❝ ဖြစ်ပြီးသား ကို ဖျက်ချ မပစ်လိုက်ပါနဲ့ ❞
“ ကားဆရာ ညီလေး ရေ ရှေ့နားလေး က ကုက္ကိုပင် အောက် မှာ ခဏ ရပ်ဦးကွာ ”
ကားဆရာ က စက်အရှိန် လျှော့လိုက်၏ ။
“ ဦးလေး ဘာလုပ်မလို့လဲ ”
ကျွန်တော့် တူ ၊ မောင်ညီလေးကြီး က မေးလေ၏ ။
“ ရောက်တုန်း ရောက်ခိုက် ညီလေးတင်အောင် အိမ် ခဏ ဝင်ဦးမယ်လေကွာ ”
“ ဦးတင်အောင် ဒီမှာ မနေတော့ဘူး ဦးလေး ”
“ ဟင် ဘယ်သွား ”
“ ဒီ အိမ်ကြီး ကို ရောင်းပစ်ခဲ့ပြီး ရွာ ပြန် သွားပြီ ဦးလေး ”
“ ငါ ဘာမှ မသိရပါလား ”
“ ဦးလေး စိတ်မကောင်း ဖြစ်မှာစိုးလို့ တမင် ဖုံးထားကြတာပါ ဦးလေး ”
“ အို ကွာ ”
၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေ့ က ခင်ဗျာ့ ၊ ဇာတိရွာ မှာ ကထိန် ရှိနေလို့ ကားငှား သွားကြတာ ခင်ဗျာ့ ၊ အဲဒါ လမ်းဆုံ က တောမကျ မြို့မကျ ရွာကြီး တစ်ရွာ မှာ အခြေချ နေတဲ့ ကျွန်တော့် ညီ ( တစ်ဝမ်းကွဲ ) မောင်တင်အောင် အိမ် ဝင်မယ် ဆိုပြီး ။
ဟောဗျာ အခု သူ သည် မှာ နေဘူးတဲ့ဗျာ ။
ဖိုးတင်အောင် ရယ် ဖြစ်ပြီးသားလေး ဖျက်ပစ်ရတယ်လို့ ။
ကျွန်တော် အမှန်ပင် စိတ် ထိခိုက်သွားပါ၏ ။
အစ က ပြန် ကောက်ပါရစေ ။
“ အစ်ကို ငွေ နှစ်ထောင် လောက် ”
ရွှေသားလက်စွပ် နှစ်ကွင်း ကို ချွတ် ပေးလေ၏ ။ နှစ်ကွင်းပေါင်း တစ်ကျပ်သား လောက် တော့ ရှိပေလိမ့်မည် ။
“ မင်း ဘာသုံးဖို့ ”
“ ပဲ ကုန် ကူးမလို့ အစ်ကို ”
၁၉၇၇ ခုနှစ် ၊ ရွှေ တစ်ကျပ်သား ၁၇ဝဝ ( ကျပ် တစ်ထောင့်ခုနစ်ရာ ) ခေတ် ခင်ဗျာ့ ။
“ အေး ကောင်းတာပေါ့ ”
သူ့ လက်စွပ်များ ကို ယူပြီး ငွေ ထုတ် ပေးလိုက်ပါ၏ ။
ညီအစ်ကို ချင်း ပဲ ရွှေ ယူထားရသေးသလား ။
ဟားဟား ယူထားရတယ် ဗျာ့ ၊ အလွတ် ချေး လိုက်ရင် ပြန် ဆပ်ချင် မှ ဆပ်မှာ ၊ ဆပ် တောင် လေးငါးနှစ် ကြာ မှ ဆပ်မှာ ။
ရွှေ ပေးထားရတယ် ၊ အတိုး နဲ့ ဆိုတော့ ဒီကောင် ကြိုးစားပမ်းစား ရှာလိမ့်မယ် ၊ ပေါ့ နေလို့ မရတော့ဘူးလေ ။
ထိုအချိန် က မြေပဲတောင့် တစ်တင်း မှ ကျပ် ၃၀ ( ကျပ်သုံးဆယ် ) ပဲ ပေါက်တာ ခင်ဗျာ့ ။
ငွေ၂ဝဝဝ ဆိုတော့ မြေပဲတင်း သုံးဆယ် လောက် ဝယ်နိုင်တယ်ဗျာ ။
မြေပဲရာသီ ( သီတင်းကျွတ် လပြည့် မှ နတ်တော် လပြည့် ) ပြီးတော့ ကျွန်တော့် ကို ပြန် ဆပ်တယ် ခင်ဗျာ့ ။ အတိုး မယူလိုက်ပါဘူး ။ သူ့ အတွက် ၂ဝဝဝ ကျော် ကျန်သတဲ့ ခင်ဗျာ့ ။ အဲသည် ၂ဝဝဝ ဆိုတာ နွား တစ်ရှဉ်းဖိုးပဲဗျာ ။
သည်လိုနဲ့ သည်ကောင် မြေပဲ ပေါ်ချိန် မှာ ပဲ ကုန်ကူး ၊ မိုးဦးကျ တော့ ယာထွန် ၊ အိမ် မှာ မိန်းမ က ကလေးထိန်းရင်း ဈေးရောင်း ။
တက်လာတယ်ခင်ဗျာ့ ။
တက်လာတယ်ခင်ဗျာ့ ။
ဟုတ်တိပတ်တိ ဖြစ်လာ နေပါပြီ ။
“ ဟေ့ကောင် ငါ့ညီ ၊ တို့ ရွာ က ငယ်ငယ် သေးသေးလေး ရယ် ၊ မင်း ချမ်းသာကြီးပွား ချင်ရင် ရွာကြီးရပ်ကြီး ကို ပြောင်း ၊ ပြီးတော့ မြို့ကြီး ကို ပြောင်း ”
ဒီကောင် မဆိုးဘူး ခင်ဗျာ့ ၊ တဖြည်းဖြည်း အမြင် ကျယ် လာ ၊ ကားဂိတ် ရှိတဲ့ရွာကြီး ကို ပြောင်း ၊ တစ်ဖက် က လယ်ယာ လဲ လုပ်တယ် ။ သူ့ မိန်းမ က အိမ်ရှေ့ မှာ ထမင်းဆိုင် ဖွင့်တယ် ။ အရက် ပါ တွဲ ရောင်းတယ် ။
ကားဂိတ် ဆိုတော့ လူ စည်တာ ပေါ့ ၊ ရောင်းရတာပေါ့ဗျာ ။ သည်ကောင် က မျက်နှာ က အမြဲပြုံး ၊ အပေါင်းအသင်း ဆံ့တဲ့ ကောင် ဆိုတော့ မကြာဘူးဗျာ ၊ အဲသည် ကားဂိတ် ရွာကြီး မှာ အကောင်ကြီး ဖြစ်လာတယ်ဗျာ ။
ကျွန်တော့် မှာ ဝမ်းတွေ သာ လို့ ။
ဪ ကိုယ့် ညီ တစ်ယောက် လောက်လောက်လားလား ဖြစ်ပြီ ဆိုတော့ အားတွေ ရ ။
ချီးမွမ်းမယ် ကြံရုံ ရှိသေး သတင်း က ရောက်လာပြီ ။
“ ဟေ့ကောင် မင်း ညီကို ကြည့်ပြောဦး ”
အစ်ကိုကြီး ဦးဘမောင် က အိမ် လာ ပြော ။
“ ကဲ ညီတော်မောင် ရပ်တန်း က ရပ် ရင် ကောင်းမယ် ၊ ကြာရင် မင်း ရှာထားတာလေးတွေ ပါ သွားနိုင်တယ်နော် ”
“ စိတ်ချ အစ်ကို နောက် မလုပ်တော့ပါဘူး ”
ကျွန်တော် သုံးကြိမ်တိတိ ခေါ်ပြောတယ် ခင်ဗျာ ။
သူ က လဲ သုံးကြိမ် တိတိ ကတိ ပေးပါတယ် ။ စိတ်ချ အစ်ကို နောက် မလုပ်တော့ပါဘူး ။
ကြာတော့ သူ ကျွန်တော့် ဆီ မလာတော့ပါ ။ ကျွန်တော် က လည်း စီးပွားရေး အလုပ် က တစ်ဖက် ၊ စာ ရေးတဲ့ အလုပ် က တစ်ဖက် ၊ သူ့ ကို အာရုံ မရောက်တော့ပါ ။
ဘေးလူတွေ က လည်း ဘာမျှ သတင်း မပို့ကြတော့ပါ ။
အမှန်က ကျွန်တော် မသိစေလို သဖြင့် တမင်တကာ သတင်း မှောင် ချထားကြခြင်း ဖြစ်ပါ၏ ။
သည်ကောင် က ဘယ်လို သွေး ပါလဲ မသိ ဂျင် ၊ ဖဲ နှစ်လုံး သုံးလုံး အကုန် လှော်ခတ် ပစ်တာဗျာ့ ။
အခုတော့ သွားပြီ ၊ အိမ် ကို ပါ ရောင်းပစ် လိုက်ရပြီ ။
အကောင်ကြီး မဟုတ်တော့ဘူး ။
အကောင်သေးလေး ပါမွှား လေး ပြန် ဖြစ်သွားလေပြီ ။
ငါ့ ညီ ရာ ဖြစ်ပြီးသား ကို ဖျက်ချပစ်ရတယ်လို့ ။
◾ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
ဖေဖော်ဝါရီလ ၂၀၀၆
No comments:
Post a Comment