နံနက်ခင်း နေရီ က နုနုကလေးမျှ မသမ်းသေး ။ ဖြူဖွေးသော နှင်းမှုံ က မြေပြင် ပေါ် တစက်စက် နှင့် အစုအဖွဲ့လိုက် ခုန်ဆင်းဆဲ ။ ဒီလို အချိန်မှာ ပင် ချွေးလေးစို့ ပအို့လေး နီ နေသော မြရီနွယ် ကို ထူးနိုင် ငေးကြည့် နေသည် ။
ရင် ကား တဒိတ်ဒိတ် ခုန်၏ ။ ပြောလိုက် မှ ငြင်းပယ် ခံရလျှင်
ထို အတွေး က နှင်းမှုံများ လို ရစ်ဝဲနေသည် ။ ထူးနိုင် ပြောသင့် မပြော သင့် ချင့်ချိန် နေမိသည် ။ အတန်ကြာ စဉ်းစားပြီး မှ ဆုံးဖြတ်လိုက်သည်
“ နေကွာ ၊ မကြိုက်တော့လဲ ကိစ္စ ပြတ်တာပေါ့ ၊ နောက် တစ်ယောက်ကြီးများ တောင် ကျန်သေးတာပဲ ”
ဟု အားတင်းရင်း စကား ကို စလိုက်သည် ။
“ မြရီနွယ် ”
ရင် ထဲ မှာ တထိတ်ထိတ် နှင့်
“ ဒီစကား ပြောသင့်လား မပြောသင့်လားတော့ မသိဘူး ”
မြရီနွယ် ၏ ပါးပြင်ပေါ် ရှက်သွေး ဖြာသော အရိပ်အယောင် တို့ မြင် လိုက်ရသည် ။ မကြာခဏ ရည်းစားစကား အပြော ခံနေရသော မိန်းမလှလေး မို့ ဒီလို စကား စ လိုက်သည် နှင့် ဘာ ဆက် ဖြစ်လာတော့မည် ကို ကြို သိနေသည့် နှယ် ။
“ အစ က တော့ ပြောသင့် မပြောသင့် စဉ်းစားပါ သေးတယ် ၊ ဒါပေမယ့် ဘယ်လို မှ ကို မနေနိုင်တော့လို့ ပါ ”
နံနက်ခင်း သမီးပျို ၏ ရှက်ပြုံး ကို မြင်ရသည် ။
“ မြရီနွယ် ကို ချစ်တယ် ”
မည်သည့် အာမေဍိတ်သံ မှ ထွက်မလာ ။ ရှက်ရွံ့စွာ ပြုံးနေခြင်း ကို ပင် တွေ့ ရ၏ ။
“ ကျွန်တော် ပြောတာ လွန်သွားလား ဟင် ”
သူမ အဖြေ ပြန် မပေး ။ ပြုံး ၍ သာ နေ၏ ။ ထူးနိုင် က သာ ပြောပြီးသော စကား ကို ပြန် ရုပ်သိမ်းရမလား ၊ ဒါမှ မဟုတ် ရှေ့ ဆက် တိုးရ မလား မသိ ဖြစ်နေမိသည် ။ နေမထိ ထိုင်မသာ နှင့် ဘာလုပ်ရမှန်း မသိတော့ ။ အတန်ကြာ မှ
“ အဲ အဲဒါ မြရီနွယ် ရဲ့ သဘောထားက ”
မြရီနွယ် မော့ကြည့်ပါသည် ။ ပြီးမှ
“ ကိုထူး လို လူမျိုး ကို မြရီနွယ် အနေနဲ့ ငြင်းစရာ မရှိပါဘူး ”
“ ဟာ ”
ထူးနိုင် ဝမ်းသာသွားသည် ။ တစ်ကောင် မိဖို့ သေချာပြီကိုး ။
မြရီနွယ် က ခေါင်းငုံ့ သွားပြီး
“ ဒါပေမယ့် ”
ထူးနိုင် ရင်ထဲ လှိုက်ခနဲ ပြန် ဖြစ်သွား၏ ။ မြရီနွယ် က သူ့ ကို ပြုံး၍ မော့ကြည့်ရင်း
“ စဉ်းစားဦးမယ်လေ ”
“ ဟာ ”
ထူးနိုင် ထ က မိ မတတ် ဝမ်းသာ သွားရ၏ ။ ခြေမကိုင်မိ လက်မကိုင်မိ နှင့် ဘာ ဆက် လုပ်ရမှန်း မသိတော့ ။ ဘယ်လိုမှ မနေနိုင်သည့် အဆုံး မြရီနွယ် ၏ နောက်ကျော မမြင်ကွယ်ရာ သွားပြီး တစ်ပိုဒ်တော့ က,လိုက် သေး၏ ။ မြရီနွယ် ပြန် ကြည့်တော့ အငြိမ် ။ ပြန် လှည့်တော့ ဝမ်းသာလုံး ဆို့ပြီး ပြန်လာသည် ။ နှစ်ယောက်သား အတန်ကြာ တိတ်ဆိတ် နေမိကြသည် ။ နောက်မှ မြရီနွယ် က
“ ပြန်တော့မယ်နော် ”
“ ဟုတ် ဟုတ်ကဲ့ ”
ထူးနိုင် နှုတ် မှ အသံ က ပင် ကချော်ကချွတ် ဖြစ်နေသည် ။ မြရီနွယ် က သူ့ ကို ပြုံး ကြည့်ပြီး
“ နောက်မှ မက်ဆေ့ ( ချ် ) ပို့လိုက်မယ် ”
“ ဟာ ”
ထူးနိုင် အံ့အားသင့် နေတုန်းမှာ ပင် ပြေးထွက် သွားသော ခြေသံများ ။ ထူးနိုင် မှာ မလှုပ်နိုင် မရှားနိုင် နှင့် မြရီနွယ် ကို နှင်းကြား ထဲ ပျောက်ကွယ် သွားသည် အထိ ငေးကြည့် နေမိသည် ။ တစ်ယောက် တည်း မလှုပ်မယှက် ။
အတန်ကြာ မှ သတိရပြီး
“ ဟာ တစ်ယောက် ကျန် သေးတာပဲ ”
ဟု တွေးမိပြီး တွေ့နေကျ လက်ဖက်ရည်ဆိုင် ဆီ ပေါ့ပါးစွာ ပြေးသွားမိသည် ။
••••• ••••• •••••
ထိုင်နေကျ လက်ဖက်ရည်ဆိုင် တွင် ကြို ရောက် နေသော အလှနတ်သမီးလေး ။
“ ရောက်နေတာ ကြာပြီလား ”
သူဇာချို က သူ့ ကို ပြုံး ကြည့်ရင်း
“ အင်း ခုနတင်ပါ ၊ ထမင်းကြော်ပဲ စားမှာ မဟုတ်လား ၊ ကြိုမှာ ထားတာ ”
ဤမျှ အလိုက် သိသော ကလေးမ ကို ဘယ်သူ လက်လွှတ်ချင်မည်နည်း ။ ထူးနိုင် ထမင်းကြော် ကို တစ်ဇွန်း နှစ်ဇွန်း ခပ် စားလိုက်သည် ။ ခုနက အတွေ့အကြုံ ရှိပြီးသား မို့ ရင်က တအားမ ခုန်တော့ ။
“ ချို့ ကို ကိုနိုင် ပြောစရာ ရှိတယ် ”
သူဇာချို က ပြုံးပြီး
“ ဘာလဲ ရည်းစားစကားလား ”
“ အဟု ”
ကြို သိနေ၍ ထူးနိုင် စားနေသော ထမင်းကြော်ပင် သီး သွား၏ ။ နောက်မှ စပ်ဖြဲဖြဲ လုပ်ပြီး
“ ဘယ်လို ကြိုသိနေတာလဲ ”
သူဇာချို က ပြုံးပြီး
“ ယောက်ျား တစ်ယောက် က မိန်းကလေး တစ်ယောက် ကို ပြောစရာ ရှိ တယ်ဆိုရင် နှစ်မျိုး ပဲ ရှိတာလေ ”
“ ဘာတွေလဲ ”
“ ရည်းစားစကား ပြောဖို့ နဲ့ ပိုက်ဆံ ချေးဖို့ ပေါ့ ၊ ကိုနိုင့် ပုံက ပိုက်ဆံ ချေးမယ့် ပုံတော့ မပေါက်ပါဘူးနော် ”
ထူးနိုင် ပေါ့ပေါ့ပါးပါးပင် ရယ်လိုက်သည် ။
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ပိုက်ဆံ ချေးဖို့ တော့ မဟုတ်ပါဘူး ”
“ ဒါဖြင့် ပြောလေ ”
ထူးနိုင် စားလက်စ ကို ရပ်လိုက်သည် ။ ပြီးနောက် ခပ်တည်တည်ဖြင့်
“ အစက မပြောမိဖို့ စဉ်းစားသေးတယ် ”
“ အခုတော့ ”
“ အခုတော့ ဘယ်လိုမှ မနေနိုင်လို့ ပြောရတော့မှာ ”
သူဇာချို က ပြုံးနေသည် ။ ထူးနိုင် က သူဇာချို ကို စိုက်ကြည့်ပြီး
“ ကျွန်တော် ချို့ ကို ချစ်တယ် ”
သူမ က ပြုံး၍ ပင် နေသည် ။
“ အဲဒါ ချို့ရဲ့ သဘောထား က ”
သူဇာချို မပွင့်တပွင့် ရယ် လိုက်သည် ။ ပြီးမှ
“ ကိုထူးနိုင် လို စိတ်ထား ကောင်းတဲ့ လူမျိုး ကို ငြင်းစရာ မရှိပါဘူး ၊ ဒါပေမယ့် ”
သူဇာချို ထူးနိုင် ကို ပြန် ကြည့်သည် ။ နောက် ရှက်ကိုးရှက်ကန်း ဖြင့် ဆံပင်ကို သပ်ပြီး
“ အခု ပြောရမှာ ရှက်လို့ နောက်မှ မက်ဆေ့ချ် ပို့လိုက်မယ် ”
“ ဟာ ”
ထူးနိုင် ထ ခုန်မိမတတ် ဖြစ်သွားသည် ။ ဝမ်းသာရခြင်း ရော ၊ နှစ်ဦး လုံး အဖြေ ပုံစံ တူနေခြင်း ကြောင့် ပင် ဖြစ်သည် ။ လူ မမြင်အောင် ခုံ အောက် လက်ချိုး ၍ က,မိသေး၏ ။ ဒါကို သူဇာနွယ် က
“ အဟင်း နေရတာတောင် ရှက် လာပြီ ၊ အဟင်း ပြန်တော့မယ်နော် ”
ဆိုကာ သုတ်ခနဲ ထ ပြန်သွားသည် ။ ထူးနိုင် မှာ တားချိန်ပင် မရလိုက် ။
••••• ••••• •••••
ထူးနိုင် ရင်ထဲ တဒိတ်ဒိတ် နှင့် ခုန်နေသည် ။
ရင်ဘတ်ပေါ် တင်ထားသော ဖုန်း ကို မကြာခဏ ဖွင့်ဖွင့် ကြည့်နေမိသည် ။ မည်သည့် ဖုန်း မှ ဝင်မလာသေး ။
“ ဒီနေ့ အဖြေ မပေးချင်တာလဲ ဖြစ်မှာ ပေါ့လေ ”
ဟု စိတ်ထဲ ဖော့ တွေးထား လိုက်သည် ။ သို့သော် စိတ် ထဲ မှာ တော့ ဘဝင်မကျနိုင် နှင့် နေရ ခက်နေမိသည် ။
“ အမှန် တစ်ယောက် ယောက်တော့ အရင် ဖြေသင့်တယ် ”
“ တစ်ယောက်ယောက် ကို ဖုန်း ဆက်ပြီး အတင်း အဖြေ တောင်းရင် ကောင်းမလား ”
ဟု စိတ် ထဲ မှာ လဲ တွေး နေမိသည် ။ ဖုန်းနံပါတ် ကို နှိပ်မည် ပြင်ပြီးမှ “ ဟာ တော်ကြာ အတင်းကြီး လုပ်နေတယ် ထင်ပြီး မုန်းသွား မှ ဖြင့် ” စဉ်းစားမိပြီး ဖုန်း ကို ပြန် ချလိုက်စဉ်
“ တီတီတီ တီတီတီ ”
“ ဟာ ”
ဖုန်းမှ မက်ဆေ့ချ် ဝင်လာသံ ။ ထူးနိုင် ကမန်းကတန်း ထပြီး ဖုန်း ကို ဖွင့် လိုက်သည် ။
“ ချစ်ပါတယ် ”
“ ဟား ”
မြရီနွယ် ထံ မှ မက်ဆေ့ချ် ။
“ ယာစ် ”
ထူးနိုင် ထ ခုန်မိ မတတ် ဝမ်းသာသွားသည် ။ ထူးနိုင် မက်ဆေ့ချ် ကို ပြန် ကြည့်မိသည် ။ မက်ဆေ့ချ် က နောက် တစ်စောင် ကျန်နေသေးကြောင်း တွေ့ရသည် ။ ကမန်းကတန်း ဖွင့် ကြည့်လိုက်တော့
“ I Love you ”
“ ဟင် ”
သူဇာချို ဆီ က မက်ဆေ့ချ် ။
ထူးနိုင် ဖုန်း ကို လွှတ်ချပြီး သူ့ ခေါင်း ကို သူ အုပ်ကိုင် ထားမိသည် ။ က မိ ဖို့ တောင် အချိန် မရှိတော့ ။
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment