❝ လဲနေသူ ကို ထူပေးပါ ❞
မူးယစ်ဆေးစွဲသူ လူငယ်တွေ ကို ပြန်လည် ထူထောင် စောင့်ရှောက် ပေးနေသူ အဖြစ် ဒေါ်မြင့်မြင့်သန်း ကို ကျွန်တော် စတင် တွေ့ဆုံရတာပါ ။
သူ နဲ့ စကားစမြည် ထိုင် ပြောရင်း သူ့ မှာ သား နှစ်ယောက် ၊ သမီး တစ်ယောက် ရှိကြောင်း ၊ လူငယ်လေးတွေ ကို သားချင်း ၊ သမီးချင်း စာနာစိတ် နဲ့ မူးယစ်ဆေးနွံ မနစ်အောင် သူ တတ်စွမ်း သလောက် လုပ်ကိုင် နေတာ ကို သူ ပြောပြတယ် ။ သူ့ ဘဝ သူ့ ကိုယ်ရေး ကိုယ်တာ တွေ ပြောပြရာမှာ ပင်ပန်းခက်ခဲစွာ ရုန်းကန် လှုပ်ရှားရတဲ့ ဘဝ တစ်စိတ်တစ်ဒေသ ကို လည်း သိခွင့် ရတယ် ။
အားနဲ့ မာန်နဲ့ ဘဝ ကို တည်ဆောက် နေတဲ့ လူ တစ်ယောက် အကြောင်း ကို ဒေါ်မြင့်မြင့်သန်း က ယခုလို ပြောပြပါတယ် ။
••••• ••••• •••••
ကျွန်မ ကို ကြည့်မြင်တိုင် မှာ မွေးပေမယ့် တစ်လသမီး အရွယ် ကတည်း က စမ်းချောင်း မှာ နေတဲ့ အဖေ ရဲ့ အမေ အဘွား က ခေါ် မွေးထားလို့ စမ်းချောင်းသူ ဖြစ်ရတယ် ။
အဘွား မှာ သားသမီး လေးယောက် ရှိပေမယ့် ကျွန်မ အဖေ ကို အချစ်ဆုံး ဖြစ်လို့ အဖေ အိမ်ထောင် ကျတော့ ပထမဆုံး မွေးတဲ့ မြေး ကို အဖေ့ အစား ပြန်ယူ လိုက်တာလို့ အဘွား က မကြာခဏ ပြောတတ်တယ် ။ အဖေ က လည်း အိမ်ခွဲ နေပေမယ့် အလုပ် သွားတဲ့ အချိန် က လွဲရင် အဘွားအိမ် မှာ လာနေတာ ၊ အိပ်တဲ့ အချိန် မှ အိမ် ပြန်တယ် ။ ဒါကြောင့် ကျွန်မ က အဖေ နဲ့ အဘွား ကို ပိုပြီး သံယောဇဉ် ရှိတယ် ။
အဖေ က ကျွန်မ ကို ချစ် ပေမယ့် ကျောင်းစာ နဲ့ ပတ်သက်ရင် အလို မလိုက်ဘူး ။ အဖေ ကျေနပ်အောင် ပထမ ရဖို့ ကျွန်မ ကြိုးစားခဲ့ရတယ် ။ ဒါကြောင့်လဲ အတန်း ထဲ မှာ စာတော်တယ် ဆိုပြီး ဆရာမတွေ က အတန်းခေါင်းဆောင် ခန့်ခဲ့ကြတာ ။ တက္ကသိုလ် နောက်ဆုံးနှစ် ရောက်တဲ့ အထိ ပါပဲ ။ အရပ် ရှည်ပြီး မှုန်တေတေ နေတတ်တဲ့ ရုပ်ကြောင့် လည်း ခန့်တာ ဖြစ်မယ် ထင်တယ် ။
ငါးတန်း ကျောင်းပိတ်ရက် မှာ အလုပ် နဲ့ နယ် ကို ပြောင်းရတဲ့ ဦးလေး တစ်ယောက် က စာအုပ်သေတ္တာ နှစ်လုံး ကျွန်မ တို့ အိမ် ကို ခေတ္တ လာ အပ် ထားတယ် ။ နွေ ကျောင်းပိတ်တဲ့ ရက် အတွင်း မှာ စာအုပ်သေတ္တာ နှစ်လုံး ဖတ်လို့ ကုန် သွားတယ် ။ သည်မှာတင် ကျွန်မ ရဲ့ ဘဝလမ်းကြောင်း ပေါ် လာတယ် ထင်တယ် ။ စာအုပ်တွေ က အင်္ဂလိပ်နယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန် ကို တော်လှန်တဲ့ သမိုင်း နောက်ခံ ဝတ္ထုတွေ များတယ် ။ ဂျာနယ်ကျော် ဒေါ်မမလေး ၊ ဒေါ်ခင်နှင်းယု ၊ ဒေါ်ခင်ဆွေဦး တို့ စာအုပ်တွေ ကို အမှတ်ရ နေတယ် ။
စာတွေ ဖတ်ပြီး ဒို့ဗမာအစည်းအရုံးဝင် ၊ အာရှလူငယ် အသင်းဝင် ဖြစ်ချင်ခဲ့ သလို သခင်မကြီး လည်း ဖြစ်ချင်လာတယ် ။ စိတ် ထဲမှာ ရှိနေတာကို အဖေ့ ကို ပြောပြမိတယ် ။ လွတ်လပ်ရေး ကြိုးပမ်းမှု မှာ ပါခဲ့ချင်လိုက်တာလို့ ။ အဖေ က ကျွန်မ ကို ကြည့်ရင်း လွတ်လပ်ရေး ကြိုးပမ်းချိန် မှာ သမီး မမွေးသေးလို့ မပါခဲ့ ရပေမယ့် လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း နိုင်ငံ ထူထောင်ရေး လုပ်နေချိန် မှာ ပြည်သူ့ အကျိုးပြုလုပ်ငန်း ၊ လူမှုဝန်ထမ်းလုပ်ငန်းတွေလုပ်ဖို့ ပြောတယ် ။ အဖေ လမ်းညွှန် လို့ ကျွန်မ ကြက်ခြေနီတပ်ဖွဲ့ဝင် ဖြစ် လာတယ် ။
အဲသည့် အချိန် က ကြက်ခြေနီလုပ်ငန်း ကို ပဲ ကျွန်မ စိတ်ဝင်စားခဲ့တယ် ။ အိမ် မှာ အဘွား နေမကောင်း တာ ကို တော့ ဘာမှ မကူညီဘဲ အခမ်းအနား တစ်ခု မှာ မြောင်း ထဲ လိမ့်ကျပြီး ခြေကျိုး သွားတဲ့ အိမ် မှာ အဖော် မရှိတဲ့ ဆရာမကြီး တစ်ယောက် ကို နှစ်လ လုံးလုံး သွားပြီး ကူညီပေးခဲ့ဖူးတယ် ။ ကိုးတန်း အတန်းတင် စာမေးပွဲ ဖြေဖို့ ရက်ပိုင်းပဲ လိုတဲ့ အချိန် ညခုနစ်နာရီ လောက် အိမ် အနီးအနား မှာ မီးလောင်တယ် ။ အိမ် က ဘာပစ္စည်းမျှ ကူသယ် မပေးခဲ့ဘဲ စိန်မေရီ မျက်မမြင်ကျောင်း ကို ကြက်ခြေနီ ဝတ်စုံ ဝတ်ပြီး အပြေး သွားလို့ အဒေါ်တွေ က ဝိုင်းပြီး မေတ္တာပို့ကြ တယ် ။
စာ သိပ် မကျက်ဘဲ စာမေးပွဲ ဖြေ ခဲ့တော့ ဆယ်တန်း မှာ အမှတ် မကောင်းခဲ့ဘူး ။ အဖေ က တက္ကသိုလ် တက် စေချင်လို့ ရန်ကုန် ဒေသကောလိပ် မှာ ပထမနှစ် ကျောင်း စ တက်ရတယ် ။ မြင်း ကို ချိုတပ် ပေးလိုက်တာလို့ အဒေါ်တွေ က ပြောတယ် ။ သူတို့ ပြောချင်စရာပါပဲ ၊ ကြက်ခြေနီအသင်း အပြင် အခြား အသင်းတွေ အများကြီး မှာ ပါခဲ့တယ် ။ ကျောင်း တက်တယ် သာ ဆိုတယ် စာသင်ခန်း ထဲ မှာ ကျွန်မ သိပ် မရှိဘူး ။ အနုပညာအသင်း ၊ ဘော်လီဘော ၊ ဗုဒ္ဓဘာသာအသင်း ၊ စာတတ်မြောက်ရေးအသင်း အဖွဲ့စုံ မှာ အတွင်းရေးမှူး တာဝန် ယူတယ် ။
သည်လိုနဲ့ ဒေသကောလိပ် ကနေ စံပြကြက်ခြေနီ ပထမအကြိမ် ရတယ် ။ စမ်းချောင်းမြို့နယ် အနေနဲ့ နှစ်ကြိမ် ထပ်ရတယ် ။ ရန်ကုန်တိုင်း က စံပြ ကြက်ခြေနီ သုံးထပ်ကွမ်း ဆိုပြီး သူများတွေ က ကျွန်မ ကို အားပေးကြတယ် ။ အိမ် က လူတွေ က တော့ ကျွန်မ ကို အမြင် သိပ် မကြည်ဘူး ။ တက္ကသိုလ် တက်ရင်း စာမတတ်သူ ပပျောက်ရေး လုပ်အားပေး ၊ ရပ်ဝေး အခြေစိုက်စခန်းလုပ်အားပေး ၊ သင်တန်းမျိုးစုံတက် ၊ စခန်းမျိုးစုံ ရောက်ခဲ့တယ် ။ သည် ကြားထဲ မှာ ကျောင်းနံရံကပ်စာစောင် ၊ လက်ကမ်းစာစောင် နဲ့ မဂ္ဂဇင်းတွေ မှာ စာတွေ ဝင်ရေးတယ် ။ ကဗျာစာအုပ် ထုတ်တယ် ။ လုပ်ချင်တာတွေ များလွန်းလို့ သူများတွေ လေးနှစ် တက် ရတဲ့ ကျောင်း ကို ကျွန်မ ရှစ်နှစ် တက်ခဲ့ရတယ် ။
တက္ကသိုလ် မှာ နောက်ဆုံးနှစ် စာမေးပွဲ ဖြေခါနီး အဘွား နေမကောင်း ဖြစ် တယ် ။ အဘွား က သူ မျက်စိ မမှိတ်ခင် ကျွန်မတို့အိမ် ကို ဝင်ထွက် နေတဲ့ ကျွန်မ နဲ့ ဝါသနာ တူတဲ့ ကျွန်မ ရဲ့ သူငယ်ချင်း နဲ့ အိမ်ထောင်ချ ပေးတယ် ။ ကျွန်မ မင်္ဂလာ ဆောင်ပြီး တစ်ပတ် အကြာ မှာ အဘွား ဆုံးပါတယ် ။ ၁၉၈၅ ခု မှာ ကျွန်မတို့ လက်ထပ်တာပါ ။
အဲသည့် အချိန်က စပြီး ဒုက္ခဆိုတာ စ သိရတော့တာပဲ ။ ၁၉၈၈ ခုနှစ် မှာ သားကြီး မောင်စိုပြေ ကို မွေး အပြီး ကျွန်မတို့ မှော်ဘီ က ယောက္ခမ ရဲ့ ခြံ ကို ပြောင်း နေတယ် ။ ကလေးတွေ အဖေ က ရန်ကုန် က ရုံး တစ်ရုံး မှာ အလုပ် လုပ်ပြီး တစ်ပတ် မှ တစ်ခါ ပြန် လာတယ် ။ သားငယ် မောင်တိုးဝေ ထပ် မွေးတယ် ။ သမီးငယ် ခင်ရတနာ ကိုယ်ဝန် သုံးလ လောက် မှာ သူ ပြန် မလာတော့ဘူး ။
သားကြီး က ငါးနှစ် ၊ သားငယ် က နှစ်နှစ်ခွဲ ပေါ့ ။ အိမ်ထောင် နဲ့ ကွဲတော့ ကျွန်မ လက်ထဲ ငွေ တစ်ဆယ် တောင် မရှိဘူး ။ သည်မှာတင် အပေါင်ဆိုင် နဲ့ ကျွန်မ မိတ်ဆွေ စ ဖွဲ့ ရတော့တာပဲ ။
မှော်ဘီနဲ့ ၁၂ မိုင် ဝေးတဲ့ ရွှေမြရာရွာ ခြံ ထဲ မှာ တဲကလေး တစ်လုံး ထိုးပြီး ကျွန်မတို့ သားအမိ တစ်တွေ နေကြတယ် ။ တစ်ရွာလုံး မှာ ကျွန်မ ရဲ့ ဆွေမျိုး သားချင်း တစ်ယောက် မျှ မရှိဘူး ။ ကျွန်မ ဘာ လုပ်ရမလဲ စဉ်းစားတယ် ။ ခြံ ထဲ မှာ မြေပိုတွေ ရှိ နေတော့ မျိုးစေ့တွေ ဝယ်ပြီး စိုက်တော့တာပေါ့ ။
သမီး ကို မွေး ရတာ သားတွေ မွေး တုန်း ကလို သိပ် မလွယ်ဘူး ။ အာဟာရ မပြည့်တာ လည်း ပါမှာပေါ့ ။ သမီး နှစ်လ အရွယ် လောက် မှာ ကျွန်မ အိပ်ရာ ထဲ လဲပြီး နေမကောင်း ဖြစ်တယ် ။ အခြေအနေ ကတော့ ညဘက် ဖယောင်းတိုင် ထွန်း ဖို့ တောင် ဝယ်စရာ ငွေ မရှိဘူး ။
သားကြီး က ချဉ်ပေါင်ရွက် ၊ ကန်စွန်းရွက်တွေ ခူး လာ ပြီးတော့ ကျွန်မ အိပ်ရာ ဘေး လာ စည်းခိုင်းတယ် ။ သူ ဈေး ကို သွား ရောင်း မှာတဲ့ ။ ကလေး က ငါးနှစ်သား ပဲ ရှိသေးတယ် ။ သူ့ ကို ခိုင်းချင်တာ မဟုတ်ပေမယ့် သည်လို မလုပ်ရင် မဖြစ်တော့ဘူး ။ နောက် မနက် မှာ သူ အိပ်ရာ က နိုး မှာ မဟုတ်ဘူး ထင်ပေမယ့် အုန်းမောင်းခေါက်တာ နဲ့ လူးလဲ ထပြီး ထွက် သွားတယ် ။ ပြန် လာတော့ ဗန်း ထဲ မှာ ဆန် နည်းနည်း ၊ ပဲ နည်းနည်း ပါတယ် ။ ကျွန်မတို့ စားဖို့ မုန့်တွေ ၊ လက်ဖက်ရည် တွေ လည်း ဝယ်လာတယ် ။ သည်လိုပဲ သူ ရောင်း ကျွေးခဲ့တယ် ။
ကျွန်မ စိုက်ခဲ့တဲ့ အပင်တွေ မြို့ ကို ဖောက်သည်ယူ ပို့သူတွေ ကို ပေးတော့ ကုန် သာ ယူ သွားတယ် ။ ကုန်ဖိုးငွေ က မှန်မှန် ပြန် မရဘူး ။ တစ်ရက် မှာတော့ မင်္ဂလာဒုံဈေးကို ကျွန်မ ကိုယ်တိုင် သွား ရောင်းတယ် ။ မိုးတွေ က ရွာလို့ ၊ ကျွန်မ က ချဉ်ပေါင်ရွက်တွေ ထိုင် ရောင်း နေတယ် ။ အဲသည့် အချိန်မှာ လူ တစ်ယောက် က ချဉ်ပေါင်တွေ အကုန် ယူရင် ဘယ်လောက်လဲ မေးတယ် ။ ကျွန်မ က မျက်လုံး သိပ် မကောင်းဘူး ၊ ကျွန်မ က ဘယ်လောက်ပါ ပြော လိုက်တော့ သူ က ရော့ ပိုက်ဆံ လို့ ပေးတယ် ။ မော့ ကြည့် လိုက်တော့ ကျွန်မ သူငယ်ချင်း ၊ သူ က မရောင်းပါနဲ့ တဲ့ ၊ လိုတာ သူ ကူညီပါမယ် တဲ့ ။ ကျွန်မ သူများ အကူအညီ မယူချင်ဘူး ။ ဒါပေမယ့် မင်္ဂလာဒုံဈေး ကို တော့ သွား မရောင်းတော့ဘူး ။ အင်းစိန်ဘူတာရုံ ပြောင်း ပြီး ရောင်းတယ် ။
အင်းစိန်ဘူတာ မှာ ရောင်း ပြန်တော့ ကျွန်မ အဒေါ် နဲ့ တွေ့ ပြန်ရော ။ ချဉ်ပေါင်ရွက်တွေ ယူပြီး လွှင့်ပစ်တယ် ။ နင် ဘာဖြစ်လို့ သည်လို ရောင်းတာလဲ ၊ ငါတို့ အမျိုး ထဲ မှာ ဒါမျိုး မရှိဘူး လို့ ပြော လည်း ပြော ၊ ငို လည်း ငို ။ ဒါနဲ့ သူ့ ကို လက်ဖက်ရည်ဆိုင် ဆွဲခေါ် သွားပြီး ဘာလို့ ငိုတာလဲ ၊ ဈေး ရောင်းတာ ရှက်စရာ မှ မဟုတ်တာ ၊ ဘဝ မှာ ကြုံတာ ကို ရင်ဆိုင်ရမှာပေါ့ လို့ ။ ဈေး တော့ မရောင်းပါနဲ့ ၊ အခြား အလုပ် တစ်ခု ခု လုပ်ပါတဲ့ ။ လူ့ ဘဝ က အကွေ့ အကောက်တွေ များလိုက် တာ ၊ ဝတ္ထု ထက် ပို သေးတယ် ။ ကျွန်မတို့ သားအမိတွေ ထမင်း စားဖို့ အရေးတကြီး လိုအပ် နေတာ ကို ဘယ်သူ မှ နားမလည်ကြဘူး ။
သည် ကြားထဲ မှာ ဆိုင်းအဖွဲ့ နဲ့ လိုက်ပြီး သီချင်း ဆိုဖြစ်လိုက် သေးတယ် ။ ကျွန်မတို့ နေ တဲ့ ခြံ နဲ့ ကပ်လျက် မှာ ဆိုင်း ထောင် ထားတာ ရှိတယ် ။ ပင်တိုင်ခေါင်းဆောင် အဆိုတော် က အူအတက် ပေါက်လို့ အရေးပေါ် အဆိုတော် လို လို့ လာခေါ်ကြတာ ။ သီချင်း ဆိုပေးတဲ့ အတွက် ဆရာမ ကို ကန်တော့ပါမယ် လို့ စကားလှအောင် သူတို့ က ပြောပြီး စရန်ငွေ တစ်ထောင် ပေးတယ် ။ ကျွန်မ မှာ ပွဲဝင် တဲ့ အဝတ်အစား လည်း မရှိဘူး ။ ဒါနဲ့ ရန်ကုန် က သူငယ်ချင်း တစ်ယောက် ဆီ ပြေး ငှားပြီး ဝင် ဆိုတယ် ။
ကျွန်မ ငယ်ငယ်တုန်း က ပရိသတ် က ကိုယ့် ကို ဝိုင်း ကြည့်ခံရတာမျိုး ဖြစ်ချင်တယ် ။ အငြိမ့် က ချင်တယ် ။ ရုပ်ရှင်မင်းသမီး ဖြစ် ချင်တယ် ။ ယခု ဆိုင်း နဲ့ တွဲပြီး သီချင်း ဆိုတော့ ပရိသတ် က ကိုယ့် ကို ငေးချိန်မှာ သမီးငယ် နဲ့ သား နှစ်ယောက် က ဆိုင်း နောက်မှာ ။ သူတို့ ကို အိမ် မှာ ထားခဲ့လို့ မရဘူးလေ ။ ကျွန်မ က သီချင်း ဆိုရင်း ကလေးတွေ ကို လှည့် လှည့် ကြည့်မိတယ် ။ ဆိုင်း လူပြက် တစ်ယောက် က တို့ မင်းသမီး နောက် မှာ ရည်းစား လိုက်လာသလား မသိဘူးလို့ စကြတယ် ။ ငယ်ငယ် ကတည်း က စင်ပေါ် တက်ချင်လို့ ကျောင်း ကပွဲတွေ မှာ တက်ကဖူး ပေမယ့် ယခု ပွဲမှာ ပိုက်ဆံ ရပေမယ့် ဆိုချင်စိတ် မရှိတော့ဘူး ။ ဒါပေမဲ့ ဘ၀ဇာတ်ဆရာ အလိုကျ ဆိုရတာပါပဲ ။
သမီး သုံးနှစ် မပြည့် ခင် မှာ ကျွန်မ ရန်ကုန် ကို ပြောင်း ခဲ့တယ် ။ ဝမ်းကွဲ အစ်ကို တစ်ယောက် အကူအညီ နဲ့ ဂျာနယ် တစ်စောင် မှာ အယ်ဒီတာ လုပ်ရတယ် ။ ဂျာနယ် မှာ သတင်း တွေ ရေး ၊ စာတွေ ရေး ရင်း မူးယစ်ဆေး သုံးစွဲသူတွေ နဲ့ တွေ့ရတယ် ။ သူတို့ မိသားစုတွေ ရဲ့ သောကတွေ ၊ ဒုက္ခတွေ သိလာရတယ် ။ ကျွန်မ စေတနာ မူးယစ် ကြီးကြပ်ရေးမှူး သင်တန်း တက်တယ် ။
ကျွန်မ အဖေ က အရက် မသောက် ပေမယ့် ဆေးလိပ် သိပ် သောက်ပြီး အဆုတ် ကင်ဆာ နဲ့ ဆုံးတာ ။ အဖေ ခံစားရတာတွေ ကို မျက်စိ အောက် မှာ မြင်ခဲ့ ရတယ် ။ ဆေးလိပ် ရဲ့ ဆိုးကျိုး ကို လည်း သူများတွေ ကို မခံစားရစေချင်ဘူး ။ ဒါကြောင့် လူမှုဝန်ထမ်းဦးစီးဌာန က ရန်ကုန်တိုင်း စေတနာ မူးယစ်ကြီးကြပ် ရေးမှူးအသင်း ( ယာယီ ) ဖွဲ့ တဲ့ အခါ ကျွန်မ က တိုင်းအတွင်းရေးမှူး တာဝန် ယူရ တယ် ။
ဆေးသုံးတဲ့ သူတွေ ကို တွေ့ရင် နားလည် သဘောပေါက်အောင် ပြောပြပြီး ဆေးရုံ တက် ၊ ဆေးဖြတ် ကုသမှု ခံယူဖို့ အကြံ ပေးတယ် ။ ကူညီတယ် ။ လူ တစ် ယောက် ဟာ တစ်နေ့ နေ့ မှာ ဘဝသစ် ကို ပြန် စ နိုင်ရမယ်လို့ ကျွန်မ ယုံကြည် တယ် ။ လဲကျ သွားတာ ရှက်စရာ မကောင်းဘူး ။ ပြန် ထ လာနိုင်တာ ဂုဏ်ယူစရာ ကောင်းတယ် ဆိုတာ လူတွေ စိတ် ထဲမှာ ရှိနေစေချင်တယ် ။
◽ကျော်ရင်မြင့်
📚 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment