အင်းစောင်း က သျှောင်တစောင်း
( ဂျိုဇော် )
“ ဟေ့ ... မင်းတို့ ... အင်းဝ နေပြည်တော်ကြီး ကို ဘယ်သူ တည်ခဲ့တာတုန်း သိရဲ့လားကွ ”
ရွာ မှာ လူစုစု ရှိလျှင် “ ဦးစံမင်း ” က သို့ကလို မေးတတ်လေ၏ ။ တကယ်တော့ သူ့ မေးခွန်း က အဖြေ တောင်းခြင်း မဟုတ် ။ သူ ပြောချင်ရာ ပြောဖို့ နိဒါန်း ပျိုးလိုက်ခြင်း ဖြစ်ကြောင်း ရွာသားတွေ သိနေကြပြီ ။ ထို့ကြောင့် “ မသိပါဘူး ခင်ဗျ ” ဟုပဲ သံပြိုင် ဖြေကြရ လေသည် ။ ခပ်နောက်နောက် ရွာသား တစ်ဦး ကတော့ “ ကျွန်တော့် အဘိုး ရဲ့ အဘိုး တည်ခဲ့တာဗျ ” ဟု ဖြေဖူး ၏ ။ သူ့ အဘိုး က သည်နယ် တစ်ဝိုက် မှာ နာမည်ကြီး သည့် လက်သမားဆရာကြီး ဖြစ်၏ ။ အားလုံး ဝိုင်း ရယ်ကြလေသည် ။
သို့သော် ဦးစံမင်း က မရယ် ၊ မပြုံး ။ ခပ်တည်တည် မျက်နှာပေး ဖြင့်
“ အေး မသိရင် မှတ်ထားကြ ၊ အင်းဝ နေပြည်တော်ကြီး ကို သတိုးမင်းဖျား တည်ခဲ့တာကွ ။ အင်း လေးအင်း ကို ဖို့၍ မြေတည် × × သတိုးမြတ်ရာဇာ ဘုရင် စိုးစံတော်မူသည် တဲ့ ။ သီချင်း တောင် ရှိသေး ။ အဲဒီ အင်းလေးအင်း ကို ရော မင်းတို့ သိကြရဲ့လား ”
“ မသိပါဘူးခင်ဗျ ”
“ အေး မသိရင် မှတ်ထားကြ ။ ငကျည်းအင်း ၊ ကျောက်မော်အင်း ၊ အင်းဘူးအင်း ၊ ဥနဲအင်း တဲ့ ။ ဘယ် နှစ်ခုနှစ် မှာ တည်တာတုံး မင်းတို့ သိကြရဲ့လား ”
“ မသိပါဘူးခင်ဗျ ”
“ အေး မသိရင် မှတ်ထားကြ ။ တုတ်ခွန်သွင်း အင်းဝတည် တဲ့ ။ တုတ် က ( ၇ ) ၊ ခွန် က ( ၂ ) ၊ သွင်း က ( ၆ ) ၊ ၇၂၆ ခုနှစ် ပေါ့ ။ အတိအကျ ပြောရရင် သက္ကရာဇ် ၇၂၆ ခု ၊ တပေါင်းလဆန်း ၆ ရက် ၊ အင်္ဂါနေ့ မှာ အုတ် မြစ်ချတာကွ ”
“ ဟာ ဒါဆို အင်းဝ က အင်္ဂါသားပဲ ။ ဘကြီး စံမင်း လည်း အင်္ဂါသား ပဲ မဟုတ်လား ”
အားလုံး ပြုံးစိစိ ဖြစ်သွားကြ၏ ။ ဦးစံမင်း က တော့ မရယ်မပြုံး ၊ ခပ်တည်တည် မျက်နှာပေးဖြင့် “ အေးလကွာ ” ဟု ပြောပြီး “ အဟမ်း ” ဟု လည်ချောင်း တစ်ချက် ရှင်းလိုက်၏ ။ ပရိသတ် လည်း တစ်ယောက် နှင့် တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး အကြောင်းအမျိုးမျိုး ပြလျက် အလျှိုလျှို ထပြန်ကြကုန်လေ၏ ။
အားနာပါးနာ ဆက် ထိုင်နေပါက အဲသည်တုန်း က တဘောင် က ဘယ်လို ။ စနည်း က ဘယ်လို ။ ဘဝေါ က ဘယ်လို ၊ မင်းတရားကြီး အိပ်မက်တော် က ဘယ်လို ဆိုတာတွေ တသီတတန်းကြီး ပြောတော့မည် ။ ဆက်ပြီး အခု အချိန် မှာ တဘောင် က ဘယ်သို့ ၊ စနည်း က ဘယ်ပုံ ၊ ဘဝေါ က ဘယ်နည်း ။ ငါ့အိပ်မက် က ဘယ်လို ဆိုတာတွေ မပြီးနိုင် ၊ မစီးနိုင် ပြောလိမ့် ဦးမည် ။
ထို့ကြောင့်လည်း ဦးစံမင်းကြီး အင်းလေးအင်း ကို မြေ စ ဖို့လို့မှ အင်းရေ မနောက်သေး ။ ပရိသတ် က ကိုယ့်နည်း ကိုယ်ဟန် ဖြင့် ခြေရာ ဖျောက်ကြခြင်း ဖြစ် တော့၏ ။
••••• ••••• •••••
ဦးစံမင်း ပြောသလို အင်းဝနေပြည်တော်ကြီး သည် အင်းကြီး လေးအင်း ကို ဖို့၍ မြို့ တည်ခဲ့သည်ဟု အားလုံး သိကြသော်လည်း ထို အင်းကြီး လေးအင်း ၏ နာမည် ကိုတော့ သိသူ မရှိသလောက် ရှားပေသည် ။ ဝေးလံသီခေါင် ၊ အခြားတစ်ပါး ၊ အရပ်သားတွေ မပြော နှင့် ၊ ဒေသခံ သည်နယ် တစ်ဝိုက်က လူတွေ ပင် မသိကြတော့ ။ သူတို့ သိသည်က “ ဝမ်းဘဲအင်းကြီး ” သာ ဖြစ်၏ ။
ဝမ်းဘဲကြီး သည် အင်းဝ နှင့် ကပ်လျက်တည် ရှိပြီး ဒုဋ္ဌဝတီမြစ် သာ ခြား၏ ။ ဒုဋ္ဌဝတီမြစ် ၏ အနောက်ဘက်ကမ်းတွင် အင်းဝ တည်ရှိ၍ အရှေ့ဘက် ကမ်းတွင် ဝမ်းဘဲအင်း နှင့် အင်းကြီး ကို ပတ်ချာဝိုင်း နေရာယူထားသည့် ရွာပေါင်း ( ၈ ) ရွာ ရှိလေသည် ။ ဒုဋ္ဌဝတီမြစ် သာ မခြားလျှင် အနှီ ဝမ်းဘဲအင်း ကြီးသည်လည်း သတိုးမြတ်ရာဇာ ၏ နေပြည်တော် စီမံချက် ၊ မြေ ဖို့ သည့် အထဲ ပါသွား၍ ဝမ်းဘဲအင်း ( ၈ ) ရွာ ၏ ကံကြမ္မာလည်း အင်း ထဲ က ငါးတွေ လို ဖြစ် သွားနိုင်သည် ။ ဒုဋ္ဌဝတီ ကို ပဲ ကျေးဇူး တင်စရာပါပေ ။
ဝမ်းဘဲအင်းကြီး ကို ပတ်ချာ ဝိုင်းထားသည့် ရွာကြီး ( ၈ ) ရွာ သည် ကိုယ့် နာမည်နှင့် ကိုယ် ။ ကိုယ့် ရွာသမိုင်း နှင့် ကိုယ် သီးခြား ရှိကြသော်လည်း စုပေါင်း ပြီး ဝမ်းဘဲအင်း ( ၈ ) ရွာ ဟုပဲ လူသိ များလေသည် ။ ထို ( ၈ ) ရွာ ထဲ မှာ မှ “ ကျွန်းတော်ကုန်း ” ဟု အမည်ရ သော ဦးစံမင်း တို့ ရွာ က ( လောလောဆယ် ) လူသိ အများဆုံး ဖြစ်နေလေသည် ။ စိတ်ဝင်စား အခံရဆုံး ဖြစ်နေလေသည် ။
ဦးစံမင်း တို့ ၏ ကျွန်းတော်ကုန်းရွာ သည် နှယ်နှယ်ရရ မဟုတ် ။ အင်းဝရှင်ဘုရင်တွေ ကောင်းစားစဉ်တုန်းက ရှိခဲ့ ၊ တည်ခဲ့သည့် သမိုင်းကြောင်း နှင့် ရွာကြီးဖြစ်၏ ။ ရှင်ဘုရင် ၊ မိဖုရား ၊ မင်းညီမင်းသား တွေ ၊ ကွန်းခို ( ပုန်းခို တာလည်း ဖြစ်နိုင်သည် ) ခဲ့လို့ ကွန်းတော်ကုန်း ဟု အမည် တွင်လေသလား ။ ရှင်ဘုရင် ၊ မိဖုရား ၊ မင်းညီမင်းသားတွေ ကွမ်းတော် စားဖို့ ၊ ကွမ်းစိုက် ၊ ကွမ်းတော်ဆက်ရသည့် ရွာမို့ ကွမ်းတော် ကုန်း ဟု အမည် တွင်လေသလား ။ ယနေ့ ထက်တိုင် အငြင်းပွားဆဲပင် ။ ရွာ နာမည်ကို တချို့က ကွန်းတော်ကုန်း ဟု “ န ” သ,တ်ဖြင့် စာလုံးပေါင်း၏ ။ တချို့က ကွမ်းတော်ကုန်း “ မ ” သ,တ်ဖြင့် စာလုံးပေါင်း၏ ။ ရွာခံ အချင်းချင်းပင် နသတ် ၊ မသတ် အငြင်းပွားနေကြဆဲ ။ ဥပမာ ကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီး က ( ကွမ်းကြိုက်လို့လား မသိ ) သူ့ ကျောင်း ကို “ ကွမ်းတော်ကုန်းကျေးရွာ မူလတန်းကျောင်း ” ဟု ဆိုင်းဘုတ်တင် ထား၏ ။ ကျေးရွာ ရ.လ.က ဥက္ကဋ္ဌကတော့ ( ထိုစဉ်က ကျေးရွာလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီကို ရ.လ.က ဟု အတိုကောက် ခေါ်ကြသည် ) “ ကွန်းတော်ကုန်း လက ” “ ကွန်းတော်ကုန်း လ,လ,သသ စသည်ဖြင့် ဆိုင်းဘုတ်တင်စေပြန်၏ ။
ဦးစံမင်းကြီး ကတော့ “ အင်းဝ ကို ကွမ်းတော် ဆက်ရတာ တံတားဦး ကွ ။ တံတားဦး က ကွမ်းနုဝါ လို့တောင် စာစပ်ခဲ့ကြတယ်မဟုတ်လား ။ တို့ အနောက်ဘက်ကမ်း မပါဘူး ။ အဲဒါကြောင့် “ န ” သ,တ်တာ ပိုမှန် မယ် ” ဟု အဆုံးအဖြတ် ပေးလေသည် ။
သို့ကလို တွေးတွေးဆဆ ယုတ္တိကျကျ အဆုံး အဖြတ် ပေးခဲ့သော်လည်း အခြေအတင် ငြင်းခုန်သည့် အထဲ မှာတော့ ဦးစံမင်း မပါပေ ။ “ နသ,တ်သ,တ် ၊ သ,တ်သ,တ် ဒါ အနုတ္တသညာတွေပဲ ။ ဝမ်းဘဲအင်း ( ၈ ) ရွာ ဆိုတာကသာ မဟာ့မဟာ ရာဇသညာ ” ဟု ပြောပြီး “ ဟိုတုန်းကလည်း နာမည်ထင်ရှား ခုလည်း နာမည်ထင်ရှား နောင်ခါ သည့် ထက် ပိုကျော်ကြားဦး မယ် ” ဟု ဆက်ပြောလိုက်ရာ ကြားရသူ အပေါင်းမှာ ထောက်ခံမဲ လည်း မဟုတ် ၊ ကန့်ကွက်မဲ လည်း မဟုတ် သူ လိုရာဘက် ဆွဲသွား သဖြင့် အီလည်လည်ကြီး ဖြစ် သွားကြတော့၏ ။
တဘောင် ဆိုသည် မှာ နိမိတ်စကား ၊ စနည်း ဆိုသည် မှာ လူအများ ပြောဆိုကြသည့် စကားအသံ ဟု အနက်အဓိပ္ပာယ် ဖွင့်ထား၏ ။ ထို့ကြောင့် စနည်း နာသည် ဆိုသည်မှာ လူအများ ပြောဆိုကြသည့် စကားအသံ ကို လိုက်လံနားထောင်ခြင်း ဟု အဓိပ္ပာယ် ရလိမ့်မည် ။
လွတ်လပ်ရေး ရပြီး ငွေရတု အလွန်လောက် တွင် ဝမ်းဘဲအင်းဒေသ တစ်ဝိုက်မှာ တဘောင်စနည်း တစ်ခု ပေါ်ထွန်းပျံ့နှံ့နေ၏ ။ တဘောင် ၊ စနည်းတို့ မည်သည် မည်သူက စသည် ဟု ပြောရ ခက်သော် လည်း သည် တဘောင်စနည်း က တော့ ဦးစံမင်းကြီး နှင့် ပတ်သက်နေသလား ၊ သံသယ ဝင်စရာပါပေ ။
“ အင်းဝ က ထင်းရောင်း ၊ အင်းစောင်း မှာ မီး လှုံ ၊ အင်းစောင်း မှာ မင်းလောင်း ပေါ်လိမ့်မယ် ။ ပေါ်တဲ့ မင်းလောင်း သျှောင်တစောင်း နဲ့ ”
သည် တဘောင် ကို ဝမ်းဘဲအင်း ( ၈ ) ရွာ က ကလေးတွေ အားလုံးလိုလို မြိန်ရေယှက်ရေ ရွတ်ဆိုနေ ကြ၏ ။ သူတို့ ကို ဘယ်သူ မုန့်ပေးပြီး ဆိုခိုင်းနေသလဲ ။ စုံစမ်းလို့လည်း မရ ၊ အရေးထဲ ရွာစဉ်လည် အမှိုက် ကောက် နေသည့် အရူးဖိုးတုတ် က လည်း ဒါကိုပဲ သီချင်း လုပ် ၊ တတွတ်တွတ် ရွတ်ဆို နေတော့ အရူးစကား ကလေးတွေ ကြားတာလး ။ ကလေးစကား အရူး ကြားသွားတာလား ။ ဘဲဥ အစ ရှာမရတော့ ။ ဒါတောင် ရွာ မှာ ဘုန်းကြီးပျံ မရှိသေးလို့ ။ ဘုန်းကြီးပျံ ရှိလို့ ပွဲခံရင် သဘင်သည်တွေ ကပါ သီချင်း လုပ် ဆို နေကြဦးမည်လား မသိ ။
တဘောင် အဓိပ္ပာယ် ကို တော့ လူကြီးတွေ က တိတ်တခိုး နှင့် အမျိုးမျိုး နိမိတ် ဖတ်နေကြ၏ ။
ဝမ်းဘဲအင်း ( ၈ ) ရွာ သည် အင်းပတ်ချာလည် ၌ ရှိကြတာချင်း အတူတူ ဦးစံမင်း တို့ ကွန်းတော်ကုန်း ရွာ က အင်း နှင့် အနီးဆုံး ကျေးရွာ ဖြစ်နေပြန်၏ ။ ရွာ စည်းရိုး ပင် လျှင် အင်းစည်းရိုး ဖြစ်နေသည်မို့ ဝါဆို ဝါခေါင် အင်းရေလျှံ လျှင် ရွာ ပါ ရေမြုပ်ပြီး အင်း ထဲ က ရွာ ဖြစ်သွား၏ ။ အင်း ထဲ က ဗေဒါ ၊ ကန်စွန်း ၊ ဟင်းညံ့ နှင့် ကြာရိုး ၊ ကြာစွယ် ၊ ကြာဖူး တို့သည် ကျွန်တော် ကွန်းတော်ကုန်းရွာသားတွေ အတွက် ဖြစ်နေပြီး အင်း ထဲ က ငါးသည် လည်း ကွန်းတော်ကုန်း လ.လ.သ.သ ( သမဝါယမ ) ၏ လိုင်စင် ရ စီးပွားရေး ဖြစ်နေပြီ ။ ရေ ကျ လို့ မြေပေါ်ပြန် တော့လည်း ကိုင်းမြေလယ်မြေ အများ စုသည် ကွန်းတော်ကုန်းရွာသား တောင်သူတွေ ပဲ ပိုင် ကြသည် ဆိုတော့ ဝမ်းဘဲအင်း နှင့် ကွန်းတော်ကုန်း သည် ခွဲခြား မရ ။ အင်းစောင်း ဆိုတာ ကွန်းတော်ကုန်း ပေပဲလား ။
ထူးထူးခြားခြား တိုက်ဆိုင် နေတာ တစ်ခု က လည်း ရှိသေးသည် ။ လွတ်လပ်ရေး ရပြီး သည်ဘက် ခေတ် မှာ ဆံပင်အတို နှင့် ဖြစ်လာကြ သော်လည်း ကွန်းတော်ကုန်း က ဦးစံမင်း တစ်ယောက် ကတော့ ဖြင့် သျှောင်ထုံးကြီး နှင့် ပဲ ရှိနေသေးဖြစ်၏ ။ ငယ်စဉ် ဘုန်းကြီးကျောင်းသား ဘဝ က တော့ သျှောင်ပေစူး ပေါ့ ။ ကြီးကောင် ဝင် လာတော့ သူများတွေ ဘိုကေ ညှပ်ကြသော် လည်း ဦးစံမင်း က ညှပ် မပစ် ၊ ဖြတ် မပစ်ခဲ့ ။ ယခု အသက် ငါးဆယ်နား နီး လာပြီ ။ သျှောင်ထုံးကြီး နှင့် ပဲ နေ နေတော့၏ ။ သေသည်အထိ သျှောင်ထုံး မဖြုတ် တော့ ဟု ဆုံးဖြတ်ထားပုံ ရသည် ။
ဗဟုသုတ နှံ့စပ်သူတွေ က သခင်ကိုယ်တော်မှိုင်းကြီး ကို အတုခိုးသည် ဟု ပြောကြသလို ပွဲကြိုက် သူတွေ က ရွှေမန်းတင်မောင် ၊ စိန်အောင်မင်း စသည့် ဇာတ်မင်းသားကြီးများ ကို အတုခိုးသည် ဟု ပြောကြ လေသည် ။
ဘယ်သူတွေ ဘာပဲ ပြောပြော ၊ ဦးစံမင်းကြီး က တော့ သူ့ ငယ်မွေးခြံပေါက် သျှောင်ထုံးကြီး ကို ရက်သတ္တပတ် တစ်ခါ ၊ ခေါင်းဆေးမင်္ဂလာ ပြုပြီး အုန်းဆီ ကို ရွှဲနေအောင် လိမ်းမြဲ ၊ လိမ်းနေဆဲတည်း ။
ဘယ်သူတွေ ဘာပဲ ပြောပြော ၊ သျှောင် က အလျင် ပေါ်ပြီး တဘောင် က နောက်မှ ပေါ်ခဲ့တာ ။ ကာယကံရှင် ဦးစံမင်း လည်း အသိ ။ ပတ်ဝန်းကျင်
တစ်ခုလုံး လည်း အသိ မဟုတ်လား ။ သျှောင် နောက်က တဘောင် ဆိုတော့ တဘောင် အတွက် ဦးစံမင်း မဟုတ် ။ ဦးစံမင်း အတွက် တဘောင် ဟု ဆိုရချေတော့မည် ။
••••• ••••• •••••
“ အဖေ ကျုပ် ကို ကိုယ်ဝန် ရှိတုန်းက အမေ ဘာ အိပ်မက်တွေများ မက်သတုံး ”
ဦးစံမင်း ၉ နှစ် ၁၀ နှစ်သား ၊ ဘုန်းကြီးကျောင်းသား ဘဝမှာ သူ့ အမေ ကွယ်လွန် သွားခဲ့သည် ။ ခုတော့ ငယ်စဉ် ဘဝ သိချင်တာ မှန်သမျှ အသက်ရှည် ကျန်ရစ်သည့် ဖခင်ကြီး ကိုပဲ မေးရတော့သည် ။
“ လူပဲ ကွာ ညတိုင်း အိပ် ၊ ညတိုင်း မက်မှာပေါ့ ။ သူ့ ဟာ သူ မက် နေတာ ငါ ဘာ သိမှာတုံး ”
“ မဟုတ်ဘူးလေ အဖေ ရဲ့ ထူးထူးခြားခြား မက်တာများ ပြောခဲ့ဖူးသလား လို့ပါ ။ ဥပမာ − အူခုနှစ်ခွေ ထွက်ပြီး မိုးပေါ် ပျံတက်တာတို့ ၊ ဆင် တစ်ကောင် ဗိုက် ထဲ ဝင်လာတာတို့ ၊ ဘုရားထီးတင်ရတာတို့ အဲဒါမျိုး တွေပေါ့ဗျာ ”
“ ကြံကြံဖန်ဖန် ကြား ကြားဖူးပေါင်ကွာ ”
ဦးစံမင်း ဟင်းခနဲ သက်ပြင်း ချလိုက်၏ ။ သျှောင်ထုံးကြီး ပြေ သွားမှာ စိုးသောကြောင့် ခေါင်း ကို တော့ မယမ်းမိအောင် သတိထား နေရသည် ။
“ ဒါဖြင့် ကျုပ် ကို ကိုယ်ဝန်ဆောင်စက အမေ ဘာ ချဉ်ခြင်း တပ်တုံး ။ ထူးထူးဆန်းဆန်း ဘာစားချင်တယ် ပြောတုံး ”
“ မင်းအမေ အစားပုပ်မ ဘာဖြစ်ဖြစ်စားဦးမှာ ။ မြေကြီးတောင် ဆီပြန်ကြော်ကျွေးရင် ပလုပ်ပလောင်း စားဦးမှာ ”
ကြာတော့ အဘိုးကြီး စိတ်တိုလာပုံရ၏ ။ ဘု ဘောက် ပြောလာတော့ ဦးစံမင်း အသာ လစ်ထွက်လာ ခဲ့ရသည် ။ အဘိုးကြီး က အသက်ကြီးပေမယ့် သူကြီး ဟောင်း မို့ မာန် က မကျသေး ။ သည်ထက် လေရှည် နေ က ထပ်ကန်လိုက်မလား ၊ သျှောင်ဆွဲပြီး ကျော ကို တံတောင်ဖြင့် ထောင်း လိုက်မလား ။ အဘိုးကြီး ကို တော့ ဦးစံမင်း ယခုထိ ကြောက်နေရတုန်းပါ ။
ဦးစံမင်း တို့ မျိုးရိုး ကား သူကြီးမျိုးရိုး ဖြစ်၏ ။ သားစဉ်မြေးဆက် သူကြီး အဆက်ဆက် ဖြစ်ခဲ့ကြ သည် ။ ဦးစံမင်း အဖေ လက်ထက် ရောက်မှ တော်လှန် ရေးကောင်စီ အတက် နှင့် ကြုံပြီး သူကြီးဆက် ပြတ် သွားရခြင်း ဖြစ်၏ ။ စနစ်ပြောင်း ၊ ခေတ်ပြောင်း သွား လေတော့ သူကြီး အဆောင်အယောင် ခေါင်းပေါင်း ၊ မောင်းကြီး နှင့် ထိပ်တုံး ကို ရ လ က ဥက္ကဋ္ဌ ဆိုသူထံ လွှဲပြောင်းပေးလိုက်ရလေသည် ။
တော်သေးရဲ့ ။ ရလက ဥက္ကဌ က လည်း သူ့ တူ အရင်းခေါက်ခေါက် ဖြစ်နေလို့ ။ သူ့ တူ မဟုတ် လည်း အကြောင်း မကြီးလှပါ ။ တစ်ရွာလုံး သူကြီး အမျိုးအဆွေ ၊ သူကြီး တပည့်တပန်း ၊ မကင်းရာ မကင်းကြောင်းတွေပဲ ဆိုတော့ ဘယ်သူတက်တက် ဦးစံမင်းတို့ မိသားစု မျက်နှာ ငယ်ရမည် မဟုတ်ပါ ။ တောသူတောင်သား ဆိုတာကလည်း အစွဲအလန်း ကြီးသည် ။
တစ်ခုတော့ ရှိသည် ။ ဦးစံမင်းတို့ ဘိုးဘေး အဆက်ဆက်သည် အာဏာ ကို အလွဲသုံးစား မလုပ်ခဲ့ ။ ရွာ ကို အနိုင်မကျင့် ၊ ဗိုလ် မကျခဲ့ ။ သီလ သမာဓိ မချွတ် ။ နာယကဂုဏ် ခြောက်ပါး နှင့် အညီ အုပ်ချုပ်ခဲ့ကြသည် ဆိုတော့ တစ်ရွာလုံး သာ မက ဝမ်းဘဲအင်း တစ်နယ်လုံး ကပါ လေးစားရိုသေ ခန့်ညားခဲ့ကြလေသည် ။ ယခု ထက်တိုင် ဝမ်းဘဲအင်း တစ်နယ်လုံးဆိုင်ရာ ဘာသာရေး ၊ လူမှုရေး ကိစ္စတွေမှာ ဦးစံမင်း အဖေ သူကြီးဟောင်းကြီး ကို အရာထား နေကြဆဲတည်း ။
သည်လိုနှင့် ကလေးတွေ က “ အင်းစောင်း က မင်းလောင်း ” တဘောင် ကို ဆိုကောင်းတုန်း ။ ဦးစံမင်းကြီး လည်း သူ့ သျှောင်ထုံးကြီး ကို ဆီ လူးလို့ ကောင်း တုန်းမှာ တော်လှန်ရေးကောင်စီ ဖျက်သိမ်းပြီး ပထမ အကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကြီး ပေါ်ထွန်းလာ လေ၏ ။
••••• ••••• •••••
“ ဦးစံမင်း ရေ လက်ရှိ ဥက္ကဌကြီး ကလည်း နား တော့မယ် ဆိုတော့ ကျေးရွာအုပ်ချုပ်ရေး စည်းရုံးရေး မှာ ဦးစံမင်း ဦးဆောင်စေချင်တယ် ။ အဲဒါကြောင့် လာမယ့် လေးနှစ်မှာ ဦးစံမင်း ကျေးရွာဥက္ကဌ လုပ်ပါ ”
မြို့နယ်ပါတီယူနစ် က လူကြီးတွေ ကိုယ်တိုင် အိမ်တိုင်ရာရောက် တောင်းပန် သော်လည်း ဦးစံမင်း က ခါးခါးသီးသီး ငြင်းဆန်ခဲ့၏ ။ အမျိုးအဆွေ တပည့်တပန်းတွေ ဘယ်သူ တိုက်တွန်းလို့ မှ မရ ။ ခေါင်းမာလှချေ၏ ။
မြို့နယ်လူကြီးတွေ ကလည်း လက် မလျှော့ ။ သည်တစ်ခါ ရွေးကောက်ပွဲ က ဗဟိုဦးစီးစနစ် မဟုတ် ဘဲ ပြည်သူတွေ ကိုယ်တိုင် တိုက်ရိုက်ပါဝင်မည့် အသည်း ကြား က မဲတစ်ပြား ဖြင့် ရွေးချယ်ကြမည် ဆိုတော့ နာမည်ကြီး လူကြိုက်များသော ပရိသတ် အချစ်တော် ဝမ်းဘဲအင်းမင်းသားကြီး ဦးစံမင်း ကို အမိအရ လက် တွဲထားမှ ဖြစ်မည်ဟု သဘောပေါက်ထားကြလေသည် ။ သို့ဖြင့် ဦးစံမင်းထံ ဒုတိယမ္ပိ ရောက်လာကြပြန်၏ ။
ဦးစံမင်း က အားရပါးရ ပြုံးလိုက်၏ ။ တစ်ပျဉ်ခွေ ထိုင်နေရာမှ ကျောကို ဆန့်ပြီး သူ့သျှောင်ထုံးကြီး ကို ကျစ်သထက် ကျစ်အောင် စိမ်ပြေနပြေ ထုံးနေ၏ ။ ပြီးမှ ..
“ မောင်ရင်တို့ ပုဂံရာဇဝင် မှာ စလေငခွေး အကြောင်းတော့ ကြားဖူးမှာပေါ့ ။ ချက် က အူ ထွက်ပြီး ပုဂံမြို့ကို ပတ်ရတယ်လို့ အိပ်မက်မက်တဲ့ ပုဂ္ဂိုလ်လေ ”
“ ဟုတ်ကဲ့ ကြားဖူးပါတယ် ခင်ဗျ ”
“ အေး မနက် လင်း လို့ လှေ ထိုးတဲ့ အခါမယ် သူ့ ဝါးထိုးမှာ မုနောလင်ပန်းကြီး ငြိပြီး ပါလာတာ ကော သိကြရဲ့လား ”
“ ဟုတ်ကဲ့ သိပါတယ်ခင်ဗျ ”
“ အတိတ်နိမိတ် ကောင်းလှတဲ့ ငါ့ အိပ်မက်သည် မုနောလင်ပန်း နဲ့ ကျေလေတော့မည် ဆိုပြီး ရေ ထဲ ကန်ချခဲ့တာ ။ တိုတို ပြောရရင် ပုဂံပြည့်ရှင်မင်းကြီး ဖြစ်သွားတာ သိကြတယ်နော် ”
“ ဟုတ်ကဲ့ သိပါတယ်ခင်ဗျ ”
“ အိမ်း ကျုပ်လည်း ဒီလို မြို့နယ် အဆင့် လောက် နဲ့ ကျိန်းမကျေချင်ဘူး ။ ဒါပေမယ့် ကျု ပ်က စလေငခွေး ဝင်စားတာ မဟုတ်ဘူးနော် ။ စလေငခွေး က မင်းဆိုးမင်းညစ် ။ အင်း မပြောကောင်းပေမယ့် ပြောရဦးမယ် ။ မောင်ရင်တို့ ညောင်ရမ်း ဆယ်ဆက် ၊ သီရိပဝရ မဟာသုဓမ္မာရာဇာဘွဲ့ခံ ဝမ်းဘဲအင်းစံမင်း ဆိုတာကော ကြားဖူးကြရဲ့လား ”
ပရိသတ် လည်း ခုမှပဲ ဦးစံမင်းကြီး ဘာကို ဆိုလိုတယ်ဆိုတာ ရိပ်စားမိသွားကြ၏ ။ အံ့သြသည့် အပြုံးရိပ်ရိပ် ဖြင့် ဦးစံမင်း ကို တစ်လှည့် ၊ အချင်းချင်း တစ်လှည့် ကြည့်နေကြရသည် ။ ဘာ ပြန်ပြောရမှန်း မသိကြ ။
“ အဲဒီတော့ တဘောင်စနည်းတွေ အရ ရတု ချိန်ထောက် အောင်ချိန်ရောက်လာပြီ ။ မြို့နယ်တွေ ၊ တိုင်းတွေ လာ ပြော မနေကြနဲ့တော့ ။ ကျုပ် သမ္မတ အရွေး ခံမယ် ။ ဘယ်ပုံဘယ်နည်း ယှဉ်ပြိုင် အရွေးခံရမယ် ဆိုတာ သာ ပြောကြတော့ ”
ဦးစံမင်း စကား အဆုံးမှာတော့ အားလုံးပင် မျက်လုံးပြူး ကုန်လျက် တိတ်ဆိတ်ငြိမ်သက်သွားလေ၏ ။ ဦးစံမင်း အဖေ သူကြီးဟောင်းကြီး သာ ရှိသေးလျှင် ဘယ်လို စကားလုံးဖြင့် ဘုဝင်ပြောလိမ့်ဦးမည် မသိ ။ ခုတော့ အဘိုးကြီး ကွယ်လွန် သွားတာလည်း လ အတန်ကြာခဲ့ပြီ ။
မြို့နယ် ပါတီယူနစ် မှ တင်္ခဏုပတ္တိဉာဏ် ကောင်းပုံရသည့် ကော်မတီဝင် တစ်ဦး က ဝင် ပြောပေး လိုက်မှ အားလုံး အသက်ရှူ မှန်သွားကြ၏ ။
“ ဦးစံမင်း ရေ အဲဒါကတော့ ကျွန်တော်တို့ နဲ့ မဆိုင်ဘူးခင်ဗျ ။ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင် နဲ့ ဆိုင်ပါတယ် ။ ကျွန်တော်တို့ မေးမြန်းစုံစမ်းပြီး အကြောင်း ပြန်ကြားပေးပါ့မယ် ”
မြို့နယ်လူကြီးတွေ လည်း တပ်ခေါက်ပြန် သွားကြရ၏ ။ နောက်ပိုင်း ရွေးကောက်ပွဲကိစ္စတွေနှင့် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသော်လည်း ဦးစံမင်း က အကြောင်းပြန်မည့်ရက် တမျှော်မျှော် ဖြစ်နေတော့ ၏ ။ နောက်ဆုံး မစောင့်နိုင်တော့သဖြင့် မြို့နယ်ပါတီယူနစ်ရုံး ၊ မြို့နယ် န.လ.က ရုံး ၊ မြို့နယ် ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်ရုံးများ သို့ ကိုယ်တိုင် လိုက်ချ သွား၏ ။
မြို့နယ်လူကြီးတွေ လည်း ခေါင်းချင်းရိုက် တိုင်ပင်ကြပြီး ရွာမှာတုန်း က ကဲ့သို့ပင် တင်္ခဏုပတ္တိကော်မတီဝင် က ဖြေကြားပေးလေသည် ။
“ ဦးစံမင်းရယ် ဒီလို ရည်ရွယ်ချက် ရှိရင် စောစောက ပြောရမှာ ။ ခုတော့ လွန်ပြီ ၊ ကျွံပြီ ၊ လျာထား ပြီး ဖြစ်နေပြီ ။ မြန်မာသိ ၊ ကမ္ဘာသိ ဆိုတော့ ပြန်ပြင် လို့လည်း မကောင်းတော့ဘူး ။ ဒီ လေးနှစ်တော့ သည်း ခံပြီး စောင့် လိုက်ပါဦး ။ ဒုတိယလေးနှစ် ကျ ဦးစံမင်း သဘောကျ ဖြစ်ရပစေ့မယ် ”
“ ဪ အဲသလို လည်း ဖြစ်တယ်လား ”
ဦးစံမင်းကြီး လည်း နားဝေတိမ်တောင် ဖြင့် ပြန်လာခဲ့ရလေ၏ ။
••••• ••••• •••••
ဦးစံမင်း ၏ ကံကြမ္မာ က တစ်မျိုးတော့ ထူးဆန်းသည် ဟု ဝန်ခံရပေတော့မည် ။ အထပ်ထပ် တင်း
ကြပ် စစ်ဆေးနေသည့် ကြားက ဦးစံမင်း ရေးပို့လိုက် သည့် စာတစ်စောင်သည် အကြီးအကဲ လက် ထဲ အံ့ဩဖွယ်ရာ ရောက်ရှိလို့ သွား၏ ။
အကြီးအကဲ ထံ မှ ဒေသ ။ ဒေသ မှ မြို့နယ် သို့ ၊ စုံစမ်းမှုတွေ အဆင့်ဆင့် လှိမ့်ဆင်းလာ၏ ။ သည်ကိစ္စ မတိုင်ခင် ကတည်းက ဦးစံမင်း ဖန်တီးခဲ့သည့် ပြဿနာ မီးတောက် တစ်ခု က မြို့နယ် မှာ ခုထက်ထိ ငြိမ်းသတ် ၍ မရသေးမဟုတ်လား ။
ထိုနေ့က မှတ်မှတ်ရရ အိုးစည်ဗုံမောင်း ဖြင့် ဦးစံမင်း ခေါင်းဆောင်သည့် လှည်းတန်းကြီး သည် မနက် လင်းခါစ မှာပင် မြို့နယ် စပါးအဝယ်ဒိုင် သို့ ရောက်ရှိလာ၏ ။ အိုးစည်ဗုံမောင်း တီးလျက် အလံ တလူလူ ဖြင့် လာသည် ဆိုတော့ မြို့နယ်စီမံချက် ပဲ ဟု ထင်မှတ်ကာ စပါးအဝယ်ဒိုင် တာဝန်ရှိသူတွေ က ဦးစံမင်း ၏ စပါးများ ကို မှတ်တမ်းတင် ချိန်တွယ်ယူ ထား လိုက်ကြ၏ ။
စပါးတွေ ဂိုဒေါင် ထဲ ရောက်ပြီး တွက်ချက်ငွေ ချေတော့မည် ဆိုမှ အားလုံး မျက်လုံး ပြူးကုန်ကြသည် ။ ဦးစံမင်း က သည် စပါးတွေ အားလုံး သူ့ လယ်ကထွက် သည့် သူ ပိုင် ဖြစ်ကြောင်း ၊ အကြီးအကဲ ထံ လက်ဆောင်ပဏ္ဍာ ဆက်ခြင်း ဖြစ်ကြောင်း ၊ ရောက်အောင် ပို့ပေးဖို့ သာ တာဝန် ယူစေလိုကြောင်း ၊ သူ လည်း သဝဏ်လွှာ ရေးထားပါကြောင်း ပြောပြီး အိုးစည်ဗုံမောင်း အလံတလူလူ ဖြင့် ပြန်သွားလေ၏ ။
မြို့နယ် လည်း သည် ပြဿနာ အတွက် အတော် ခေါင်းခဲသွားလေ၏ ။ ဘယ်လို ဖြေရှင်းရမှန်း မသိ၍ ဒေသ ကို အကြောင်းကြားတော့ “ အဝယ်ဒိုင် ဖြတ်ဈေးနဲ့ တွက်ပြီး ငွေချေ ပေးလိုက် ၊ လက် မခံရင် သူ့ စပါးတွေ သူ့ ပြန်ပေးလိုက် ” ဟု အမိန့်ချလေသည် ။
မြို့နယ် လည်း ဒေသနှုတ်မိန့် နားဝယ် ပန်ဆင် ပြီး ဦးစံမင်းကြီး ၏ ကွန်းတော်ကုန်းသို့ ပြေးကြရပြန်၏ ။
“ ဟ မင်းတို့ တော်တော် ခက်ပါလား ။ တစ်နယ်လုံး စပါးအထွက် မကောင်းပါဘူး ပြောတုန်းက တော့ ပြော မရ ၊ ဆိုမရ ၊ အသနားခံလို့ မရ ၊ လျာထားချက် ပြည့်မီအောင် ဆိုပြီး အဓမ္မ သွင်းခိုင်း ။ စပါး တစ်တင်း ကျန်ရင် ခုပဲ မြေသိမ်းတော့ မလိုလို ။ အချုပ်ထဲ ထည့်တော့ မလိုလိုနဲ့ ။ ခု ငါ က အလကား သွင်းပါတယ် ဆိုတော့လည်း လက်မခံ ။ မင်းတို့ မဖြစ်စလောက် ဖြတ်ဈေး လည်း ငါ မလိုချင်ဘူး ။ ပြီးတော့ ဒါက လက်ဆောင်ပဏ္ဍာ ကွ ။ တော်ပြီ တော်ပြီ မင်းတို့ နဲ့ မပြောချင်တော့ဘူး ။ ဒီအကြောင်းတွေ အကြီးအကဲ ဆီ ရေးတဲ့ သဝဏ်လွှာ ထဲ မှာ ထည့်ရေးထားတယ် ။ မင်း တို့ အောက်ခြေ က လူတွေ ဟုတ် ကို မဟုတ်ဘူး ။ သွား ကြတော့ကွာ ”
ဦးစံမင်းကြီး အတော် စိတ်ဆိုးသွားပုံ ရ၏ ။ အဲသည်တုန်းကတော့ မြို့နယ် ကလည်း အမှုမဲ့ အမှတ်မဲ့ ပင် ။ ထုံးစံအတိုင်း ပြောချင်ရာ လျှောက်ပြောနေတာ ထင်ပါရဲ့ ဟု အောက်မေ့ခဲ့ကြ၏ ။ ခုမှ တကယ် စာရေး ခဲ့တာပါကလား ဟု ကျောချမ်း သွားကြ၏ ။ ဗဟို မှ ဒေသ ၊ ဒေသ မှ မြို့နယ် သို့ စာတိုစာရှည် ဖုန်းတွေ ဝင်လာပြီ ။ ဝမ်းဘဲအင်း ဦးစံမင်း ဆိုတာ ဘယ်သူဘဲ ၊ ဘာလဲပေါ့ ။ စာ ထဲ မှာ ဘာတွေ ရေးလိုက်သလဲ ။ အမြန်ဆုံး စုံစမ်းပြီး အစီရင်ခံစာ တင်ပါတဲ့ ။
အထက်က ဖိပြီ ဆိုတော့ မြို့နယ်ခမျာ ဦးစံမင်း ကို အချိုသပ်ပြီး လေပျော့ကလေးဖြင့် မေးကြရပြန်၏ ။
“ ဦးစံမင်း ရယ် ၊ ခင်ဗျား စာထဲမှာ အဲ သဝဏ်လွှာ ထဲ မှာ ဘာတွေများ ရေးလိုက်တာတုံးဗျာ ”
“ ဟ ဒါ တို့ အချင်းချင်း ရေးတဲ့ စာပဲ ။ မင်းတို့ သိဖို့ မလိုပါဘူး ”
“ မဟုတ်ဘူးလေ ဦးလေး ရဲ့ ကျွန်တော်တို့ မှာ လည်း အထက် က စုံစမ်းခိုင်းနေတော့ အစီရင်ခံစာ တင်နိုင်မှ ဖြစ်မယ် ။ မဟုတ်ရင် ကျွန်တော်တို့ အားလုံး ဒုက္ခ ရောက်ကုန်တော့မှာ ။ ကျွန်တော် တို့ မှာ လည်း မိသားစုတွေ နဲ့ ကူညီပါဦးဗျာ ”
သို့ကလို ဝိုင်း ပြောတော့ ဦးစံမင်း မျက်နှာ နည်းနည်း ပျော့လာ၏ ။
“ ရေးလိုက်တာ အများကြီး ကွ ။ လျှောက်လွှာ စာရွက် နဲ့ အရွက် နှစ်ဆယ် ။ မင်းတို့ က ဘာသိချင်တာတုံး ”
“ ဗျာ ”
အားလုံး “ ဗျာ ” ဟူသော အာမေဋိတ် ပြိုင်တူ ထွက်သွားကြ၏ ။
“ ဟို ဟို ဦးလေး က လက်နှိပ်စက် ရိုက်ပြီး ပို့ လိုက်တာလား ။ လက်ရေး နဲ့ စာ အဲ လက်ခံကော မကျန်ရစ်ဘူးလား ”
“ ဘယ်က လက်နှိပ်စက် ရိုက်ရမှာလဲ ။ ငါ က ဘုန်းကြီးကျောင်းသား ဘဝ ကချည့် လက်ရေး က ထိပ် တန်းကွ ။ ဘုန်းကြီးရက်ချုပ်ဇာတာ ဖွဲ့ ရင် ထန်းဖူး တို့ ၊ ပေရွက် တို့ ပေါ်မှာ ငါ ပဲ ကညစ် နဲ့ ရေးပေးခဲ့ရတာ ။ ပန်း စာလုံး လက်ရေး ခေါ်တာပေါ့ မောင် ။ ခု ဒီ စာရွက် ၂၀ လည်း ဇာတာ ရေး သလို ဖြည်းဖြည်းချင်း ရေးခဲ့ရတာ ။ ဘယ် လက်ခံ ရှိမှာတုံး ”
“ ဟုတ် ဟုတ်ပါပြီ ခင်ဗျ ။ ရေးလိုက်တဲ့ အကြောင်းအရာလေးတွေ တော့ မှတ်မိဦးမှာပေါ့ ။ မှတ်မိ သလောက်ပေါ့ ခင်ဗျာ ”
“ အဦးအစ က တော့ မာကြောင်း ၊ သာကြောင်း ၊ အကြည်တော် ဘာညာပေါ့ကွာ ။ သျှောင်တစောင်း နဲ့ ဝမ်းဘဲအင်းဦးစံမင်း ကို သူ လည်း သိလောက်ပါပြီ ။ အဲဒီ အထဲမှာ စပါးတင်း ၂၅၀ ၊ လက်ဆောင် ပဏ္ဍာ ပို့လိုက်တဲ့ အကြောင်းလည်း ပါတယ် ။ ဖြတ်ပြီး မေးရဦးမယ် ။ မင်းတို့ ဂိုဒေါင်တွေ မိုးလုံရဲ့လား ”
“ ဟုတ်ကဲ့ လုံပါတယ်ခင်ဗျ ”
“ ဪ အေး ပါသေးတယ် ။ ခေါင် က မိုး လုံဖို့ အရေးကြီးတဲ့ အကြောင်း လည်း စာ ထဲ မှာ ထည့်ရေး လိုက်သေးသည် ။ သိင်္ဂလောဝါဒသုတ် ၊ ရာဇောဝါဒါသုတ် နဲ့ ရာဟုလော ဝါဒသုတ် တွေ လည်း ကူးရေး ပေး လိုက်သေးတယ် ”
“ ဗျာ ဟုတ်ကဲ့ခင်ဗျ ”
“ ရေးသာ ရေးရတာပါ မောင်ရာ ၊ သူတို့ က အတွေ့ အကြုံတွေ တစ်လှေကြီးရှိပြီးသားပါ ။ ကျုပ်
အလှည့် ကျရင် သာ သူတို့ ဆီ က ယူ တန်တာ ယူ ၊ ပယ် တန်တာ ပယ်ရမယ်မဟုတ်လား ”
“ ဟုတ် ဟုတ်ပါတယ် ခင်ဗျ ”
“ ဒီလောက်ပါပဲလေ ၊ ကျုပ် ကို နောက်ဆံ မတင်းဖို့ ၊ တိုင်းသူပြည်သား ကို ရင်ဝယ်သား ကဲ့သို့ သဘောထားဖို့ ၊ နောက် တက်မယ့် အဆက်ဆက် ကို အမွေခံကောင်း ပေးခဲ့ဖို့ ၊ ရာဇဝင် ချောအောင် ပုညာဘိသင်္ခါရ ပြုမူကျင့်ကြံကြဖို့ ၊ ဒီလောက်ပါပဲ ။ ဒီလောက်ကလေးပါပဲ ရေးလိုက်တာပေါ့ ”
“ ဟုတ်ကဲ့ခင်ဗျ ၊ ကျွန်တော် တို့ လည်း ဒီလောက် သိရရင် အစီရင်ခံ လို့ ရပါပြီ ။ ကျေးဇူးတင်ပါ တယ် ဦးစံမင်း ရေ ”
မြို့နယ်လူကြီးတွေ ပြန် သွားတော့ ဦးစံမင်း က ခေါင်းလျှော် ရေချိုးတော့မည့် အထိမ်းအမှတ် မောင်းကလေး ကို နောင်ခနဲ ထု လိုက်လေ၏ ။
••••• ••••• •••••
ထိုနှစ် ၊ ထိုအချိန် ကာလများက သမိုင်း သည် မြစ်တွင်း သင်ဖြူးခင်း နေရာမှ ပလုံစီ လှိုင်းဂယက် ကလေးများ ထ နေ၏ ။ ရန်ကုန်မြို့ကြီး ကို မာရှယ်လော ထုတ်ပြန်ရသည် လည်း ရှိသည် ။ တက္ကသိုလ် တွေ ရက် အကန့်အသတ် မရှိ ပိတ်လိုက်ရသည် လည်း ရှိသည် ။ အရေးပေါ် ပါတီညီလာခံ ခေါ်ယူကာ ကြေ ညာချက်တွေ ၊ ဥပဒေတွေ ထုတ်ပြန်ရသည် လည်း ရှိ ။
ထိုနှစ် က ဝမ်းဘဲအင်းကြီး သည် လည်း မကြုံစဖူး အင်းရေ လျှံခဲ့ လေ၏ ။ ဝမ်းဘဲအင်း ( ၈ ) ရွာ ၏ တဲအိမ် နိမ့်နိမ့်ကလေးများ ခေါင်မိုး မြုပ်သည် အထိ စံချိန်တင် သွား၏ ။
ဦးစံမင်း ၏ အိပ်မက် နှင့် ဗေဒင်ကိန်းခန်း အရ ထီးဖြူဆောင်းချင်သည် ဆို၍ သူ့ ကို ကလန်ကဆန် မလုပ်ရဲသည့် တူသားများ က ရွာကျောင်းဘုန်းကြီး နှင့် တိုင်ပင်ပြီး ရှင်လောင်း လှည့် လျှင် ဆောင်းသည့် ထီးဖြူ နှစ်ချောင်း ကို ရွှေချည်ထိုးဆိုင် မှ ဝယ်ယူကာ သူ့ ခုတင် ခေါင်းရင်း မှာ ထူပေး ထားရ၏ ။
ပြည်ရေး ၊ ဝမ်းရေး မငြိမ်မသက် မို့ ရွေးကောက်ပွဲပင် မဖြစ်တော့ဘူး လိုလို သတင်းတွေ ထွက် နေရာမှ တကယ်တမ်း လေးနှစ် ပြည့်တော့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ၊ ရွေးချယ်တင်မြှောက်ပွဲကြီး ကျင်းပပြုလုပ်ဖြစ်ပါသည် ။
သို့သော် သည် တစ်ကြိမ် မှာ လည်း ဦးစံမင်း ဘုန်းကံ က နိမ့်နေသေးသည် ဟု ပဲ ပြောရမည်ထင့် ။ ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲ ၊ လပိုင်း အလိုမှာ ဦးစံမင်း သွေးတိုးလေဖြတ် ပြီး အိပ်ရာ ထဲ ဗုန်းဗုန်းလဲ လေသည် ။ ညာဘက်တစ်ခြမ်း လုံးဝ လှုပ်ရှားမရ တော့ ။ အရုပ်ကြိုးပြတ် ဖြစ်သွားသည် ။ စကား ပြောတာ ပင် သိပ် မပီသချင်တော့ ။ မပီမသ ဖြင့် ပင် ..
“ ငါ တော့ ခံလိုက်ရပြီကွာ ။ သူတို့ ဦးသွားပြီ ။ သူတို့ ယတြာ သိပ်ကောင်းတယ် ” ဟု မချိတင်ကဲ ပြော နေ၏ ။ ကျန်းမာရေး သတင်း လာ မေးသူတိုင်း ကို “ သူ တို့ ယတြာ သိပ်ကောင်းတယ် ” ဟု ပဲ တတွတ်တွတ် ပြောနေတော့၏ ။
သည်လိုနှင့် ဒုတိယအကြိမ် ရွေးချယ်တင် မြှောက်ခံရသည့် ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးတာဝန် ၊ ဥပဒေပြုရေးတာဝန် ၊ တရားစီရင်ရေးတာဝန် စသည်ဖြင့် အသီးသီး အသက ၊ တာဝန်ထမ်းဆောင်ကြသည့် အချိန်မှာ ဦးစံမင်းကြီး ကံတော်ကုန် ၍ အနိစ္စ ရောက်လေ၏ ။
သူ မှာခဲ့သည့်အတိုင်း ဈာပန ကို ထီးဖြူနှစ်လက် မိုးပြီး ချ ပေးရသည် ။ အင်းစောင်း တစ်နေရာ ၊ သူ ပိုင် လယ်ကွက်ကလေး ၏ ကုန်းကမူ မို့မို့ မှာ အုတ်ဂူ တည်ပေး ထားကြလေသည် ။
••••• ••••• •••••
နှစ်တွေ လည်း ကြာ ၊ ခေတ်စနစ် တွေ လည်း ပြောင်းခဲ့ပြီ ။ ဝမ်းဘဲအင်းကြီး သည် လည်း ကြာဖြူ ၊ ကြာနီ မပွင့်နိုင်တော့ဘဲ အင်းကောကြီး ဖြစ်ခဲ့ပြီ ။
သို့သော် ...
နောက်ပေါက် မျိုးဆက်သစ်ကလေးတွေ က “ အင်းစောင်းက မင်းလောင်း ” တဘောင် ကို ယနေ့တိုင် လက်ဆင့်ကမ်း ရွတ်ဆိုနေကြဆဲ ။ နောက်ပေါက် အရူး ကျောက်တစ်လုံး က လည်း တဘောင် ကို သီချင်း လုပ် ကာ က လို့ ကောင်း ၊ ဆို လို့ ကောင်းတုန်း ။
ဆို သာ ... ဆို နေရ ၊
ဝမ်းဘဲအင်းနယ် တစ်ဝိုက် မှာ သျှောင်တစောင်း နှင့် ပုဂ္ဂိုလ် နောက်ထပ် မရှိတော့ပါ ။
ဂျိုဇော်
ICON မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၀
No comments:
Post a Comment