Monday, December 9, 2024

နွယ်ချို ( ၁၂ )


 “ သိပ်ချစ်တယ် ၊ အရမ်း မုန်းတယ် ၊ ရောထွေး နေပြီဟေ့ ရူးတော့မယ် ” 


ထို သီချင်း ဆိုလောက်ချိန် တွင် ကားလေး က သူဇာချို တို့ အိမ်ရှေ့ ကို ထိုးဆိုက် လာသည် ။


သူဇာချို က အိမ်ရှေ့ ထွက် ကြိုသည် ။


“ မလာတော့ဘူးလားလို့ ”


“ သိပ်ချစ်တယ် ၊ အရမ်း မုန်းတယ် ၊ ရောထွေးနေပြီ ၊ တကယ် ရူးတော့မယ် ”


သီချင်း အော် ဆိုနေသော ကားဆရာ မြင်တော့ မျက်မှောင် ကြုတ်သွားသည် ။ ပြီးနောက် ထူးနိုင် ဖက် လှည့်ကာ


“ ဘာဖြစ်လို့ သီချင်း ဆို နေတာလဲ ”


ထူးနိုင် က ပြုံးပြီး


“ ကိုယ် ဆိုခိုင်း ထားတာလေ ၊ မယုံရင် ကြည့် ၊ ကားဆရာ ကိုမြကြီး ရဲ့ မိုးသီချင်းလေး လုပ်ပါဦး ”


“ ဂျိုးဂျိမ့်သံ မာန်တင်းပါလို့  ၊ အသူရာ သိကြားမင်း တို့ စင်ခင်းကာပြိုင် ကြသည်  ၊ ဪ ဝဿန်ခါမီ လရာသီ ”


ထူးနိုင် က ပြုံးပြီး


“ ကဲ လာ အိမ် ထဲ ဝင်ရအောင် ”


ဆိုကာ အိမ် ထဲ လှမ်း ဝင် လိုက်သည် ။ အနောက် မှာ တော့ ကိုမြကြီး ၏ မိုး ကတော့ ထစ်နေတုန်း


•••••   •••••   ••••• 


“ စားနော် ၊ အားမနာ နဲ့ သိလား ”


အရှေ့ မှာ စားဖွယ်က အစုံ ။ ကြာဇံကြော် ၊ ခေါက်ဆွဲကြော် မှ အစ ဆယ့်နှစ်မျိုးဟင်းချို အဆုံး အစုံ ပါပါသည် ။


“ ဒါတွေ ချို ချက်ထားတာလား ”


သူ့ အမေး ကို သူဇာချို က ပြုံးပြီး 


“ ဆိုင် က ဝယ်ထားတာ ”


“ ထင်သားပဲ ၊ ဒီလောက် အများကြီးတော့ ချက်တာ မဖြစ်လောက်ဘူးလို့ ”


“ စားနော် ၊ အားမနာနဲ့ ၊ အိမ် မှာ က အဒေါ်ငယ် နဲ့ နှစ်ယောက် တည်း နေတာ မို့လို့ သိပ် မချက်စားဖြစ်ဘူး ၊ မေမေ နဲ့ ဒေါ်ကြီး တို့ က နိုင်ငံခြား မှာ ”


ထူးနိုင် ပြုံးလိုက်သည် ။


“ ဒါကြောင့် မနက်ခင်းစာ အပြင် မှာ ထွက်စားတာကိုး ”

 

ထူးနိုင် ပန်းကန် ထဲ အမျိုးစုံအောင် ထည့် လိုက်သည် ။ ဗိုက် ကလဲ ဆာ နေပြီမို့ အားရပါးရ စားမည် အပြင်


“ တီတီတီ တီတီတီ ”


ဖုန်းမြည်သံ ။ ထူးနိုင် စိတ်ပျက်သွားသည် ။ မိုးမောင် ပင် ဖြစ်လိမ့်မည် ။ 


“ ဟဲလို ”


“ အေး ဟေ့ကောင် သေချင်းဆိုးလေး ၊ အပင်းဆို့ နေပြီလား ”


တစ်ဖက် မှ စကား ကို သူဇာချို မသိအောင် ပြုံးပြီး


“ အေး သူငယ်ချင်း ဘာကိစ္စလဲ ပြော ”


“ ဘာရယ် မဟုတ်ဘူး ၊ မင်းသေမသေ သိချင်လို့ ”


“ ဘာ မင်း ခွေးမလေး ပျောက်သွားတယ် ဟုတ်လား ”

 

“ အေး ငါတို့ အုပ်စုလိုက် အဲဒီ လမ်းထိပ် ရောက်နေလို့ ဝင်ခဲ့ရမလား ”  


ထူးနိုင် ခေါင်းနပန်း ကြီး သွားသည် ။ ဒီကောင်တွေ ဝင်လာလျှင် လွယ်မည် မဟုတ် ။ ထို့ကြောင့်


“ အေး အေး မလာနဲ့ သူငယ်ချင်း ၊ ငါ ပဲလာခဲ့မယ် ” 


ချက်ချင်း ဖုန်း ချ လိုက်ရသည် ။ နောက် သူဇာချို ဖက် လှည့်၍


“ သူငယ်ချင်းခွေးမလေး ပျောက်သွားလို့ တဲ့ ”

 

သူဇာချို က မျက်မှောင် ကြုတ်ပြီး


“ ခွေးမလေး ပျောက်တာ အရေးကြီးလို့ လား ”


ထူးနိုင် က ခေါင်းညိတ်ပြီး


“ အရေးကြီးတယ် ၊ ဒီကောင် က ခွေးမလေး ကို လင်မယား လို ပေါင်းတာ ”


သူဇာချို  မျက်လုံး ပြူး သွားသည် ။


“ ဟင် ခွေးနဲ့ လင်မယားလို ”


“ ဟိုလေ ၊ သူ့ ရည်းစား ထက် ပို ချစ်တယ်ပြောတာ ”  

“ ဟင် ရည်းစား ထက် ခွေးကို ”


“ အင်း အင် ဒီကောင်က ခွေးပျောက်လို့ မရဘူး ၊ ခွေးပျောက်ရင် ဂေါက်ရော ”


“ ဟယ် ဘယ်လိုကြီးလဲ ”

 

“ ဒါကြောင့် ဒီကောင် ဂေါက် မဖောက်ခင် အမြန် ပြန် ရှာပေး မှ ဖြစ်မယ် ၊ သွားပြီနော် ၊ သွားပြီ ”


ဆိုကာ အိမ်ပေါ်မှ ကမန်းကတန်း ပြေး ဆင်းရသည် ။ သူဇာချို ပင် တားမမီတော့ ။ ကားနား ရောက်တော့


“ ဝဿန်ခါမီ လရာသီ ရာသီနွေနှောင်း ”


“ ကားဆရာ မောင်း မောင်း ”


ကားဆရာ က ပြန် လှည့် ကြည့်ပြီး


“ မြန်လှချည်လား ညီလေး ၊ ဘယ်ကို မောင်းရမလဲ ”


“ လမ်းထိပ် ကို သာ မောင်း ”


“ အိုကေ သီချင်း က ရော ”


“ စိုင်းစိုင်းခမ်းလှိုင် ဗျာ ”


“ အားလုံးတက်ကြ ငါ့ ထော်လာဂျီ ၊ မိန်းကလေးများ အော့ကြောလန် သည် ၊ ရွာ မြောက်ဖက်ပိုင်း က သိပ်မကြည် ၊ ငါ့ နာမည်က တောဂေါ်လီ ၊ အိုးလေး လှုပ်ပါဟေ့ ၊ ရေအိုးလေး လှုပ်ပါဟေ့ ”


ကားဆရာ က အက ပါ, ပါလာသည် ။


•••••   •••••   ••••• 


“ အထီးကျန် ၊ သိမ်ငယ်မှုများ စွာရယ် အစိမ်းလိုက် ပဲ့ကြွေသွားတော့ ကိုယ်လေတစ်ယောက်တည်း အားတွေငယ် ”


သီချင်း အော် ဆိုနေသော ကားဆရာ ကို ကြည့်ပြီး မိုးမောင် အံ့အားသင့် နေသည် ။


“ ဘာလို့ သီချင်း အော် ဆိုနေတာလဲ ”


ထူးနိုင် ပြန် ဝေ့ကြည့်ပြီး


“ ပျော်နေလို့ ဖြစ်မှာပေါ့ ၊ အဲဒါ ထားစမ်းပါကွာ ၊ ငါ့ ကိစ္စ ဘယ်လို လုပ် ရမှန်း မသိတော့ဘူး ဖြစ်နေတယ် ၊ နှစ်ယောက်လုံး ကလဲ အခွင့်အရေး တွေ ပေးနေတာ ”


အားလုံး ခေါင်း ညိတ်ကြသည် ။ အောင်သက် က


“ တစ်ခု လိုချင်ရင် တော့ တစ်ခု ကို  လက်လွှတ်ရမှာ ပဲ ၊ နှစ်ခုလုံး တော့ တစ်ပြိုင်တည်း မရနိုင်ဘူး ”

 

ထူးနိုင် သက်ပြင်းချသည် ။


“ အဲဒါတော့ ငါ လဲ သိပါတယ်ကွာ ၊ ဒါပေမယ့် တစ်ခု လက်လွှတ်ရမယ် ဆိုလဲ အဲဒီ တစ်ခုတွေ က မင်းတို့ မြင်တဲ့ အတိုင်း ”


အားလုံး ခေါင်းညိတ်ကြ၏ ။ မှန်ပေသည် ။ ထို နှစ်ခုလုံး မှာ အဆီ တဝင်းဝင်းတွေ ချည်းသာ ။ အတန်ကြာ မှ သိန်းစိုး က


“ ဒီလိုလုပ် ”


အားလုံး သိန်းစိုး ကို ကြည့်ကြသည် ။


“ မင်း နှစ်ယောက်လုံး ကို ရည်းစားစကား ပြောလိုက် ”


“ ဘာ ”


“ ဘယ်လို ”


“ နှစ်ယောက်လုံး ကို ”


သူ့ စကားကို အားလုံး အံ့အားသင့် သွားသည် ။ ဒါကို သိန်းစိုး က


“ အေး နှစ်ယောက်လုံး ကို ပြောရမယ် ”


ထူးနိုင် ခေါင်းကုတ် ကာ


“ မင်း ဟာ က ဘယ်လိုကြီးလဲ ၊ နှစ်ယောက်လုံး ကို ရည်းစားစကား ပြောရမယ် ဆိုတော့ ကောင်းပါ့မလား ”


“ ဒီမှာ ကြည့် ”


အားလုံး သိန်းစိုး ကို ကြည့် ကြသည် ။


“ မင်း နှစ်ယောက်လုံး ကို ရည်းစားစကား ပြောရင် ဘယ်နည်း နဲ့ မဆို တစ်ယောက် ယောက် က ငြင်းမှာ ပဲ ၊ ဘာလို့လဲ ဆိုတော့ သူတို့ က သိပ် လှတဲ့ မိန်းကလေး တွေ ၊ ဒါကြောင့် ရည်းစား လဲ ရှိ နေနိုင်တယ် ၊ နောက်ပြီး မင်း ကို ကျေးဇူးတရား တစ်ခု နဲ့ ပေါင်း နေတာလေ ၊ ဒီလို ရည်းစားစကား ပြောရင် တစ်ယောက် ယောက် က တော့ ငြင်းမှာ ပဲ ”


သူ့ စကား ကို ဘေးနား က မိုးမောင် က


“ အိုကွာ ၊ နှစ်ယောက်လုံး တောင် ငြင်းနိုင်တယ် ၊ ငါ ဆို ငြင်းတယ် ”


ဆိုပြီး ဝင်ထောက်ခံသည် ။ ဒါကို ထူးနိုင် က လက်ဖျောက် တီးပြီး


“ ဟုတ်ပြီ ၊ နှစ်ယောက်လုံး ကို ရည်းစားစကား ပြောပြီး တစ်ယောက် ငြင်း ရင် ငြင်းတဲ့ တစ်ယောက် ကို လက်လွှတ်မယ် ၊ လက်ခံ တဲ့ တစ်ယောက် နဲ့ ဆက် ပေါင်းမယ် ”


သူ့ စကား ကို အားလုံး က


“ နှစ်ယောက်လုံး ငြင်း လိုက်ရင် ရော ”


ထူးနိုင်  မျက်နှာလေး အိုချပြီး


“ ကံပေါ့ကွာ ”


▢ အကြည်တော် 


📖 နွယ်ချို


.

No comments:

Post a Comment