❝ ခိုးတော့မလို ❞
( ပီမိုးနင်း )
မယ်စိန် သည် အလုပ်တိုက် ကို မြင်လျှင်မြင်ခြင်း မျက်နှာ မှာ ညိုမှိုင်းအုံ့ဆိုင်း ၍ သွားလေ၏ ။ ပင့်သက်ရှူကာ သက်မကြီး ချလိုက်လေ၏ ။ ဖြူဖျော့ပါးလျှပ်သော မျက်နှာကလေး မှာ တိုး၍ ဖျော့သည် ဟု မှတ်ထင်ရ လေ၏ ။
သို့ သွားရင်း တိုက်ရိပ် ကို နင်းမိသောအခါ ဝန်လေးသော အမူအရာ နှင့် ရပ်လျက် သာယာသော နံနက်ခင်း နေရောင်တွင် လွတ်လပ်စွာ သွားလာ၍ နေကြသော မော်တော်ကား လန်ချား ခြေလျင် သွားသူများ ကို ကြည့်ပြီး “ သူတို့မှာတော့ကား လွတ် လွတ်လပ်လပ် ၊ ငါ့ မှာတော့ ကံဆိုး လိုက်တာ ၊ နေမကောင်းလို့ လဲ မနေရ ၊ သည်လိုပဲ လုပ်ရင်း ေ သ ရလိမ့်မည် ထင်ပါရဲ့ ” ဟု တွေး လေ၏ ။
တိုက်တံခါး ကို ကြည့် လိုက်သော အခါ တစ်ခြမ်း သာ ပွင့်လျက် အတွင်းမှာ ခပ်မှောင်မှောင် ရှိလေ၏ ။ ပြတင်းပေါက် များကို တံမြက်စည်းလှည်းသမား သည် အလုပ်တိုက်ခန်း ၌ ဖုန် တွေ ကို ဆွမြှောက်၍ နေသဖြင့် မဝင်ရဲဘဲ နေလေ၏ ။ အကြောင်း မူကား “ မိမိမှာ အဆုတ်ရောဂါ ရှိသည် ” ဟု မှတ်ထင် တွေး ကြောက်၍ နေလေ၏ ။
လခ နည်း သဖြင့် ဆေးဖိုးဝါးခ မျှ မပေးနိုင်သောကြောင့် တစ်ကြောင်း ၊ ဆရာဝန် က ကြောက်စရာ လန့်စရာ တစ်ခုခု ကို ပြောလိုက်မှာ ကြောက်သောကြောင့် တစ်ကြောင်း မိမိ ၏ ဝေဒနာ နှင့် မိမိမှာ တိုးတိုးဖော် ဖြစ်၍ နေလေ၏ ။ သူငယ်ချင်း အနည်းငယ်မျှ နှင့် မောင်တင် ကို သာ မိ မိ၏ မထင်ရှားသော ဝေဒနာ အကြောင်း ကို ပြော၍ ပြရလေ၏ ။ မွန်းလွဲသည့် အခါ စာလုံးစက် ကို နှိပ်ရင်း မူးခနဲမိုက်ခနဲ ဖြစ်ကာ အဖျားတက်ချင် သကဲ့သို့ ဖြစ်ပြီး ချောင်းခြောက်ကလေး တဟဲ့ဟဲ့ ဆိုး၍ လာသည်မှာ တစ်လ နီးနီး ရှိလေ၏ ။
“ အဆုတ်နာ ပါပဲ ၊ ငါ တော့ တစ်နေ့နေ့ မှာ အလုပ်လုပ် ရင်း လဲကျပြီး သေရမှာ ထင်ပါရဲ့ ၊ ဖေဖေ ၊ မေမေ တို့ ရှိရင် ငါ အခုလို အလုပ် လည်း လုပ်ရမှာ မဟုတ်ဘူး ၊ အခုလို ဖြစ်ရင် ဆေးဆရာတွေ ၊ အခိုင်းအစေတွေ ၊ ဆရာမတွေ ပျာလောင်ခတ် နေကြမှာပဲ ၊ အခုမှာတော့ ကား နေမကောင်းလို့ လည်း မနေရ ၊ လခကလေး က လည်း လေးဆယ် ၊ ဆေးဝယ် ဖို့ မှ မရှိ ၊ သုံးနှစ်ကျော် လုပ် လို့မှ ဒီ လခ က လည်း မတိုး ၊ သူဌေးများကား တော့ ကား ၊ မော်တော်ကား နဲ့ ၊ သူ့ သမီးတွေ ဝတ်တဲ့ ထဘီ တစ်ထည်ဖိုး မှ ငါ မရဘူး ၊ သူတို့ မှာ တော့ ရုပ် နဲ့ လိုက်အောင် အမျိုးမျိုး ဆင်ပြင်ပြီး ခြေမွေး ရေမစွတ် ၊ လက်မွေး ရေမစွတ် ၊ ငါတို့ လို ဆင်းရဲတဲ့ စာရေးမ ကလေးများ ကျွန်ခံရ သမျှတွေ ဟာ သူတို့ စည်းစိမ် ခံရဖို့ချည်း ဖြစ်နေတာပဲ ၊ လခ အပြည့် နဲ့ မဆိုထားနဲ့ ၊ လခ တစ်ဝက်နဲ့ အား လပ်ခွင့်ကလေးများ မှမရဘူး ၊ ရရင် ဆေးကလေး ဝါးကလေး များ စားပြီး အေးအေးဆေးဆေးများ အခုလို အခါမှာ နေရရင် ငါ အသက် ရှည်ပါရဲ့ ၊ အခုလို ပုံမှာတော့ ေ သ အောင် လုပ်ရတော့ မှာပါပဲ ” စသည်ဖြင့် တွေးတောကာ အလုပ်တိုက် ရော ၊ သူဌေး ရော ၊ သမီး တွေ ရော တစ်တိုက်လုံး ကို မုန်းထားလေ၏ ။
သို့ အတန်ငယ် ကြာစွာကလေး ရပ်ကာ တွေး၍ နေပြီး နောက် နံဘေး တံခါးဘက် သို့ လျှောက်၍ သွားရာ စက္ကူလိပ်ကြီး တစ်ခု ကို လှေကား ရှေ့၌ တွေ့ရသဖြင့် ကောက်၍ ကြည့်ရာ အထဲ၌ စက္ကူတွေ ရှိသည် သိရသဖြင့် “ ဘာစက္ကူတွေ များပါလိမ့် မလဲ ” ဟု တွေးပြီး “ ငွေစက္ကူတွေ ထင်ပါရဲ့ ” ဟု စိတ်ထဲ၌ အောက်မေ့ကာ အင်္ကျီ အတွင်း ထဲ သို့ထည့်ပြီး တိုက်ထဲ ကို ဝင်၍ သွားလေ၏ ။
“ ငွေစက္ကူတွေ ဖြစ်ရင် အတော် များမှာပဲ ၊ လေးလေး ကြီးပါပဲ ၊ ငွေတွေ ဖြစ်ပါစေတော် ” ဟု အောက်မေ့ကာ အိမ်သာ သို့ လျင်မြန်စွာ သွားပြီး ဖြည်၍ ကြည့်ရာ ရာတန်စက္ကူတွေ အချပ် ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့် ရှိသည်ကို တွေ့ရှိရလေ၏ ။ မူးမိုက်တွေဝေ ကာ မွှန်၍ သွားလေ၏ ။
“ ဟုတ်မှ ဟုတ်ကဲ့လား ၊ အံမယ်လေး ၊ အဟုတ်ပါပဲ ၊ ငါ့ ဒုက္ခကို မြင်လို့ သူတော်ကောင်းနတ်များ မ,လာတာပါပဲ ၊ ငါ့ ဟာ ... ငါ့ ဟာ ၊ ငါ နှင့် ဆိုင်လို့ ခလုတ်တိုက်မိတာ ၊ ငါ ပိုင်တယ် ၊ ငါ့ ပစ္စည်း ၊ သည်မျှလောက် ကြီးတဲ့ ငွေထုပ်ကို ကောက်ရသူ မှန်ရင် ဘယ်သူ ပြန်ပေးမလဲ ၊ ဘယ်သူ ကြော်ငြာမလဲ ၊ ငါ အင်မတန် ဆင်းရဲတယ် ၊ ငါ သူတို့ ကို ကျွန်ခံတာ သုံးနှစ် ကျော်ပြီ ၊ ငါ့ ကို ထိုက်သလောက် မပေးကြလို့ ၊ နတ်များ က ပေးလာတာ ၊ သူတို့ငွေ ဖြစ်ဖြစ် ၊ ဘယ်သူ့ ငွေ ဖြစ်ဖြစ် ၊ ငါ ပြန် မပေးဘူး ၊ ငါ အလုပ် က ထွက် မယ် ၊ ဆေးဆရာဝန် ကောင်းကောင်း နဲ့ ဆေးကုမယ် ၊ ကျန်းမာ အောင် သင်္ဘောလမ်း နဲ့ အထက်အောက် စုန်ဆန် အနှံ့အပြား ငါ လည်မယ် ၊ ငါ့ ကိုယ် ကို ငါ ပိုင်ပြီ ၊ ငါ ကျွန်တွင်း က လွတ်ပြီ ၊ ငါ အလုပ် လုပ်ဖို့ မလိုတော့ဘူး ” စသည်ဖြင့် အပြန်ပြန် အလှန် လှန်တွေးပြီး စက္ကူလိပ်ကြီး ကို လက်ကိုင် ပဝါ နှင့် ရစ်ပတ်ကာ လက်မောင်း အောက် ၌ ညှပ်လျက် အိမ်သာ မှ ထွက်၍ လာလေ၏ ။ မယ်စိန် ၏ မျက်နှာ မှာ တောက်ပ၍ လာလေ၏ ။ မောင်တင် ဝင်၍ လာသဖြင့် ကြုံကြိုက်လေရာ မယ်စိန် သည် ၄င်းကို မမြင်ဟန် ဆောင်လျက် စိတ် ၏ လှုပ်ရှားခြင်းကို မျက်နှာ၌ မပေါ် စေရအောင် သတိထား ကာ စာလုံးစက် မှ ဖုန်များကို သုတ်သင်ဟန် လုပ်၍နေလေ၏ ။
မောင်တင် အပါး သို့ လာ၍ ရပ်သော အခါကျမှ မော့၍ ကြည့်ကာ “ ဪ ... ကိုတင် ၊ ကျွန်မတို့ နှစ်ယောက် အစောဆုံးပါ ကလား ၊ ဘယ်သူမှ မရောက်သေးဘူး ”
“ မနေ့ က အလုပ်တွေ ကျန်နေတယ် ၊ စိန်စိန် ၊ စိန်စိန် ကော ၊ အိမ် က လာတာပဲလား ”
“ အိမ် က ပေါ့ ကိုတင် ရဲ့ ၊ ကျွန်မ ဘယ်ကို သွားလို့ ဘယ်က လာရမှာလဲ ” ဟု ပြောရင်း မယ်စိန် သည် လက်မောင်း အောက် က အထုပ် ကို ရှေ့၌ ချကာ လက်နှစ်ဖက် နှင့် ဖိကိုင်၍ ထား လေ၏ ။
“ အထုပ်ကြောင့် ပြောတာပါ ၊ ဘယ် ဆိုင်ကများ ဝယ်ခြမ်း သလဲလို့ ”
“ မဝယ်ပါဘူး ၊ ကျွန်မ ပင်းမင်း ပေးဖို့ ဇာသဘက် အလေး ” ဟု ပြောပြီး ပြုံးလျက် အထုပ်ကို ငုံ့ ကြည့်ပြီး စားပွဲအံဆွဲ ထဲ ကို ထည့်လိုက်လေ၏ ။ မောင်တင် လည်း မယ်စိန် ၏ မျက်နှာ ကို စက္ကန့် အနည်းငယ် ကြည့်ပြီး
“ သည်ကနေ့ စိန်စိန် မျက်နှာ လန်းသလိုပဲ ၊ နေ့တိုင်း နဲ့ မတူဘူး ၊ တော်တော် နေကောင်း တယ် ထင်တယ် ၊ ဘာဆေး ကို စားသလဲ ”
“ ကျွန်မ ဘာဆေးမှ မစားပါဘူး ၊ ဒေါ်မိလေး ပေးတဲ့ သွေးဆေး ကို မနေ့က စားလို့ ထမင်း နည်းနည်း စားကောင်းပြီး ည က ခါတိုင်း ထက် အိပ်ပျော်တယ် ၊ ကျွန်မ မျက်နှာ ဘယ့်နှယ် နေလို့လဲ ” ဟု ပြောကာ မိမိ ၏ ပါး ကို လက် နှင့် ကိုင်စမ်းလေ၏ ။
“ မျက်နှာ အပုံကြီး ကောင်းတယ်တဲ့ ၊ တည့်ရင် စွဲစား ၊ စိန်စိန် မပေါ့နဲ့ ၊ စိန်စိန် ကလည်း ဆေးဆရာဝန် ကို ကြောက် တာကိုး ၊ သည်ကမိတ်ဆွေ ဆရာဝန် တစ်ယောက် ရှိပါတယ် ၊ ငွေ မကုန်ရပါဘူး ၊ အေးလေ ၊ တည့်တဲ့ ဆေး တွေ့လျှင် လည်း စွဲပြီး စားလိုက်ဦး ” ဟု ပြောပြီး မိမိ ၏ စားပွဲ ရှိရာသို့ လျင်မြန်စွာ သွားလေ၏ ။
စိန်စိန် သည် အလုပ် ကို ထိုင်၍ လုပ်လေ၏ ။ ရိုက်နှိပ်စရာ များကို စီစဉ်လေ၏ ။ လုပ်ကိုင်သော လက်များ မှာ တုန်လှုပ် လျက် နေလေ၏ ။ စာလုံးစက်နှိပ်သံ မှာ ပင် အခါတိုင်း နှင့် မတူ ပိုမို၍ အသံ သွက်သဖြင့် မောင်တင် သည် ၄င်းကို တစ်ခါ နှစ်ခါ လှမ်း၍ ကြည့်လေ၏ ။ သို့ ကြည့်သည် ကို လည်း စိန်စိန် သိလေ၏ ။ စိန်စိန် နှင့် မောင်တင် မှာ ကျောင်းနေဖက် ဖြစ်ဖူး၍ ချစ်ခင်သူ နှစ်ယောက် ဖြစ်ကြသော်လည်း ထို အချစ် မှာ ရိုးသားသော အချစ် ဖြစ်လေ၏ ။ မောင်တင် မှာ တစ်ရာ ရ၏ ။ သို့သော်လည်း သား မယား မယူ ၊ တစ်ခါတစ်ခါ မယ်စိန် ၏ စိတ် ၌ မောင်တင် ကို စိတ်အာရုံပြုသည့် လက္ခဏာ ရှိလေ၏ ။ မောင်တင် ကလည်း ထို အတူ အာရုံပြု၏ ။ မယ်စိန် ၏ စိတ်မှာ “ ကိလေသာ တဏှာ ချစ်ထက် သူလို လူရိုးလူကောင်း တစ်ယောက် နှင့် ညားလျှင် အခု ထက်တော့ ပိုပြီး ချမ်းသာမှာပဲ ” ဟူသော စိတ်ထား က ပိုမိုလေ၏ ။ မောင်တင် မှာ မူ “ သားမယား ယူဖို့ စိတ် မရှိ ၊ အကယ်၍ ယူဖို့ရန် စိတ်ကို ဆုံးဖြတ်သည့် အခါကျလျှင်ကား မယ်စိန် ထက် တော်တဲ့ မိန်းမကလေး ရှိမည် မဟုတ် ၊ တစ်ယောက် စိတ်သဘော ကို တစ်ယောက် သိပြီးမို့ ကောင်းမှာပဲ ” ဟူသော စိတ်မျိုး ရှိလေ၏ ။
“ မယ်စိန် မှာ ကား ထိုနေ့ ညဉ့် အလုပ် က ဆင်းလျှင် သွား မယ် ၊ လာမယ် ၊ ဝယ်မယ် ၊ ခြမ်းမယ် ၊ နက်ဖြန်ခါ ဆေးဆိုင်တွေ ကို သွားမယ် ၊ အလုပ် က ထွက်ဖို့ရန် ဘယ်ပုံ စီမံရပါ့မလဲ ၊ ငွေလေးထောင်ကျော် ငါးထောင် နီးနီး ၏ ပိုင်ရှင် ဖြစ်သည် ။ ယောက်ျား ယူဖို့ လိုမှာ လည်း မဟုတ်တော့ဘူး ၊ ယောက်ျား ယူရင် ငါ့ ကို မြှိုက်ချမှာပဲ ၊ သိုက်ဆရာတွေ နဲ့ တွေ့မှာပဲ ၊ ကိုတင် တစ်ယောက် တော့ တော်ပါလိမ့်မယ် ထင်ပါရဲ့ ၊ နို့ပေမယ့် ငါ လို ရောဂါသည် ကို သူ က ယူချင်မှာ မဟုတ်ဘူး ၊ မယူချင် လည်း အေးတာပေါ့လေ ၊ တစ်ယောက်တည်း နေတာပဲ ကောင်းပါတယ် ၊ လင် ယူ မိရင် အခု ငွေ မရခင်က ဆင်းရဲတာမျိုး ထက် ပိုပြီးတောင် ဆင်းရဲ ချင်ဆင်းရဲမှာပဲ ” စသည်ဖြင့် အမျိုးမျိုး တွေးတော ရသဖြင့် စာလုံးများ မှားစ ပြုလေ၏ ။
စာရေးများ အလုပ်သမားများ ရောက်ကြပြီး နောက် အတန်ငယ်ကလေး ကြာသောအခါ တိုက်ထဲ ၌ လှုပ်လှုပ်ရှားရှား ဖြစ်ကြလေ၏ ။ စာရေးများ သည် တစ်ယောက် နှင့် တစ်ယောက် တီးတိုးစကား ပြောကြလေ၏ ။ ထိုအတွင်း တွင် မန်နေဂျာ လုပ်သူ သည် မသာမယာသော မျက်နှာ နှင့် ထွက်၍ လာလေ၏ ။ အလုပ်သမား စာရေးစာချီများ သည် အလုပ် ကို ရပ်ကြ သဖြင့် တိတ်ဆိတ်၍ သွားလေ၏ ။ မန်နေဂျာ သည် အလုပ်သမားများ ၏ ရှေ့ ၌ ရပ်ကာ အလုပ်သမားများ ၏ မျက်နှာများ ကို ကြည့်လေ ၏ ။ မယ်စိန် သည် အဘယ်လို အကြောင်း ဖြစ်သည် ကို အလိုလို သိလေ၏ ။ သို့သော်လည်း အလွန်တစ်ရာ ရိုးသားသော မျက်နှာ နှင့် စားပွဲ ပေါ် တွင် မေးထောက်ကာ ရှေ့တည့်တည့် ကို ကြည့်၍ နေလေ၏ ။ မန်နေဂျာက ချောင်းဟန့်ကာ များစွာ စိတ်မကောင်း သော အမူအရာ မျက်နှာထား နှင့် ပြောသည် မှာ ...
“ ငွေ သုံးသောင်း ခြောက်ထောင် သူဌေးမင်း လက် က ကျပြီး ပျောက်သွားတယ် ” ဟု ပြောလေ၏ ။
မယ်စိန် သည် အံ့အားသင့် လျက် မျက်လုံး ကျယ်၍ လာလေ၏ ။ “ ငွေလေးထောင်ကျော် ဟာ သုံးသောင်းခြောက်ထောင် ဖြစ်နေပြန်ပါပြီ ” ဟု မယ်စိန် ၏ စိတ်၌ တွေးမိ၏ ။ ထိုနောက် ငွေစက္ကူများ ကို အကုန်အစင် သေချာစွာ မကြည့်မိသေးသဖြင့် “ ဟုတ်ချင်လည်း ဟုတ်မှာ ထင်ပါရဲ့လေ ၊ ငါ မှ သေသေချာချာ မကြည့်ရသေးဘဲ ၊ အောက်ဘက်မှာ ထောင် တန်တွေ ပါချင်ရင် ပါမှာ ထင်ပါရဲ့ ၊ များလှချည်းလား ၊ ငါ သည်လောက် တောင် ချမ်းသာနေပလား ၊ ပေါ်လျှင် ဘယ့်နှယ် နေမလဲ ၊ ပေါ်ဖို့ရန် အခက်သားပဲလေ ” ဟု တွေးကာ ဆက်လက် နားထောင်လေ ရာ မန်နေဂျာ က စကား ဆက်လေ၏ ။
“ ငွေ သုံးသောင်း ခြောက်ထောင် ဆိုတာ အခုအခါမှာ အင်မတန် များတာပဲ ၊ ရတဲ့ လူ ရှိလျင် ပြန်ပေးကြပါ ၊ ဆု ရပါ လိမ့်မယ် ၊ သူဌေး အထင် မှာတော့ ဒီ အနီးအနား ဆီ မှာ ကျတယ် လို့ ထင်တာပဲ ၊ တဆိတ် သတိထား ကြည့်လိုက်ကြဖို့ ၊ ဘယ်သူ ရတယ် ဆိုတာ ပြောနိုင်ရင်လည်း ပြောကြပါ ၊ အခု အလုပ် မှာ ငွေ မနည်း လိုနေတယ် ” ဟု ပြောပြီး အလုပ်သမားများ ကို ခေတ္တ အကဲခတ် ကာ ကြည့်ပြီး မိမိ ၏ အခန်း ကို ပြန်၍ ဝင်သွားလေ၏ ။ အလုပ်သမားများ လည်း ဝိုင်းစု ကာ ရပ်ကြလျက် တီးတိုးစကား ပြောကြလေ၏ ။
ထိုနေ့ နေ့လယ် ခေတ္တ အလုပ် ဆင်းသော အခါ မယ်စိန် သည် ငွေစက္ကူအထုပ် ကို လက် ၌ ကိုင်ကာ သုတ်သီးသုတ်ပျာ သွားလေ၏ ။ တစ်ခုသော လမ်းထောင့် ၌ မောင်တင် နှင့် တွေ့ လေရာ မောင်တင် က “ ဟင် ... စိန်စိန် ၊ မြန်လှချည်းလား ၊ ဒရောသောပါး ၊ ဘယ်ကိုလဲ ” ဟု မေးလေ၏ ။
စိန် - “ ပင်မင်းဆိုင် ကိုပဲ ၊ ထမင်းစား လည်း ပြန်ရဦးမယ် ” ဟု ပြောပြီး မောင်တင် ကို ရွှင်ပျသော မျက်နှာ နှင့် နှုတ်ဆက်၍ ထွက်သွားလေ၏ ။
ထိုနေ့ ညနေ အလုပ် ဆင်းသောအခါ မောင်တင် နှင့် မယ်စိန် သည် အတူ လျှောက်၍ သွားကြလေ၏ ။
တင် - “ သူဌေး တော့ သိပ် သနားစရာ ကောင်းတာပဲ ၊ ပျောက်တဲ့ ငွေကို ပြန် မရရင် ဒုက္ခပဲ ၊ ရဖို့ လမ်းတော့ မရှိတော့ ပါဘူး ”
“ သူတို့ မှာ သူဌေး ပဲ ကိုတင် ရယ် ၊ ရှင်တို့ ကျုပ်တို့ ကျွန်ခံ ခဲ့သမျှ သူတို့ အဖို့ချည်းပါပဲ ၊ သနားစရာ မရှိလောက်ပါဘူး ” ဟု မယ်စိန် က ပြန်၍ ပြောလေ၏ ။
“ မဟုတ်ဘူး စိန်စိန် ၊ တခြား တိုက်တွေ မှာ လူ လျှော့ ၊ လခလျှော့ လျှော့ ကြတယ် ၊ သည် သူဌေး က သည်လို မဟုတ်ဘူး ၊ အခု တစ်နိုင်ငံလုံး ဘယ် အလုပ်မှ မကောင်းဘူး ၊ လစဉ် ရှုံးနေ တာပဲ ၊ အမြတ် မရတဲ့ အပြင် သူ့ ငွေရင်း ထဲ က စိုက်နေရပြီ ၊ အလုပ်သမားတွေ ကို ထောက်ညှာပြီး အလုပ် ကို မပိတ်ဘဲ မဖျက်ဘဲ ထားတာ အခု ပျောက်တဲ့ ငွေဟာ အလုပ် ကို အသက်ဆက်ဖို့ ငွေပြန် မရရင် အလုပ် လည်း ပိတ် ၊ အလုပ်သမား အားလုံး လည်း ဒုက္ခ ဖြစ်ဖို့ ရှိတာပဲ ၊ အခု လုပ်သမျှ ရာဘာပစ္စည်း အထည်တွေ လည်း ယူမယ့် လူ မရှိဘူး ၊ အရင် ဂျာဘားစူမတ္တရာ က အမြဲ အော်ဒါ ရတယ် ၊ အခု မရဘူး ၊ သို့သော်လည်း သည် ငွေ ကို ပြန်ရရင် ဘန်ကောက် နဲ့ ဆက်သွယ်ဖို့ အလုပ် တစ်ခု ဟာ နေရာကျဖို့ပဲ ၊ သူဌေး စိတ်ညစ်ပြီး ေ သ သွားမှာတောင် စိုးနေရတယ် ” ဟု ပြောလေ၏ ။ နောက် လမ်းခွဲ ၍သွားကြလေ၏ ။
မယ်စိန် သည် သတင်း ၏ စကားများ ကို တွေးရင်း လျှောက် ၍ သွားလေ၏ ။ “ သည်ငွေ ပြန် မရလျှင် တိုက်ပျက် လိမ့်မယ် သူဌေး ေ သ လိမ့်မယ် ၊ တိုက်ပျက်ရင် တခြား အလုပ်သမားတွေ အကုန် ခက်တော့မှာပဲ ” ဟူသော အကြောင်းများ ကို တွေး၍ သွားလေ၏ ။
ငွေ မှာ သုံးသောင်း ခြောက်ထောင် ဆိုသည်မှာ ဟုတ်မှန် ကြောင်း ကို သေချာစွာ ကြည့်သဖြင့် သိရပြီး ဖြစ်လေ၏ ။ မိမိ ကောက်၍ ရသည် ကို မည်သူမျှ မမြင်ရ ။ မောင်တင် မှာ မိမိ နှင့် တွေ့နေကြ စကား ပြောနေကြ ဖြစ်သဖြင့် မောင်တင် ၏ အမူအရာ ကို မယ်စိန် သိ၏ ။ မောင်တင် သည် မသင်္ကာသော စိတ် နှင့် ထို စကားများကို ပြောခြင်း မဟုတ်ကြောင်း စိတ်ချရလေ၏ ။
“ ငါ ပြန် မပေးဘူး ၊ လူသတ္တဝါ ဆိုတာ ကျေးဇူး သိတတ် သူ အင်မတန် နည်းတာပဲ ၊ ပြန်ပေးရင် ငါ့ ကို ငါးကျပ်တစ်ဆယ် ပေးမှာပဲ ၊ ဘာလုပ်မလဲ ၊ ငါ အခု ချမ်းသာ နေပြီ ၊ ငါ အခု ဝယ်ချင် ရာ ဝယ် ၊ ခြမ်းချင် ရာ ခြမ်း ၊ ငါ တစ်ယောက်တည်း မင်းသမီး တစ်ယောက် လို ထင်သလို နေနိုင်ဖို့ရှိသည် ၊ ငါ ပြန်မပေးလို့ အလုပ် ပျက် ပြီး သူဌေး ေ သ ရင် ငါ့ မှာ သာပြီး စိတ်ချရတာပေါ့ ၊ သည် ငွေစက္ကူတွေမှာ နံပါတ်များ ကို မမှတ်ရသေးကြောင်း သိရ၏ ။ သနားစိတ် ကို အလိုလိုက်ကာ မိမိ ကိုယ် ကို အဆင်းရဲ ခံရမလား ၊ လောကမှာ ငွေကြေးဥစ္စာ ကို တရားသဖြင့် ရှာဖွေရရှိသူတွေ ဟာ ဘယ်လောက် များပါသလဲ ၊ မျက်မြင်လောကမှာ ချမ်းသာနေသူ တွေ ဟာ အကုန်အစင် တရားသဖြင့် ချမ်းသာကြသလား ” စသည် ဖြင့် မိမိ ကိုယ် ကို အပြန်ပြန် အလှန်လှန် မေးလေ၏ ။ ငွေ ကို ရစ အခါ၌ တက်ကြွခဲ့သော စိတ် သည် ကျသလိုလို ဖြစ်၍ သွားလေ ၏ ။ ခြေလှမ်းများ မှာ မသွက်မမြန်တော့ချေ ။ ရင် ထဲ ၌ ခွက် တစ်ဆယ် လေးကြီး ကို ပိုက်ချီ၍ နေရသလိုဖြစ်လေ၏ ။
အိမ် သို့ ရောက်သောအခါ မောမောပန်းပန်း နှင့် မိမိ ၏ အိပ်ရာ မွေ့ရာ အတွင်း မှ ငွေစက္ကူထုပ် ကို ထုတ်ပြီး ငွေစက္ကူထုပ် ကို ပိုက် ကာ တွေးပြန်လေ၏ ။ “ ရုပ်ရှင် ကို သွားမလား ၊ ည ဈေး ကို သွား မလား ၊ ငါ ဘာမဆို ရနိုင်ပြီ ၊ ငွေ ၏ တန်ခိုး အင်မတန် ကြီးပါကလား ၊ ယ ခုချက်ချင်း ဘာကိုမဆို လိုချင်ရာ ကို ရနိုင်တဲ့ ငွေ ၊ သည်လောက် အဖိုးထိုက်တန်တဲ့ ငွေ ကို ငါ ပြန်၍ ပေးရမလား ၊ ပြန်ပေးရင် ငါ့ ထက် မိုက်သူ ဘယ်မှာ ရှိမလဲ ” စသည်ဖြင့် တွေးလေ၏ ။ သို့တွေးရင်း တစ်ညဉ့်လုံး မအိပ်ဘဲနေလေ၏ ။
နံနက် မိုးလင်းသောအခါ ည က အိပ်ပျက် သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်၍ နေလေ၏ ။ ရေမိုးချိုး လက်ဖက်ရည်များ သောက်ပြီး ကတ္တီပါ လွယ်အိတ်ကလေး ထဲ သို့ ငွေစက္ကူများ ကို ထည့်ပြီး အချိန် ကျသဖြင့် အလုပ် ကို သွားလေ၏ ။
ထို ငွေ သုံးသောင်း ခြောက်ထောင် မှ တစ်ပါး မိမိ ပိုက်ဆံ တစ်ပြား မှ မရှိသဖြင့် လန်ချား ကို ငှား၍ မစီးနိုင် တစ်နေရာမှာ တစ်စုံတစ် ရာကို ဝင်၍ ဝယ်လျှင် ဖြစ်နိုင်သော်လည်း တစ်စုံ တစ်ရာ က ချုပ်ချယ်ခြင်း ပြု၍ ထား သလို ဖြစ်သောကြောင့် မသုံး ရက်ဘဲ နေလေ၏ ။
အလုပ်တိုက် သို့ ရောက်သောအခါ လွယ်အိတ်ကလေး ကို ဗီရိုအံဆွဲ ထဲ သို့ ထည့်၍ ထားလေ၏ ။ အလိုလို အားအင်ချည့်နဲ့ ၍ နေသလို ဖြစ်သောကြောင့် တအောင့်ကလေးမျှ စားပွဲ ပေါ် ၌ မျက်နှာ ကို ချကာ မှိန်း၍ နေလေ၏ ။
မောင်တင် ဝင်လာပြီး အပါး ၌ ရပ်ကာ “ စိန်စိန် ဘယ့်နှယ် ဘာဖြစ်ပြန် သလဲ ၊ မနေ့ ကတော့ ကောင်းလို့ ” ဟု မေးလေ၏ ။
စိန်စိန် မော့၍ ကြည့်ပြီး အားယူ၍ ပြုံးလေ၏ ။ “ ဘာမှ မဖြစ်ပါဘူး ၊ ညက အိပ်မပျော်လို့ ” ဟု ပြောပြီး စာလုံးစက် ကို ကိုင်လေ၏ ။ မောင်တင် လည်း မိမိ ၏ နေရာ သို့ သွားလေ၏ ။ စိန်စိန် သည် စာများ ကို မငြိမ်မသက်သော လက်များ နှင့် နှိပ်စ ပြုလေ၏ ။
အတန်ကြာ၍ အလုပ်သမားများ အကုန် ရောက်ကြသော အခါ မည်သူမျှ အလုပ် ကို ကောင်းစွာ မလုပ်နိုင်ကြ ၊ စုရုံးကာ တီးတိုးစကား ကို သာ ပြောကြ၏ ။ အလုပ်သမား အားလုံး တို့ ၏ မျက်နှာများ မှာ မသာ ၊ အိမ်ရှင်မျက်နှာများ လို ဖြစ်၍ နေကြလေ ၏ ။ မယ်စိန် သည် ၄င်းတို့ ကို ကြည့်ပြီး ပြန်၍ ခေါင်းငုံ့ကာ မိမိ ၏ အလုပ် ကို မိမိ ဆက်၍ လုပ်နေလေ၏ ။
ထိုအခိုက် တွင် မောင်တင် ကို သူဌေး က ခေါ်သဖြင့် မောင်တင် သူဌေးအခန်း သို့ ဝင်သွားသည် ကို မယ်စိန် မြင်ရလေ၏ ။ မယ်စိန် သည် အလုပ် လုပ်ရာမှ သူဌေးအခန်း ဘက် ကို မကြာခဏ ကြည့်မိလေ၏ ။ အံဆွဲ ကို ဖွင့်၍ အိတ် ကို ကြည့် ၊ အိမ် မှာ ထားခဲ့ရမှာ စိတ်မချသဖြင့် ယူ၍ လာခြင်း ဖြစ်လေ၏ ။ အံဆွဲ ကို ကြည့်၍ နေခိုက်တွင် ခြေသံများ ကို ကြားရ သဖြင့် ကြည့်လိုက် ရာ သူဌေး ကို မောင်တင် နှင့် မန်နေဂျာ တွဲပြီး တိုက် အပေါ်ထပ် သို့ တင်သွားသည် ကို မြင်ရလေ၏ ။
စာရေးများ သည် မသာယာသော မျက်နှာ နှင့် တီးတိုး ပြောကြရာမှ စာရေး နှစ်ယောက် သည် မယ်စိန် ၏ စားပွဲ အနီး ဘက်သို့ ကပ်လာပြီး “ အဘိုးကြီး တော့ သည်တစ်ခါ လဲရင် ဒုက္ခပဲ ” ဟု တစ်ယောက် က ပြောသည်ကို ကြားရလေ၏ ။
မယ်စိန် ၏ နှလုံး သည် အရည်ပျော်၍ သွားလေ၏ ။ “ ငါ ပြန်ပေး လိုက်ရင် ဒီ ကျွန်ဘဝ က လွတ်တော့မည် မဟုတ် ၊ ဒီ ရောဂါ နဲ့ ပင်ပန်းပြီး ေ သ မှာပဲ ၊ ငါ ဒီငွေ ကို ပြန် မပေးရင် ငါ ချမ်းချမ်း သာသာ နေရာမှာပဲ ၊ သို့သော်လည်း အဘိုးကြီး ဒုက္ခ ဖြစ်လိမ့် မည် ၊ တစ်အိမ်သားလုံး ဆင်းရဲပြီး အလုပ်သမား အားလုံး ဒုက္ခ ဖြစ်တော့မှာပဲ ” ဟု တွေးပြီး အလုပ် ကို မလုပ်နိုင်ဘဲ အတန်ကြာ တွေဝေလျက် နေလေ၏ ။
နောက်ဆုံး၌ အိတ် ကို ကိုင်ကာ စားပွဲ မှ ထပြီး သူဌေး နေရာ အပေါ်ထပ် ကို တက်၍ သွားလေ၏ ။ စာရေးများ သည် ၄င်း ကို အံ့သြတွေးတောလျက် ကြည့်ကြလေ၏ ။ အကြောင်း ကို ကား မတွေးတတ်အောင် ရှိကြလေ၏ ။
မယ်စိန် သည် အပေါ်ထပ် အခန်းကြီး ထဲ ကို ဝင်၍ သွား သောအခါ သူဌေး သည် စားပွဲ ပေါ်၌ ဦးခေါင်း ကို ချလျက်နေသည် ကို မြင်ရလေ၏ ။ သမီး နှစ်ယောက် မှာ မျက်ရည် သုတ်လျက် အပါး ၌ ရပ်ကာနေကြ၏ ။ မောင်တင် နှင့် မန်နေဂျာ မှာ သူဌေး ၏ နောက်၌ ရပ်ကာ ကြင်နာသနားသော အမူအရာ နှင့် သူဌေး ကို စိုက်ကာ ကြည့်၍ နေကြလေ၏ ။
မယ်စိန် သည် အပါး သို့ ကပ်၍ သွားသောအခါ သူဌေး မှ တစ်ပါး အားလုံး အံ့အားသင့်၍ နေကြလေ၏ ။ မယ်စိန် သည် သူဌေး ၏ နံဘေး သို့ ကပ်ကာ ကတ္တီပါအိတ် ကို သူဌေး ၏ မျက်နှာ အနီး သို့ ကပ်ကာ ချရင်း “ ဦး ... ဦး ” ဟု ခေါ်ပြီး မိမိ ၏ မျက်လုံး များ မှ မျက်ရည်များ သိမ်းဆီး၍ မရဘဲ တစ်ချက်နှစ်ချက် ရှိက်ပြီး မြောမေ့ လဲကျ၍ သွားလေ၏ ။ သတိရသောအခါ သူဌေးသမီး တစ်ယောက် က ပွေ့လျက် တစ်ယောက် က နှာခေါင်း မှာ နှာပုလင်း ကို ကပ်၍ နေသည် ကို တွေ့ရလေ၏ ။
သူဌေး ၏ ထက်သန်သော မျက်နှာ ကို လည်း မြင်ရလေ၏ ။ မယ်စိန် သည် အားယူကာ မိမိ ၏ အဖြစ်အပျက် ကို ပြော၍ ပြလေ၏ ။ မိမိ မကျန်းမာကြောင်း ၊ မိမိ အဘယ်ပုံ ကြံစည်မိ ကြောင်းများ ကို အကုန်အစင် ပြော၍ ပြလေရာ သမီးအကြီး က “ ဟုတ်တယ် ၊ ဖေဖေ အင်မတန် အားနည်း နေရှာတာပဲ ၊ ဘာမှ မပူနဲ့ မစိန် ၊ မစိန် စိတ်ချမ်းသာဖို့ ၊ မပင်ပန်းရဖို့ ကျွန်မတို့ တာဝန် ထားလိုက်ပါ ” စသည်ဖြင့် ပြောဆို အားပေးကြလေ၏ ။ စိန်စိန် မှာ လခ နှစ်ဆ တိုးပြီး တိုးသော လခ အပြည့် နှင့် အားလပ် ခွင့် သုံးလ ရလေ၏ ။ အလုပ်တိုက် မှာ လည်း ပြန်၍ စည်ကားလျက် အသက် ပြန်၍ ရှင်ကာ မယ်စိန် ကို တစ်တိုက်လုံး ကျေးဇူး တင်ကြ လေ၏ ။ အကြောင်းမူကား အခြား တစ်ရံဆံ လူ တစ်ယောက် ယောက် ရ၍ သွားချေက တစ်ခါတည်း ဆုံးပါး ၊ အားလုံးကုန် ဒုက္ခ ရောက်ကြဖို့သာ ရှိသည်ကို စဉ်းစားမိကြလေ၏ ။ စိန်စိန် မှာ အလုပ်တိုက် ကြီး သလောက် ပင်ပန်းစွာ မလုပ်ရဘဲ လခ တိုး လျက် သူဌေး ၏ သမီး တစ်ယောက် လို နေရလေ၏ ။
◾ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
အတွဲ ၃ ၊ အမှတ် ၃၇
၁၂ ၊ ဒီဇင်ဘာ ၊ ၁၉၃၂
.
No comments:
Post a Comment