နေ့ခင်းပိုင်း ထူးနိုင် ရွစိရွစိ ဖြစ်နေမိသည် ။ ဟို နှစ်ယောက်လုံး ယနေ့ည ခိုးရာ လိုက် မလိုက် အကြောင်းပြန် မှာ မို့ နေမထိ ထိုင်မသာ ဖြစ်နေသည် ။
“ အင်း သူဇာချို ဆိုလဲ မဆိုးပါဘူး ၊ သူ က ဗိုလ်နည်းနည်း ဆန်မယ် ထင်တယ် ၊ ဟီဟိ ၊ အဲ မြရီနွယ် ကလဲ အမိုက်စားကြီးပဲ ၊ သူ့ ကို ရလဲ ခိုင်တာပဲ ၊ အိမ် ထဲ က အိမ်ပြင် တောင် ထွက်ဖို့ မလိုတော့ဘူး ”
ကိုယ့် အတွေး နှင့် ကိုယ် ကြည်နူးရင်း တထိတ်ထိတ် ဖြစ်နေမိသည် ။
“ အို ဘယ်သူ ဖြစ်ဖြစ် ဟိုကောင်တွေ ကို တော့ ကြွားကောင်းပြီ ၊ ဟိဟိ ”
သူ့ စိတ်ကူးယဉ် ထဲ မှာ ဒါလဲ ပါသည် ။
မိန်းမလှလေး ကို လက်ချင်း ချိတ်၍ သူငယ်ချင်းတွေ ရှေ့ ပြေးလွှား ပြ ရခြင်းကလဲ အရသာ တစ်မျိုးပင် ဖြစ်လိမ့်မည် ။
“ အင်း တစ်ယောက် ကို လက် လွှတ်ရမှာ တော့ နှမြောစရာ ”
ဒါလေးကလဲ ပါ လိုက်သေးသည် ။ ဖြစ်နိုင်လျှင် တိုင်းပြည်တစ်ဝက် လောက် ကို လက် မလွှတ်ချင် ။ ( ဒါက ကျွန်တော့် စိတ်ကူးပါဗျ ) မည်သူမဆို ရသလောက် အကောင်းစားတွေ လိုချင်သူတွေ ချည်းပဲ မဟုတ်လား ။
“ တီတီတီ တီတီတီ ”
မက်ဆေ့ချ် ဝင်သံ ။ ထူးနိုင် ရင်ထဲ လှိုက်ခနဲ ဖြစ် သွားသည် ။
“ ဒါ တစ်ယောက် ယောက် အဖြေ ပေးတာပဲ ၊ ဟီဟိ ”
ကမန်းကတန်း ဖွင့် ကြည့် လိုက်တော့
“ ဟာ ”
သူဇာချို ဆီ မှ မက်ဆေ့ချ်
“ Go together ”
“ ဟား ”
ထူးနိုင် ထ ခုန်မိမတတ် ဝမ်းသာ သွားသည် ။
“ တစ်ကောင်တော့ သေချာပြီ ဟီဟိ ”
ဆိုကာ ကပင် က မိ မတတ် ဝမ်းသာ သွားသည် ။ ကျေးဇူး ကြီးလှသော တယ်လီဖုန်း ကို အာဘွား ပေးရန် နှုတ်ခမ်း အစူ
“ တီတီတီ တီတီတီ ”
“ ဟင် ”
နောက်ထပ် ဝင်လာသော မက်ဆေ့ချ် တစ်ခု ။ ဖွင့် ကြည့်လိုက်တော့ ။
မြရီနွယ် ထံ မှ မက်ဆေ့ချ် ။ မြန်မာလို ပီပီသသ ရေးထားသည် က
“ လိုက်မယ် ”
“ ဟာ ”
ထူးနိုင် ကတုန်ကယင် ဖြစ်သွားသည် ။ ဆံပင် အပါအဝင် ရှိသမျှ အမွေး အကုန် ထောင် ကုန်၏ ။ ကြီးတက် လာသော ခေါင်းနပန်း ကို လက်ဖြင့် အုပ်ကိုင်ပြီး
“ ဟာ သွားပြီ သွားပြီ ဒုက္ခတော့ များပြီ ”
နှစ်ယောက်ပူးကြီး က လိုက်မည် ဆိုတော့ မည်သို့မည်ပုံ ကြံဆောင်ရမည် မသိ ။
“ ဒုက္ခပါပဲ ၊ ငါ ဒီ နှစ်ယောက် နဲ့ ဗျာများ ပြီ ထင်တယ် ”
မည်သို့ လုပ်ရမည်ကို လဲ မတွေးတတ်တော့ ။ ခါတိုင်း ပန်းခြံ ထဲ ပလာဇာ ထဲ ပတ်ပြေးတာ က ရ သေးသည် ။ ခိုးရာ လိုက်လာမည် ဆိုလျှင် မည်သို့ ပတ်ပြေးရမည်နည်း ။ ထူးနိုင် မစဉ်းစားနိုင်တော့ ။
ထို့ကြောင့်
တယ်လီဖုန်း ကို ပြန် ဖွင့် လိုက်သည် ။ ခလုတ်တစ်ချို့ ကို နှိပ်လိုက်သည် ။
ထို့နောက်
“ ဟဲလို မိုးမောင် လား ၊ ငါ ထူးနိုင် ပါ ”
••••• ••••• •••••
အားလုံး မက်ဆေ့ချ်များ ကို ကြည့်ပြီး ကြက်သေသေကုန်၏ ။ ဘယ်သူမှ လဲ မစဉ်းစားတတ် ။ ဘယ်သူမှ လဲ ဒီလောက် တိုက်ဆိုင်မှု မျိုး ကြုံဖူးကြလိမ့်မည် မဟုတ် ။ အထူးသဖြင့် တစ်ခါမှ အိမ်ထောင်ရေး အတွက် မစဉ်းစားဘူးသော လူငယ်လူရွယ်များ အတွက် ဆို ပို ခက် နေပေလိမ့် မည်သာ ။
“ မင်း ဟာ ကြပ်နေတာလား ”
အောင်သက် က စကား စသည် ။ ထိုတော့မှ အားလုံး လှုပ်လှုပ်ရှားရှား ပြန် ဖြစ်သွားပြီး
“ အေး အဲဒါပဲ ဖြစ်နိုင်တယ်ကွ ၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ နှစ်ယောက် တစ်စုံတစ်ခု နဲ့ ပတ်သက်မှု ရှိနေတယ် ဆိုတာ သေချာတယ် ”
မိုးမောင် က ထောက်ခံသည် ။
“ ဖြစ်နိုင်ချေတော့ များ နေပြီ ၊ ဘာကြောင့်လဲ ဆိုတော့ ချိန်းတွေ့တော့ လဲ တစ်ချိန်တည်း ၊ အဖြေ ပေးတော့လဲ တစ်ချိန်တည်း ၊ ခိုးရာလိုက်မယ် ဆိုတော့လဲ တစ်ချိန်တည်း ”
သိန်းစိုး က ဝင်ပြောသည် ။ မိုးမောင် က ဆရာကြီးဟန် နှင့် လမ်းလျှောက်ပြီး
“ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ နှစ်ယောက် ဆက်စပ်မှု ရှိတာ သိသာ နိုင်တယ် ၊ ဘာလို့လဲ ဆိုတော့ မင်းတို့ လဲ စဉ်းစားကြည့် ”
အားလုံး စဉ်းစား ကြည့်ကြသည် ။
“ အဖြေ ပေးတုန်းကလဲ လူချင်း တွေ့တုန်း အဖြေ ပေးတာ မဟုတ်ဘဲ အိမ် ပြန်ရောက်မှ မက်ဆေ့ချ် ပို့ပြီး အဖြေ ပေးခဲ့တယ် ၊ ဒါ မသင်္ကာစရာပဲ ”
အားလုံး ခေါင်းညိတ် ကြသည် ။
“ ဘာကြောင့်လဲ ဆိုတော့ ချက်ချင်း အဖြေပေး လိုက်ရင် သူတို့ အဖြေ မတူမှာ စိုးလို့ ပြန် တိုင်ပင်တဲ့ သဘောပဲ ”
အားလုံး ခေါင်းညိတ်ကြ ပြန်သည် ။ မိုးမောင် က ဆက်၍
“ အခုလဲ စဉ်းစားကြည့် ”
စဉ်းစား ကြည့်ကြပြန်သည် ။
“ ခု ခိုးရာ လိုက်မယ် ဆိုပြန်တော့လဲ ချက်ချင်း အဖြေပေးခဲ့တာ မဟုတ်ဘဲ အိမ်ပြန် ရောက်မှ တစ်ပြိုင်တည်း မက်ဆေ့ချ် ပို့ပြီး အဖြေ ပေးခဲ့ပြန်တယ် ၊ ဒါကို ကြည့်ခြင်းအားဖြင့် လဲ သူတို့ နှစ်ယောက် အသေအချာ ပြန် တိုင်ပင် ပြီးမှ လုပ်ခဲ့တယ် ဆိုတာ သေချာတာပဲ ၊ နောက်ပြီး ပလာဇာ မှာ သူတို့ နှစ်ယောက် တိုက်မိပြီး တစ်ခု ခု ကပ်ပြီး မပြောခဲ့ဘူး လို့ မပြောနိုင်ဘူးလေ ၊ ငါတို့ လုပ်တာလဲ ဒီလောက် ပိရိခဲ့တာ မှ မဟုတ်တာ ”
ထူးနိုင် ဇဝေဇဝါ ဖြစ် သွားသည် ။ ဖြစ်စဉ် အားလုံး ကို ပြန် စဉ်းစားမိသည် ။
ပထမဆုံး အက်ဆီးဒင့် ဖြစ်တော့ မြရီနွယ် နှင့် တွေ့သည် ။ ပြီးတော့ သူဇာချို က လာ ရှာသည် ။ ဒီက အစ ရိုးသားသော တိုက်ဆိုင်မှု သို့မဟုတ် လှည့်ကွက် လဲ ဖြစ်နိုင်သည် ။
နေ့စဉ် အချိန်ကလေးပဲ မတူဘဲ နှစ်ယောက်လုံး နှင့် တွေ့ နေသည် ။ ဒါ ကလဲ အချင်းချင်း လက်ဝါးရိုက်ပြီး အချိန် ခွဲထားတာလဲ ဖြစ်နိုင်သည် ။ ဥပမာ အနေနဲ့ သာ စဉ်းစား ကြည့်သည် ။
“ ဟေ့ ဟိုကောင့် အခြေအနေ ဘယ်လိုလဲ ”
“ ငါ့ ကို တော့ ဒီနေ့ အဖြေ တောင်းပြီ ၊ နင့် ကို ရော ”
“ ငါ့ ကို လဲ အဖြေ တောင်းလိုက်တယ် ”
“ ဟင်းဟင်း သူ့ ကိုယ် သူ လည်လှ ထင်နေတာ ”
“ ဒါဆို တို့ ဘယ်လို လုပ်မလဲ ”
“ သူ့ နောက် ဆက်မျှော လိုက်နေရင် ကောင်းမလား လို့ ၊ ပိုင် မှ ဖြတ်ချ
တာပေါ့ ”
“ အေး အဲဒါ ကောင်းတယ် ၊ ဒါဆို ငါ မက်ဆေ့ချ် ပို့လိုက်မယ် ”
“ ငါ လဲ ပို့လိုက်မယ် ၊ အိုကေ သူငယ်ချင်း ”
“ ဘိုင် ”
“ တီတီတီ တီတီတီ ”
“ I Love You ”
“ ချစ်ပါတယ် ”
ထူးနိုင် လန့်ပြီး ထ ခုန်မိသည် ။ ဒါကို ဘေးနား က သူငယ်ချင်းများ က
“ အာ လန့်လိုက်တာကွာ ၊ ဘာဖြစ်တာလဲ ”
ထူးနိုင် က နဖူး ထက် မှ စိမ့်ထွက် လာသော ချွေးများ ကို သုတ်ပြီး ကတုန်ကယင် ဖြင့်
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ မင်းတို့ ပြောတာ ဖြစ်နိုင်တယ် ၊ ဒီ နှစ်ယောက် တစ်နည်းနည်း နဲ့ ကို ပတ်သက်မှု ရှိနိုင်တယ် ”
သူ့ စကား ကို သိန်းစိုး က
“ ရှိနိုင်တာ မဟုတ်ဘူး ၊ ရှိကို ရှိလိမ့်မယ် ၊ သေချာတယ် ”
ထူးနိုင် ကတုန်ကယင် ဖြစ်သွားသည် ။
“ ဘာ ဘာကြောင့် ငါ့ ကို မှ ရွေးပြီး လုပ်တာလဲ ”
အားလုံး မျက်မှောင်ကြုတ် ကုန်၏ ။ အောင်သက် က
“ အင်း အကြောင်း တစ်ခု ခု တော့ ရှိမှာ ပေါ့ ”
ထူးနိုင် ခေါင်းကုတ်သည် ။
“ အဲဒီ အကြောင်း ကို ငါ စဉ်းစား မရ ဖြစ်နေတယ် ”
မိုးမောင် က ဝင်၍
“ မင်း မမှတ်မိတော့တဲ့ အကြောင်းအရာ လဲ ဖြစ်နိုင်တယ် ၊ ဥပမာ ငယ်စဉ် က ဆိုရင်ရော ”
ထူးနိုင် ပြန်စဉ်းစားသည် ။ ဘယ်လိုမှ ပြန် စဉ်းစား မရ ။
“ ငယ်စဉ်က ငါ ရွာပဲ နေခဲ့တာ ၊ ဆယ်တန်း အောင် မှ ရန်ကုန် ရောက် တာလေ ၊ သူတို့ နဲ့ ဘာ ပတ်သက်မှာ လဲ ”
“ မိဘ အဘိုးအဘွား တွေ ရော ”
“ ဒါလဲ ငါ ဘယ်သိနိုင်မလဲ ၊ သူတို့ ကိစ္စကို ”
အားလုံး ဇဝေဇဝါ ဖြစ်ကုန်သည် ။ မှန်၏ ။ မိဘ လက်ထက် က ကိစ္စ ဖြစ်လျှင် တောင် ဘယ်လိုမှ မသိနိုင် ။ ထို့ကြောင့်
“ ထားပါကွာ ၊ ဘာကိစ္စပဲ ရှိခဲ့ ရှိခဲ့ပေါ့ ”
“ ဒါ ဒါဆို ငါ ဘာလုပ်သင့်လဲ ”
မိုးမောင် က သက်ပြင်း ချသည် ။
“ အခု မင်း လဲ သိနေပြီဟာကွာ ၊ ဒီတော့ ကိုယ့် ဖက် က ခံနိုင်အောင် ဘယ်လို ပြင်ဆင်ထားမယ် ဆိုတာ စဉ်းစားထားပေါ့ ”
ထူးနိုင် အသက် ကို ခပ်ပြင်းပြင်း ရှူသည် ။
“ အေးကွာ ၊ သူတို့ ဘာကြောင့် ငါ့ ကို ဒီလို လုပ်တယ် ဆိုတာ စဉ်းစား လို့ ကိုမရဘူး ”
အောင်သက် က ထူးနိုင် ပခုံး ကို ကိုင်ပြီး
“ တဖြည်းဖြည်း တော့ သိလာရမှာ ပဲကွာ ၊ စိတ်သာ လျှော့ထားပါ ၊ ငါ ထင်တယ် ၊ ဒီည မှာ တော့ မင်း ကို အပိုင် ဆော်ဖို့ လုပ်ထားတာ နဲ့ တူတယ် ”
ထူးနိုင် စဉ်းစားကြည့်တယ် ။ ဖြစ်နိုင်သည် ။ ညမှောင်မှောင် မှာ သွား ခိုးချိန် မှ လူစုပြီး ဝိုင်းရိုက် ။ စိတ် မလျှော့ဘဲ နောက် တစ်အိမ် သွား ၊ ထို အိမ် မှ လဲ ဝိုင်းရိုက် ။ ခေါင်းကွဲ ၊ ထိပ်ပြဲ ၊ ဆေးရုံရောက် ။
ခေါင်း ကို ပင် ခါလိုက် မိသည် ။
“ ဒါ ဆိုရင်တော့ သေပြီ ၊ မသေရင်တော့ အတိတ် မေ့ပြီ ”
ထူးနိုင် ခေါင်းတွေ ပါ မူးနောက် နေသည် ။ ဘာကိုမှ စဉ်းစားလို့ မရ ။ ဒါကို မိုးမောင် က ပင်
“ ကဲ ဒါဖြင့် ဒီည ကိစ္စ ဘယ်လို လုပ်မလဲ ”
အားလုံး ငြိမ်သက် ကုန်ပြန်၏ ။ ထူးနိုင် ကို ကြည့်ကြသည် ။ ထူးနိုင် က တော့ ဘာကိုမှ မစဉ်းစား နိုင်တော့ ။ ခေါင်း သာ ခါနေမိသည် ။ ဒါကို သိန်းစိုး က
“ ဒီလိုလုပ်ကွာ ”
သိန်းစိုး ကို ကြည့်ကြ ပြန်သည် ။
“ ဒီည ဆယ်နာရီ ၊ သူတို့ ကို ချိန်းထားတဲ့ အတိုင်း သွား ခိုးမယ် ”
“ ဟင် ”
ထူးနိုင် မျက်လုံး ပြူး သွားသည် ။ နောက် သူ့ ခေါင်းကို သူ ကိုင်ပြီး
“ ဟင် အဲဒါဆို ငါ့ ကို ဝိုင်းရိုက်မှာ ပေါ့ ”
သိန်းစိုး မှ ဆက်၍
“ ဒါပေမယ့် ထူးနိုင် မသွားနဲ့ ”
“ ဘာ ”
“ ဟင် ”
“ မင်း အစား ငါတို့ သွားပြီး ခိုးကြမယ် ”
“ ဒါဆိုရင် ”
“ ဥပမာ မင်း ကို အငြိုးအတေး ထားပြီး လူစုပြီး ဝိုင်းရိုက်မယ် ဆိုရင် တောင် မင်း မဟုတ်ဘဲ ငါတို့ ဖြစ်နေရင် သူတို့ လက်လျှော့ သွားမှာ ပေါ့ ၊ ဟုတ်ဘူးလား ”
အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည် ။ ထိုအကြံ က ထူးနိုင် အတွက် သိပ် မဆိုးသည့် အနေအထား ကို ။
“ မင်း အနေနဲ့ လဲ စိတ်လျှော့ပြီး ပြင်ဆင် ထားလို့ ရတာပေါ့ ၊ ဟုတ်ဖူးလား ”
“ ဒါနဲ့ မင်းတို့ သွားမယ်ဆို ဘယ်လို ပြောပြီး သွားမှာ လဲ ”
“ ထူးနိုင် အဒေါ် တစ်ယောက် ဒီည မှ အသဲအသန်ဖြ စ်လို့ ဆိုပြီး ပြောမှာ ပေါ့ ”
ထူးနိုင် အားလုံး ကို ဝေ့ ကြည့်သည် ။
“ ငါ့ မှာ အဒေါ် မှ မရှိတာ ”
“ သူတို့ လဲ သိမှ မသိတာ ”
ဟုတ်သား ။ နှစ်ယောက်လုံး ထူးနိုင် အကြောင်း သိမှ မသိကြတာ ။ ပြီးမှ သက်ပြင်း ချကာ
“ ကျေးဇူးပဲ သူငယ်ချင်းတို့ ရာ ၊ မင်းတို့ သတိပေးတာ ရော ၊ ကူညီတာ ရော ကျေးဇူး တင်ပါတယ်ကွာ ”
“ ကဲ ဒါဆို ဒီည ”
“ ခိုးကြတာပေါ့ ”
ထူးနိုင် က ဘာမှ မပြောနိုင်တော့ ။ စိတ် လျှော့ပြီး ငြိမ် နေလိုက်သည် ။ လက်ချင်းရိုက်သံတော့ ဖောင်းခနဲ ။
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment