❝ မြဂုဏ်ရည် ❞
စဉ့်အိုး ထဲ ကို တောင်ဝှေး လို တုတ်ချောင်း နဲ့ အကြိမ်ကြိမ် ထိုး ရာ က တုန်တုန် တုန်တုန် ဆိုတဲ့ အသံတွေ ရွှေဘို ကျောက်မြောင်း မှာ ကြားတာပါ ။
အပျက် ကို အကောင်း ဖြစ်အောင် ပြုပြင် ပေးသူ အဖြစ် နဲ့ ဦးမြမောင် ( ယခု အသက် ၇ဝ ) နှစ် ကို ကျွန်တော် စတင် သိကျွမ်း ခဲ့တာပါ ။ သူ ဟာ အတန်းပညာ မတတ်ဘူး ။ အောက်သက် ကျေတဲ့ အောက်ခြေ လူတန်းစား က နေ ဘဝ ကို စ ခဲ့ သူ ဖြစ်တယ် ။ ယခု တော့ “ မြဂုဏ်ရည် ” ဆိုတဲ့ စဉ့် လုပ်ငန်းကြီး တစ်ခု ကို သူ ပိုင်ဆိုင်တယ် ။
အလွန် ကြီးမားတဲ့ ပြည်ထောင်စု အလံတော် ကြိုဆို တဲ့ မုခ်ဦးကြီး ကို စဉ့် နဲ့ ဦးမြမောင် ဖန်တီး လုပ်ကိုင် ပေးခဲ့တာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ကျော် ကတည်း က ပါ ။ ရန်ကုန်မြို့ မှာ ပြည်သူ့ရင်ပြင် ဥယျာဉ် လုပ်တော့ လှပခံ့ညားတဲ့ ပန်းအိုးကြီး တွေ သူ ဖန်တီး ပေးခဲ့တယ် ၊ ကျောက်မြောင်း နွယ်ငြိမ်း က သူ နေတဲ့ တိုက်အိမ် ကို စဉ့်အုတ် တွေ နဲ့ ဆောက်လုပ် ထားတယ် ၊ အိမ်တံတိုင်း ကို လည်း စဉ့်ပန်းအိုး အမျိုးစုံ နဲ့ အလှ ဆင် ထားတယ် ။
ကျောက်မြောင်း ကို ရောက် ခိုက် ဦးမြမောင် ကို တွေ့အောင် ရှာပြီး သူ့ ဘဝ ဇာတ်ကြောင်း ကို မေးမြန်းတယ် ။
ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် အသားညိုညို နဲ့ ဦးမြမောင် ဟာ အနေ ရိုးတဲ့ ပုံသဏ္ဌာန် ရှိတယ် ၊ သော့တွဲကြီးကြီး တစ်ခု ကို ခါး မှာ ချိတ်ပီး သူ့ စဉ့်ဖို တွေ ကြား မှာ ဟိုသည် ကူးသန်း သွားလာ နေတာ တွေ့ရတယ် ။ သူ့ လုပ်ငန်း ခြံဝင်းကြီး က လည်း အကြီးကြီး အကျယ်ကြီး ၊ ဦးမြမောင် က အခြေခံ ကျကျ လုပ်ငန်း ကို နားလည် ကျွမ်းကျင် သူ မို့ လုပ်ငန်းခွင် တိုင်း ကို သူ ရောက်ရှိပြီး ကြီးကြပ် ညွှန်ပြတယ် ။ မြေနီမြေဝါ မြေ အမျိုးစုံ ကို စဉ့်အိုး လုပ်ဖို့ စက် နဲ့ ကြိတ်ချေ ရောစပ်တဲ့ နေရာ ၊ ရွှံ့ နဲ့ အိုး လုပ်နေတဲ့ နေရာ ၊ အိုးတွေ နေလှန်း ပြီး ချော် သုတ် တဲ့ နေရာ ၊ ချော် သုတ် ပြီး တဲ့ အိုးတွေ မီးဖုတ် ပြီးလို့ စဉ့်အိုး ဖြစ်လာတာ တွေ ဈေးကွက် ပို့ ဖို့ သယ်ယူတဲ့ နေရာ ၊ နေရာတိုင်း မှာ သော့တွဲကြီး ခါးကြား မှာ ထိုးပြီး သူ ရောက် နေတာ တွေ့ရပါတယ် ။
ည ပိုင်း သူ အားပြီ ဆို မှ သူ့ တိုက် ကို ကျွန်တော် ထပ် သွား ပါတယ် ။ သုည က စ ခဲ့ရတဲ့ သူ့ ဘဝ ကို ဦးမြမောင် က ယခု လို ပြောပြတယ် ။
••••• ••••• •••••
၁၂၉၉ ခုနှစ် က မွေးဖွားတယ် ။ ရွှေဂွန်ကျေးရွာ ဇာတိ ၊ ဗမာ ၊ ဗုဒ္ဓဘာသာ ၊ ဖခင် ဦးတုတ် ၊ မိခင် ဒေါ်ချစ် ။
ကျွန်တော် ငယ်ငယ် က ပခန်းကျောင်း မှာ နေခဲ့ရတယ် ။ အတန်းစာ မသင် ရဘူး ။ ဘုန်းကြီးကျောင်းသား စာ ။ ကျွန်တော့် မှာ ကျောင်းသက် နည်းတယ် ။ သုံးနှစ် လောက် ပဲ ကျောင်း နေရတယ် ။ စာ ကို ထိုက်သင့်အားလျော်စွာ ပဲ တတ် တယ် ။
ငါးနှစ်သား မှာ ဂျပန် ပြေးတဲ့ အနေ နဲ့ တအုံရွာ ကို မိသားစု လိုက် ပြောင်း နေ ကြတယ် ။ စစ်ပြေး ဒုက္ခသည် ဆိုတော့ သူများ အိမ်ဝင်း ထဲ က ကောက်ရိုးစင် အောက် မှာ ဆင်းဆင်းရဲရဲ ခိုကပ် နေ ရတယ် ။ အနိမ့်ဆုံး ဘဝ ပေါ့ ။ သူများ အိမ် ၊ သူများ ခြံဝင်း ထဲ မှာ သူများ မျက်နှာ ကြည့် နေ ရတာလေ ။
အိမ်ရှင် က စစ် အတွင်း မို့ ဓာတ်ဆီပုံးတွေ ကောက်ရိုးစင် ပေါ် တင်ပြီး လှောင်တယ် ။ အဲသည့် ကောက်ရိုးစင်ကြီး က ပြိုကျပါလေ ရော ။ ကျွန်တော် တို့ က ကောက်ရိုးစင် အောက် မှာ အိမ် လုပ်ပြီး နေရတာ ။ အမေ က တော့ ထမင်းဟင်း ချက်လို့ ပြုတ်လို့ ပြီးပါပြီ ။ အရီး က ချက်တုန်း ပြုတ်တုန်း ဆိုတော့ ဓာတ်ဆီပုံးတွေ မီး နဲ့ တွေ့ပြီး လောင်ပါလေရော ။ ကျွန်တော် တို့ လည်း ခြေဦးတည့် ရာ ပြေး ကြရ တာပေါ့ ။ အဖေ နဲ့ အမေ က တစ်လမ်း ၊ ကျွန်တော် တို့ ညီအစ်ကို က တစ်လမ်း ။
ကျွန်တော်တို့ ညီအစ်ကို က ရွာထိပ် က ညောင်ပင်ကြီး အောက် မှာ ၊ မီး က လည်း များတယ် ။ တောင်ရွာ တစ်ခြမ်း ကုန် သွားတယ် ။ ကလေး ဆို တော့ ညောင်ပင် အောက် မှာ ကြောက်ကြောက် နဲ့ ငို နေတာပေါ့ ။ အဖေ နဲ့ အမေ က လိုက် ရှာလို့ တွေ့ပြီး ကျွန်တော် တို့ ညောင်ပင် အောက် မှာ နေကြတယ် ။
ကျွန်တော် တို့ နေတဲ့ ကောက်ရိုးစင် က မီးလောင် တာ ဆိုတော့ ရွာသား အချို့ က ကျွန်တော် တို့မိသားစု ကို သ,တ်ပစ်မယ် လုပ် နေကြတယ် ။ စစ် အတွင်း ဆိုတော့ ဒေါသ အလျောက် ဖြစ်ချင်တာ ဖြစ်နိုင်တာပေါ့ ။ ရွာသူကြီး ဦးဘသာ က ကျွန်တော် တို့ မိသားစု ကို သူ့ အိမ် ခေါ် သွားတယ် ။ ကျွန်တော် တို့ ကြောင့် မီး စ လောင်တာ မဟုတ်ကြောင်း လည်း သူကြီး က ပြော ပြလို့ ကျွန်တော် တို့ သေဘေး က ကင်းလွတ် သွားတယ် ။
ကျွန်တော် နှစ်နှစ်သား မှာ ကျောက်မြောင်း ကို မိသားစုလိုက် ပြောင်း ခဲ့တယ် ။ ကျွန်တော် ၁၂ နှစ်သား အရွယ် မှာ မိဘ နှစ်ပါး လည်း ကာလ အလိုက် ဖြစ်တဲ့ ရောဂါ ဝေဒနာ နဲ့ ဆုံးသွား ကြ ရှာတယ် ။ ကျွန်တော် တို့ ညီအစ်ကို မောင်နှမ လေးယောက် လူမမည်တွေ မိဘမဲ့ ဖြစ် ကျန်ခဲ့တယ် ။
တောင်သူကြီး ဦးချစ် အိမ် မှာ ကျွန်တော် အလုပ်သမား ဝင် လုပ်ရတယ် ။ ပျော်နေ ပျော်စား ပေါ့ ။ သိပ် မကြာပါဘူး ။ နွယ်ငြိမ်း ကို ပြောင်းပြီး စဉ့်လုပ်ငန်း ဝင် လုပ်တယ် ။ အိုးတပည့် ပေါ့ ။ စဉ့်အိုးတွေ လုပ်တဲ့ အိုးဆရာ ရဲ့ လက်ထောက် ။ လုပ်ငန်း ကို စိတ်ဝင်တစား ရှိတော့ ၁၄ နှစ်သား မှာ ကျွန်တော် အိုးဆရာ ဖြစ် လာတယ် ။ စဉ့်အိုးတွေ ငါးပိဿာ ဝင် က နေ ပိဿာ ၂ဝဝ ဝင် အထိ လုပ်တတ် တယ် ။ နောက်ပိုင်း ကျ တော့ အရုပ် တွေ ၊ ပန်းအိုး တွေ ထွင် ပြီး လုပ်တတ် လာတယ် ။
အလုပ်သမား အဖြစ် ခြောက်နှစ် လောက် လုပ် ပြီးတော့ တဲထောင်လေး ဖြစ် လာတယ် ။ ကိုယ်ပိုင် ပေါ့ ။ တဲ တစ်လုံး ။ ဖို တစ်လုံး ပိုင် တဲ့ ဘဝ က နေ ပြန် ပြုတ် သွား သေးတယ် ။ ပြုတ်ရတဲ့ အကြောင်း က ဖို တည်တဲ့ နေရာ ရွေး မကောင်းတာ ကြောင့် တဲ က တောင်ပေါ် တောင်ထိပ် မှာ ။ ဖို ကို မြေ သယ်ရင် လမ်း မှာ ဖိတ် တစ်ဝက် ၊ စဉ် တစ်ဝက် နဲ့ ။ ထင်း သယ် ရင် ဆယ်ချောင်း သယ်ရင် လမ်း မှာ ကျတာ နဲ့ ခုနစ်ချောင်း လောက် ပဲ ဖို ကို ရောက်တယ် ။ အလေအလွင့် များတော့ အရှုံး ပေါ် ပြီး ဖို ပြန် ပြုတ်တာပေါ့ ။
ကိုယ်ပိုင် စဉ့်ဖို ပြုတ် သွား ပြီးတော့ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ အလုပ် ကို ကျွန်တော် စ လုပ်တယ် ။ စဉ့်အိုးဖာ ရောင်း ။
စဉ့်အိုးတွေ မီး ဖုတ်ပြီး ဖို ထဲ က ထုတ် လိုက်တဲ့ အခါ အိုး ကွဲတာ တို့ ၊ ဆံခြည် ကျတာ တို့ ဖြစ်တတ်တယ် ။ အိုးတွေ ကို ရွှံ့စိမ်း နဲ့ လုပ် ၊ နေလှန်း ၊ ချော် သုတ်ပြီး ဖို ထဲ ထည့် မီး ဖုတ်တာ ။ မီး အပေး များ သွားရင် ၊ ထင်း အဆင် မပြေရင် ဒါမှမဟုတ် အိုးဖို က နံရံ မှာ ပပ်ကြားအက်ကြောင်း ရှိပြီး လေစိမ်း ဝင် ရင် အိုးတွေ အက်တတ် ကွဲတတ် တယ် ။
အရင်က တော့ အိုး ကွဲရင် ဆံခြည် ကျရင် မြစ် ထဲ သွား စွန့်ပစ်တာ ။ ကျွန်တော် က သည်လို အိုးတွေ ဝယ်ပြီး ပြန် ဖာတယ် ။ အိုး အနာအဆာ ပါတာ တစ်လုံး ကို နှစ်ကျပ်ခွဲ နဲ့ ဝယ်ရတယ် ။ ဘိလပ်မြေ ရယ် ၊ ထန်းလျက် ၊ သကြား ရယ် ၊ ဆေးရယ် စပ်ပြီး အက်ကြောင်း ထဲ ဝင်အောင် ထည့် ဖာတယ် ။ ဖာ ပြီး ခုနစ်ကျပ်ခွဲ နဲ့ ပြန် ရောင်း ရတယ် ။ ပြန် ဖာထားတဲ့ သူတွေ ၁၂ ပွဲသမား တွေ က ဝယ် ကြတယ် ။ ရေ လုံတော့ အသုံး ဝင်တယ် ။ သူများ အိုးတွေ ဖာချင် ရင် လည်း အိုး တစ်လုံး ကို လက်ခ ငါးမူး ၊ သုံးမတ် ယူပြီး ကျွန်တော် အခစား ဖာ ပေးတယ် ။ သည်လုပ်ငန်း လုပ်တာ နှစ် နှစ်ဆယ် လောက် ကြာတယ် ။
အဲဒါ အကျိုး ပေးပြီး ဖိုထောင် ၊ တဲထောင်ကြီး ပြန် ဖြစ် လာတယ် ။ နောက် ကုန်သည် ပါ တွဲ လုပ်တယ် ။
အောက်ပြည် အောက်ရပ် ဖျာပုံ ၊ ကျိုက်လတ် ၊ ဒေးဒရဲ ၊ ဘိုကလေး ၊ မအူပင် က အစ ရန်ကုန် အထိ စဉ့်ဖောင် တွေ နဲ့ စုန်ပြီး သွား ရောင်းပါတယ် ။ အခု နောက်ပိုင်း တော့ မော်တော် နဲ့ သွားတယ် ။
ကျွန်တော် က တီထွင် လုပ်ကိုင် တာ စိတ်ဝင်စားတယ် ။ ပြည်ထောင်စု အလံ ကြိုဆို ဖို့ မုခ်ဦး တွေ လုပ်ကြတာ တွေ့ တော့ ကျွန်တော် က စဉ့် နဲ့ လုပ်ဖို့ စိတ်ကူး တယ် ။ ၁၉၈၄ ခု ၊ ၃၇ နှစ်မြောက် ပြည်ထောင်စုနေ့ မုခ်ဦး ၊ ၁၉၈၅ ခု ၃၈ နှစ် မြောက် ပြည်ထောင်စုနေ့ မုခ်ဦး တွေ လုပ်တယ် ။ စာလုံး တွေ ဆေး မရေးဘူး ။ စဉ့် နဲ့ ထွင်းပြီး လုပ်တယ် ။
စဉ့်မြေ နဲ့ အုတ် လုပ်တာ တီထွင်တယ် ။ ယခု ဆိုရင် စဉ့်အုတ် အသုံး များ နေပြီ ၊ အရောင် လေးရောင် လုပ်လို့ ရတယ် ။ စဉ့်တိုင်လုံးကြီး တွေ ၊ စဉ့်ပန်းအိုးကြီး တွေ လည်း လုပ်တယ် ။
နိုင်ငံခြားသား တွေ က သူတို့ ဆန္ဒ ရှိတာလေး တွေ ပြော ပြတယ် ။ ကျွန်တော် အကောင်အထည် ဖော် ပေးတယ် ။ စဉ့်ပန်းအိုး တွေ ငါးလုံး အံဝင်ခွင်ကျ စရွေး ကိုက် ထပ်အောင် လုပ် ပေး ခဲ့တာ အောင်မြင်တယ် ။
ပြည်သူ့ရင်ပြင် မှာ ပန်းအိုးကြီးတွေ ထားမယ် ဆိုတော့ လက်ရှိ ညောင်ရေအိုး ထက် ဆယ်ဆ လောက် ရှိတာကြီး တွေ လုပ်ရင် ဖြစ်ရမှာပေါ့ လို့ တွေးပြီး မြန်မာ့ ရိုးရာ ဆရာဦးအေးမြင့် ရဲ့ ဒီဇိုင်း နဲ့ လုပ် ကြည့် တာ ဖြစ်ပါတယ် ။
ကျွန်တော့် ဘဝ က ပြန် ကြည့် တော့ ရုန်းကန် ခဲ့ရတဲ့ ဘဝ ချည်းပါပဲ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
.
No comments:
Post a Comment