သူဇာချို ပျင်းပျင်း ရှိသည် နှင့် ခြံဝင်း ထဲ မှ ခုံတန်း ပေါ်တွင် တစ်ယောက် တည်း ထိုင် နေသည် ။ ထူးနိုင် ကလဲ ဘယ် ထွက်သွားမှန်း မသိ၍ တစ် ယောက် တည်း အဖော် မဲ့နေခြင်း ဖြစ်သည် ။ ဘယ်မှ လဲ သွားချင်စိတ် မရှိ ။ စိတ် ထဲ မှာ လဲ
“ တစ်ယောက် ယောက် နဲ့ စကား ပြောရရင် ကောင်းမှာ ပဲ ”
ဟု စိတ် ထဲ မှာ ဖြစ် နေမိသည် ။ ထိုစဉ် မှာ ပင်
“ အလို ”
အနီးကပ် ကြား လိုက်ရသော ခြေသံ တစ်ခု ကြောင့် လှည့် ကြည့် လိုက်တော့ ။
“ ဟင် ”
သူ နှင့် မနက်ခင်းတိုင်း ဆုံနေသော အိမ်ပေါ် ထပ် မှ မိန်းမလှလေး ။ ထို မိန်းကလေး က ပြုံးပြီး
“ တစ်ယောက်တည်း လား ”
သူဇာချို ခေါင်းညိတ် ပြလိုက်သည် ။
“ ဟုတ် ပျင်းလို့ ”
“ ထိုင်မယ်နော် ”
သူဇာချို ခေါင်း သာ ထပ် ညိတ် ပြလိုက်သည် ။ မိန်းမလှလေး က ပြုံးပြီး
“ တစ်ယောက်တည်း ပျင်းနေလို့ ”
“ အတူတူပဲ ”
သူ နှင့် ခံစားချက် တူသူ ဖြစ်၍ သူဇာချို ဝမ်းသာ သွားသည် ။
“ မြရီနွယ် ပါ ”
“ သူဇာချို ”
တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း အတော် လှတဲ့ မိန်းကလေး ပဲ ဟု စိတ် ထဲ ထင် နေမိကြသည် ။ တစ်ယောက် နဲ့ တစ်ယောက် က လဲ အခုမှ စကား ပြောဖူးတာ ဆိုတော့ ပြောစရာ က သိပ် မရှိ ။
“ ဘယ်မှ မသွားဘူးလား ”
“ အင်း မသွားဖြစ်ဘူး ၊ အဖော် မရှိလို့ ”
တစ်ယောက် ကို တစ်ယောက် ပြုံး ကြည့် နေကြသည် ။ နောက်မှ သူဇာချို က မျက်မှောင် ကြုတ်ပြီး
“ တစ်နေရာရာ မှာ တွေ့ဖူး သလိုပဲနော် ”
သူဇာချို စကား ကို မြရီနွယ် က လဲ မျက်မှောင် ကြုတ် ၍
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ရင်းရင်းနှီးနှီး ကို တွေ့ဖူး သလိုပဲ ”
နောက်မှ စဉ်းစားပြီး
“ ဪ ပလာဇာ မှာ တစ်ခါ တိုက်မိကြတယ် ထင်တယ် ၊ ဟင်းဟင်း ”
ထိုတော့မှ သူဇာချို လဲ
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ မှတ်မိပြီ ၊ ပလာဇာ မှာ တစ်ခါ တိုက်မိကြ တာပဲ ၊ ဟင်းဟင်း တိုက်ဆိုင် လိုက်တာနော် ၊ ဟင်းဟင်း ”
စကားစ ပြတ်ပြီး တစ်ယောက် ကို တစ်ယောက် ပြုံး၍ ကြည့်မိ ကြပြန်သည် ။ နောက်မှ သူဇာချို က အိမ် ကို လက်ညှိုး ပြန် ထိုးပြီး
“ ဒီမှာ ပဲ နေတာနော် ”
“ ဟုတ်တယ် ၊ အပေါ်ထပ် မှာ ”
“ ညီမက အောက်ထပ်မှာ ”
ပြုံးပြီး ကြည့်နေဖြစ်ကြ ပြန်သည် ။ အတန်ကြာ မှ သူဇာချို မှ ပင် စ၍
“ ဒီလောက် လှတာ ချစ်သူ မရှိဘူးလား ”
မြရီနွယ် က လှပစွာ ရယ်ရင်း
“ ပြောမှ သတိရတယ် ၊ မက်ဆေ့ချ် ပို့လိုက်ဦးမယ် ”
ဆိုကာ ထူးနိုင် နံပါတ် ကို နှိပ်၍ မက်ဆေ့ချ် ပို့ လိုက်သည် ။
“ ဘယ် ရောက်နေလဲ ”
မက်ဆေ့ချ် ပို့ ပြီးမှ သူဇာချို ဖက် လှည့်၍
“ သူရော ”
“ တီတီတီ တီတီတီ ”
သူဇာချို ဆီ ဝင်လာသော မက်ဆေ့ချ် ။ သူဇာချို က ဖုန်း ကို မြှောက် ပြပြီး
“ ပြောရင်းဆိုရင်း မက်ဆေ့ချ် ဝင် လာပြီ ”
ကြည့်လိုက်တော့ ထူးနိုင် ထံ မှ မက်ဆေ့ချ် ။ ဖွင့် ကြည့်လိုက်တော့
“ ဘယ်ရောက်နေလဲ ”
သူဇာချို က ပြုံးပြီး မက်ဆေ့ချ် ပြန် ပို့လိုက်သည် ။
“ In to u heart ”
သိပ် မကြာ ။ မြရီနွယ် ထံ မက်ဆေ့ချ် ဝင်လာသည် ။ မြရီနွယ် ပြုံးပြီး
“ အောင်မယ် သူ က ကဗျာဆန် နေပြန်ပြီ ”
ဆိုကာ ပြန် ပို့ လိုက်သည် ။
“ မယုံဘူး ”
သူဇာနွယ် ဆီ ပြန် ဝင်လာသည် ။ သူဇာနွယ် က
“ I miss you ”
မြရီနွယ် ဆီ ပြန် ဝင် လာသည် ။
“ သူ သိပ် ပိုပြီ ဟင်းဟင်း ”
“ ဟင်းဟင်း ယောက်ျားတွေ က ဒီအတိုင်းပဲ ဟင်းဟင်း ”
နှစ်ယောက်သား စကားတွေ ပြောရင်း သဘောတွေ ကျ နေကြသည် ။ ဘယ်သူ့ ဆီ က မက်ဆေ့ချ် မှန်း လဲ တစ်ယောက် နဲ့ တစ်ယောက် မသိကြ ။
“ သူ ကလေ မက်ဆေ့ချ် ပို့ရင် မြန်မာ လို ပဲ ပို့တာ ၊ တို့ က မြန်မာ လို မကျွမ်းကျင် တော့ အင်္ဂလိပ် လို ပဲ ပြန်ပို့ရတာ ”
“ အဲဒါတွေ တို့ နဲ့ ကွာပါ့ ၊ သူ က အင်္ဂလိပ် လို ချည်းပို့တာ ၊ တို့ မြန်မာ လို ပို့လဲ သူ က အင်္ဂလိပ် လို ပဲ ဟင်းဟင်း ”
နှစ်ယောက်သား ပျော်ပါး နေကြသည် ။ တစ်ယောက် ကို တစ်ယောက် ငေး ကြည့်ရင်း
“ ဘယ်မှာ တွေ့ကြတာလဲ ဟင် ”
သူဇာချို အမေး ကို မြရီနွယ် က ပြုံးပြီး
“ သူ က တို့ ရဲ့ အသက်သခင် ”
ထို စကား ကို သူဇာနွယ် က ပါ အံ့ဩဟန် ဖြင့်
“ အဲဒါ တစ်ခု တော့ တူပြီ ”
နှစ်ယောက်သား ရယ် နေကြသည် ။
“ ဘယ်လို အသက်သခင် ဖြစ်တာလဲ ”
မြရီနွယ် က ပြုံးပြီး
“ တစ်နေ့ မှာ ကားအက်ဆီးဒင့် ဖြစ် မလို ဖြစ်တုန်း သူ က အသက် စွန့်ပြီး ဝင် ကယ်ခဲ့တာ ”
သူဇာချို က ပြုံးရင်း
“ အဲဒါတော့ မတူဘူး ၊ တို့ ကတော့ လေ တစ်နေ့ ကား ကို မောင်း လာတုန်း အက်ဆီးဒင့် ဖြစ်မလို ဖြစ်တော့ သူ က အဲဒီ လူကို တွန်း လွှတ်ခဲ့တာ မြောင်းထဲ မှာ လိမ့်ရော ဟင်းဟင်း ”
သူ့ စကား ကို မြရီနွယ် က လိုက် ရယ်ရင်း
“ ဟင်းဟင်း ဟုတ်လား ၊ ဘယ်မှာ ဖြစ်တာလဲ ”
“ ဒီ ရပ်ကွက်လမ်းကွေ့ မှာ လေ ”
မြရီနွယ် မျက်လုံး ပြူး သွားပြီး
“ ဟင် ဟုတ်လား ၊ တို့ လဲ အဲဒီ နား မှာ ပဲ ဖြစ်တာ ”
“ ဟင်းဟင်း တို့ ဖြစ်တာက နံနက်ခင်းကြီး ”
“ တို့ လဲ နံနက်ခင်းပဲ ”
“ ဘာရယ် ”
နှစ်ယောက်လုံး အံ့အားသင့်ပြီး ပြန် ကြည့်မိကြသည် ။ နောက်မှ သူဇာချို က
“ ဟင်းဟင်း အဲဒီ နေရာ က အက်ဆီးဒင့် မကြာခဏ ဖြစ်တယ်နော် ”
သူ့ စကား ကို မြရီနွယ် က လဲ အလိုက်သင့် ။
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ အဲဒီ နေရာက လမ်းကွေ့ လဲ ဖြစ်နေတော့ လေ ၊ ဟင်းဟင်း ”
စကားစ ပြတ်သွား ပြန်သည် ။ ဘာဆက် ပြောရမှန်း မသိ။ နောက်မှ မြရီနွယ် က စကား ရှာပြီး
“ ချစ်သူ က ရော ”
သူဇာချို ပြုံး ၍ ပခုံး တွန့်ရင်း
“ အဲဒီတုန်း က တော့ ချစ်သူ ၊ အခုတော့ ယောက်ျား ပေါ့ ၊ ဟင်းဟင်း ”
မြရီနွယ် က မျက်လုံလေး ပြူးပြီး
“ ဟယ် မထင်ရပါဘူးနော် ၊ အပျိုလေး ထင် နေတာ ၊ ဟင်းဟင်း ”
ဒါကို သူဇာချို က လဲ ပြုံး ရယ်ရင်း
“ သူ က ရော ”
မြရီနွယ် လဲ ပခုံး တွန့် ပြုံးပြီး
“ တို့ လဲ ယောက်ျား နဲ့ ပဲ အဟိ ”
“ ဟယ် ”
သူဇာချို သူ့ ရင်ဘတ် သူ ဖိပြီး မျက်လုံး ပြူး နေသည် ။
“ အပျို မှတ်နေတာ ၊ ကဲ ကြည့် ၊ ဒါနဲ့ အမျိုးသား က ရော ”
“ အပြင် သွားနေတယ် ”
“ အမျိုးသား က ဘယ်မှာ နေတာလဲ ”
“ ဒီ မှာ ပဲ နေတာ ”
“ ဟယ် ”
သူဇာချို မြရီနွယ် ညွှန်ပြရာ အိမ် ကို ပြန် ကြည့်သည် ။ သူဇာချို ညွှန်ပြ နေတာက သူ ယခု နေ နေသည့် အိမ် ။ ထို့ကြောင့် မျက်မှောင် ကြုတ်ပြီး
“ တစ်ခါ မှ လဲ မတွေ့ ပါဘူး ၊ အမျိုးသား ကို ”
ဒါကို မြရီနွယ် က ပြုံးပြီး
“ ရှိပါတယ် ၊ သူတို့ အောက်ထပ် ကို တောင် ညည်းညည်း နေတဲ့ လူနာ ဆင်းဆင်း ကြည့်သေး ၊ အဟင်းဟင်း ”
သူဇာချို မျက်လုံး ပြူး ကာ
“ ဟင် အောက်ထပ် မှာ လူနာ မရှိပါဘူး ၊ အပေါ်ထပ် မှာ ရှိတာ မဟုတ် လား ၊ အပေါ်ထပ် က ပဲ ညည်းညည်းသံ ကြား နေတာ ”
မြရီနွယ် ခါး ကို မတ်ကာ မျက်မှောင်ကြုတ် ခေါင်းခါရင်း
“ မဟုတ်ပါဘူး ၊ အပေါ်ထပ် မှာ ပြောင်သလင်း ခါ နေတာ ၊ အောက်ထပ် မှာ သာ ”
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။ နောက် မသင်္ကာဟန် ဖြင့် မြရီနွယ် မှ
“ ဒါ ဒါနဲ့ သူ့ အမျိုးသား နာမည် က ”
“ ကိုနိုင် ”
သူဇာချို စကား ကို မြရီနွယ် က သက်ပြင်းချပြီး
“ ဟူး တော်သေးတာပေါ့ ၊ တို့ အမျိုးသား နာမည် က ကိုထူး ”
“ ဟင် ဘယ်လို ”
“ ဘာ ဘယ်သူ ”
ထိုတော့မှ နှစ်ယောက်သား မျက်လုံးကြီး ပြူးပြီး သံပြိုင် ထ အော်သည် ။
“ ထူးနိုင် ”
ထိုသို့ အော်ပြီး နှစ်ယောက်လုံး ကြက်သေသေကုန်၏ ။ ဘာ ပြောရမှန်း မသိ ။ အတန်ကြာ မှ
“ ဒါ ဒါဆို ခုနက မက်ဆေ့ချ် က ”
“ ထူးနိုင် ဆီကလေ ”
“ ဒါဆို ဖွင့် ကြည့်ရအောင် ”
“ ဟင် ”
“ ဟာ ”
မက်ဆေ့ချ် အားလုံး အတူတူ ။ သူ့ မက်ဆေ့ချ် ကိုယ့် ဆီ ရောက်ပြီး ကိုယ့် မက်ဆေ့ချ် က သူ့ ဆီ မှာ ။ တစ်ယောက် ကို တစ်ယောက် ကြောင်ပြီး စိုက်ကြည့် နေမိကြသည် ။ အတန်ကြာ မှ လန့်ပြီး
“ ဘယ်နေ့ က ခိုးလာတာလဲ ”
“ ပြီးခဲ့တဲ့ အပတ် စနေည ဆယ်နာရီ ”
“ ဟင် တို့ လဲ အဲဒီ နေ့ပဲ ”
အားလုံး အတူတူ ။
ထို့နောက်
“ မေမေ လား ”
“ အန်တီ လား လူ စုပြီး လာခဲ့ ”
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment