Friday, December 6, 2024

နွယ်ချို ( ၀၂ )


 “ ကလစ် ” 


ကား ဆီမှ  တံခါး ဖွင့်သံ လို ကြားရသည် ။ 


နောက် ...


“ ဝူး ” 


“ ဟာ ” 


သူ ထင် သလို မဟုတ် ၊ ကားလေး က အရှိန် ခပ်ပြင်းပြင်းသာ မောင်း ထွက် သွားလေတော့သည် ။


သူ ခလုတ်တိုက် မှောက်လျက် လဲပြီး ပြေးပွေ့ မိသော မိန်းမပျို ကို တောင်းပန်ရမလား ။ ထွက်သွားသော ကား ကို ဒေါသ ထွက်ရမှန်း မသိ ။ သို့သော် ခပ်တည်တည် ဖြင့်


“ တောက် ” 


ကိုယ်တိုင် ခံစားရသူ မဟုတ်ငြား ၊ မကျေမနပ် ပုံစံ ဖြင့် တောက် ခတ် လိုက်သည် ။ နောက် ရင်ခွင် ထဲ က မိန်းမလှလေး ကို ပြန် ငုံ့ ကြည့်ရင်း


“ ဘာ ဘာ ဖြစ်သွားသေးလဲ ဟင် ” 


မိန်းကလေး က တုန်ယင်စွာ ဖြင့် ပြန် မော့ ကြည့်ရင်း ခေါင်း ကို ခပ်သွက်သွက် ခါ ကာ


“ ဟင့်အင်း ”


ပြီးနောက် မျက်လွှာ ကို ချ၍


“ လန့်သွားတာပါ ”


သူ မိန်းမလှလေး ပခုံးကို မလွှတ်မိသေး ။ သူ့ ကို မိန်းကလေး အပေါ် မှောက်လျက် လဲအောင် လုပ်သော ကျောက်ခဲ ကို ကျေးဇူးတင်စွာ ပြန် ကြည့် မိသေး၏ ။ ထို ကျောက်ခဲ ကြောင့် မဟုတ်လျှင် ကောင်မလေး ပေါ် အရှိန် လွန် မှောက်လဲမည် မဟုတ် ။ မှောက် မလဲလျှင် ဤသို့ ကြုံရမည် မဟုတ် ။ သူ့ စိတ် နှင့် သူ့ ကိုယ် ဆိုလျှင် ဤကဲ့သို့ သူရဲကောင်း ဆန်စွာ ပြုဖို့ မဆိုထား နှင့် ၊ သွေးရဲရဲ သံရဲရဲ မြင်လျှင်ပင် ထွက်ပြေး မိပေလိမ့်မည် ။ ယခုတော့ ကျောက်ခဲ တစ်လုံး ကောင်းမှု ဖြင့် အခြေအနေ က လှပ နေပေပြီ ။ ဝမ်းသာစိတ် ကို မြိုသိပ်ရင်း မောင်းထွက် သွားသော ကား ကို မကျေမ ပ် လှမ်း ကြည့်ကာ


“ တောက် အတော် လူမှုရေး ခေါင်းပါး တဲ့ သူ ပဲ ” 


မိန်းမပျို က သူ့ ကို အားကိုးတကြီး မော့ ကြည့်သည် ။ ပြီးနောက် သူမ ပခုံး ကို ဖက် ထားသော လက် ကို မသိမသာ ရုန်းရင်း


“ ကျေးဇူး ကျေးဇူးပါပဲနော် ”


သူ ပြန် ငုံ့ကြည့်သည် ။ နောက်မှ ပျာပျာသလဲ နှင့် လက် ကို ဖယ်ပြီး


“ ဪ ဟုတ်ကဲ့ပါ ၊ ကျွန်တော့် နာမည် ထူးနိုင် ပါ ” 


ကောင်မလေး က ပြုံးပြီး


“နွယ် လို့ ခေါ်ပါတယ် ၊ မြရီနွယ် ပါ ”


ခင်မင်ရင်းနှီးမှု ကို ချက်ချင်း ဖြစ်စေပါသည် ။


“ ဒီ နား နေတာလား ” 


နွယ် က ထူးနိုင် ကို ပြန် ကြည့်ပြီး


“ အင်း ဟုတ်တယ် ၊ မနက် မနက် ဒီ မှာ ပြေးနေကျ ”


“ ဟုတ်လား ၊ ကျွန်တော် လဲ မနက်တိုင်း ဒီမှာ ပြေးနေကျပဲ မတွေ့ဖြစ်ဘူး နော် ” 


ကောင်မလေး က ခေါင်းငုံ့ ပြုံးရင်း


“သတိ မထားမိတာ နေမှာ ပါ ”


ထို အဖြေ သည် သူမ က သတိထားမိ နေကြောင်း ကို ပေါ်လွင်စေပါသည် ။ ထူးနိုင် ပြုံးလိုက်သည် ။


“ ကဲ ဒါဖြင့်လဲ ဆက် သွား လိုက်ဦးမယ် နွယ် ၊ မနက်ဖြန် ကျတော့ ထပ် ဆုံကြတာပေါ့ ”  


နွယ် က ကြည်နူးစွာပြုံးရင်း


“ ဟုတ် ”


နှစ်ယောက်သား လမ်း မခွဲချင်ဘဲ ခွဲခဲ့ရသည် ။


ပထမ ပြေးယောင် ပြပြီး ခုန နေရာ ပြန် ပြေးလာကာ ခလုတ်တိုက် ခဲ့ သော ကျေးဇူးရှင် ကျောက်ခဲ ကို ပြန် ကောက်လိုက်သည် ။ နောက် တခြားသူ များ မြင်သွားလေမလား ဆိုပြီး ဘေးဘီ ဝေ့ ကြည့် လိုက်သေး၏ ။ ဘယ်သူမှ မရှိတော့ မှ ကျောက်ခဲ ကို “ ကကျွပ် ကကျွပ် ကကျွပ် ” နှင့် အား ရပါးရ အာဘွား ရှလူး ကာ အိတ်ထောင် ထဲ ထည့် လိုက်မိသည် ။ နောက် ခြေလှမ်း ကို ပြန် စ လိုက်သည် ။


ထူးနိုင် ၏ စိတ် ထဲ မှာ တော့ ယခု သူ ပြေးနေသော ခြေလှမ်းများ လို ရင် ကို တဖျတ်ဖျတ် ဖြစ်စေသည် ။


•••••   •••••   ••••• 


“ တီတီတီ တီတီတီ ” 


အိပ်စင် ဘေး နာရီမှ အချက်ပေးသံ မြည် လာသည် ။


သူဇာချို အိပ်ချင်မူးတူး နှင့် နာရီ ကို ယူကြည့်လိုက်၏ ။


“ ၅ : ၄၀ ” 


“ ဟင် ” 


၆:၃၀ တွင် ခရီး ထွက်မယ့် အဒေါ်  ထံ မှ ငွေလွှဲ ယူရမည် ကို သတိရ မိ၏ ။ ထိုငွေ မှ မယူထားလျှင် တစ်နှစ်စာ ခန့် တော့ ထမင်းငတ် သွားနိုင်သည် ။ အဒေါ် က နိုင်ငံခြား သွားမှာ ကိုး ။


ထို့ကြောင့် အိပ်ရာ က ကမန်းကတန်း ထ၍ သန့်ရှင်းရေး လုပ်ပြီး ကား ကို ကမန်းကတန်း မောင်း ထွက် လိုက်ရသည် ။


အပြင် မှာ နှင်းများ က လဲ မသဲကွဲသေး ။


မြင်ရစေရန် ကား ဝိုက်ဘာ ကို ဖွင့်လိုက်သည် ။ ဘာမှ သိပ် မထူးခြား ၊ နှင်းကွဲမီး ကို ထပ် ဖွင့်လိုက်သည် ။ ဒါလဲ ရှေ့တစ်လံ အပြင် ပို မမြင်ရ ။ ကား ကိုလဲ အချိန် မမီ မှာ စိုး၍ အရှိန် မလျော့ရဲ ။


“ ကလင် ကလင် ကလင် ” 


ဖုန်းမြည်သံ ။


“အဲ ပုတု ”


ကား ကို ဂရုတစိုက် မောင်း နေရာ မှ ဖုန်းမြည်သံ ကြား၍ လန့်သွားမိ သေး၏ ။ နောက်မှ ဖုန်း ကို ကြည့် လိုက်တော့


“ ဟင် ဒေါ်လေး ဆက်တာပဲ ” 


ဆို ကာ ဖုန်း ကိုင်လိုက်သည် ။ 


“ ဟယ်လို ဒေါ်လေး ”


“ ဟဲ့ သူဇာချို မလာသေးဘူးလား ၊ ငါ လေဆိပ် ကို ဆင်းတော့မှာ ” 


“ လာပြီ ဒေါ်လေး လာပြီ ၊ နှင်း မကွဲသေးလို့ လာပြီ ” 


ဆို၍ ကမန်းကတန်း အရှိန် မြှင့်လိုက်စဉ်


“ ဟင် ” 


သူ့ ကားဘေး မှ ဖြတ် သွားသော ယောက်ျားပျို တစ်ယောက် ၏ ပုံရိပ် ။ သူ ငေး ကြည့်စဉ် ...


“ ဟာ ” 


မလှမ်းမကမ်း ကားရှေ့ မြင် လိုက်ရသော အရိပ် တစ်ခု ။ 


“ အောင်မလေး ” 


လန့်ပြီး ဘရိတ် အုပ် လိုက်မိသည် ။ တစ်ဖက်လမ်း မှ အလောတကြီး ပြေး လာသော ခုန ယောက်ျားပျို တစ်ယောက် ။


“ ဟိတ် ” 


“ ဟာ ” 


“ ကျွီ ”  


သို့သော်


•••••   •••••   ••••• 


ရုတ်တရက် ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိ ။ ခုန ကားလမ်း ပေါ် က မိန်းကလေး ကို သူ တိုက်ခဲ့မိပြီလား သူ မသိ ။ ကတုန်ကယင် နှင့် သူ အနောက် ကို ပြန် ကြည့် မိသည် ။


“ ဟင် ” 


သူ့ ကို ခပ်စိမ်းစိမ်း စိုက်ကြည့် နေသော ခုနက ယောက်ျားပျို ။ ထိုယော က်ျားပျို ၏ ရင်ခွင် ထဲ မှာ မှ ကားရှေ့ က မိန်းကလေး ။


ဘာလုပ်ရမှန်း မသိ ။ မောင်း ပဲ ထွက်ရမလား ။ ဆင်း ပဲ ကြည့်ရမလား မသိ ဝေခွဲမရ ဖြစ်နေမိသည် ။


နောက်ဆုံး ကား ပေါ် မှ ဆင်း၍ သွားမေးမည် စိတ်ပိုင်းဖြတ် ပြီး ကား တံခါးဖွင့်လိုက်သည် ။


“ ကလစ် ” 


ထိုစဉ်မှာ ပင်


“ ကလင် ကလင် ကလင် ” 


“ ဟင် ” 


ဒေါ်လေး ၏ ဖုန်း ။ ယောင်ရမ်းပြီး ဖုန်း ကို ကိုင် လိုက်သည် ။


“ ဟယ်လို ” 


“ ဟဲ့ သူဇာချို မလာသေးဘူးလား ၊ ငါ လေယာဉ် မမီဖြစ်တော့မယ် ”  


ထိုအသံ ကြားပြီး သူလဲ လတ်တလော ကိစ္စများ မေ့ကာ


“ လာပြီ ဒေါ်လေး လာပြီ ”  


ဆို ကာ ကား ကို ဝူးခနဲ မောင်းထွက်မိသည် ။


သူ ၏ စိတ် တွင် ကပ်ပါလာသည် က ခပ်စိမ်းစိမ်း ကြည့် နေသော ယောက်ျားပျို ၏ မျက်လုံး ။


•••••   •••••   ••••• 


သူဇာချို ကားမောင်း နေရင်း စိတ်မဖြောင့် ဖြစ်နေမိသည် ။ ဒေါ်လေး နှင့် တွေ့ရမည့် ကိစ္စ အားလုံး ပြီး သော်လည်း အိမ် မပြန်နိုင်သေးဘဲ သတိ လက်လွတ် ကား လျှောက် မောင်း နေမိသည် ။


နှင်း မကွဲချိန်က ဖြစ်ခဲ့သော ကိစ္စ ။ စိတ် ထဲ က မဖျောက်ပစ်နိုင်သေး ။ 


စိမ်းစိမ်းကားကား ကြည့် နေသော ယောက်ျားပျို မျက်လုံး ။


“ ဘာဖြစ်သွားတာလဲ ၊ ဘာဖြစ်သွားသေးလဲ ” 


တွေးရင်း ချွေးများ ပင် စို့ချင်သည် ။


“ အကယ်၍ များ တစ်ခုခုများ ဖြစ်သွားခဲ့ရင် ” 


တွေးရင်း ကြောက်လန့် နေမိသည် ။


အိမ် မှာ ပဲ ရဲများ ရောက် နေပြီလား ။ ဒါမှ မဟုတ် သူ့ ကို ပဲ ပိုက်စိပ်တိုက် လိုက်ရှာ နေကြပြီလား ။ သူ မဝေခွဲနိုင် ။


ငယ်ငယ်ရွယ်ရွယ် နှင့် အမှုအခင်းများ ကို သူ ရင် မဆိုင်ချင်သေး ။


နောက်ဆုံးတော့


“ ဘာပဲဖြစ်ဖြစ် ပြဿနာ ဖြစ်ခဲ့တဲ့ နေရာ သွား ကြည့်လိုက်တာ အဖြေ ရှင်းမှာ ပါ ” 


ဟု စိတ်ပိုင်းဖြတ် ပြီး မနက် က အက်ဆီးဒင့် ဖြစ်ခဲ့သည့် နေရာဖက် သို့ ကားကို ကွေ့လိုက်သည် ။


“ ပြေးသင့်လဲ ပြေးရတာပေါ့ ” 


စိတ်ပိုင်းဖြတ်ရင်း ...


•••••   •••••   ••••• 


မနက် ဖြစ်ခဲ့သော လမ်းဝ ရောက်တော့ လမ်းထဲ သူ ရုတ်တရက် မဝင် ရဲ ။ ဝင်သွား လိုက်မှ အခင်း ဖြစ်ခဲ့သည့် နေရာ၌ လက်ပူးလက်ကြပ် ဝင်တိုး မိသလို ဖြစ်မှာ သူ စိုးနေမိသည် ။


ထို့ကြောင့် ရင် တထိတ်ထိတ် နှင့် ကား ကို ဘီး လှိမ့်ရုံ လှိမ့်ရင်း ခပ်ဖြည်းဖြည်း မောင်း ဝင်လိုက်သည် ။


လမ်းကလေး က မနက်ခင်း နှင်းမကွဲ သလို မဟုတ်တော့ ။ ဖြတ်သွားဖြတ်လာများ နှင့် စည်စည်ကားကား ။


သူ အကြံ ရသွားသည်  ။


“ ဟုတ်ပြီ ၊ အထဲ ထိ မသွားသေးဘဲ တစ်နေရာရာ မှာ ဝင် စုံစမ်းရမယ် ”   


ဟု တွေးမိပြီး အနည်းငယ် သန့်ပြန့်ပြီး လူ စုံနိုင်သော လက်ဖက်ရည်ဆိုင် တစ်ခု သို့ ကား ကို သူ ချိုးကွေ့ ဝင်လိုက်သည်  ။


“ အို” 


ထင်မှတ် မထားသော မြင်ကွင်း ။ သူ ကားပေါ် ၌ ပင် ကြက်သေသေ ၍ ငြိမ် ထိုင်နေမိသည် ။


သူ မြင်နေရသည် က နှင်း မကွဲခင်က သူ့ ကို မျက်လုံးစိမ်း နှင့် ကြည့် နေသော ယောက်ျားပျို ။


အဝတ်အစား ပင် မလဲရသေးဘဲ အေးအေးလူလူ လက်ဖက်ရည် ထိုင် သောက် နေခြင်းပင် ။


သူ ဇဝေဇဝါ ဖြစ်နေမိသည် ။


ကား ပေါ် က ဆင်း မေးလျှင် ကောင်းမလား ၊ လှည့်ပြန်ရ ကောင်းမလား စဉ်းစား နေမိသည် ။


ထို ယောက်ျားပျို က တော့ သူ့ ကို မမြင်သေး ။


သူ စိုးရိမ်ပြီး ကားစက် ကို ပြန် နှိုးရန် ပြင်သည် ။ ထိုသို့ ဆိုလျှင်လဲ အခြေအနေ အမှန် ကို သူ သိရတော့မည် မဟုတ် ။ အခြေအနေ မှန် မသိရလျှင် အမြဲတမ်း စိတ် တထင့်ထင့် နှင့် ဖြစ်နေရ တော့မည် ။ ဘယ်တော့မှ နေ လို့ ထိုင်လို့ စိတ်သက်သာရာ ရတော့မည် မဟုတ် ။ ထို့ကြောင့် 


“ ဘာပဲ ဖြစ်ဖြစ် လာမယ့် ဘေး ပြေး တွေ့လိုက်တာ ကောင်းမယ် ”  


ဟု စိတ် ပိုင်းဖြတ်ပြီး ကား တံခါး ကို ဖွင့် ဆင်း လိုက်မိသည် ။


▢ အကြည်တော်


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment