Sunday, December 8, 2024

နွယ်ချို ( ၀၉ )


 “ နွယ် ”


“ ဪ ကိုထူး ”


မြရီနွယ် မှာ အထုပ်အပိုးတွေ နှင့် ဖြစ်နေပြီ ။


“ ဈေးဝယ် ပြီးပြီလား ၊ ကိုယ် နည်းနည်း ကြာသွားတယ် ”


မြရီနွယ် က ပြုံးပြီး


“ ရပါတယ် သူငယ်ချင်းရော ”


ထူးနိုင် အနောက် ပြန် ဝေ့ကြည့်ကာ


“ ထွက်သွားပြီလေ ၊ အလကားပါ ၊ နယ် မှာ စီးပွားရေး လုပ်ချင်တယ် ဆိုပြီး ကိုယ့် ဆီ မှာ ပိုက်ဆံ ချေးတာ ”


ထိုစဉ် ကြားလိုက်ရသည် က


“ ဘာကွ ၊ ငါ က မင်း ဆီက ပိုက်ဆံ ဘာလို့ လာ ချေးရမှာ လဲ ”


ဘယ်က ဘယ်လို ခိုး နားထောင် နေမှန်း မသိသော မိုးမောင် အသံ ။ ထူးနိုင် လန့်သွားသည် ။ နောက် ပျာပျာသလဲ ဖြင့်


“ ဟာ ဟေ့ကောင် ၊ မင်း ဘယ်လို ပြန် ရောက်လာတာလဲ ”


မိုးမောင် က ခပ်တည်တည် ဖြင့်


“ မင်း ငါ့ အတင်း ဘာတွေ တုတ်မလဲ သိချင် လို့ လာ ပြန် ခိုးနားထောင် တာ ၊ နေပါဦး ၊ ငါ က ဘာကိစ္စ နဲ့ မင်း ဆီက ပိုက်ဆံ ချေးရမှာ လဲ ” 


မိုးမောင်  စကား မဆုံးလိုက် ၊


“ ထူးနိုင် ထူးနိုင် ”


ခေါ်သံ ကြား၍ လှည့် ကြည့်တော့ အောင်သက် ။ ထူးနိုင် ဝမ်းသာသွားသည် ။


မိုးမောင် နှင့် ဆက် ပြော နေလျှင် အလိမ် ပေါ်တော့မှာ ကိုး ။ ထို့ကြောင့် 


“ ဟာ အောင်ကြီး အောင်ကြီး ”


မြရီနွယ် မရိပ်မိစေရန် မိုးမောင် ကို ဆွဲ၍ အောင်သက် ထံ ပြေးသွားရ လေသည် ။ မြရီနွယ် ကတော့ ကြောင်ပြီး ကျန်ခဲ့ပြန်သည် ။


“ ဟကောင်ကြီး ၊ မင်း ဘယ်တုန်းက ရောက်လဲ ”


အောင်သက် က မျက်မှောင် ကြုတ်ပြီး 


“ ငါ ဘယ်သွားလို့ လဲ ”


“ ဟမ် ”


အောင်သက် စကားကြောင့် ထူးနိုင် ကြောင်သွားသည် ။ ဒီကောင်တွေ အုပ်စုလိုက် က လုပ်ပြီ ။ သို့သော် မသိချင်ယောင် ဆောင်၍ စပ်ဖြီးဖြီး နှင့် 


“ မင်းကွာ ၊ နယ် သွားလိုက်တယ်လို့ သတင်း ကြားမိသလားလို့ ” 


အောင်သက် က မျက်မှောင်ကြုတ်ရင်း


“ ခုနကတောင် ပလာဇာ အဝ တိုင်ဒေါင့် မှာ မင်း နဲ့ ငါ တွေ့သေးတာပဲ ”


ထူးနိုင် လဲ မထူးနိုင် တော့ ။ ရှက်ကိုးရှက်ကန်း ဖြင့်


“ ဟုတ်လား ၊ ငါ သတိ မထားမိဘူး ၊ သူ နဲ့ ရော သိလား မိုးကြီး တဲ့ ” 


အောင်သက် က မိုးမောင် ကို ကြည့်ပြီး


“ မိုးမောင် လေ ၊ ဘာဖြစ်လို့ လဲ ၊ အိမ်ချင်း ကပ်နေတဲ့ ဟာကို ”


“ ဟင် ”


အခြေအနေ မကောင်းတော့ မှန်း သိသည် ။ ထို့ကြောင့် နှစ်ယောက်လုံး ကို ကုတ် မှ ကိုင်ပြီး


“ ဪ ... မင်းတို့ ပြောစရာ ရှိလို့ ထင်တယ် ၊ နွယ် ရေ ခဏ စောင့် ကိုယ် ပြန်လာခဲ့မယ် ”


ဆို ကာ ဆွဲခေါ် သွားရသည် ။ အကွယ် ရောက်တော့မှ


“ မင်းတို့ ကလဲ ဘာဖြစ် နေတာလဲကွာ ”


ထိုတော့ မှ နှစ်ယောက်လုံး က ရယ်ကျဲကျဲ နှင့်


“ မနာလို ဖြစ်သွားလို့ ပါကွာ ၊ ဟီးဟီး ”


“ အေးကွာ ၊ မတန်မရာ ”


နှစ်ယောက်လုံး ကို လည်ကုတ် က ဆွဲပြီး


“ မင်းတို့ မနာလို ဖြစ်တာနဲ့ ငါ သေတော့မှာ ကွ ”


“ ဟဲဟဲ နောက်တာပါကွာ ”


“ မင်းတို့ အဲဒီလို ဆက် လုပ်ရင် ငါ ငါ ဒုက္ခ ရောက်မှာ ကွ ” 


“ အေးပါ အေးပါ သူငယ်ချင်းရာ စိတ်ထိန်းပါ ”


ထူးနိုင် ဘေးဘီ ဝေ့ ကြည့်ရင်း


“ ကဲ ဒါဆို ငါ သူဇာချို ဖက် ပြေးလိုက်ဦးမယ် ”


ဆိုကာ သူဇာချို ရှိရာ ပြေးရပြန်သည် ။


•••••   •••••   ••••• 


“ ချို ”


“ ဪ ကိုနိုင် သူငယ်ချင်း ရော ” 


သူဇာချို့ အမေး ကို ကြား လိုက်ရသည် ။


“ ပါတယ် ၊ ပါတယ် ညီမ ရေ ၊ ညီမ ကို စိတ်မချလို့ တဲ့ ၊ ဒီကောင် ပြန်လှည့်လာတာ ၊ အစ်ကို တို့ က ဘယ်မှ မသွားဘူး ၊ ဟီးဟီး ”


ကြည့်လိုက်တော့ သိန်းစိုး ။ ထူးနိုင် နောက် က အပြေး လိုက်လာခြင်းပင် ဖြစ်မည် ။ ဒါကို ထူးနိုင် က ရောချပြီး


“ ဟုတ်တယ် ချို ရေ ၊ သူငယ်ချင်း နဲ့ ကိစ္စ မပြတ်သေးဘူး ၊ အဲဒါ ချို တစ်ယောက်တည်း အူကြောင်ကြောင် ဖြစ်နေမှာ စိုးလို့ ”


သူဇာချို က ဘာမှ မဖြစ်ဟန် ဖြင့် ဘေးဘီ ဝေ့ကြည့်ပြီး


“ ရပါတယ် ၊ ချို က အရေး မကြီးပါဘူး ၊ သူငယ်ချင်း ကိစ္စသာ ပြီးအောင် လုပ်ပါ ”


သဘောထား ကြီးသော ကလေးမပင် ။ ဒါကို ထူးနိုင် လဲ အခွင့်ကောင်း ယူကာ


“ အင်း အင်း ဒါဖြင့်လဲ သူငယ်ချင်း နဲ့ ကိစ္စ ပြီးအောင် လုပ်လိုက်ဦးမယ်နော် ၊ ပြီးမှ ပြန်လာမယ် ” 


“ ရပါတယ် ကိုနိုင် ရဲ့ ၊ ချို က ကိစ္စ မရှိပါဘူး ” 


ဒါကို ဘေး က သိန်းစိုး က လဲ


“ ဒါဖြင့် သွားပြီနော် ၊ ပြန် လာမယ် ။ ဟီးဟီး သွားပြီ ”


ဆိုပြီး စကား ကို ဆက် နေ၍ မနည်း ဆွဲ ခေါ်လာရသည် ။


ဒီတစ်ခါ တော့ မြရီနွယ် ဆီ မသွားတော့ ။ လူ ရှင်းသော နေရာ တစ်ခု တွင် သာ လူ စု လိုက်သည် ။


“ ဟူး ဒီအတိုင်း ဆို မလွယ်ဘူးကွ ”


သူ့ စကား ကို အောင်သက် က


“ မင်း မလွယ်တာ မဟုတ်ဘူး ၊ ငါတို့ လဲ မလွယ်ဘူးကွ ”


ဒါကို ထူးနိုင် က တင်း သွားပြီး


“ ဘာ မလွယ်တာလဲ ၊ မင်းတို့ ပဲ လိုက် ကြပ် နေပြီးတော့ ”


အားလုံး တဟီးဟီး တဟဲဟဲ ဖြစ်သွား၏ ။ မိုးမောင် က


“ ပျော်လို့ ပါကွာ ၊ ငါတို့ လဲ ဒါမျိုး တစ်ခါမှ လုပ်ဖူးတာမှ မဟုတ်တာ ၊ ဟီးဟီး ” 


“ မင်းတို့ ပျော်တာ အရေး မကြီးဘူးကွ ၊ ငါ က သေမှာ ”


အားလုံး ထူးနိုင် ကို ပြန် ကြည့်ကြသည် ။ အတန်ကြာ မှ သိန်းစိုး က


“ ကဲ အဲဒါတွေ ထားပါတော့ ၊ အပြန် ဘယ်လို ပြန်ကြမလဲ ၊ မင်း နှစ်ယောက်လုံး နဲ့ ပြန်လို့ မဖြစ်ဘူးနော် ”


ထူးနိုင် ခေါင်းနပန်း ကြီး သွားပြန်သည် ။


“ ဟာ ဟုတ်တယ်ကွ ၊ အပြန် ကို ဘယ်လို လုပ်ရမှာလဲ ”


အားလုံး မစဉ်းစားတတ် ဖြစ်သွားသည် ။ အောင်သက် က


“ အေးကွ ၊ တစ်ယောက် နဲ့ လိုက်ပြန်ရင် တစ်ယောက် က ကျန်မှာ ပဲ ၊ တစ်ယောက် ပြီး တစ်ယောက် ပြန်ဖို့ ကလဲ အချိန် အဲလောက် ရမှာ မဟုတ် ဘူး ” 


“ ဒါဆို ဘယ်လိုလုပ်မလဲ ”


အားလုံး ငြိမ်ကုန်သည် ။ စဉ်းစား၍ အဖြေ က မထွက် ။ နောက်ဆုံး ထူးနိုင် က သာ ခေါင်း ကို ခပ်ကြမ်းကြမ်း ကုတ်ပြီး


“ မီးစင်ကြည့် က ကြတာပေါ့ကွာ ၊ ကဲ လာ မြရီနွယ် ဆီ သွား ကြည့်ကြရအောင် ”


အားလုံး ခုန က မြရီနွယ် ရှိရာ သို့ တက်ညီလက်ညီ ထွက်လာခဲ့ကြသည် ။


•••••   •••••   ••••• 


“ ဟာ ” 


မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ခေါင်းနပန်း ကြီးသွားသည် ။


ဆိုင် တစ်ဆိုင် ထဲ၌ မြရီနွယ် ရော သူဇာချို ပါ ရောက် နေခြင်းပင် ။ သို့သော် နေရာဒေသ မတူ ၊ တစ်နေရာ တည်း ရှိနေခြင်းလဲ မဟုတ် ။ ဆိုင် တစ်ဆိုင်တည်း ဖြစ်သော်ငြား တစ်ဖက် ဆီ မှာ ကိုယ်စီ လိုချင်သော ပစ္စည်း ကို ငေးနေကြသည် ။


“ ဟာ သွားပြီ ၊ သွားပြီ ၊ အကြီးကြီး သွားပြီ ၊ နှစ်ယောက်လုံး တွေ့ကြပြီ ”


ထူးနိုင် ၏ ကတုန်ကယင် စကား ။ ကျန်သူများ လဲ ဘာ လုပ်ရမှန်း မသိ ။


“ အေးကွ ၊ သူတို့ နှစ်ယောက် တွေ့ကြရင် ဘာဖြစ်ကြမလဲ ” 


မိုးမောင် ၏ အမေး ။ ထူးနိုင် ကတုန်ကယင်ပင် ဖြစ်သွား၏ ။ 


“ သေသေပြီပေါ့ ၊ ငါ သေပြီပေါ့ ”


သူ့ စကား ကို သိန်းစိုး က


“ နေဦးကွ ၊ အခုန အတိုင်းဆို သူတို့ အချင်းချင်း သိကြပုံ မပေါ်ဘူး ၊ အသေအချာ ကြည့်ပါလား ၊ တစ်ယောက် နဲ့ တစ်ယောက် နှုတ်ဆက်ဖို့ မပြောနဲ့ ၊ လှည့် ကြည့်ဖော်တောင် မရဘူး ”


အားလုံး အာရုံပြန် စိုက် ကြည့်ကြသည် ။ မှန်ပေသည် ။ မိန်းကလေး နှစ်ဦးလုံး မှာ ကိုယ်စီ ငေးနေကြတုန်း ။ ပြီးနောက် ကိုယ့် အတွေး နှင့် ကိုယ် အနား ကပ်လာကြသည် ။


“ ဟေ့ကောင် အသိတွေ ဖြစ်နေရင် ဘယ်လို လုပ်မလဲ ”


ထူးနိုင် ၏ စိုးရိမ် စကား ။ ဒါကို သိန်းစိုး က


“ အသေအချာ ကြည့် ၊ အသေအချာ ကြည့် ၊ သူတို့ နီးလာရင် ပိုပြီး သိရမယ် ”


အားလုံး ကုတ်ချောင်းချောင်း နှင့် ငေးနေကြသည် ။ ဖြစ်ချင်တော့ ထို နှစ်ယောက် မှာ


“ အို အမေ့ ”


“ ဟဲ့ ပုတု ”


မိန်းကလေး နှစ်ယောက် အမှတ်မထင် တိုက်မိကြသည် ။ တိုက်မိ သော အရှိန်ကြောင့် နှစ်ဦးလုံး လက် ထဲ ကိုင်ထားသည် များ လွတ်ကျ သွား၏ ။


ထူးနိုင် က ကိုယ့် ခေါင်း ကိုယ် အုပ်ကိုင်ရင်း


“ ဟာ သွားပြီ သွားပြီ ထင်တယ် ”


ရန်ထ ဖြစ်လျှင် ဒုက္ခ ဟု သူ တွေးလိုက်မိသည် ။ ရန်ဖြစ် ပါ က ဘယ်ဖက် က ဝင် ဆွဲရမှန်း သူမသိ ။ သူ က သာ စိုးရိမ်နေတာ ။ ဟို နှစ်ယောက်က တော့ ဘာမှ မသိ ။ တစ်ယောက် ကို တစ်ယောက် တစ်ချက် ကြည့်ပြီး ခေါ င်းလေးများ ညွတ်ကာဖြင့်


“ ဆောရီးနော် ဆောရီး ”


“ ဟာ ရပါတယ် ၊ မမြင်လို့ နော် ”


နှစ်ယောက်သား ကိုယ်စီ ပစ္စည်းများ ပြန် ကောက် လိုက်ကြသည် ။


ပြီးနောက်


“ ခွင့်ပြုပါဦး ”


“ ကိစ္စ မရှိပါဘူးရှင် ”


နှစ်ယောက်သား လမ်းခွဲ လိုက်ပြီး တစ်ဖက် စီ ပြန်သွားရင်း ပြန်ငေး နေကြသည် ။ ထို အချင်းအရာ ကို ကြည့်၍ အောင်သက် က


“ ဒါ အကွက်ပဲ ” 


“  ဟင် ”


အောင်သက် စကား ကို အားလုံး စိတ်ဝင်စား သွားသည် ။ ထူးနိုင် က သာ ငိုမဲ့မဲ့နှင့်


“ ဘာ အကွက်များ လဲကွာ ၊ မင်း က လဲ ဒုက္ခ ရောက်မယ့် အကွက်လား ” 


အောင်သက် က ထူးနိုင် ၏ ကုတ် ကို ဖိနှိပ်ပြီး


“ ဒီမှာ ကြည့် ”


“ ကြည့် နေတယ်လေ ”


“ မင်း အခု အဲဒီ ဆိုင်ထဲ ဝင်သွား ”


“ ဝင်သွားရင် သေပြီပေါ့ကွ အဟင့် ”


ထူးနိုင်  ငိုမဲ့မဲ့ပင် ဖြစ် နေသည် ။ ဒါကို အောင်သက် က


“ ဘာမှ မဖြစ်ဘူး ၊ ဒီမှာ ကြည့် ၊ မင်း မြရီနွယ် နား မသိမသာ ကပ်ပြီး စကား ကို တိုးတိုးပဲ ပြော ပြီးရင် သူဇာချို ဆီ သွား ၊ အဲဒီ အတိုင်းပဲ တိုးတိုး ပြော ၊ သူတို့ သိမှာ မဟုတ်ဘူး ” 


ထူးနိုင် ခေါင်းကုတ်ပြီး


“ မဖြစ်နိုင်ဘူး ထင်တယ်နော် ”


“ ဖြစ်ပါတယ် ၊ သွားပါကွာ ၊ သွား ”


ဆိုကာ တွန်းလွှတ်လိုက်တော့


“ ဟာ ”


နှစ်ယောက်လုံး က ထူးနိုင် ကို လှည့်အကြည့် ။


“ ဟင် ”


ထူးနိုင် မှာ ပြေးမလွတ်တော့ ။ နှစ်ယောက်လုံး က ကိုယ်စီ ထူးနိုင် ကို ပြုံးပြကြသည် ။ ထူးနိုင် ခပ်တည်တည် နှစ်ယောက် ကို မျှ ပြုံး ပြလိုက်သည် ။


ပြီးနောက် အောင်သက် ပြောသလို ခပ်တည်တည် နှင့် ဆိုင် ထဲ ဝင် သွား လိုက်သည် ။


သူ သွားတော့ မှ မိုးမောင် က အောင်သက် အား


“ ဟေ့ ဟေ့ကောင် ၊ မင်း ပြောတဲ့ အကြံ က အလုပ် ဖြစ်ပါ့မလား ”


အောင်သက် က ရယ်ကျဲကျဲ လုပ်ပြီး


“ မသိဘူးလေကွာ ”


“ ဟမ် ”


“ ခံရတော့ သူ ခံရမှာ ပဲ ဆက်ကြည့် ဟီဟိ  ” 


အရေးထဲ အူမြူး နေသေး၏ ။ ထူးနိုင် က သာ ..


▢ အကြည်တော်


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment