Tuesday, December 3, 2024

ပီတိ

 

☂️ ပီတိ
      ( မင်းရှင် )

ကျွန်တော် နေထိုင်သော အိမ်မှာ ရန်ကုန် - အင်းစိန် လမ်းမကြီး၏ အတွင်းဘက် ချောင် ခပ်ကျကျ ရပ်ကွက်ကလေး တစ်ခု တွင် ဖြစ်၍ ၊ ရန်ကုန် သွားလိုသော အခါများ တွင် ပေတစ်ရာ လမ်းမကြီး သို့ မော်တော်ကား ထွက် စီးရန် အတွက် မြေနီလမ်းကလေး အတိုင်း ဆယ့်ငါးမိနစ် ၊ မိနစ် နှစ်ဆယ်မျှ လမ်းလျှောက်ရ ပါသေးသည် ။

ထို့ကြောင့် ရုပ်ရှင် အချိန်မီ သွားကြည့်လိုသော အခါများတွင် အိမ်မှ ပေတစ်ရာ လမ်းမကြီး အထိ လမ်းလျှောက်ရာတွင် ကုန်မည့် မိနစ် နှစ်ဆယ်ခန့် အပြင် စည်းကမ်းမရှိ ရပ်ချင်တိုင်း ရပ် ၊ လူစောင့်ချင်တိုင်း စောင့် တတ်သည့် မော်တော်ကားများ ပေါ်၌ ကုန်မည့် အချိန်ကိုပါ ထည့်သွင်း ခန့်မှန်းခြင်းဖြင့် အနည်းဆုံး တစ်နာရီ နီးပါးမျှ ကြိုတင် ထွက်ရလေ့ရှိပါသည် ။

တစ်နေ့ကမူကား ဝတ္ထုတစ်ပုဒ် ကို စိတ်ပါလက်ပါ ရေး နေမိရာက “ အိပ်ဆယ်စီယာ ” ရုပ်ရှင်ရုံ၌ ၁၂ နာရီခွဲပွဲ ကြည့်ရန် မိတ်ဆွေ တစ်ယောက် နှင့် ချိန်းဆိုထားသည် ကို အချိန်ကပ် မှ သတိရမိသည် ။ ၎င်း မိတ်ဆွေကပင် ရုပ်ရှင်လက် မှတ်များ ဝယ်ပြီး ရုံ မှ စောင့်နေမည် ဖြစ်သောကြောင့် မိမိ ၏ ဝတ္တရား ပေါ့လျော့မှု အတွက် အားနာ၍ မဆုံးနိုင်အောင် ရှိပါတော့သည် ။

ချက်ချင်းပင် အဝတ်အစား ကမန်းကတန်း လဲ၍ အိမ်မှ ထွက်ခဲ့ရာတွင် အချိန်မှာ ၁၂ နာရီတိတိ ရှိနေလေပြီ ။ ၁၂ နာရီမခွဲမီ ရုပ်ရှင်ရုံ အရောက် သွားရပေမည် ။ အခါတိုင်း တစ်နာရီ နီးပါး ကြိုတင် ထွက်ရလေ့ ရှိသော လမ်းခရီး ကို နာရီဝက် အတွင်း အလုအယက် ခရီး နှင်ရမည် ဖြစ်၍ ကျွန်တော် လည်း မြေနီလမ်းကလေး အတိုင်း ခြေကုန်သုတ်ခဲ့ မိပါတော့သည် ။

သို့ အလျင်အမြန် လျှောက် လာခဲ့စဉ် လမ်းပေါ် တွင် တုတ်ကလေး တစ်ချောင်း ထောက်ကာ ထောက်ကာ ဖြည်းဖြည်းကလေး လျှောက်လျက် ရှိသော အဘွားအိုကြီး တစ်ယောက် ကို အမှတ်မထင် ဖြတ်ကျော်လာခဲ့မိပါသည် ။

ကျွန်တော်က အရေးကြီးသုတ်ပျာ လျှောက် နေသလောက် အဘွားအို မှာကား ခြေနှစ်ချောင်း ကို အနိုင်နိုင် လှမ်း၍ လှုပ်လီလှုပ်လဲ့ ၊ ခနော်နီခနော်နဲ့ လျှောက်နေ ရှာသည် ။ ကျွန်တော် လည်း ထို အဘွားအို အား တစ်ချက် မျှ လည်ပြန် ငဲ့ကြည့်ကာ ကိုယ့် လမ်းခရီး ကိုယ် ဆက်လက် သုတ်ခြေတင်ခဲ့ပါတော့သည် ။

ထိုအခိုက် ရန်ကုန် မိုးသည် ဗြုန်းခနဲ ဖွဲဖွဲကလေး ရွာချလိုက်တော့ရာ လက်ထဲ တွင် ပါလာသော ဖဲထီးကို ဖွင့်ဆောင်း လိုက် မိပါသည် ။ မိုးရေ တော့ လုံသွားပြီ ။ မော်တော်ကားဆိပ် အရောက် ဆက် လျှောက်ရဦးမပေါ့ ။

မိုးကလေး တဖွဲဖွဲ တွင် ခပ်သုတ်သုတ် လျှောက်ရန် အားခဲလိုက် မိသော်လည်း ကျွန်တော် သည် ရှေ့သို့ ဆက်၍ ခြေလှမ်းရမည့် အစား နောက်သို့ လှည့်ကြည့် လိုက်မိပါသည် ။

အဘွားအိုကြီး တွင် ဆောင်းစရာ ၊ မိုးစရာ ထီး မပါသဖြင့် မိုးရေမှ ခိုလှုံစရာ သစ်ပင် အရိပ်အာဝါသ အကာအကွယ် တစ်စုံတစ်ရာ ကို ရှာဖွေနေပုံ ရသည် ။ သို့ရာတွင် လမ်းကလေး တစ်လျှောက်လုံး တွင် အဘွားအို မိုးခိုရန် နေရာ တစ်ခုတလေမျှ မတွေ့ရပါ ။ အဘွားအို ခမျာ မိုးရေ ထဲ၌ ခိုကိုးရာမဲ့ ဖြစ်နေရှာ တော့သည် ။

မိုးသည် လည်း တဖွဲဖွဲရွာ နေရာက တစ်စတစ်စ သည်း လာလေပြီ ။ ကြာလျှင် အဘွားအို တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ၊ စုတ်ပြတ်ညစ်ထည်း သော အဝတ်အစားများ အောက် မှ အရိုးပြိုင်းပြိုင်း ကိုယ်ခန္ဓာကလေး ရေစိုတွင် ပေါ်လာရချေတော့မည် ။ မိုး က စိုစို ၊ ချမ်းချမ်းစီးစီး နှင့် အအေးမိပြီး ဖျားနာ လို့ ရှိရင် -

ကျွန်တော့် စိတ်ထဲတွင် ရုတ်တရက် သနားကြင်နာစိတ်ကလေးများ ယိုဖိတ် လာရာက အဘွားအို အား ပြေး၍ ထီးမိုး ပေးလိုက်ချင်ပါသည် ။ သို့ရာတွင် ရုပ်ရှင်ရုံ အောက်၌ လက်မှတ် နှစ်စောင် ကို ကိုင်ရင်း ယောင်လည်လည် နှင့် စိတ်ပျက် ဒေါသထွက် နေရှာမည့် မိတ်ဆွေ၏ မျက်နှာ ကို မြင်ယောင် လာမိသောအခါ အဘွားအို အပေါ်ဝယ် ထားရှိမိသည့် စေတနာ မှာ တွန့်ဆုတ်သွား ပြန်တော့သည် ။

အဘွားကြီး နံဘေးနား က ထီး မိုး၍ လိုက်ရမည် ဆိုလျှင် သူ က လှုပ်လီလှုပ်လဲ့ ၊ ခနော်နီခနော် နဲ့ တစ်လှမ်းချင်း လျှောက်နေပုံမျိုး နှင့် အနည်းဆုံး မိနစ် နှစ်ဆယ်ခန့် ကြာမှ လမ်းထိပ်သို့ ရောက်တော့မည် ။ နာရီ ကြည့်လိုက် မိ တော့လည်း ၁၂ နာရီ ထိုး ပြီး၍ ဆယ်မိနစ် ကျော်နေပြီ ... ။

“ အို ရှုပ်ပါတယ်လေ ၊ ငါ ရင် ထဲ က စေတနာ ပျက်သွားတာမှ မဟုတ်ဘဲ ။ ငါ့ မိတ်ဆွေ နဲ့ အသေအချာ ချိန်းထားတဲ့ ကိစ္စ က ရှိနေတော့ ဘယ့်နှယ့် တတ်နိုင်ပါ့မလဲ ။ ရုပ်ရှင်ရုံ ကို ၁၂ နာရီခွဲ မရောက်နိုင်လို့ ရှိရင် ငါ့ မိတ်ဆွေကို ဒုက္ခ ပေးရာလည်း ရောက် မယ် ၊ ကတိ ဖျက်ရာလည်း ရောက် မယ် ။ အခုပဲ အချိန်တော်တော် နောက်ကျနေပြီ ။ ကိုယ့် ကိစ္စနဲ့ ကိုယ် အချိန် မီဖို့က အရေးကြီးပါတယ်လေ ”

ကျွန်တော် သည် ကိုယ့် လမ်း ကိုယ် ဆက်လျှောက် ပါတော့သည် ။ သို့သော်လည်း ခြေလှမ်း သုံးလေးလှမ်းမျှတွင် နောက်ဘက်သို့ လှည့်ကြည့်မိ ပြန်ပါသည် ။

အဘွားအိုကြီး ကား တုတ်ကလေး ထောက်ကာ ထောက်ကာ ၊ ခါးကလေး ကုန်းကုန်း - ကုန်းကုန်း နှင့် ဖြည်းဖြည်းချင်း လျှောက် နေမြဲပင် ဖြစ်သည် ။ တစ်ခါတစ်ခါတွင် တုတ်ကလေး ထောက်၍ ခဏ နားကာ သူ့ နဖူးရှုံ့ရှုံ့တွတွေကြီး ပေါ် မှ မိုးရေ မိုးစက်များ ကို အရိုးပြိုင်းပြိုင်းထသော လက်ချောင်းကလေးများ ဖြင့် သပ်၍ သပ်၍ ချတတ်သည် ။ မကြာမကြာ လည်း မိုး ကောင်းကင် သို့ မော်ကြည့် တတ်ကာ “ မိုးမင်းကြီးရယ် တိတ်တော်မူပါတော့ ” ဟု တောင်းပန် တိုးလျှိုး နေဘိ သကဲ့သို့ တတွတ်တွတ် ရေရွတ် နေသည်ကို တွေ့ရပါသည် ။

ကျွန်တော် လျစ်လျူ မရှုနိုင်တော့ပါ ။ မကြာသေးမီဘက ဆုံးဖြတ်ချက် အားလုံးသည် မိုးရေ ထဲ မျောပါ လွင့်စဉ် သွားလေပြီ ။ ရုပ်ရှင်ရုံ အောက်တွင် ယောင်လည်လည် နှင့် စောင့်နေမည့် မိတ်ဆွေ နှင့် တကွ သူ နှင့် ချိန်းဆိုထားသည့် ကတိ ကိုလည်း ဂရုမစိုက် အားတော့ပြီ ။

ကျွန်တော် လည်း အဘွားအိုကြီး ရှိရာသို့ ချက်ချင်း ပြန် ပြေးမိပြီး လျှင် သူ ၏ ပိန်ချုံးသေးသွယ် လှသော ကိုယ်ခန္ဓာကလေး ကို ထီး ဖြင့် မိုးကာ ပေးလိုက်ပြီးနောက်

“ ဘွားဘွား ဘွားဘွား မိုးတွေ သည်း လာပြီ ။ ကျွန်တော့် နား တိုး ၊ ကျွန်တော် ထီးမိုး ပေးပါမယ် ” ဟု လှိုက်လှဲသော အသံဖြင့် ပြောလိုက် မိ၏ ။

အဘွားအိုကြီး လည်း စောစောက ကျွန်တော် သူ့ နံဘေး နား မှ ဖြတ်ကျော် လျှောက်ခဲ့သည် ကို ပင် သတိ ပြုလိုက် မိဟန် မတူ ။ ရုတ်တရက် ကျွန်တော် သူ့ နံဘေး နား ရောက်လာပြီး ထီးမိုး ပေးလိုက်သော အခါတွင် မှ ဝမ်းမြောက်ဝမ်းသာ မော် ကြည့်ရင်း

“ အမယ်လေး ငါ့ မြေးရယ် ၊ ဘုန်းကြီး လို့ သက်ရှည်ပါစေကွယ် ၊ ဘုန်းကြီးလို့ သက်ရှည်ပါစေ ” ဟု တုန်ယင် လှိုက်လှဲသော အသံကြီး ဖြင့် ဆုတောင်း ပတ္ထနာ ပြုနေရှာတော့သည် ။

ထိုအခိုက်အတန့်ကလေးဝယ် ကျွန်တော် သည် ဘာကိုမျှ သတိ မရတော့ဘဲ အဘွားအိုကြီး ၏ ဆုတောင်းသံ တွင်သာ နစ်မွန်း ကြည်နူးလျက် ရှိတော့သည် ။ ကျွန်တော် သည် မိမိ ဆုံးဖြတ် ပြုမူလိုက်သော ဆောင်ရွက်ချက် အတွက် ကျေနပ်နှစ်သိမ့် ပီတိတစိမ့်စိမ့် ဖြာဝေနေမိပါတော့သတည်း ။

◾မင်းရှင်

[ စာနယ်ဇင်း အမည် ၊ လ နှင့် ခုနှစ်တို့ ကို ရှာမတွေ့ ။ ]

📖လမ်းပေါ်မှာ

No comments:

Post a Comment