Thursday, December 19, 2024

ဆန်းကြယ်


 ဆန်းကြယ်

( ဝင်းဖေ )


‘ ချစ်တဲ့ စိတ်ဟာ ဆန်းကြယ် ’ ဆိုတဲ့ ရုပ်ရှင်ကား တစ်ကား ရှိဖူးတယ် လို့ ကျွန်တော် ကြားဖူးတယ် ။ ကြည့် တော့ မကြည့်ဖူးဘူး ။ ကြည့်ဖူးချင် လိုက်တာ ။ 


မှတ်မှတ်ရရ ကျွန်တော့် အသက် တစ်ဆယ်ကျော် လောက် ကတည်း က ကျွန်တော့် သူငယ်ချင်းတွေ အားလုံး လိုလိုပါပဲ ။ အချိုးပြောင်း ကုန်ကြ တယ် ။ ကောင်မလေးတွေ လှတဲ့အကြောင်း ပြောပြော လာကြတယ် ။ သိတယ် မဟုတ်လား ။ ပထမ တော့ ရှိုးတိုးရှန့်တန့် နဲ့ ပေါ့ ။ နောက်တော့ အချိန် အတော်များများမှာ သူတို့ အတွက် က ဒါပဲ ။ အတူ ကစားဖော် ကစားဖက် ကောင်မလေးတွေ ကို လည်း မရိုးမသားတွေ ပြော လာတယ် ။ ကောင်မလေး တွေ ကလည်း ပြောတာ ၊ ဆိုတာ ၊ ကြည့်တာ အကုန်လုံး လောက်ပါပဲ ။ သူတို့ လည်း ပြောင်းကုန်တာပဲ .. ။


သိသိသာသာ ကျွန်တော် က “ ခွ ” ကျနေတယ် ။ ကောင်မလေးတွေ ထွားလာတာ ၊ ကြီးလာတာ ၊ လှလာတာ ကျွန်တော် လည်း မသိတာ မဟုတ်ဘူး ၊ သိပါတယ် ။ ကျွန်တော့် သူငယ်ချင်းတွေ လည်း ဘာကြောင့် ဘယ်လို ဖြစ်ကုန်ကြတယ် ဆိုတာ ကျွန်တော် နားလည် ပါတယ် ။ ဒါ ဘာ ဆန်းလို့လဲ ၊ သဘာဝ ပဲ ဟာ ။ ဆန်း နေတာ က ကျွန်တော် ။ ကျွန်တော် လည်း လှတဲ့ ကောင်မလေးတွေ ကို မြင် နေရတာပဲ ။ ကြည့် လည်း ကြည့်တာပဲ ။ လှကြမှန်း လည်း သိတာပဲ ။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေ လို မဟုတ်ဘဲ ဖြစ်နေတယ် ။ မရိုးမရွ ဖြစ်လာတဲ့ သဘော ကျွန်တော့် မှာ မရှိဘူးတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမဲ့ သိပ် နည်းနေတယ် ။


သူတို့ ပြောတဲ့ ဟို ကောင်မလေး ကြိုက်တယ် ၊ သည် ကောင်မလေး ကြိုက်တယ် ဆိုတာမျိုး ကျွန်တော့်မှာ မရှိဘူး ။ ကျွန်တော် တစ်ယောက် တည်း ကြောင်ကျန် နေခဲ့မှာ စိုးလို့ ကြိုးစား ကြည့်သေးတယ် မလွယ်ဘူး ။ မရဘူး ။ 


ကျွန်တော် က ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲ မှာ ဘေးလူ ၊ ပွဲကြည့် ပရိသတ် လို ဖြစ်နေတယ် ။ ကျွန်တော့် သူငယ်ချင်းတွေ ကို ကျွန်တော် ခင်ပါတယ် ။ တော်တော် လည်း တန်ဖိုး ထားပါတယ် ။ သူတို့ နဲ့ လည်း မကြာခဏ တွေ့ချင် နေတာပါပဲ ။ ဒါပေမဲ့ အဲဒီ ကောင်မလေးတွေ ကိစ္စ မှာ စောနေသလား လို့ တစ်ခါတစ်ခါ ထင်မိတယ် ။ ကျွန်တော့် ဟာ ကျွန်တော် တွေးနေတာပါ ။ သူတို့ က တော့ ခပ်တည်တည် ပဲ ။ ဆယ့်လေးငါးနှစ် လောက် စီ ရှိလာတော့ ရည်းစား ထားတဲ့ကောင်တောင် ထားကုန်ပြီ ။ စွံကုန်ကြပြီ ။ မထားနိုင်သေးတဲ့ ကောင်တွေ ကလည်း တအား ကို ကြိုးစားကုန်ပြီ ။ ကျွန်တော် က သူတို့ အကြောင်းတွေ ကို စိတ်ဝင်စားပါတယ် ။ ကိုယ့် ဟာ ကိုယ် သာ ပါဝင်ဆင်နွှဲ လို့ မရတာ ။ ကောင်မလေး တစ်ယောက် ယောက် ကို ဇွတ် ကြိုက်ကြည့်ဖို့ လုပ်ကြည့်သေးတယ် မလွယ်ပါဘူး ။ လန်ကြုတ်ကြီး ဥစ္စာ ။


ကျွန်တော် ဆယ့်လေးငါးနှစ် လောက် ရောက်တော့ မိန်းမ နဲ့ ပတ်သက်လို့ စိတ်ပြောင်း လာတယ် ။ ဒါပေမဲ့ အဲဒါက လည်း အတော် ခွကျတယ် ။ ကျွန်တော် ကြိုက်တဲ့ မိန်းမတွေ က နိုင်ငံခြား ရုပ်ရှင်ကားတွေ ထဲက မင်းသမီး တွေ ဖြစ်နေတယ် ။ မည်ကာမတ္တ မဟုတ်ဘူးနော် ။ အတော် ကို ကြိုက်တာ ၊ အနုပညာ ဘာညာ ဒါတွေ ကို မဟုတ်ဘူး ။ မရိုးမသား စိတ်တွေ နဲ့ကို ကြိုက်တာ ။ ကဲ ... မခက်ဘူးလား ၊ အလွန် မဖြစ်နိုင်တဲ့ ကိစ္စ ပဲ ။ 


ဒါပေမဲ့ ကျွန်တော် ပြောပြမယ် ။ မဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖြစ်နိုင် အောင် လို့ စိတ်ကူးပြီး ဇွတ် ကိုယ့် ကိုယ်ကိုယ် ကျေနပ်အောင် လုပ်လို့ရတယ် ဗျ ။ နိုင်ငံခြားရုပ်ရှင် မင်းသမီးတွေ နဲ့ နီးစပ်ဖို့ ၊ တွေ့ခွင့်ရဖို့ ၊ ရင်းနှီးခွင့် ၊ ချစ်ခွင့်ရဖို့ ကျွန်တော် အများကြီး ဇာတ်လမ်းတွေ ဆင်ပြီး တွေးဖူးတယ် ။ ဇာတ်လမ်း ဆင်တာပဲဗျာ ၊ ဘာ ခက်တာ မှတ်လို့ ။ ဒါပေမဲ့ အတော်လေး ကို နီးစပ်အောင် ၊ ဖြစ်နိုင်အောင် တွေး ရတာနော် ။ ယုတ္တိ မရှိတဲ့ ဇာတ်လမ်း နဲ့ ဇွတ် တွေ့ ပေးလို့ မရဘူး ။ အဲလို ဆိုရင် ဖီလင် မလာဘူး ။


ဥပမာ …. ကျွန်တော့် ရဲ့ ဟိုဘဝ က သူငယ်ချင်း က ဇော်ဂျီ ဖြစ်နေ ပြီး သူ့ တန်ခိုးနဲ့ မာရီလင်မွန်ရိုး ကို ကျွန်တော့် အိမ် ပို့ လိုက်တာ ဖြုန်းခနဲ ရောက် လာတာမျိုး ။ အဲ ... အဲဒါမျိုးတော့ မရဘူး ။ ဖီလင် မလာဘူး ။  


ကျွန်တော် တွေးတဲ့ ဇာတ်လမ်းတွေ ကတော့ အများကြီးပဲ ။ ထားပါ ၊ အဲဒါတွေကို ပြောပြနေလို့ ဘယ် ဖြစ်မလဲ ၊ သိပ် များမယ် ။ 


အဲသည်ထက် ခွကျတာ ရှိသေးတယ် ။ ကျွန်တော် က ငယ်ငယ် ကတည်း က ဝတ္ထုတွေ ဘာတွေ တော်တော် ဖတ်တယ် ။ အဲ ... တစ်ခါတလေ ဝတ္ထု ထဲ က ဇာတ်လိုက်မင်းသမီး ကို ကြိုက်တတ်ပြန်ရောဗျာ ၊ အဲဒါကတော့ နိုင်ငံခြား ရုပ်ရှင်မင်းသမီး ကို စိတ်ကူးယဉ် မိတာ ထက် ဆိုးတယ်ဗျို့ ။ စာရေး ဆရာ က စိတ်ကူးယဉ်ပြီး ဖန်တီးထားတဲ့ ဇာတ်ကောင် ပဲ ။ ဘယ်လို လုပ် အပြင် မှာ ရှိနိုင်မှာလဲ ။ ဒါကိုလည်း ကျွန်တော် သတိ ရှိပါတယ် ။ ဒါပေမဲ့ အဲသည် မိန်းမတွေ ကို စွဲလမ်း နေတတ်တယ်ဗျာ ။ မြင်လည်း မြင်ယောင် နေတယ် ။ ကြိုက် လည်း ကြိုက် နေတတ်တယ် ။ အဲဒါကတော့ ကျွန်တော့် အတွက် အခက်ဆုံး ပြဿနာပဲ ။


ပြဿနာတွေ လို့ ပြောတာနော် ၊ ကျွန်တော် ပြော သလို နိုင်ငံခြား ရုပ်ရှင်မင်းသမီးတွေ ၊ ဝတ္ထု ထဲ က မင်းသမီးတွေ ကို ကြိုက်ခဲ့မိလို့ ကျွန်တော့် မှာ ဘာမှ ဝန်ထုပ်ဝန်ပိုး ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပါဘူး ။ ကျွန်တော် နောင်တ လည်း မရမိပါဘူး ။ အပင်ပန်း လည်း မကြီးပါဘူး ။


တစ်ခုတော့ ရှိတယ် ။ ကျွန်တော် ငယ်ငယ် ကတည်း က တစ်ခု ဆို တစ်ခု ၊ စိတ်ဝင်စား လာရင် စိုက်စိုက်သွားတတ်တယ် ။ စစ်တုရင် အကြောင်း စိတ်ဝင်စား တုန်း က ဆိုရင် စာအုပ်တွေ စု ၊ ဖတ် ၊ မေး ၊ စဉ်းစား ၊ လိုက်ကြည့် ၊ အတော့် ကို ရှုပ်ကုန်တယ် ။ အခြေခံ အားဖြင့် ဘယ် သဘောတွေ ရှိတယ် ဆိုတာလည်း သိရော ၊ ကျွန်တော့် ဟာ ကျွန်တော် ရပ်သွားတယ် ။ အဲသည် နောက် ကဗျာဝိညာဉ် ၊ ကဗျာလိပ်ပြာ ဆိုတာ ကို စိတ်ဝင်စား ပြန်တယ် ။ မေးရမြန်းရ ၊ ရှာရဖွေရ ၊ ဖတ်ရပြုရနဲ့ ကိုယ့် ဟာ ကိုယ် စဉ်းစား နေရတာတွေ ကလည်း အများကြီးပဲ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ပါတယ် ။


ကျွန်တော် တက္ကသိုလ် စရောက်တော့ အက် ( ဗ ) စထရက်ရှင်း ဆိုတာ ကို စိတ်ဝင်စား လာတယ် ။ အက် ( ဗ ) စထရက်ရှင်း ဆိုတာ ဘာလဲလို့ မြန်မာလို မရှင်းချင်ဘူးဗျ ။ ပြည့်ပြည့်စုံစုံ မရှင်းမိရင် ပိုပြီး ရှုပ်ကုန်မှာ စိုးလို့ပါ ။ လောကကြီး မှာ အက် ( ဗ ) စထရက်ရှင်းတွေ က နေရာတကာ ပါပဲ ။ ပုံစံ အမျိုးမျိုး နဲ့ ပေါ်ပေါ် လာတယ် ။ ကုန်တယ် ၊ စုံတယ် ကို မရှိပါဘဲလား ။ စကြဝဠာကြီး တစ်ခုလုံး ကလည်း အက် ( ဗ ) စထရက်ရှင်း ပါပဲ ။ အက် ( ဗ ) စထရက် မျက်မှန် တပ် လိုက်တာကိုး ။ အက် ( ဗ ) စထရက် မျက်မှန် တပ် လိုက်တဲ့ အတွက် ဝင်းခနဲ လင်းခနဲ ဖြစ်သွားတာ ရှိသလို မည်းသွား မှောင် သွား ပိတ် သွားတာတွေ လည်း ရှိတယ်နော် ။ သည်ထဲ မှာ ပဲ ဆယ်မီး အက် ( ဗ ) စထရက် ဆိုပြီး နှစ်ကုန်းတစ်ကော့ က လည်း ပါသေးတယ် ။ ဘာပဲ ပြောပြော သိပ် စိတ်ဝင်စားစရာ ကောင်းတာတော့ အမှန်ပါပဲ ။ ကျွန်တော် လည်း အဲသည် ထဲ မှာ နစ်နေပါတယ် ။ ဒါပေမဲ့ ကျေနပ်ပါတယ် ၊ ပျော်တယ် ။


ကျွန်တော် တက္ကသိုလ် ဒုတိယနှစ် ရောက်တော့ ဂျယ်နီ ကို တွေ့ တယ် ။ သူ့ နာမည် က ဂျယ်နီဖာကြည်ဝင်း ပါ ။ အတိုကောက် က ဂျယ်နီ ပေါ့ ဗျာ ၊ နေဦး ... တွေ့ကြပုံကို ပြောပြဦးမယ် ။ သူ နဲ့ စ တွေ့ ကြတာက သိပ် ရိုးတယ် ။ ဒါပေမဲ့ ပြောင်းပြန်ကြီး လိုပဲ ။


တက္ကသိုလ် စာကြည့်တိုက် ရဲ့ရှေ့ ၊ မြောက်ဘက် နား ခပ်ကျကျမှာ ကျွန်တော် ရပ် နေတုန်း ရှင် ... ကိုကျော်မိုး မဟုတ်လားတဲ့ ။ သူ က လာ မေးတာ ။ ကျွန်တော် က ဟုတ်ပါတယ် ပေါ့ ။ သည်တော့ သူ က ဗလာစာအုပ် တစ်အုပ် ကို ကျွန်တော့် ပေးရင်း ရှင့် စာအုပ် လိုင်ဘရာရီထဲ က စားပွဲ ပေါ် မှာ တွေ့ ခဲ့လို့ ယူလာခဲ့တယ် တဲ့ ။ ကျွန်တော် ကြည့် လိုက်တယ် ။ ကျွန်တော့် စာအုပ် မဟုတ်ပါဘူး ။ စာအုပ်ဖုံး ပေါ် မှာတော့ ကျော်မိုး လို့ ရေးထားတာ မှန်တယ် ။


ဒါပေမဲ့ ကျွန်တော့် စာအုပ် မဟုတ်မှန်း ကို ကျွန်တော် သိပါတယ် ။ စာအုပ် ကြား မှာ လည်း သီးခြား စာရွက်ခေါက် တစ်ခု ညှပ် ထားတာ သိသာ နေတယ် ။ ကျွန်တော် အမြန် တွေးမိတယ် ။ ဘယ်လိုလဲ ၊ သည် နည်းက ခပ်ချာချာ ကောင်တွေ ရည်းစားစာ ပေးတဲ့ နည်းပဲ ။ ဘယ့်နှယ်ကြောင့် သည် မိန်းကလေး က သည်လို လာလုပ်ရတာလဲ ။ ဒါပေမဲ့ ကြာကြာ တွေး နေလို့ မဖြစ်ဘူး ။ မိန်းကလေး ရှက် သွားမှာလည်း ငဲ့ရသေးတယ် ။ ကျွန်တော် စာအုပ် ကို ယူပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ် ။ သူ လည်း ခပ် တည်တည်ပဲ ၊ ကျွန်တော် နဲ့ မနီးမဝေး မှာ သွား ရပ်နေတယ် ။ တစ်ယောက် ယောက် ကို စောင့်တာ ထင်ပါရဲ့ ။


ကျွန်တော် ဆက် တွေးလို့ ရပြီ ။ သည် ကိစ္စ ကို ဘယ့်နှယ် လုပ်မလဲ ။ မိန်းကလေး က စရမှာလား ရှင် ဘာညာ ဆိုတဲ့ ခေတ်လေ ။ မဟုတ်မှ လွဲရော သည်ကောင်မလေး ကျွန်တော့် ကို ကြံပြီ ထင်တယ် ။ သူ့ ကို ဖျတ်ခနဲ လှမ်း ကြည့် လိုက်တယ် ။ တော်တော်တော့ လှတာပဲ ။ သူ က ကျွန်တော့် ကို ကျောပေး တာလည်း မဟုတ်ဘူး ၊ ကျွန်တော့် ဘက် သိသိသာသာကြီး လှည့် နေတာ လည်း မဟုတ်ဘူး ။ ကျွန်တော့် ဘက်ကို ခပ်စောင်းစောင်းကလေး ရပ်နေတာ ။ ကဲ .. ကြည့်လေ ကျွန်မ အရှိကတော့ ဒါပဲ ဆိုတာမျိုး ။ ကျွန်တော့် ကို ကြည့် နေတာ မဟုတ်တော့ ကျွန်တော် ကလည်း ကြည့်တာပဲ ။ အရပ်အမောင်း က စ အားလုံး ပြေပြစ်တယ် ။ အသားအရေ က လည်း သိပ်ဖြူဖွေး နေတာကြီး မဟုတ်ဘူး ။ ညိုချော လည်း မဟုတ်ဘူး ။ လွယ်လွယ် ပြောရရင် မဖြူ မညို ပေါ့ဗျာ ။ မျက်နှာလေး က သိပ်ချောလှတယ် လို့ ပြောလို့ မရဘူး ။ ဆံပင် ရှည် နဲ့ ။ ဒါပေမဲ့ အရေးအကြီးဆုံးက သူ့ မျက်နှာလေး က စိတ်ဝင်စားစရာ ကောင်းတယ် ။ ချစ်စရာ ကောင်းတယ် ။ ကျွန်တော် ချစ်မိပြီဗျာ ၊ ဒါပဲ ။


သူ ပေးခဲ့တဲ့ စာအုပ်ကြား က စာ ကို သတိရ ပြန်တယ် ။ ထုတ်ဖတ် ကြည့်ချင် လာပြီ ။ မဟုတ်သေးပါဘူး ။ သူ မြင်သွားရင် ဘယ် ကောင်းမလဲ ။ သိပ် လည်း သိချင်နေပြီ ။ ကျွန်တော် စာကြည့်တိုက် ရဲ့ မြောက်ဘက် ကို ထွက်ခဲ့တယ် ။ သူ့ မမြင်ကွယ်ရာဘက်ပေါ့ ။ အဲသည်မှာ ကျွန်တော် စာအုပ် ကြား ကစာ ကို ထုတ် ဖတ်ဖို့ လုပ်တယ် ။ မဖတ်ခင် မှာ နောက် တစ်ချက် လှည့် ကြည့်မိလို့ တော်သေးတာပေါ့ ။ သူ နဲ့ သူ့ သူငယ်ချင်း တစ်ယောက် ကျွန်တော် ရှိရာကို လာနေကြတယ် ။ တစ်ခါမှ မခုန်ဖူးသေးတဲ့ ကျွန်တော့် ရင် ဟာ တဒုန်းဒုန်း ခုန် နေတယ် ။ ကျွန်တော် က ပြုံးပြီး ခေါင်းညိတ် နှုတ်ဆက်တယ် ။ သူ က လည်း ပြုံး ပြပြီး ကျွန်တော့် ကို ဖြတ်ကျော် သွား တယ် ။ ကျွန်တော် သူ့ကို တော့ ချစ်သွားပြီဗျာ ၊ သိပ် သေချာတယ် ။


စာအုပ် ကြား က စာ ကို သိပ် ဖတ်ချင် နေပြီ ။ လက်ဖက်ရည်ဆိုင် ဘက် ကို ထွက်ခဲ့တယ် ။ အဲသည်မှာ လည်း ထုတ် ဖတ်ဖို့ စိတ်မလုံဘူး ။ သူငယ်ချင်း တွေ လာ မှာ လည်း လန့် နေတယ် ။ တစ်နည်းနည်း နဲ့ သူ မြင် သွား ရင် လည်း မကောင်းဘူး ။ အတန်း မရှိတဲ့ အခန်း တစ်ခု ထဲ သွားရရင် ကောင်းမလား ၊ မနိပ်ပါဘူး ။ ရှုပ်တယ် ၊ ရွှေဘိုဆောင် က ကိုစောဌေး အခန်း ကို သွားလိုက်တယ် ၊ တော်သေးတယ် ၊ သူတို့ က အပြင် ထွက်ကြတော့ မလို ၊ ဒါဆို အံကျပဲ သော့ ယူထား လိုက်တယ် ။ သူတို့ လည်း သွားရော ကပျာကယာ အခန်းတံခါး ပိတ်ပြီး စာ ကို ထုတ် ဖတ်တော့ ကဗျာတွေ ရေး ထားတာ ဖြစ်နေတယ် ။ တော်တော် ရှည်တယ် ။ သိပ္ပံပညာရဲ့ တိုးတက် ရှုပ်ပွေမှုတွေ နဲ့ လူ့ဘဝ အဓိပ္ပာယ် ကို စောကြော ထားတယ် ။ လက်ရေး က ယောက်ျား လက်ရေး ၊ ဘာမှ မဆိုင်ဘူး ။ ဘာမှ မိန်းကလေး က စ တာတွေ ဘာတွေ မဟုတ်ဘူး ။ သူ့ ဟာ သူ ဗလာစာအုပ် ကောက် ရလို့ ရိုးရိုးသားသား လာ ပေးရှာတာပဲ ။ စာအုပ် က ရူပဗေဒ မှတ်စု စာအုပ် ၊ ကျော်မိုး က ရူပဗေဒ က ကျော်မိုး ၊ ကျွန်တော် က စိတ်ပညာ က ကျော်မိုး ။


ကျွန်တော့် စိတ် နဲ့ ကျွန်တော် ရှက် လိုက်တာဗျာ ။ ကျွန်တော် နဲ့ ကျွန်တော် နဲ့ ရှက် နေတာ ပြောတာ ။ ဒါ ဘေးလူ မပါသေးဘူး ။ ကျွန်တော့် ဘဝ မှာ အဲဒါမျိုးတွေ က တော်တော် များတယ် ။ ကျွန်တော် နဲ့ ကျွန်တော် ကိုယ့် ဟာ ကိုယ် ငြင်းခုံ ၊ ထောက်ခံ ၊ ဆန့်ကျင် ၊ ချီးမြှောက် ၊ ရှုတ်ချ ရှုပ်နေ တတ်တယ် ။ ကျွန်တော့် မှာက ကပြသူ လည်း ကျွန်တော် ၊ ပရိသတ် လည်း ကျွန်တော် ဖြစ်နေ တတ်တယ် ။ ကျွန်တော့် ဟာ ကျွန်တော် ရေ သောက်နေပြီး ဘယ်လို သောက်နေတယ် ဆိုတာကို ကျွန်တော့် ဟာ ကျွန်တော် ဘေး က ပြန်မြင် နေ တတ်တယ် ။ ထွေထွေထူးထူး မဟုတ်ပါဘူး ။ ကျွန်တော် တွေးကြည့် မြင်ကြည့် တတ်တာကို ပြောတာပါ ။ ခုလည်း ရယ်ဖွယ် ဖြစ်အောင် တွေးနေ လုပ်နေ မိတာလည်း ကျွန်တော် ပဲ ၊ သိတာလည်း ကျွန်တော် ပဲ ၊ ရှက်တာ လည်း ကျွန်တော် ပဲ ၊ ကိုယ့် ဟာ ကိုယ် ဟားပစ်လိုက်တယ် ၊ ပြီးရော ။


ကျွန်တော် ရူပဗေဒ က ကိုကျော်မိုး ကို စိတ်လိုလက်ရ လိုက် ရှာပြီး သူ့ စာအုပ် ပြန် ပေး လိုက်တယ် ။ ဘာလို့လဲ မသိဘူး ၊ အဲသည် စာအုပ် ကို လိုင်ဘရာရီ ထဲ က စားပွဲ ပေါ်မှာ ကျွန်တော် ကိုယ်တိုင် ပဲ တွေ့ ခဲ့တဲ့ အနေနဲ့ ပြောပြီး ပေး ခဲ့မိတယ် ။ ‘ သူ ’ က လူမှားပြီး လာပေး သွားတာကို မပြောတော့ဘူး ။ အဲသည်က အပြန်မှာ ကျွန်တော် ဖျတ်ခနဲ စဉ်းစားမိတယ် ။


‘ သူ ’ ကျွန်တော့် နာမည် ကို ဘယ်လို လုပ် သိနေတာလဲ ။ ဒါပေမဲ့ သိပ် တိတိကျကျကြီးတော့ ဟုတ်ဟန် မတူဘူး ။ ရူပဗေဒ က ကျော်မိုး နဲ့ စိတ်ပညာ က ကျော်မိုး လွဲနေတယ် ။ ဘာပဲဖြစ်ဖြစ် သူ ကျွန်တော့် ကို သိနေ တယ် ။ ဘယ်လို ပြောရမလဲ ကျွန်တော့် ရင် ထဲ မှာ နွေးသွားတယ် ။ ဘယ်လို ကြီးမှန်း မသိဘူး ။ မီးရှူးမီးပန်းတွေ ဝင်းလက် သွားတာကိုပဲ မြင်လိုက်ရ သလိုလို ၊ နေရောင်ခြည် မှာ ပြိုးပြိုးပြက်ပြက် လှနေတတ်တဲ့ ရွက်နု ၊ ပန်းပွင့် ၊ ပန်းဖူး ၊ လိပ်ပြာလေးတွေ ကိုပဲ မြင်လိုက်ရ သလိုလို ... ။ ရုတ်တရက် လူ က ကဗျာများ ဆန် သွားလေ သလား ။


အဲသည် နေ့လယ်ပိုင်း တစ်ခုလုံး ကျွန်တော် သူ့ ကို လိုက်ရှာတယ် ၊ မတွေ့ဘူး ။ ညနေပိုင်း ရောက်လို့ စိတ်လျှော့လိုက်တော့ မှ ဘတ် ( စ် ) ကား ဂိတ် မှာ တွေ့ တယ် ။ ဩော် ... ဘတ် ( စ် ) နဲ့ ပြန်ရရှာမှာကိုး ။ အဖော် လည်း မပါဘူး ။ အိုကေ ပဲ ၊ သူ ဘယ်မှာ နေတယ် ဆိုတာ ကို တော့ သိ ရအောင် နောက်က လိုက်ကြည့်မှပဲ ။ ဘတ် ( စ် ) ရှေ့ ပေါက် က သူ တက် ၊ ကျွန်တော် လည်း အပြေးအလွှား သွား ၊ ဘတ် ( စ် ) နောက်ပေါက် က တက်လိုက်တယ် ။ သူ ဆင်းတော့ ကျွန်တော် လည်း ဆင်း ၊ ကျွန်တော် နောက်ယောင်ခံပြီး လိုက် လာတာ ကို သူ မသိရှာဘူး ။ သူ ကျွန်တော့် ကို မမြင်ဘူး ။ ကျွန်တော် က ပဲ မြင်နေရတယ် ။ ကြည့် နေရတယ် ။ ကျွန်တော် ကျေနပ်တယ် ။ သူ ကျွန်တော့် ကို အကြံအဖန် လုပ်တာ မဟုတ်ဘူး ဆိုတာ သိပြီးတဲ့ နောက် သူ့ မျက်နှာလေး က ပိုပြီး ကြည်လာတယ် ။ ကျွန်တော် သူ့ ကို ပို ချစ်လာတယ် ။ 


တိုတိုပဲ ပြောကြပါစို့ ။ သူတို့ နေတဲ့ အိမ် ကို ကျွန်တော် သိခဲ့ပါတယ် ။ ဝန်ထမ်းတွေ ကိုပေးတဲ့ နှစ်ထပ် တိုက်ခန်းတွေပဲ ။ သူတို့ က အောက်ထပ် ထောင့်ခန်း ။ ကျွန်တော် အဲသည် တိုက်ခန်း နဲ့ မျက်နှာချင်းဆိုင် မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် မှာ အတော် ကြာအောင် ထိုင်ပြီး သူတို့ တိုက်ခန်း ကို ကြည့်နေသေးတယ် ။ အိမ် ထဲ မှာ သူ သွားလာ လှုပ်ရှားတွေတာ ကို စိတ် နဲ့ မှန်းပြီး မြင်နေတယ် ။ ကုန်ကုန် ပြောမယ် ၊ သူ ရေချိုးဖို့ ပြင်တာ ဆင်တာ ကို တောင် ကျွန်တော် မြင်ယောင်တယ် ။ ဒါပေမဲ့ အဲသည်ထက် လွန်ပြီး စိတ်ကို ရှေ့ တိုးလို့ မရဘူး ။ သူ နဲ့ ပတ်သက်ရင် မသန့်ပြန့်တဲ့ အတိုင်းအတာ ထိ တွေးလို့မရဘူး ။ ကျွန်တော် သူ့ ကို သန့်သန့်ရှင်းရှင်း နဲ့ အလွန် တန်ဖိုး ထား ပြီး ချစ်မိနေတာ ကို သတိထား မိတယ် ။


နောက် နှစ်ရက် တိတိ ကျွန်တော် သူ့ ကို ကျောင်း မှာ ရှာတယ် ၊ မတွေ့ ရဘူး ။ ဒါနဲ့ ညနေဘက် မှာ သူတို့ နေတဲ့ တိုက်ခန်း ကို လက်ဖက်ရည်ဆိုင် ကနေ ထိုင် ပြီး သွား ကြည့်တယ် ။ သိပ် ကို ကောင်းတဲ့ ဖီလင် ရတယ် ။ သူ့ ကို မမြင်ရ မတွေ့ရပါဘူး ။ ဒါပေမဲ့ ကျွန်တော့် စိတ် အမြင်မှာတော့ အကုန်မြင် နေရတာပဲ ။ သူ သွားနေမှာ လာနေမှာ ၊ ထိုင်မှာ ထမှာ ၊ စားမှာ သောက်မှာ ၊ စကား ပြောနေမှာ အားလုံးပဲ ။ သူ့ မိသားစုပုံတွေ ကိုတောင် ကျွန်တော် စိတ်အာရုံနဲ့ ဖန်တီးကြည့်တယ် ။


စေတနာ က သန် နေတော့ သူ့မိဘများ ကလည်း ကျွန်တော့် စိတ် အာရုံ ထဲ မှာ ကျက်သရေ ရှိကြတယ်ဗျာ ။ သဘောသကာယ လည်း ကောင်း ကြတယ် ။ ယဉ်ကျေး တဲ့ အမူအရာ နဲ့ သာယာအေးငြိမ်းတဲ့ အသံတွေ ရှိကြ တယ် ။ သူ့ မှာ ယဉ်ကျေးတဲ့ မောင်ငယ် တစ်ယောက် တော့ ရှိမယ်လို့ ကျွန်တော် ထင်တယ် ။ ဘာကြောင့်ရယ် တော့ မပြောတတ်ဘူး ။ သူ့ မိသားစု ကို အဲသည်လောက် ပဲ ရှိမယ်လို့ ကျွန်တော် တွေးတယ် ။ သူတို့ အိမ် မှာ ခိုင်းတဲ့ အခိုင်းအစေ တောင် ကျွန်တော် တွေးတဲ့ အထဲ မှာ မပါဘူး ။ ရိုးရိုး ရှင်းရှင်း ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတဲ့ မိသားစု အဖြစ် ကျွန်တော် စိတ်မြင် မြင်နေတယ် ။ ပြီးကော့ အဲသည် အတွေး နဲ့ ပဲ သိပ် ကျေနပ် နေတယ် ။ 


သုံးရက်မြောက်နေ့ နဲ့ လေးရက်မြောက်နေ့ တွေ က ကျောင်းပိတ် တယ် ။ သည်တော့ အဲဟို လက်ဖက်ရည်ဆိုင် မှာ ညနေပိုင်း သွား ထိုင် ၊ သူတို့ တိုက်ခန်း ဘက် လှမ်းမျှော် ကြည့် ၊ ကျေနပ်ပီတိ ဖြစ် ၊ ဒါပဲပေါ့ ။


ငါးရက်မြောက်နေ့ မှာ ကျောင်း ပြန်တက်ရတယ် ။ ကျွန်တော် အစောကြီး ကတည်း က ကျောင်း ကို ထွက် လာတယ် ။ နေ့လယ်ပိုင်း အတန်း အားရင် အားသလို ကျွန်တော် သူ့ ကို ရှာတယ် ၊ မတွေ့ရဘူး ။ မတွေ့ ရလေ တွေ့ ချင်လေပါပဲ ။ သူ့ မျက်နှာလှလှလေး က ကျွန်တော့် စိတ်အာရုံ ထဲမှာ ဓာတ်ပုံ ရိုက် ထားတာလို ပြက်ပြက်ထင်ထင် မှတ်မိ နေပါတယ် ။ ဒါပေမဲ့ သူ့ ကို မြင်ချင် တွေ့ချင်တယ်ဗျာ ။ အဲသည် နေ့ အထိ သူ့ နာမည် ဂျယ်နီ ဆို တာ ကျွန်တော် သိသေးတာ မဟုတ်ပါဘူး ။ အဲသည်နေ့ ညနေ က ကျွန်တော် အိမ် စောင့်ရမယ့် တာဝန် ကျတယ် ။ “ သူ ” တို့ အိမ်ခန်း ကို သွား မျှော်တဲ့ အလုပ် ကို ကျွန်တော် မလုပ်နိုင်ဘူး ။ သည်တော့လည်း ဂစ်တာ ကို ကောက် ကိုင်ပြီး ‘ အပယ်ဂျီယို ’ လေးတွေ ခေါက်ရင်း သီချင်းဆို ကြည့်တယ် ၊ သိပ်ကို အရသာ ရှိတယ် ။ 


ကျွန်တော့် အသံ က အေးပြီး ညက်နေတယ် ။ ဒါတောင် စာသားက ကျွန်တော့် အဖြစ်ကို တည့်တည့်ကြီး ဖော်ကျူးနိုင်တဲ့ စာသား မဟုတ်သေး ဘူး ။ ငှက်မလေးအတွက် ငှက်ထီးကလေး က တေးကျူတဲ့ အခါ ရှင်းလင်း ကြည်လင်တဲ့ အာရုံနဲ့ ဖီလင် အပြည့် နေမှာပဲ ။ ကျွန်တော် နားလည် သွား သလိုလို ဖြစ်မိတယ် ။


ခြောက်ရက်နေ့ မှာ သူ နဲ့ တွေ့ ရတယ် ။ ကျောင်း မှာပဲ ။ ကျွန်တော် ရှာလို့ တွေ့တာ မဟုတ်ပါဘူး ။ သူ က လာပြီး နှုတ်ဆက်တာ ။ အဲသည်တော့ မှ သူ နဲ့ ကျွန်တော် နဲ့ မိတ်ဆက် ကြရတာ ။ အဲသည်မှာ မှ သူ့နာမည် ဂျယ်နီဖာကြည်ဝင်း ဖြစ်တဲ့ အကြောင်း သိရတာ ။ သူ့ ကို ဂျယ်နီ လို့ပဲ ခေါ်ပါတဲ့ ။ သူ က ဘားမီး ( စ ) မေဂျာ ကပဲ ။ တာဝန်ကျေ ဘားမီး ( စ ) မဟုတ်ဘူး ။ တကယ် ကို ဘားမီး ( စ ) စကော်လာ ဖြစ်ချင်လို့ ကြိုးစား နေတာပဲ ။ ကျွန်တော် ဝမ်းသာ လိုက်တာ ၊ ကျွန်တော်တို့ နှစ်ယောက် အဲလို တွေ့ကြ ပြောကြရတာလေး က ခဏလေးပဲ ။ သူ က သိပ် မအားဘူး ။ ပြေးရ လွှားရဦး မှာ ဖြစ်နေတယ် ။ သွားပါ သွားပါ ၊ သွားစရာ ရှိရင် သွားရမှာပေါ့ ။ နောက် ရက်တွေ လည်း တွေ့ နိုင်ကြသေးတာပဲ ။


အဲဒါကတော့ မဟုတ်ဘူးဗျ ။ နောက်ရက်တွေ မှာ သူ နဲ့ မတွေ့ ရတာဘဲ များတယ် ။ တွေ့လိုက် မြင်လိုက် ရရင်လည်း အဝေးကြီး က လှမ်း မြင်လိုက် ရတာ ။ သူ က  မအား ၊ ကိုယ် က မအား ဖြစ်ဖြစ် နေတဲ့ သဘောပါပဲ ။


မှန်မှန် လုပ်နိုင်တာက ညနေပိုင်း ၊ တစ်ခါတလေ ညပိုင်းတွေ မှာ အဲဟို လက်ဖက်ရည်ဆိုင် က နေပြီး သူတို့ နေတဲ့ အိမ် ကို လှမ်းမျှော် ကြည့်ပြီး အလွမ်း ဖြေရတာပဲ ရှိတယ် ။ အဲလို သွားသွား ကြည့် ပေမယ့် သူ့ ကို အထွက် အဝင် လုပ်တာ တစ်ခါမှ မမြင်ရပါဘူးဗျာ ။ အိမ် ထဲ က လူရိပ်လူခြည် လှုပ်တာ ရှားတာလောက်ပဲ မြင်ရတာပါပဲ ။ ကျွန်တော့် အတွက်ကတော့ အဲသည်လောက် မြင်ရရင် ကို လုံလောက် သလို ဖြစ်နေတယ် ။


တစ်ခါက တော့ သူတို့အိမ်ခန်း ထဲ က မွန်မွန်ရည်ရည် ရှိတဲ့ လူကြီး တစ်ယောက် ထွက် လာတယ် ၊ ဂျယ်နီ ဖခင်ကြီး နေမှာပေါ့ ။ လမ်းဖြတ် ကူး လာတယ် ၊ ကျွန်တော် ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင် မှာ စီးကရက် လာ ဝယ်တာ ၊ နှစ်ရာတန် ကို လက်ဖက်ရည်ဆိုင် က ပြန်အမ်းဖို့ ရုတ်တရက် နည်းနည်း အခက်အခဲ ဖြစ်နေတယ် ။ ကျွန်တော် ချက်ချင်းပဲ ထသွားပြီး ကျွန်တော့် မှာ ရှိတဲ့ ဆယ်တန်တွေ ၊ လေးဆယ့်ငါးကျပ်တန်တွေ နဲ့ လဲပေး လိုက်တယ် ။ အဲသည် လူကြီး က ကျေးဇူးတင်ပါတယ် တဲ့ ၊ ကျွန်တော့် ကို ပြော သွားတယ် ။ ကျွန်တော် တော်တော် ကို ကျေနပ်ပြီး ပျော်သွားတယ် ။


တစ်ညနေ မှာတော့ ကျွန်တော် ပြန်တော့မလို့ လက်ဖက်ရည်ဆိုင် က အထွက် မှာ ဂျယ်နီ တို့ အိမ်ထဲက မိန်းမကြီး တစ်ယောက် ထွက် လာတယ် ။ ပိန်ပိန်ပါးပါး ဆိုပေမယ့် ချိုသာ သိမ်မွေ့တဲ့ ရုပ်ရည် ရှိတယ် ။ အဝတ် လျှော်တဲ့ ဆပ်ပြာချောင်း လေးငါးဆယ်ချောင်း ကို စက္ကူ နဲ့ ပတ်ပြီး ပွေ့လာ တယ် ။ အဲဒါကတော့ သေချာတယ် ၊ ဂျယ်နီ ရဲ့ အမေ ပဲ ဖြစ်မယ် ။ ကျွန်တော် သူ့ နောက် မလှမ်းမကမ်း က လိုက် သွားတယ် ။ ကိုက်တစ်ရာ လောက် သွား မိတော့ သူ ပွေ့လာတဲ့ ဆပ်ပြာချောင်းတွေ ရုတ်တရက် လျှောကျ ကုန်တယ် ။


ကျွန်တော် ချက်ချင်း ပြေး သွားပြီး ကောက်ပေး ကူညီ လိုက်တယ် ။ အဒေါ် ကြီး က ကျေးဇူး တင်ပါတယ်ကွယ် တဲ့ ၊ သိပ်ကို သိမ်မွေ့တဲ့ အသံပါဗျာ ။ ဂျယ်နီ တို့ အိမ် က လူငယ်လေး လည်း လက်ဖက်ရည်ဆိုင် ကို လာတာ တွေ့ဖူးတယ် ။ ဂျယ်နီ မောင်လေး က ဂျယ်နီ နဲ့ တော့ သိပ် မတူဘူး ၊ မအေတူ ဖြစ်ဟန် တူတယ် ။ သူ့ ကို လည်း မီးခြစ် မရှိလို့ ကျွန်တော် က ကျွန်တော့် မီးခြစ် နဲ့ တကူးတက ခြစ်ပေးပြီး ကူညီခွင့် ရလိုက်တယ် ၊ သူ က လည်း ကျွန်တော့် ကို ကျေးဇူးပဲ တဲ့ ။


ဂျယ်နီ ဝင်ထွက် သွားလာ တာ ကိုသာ မတွေ့ရ မမြင်ရတာ ၊ သူ့ ဖခင် ရော ၊ သူ့ မိခင်ရော ၊ သူ့ မောင်ကလေး ကို ရော ကျွန်တော် နောက်ပိုင်းမှာ ခဏခဏ တွေ့ ရပါတယ် ။ ပြုံးပြုံးရယ်ရယ် နဲ့ နှုတ်ဆက်ကြရတယ် ။


အဲဒါမျိုးက ဘာလိုလို နဲ့ တစ်လလောက် ကြာတယ် ။ တစ်နေ့ ဂျယ်နီ နဲ့ ကျောင်း မှာ တွေ့ပြန်တယ် ၊ ခဏပါပဲ ။ ဒါပေမဲ့ ကျွန်တော် က ကျွန်တော် သူတို့ အိမ်နား ရောက်တတ်တဲ့ အကြောင်း ဖွင့်ပြောမိတယ် ။ ဂျယ်နီ က ဟုတ်လားတဲ့ ၊ ဒါပေမဲ့ အဲသည် အိမ်ခန်း က နေပြီး သူတို့ အင်းစိန် ဘက် ပြောင်း သွားတာ တစ်လ လောက် ရှိပြီတဲ့ ။ ကဲ .. အဲဒါ ပြောပြီး သူ လည်း အတန်း ထဲ ဝင်သွားတယ် ။


အင်း ... တစ်လ လောက် ကျွန်တော် ကြည်ကြည်နူးနူး နဲ့ ခံစားခဲ့ရ တဲ့ အဖြစ်တွေ ကို ပြန်ပြီး တွေးမိတယ် ။ အတော်လေး ရယ်စရာ ကောင်း နေ ပေမယ့် ကျွန်တော် နည်းနည်းမှ ဝမ်းမနည်းမိပါဘူး ။ ကျွန်တော် ကျေနပ် တယ်ဗျာ ။


ဝင်းဖေ

ဝတ္ထုတိုများ

No comments:

Post a Comment