Friday, December 6, 2024

နွယ်ချို ( ၀၃ )


 ထူးနိုင် မနက် က အဖြစ်အပျက်များ တွေး၍ လက်ဖက်ရည် ကို ဇိမ် နှင့် ထိုင်သောက် နေမိသည် ။


ရုတ်တရက် ဖြစ်သွားသော အက်ဆီးဒင့် ။ ရင်ခွင် ထဲ သူ့ ကို အားကိုးတကြီး မော့ ကြည့် နေသော မိန်းမလှလေး ။ မြရီနွယ် တဲ့ ။ 


သူ တွေးရင်း အက်ဆီးဒင့် နှင့် ဖြစ်စေသော ကား ကိုပင် ကြိတ်၍ ကျေးဇူး တင်နေ မိသည် ။ ထို့ကြောင့် ကြည်နူးစွာ ပြုံးရင်း


“ ကျေးဇူးပါပဲ ကားရှင်ရယ် ၊ ခင်ဗျား ကို ဘယ်လို ကျေးဇူး တင်မှန်း ကို မသိဘူး ”


သူ တွေးနေတုန်းမှာ ပင်


“ ဒီမှာ ”


ခေါ်သံ တစ်ခု ။ သူ မော့ ကြည့်မိသည် ။


“  ဟာ ”


ထူးနိုင် အံ့အားသင့်လွန်း၍ ပါးစပ် အဟောင်းသား နှင့် ငေးကြည့် နေ မိသည် ။


သူ့ အမြင် အာရုံတွင် အလွန် လှသော မိန်းမပျို တစ်ဦး ။ သူ့ နား တွင် ရပ်၍ စိုက်ကြည့် နေသည် ။ သူမ က သာ ဆက်၍ 


“ ထိုင်လို့ ရမလား ”


“ ဟင် ”


နံဘေး နား တွင် လဲ ခုံလွတ်များ ရှိနေပါလျက် ဘာကြောင့် သူ့ ခုံ ကို ခွင့် တောင်း နေမှန်း သူ မသိ ။


သူ အလိုလို နေရင်း ခေါင်းညိတ် မိသည် ။


မိန်းမပျို က ကြုံ့ကြုံ့ရုံ့ရုံ့ နှင့် သူ့ ရှေ့ ဝင်ထိုင်သည် ။


“ အတော် လှတဲ့ မိန်းကလေး ပဲ ”


ကောင်မလေး ကို ကြည့်၍ သူ ရင် တထိတ်ထိတ် ခုန် နေမိသည် ။


ယခု အချိန်ထိ ထို မိန်းကလေး ဘာကြောင့် သူ့ ရှေ့ ရောက်နေသည် ကို မသိရသေး ။


ကောင်မလေးက ရှက်ရွံ့ဟန် ဖြင့် နားပေါ် ဖုံးကျ နေသော ဆံနွယ်စ ကို သပ်ရင်း


“ ကျွန်မ နာမည် သူဇာချို ပါ ”


သူ လဲ မဆိုင်းမတွ ပင်


“ ကျွန်တော် က ထူးနိုင် ပါ ”


သူမ က ခေါင်းညိတ်သည် ။ အတန်ကြာ စကားသံ မကြားရ ။ ထူးနိုင် ရင်ခုန်သံ မြန်စွာ နှင့် သူဇာချို ဆိုသော မိန်းမလှလေး ကို ငေး နေမိသည် ။ အတန်ကြာ မှ သူမ က


“ မနက် က ကိစ္စ ကို တောင်းပန်ပါတယ် ”


“  ဗျာ ”


ကောင်မလေး စကားကြောင့် သူ ရုတ်တရက် မစဉ်းစားတတ် ။


ယခုပင် မနက် ပဲ ရှိသေးသည် မဟုတ်လား ။ ဒါကို ကောင်မလေး က

ကိုယ် ကို ယို့ ပြီး


“ ဟိုလေ မနက် က ကားအက်ဆီးဒင့် ကိစ္စ ”


“ ဪ ”


ထိုတော့မှ ထူးနိုင် သတိရ သွားသည်  ။ မနက်က မြရီနွယ် ကို တိုက်မိ မလို ဖြစ်သော ကား မှာ သူမ ကား ပင် ဖြစ်လိမ့်မည် ။


“ အဲ အဲဒါ ဘာဖြစ် သွားလဲဟင် ” 


ကောင်မလေး အမေး ကို ထူးနိုင် ရင်ကော့ပြီး


“ ဘာမှ တော့ မဖြစ်ပါဘူး ၊ အဲ ကျွန်တော် မှ မရှိရင် ကား က ဟို တစ်ယောက် ကို တကယ် တိုက်သွားနိုင်တယ် ”


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ချို လဲ သိတယ် ”


ထို စကားကြောင့် ထူးနိုင် ပို အားတက် သွားသည် ။ မိန်းမလှလေး ရှေ့ မှာ ကိုး ။ အမှန်တော့ ခလုတ် တိုက် ပြီး မှောက်လျက် လဲခဲ့တာ ။ ထိုအတိုင်း ပြောလို့ မှ မဖြစ်တာကိုး ။ ထို့ကြောင့် ရင် ကို ကော့၍ ပြော ပစ်လိုက်သည်  ။


“ အင်း ဟုတ်တယ် ၊ ချို ကား ကို အရှိန် နဲ့ မောင်းလာတာ တွေ့တယ် ၊ အရှေ့မှာ လဲ မိန်းကလေး က တောသူလေးလား မသိပါဘူး ”


ချက်ချင်း ပင် ဘဝ မေ့ သွား၏ ။ ခုန စိတ်ကူးယဉ် ထဲ က မိန်းကလေး ကို ပင် မှိချိုးမျှစ်ချိုး ပြော ပစ်လိုက်သည် ။


“ သူ က လဲ လမ်းဖြတ်ကူး ဖို့ အလုပ် မှာ ကား ကို တွေ့တော့ ကြောင်ပြီး ရပ် နေတာ ၊ အဲဒါ ကိုယ် က ပဲ သိလို့ ကားထက် ကြော အောင် ပြေးပြီး ”

 

အမှန်တော့ ကား ထက်တော့ ဘယ်လိုမှ သူ မကြောနိုင် ။ သို့သော် မိန်းမလှလေး ရှေ့ သူ့ ကိုယ် သူ စူပါမင်း ပင် ထင် နေမိ၏ ။


“ ကား နဲ့ ထိဖို့ နှီးတစ်ပြား အလို လောက်မှ ကိုယ် လဲ သေချင်းသေ ကိုယ်ပဲ သေပါရစေ ၊ အပြစ်မဲ့သူ တော့ မသေစေရဘူး ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ နှစ်ပတ် ကျွမ်း ထိုးပြီး ကယ်ခဲ့ရတာ ၊ ဟူး လွယ်တယ်တော့ မဟုတ်ဘူး ပေါ့ ”


ကောင်မလေး က သူ့ ကို လေးစားအားကျဟန် နှင့် ကြည့်သည် ။ ပြီးမှ စိုးရိမ်ဟန် ဖြင့်


“ ဘာ ဘာမှ တော့ မဖြစ်ဘူးပေါ့နော် ”


ထူးနိုင် က ပိုင်ပိုင်ကြီး ပြုံးပြီး


“ ဘာမှ မဖြစ်ပါဘူး ၊ ပွန်းပဲ့ရာ တောင် မရှိလိုက်ဘူး ၊ ကိုယ် တော်လို့လေ ”


သူဇာချို စိတ်အေးသွားဟန် ဖြင့် သက်ပြင်းချသည် ။


“ သူ့ ကို လေ သိပ် ကျေးဇူး တင်တာပဲ သိလား ၊ သူ သာ မကယ်ရင် ”


ထူးနိုင် ကလဲ အရေးမကြီး ဟန် ဖြင့်


“ ရပါတယ် ၊ ကိုယ် က မျက်စိ ရှေ့ မှာ ဒုက္ခ ရောက် နေရင် မနေနိုင်ဘူး လေ ၊ ဟဲဟဲ ”


နှစ်ယောက်သား လွတ်လပ်စွာ ရယ်မိကြသည် ။ သူဇာချို က ဘေးဘီ ဝေ့ ကြည့်ရင်း


“ ဒီ ဆိုင် မှာ အမြဲ ထိုင် တတ်လား ”


ထူးနိုင် က ခေါင်းညိတ်ကာ ဖြင့်


“ အင်း မနက်ခင်းပိုင်း ဆို ကျန်းမာရေး အနေ နဲ့ လေ့ကျင့်တယ်လေ ၊ ပြီးရင် ဒီ ရောက်ရင် နားပြီး မနက်စာ စားတာပေါ့ ”

 

သူဇာချို က လိုက်ပြုံးပြီး


“ ဒါ ဆိုရင်တော့ အတော်ပဲ ၊ ချို့ အိမ် က ဒီနား မှာ ပဲလေ ၊ မနက်စာ အတူ လာ စားကြတာပေါ့ ”


ထူးနိုင် ထခုန်မိ မတတ် ဖြစ်သွားသည် ။ မိန်းမလှ တစ်ဦး နှင့် နေ့စဉ် မနက်စာ စားရတော့မှာ ကိုး ။ ထို့ကြောင့် ဟန်ပင် မဆောင်နိုင်ဘဲ


“ ကောင်းတာပေါ့ ၊ မနက်ခင်း ဆိုတော့ ပိုပြီး လန်းဆန်းတာပေါ့ ၊ ဟုတ်

ဘူးလား ”


နှစ်ယောက်သား လွတ်လပ်စွာ ရယ်မိကြလေသည် ။


•••••   •••••   ••••• 


အားလုံး ထူးနိုင် ၏ စကား ကို ပါးစပ် အဟောင်းသား နှင့် နားထောင် နေမိကြသည် ။ ထူးနိုင် က ဆရာကြီး ဟန် နှင့် သူငယ်ချင်းများ ရှေ့ ရင် ကော့၍ လမ်းလျှောက်ရင်း


“ အဲဒါပဲကွ ၊ ကံ က ကိုယ့် ဖက် က ပါချင်တော့ အက်ဆီးဒင့် တစ်ခု ကို က ယ်တင်ရင်း မှ မိန်းမလှလေး နှစ်ယောက် ကို တစ်ပြိုင်တည်း တစ်မနက် တည်း ဆုံခဲ့ရတာပဲ ”


သူ့ စကား ကို သူငယ်ချင်း မိုးမောင် က


“ အဲ အဲဒါဆို မင်း မင်း ဘယ် တစ်ယောက် က ပို အဆင် ပြေနိုင်မလဲ ”

 

ထူးနိုင် ပြုံးပြီး


“ အဲဒါက ပြောရ ခက်တယ်ကွ ၊ နှစ်ယောက်လုံး က တကယ့် အလှလေး တွေ အပြင် အခြေအနေ ကလဲ မဆိုးဘူး ဖြစ်နေတယ် ၊ တစ်ယောက် ယောက် ကို ပစ်လိုက်ရမှာ တော့ နှမြောစရာကြီး ”


နံဘေးနား ရှိနေသော အောင်သက် က


“ နေပါဦးကွ ၊ မင်း ပြောတဲ့ နွယ် ရော ချို ရော က တစ်ယောက် ယောက် သာတယ် မရှိဘူးလား ”


ထူးနိုင် က ပြုံး လိုက်ပြန်သည် ။


“ မင်းတို့ တွေ့ရင်လဲ ပဲ ဒီလိုပဲ ဖြစ်မှာ ပဲ ၊ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက် ကို တွေ့ရင် တစ်ယောက် ကို ရင်ခုန်တယ် ၊ နောက် တစ်ယောက် ကို တွေ့ရင်လဲ အရင် တွေ့တဲ့ သူ ကို မေ့ လောက် အောင် နောက် တစ်ယောက် ကို ထပ်ပြီး ရင်ခုန်မိတော့တာပါပဲ ”


အားလုံး ခေါင်းကုတ် ကြသည် ။ ထူးနိုင် ပြောသမျှ အထူးအဆန်း ဖြစ်နေကြပုံ ရ၏ ။


ထူးနိုင် က လဲ သိပ် လိမ်တတ်သူ မှ မဟုတ်တာ ။ လူလည် ။


အတန်ကြာမှ သိန်းစိုး က


“ ကဲ ဒါဖြင့် မင်း ဘယ်သူ့ ကို ရွေးမလဲ ” 


ထူးနိုင် ပြုံးလိုက်သည် ။ 


“ ငါတော့ မရွေးချယ်နိုင်ဘူး ”


“ ဘာ ”


“ ဘယ်လို ”


အားလုံး အံ့အားသင့်ကုန်၏ ။ ထူးနိုင် က အားလုံးကို ဝေ့ ကြည့်ပြီး 


“ သူတို့ ရွေးချယ်ပါစေ ”


ထူးနိုင် ကို သာ ကြောင် ကြည့် နေကြသည် ။ ထူးနိုင် က ပိုင်နိုင်ဟန် ဖြင့်


“ သူတို့ ရွေးချယ်တဲ့ အတိုင်းပဲ ခံယူမယ် ”


အားလုံး အသံ တိတ်ကုန်၏ ။


အခြေအနေ က ဘယ်သူ့ ဖက် ပါမယ်မှန်း မှ မသိကြတာ ။ 


နောက် သူငယ်ချင်း ထူးနိုင် ၏ အကြောင်းလဲ သိကြတာပဲ ။ 


ထူးနိုင် က လူလိမ် တော့ မဟုတ် ။ သို့သော် လူလည်


▢ အကြည်တော်


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment