Friday, December 20, 2024

နှံကောင် နှင့် ပုရွက်ဆိတ်

 နှံကောင် နှင့် ပုရွက်ဆိတ် 

      ( မြသန်းတင့် )


( ၁ )


ကျွန်တော်တို့ ငယ်ငယ်က သူငယ်တန်းဖတ်စာ တွင် သင်ခဲ့ရသော နှံကောင်  နှင့် ပုရွက်ဆိတ် အကြောင်း ဒဏ္ဍာရီ ကို စာဖတ်သူများ မှတ်မိကြ ဦးမည် ထင်ပါသည် ။ အကယ်၍ မမှတ်မိပါလျှင်လည်း အတိုချုပ် ပြောပြ ချင်ပါသည် ။ နှံကောင် တစ်ကောင် သည် အစားအစာ ကို တပင်တပန်း သယ်ပိုးလာသော ပုရွက်ဆိတ် တစ်ကောင် ကို တွေ့၏ ။ ပင်ပန်း လှသော ပုရွက်ဆိတ် ၏ ဘဝ ကို မြင်သောအခါ နှံကောင် သည် “ အကျိုးမဲ့ ပင်ပန်းလှ ချေ၏ တကား ” ဟု ကဲ့ရဲ့ ၏ ။ သို့ဖြင့် ဆောင်းရာသီ သို့ ရောက် လာ၏ ။ ပုရွက်ဆိတ် တွင် အစာရေစာ ပြည့်စုံစွာ ရှိသော်လည်း နှံကောင် တွင် ဆောင်းရာသီ အတွက် သိုလှောင်ထားသော စားရေရိက္ခာ မရှိသဖြင့် အခက် ကြုံရ၏ ။ ထို့ကြောင့် နှံကောင် သည် ပုရွက်ဆိတ် ထံသို့ သွားကာ စားရေ ရိက္ခာတောင်း၏ ။ ပုရွက်ဆိတ် က “ ငါ့ မှာ တစ်နွေလုံး စုဆောင်း သိုမှီးထားရ သည် ။ သင် မူကား တစ်နွေလုံး ကစားမြူးထူး ၍ နေဘိသည် ။ ယခုလည်း ကစားမြူးထူး၍ သာ နေလေလော့ ” ဟု အဖြေပေး၏ ။


ဒဏ္ဍာရီ၏  အတိုချုပ် သဘောမှာ ဤမျှသာ ဖြစ်၏ ။ ဒဏ္ဍာရီ အဆုံး တွင် လုံ့လဝီရိယ ရှိသူမှာ အကျိုး ခံစားရ၍ ပျင်းရိသူ မှာ ဆင်းရဲဒုက္ခတွေ့ တတ်ကြောင်း ဥပဒေသ တစ်ခု ထုတ်ပြထားသည် ကို လည်း ကျွန်တော် မှတ်မိနေပေသည် ။


တစ်နေ့က ဦးထွန်းညို နှင့် မြေနီကုန်းအကြုံ ၏ “ ဘောဂဗလ ” တွင် တွေ့လိုက်သောအခါတွင် ကျွန်တော့် စိတ်ထဲ၌ နှံကောင် နှင့် ပုရွက်ဆိတ် ဒဏ္ဍာရီ ကို ပြန်၍ သတိရလာ၏ ။ ဦးထွန်းညို နှင့် ကျွန်တော်တို့ အသိုက် ဘောဂဗလ တွင် မဆုံမိသည် မှာ ၃ - ၄ နှစ် ရှိပေပြီ ။


ခါတိုင်းဆိုလျှင် ဦးထွန်းညို အပါအဝင် ကျွန်တော်တို့ လူသိုက် သည် “ ဘောဂဗလ ”  တွင် လာ၍ ဆုံတတ်ကြ၏ ။ “ ဘောဂဗလ ” တွင် လွယ်အိတ် ကို လွယ်၍ ထီလက်မှတ်စာအုပ် ကို စားပွဲ ပေါ်သို့ လာ၍ တင်တတ်ကြ သော ထီလက်မှတ် ရောင်းသူများ မရှိ ။ ဘာမပြော ညာမပြော အနား ရောက်လာကာ လက်ဖမိုး ကို ဂွမ်းစ ဖြင့် လာ၍ တို့ ပြီး ရေမွှေးရောင်း တတ်သော ရေမွှေးသည် လည်း မလာ ။ အင်္ဂလိပ်စာနယ်ဇင်းတွေ ရောင်းသူ လည်း မရောက် ။ ကျွန်တော်တို့ အဖို့ ကား အကြုံ ၏ ဘောဂဗလ သည် လောကနိဗ္ဗာန် ပင် ။


ထို့ပြင် ကျွန်တော်တို့ မှာ ဘောဂဗလ နှင့် ၁၁ နှစ်နီးပါးမျှ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့သူများ မဟုတ်ပါလား ။ ပိုက်ဆံ မပါဘဲနှင့် လည်း အကြွေး သောက်၍ ရသည် ။ ခပ်ထိုထို ဖြစ်၍ ကျွန်တော်တို့ အသိုက် “ ဂျီ ကျ ” လျှင် လည်း အကြုံ သည် ပါးစောင်အပြည့် စိုက်ထားသော ရွှေသွား တွေ ပေါ် အောင် ပြုံးရယ်ကာဖြင့် အောင့်အည်း သည်းခံတတ်၏ ။ ထို့ကြောင့် ကျွန်တော်တို့ အသိုက် ဘောဂဗလ တွင် ကျက်စားတတ်ခြင်း ဖြစ်၏ ။ ကျွန်တော်တို့ အသိုက် တွင် ကောက်ပဲသီးနှံအဖွဲ့ မှ အေအီးအို ဟု ခေါ်သော လက်ထောက်အမှုဆောင်အရာရှိ ကိုသောင်းတင် ၊ “ မှန်ပြ ”  သတင်းစာတိုက် မှ လက်ထောက် အယ်ဒီတာ ကိုထိန်ဝင်း ၊ ကန်ထရိုက်တာ ကိုစု ၊ ဦးထွန်းညို နှင့် ကျွန်တော်တို့ ဖြစ်၏ ။


ကျွန်တော်တို့ အထဲ တွင် ဦးထွန်းညို မှာ အသက် အကြီးဆုံး ဖြစ်၏ ။ သို့သော်  သူ့ရုပ်ရည်မှာ အသက်အရွယ် နှင့် မလိုက်အောင် အိုမင်းရင့်ရော် သည် ဟု ကျွန်တော် ထင်ပါသည် ။ ၄ဝ ကျော် မျှ သာ ရှိသေးသော်လည်း သူ့ ဆံပင်များ သည် ဖွေးဖွေးဖြူ နေကြ၏ ။ နားထင်များ သည် ခွက်ဝင် ကာ ပါးရိုးတွေ ငေါထွက်လျက် ရှိ၏ ။ သူ့ မျက်လုံးများ သည် လည်း မှုန် ငေးငေး ဖြစ်နေတတ်ကြ၏ ။


အသက် ငယ်ငယ် နှင့် ရင့်ရော်နေသော ဦးထွန်းညို ကို ကျွန်တော် တို့ အသိုက် က “ အဘိုးကြီး ” ဟု ချစ်စနိုး ခေါ်ကြပါသည် ။ သူ့ ကွယ်ရာတွင် မူ ကား “ ကပ်စေးနှဲကော်တစ်ရာ ” ဟု ကျွန်တော်တို့ က ကင်ပွန်းတပ်ကြပါသည် ။ သူ့ မှာ လွှတ်တော်ရှေ့နေ တစ်ဦး ဖြစ်၍ တစ်လ လျှင် ထောင့်ငါးရာ ခန့် စီ၏ ။ ကျွန်တော်တို့ က သူ့ ကို ညှဉ်းသည့် အခါတိုင်း “ ဟေ့လူတွေ၊ ခင်ဗျားတို့ ဘဝကို ကောင်းကောင်း မသိကြသေးဘူးနော် ၊ ငယ်ငယ်ရွယ်ရွ ယ်မှာ ကြိုးစားစုဆောင်းထားမှ ကြီးတော့ စိတ်အေးလက်အေးနေနိုင်မှာ ။ ကျုပ်က ခင်ဗျားတို့ ကို အရက် တိုက်ရမှာ နှမြောလို့ မဟုတ်ပါဘူး ။ ဒါ ပေမဲ့ ”


ဦးထွန်းညို သည် ဆေးပြင်းလိပ် ကို မီးညှိ ၍ ဖွာ၏ ။ ဆေးပြင်းလိပ် မှ ဇယားမိသည် ဟု သူ က ဆိုပါသည် ။ ကျွန်တော်တို့ ကမူ ဘိုင်ကျသည် ဆိုလျှင်ပင် ကပ္ပီတန် လောက် ကိုမှ အနည်းဆုံး ရှူချင်သူများ ဖြစ်သည် ။


“ ဒါပေမဲ့ ဘဝရဲ့ ခါးသီးတဲ့ အရသာ ကို ခင်ဗျားတို့ မတွေ့ဖူး သေးဘူး ၊ အဲဒီအခါကျရင် ခင်ဗျားတို့ ကျွန်တော့်လို ဖြစ်မှာ ပဲ ”


“ ဆိုစမ်းပါဦး ” ဟု ကိုထိန်ဝင်း က ဝင်၍ ထောက်၏ ။


“ ကျုပ် ရှေ့နေ မလုပ်ခင် အာအီးတီ မှာ လုပ်လာတာ တော်တော် ကြာ တယ် ။ ဒါပေမဲ့ အင်္ဂလိပ်အင်ဂျင်နီယာတွေ ကို ကြောက်ရ ဗမာအရာရှိ တွေ ကို ကြောက်ရနဲ့ ဆိုတော့ စိတ်ညစ်တာ နဲ့ အလုပ် က ထွက်တယ် ။ အလုပ် ကလည်း ရှာမရ ဝင်ငွေ က မရှိနဲ့ သိပ် စိတ်ညစ်စရာ ကောင်းတာပဲ ။ နောက်တော့မှ လော ဖြေ ပြီး ရှေ့နေ လုပ်ရတာ၊ ရှေ့နေပေါက်စ ဆိုတော့ လည်း ရုတ်တရက် မတိုးနိုင်သေးဘူး၊ အလူးအလဲ ခံလိုက်ရတာ ။ နောက် တော့မှ နာမည်လေး ဘာလေး ရပြီး ဟန်ကျလာတယ် ။ ခင်ဗျားတို့ တိုက် စေချင်ရင် လည်း တိုက်ပါ့မယ် ။ ကျုပ် က ဒီလောက် မရိုင်းပါဘူး ။ သူများ ဟာ တစ်ပြားဖိုး ယူရင် ကိုယ် ကလည်း တစ်ပြားဖိုး တော့ ပြန်ပေး ရမှာ ပေါ့ ။ သူများ အပေါ် လည်း တစ်ပြားဖိုး ကျပ် မတင်စီးဘူး၊ အဲ ကျုပ် အပေါ်လည်း တစ်ပြားဖိုး မတင်စီးနဲ့ ။ ခင်ဗျားတို့ ဆိုတာကတော့ အထူး ပြောစရာ မလိုပါဘူး ”

 

ကိုထိန်ဝင်း ကမူ ဦးထွန်းညို စကားကြောင့် တော်တော် စိတ်ပျက် သွားဟန်တူပါသည် ။ ကျွန်တော်လည်း တော်တော်လေး စိတ်ပျက်သွား ပါသည် ။ ကျွန်တော်တို့ အသိုက် မှာ မရှိ အတူ ရှိ အတူ ပုလင်းတူ ဘူးဆို့ သမားများ ဖြစ်၍ ကိုယ့် တွင် ပိုက်ဆံ ရှိလျှင်လည်း လာသမျှသူ ကို ဒကာ ခံ ကာ မရှိလျှင်လည်း အားမနာ ပါးမနာ မျက်နှာပြောင် တိုက်ကာ ရင်းနှီး သူ မှန်သမျှကို ဒကာခံခိုင်းသူများ ဖြစ်ကြပါသည် ။


“ လူ့ထုံးစံ စည်းကမ်းတွေကို လိုက်လျောလာတာ ကျုပ် လူပျို တုန်း က ဘယ်ဒီလို ဟုတ်မလဲ ၊ လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေချင်း တွေ့လို့ လက်ဖက်ရည်တိုက်ရင် ဘယ်တော့မှ မသောက်ဘူး၊ ကျုပ် ကလည်း သောက်ပါလို့ ခေါ်လိမ့်မယ် မထင်နဲ့ ၊ ဘယ့်နှယ်ဗျာ၊ ဒီ လောကဝတ် ထုံးစံ တွေ ကိုသာ လိုက်လျောနေရမယ် ဆိုရင် ကိုယ့် ဘဝအတွက် စိတ် ချမ်းသာကွက်ရယ်လို့ ဘယ်ရှိပါတော့မလဲ ”


ဦးထွန်းညို ခပ်ထွေထွေ ရှိ လာပြီမို့ ရင်ထဲ တွင် ရှိသမျှ ကို အန်ထုတ် ဟန်တူ၏ ။ ကျွန်တော် ကိုယ်တိုင် လည်း ဦးထွန်းညို အကြောင်း ကို အတော်အတန် သိပါသည် ။ ဦးထွန်းညို သည် စည်းကမ်းကြီးသူ ဖြစ်၏ ။ အိမ် မှာ သူ့ ပစ္စည်း ကို သူ့မယား ကိုင်တွယ်သည် ကို ပင် ကြိုက်သူ မဟုတ် ။ သင် နှင့် ဦးထွန်းညို  ဘတ်စ်ကား ပေါ်တွင် ဆုံလျှင် ဦးထွန်းညို က သင့် ဘတ်စ်ကားခ ကို အားနာပါးနာဖြင့်ပင် ထုတ်ပေးလိမ့်မည် မထင် နှင့် သင် က စိုက်ထုတ်ပေးသည် ကို လည်း လက်ခံမည့် လူစား မဟုတ်၊ အထက်တန်း အရာရှိကြီး ဆို၍ နံနက်လင်း လျှင် ကော်ဖီ ၊ ပေါင်မုန့် ထောပတ်သုတ် တို့ ဖြင့် ဖွယ်ဖွယ်ရာရာ စားသည် ဟူ၍ မရှိ ။ သူ့အဖို့ ထမင်းရည် တစ်ပန်းကန် ကို ဆားခတ် သောက်ခြင်း ဖြင့်သာ တင်းတိမ်တတ်သူ ဖြစ်ကြောင်း ကောင်းကောင်းသိ၏ ။


ပြီးတော့ ဦးထွန်းညို အရက် သောက်သည် ဆိုသည် မှာ လည်း ကျွန်တော်တို့ လို စည်းကမ်းမဲ့ သောက်သည် မဟုတ် ၊ အလွန်ဆုံး သောက် မှ ၄ ခွက် လောက် သာ သောက်ပြီး ခပ်စောစော ထ ပြန်တတ်သူ ဖြစ်သည် ။ ကျွန်တော်တို့ က တား၍ နေလျှင် ၉ နာရီ ဆိုင်ပိတ်ချိန် ထက် မပိုချေ ။ သည့်နောက်ကား ဘယ်သူက တားတား မရ ၊ အိမ်သို့ အရောက်ပြန်လေသည် ။


ကျွန်တော်တို့ ကား သူ့လို မဟုတ် ။ ၉ နာရီ ထိုး၍ အကြုံ က နှင် လျှင် ချက်အရက်ဆိုင်သို့ ကူးသည် ။ ပိုက်ဆံ ပေါလျှင် ၈ မိုင် သို့ လည်း ကောင်း ၊ မေဖဲယား သို့ လည်းကောင်း၊ ဂရင်း သို့ လည်းကောင်း ရောက်တတ် သေးသည် ။ ဦးထွန်းညို ကို မြင်တိုင်း ကျွန်တော် သည် နှံကောင် နှင့် ပုရွက်ဆိတ် ဒဏ္ဍာရီ ကို အမှတ်ရမိသည် ။


အကြုံ ၏ “ ဘောဂဗလ ” သို့ ကျွန်တော် ရောက်သွားသောအခါ မှောင် စပျိုးနေပြီ ဖြစ်၏ ။ နောက်ခန်း လက်ဝဲဘက်ချောင် ထဲ တွင် ထိုင်နေသော ဦးထွန်းညို ကို တွေ့ရ၏ ။ ဦးထွန်းညို သည် ဆေးပြင်းလိပ် ကို ပါးစောင်တွင် ခဲကာ မတုန်မလှုပ် ထိုင်နေ၏ ။ သူ့ မျက်နှာ သည် သုန်မှုန်လျက် ရှိ၏ ။ သူ့ မျက်လုံးများ သည် စားပွဲ ပေါ်ရှိ ဖန်ခွက်များ ကို လည်း မြင်ဟန်မတူ ။ အနား ရှိ စားပွဲများ မှ စကားသံတွေ ကို လည်း ကြားဟန် မရှိ ။ မဟာပထဝီ မြေကြီး ကို ပခုံး ထက်တွင် ထမ်းထားရ သကဲ့သို့ ရှိလေသည် ။


အမှန်အားဖြင့် ဦးထွန်းညို နှင့် ကျွန်တော်တို့ “ ဘောဂဗလ ” တွင် မဆုံ မိကြသည် မှာ ကြာလေပြီ ။ လွန်ခဲ့သည့် ၂ နှစ် လောက် ကစ ၍ မတွေ့ ကြ တော့ပေ ။ ကျွန်တော်ကမူ ဦးထွန်းညို ၏ ပုံပန်းသဏ္ဌာန် ကို မြင်လိုက် သည် နှင့် တစ်ပြိုင်နက် သူ ၏ ညီတော်မောင့် ကိစ္စပင် ဖြစ်လိမ့်မည် ဟု တွေး လိုက်မိသည် ။ ဦးထွန်းညို သည် မှုန်ငေး သော မျက်လုံးများ ဖြင့် နံရံ ကို စူးစိုက်ကြည့်နေ၏ ။ အနားသို့ ကျွန်တော် ရောက်လာသည် ကို ပင် သိဟန် မတူ ။


“ ဘယ့်နှယ် ငိုင်လှချည့်လား ဆရာကြီး ”

 

သူ့ ဘေးတွင် ဝင် ထိုင်လိုက်တော့မှ ဦးထွန်းညို သည် သရဲခြောက် ခံ လိုက်ရသလို ဖျတ်ခနဲ ကျွန်တော့် ကို မော့ကြည့်လိုက်သည် ။


“ ဟာ ကိုထွန်းလင်း လား ၊ လာ ထိုင်ဗျာ ၊ စိတ်ညစ်ညစ် ရှိတာနဲ့ ဒီဘက် ထွက်လာခဲ့တာ ”


“ ဆိုစမ်း ၊ ဘာကိစ္စ စိတ်ညစ်ရပြန်ပလဲ၊ ဖိုးကျော်မောင့် ကိစ္စ မဟုတ်လား ”

 

“ ဘယ်သူ့ ကိစ္စ ဖြစ်ရမလဲ၊ ဒီကောင်ပဲပေါ့ ။ ဒီကောင် လာ နှောက် ပြန်ပြီ ၊ ဒီကောင် သေရင်သေ၊ ဒီကောင် မသေရင် ကျုပ်သေမှ ”

 

“ ဒီလောက်တောင်လည်း စိတ်ညစ် မနေပါနဲ့ ဗျာ ၊ ဒီကောင့် ကို ပေယျာလကန် လုပ်ထားလိုက် ပြီးတာပဲ မဟုတ်လား ။ သူ လည်း ကလေးလေး မှ မဟုတ်တော့ဘဲ၊ ခင်ဗျား ကိုယ်တိုင် သူ့ အတွက် တတ်နိုင် သလောက် လုပ်ပေးခဲ့ပြီးပြီ မဟုတ်လား ။ ဒါလည်း ဒီကောင်ဟာ ဘာမှ အမှတ်သညာ မရှိဘူး၊ မငဲ့ညှာဘူး ဆိုရင် သိပ်ပြီး သံယောဇဉ် တွယ်မနေနဲ့ ပေါ့ ”


တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသလို ညီအစ်ကို မောင်နှမ တစ်သိုက်ထဲတွင် သိုးမည်း တစ်ကောင် ရှိတတ်သည် ကို တွေ့ဖူးကြလိမ့်မည် ဟု ကျွန်တော် ထင်ပါသည် ။ ဦးထွန်းညို အဖို့ ဆိုလျှင် ကိုကျော်မောင် သည် အနှစ် ၂၀ လုံးလုံး ကြီးစွာသော အနှောင့်အယှက်ကြီး တစ်ခု ဖြစ်ခဲ့သည် ။ ဦးထွန်းညို က ကျောင်းထား ပေးခဲ့၍ ကောလိပ် အိုင်အေ အထက်တန်း အထိ ပညာ သင်ခဲ့ပြီး နောက် အလုပ်သင် မြို့အုပ် ဝင်လုပ်၏ ။ မြို့အုပ် ဆို သော ဂုဏ်ကလေး ဖြင့် နယ်တွင် ကိုကျော်မောင် သည် ရမ်းချင် တိုင်း ရမ်းခဲ့၏ ။ ထို့ကြောင့် အပိုးသေပါစေတော့ ဟု ဆိုကာ ကိုကျော်မောင် ကို မိန်းမ ပေးစားခဲ့သည် ။ သို့ဖြင့် ကိုကျော်မောင် သည် အိုးနှင့် အိမ်နှင့် ဖြစ် လာကာ ငြိမ်ကျသွား၏ ။ ကလေး ၂ ယောက် ဖခင် ဖြစ်လာ၏ ။ အားလုံး ကပင် ကိုကျော်မောင် တော့ သား နှင့် မယား နှင့် တင့်တောင့် တင့်တယ် ဖြစ်သွားပြီ ၊ သူ့ ဘဝမှာ ရှေ့ တွင် ဝန်ထောက် ၊ အတွင်းဝန် စသဖြင့် တက်လမ်း ချည်းသာ ဖြစ်သည် ဟု အောက်မေ့ကြ၏ ။ သို့သော် ခဏသာတည်း ။


မကြာမီ ကိုကျော်မောင် သည် ဆိုင်းမဆင့် ဗုံမပါ အလုပ် မှ ထွက် လိုက်၏ ။ ဇနီး နှင့် ကလေးတွေ ကို သူ့ မိဘများ ထံ ပြန်ပို့လိုက်၏ ။ ဦးထွန်း ညို ဘယ်လိုပင် ဖျောင်းဖျသော်လည်း နားမဝင်တော့ပေ ။ သို့နှင့် ကိုကျော်မောင် သည် အလုပ် နှင့် လည်း အိုးစားကွဲ ၊ မယား နှင့် လည်း ခွာပြဲ လေသည် ။


သူ့ တွင် ရှိသမျှ ပိုက်ဆံကလေး ဖြင့် ယိုးဒယား သို့ သွား၍ ပွေပြန်သည် ။ ဘန်ကောက်မြို့ မှ ညကလပ်များ ၊ ညောင်ရွက်ကြွေ ကပွဲ များ တွင် ကိုကျော်မောင် ကို မကြာခဏ တွေ့ရတတ်သည် ဟု ဘန်ကောက် မှ ပြန် လာသော မိတ်ဆွေများ က ဦးထွန်းညို ကို ပြောပြကြ၏ ။ မကြာမီ ဂျပန်ပြည် တွင် ရောက်နေပြန်ပြီ ဟု ကြားရပြန်၏ ။ ဦးထွန်းညို အဖို့ ကား ကိုကျော်မောင့် သတင်း ဆိုလျှင် ရင်တမမ နှင့် နားထောင်နေရသည် သာ ဖြစ်လေသည် ။ သူ့ တွင် ရှိသည့် ပိုက်ဆံကလေး ကုန်ရင် ပြန်လာလိမ့် မည် ဟု ထင်ရသော်လည်း ပြန်မလာ ။ ကိုကျော်မော င်သည် အပျော်ခရီး ထွက်သည့် သူဌေးတစ်ဦး လို ဟန်နှင့် ပန်နှင့် ရှိနေ၏ ။ ဦးထွန်းညို သည် သူ့ ညီ အတွက် စိုးရိမ်တကြီးသာ နေရ၏ ။ ဘာမျှ မတတ်နိုင် ၊ ဒီကောင် ဘယ်အချိန်က စုထားလို့ များ နိုင်ငံခြား သွားပြီး ၄ - ၅ လ ဖြုန်းနေနိုင်ပါ လိမ့်ဟု တွေး၏ ။ အဖြေ မပေါ်၊ သို့ရာတွင် မကြာမီ အဖြေ ကို ရှာတွေ့၏ ။ ကိုကျော်မောင်သည် နိုင်ငံခြား လာသမျှ မြန်မာမိတ်ဆွေများ ထံမှ ချေးငှား သုံးသည် ဟု ကြားရ၏ ။ ကိုကျော်မောင် သည် စကား ကို တစ်ဖက်သား ကျအောင် အပြော ကောင်းသူ ဖြစ်၏ ။ ချေးငှားသည့် နေရာတွင် လည်း ပက်စက်၏ ။ ဘယ်တော့မှ အရှက် ရှိသူ မဟုတ်ပေ ၊ ကိုကျော်မောင် ငွေ ချေး လျှင် မချေးဘူး ဟု ငြင်းပယ်လိုက်သောသူ ဆို၍ တစ်ယောက် မျှ ကျွန်တော် မတွေ့ဖူးပေ ။


“ ပိုက်ဆံ ဆိုတာ ရှိတိုင်း မကောင်းဘူးဗျ ၊ ဒီကောင့် ကို သုံးတတ် မှ ကောင်းတာ ၊ မဖြစ်တဲ့ ပစ္စည်းတွေ ကို ဝယ်သုံးဖို့ လောက်သာ အသုံးကျ ရင်တော့ ပိုက်ဆံ ဆိုတာ ဘာလုပ်မလဲ ။ သူ ရှိရင် ပျင်းစရာတောင် ကောင်း သေး ။ ပိုက်ဆံ ဆိုတာ ဖြုန်းပစ် နေနိုင်မှ  သူ့ကို ရှာရကျိုး နပ် တော့မပေါ့ ” ဟု ကိုကျော်မောင် က ကျွန်တော့် ကို မကြာခဏ ပြောဖူးပါသည် ။


ဦးထွန်းညို ကို ကား ဘဏ္ဍာတိုက်ကြီး တစ်ခု ဟု ကိုကျော်မောင် အောက်မေ့ဟန် တူ၏ ။ ဦးထွန်းညို ကား စည်းကမ်းကြီးသူ ဖြစ်၏ ။ စေ့စပ်သူ ဖြစ်၏ ။ အ စ ပထမသော် ဦးထွန်းညို သည် ကိုကျော်မောင် ကို အယုံကြီး ယုံကာ တစ်ခါ နှစ်ခါလောက် ငွေထုတ်ချေး၏ ။ သူ့ တွက်ကိန်း မှာ ကျော်မောင် သည် ကြံရည်ဖန်ရည်တွင် လည်းကောင်း ၊ အပေါင်းအသင်း တွင် လည်းကောင်း ခေသူမဟုတ် ။ ငွေရင်း ရှိလျှင် ကိုယ်ပိုင် အလုပ်အကိုင် တစ်ခုကို ကျကျနန လုပ်ခိုင်းလျှင် ကြီးပွားမည် ဟု ယူဆ၏ ။ သို့သော် ဦးထွန်းညို တွက်ကိန်း မကိုက်ချေ ။ ကိုကျော်မောင် သည် အစ်ကို ထံမှ ရသမျှ ငွေ ဖြင့် တစ်ပတ်ရစ် စတူပေကာ တစ်စီး ကို ဝယ်စီး၏ ။ မေးယား သို့ လည်းကောင်း၊ မေရိုမရင်းကလပ် သို့ လည်းကောင်း သွားကာ ပွတ်သဘင် တက်၏ ။ အရက် သောက်လျှင် ပြည်ထောင်စုကလပ် နှင့် စထရင်း ဟိုတယ် လောက် ကိုသာ သွား၏ ။ ဆူးလေဘုရားလမ်း တစ်ဝိုက် က အရက်ဆိုင်များ ကို ကား ကျော်မောင် သည် ယောင်၍ မျှ ခြေဦး မလှည့်ပေ ။ ဦးထွန်းညို က သူ့ ငွေကို ပြန် တောင်း၏ ။ ကိုကျော်မင် ကား ခပ်ပြုံးပြုံး နှင့် ပင် “ ကိုကို ကျွန်တော့် ကို မယုံဘူးလား၊ ကျွန်တော် ဂျပန် ကုမ္ပဏီတစ်ခု နဲ့ ဖက်စပ် လုပ်မလို့ စီစဉ်နေတယ် ။ ကားဝ ယ်စီးတာကတော့ ကိုကို ရာ အလုပ်ကြီး အကိုင်ကြီး လုပ်မယ့် လူ ဆိုတော့ ဟန်ကိုယ့်ဖို့ ဆိုသလို လုပ်ရတာ ပါ ၊ တော်တော်ကြာ ဒီကောင်တွေ က သိပ် အထင်သေးသွားမှာ ပေါ့ ” ဟု ပြောသဖြင့် မယုံတစ်ဝက် ယုံတစ်ဝက် နှင့် နေလိုက်ရသည် ။ တရားစွဲ မည် ဟု ခြိမ်းခြောက်သော်လည်း ကိုကျော်မောင် အပြုံး မပျက်ချေ ။ 


ကြာသော် ဦးထွန်းညို လက်လျှော့ရလေသည် ။ ကိုကျော်မောင် ထံ မှ ငွေ ကိုလည်း ပြန်ရဖို့ မမျှော်လင့်တော့ ၊ နောက်ထပ်လည်း ငွေ မချေး တော့ပေ ။ သို့ရာတွင် ကိုကျော်မောင် အပြုံး မပျက်သေး ။ ကိုကျော်မောင် သည် ဦးထွန်းညို ကို ခြိမ်းခြောက်စ ပြုလာ၏ ။ ပါးစပ် က ခြိမ်းခြောက် သည် မဟုတ် ။ အရက်ဆိုင်ဝ င်သောက်၍ ပိုက်ဆံ မပေးဘဲ ထွက်သွား ခြင်း ၊ ဦးထွန်းညို နာမည် ဖြင့် ငွေချေးခြင်း တို့ ကို လုပ်လာ၏ ။ နေရှင်နယ် ဟိုတယ်ပိုင်ရှင် က ဦးထွန်းညို ကို လာတိုင်၏ ။ မိတ်ဆွေများ ကလည်း ဦးထွန်းညို ကို လာ တိုင်ကြ၏ ။ လွှတ်တော်ရှေ့နေကြီး ဦးထွန်းညို ၏ ညီ ၊ ဦးထွန်းညို ၏ ညီ ဟူသော အသံများ ကို ကြားလာရ၏ ။ ဦးထွန်းညို လို လွှတ်တော်ရှေ့နေ ဟူသော ဂုဏ်ပုဒ်ဖြင့် လူလုပ် နေရသူ အဖို့ မည်သို့ ရှိချိမ့် မည်နည်း ။ ထို့ကြောင့် ဦးထွန်းညို သည် ကိုကျော်မောင့် ကို ခေါ်၍ ဆုံးမပြန်သည် ။ 


“ ကျွန်တော် တောင်းပန်ပါတယ် ကိုကို ၊ ကျွန်တော့် အပြစ်ပါပဲ ၊ ကျွန်တော်လည်း ကိုကို့ ဂုဏ် ကို ထိခိုက်အောင် လုပ်မိတာက ကိုယ့် ကိုယ် ကိုယ် အပြစ်တင်လို့ မဆုံးပါဘူး ၊ ဒီတော့ ကိုကို့ ကို ကျွန်တော် နောက်ဆုံး တောင်းပန်ပါရစေ ။ ကျွန်တော့်ကို ငွေ ငါးထောင် လောက် လှည့်ပါ ကျွန်တော့်မှာ သိပ်အရေးကြီးလို့ ပါ ။ ဆက်ဆက် ပြန်ပေးပါ့မယ် ။ နောက် ကို ကျွန်တော့် ကြောင့် ကိုကို့ ဂုဏ် ကို ထိခိုက်တယ် ဆိုရင် ပေးချင်တဲ့ အပြစ် ပေးပါ သ,တ်ရင်လည်း သတ်ပါ ကိုကို ရာ ၊ ဒီတစ်ခါတော့ ကျွန်တော့် မှာ အရေးကြီးလို့ ပါ ”


ကိုကျော်မောင် သည် မျက်ရည်စမ်းစမ်း နှင့် ရှိခိုးမတတ် တောင်းပန်၏ ။ သို့ဖြင့် ဦးထွန်းညို သည် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပေးလိုက်ရပြန်သည် ။


တစ်ခါကလည်း ကိုကျော်မောင်သည် အလွဲသုံးစားမှုဖြင့် ထောင်နှုတ်ခမ်းဝ သို့ ရောက်လုနီးပါး ဖြစ်ခဲ့၏ ။ ဦးထွန်းညိ ဒေါပွလိုက် သည့် ဖြစ်ခြင်း ။ အကယ်၍ သာ ရုံးရောက်၍ တရား ဖြစ်လျှင် ကိုကျော်မောင် ထောင်ကျမည်မှာ သေချာ၏ ။ သို့သော် လွှတ်တော်ရှေ့နေကြီး ဦးထွန်းညို သည် သူ့ ညီ ကို အလွဲသုံးစားမှုဖြင့် အဘယ်မှာ ထောင်ကျ ခံနိုင်မည်နည်း ။ ထို့ကြောင့် ဦးထွန်းညို သည် ကိုကျော်မောင် လိမ်ခဲ့သည် ဆိုသော ကုန်သည် တစ်ဦး ဖြစ်သူ တရားလို ဦးဖိုးစိန် ဆိုသူ ကို သွား၍ တောင်းပန်၏ ။ မရချေ ။ ငွေ ပေးမှ ကျေနပ်နိုင်မည် ဆိုသဖြင့် ငွေ ငါးထောင် စိုက်၍ ပေးလိုက်ရပြန်သည် ။ သို့သော် မကြာမီ ဦးထွန်းညို အကြီးအကျယ် ဒေါပွလေသည် ။ ကိုကျော်မောင် နှင့် ဦးဖိုးစိန် ကို ရှမ်းပြည်နယ် ဘော်ကြိုပွဲတော် ကစားပွဲများ တွင် တွေ့ခဲ့ရသည် ဟု သတင်းကြားရ သောကြောင့် တည်း ။


သို့ဖြင့် ကိုကျော်မောင် သည် ဦးထွန်းညို အား အနှစ် ၂၀ လုံးလုံး ကြီးစွာသော အနှောင့်အယှက်ကြီး ဖြစ်ခဲ့သည် ။ ကိုကျော်မောင် သည် တိတ်တိတ်ပုန်း မျက်နှာကြီး ကစားဝိုင်း အစ ၊ ပြည်ထောင်စုကလပ်ကစား ဝိုင်း အလယ် ၊ ဘော်ကြိုကစားဝိုင်းအဆုံး ကစားဝိုင်း မှန်သမျှကို ရောက်၏ ။ အထက်တန်းလွှာမှ ကပွဲ တွင် တွေ့သော မိန်းမများ က အစ အရပ်ပျက် အဆုံး ရှိသော မိန်းကလေးတွေ နှင့် တွဲ၏ ။ စထရင်းဟိုတယ် ၊ မီးရထားဟိုတယ် ၊ နေရှင်နယ်ဟိုတယ် ၊ ပြည်ထောင်စုကလပ် စသည် တို့ မှာ လာ အရက် သောက်၏ ။ အဝတ်အစား ဆိုလျှင်လည်း အကောင်းဆုံး ၊ အဆန်းဆုံး အဝတ်အစား ကို သာ ဝတ်၏ ။ ရုတ်တရက် ကြည့်လျှင် တကယ့် သူဌေးကလေးပေတည်း ။ ကျော်မောင့် အသက်သည် ငယ်တော့သည် မဟုတ် ချေ ။ လာမည့် လ ဆိုလျှင် အသက် ၄၀ ပြည့်တော့မည် ။ သို့ရာတွင် သူ့ ကို ကြည့်လျှင် ၃၀ ပတ်ဝန်းကျင် လောက် တွင် သာ ထင်ရပေသည် ။


သည် အတိုင်း ဆိုလျှင် ကိုကျော်မောင် ကို အဝေး က ရှောင်ကြမည် ဖြစ်၏ ။ သို့ရာတွင် ကိုကျော်မောင် ကို ကြာကြာ မရှောင်နိုင်ကြချေ ။ ကိုကျော်မောင် သည် လူ အထင်ကြီး အောင် လုပ်တတ်၏ ။ လူတွေ ကို ဟုတ်နိုး ထင်လာအောင် ပြောတတ်၏ ။ အပေါင်းအသင်း ဆန့်၏ ။ ခဏတော့ သူ့ ကို အဟုတ်ထင်ကြသည် သာ ဖြစ်လေသည် ။ ပြီးတော့ ကိုကျော်မောင် သည် ရယ်စရာကလေးများကိုလည်း ပြောတတ်၏ ။ ပျော်ပျော် နေ၏ ။ စကား ပြောပုံ ကို က လူတစ်ဖက်သား အထင်ကြီးစရာပေတည်း ။ အထက်တန်းလွှာ က ဆိုလျှင် ကိုကျော်မောင် ကို မသိသူ မရှိ ။ ကိုကျော်မောင် ကလိန်းကလက် နိုင်ပုံကို သဘောမကျ လျှင် သာ ရှိမည် ။ ကျော်မောင် ၏ ဟန်ပန် လေသံ ကို မူ စွဲမက်သဘောကျသည် သာ ဖြစ်လေသည် ။


ကျွန်တော်တို့ ဦးထွန်းညို ကား ကိုကျော်မောင် ထက် ၄ -၅  နှစ် မျှ သာကြီး သော်လည်း သူ့ ကို ကြည့်ရသည် မှာ အသက် ၆၀ လောက် ရှိပြီ ဟု ထင်ရ၏ ။ ဦးထွန်းညို သည် တစ်နှစ်လုံး တနင်္ဂနွေနေ့များ မှ အပ တစ်ရက် မှ အနားယူသည့် ရက် ဟူ၍ မရှိပေ ။ နွေရာသီ ဟိုက်ကုတ်ရုံး ပိတ်လျှင် လည်း သူ မနား ။ အောက်ရုံး မှ အမှုသေးကလေးများ နှင့် အလုပ် ရှုပ် နေတတ်လေသည်  ။ နံနက် ၉ နာရီခွဲ သည် နှင့် တစ်ပြိုင်နက် မဟာဗန္ဓုလပန်းခြံလမ်း ရှိ အလုပ်ခန်းသို့ မှန်မှန် ရောက်၍ ညနေ ၅ နာရီ ထိုးမှ အိမ်သို့ ပြန်တတ်သည် ။ ဦးထွန်းညို သည် လုံ့လဝီရိယ ကောင်းသူ ၊ လေးစားထိုက်သူ ဟု ကျွန်တော် ထင်၏ ။ သူ့ဇနီးသည် လည်း ထို့အတူပင် ။


သူ့ လစဉ် ဝင်ငွေမှာ ပျမ်းမျှ ထောင့်ငါးရာ လောက်ရှိသည် ဟု ကျွန်တော် ထင်ပါသည် ။ သူ သည် တစ်လ လျှင် ဝင်ငွေ သုံးပုံ တစ်ပုံ ကို စု၏ ။ အသက် ၅၀ ကျော်လျှင် ရန်ကုန် ဆင်ခြေ ဖုံးတွင် ကိုယ်ပိုင်အိမ် ၊ ကိုယ်ပိုင် ဝင်းခြံကလေး နှင့် ပန်းမန်စိုက်ပျိုး ၍ နေမည် ဟု စိတ်ကူးထား၏ ။ သူ့ ဘဝ ကား အပြစ် ဆိုစရာ မရှိသော ဘဝ ပါပေ ။


ဦးထွန်းညို သည် သူ ယခုလို အသက်ကြီး၍ အိုမင်း တွင်းဆုံး ကျလု နီးလာသည် ကို ဝမ်းသာသည် ဟု ကျွန်တော့် ကို ပြောပြ၏ ။


“ ကျုပ် နဲ့ ကျော်မောင် နဲ့ ငါးနှစ် ပဲ ကွာတယ် ။ ဒါကြောင့် ကျုပ် သေတွင်းနီး လာလေလေ ဒီကောင်လည်း သေတွင်းနီး လာပြီဆိုပြီး ဝမ်းသာ လို့ မဆုံးဘူး ”


သနားစရာ ကောင်းလိုက်ပါဘိ ၊ ဦးထွန်းညို ဟု ကျွန်တော် ညည်း မိပါသည် ။ ဦးထွန်းညို သည် ဆေးပြင်းလိပ် ကို ကောက်၍ ဖွာလိုက်သည် ။


“ အင်း နောက် လေးငါးနှစ် လောက် ဆိုရင်တော့ ဒီကောင် အသက် ကြီးပြီး နောင်တလေး ဘာလေး ရလာပါလိမ့်မယ် ထင်ပါရဲ့ ဗျာ ၊ အဲဒီတော့ မှ လည်း နောင်တ မရရင်လည်း သူ့ ထိုက်နဲ့ သူ့ ကံပေါ့ ၊ ကျုပ် တော့ ငါးဆယ် ပြည့်ရင် ငွေလေး လေးငါးသောင်း လောက် တော့ စုပြီးသား ဖြစ်နေလို့ ဘာမှ မပူပါဘူး ။ အနှစ် နှစ်ဆယ့်ငါးနှစ် လုံးလုံး ကျုပ် သူ့ ကို ဆုံးမ သတိပေးခဲ့ တာပဲလေ ၊ နောင်တ မရလည်း မတတ်နိုင်တော့ဘူး ။ လောကမှာ လုံ့လ ဝီရိယ မရှိခဲ့လို့ ဒုက္ခ တွေ့ရပါလား ဆိုတာ နောင်တော့ သိလာမှာ ပေါ့ ” 


ကျွန်တော် သည် ဦးထွန်းညို ကို သနားမိပါသည် ။ ယခု လည်း ကိုကျော်မောင် ဘာ လာ၍ နှောင့်ယှက်ပြန်ပြီနည်း ဟု တွေးနေမိပါသည် ။ အရက် ကြောင့် လား ဒေါသ ကြောင့် လား မသိ ၊ ဦးထွန်းညို ၏ မျက်နှာ တွင် မူ သွေးရောင်လျှမ်း၍ နေပေသည် ။


“ ခု ဒီကောင် ဘယ်လို ဖြစ်နေပြီ ထင်သလဲ ”  ဟု ကျွန်တော့် ကို မေးလို က်ပါသည် ။


ကျွန်တော် ကား ကိုကျော်မောင့် အတွက် အဆိုးရွားဆုံး ကို တော့ တွေး လိုက်ပြီး ဖြစ်ပါသည် ။ ဒီအချိန် ဆို အလွဲသုံးစားမှု နဲ့ ထောင်ထဲများ ရောက်နေပြီလား ၊ လိမ်လည်မှု နဲ့ လက်ထိတ်ခတ် ခံနေပြီလား ။


ဦးထွန်းညို သည် အရက်ခွက် ကို ကောက်၍ မော့လိုက်ပြီး


“ ခင်ဗျား လည်း သိမှာ ပါပဲဗျာ ၊ ကျုပ် ဟာ အနှစ် နှစ်ဆယ်လုံးလုံး တကုန်းကုန်းနဲ့ ခါးကျိုး မတတ် ဘယ်လောက် အလုပ် လုပ်ခဲ့သလဲ ၊ တရားခွင် မှာ လျှာထွက်ပြီး သေမတတ် ဘယ်လောက် လျှောက်လဲချက်တွေ ပေးခဲ့ရသလဲ ။ ဒါပေမဲ့ ကျုပ် ဟာ ဘယ်သူ့ ကို မှ မတော်မတရား မလုပ်ခဲ့ ဘူး၊ ဘယ်သူ့ ကို မှ ဒုက္ခ မပေးခဲ့ဘူး၊ အမှုသည် ဆီ က ရှေ့နေခ ကို တောင် တန်ရာတန်ဖိုး ထက် ပိုပြီး မတရား သဖြင့် မတောင်းခဲ့ဘူး ၊ ဘဝ ဆိုတာ ဒီလို ရုန်းကန်လှုပ်ရှားနိုင်ခဲ့လွန်းတာ တောင် မှ လူတန်းစေ့ နေနိုင်ရုံကလေး ပဲ ရှိတယ် ” 


“ ဟုတ်တာပေါ့ဗျာ ” ဟု ကျွန်တော် က ဝင် ထောက်လိုက်ပါသည် ။


“ ကျော်မောင် ကို ကြည့်စမ်း ၊ ဒီကောင်ဟာ ဘယ်သူ့ကို မှ ကောင်းကျိုး ပေးခဲ့တဲ့ ကောင် မဟုတ်ဘူး ၊ ကျုပ် ကို လိမ်တယ် ၊ ကျုပ် ပစ္စည်း ကို အလွဲသုံးစားလုပ်ခဲ့တယ် ။ တစ်သက်လုံး စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ် ။ ဒါတွင် အားမရသေးလို့ ဒီ့ပြင်လူတွေ ကို လည်း လိုက်ပြီး လိမ်တယ် ၊ အလွဲ သုံးစား လုပ်တယ် ၊ ခင်ဗျား စဉ်းစားကြည့်စမ်း ဒီကောင်ဟာ ဘယ်သူ့ကို များ ကောင်းကျိုးပေးခဲ့ဖူးသလဲ ဟင်၊ အလုပ်အကိုင် ဆိုလို့ လည်း ဘာမှ မည်မည်ရရ မလုပ်ခဲ့ဘူး ” 


“ အင်း ” 


ဦးထွန်းညို ၏ မျက်နှာ သည် ပို၍ နီရဲလာပါသည် ။


“ ခုတော့ ကောင်းသေးရဲ့ လားဗျာ ၊ ကြည့်စမ်း ၊ လွန်ခဲ့တဲ့ တစ်လ လောက် က မန္တလေး မှာ မိန်းမ တစ်ယောက် နဲ့ လက်ထပ် သတဲ့ ၊ မိန်းမ က ကြီးလှပါပြီ ၊ အသက် ငါးဆယ် လောက်ရှိပြီ ပြောတယ် ။ ပိုက်ဆံ လဲ တော်တော် ချမ်းသာသတဲ့ ။ တစ်နေ့ကတော့ မိန်းမကြီး သွေးတိုးရောဂါ နဲ့ ဆုံးသွားပြီလို့ ကြားတယ် ။ သားထောက်သမီးခံ လည်း မရှိခဲ့ဘူး ။ တစ်သိန်းကျော် လောက် အမွေ ကျန်ရစ်ခဲ့တယ် ။ ပြင်ဦးလွင် မှာ အိမ်တစ်လုံး ရှိတယ် ။ လားရှိုး ဘက် မှာ လိမ္မော်ခြံ တစ်ခြံ လည်း ကျန်ရစ်ခဲ့သေးတယ် ။ သူ နဲ့ လက်ထပ်ပြီး မှ ဝယ် ထားတဲ့ ဟန်းဘားဟောက် တစ်စင်း လည်း ကျန်ရစ် ခဲ့သေးသတဲ့ ၊ ကဲ ကျုပ် လို တကုန်းကုန်း လုပ်ပြီး မသေထမင်း မသေဟင်း စားပြီး ငွေစု ခဲ့ရတာ ၊ ဘာ အသုံးကျသေးလဲ ဟင် ဘာ အသုံး ကျသေးလဲ ”


 ဦးထွန်းညို သည် စားပွဲ ကို ဝုန်းခနဲ လက်သီး ဖြင့် ထုလိုက်သည် ။ ကျွ န်တော် ပင် လန့်သွား၏ ။


“ မတရားဘူးဗျ ၊ လောကကြီး ဟာ မတရားဘူး ၊ နည်းနည်းလေး မှ မတရားဘူး ။ အလကား လောကကြီး ၊ နည်းနည်းမှ အသုံးမကျတဲ့ လော ကကြီး ”


အရက် ခပ်ထွေထွေ နှင့် မို့ ဦးထွန်းညို သည် သံကုန်ဟစ်၍ အော်၏ ။ ဦးထွန်းညို အဖြစ် ကို ကျွန်တော် လည်း ဘာမျှ မတတ်နိုင်ပါ ။ ကြည့်၍ ရယ်ရုံသာ ရယ်နိုင်ပါတော့သည် ။ သူ့ ကို ရယ်ရမလား ဆို၍ ဦးထွန်းညို က ကျွန်တော့် ကို စိတ်ဆိုးလျက် ရှိသည် ဟု ကြားရပါသည် ။ တစ်လောက ကိစ္စ ရှိ၍ မန္တလေး ဘက် သို့ တက်သွားသည့် အခါတွင် မူကား ကိုကျော်မောင် နှင့် တွေ့၍ ပြင်ဦးလွင် ရှိ သူ့ အိမ် သို့ ဇွတ်အတင်း အလည် ခေါ် သဖြင့် လိုက်သွားရပါသေးသည်  ။ တစ်ခါတလေ လူချင်း တွေ့ လျှင် မူကား ပိုက်ဆံ ချေးတတ်ပါသေးသည် ။ ကိုကျော်မောင် မှာ သူများ ထံ က မချေးငှား ရလျှင် ထမင်း မမြိန်တတ်သည့် ဝသီ ပါနေသောကြောင့် ဖြစ်ဟန် တူပါသည် ။ သို့သော်လည်း သူ ချေးသည့် ငွေ မှာ ငါးကျပ် တစ်ဆယ် ထက် မပိုပါ ။


မြသန်းတင့်

မြဝတီ မဂ္ဂဇင်း 

ဇွန် ၁၉၆၁

No comments:

Post a Comment