သွားမိပြီး မမှန်းတတ် အောင် ဖြစ်၍ သွားမိပါသည် ။
“ ဂျူလီ ကို ချစ်ပါလားကွယ် ” ဆိုသည့် စကား မှာ တိုက်ရိုက် ဘာသာပြန်ခြင်း ဖြစ်၍ တခြား အဓိပ္ပာယ် ရှိသေးသလား ဟူ၍တော့ မစဉ်းစားမိပါ ။
“ မကြည် ပြောတာကို ယုံနော် ၊ ဝင်း ... ဟုတ်လား ၊ ဂျူလီ ကိုပဲ ချစ်ပါကွယ် ”
မကြည် သည် ကျွန်တော့် ပါးအား ဘယ်ပြန် ညာပြန် အထပ်ထပ် နမ်းပြီး မှ တစ်စုံတစ်ရာ ကို “ ရော့ ” ဟု ကျွန်တော့် လက် ထဲ တွင် ထည့်လိုက်ကာ ရုတ်တရက် ကျွန်တော့် ရင်ခွင် မှ ရုန်းထွက်ပြီး ကပွဲခန်းမ အတွင်း သို့ ပြန်လည် ပြေးဝင် သွားပါ၏ ။
ကျွန်တော် ကား မတားမိဘဲ ငိုင်၍ ကျန်ရစ်ပါသည် ။ လက် ကို ဖြန့် ကြည့် လိုက်သောအခါ ကားစက် နှိုးသည့် သော့ကလေး တစ်ချောင်း ။
ကျွန်တော် သည် ကိုယ့် ကိုယ် ကို အမူး လွန်၍ မူးလဲ နေကာ မဟုတ်က ဟုတ်ကတွေ အိပ်မက် မက်နေသည် ဟု ထင်လိုက် သဖြင့် နေရာ အနှံ့အပြား လက်သည်း နှင့် ဆိတ် ကြည့်လိုက်မိ သေးသည် ။ သို့သော် ကျွန်တော် သတိမမေ့ပါ ။ ဘဝ တစ်ပါး သို့ ပြောင်းကြွ သွား၍ ရှံပန်းထည်ကလေး ပတ်၍ထားသော နတ်ဝင်းဦးကလေး လည်း မဟုတ်သေးပါ ။
ဘီယာ နှင့် ဝီစကီ ရော၍ မွှေလိုက် သဖြင့် ကျွန်တော့် တစ်ကိုယ်လုံး မှာ ယခုထက်ထိ ထူပူပြီး ရီဝေဝေကြီး ဖြစ်လျက် ရှိပါသည် ။ လေပြည်လေညင်းကလေး တသွင်သွင် တိုက်ခတ် နေသည့်တိုင် ကျွန်တော့် ကိုယ်ခန္ဓာ တွင် အအေးဓာတ် မခံစားမိ ပါ ။ သွေးတို့ သည် ကိုယ်တွင်း ၌ ရာခိုင်နှုန်းပြည့် လှည့်လည် နေ ကြသည် ထင်ပေသည် ။ ဖြေပြေရာ ကို ရှာမှ သင့်ပေလိမ့်မည် ။
ခဏမျှ ငိုင် နေလိုက်ပြီး ကာ မှ ကျွန်တော် သည် အိပ်မက် ထဲ လမ်းလျှောက်သူ လို ဝရန်တာလှေကား မှ တစ်ထစ်ချင်း ဆင်း၍ မကြည် ၏ ကား ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး မောင်းသူ နေရာတွင် ဝင် ထိုင် လိုက်ပါသည် ။ ထို့နောက် အတွင်း မီး ကို ဖွင့်မည် ပြုလိုက်ရာ၌ လက်ကလေး တစ်ဖက်က ကျွန်တော့် ပခုံး ကို လာ ကိုင်လိုက်ပါသည် ။ အသားကပ်ကပ် ၊ အရေချပ်ချပ်ဖြင့် ရိုးပိန်တာလက်ချောင်းကလေးများ ကို ကိုင်မိသည် တကား ။ မထူးတော့ပါ ။
အံကို တစ်ချက်ကြိတ် လိုက်၍ ကား စက်နှိုး လိုက်ရပါသည် ။ တစ်စုံတစ်ယောက် က ကျွန်တော့် ပခုံးတွင် ခေါင်း မှီ လိုက်သည် ကို သိ လိုက်ရသည် ။
“ ဟယ် ... ယောက်ျားဘသား ”
ကား ကို အရှိန်ပြင်းပြင်း မောင်းလိုက်မိပေ၏ ။
••••• ••••• •••••
တီအေအေ မိတ်ဆွေ လေယာဉ်ပျံကြီး သည် အရှိန်မပျက် ပျံနေရင်း မှ တစ်စထက်တစ်စ နိမ့်၍ နိမ့်၍ ကျလာလေသည် ။ အောက် မှ တောတောင်ရေမြေ တို့ ကို ဝိုးတဝါး မြင်၍ လာသည် ။ လေယာဉ်ခန်း တွင်းရှိ အအေးဓာတ် မှာ လည်း အတန်ငယ် လျော့ပါး သွားပေသည် ။ ကူလန်ဂတ်တား ကို ရောက်ရန်
မဝေးတော့ ။
မကြည့် ပခုံးကလေးအား တယုတယ သိုင်းဖက် ထားရင်း မှ ကျွန်တော့် စိတ်သည် နယူးကာဆဲ ( လ ) မှ လာ၍ စီးရသော ဝီလျံတောင်းလေဆိပ် ကို ပြန်မြင်လိုက်မိသည် ။
ဝှိုက်အင်းဟိုတယ် တွင် ကပွဲ ပြုလုပ်ကြပြီး နောက် တစ်နေ့ နံနက်၌ ကျွန်တော် တို့ အား မကြည် တို့ မိသားစု က လေဆိပ်သို့ လိုက်ပို့ကြပါသည် ။ ပေါက်ခေါမကလေး လည်း ပါလေသည် ။
“ ဟေး ... ဝင်းနူး ... အံ့အားသင့်မယ့် စကား ပြောရဦး မယ် ၊ မာဂျီ လေ ... ဝင်းနူး တို့ နဲ့ ကူလန်ဂတ်တား အထိ လိုက်မလို့ ” ဟု လေဆိပ်တွင် ရောက်နှင့် ပြီးသော ကျွန်တော့် အား အမီ လိုက်လာသော တိုနီ၏ ကား ဆိုက်ဆိုက်ချင်း လက်ဆွဲသေတ္တာကလေး ဆွဲ၍ ဆင်းလာသော မကြည် က ပြော သဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ဝမ်းသာ၍ သွားမိသည် ။
“ ခွင့် နှစ်ပတ် ရတယ်လေ ဝင်းနူး ရဲ့ ၊ ဒါကြောင့်မို့ သူ လိုက်နိုင်တာ ” ဟု ဂျူလီ က လည်း ပြုံးပြုံးရယ်ရယ် ဝင်ပြော လေသည် ။
ကျွန်တော့် မှာ မူ ပေါက်ခေါမကလေး အား ရဲရဲ မကြည့်ဝံ့ ပါ ။ မလုံ သလိုလို ၊ ရင်ကျပ် သလိုလို နှင့် အနေ ခက်နေမိသဖြင့် တိုနီ နှင့် အဘွားကြီး ဘက် သာ လှည့်၍ စကားစမြည် ပြောနေ ရလေသည် ။
အချိန် စေ့၍ လေယာဉ် မှခေါ်သော အခါ တစ်ယောက် နှင့် တစ်ယောက် လက်ဆွဲ နှုတ်ဆက်ကြရင်း တိုနီ က -
“ ကိုယ့် သမီး မာဂျီ ကို တစ်ပါတည်း လည်း မသုတ်သွားနဲ့ဦးနော် ဝင်းနူး ” ဟု နောက် လေရာ အဘွားကြီး က လည်း “ အဲဒါ ပို ကောင်းတယ် ၊ ဒါမှ အိမ် မှာ စကား များတဲ့ လူ လျော့ မှာ ” ဟု ဝင် ဖောက် လိုက်လေသေးသည် ။ ဦးကြီး ကမူ ခေါင်း တဆတ်ဆတ် ညိတ်ကာ ပြုံး ၍ သာ နေလေသည် ။
ပေါက်ခေါမကလေး ဂျူလီ သည် ကျွန်တော့် အား လက်ဆွဲ နှုတ်ဆက်ကာ -
“ ကျေးဇူးတင်ပါတယ် ဝင်းနူးရယ် ” ဟု ဆို လိုက်ပါသည် ။ ကျွန်တော့် မှာ မူ ယမန်နေ့ ည က အဖြစ်အပျက် ကို မမေ့နိုင် သေးသဖြင့် အရွံ့စိတ် မပျောက်နိုင်သေးဘဲ မရဲဝံ့ဝံ့ကြီး ဖြစ်နေ သဖြင့် ဖျစ်ညှစ် ပြုံးပြလိုက်သည် မှ လွဲ၍ ဘာမှ စကား မဟနိုင် လိုက်ပေ ။ သို့သော် အကျည်းတန်မကလေး ဟူ၍ ရွံရှာမှု ပျောက်ကွယ် သွားသည် မှာတော့ ဆန်းသလိုလို ရှိမိလေသည် ။
သို့နှင့် အချိန် ဆိုက်လာသော အခါ တစ်သက် တစ်ခါ တွေ့ကြ ကြုံကြရသော မိတ်ဆွေတို့ သည် အပြုံးချင်း ဖလှယ်ကြ အလွမ်းသယ်ကြ ဖြင့် လေယာဉ် ပေါ် ရောက်သည် အထိ လက်ကလေးများ ဝှေ့ကာယမ်းကာ ဖြင့် ခွဲခွာခဲ့ကြရပြန်လေသည် ။
ဆိုသည့်အတိုင်း လေယာဉ် ပေါ် တွင် မကြည် နှင့် ကျွန်တော် သည် ဦးကြီး ၏ ကောင်းမှုကြောင့် ယှဉ်တွဲ ထိုင်လိုက် ကြပြီး နောက် မမျိုသိပ် နိုင်သော စိတ်ကြောင့် -
“ ကိုင်း ... မကြည် ကူလန်ဂတ်တား အထိ လိုက်မယ်ဆို တာ က နောက်ထပ် ကိုယ့် ကို လှည့်စားဦးမလို့လား ၊ ဟုတ်လား ” ဟု မဆိုင်းမတွ မေးလိုက်မိသည် ။
“ ဝင်းနူး က လည်း ... မကြည် ကို စိတ်ဆိုး မပြေနိုင်သေးဘဲကိုး ၊ မကြည် ရှင်းပြရ မှာပါကွယ် ”
ကျွန်တော် က မချင့်မရဲ မျက်နှာပေး ဖြင့် “ ပြောပါလေ ” ဟု ခေါင်း အသာ ငဲ့ပြီး နားထောင်ရာ မကြည် သည် ကျွန်တော့် နှာခေါင်း အား သူ့ လက်ညှိုးလက်မ ဖြင့် အသာ ဆွဲညှပ်လိုက် ပြီးမှ -
“ ဒီလို ဝင်းနူး ရယ် ဒီလိုပါ ။ တိုတို ပြောရရင် မာဂျီ မှာ စေ့စပ်ကြောင်းလမ်း ထားတဲ့ ချစ်သူ ရှိပြီးသားပါ ၊ သူ ဟာ ရေကူးချန်ပီယံ တစ်ယောက် ဖြစ်ပြီး ကူလန်ဂတ်တား မှာ ရှိတဲ့ ရေကူးကန် တစ်ခု ပိုင်ရှင် လည်း ဖြစ်ပါတယ် ။ မာဂျီ တို့ ဟာ ငယ်ငယ် ကတည်း က ချစ်ခဲ့ကြတဲ့ ချစ်သူတွေ လည်း ဖြစ်ကြတယ် ။ ဒီတော့ ဝင်းနူး က လည်း မေး လိမ့်မယ် ၊ ဒါ့ဖြင့် ကိုယ့် ကို ဘာဖြစ်လို့ အခွင့်အလမ်းတွေ ပေးရသလဲလို့ ”
ကျွန်တော် က ခေါင်းညိတ် ပြ လိုက်ရသည် ။
“ မာဂျီ ဝင်းနူး ကို ချစ်တာကိုး ဝင်းနူး ရဲ့ ၊ ဝင်းနူး က ချစ်စရာ ကောင်းတဲ့ လူ တစ်ယောက် ဖြစ်နေတာကိုး ၊ ဒါပေမဲ့ စိတ် ထဲ က ပဲ ချစ်ပြီး ကိုယ်ကာယ နဲ့ တော့ မချစ်ဘူး ဆိုတာတော့ ဝင်းနူး အသိပါ ၊ မာဂျီ မှာ နဂိုက ရည်မှန်းထားပြီသား ချစ်သူ နဲ့ ဆိုတော့ ... ”
ဘာ ပြောစရာ လိုသေးလဲ ၊ သူတို့ အဘိဓမ္မာ နဲ့ သူတို့ အဆင် ပြေလှသည် ။ စောဒက တက်လျှင် ရှမ်းပြည်တွင် ၃၆ ကောင် ထီထိုး သကဲ့သို့ ဖွင့်သူ ၏ ဆင်ခြေမျိုးတွေ တစ်ပုံတစ်ခေါင်းကြီး ရှိလိမ့်မည် ။ ကျွန်တော် သည် သူ့ တစ်ကိုယ်လုံး အား လက်တစ်ဖက် ဖြင့် တအား သိုင်းဖက် ထား လိုက်သည် ။ ချစ်သူ ကို ဖက်၍ ချစ်သူ ကို နမ်းရပေဦးမည် ။
“ ဂျူလီ က ကျေးဇူး တင်ပါတယ်လို့ ပြောတာကကော ”
မာဂျီ သည် နှစ်လိုဖွယ်ရာ ပြုံး လိုက်ပြီး သူ့ ခေါင်းကလေး အား ကျွန်တော့် ရင်ခွင် ထဲ တွင် တိုးကပ် လိုက်ပါသည် ။
“ ဂျူလီ ဟာ လေ ၊ မာဂျီ အချစ်ဆုံး သူငယ်ချင်း လည်း ဖြစ် တယ် ၊ ပြီးတော့ ရုပ်အဆိုးဆုံး လည်း ဖြစ်တယ် ။ တော်ရုံ တန်ရုံ မိန်းကလေး ဟာ မာဂျီ တို့ တိုင်းပြည် မှာ ချစ်သူရဖို့ မခက်လှပါဘူး ဝင်းနူး ၊ သို့သော်လည်း ဂျူလီ အဖို့တော့ ဒီ အသက် ၊ ဒီ အရွယ် အထိ ချစ်သူရယ် လို့ မရှိရှာခဲ့ဘူး ။ သူ့ ခမျာ တစ်ခါ တစ်ခါ မိန်းမဘဝ ဆိုတာ ဘယ်လိုပါလိမ့် လို့ တောင် ညည်း ရှာတယ် ၊ ဝင်းနူး ဟာ နိုင်ငံခြားသား တစ်ယောက် လည်း ဖြစ် ၊ လူချော လည်း ဖြစ် ဆိုတော့ ၊ မရယ် နဲ့ တကယ်ပါ ၊ သူ အခု စိတ်ချမ်းသာ သွားရှာပြီလေ ”
ဪ ...
မရွှေဆန်းပြား တို့ ရဲ့ စွန့်စားခြင်း ဇာတ်လမ်းပေ တကား ။ ယခု မကြည် လိုက်လာသည် မှာ လည်း ရုတ်တရက် ခွင့်ရ သဖြင့် သူ့ ရွှေကိုယ်တော် နှင့် တွေ့ရန်ပင် ဖြစ်လေသည် ။ ကျွန်တော် ကမူ အငှားလိုက် ဇာတ်လိုက်မင်းသားလေးပင် တည်း ။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်းနူး ဟာ မာဂျီ မိတ်ဆွေ ပဲ ၊ မာဂျီ ချစ်ပါတယ် ”
ကျွန်တော် သည် သဘောကောင်းမကလေး မာဂျီ ( ဝါ ) ကျွန်တော့် မကြည် အား ထပ်မံ နမ်း လိုက်မိပြန်ပါသည် ။
ထိုအခါ -
“ အသာနေ ကိုရွှေကြောင် ××× ချစ်လိုက်တာ နှစ်ခါ တောင် ××× မမြရင် ရဲ့ ပါးဖွေးဖွေး သနပ်ခါး ပျက်တာတောင် ××× ဟဲ့ ကြောင် ××× ” ဟူသော သီချင်း ကို ဦးကြီး က တိုးတိုး လေး ဆိုလိုက်သံ ကြားလိုက်ရပါသည် ။
လေယာဉ် သည် တစ်စထက် တစ်စ နိမ့်ဆင်းလာကာ စက်သံ လည်း ပြောင်းလဲလာသည် ။ ကူလန်ဂတ်တားမြို့လေး ပေါ် တွင် တစ်ပတ် ဝဲ လိုက်သေးရာ ကွေ့ဝိုက်လျက် ရှိသော ပင်လယ်ကမ်းခြေ နှင့် တစ်ဆက်တည်း လှိုင်းလုံးကြီးများ တလိပ်လိပ် တက်လျက် ရှိသော ပင်လယ်ပြင်ကြီး ကို မြင်ရပေသည် ။ ပြီး နောက် ဖြူ ၊ ဝါ ၊ နီ ၊ ပြာ ခေါင်မိုးရောင်စုံကလေးများ ဖြင့် တန်ဆာဆင် ထားသော အပန်းဖြေမြို့ ၏ ရပ်ကွက်ကလေးများ ကို လည်း သာမောဖွယ်ရာ စီး၍ မြင်ရလေသည် ။ မကြည် နှင့် ကျွန်တော် ခွဲခွာရပေတော့မည် ။
သိမ့်ခနဲ ၊ ငြိမ့်ခနဲ ခံစားလိုက်ရပြီး နောက် လေယာဉ် သည် ပြေးလမ်း ပေါ်သို့ ဆင်းသည် ကို တွေ့ထိ လိုက်ပြီး အရှိန် အနည်းငယ် ပြေးလိုက်ပြီး မှ ရပ်တန့် လိုက်လေသည် ။ မကြည် သည် ကျွန်တော့် အား လက်ဆွဲနှုတ်ဆက် လိုက် ကာ “ လေယာဉ်ပျံ ထဲ မှာ ပဲ ထိုင်နေခဲ့ပါလား ဝင်းနူးရယ် ” ဟု ဆိုပါသည် ။
သူ့ မျက်လုံးကလေး တွင် ကား မျက်ရည်များ ပြည့်လျက် ရှိသည် ကို တွေ့ရပါသည် ။ ကျွန်တော် နားလည်လိုက်ပေပြီ ။
“ သွားမယ် ... ဝင်း ”
လေယာဉ်ခန်း အတွင်း မှ အပြေးကလေး တွန်းထိုး ထွက် သွားသော မကြည် အား ကျွန်တော် လှည့် မကြည့်ဘဲ ထိုင်နေ လိုက်ပါသည် ။ အိပ်မက်သူဇာ တစ်ဦး ၏ ဆုံးခန်းပေတကား ဟု ပင့်သက် ဖြင့် တင်း လိုက်ရသည် ။ သည် တစ်ထောက် တွင် မေ့ပျောက်ရမည့် သူ ကို ကျွန်တော် တစွဲလမ်းလမ်း ဖြစ်နေစရာ လည်း မရှိတော့ ။
ဦးကြီး ပြန်ရောက် လာပြီး ကျွန်တော့် ဘေး တွင် ဝင် ထိုင် လိုက် မှ ခရီး ဆက်ပြန်ဦးတော့မည် ဟု သိလိုက်ရပေသည် ။ လေယာဉ် တုန်ခါ သွား သဖြင့် စက်နှိုးသည် ဟု သိလိုက် သော်လည်း ကျွန်တော့် နား တွင် စက်သံ ကို မကြားပေ ။
တိုနီ လည်း ကျန်ရစ်သည် ၊ မာဂျီ လည်း ကျန်ရစ်ပြီ ။ အကျည်းတန်မကလေး ဂျူလီ လည်း ကျန်ရစ်၏ ။ သူ့တို့ အားလုံး သည် ကျွန်တော့် စိတ်ကြေးမုံပြင် မှ ဝေး၍ သွားပေပြီ ။
“ ကျေးဇူးတင်ပါတယ် ဝင်းနူး ရယ် ”
“ ဘယ်လိုပဲ ဖြစ်ဖြစ် ဝင်းနူး ဟာ မာဂျီ မိတ်ဆွေပဲ ၊ မာဂျီ ချစ်ပါတယ် ”
စကားသံတို့ သည် သာ ပဲ့တင်ထပ် ၍ လာ ပြန်သည် ။
တီအေအေ “ မိတ်ဆွေ ” လေယာဉ်ပျံကြီး သည် မိုးဝ သို့ အရှိန် နှင့် ပျံတက် လေ၏ ။
တိမ်လှိုင်းဖြူ တို့ သည် လွင့်၍ လွင့်၍ ပြေးသွား ကြလေပြီ ။
◾ဝင်းဦး
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၀ ပြည့်နှစ် ၊ စက်တင်ဘာလ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
၂၀၁၄ ၊ ဧပြီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment