Monday, December 2, 2024

ရွေးလွန်းလို့


 ရွေးလွန်းလို့

( မဟာဆွေ )


“ ‘ တန်ခူးကုန် ကဆုန်ဆန်း ၊ ပျိုနုဖျန်းတဲ့ ပေါ်တော့မယ် ။ လူပျို့ အမေ ဆန် တစ်စိတ် နဲ့ မြမန်းသေလာ တောင်ပေါ် ထိပ်မှာ ၊ ပုန်းအိပ်ရမယ် ’ ဆိုတဲ့ တဘောင် လို မင်း လည်း ပုန်းအိပ်မှာလား ၊ ပျိုနုဖျန်း ကို ပဲ စောင့်ပြီး ယူမှာလား ။ ဝါဆိုဦး ကတည်း က ရွေးချယ်လိုက်တဲ့ ဇနီးလောင်း အခု နတ်တော် ဆန်းပြီး ၊ မှန်းချက်နဲ့ ကိုက်တာကို မတွေ့နိုင်ဘူး ”


အရပ် မနိမ့်မမြင့် ပိန်ပိန်ပါးပါး ၊ အသားဖြူဖြူ ၊ မျက်လုံးကောင်းကောင်း ၊ ဗိုလ်ကေ ကို သပ်ရပ်စွာ ဖြီးလျက် ၊ အညိုရောင် ဂျာကင်အင်္ကျီ ၊ ချောကလက်ရောင် သက္ကလပ် လုံချည်အကွက် ၊ ရှူးဖိနပ်အညို နှင့် စီးကရက် ကို ပါးစပ် တွင် ခဲထားသော အသက် ၂၅ နှစ် ခန့်ရှိ လူရွယ် တစ်ယောက် သည် ဖင်ဇိမ်ရှိသော ဆိုဖာ တစ်ခု ပေါ်တွင် ဖင်မြုပ်အောင် ထိုင်ကာ မျက်ချင်းဆိုင် တွင် ရှိ အသားလတ်လတ် ၊ မျက်လုံးမျက်ဖန်ကောင်း ၊ နှာတံပေါ် သန်မာထွားကျိုင်း ပုံ ရသော ရွယ်တူ သူငယ်ချင်း ဖြစ်သူအား ထိုင်လျှင် ထိုင်ချင်း စကားလေလျှောက် နှင့် ပြော၍နေ၏ ။ တေမိ ပမာ စကား နည်းလှစွာသော သူငယ်ချင်း ဖြစ်သူသည် လည်း ရောင်းရင်းဘက် သူငယ်ချင်း ကိုဘသော် ရောက်လာမှ ပါးစောင် ရှိ ပြုံးကြော ကို ပြင်လိုက်ကာ ...


“ ငါ ရွေးချယ်တဲ့ ကိစ္စမှာ ငါ တစ်ယောက်တည်း သာ မဟုတ်ဘူး ၊ မင်း ကိုလည်း စစ်ကူ တောင်းတာပဲဟာ ၊ မင်း မြင်ရင်လည်း ပြောပြမှ ပေါ့ကွ ”


“ မင်း က .. သိပ် ဇီဇာကျယ်တဲ့ အကောင် ၊ မင်း နာမည်တောင် မောင်မောင်လေး ဆိုတဲ့ အစား မောင်မောင်ရွေး လို့ ခေါ်လိုက်ချင်ဘိ ၊ မင်း မယ်တော်က လည်း ငါ့ ကို သာ အပူကပ်တာပဲ ၊ ငါ သာ ဖန်ဆင်းတတ်တဲ့ လူ ဆိုရင် အိုးမိုင်ဂေါ့ ဆိုပြီး မင်း အကြိုက် ဖန်ဆင်း ပေးပါရဲ့ကွာ ”


“ ဒီလောက်လည်း မဟုတ်ပါဘူးကွာ ၊ မန္တလေးမြို့ မှာ လူဦးရေ တစ်သိန်းငါးသောင်း ရှိတယ် မဟုတ်လား ။ ဒီ အထဲမှာ အပျို ဘယ်လောက် ရှိမလဲ ”


“ အို .. ငါ ဘယ်သိမလဲ ၊ သန်းခေါင်းစာရင်းမင်းကြီး ဦးကာစီ မေးပါလား ”


“ မေးဖို့ မလိုပါဘူး ၊ အနည်းဆုံး အပျို နှစ်သောင်း ရှိရမယ် မဟုတ်လား ၊ အဲဒီ နှစ်သောင်း ထဲက တစ်ယောက်တလေ က တော့ ရှိရမှာပေါ့ ၊ တကယ်လို့ မန္တလေး က မတွေ့ဘူး ဆိုရင် အမရပူရ ၊ စစ်ကိုင်း ၊ ရွှေဘို ၊ မုံရွာ ၊ မြစ်ကြီးနား ၊ ကသာ ၊ အထက်မြန်မာပြည် မှ မတွေ့သေးရင် ... ”


စကား မဆုံးခင် ကိုဘသော် က လက်ကာ ပြကာ “ ဟိုး.. ဟိုး ” ဟု အော်လိုက်လေ၏ ။ မောင်မောင်လေး ၏ မျက်နှာ ကို ကြည့်သော အခါ ရယ်စရာ ပြောနေခြင်း မဟုတ် ၊ ရှုတည်တည် နှင့် ပြောခြင်း ဖြစ်ရာ မယား တစ်ယောက် ကို မြန်မာပြည် တစ်ပြည်လုံး မှ ခေါင်းခေါက် ရွေးချယ်ယူမည် ဟူသော သဘော ကို ကိုဘသော် သည် ဝမ်းထဲ က ယားကျိကာ ရယ်ချင် လာ သဖြင့် သွားပေါ်အောင် ပြုံးရာ က တဟားဟား ဖြစ်၍ နေ၏ ။


“ ဟေ့ကောင် ၊ မင်း .. ရယ်စရာ ပြောနေတာ မဟုတ်ဘူး ”


မောင်မောင်လေး က ခပ်ဆတ်ဆတ် ပြောလိုက်သော အခါ အရှိန် နှင့် ပြေးလာသော မော်တော်ကား ကို ကျွီခနဲ မြည်အောင် ဘရိတ်အုပ် ရပ်လိုက် သကဲ့သို့ ကိုဘသော် သည် တဟားဟား ရယ်ရာ မှ ချက်ချင်း ရပ်သွားကာ မျက်နှာပိုးသ,တ်လိုက်၏ ။ မောင်မောင်လေး သည် ကျီစားသလို နှင့် ကိုဘသော် ၏ လက်ငါးချောင်း ကို သူ့ လက်ကြီး နှင့် ဆုပ်ကာ နှုတ်ဆက်သည် ကို ပင် “ အောင်မလေးဗျ ” အော်ရပေါင်း များခဲ့၏ ။ ကိုဘသော် အား မျောက်ကလေး တစ်ကောင် ကိုင်ရမ်း သလို ရမ်းခဲ့ ပေါင်းလည်း များခဲ့ရာ အဘယ်မှာ ပြောင်ချော်ချော် လုပ်ဝံ့အံ့နည်း ။ ကိုဘသော် လည်း မျက်နှာချို သွေးကာ ...


“ အနို့ကွာ .. လွန်ခဲ့တဲ့ လ က ရွှေမန်းသူ အပျိုချော တစ်ဒါဇင် နဲ့ သုံးယောက် စာရင်း တင်ပြခဲ့ပြီး ၊ မင်း မကြိုက်လို့ ပယ်ချခဲ့တယ် မဟုတ်လား ”


“ ငါ .. အရမ်း ပယ်တာ မှ မဟုတ်ဘဲ ၊ အကြောင်းနဲ့ ပယ်ချခဲ့တယ် မဟုတ်လား  ”


“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။ အခုတော့ တစ်လ အတွင်း ဒါဇင်ဝက် ပဲ စာရင်း ရတာကို ကိုယ်တော်မြတ် ဆီ အစီရင် ခံမလို့ လာတာပဲ ”


၎င်းတို့ နှစ်ဦး ရယ်မောပြောဆို တိုင်ပင်ပုံ ကို ဓာတ်မသိသူများ ကြားသိရက တမင် နောက်ပြောင် နေကြသည် ဟု ထင်ကြပေမည် ။ သို့ရာတွင် မောင်မောင်လေး သည် နောက်ပြောင်တတ်သူ မဟုတ် ၊ ကျောင်း ထွက်၍ မိဘ ထံ အလုပ်များ ကူညီ လုပ်ကိုင်ရာ က လက်တွေ့ နားလည်ပြီ ဖြစ်သဖြင့် လူကြီးများ က အလုပ် လွှဲမည် ။ အိမ်ထောင်ရေး နေရာချထားမည် ဆဲဆဲ ဖြစ်နေ သဖြင့် ဇနီးလောင်း ရွေးချယ်နေခြင်း ဖြစ်၏ ။


တစ်ယောက် ကို ပြ လိုက်လျှင် ယခုသာ လုံးကြီးပေါက်လှ ဖြစ်နေသေးတာ ၊ သား တစ်ယောက် ရရင် ကျသွားမယ့် အဆက်ပဲ ။ သူ ကတော့ မေးရိုး ကြီးပြီး နှာခေါင်း ပွတယ် ၊ ဒေါသ ကြီးလိမ့်မယ် ။ သူ က တော့ ဘီအေ အောင် ပေမယ့် အလွန် ညစ်ပတ်တယ် ၊ ခေါင်း မှာ သန်းတွေ ဗရပျစ်နဲ့ ၊ မျက်နှာကလေး ပြုပြင်လို့ လှသလို နေပေမယ့် လက်ပြင် ကုန်းတယ် ၊ ကျောရိုး မမာဘူး ၊ မျက်နှာ သနပ်ခါး နဲ့ ပေါင် သေးကြောင်းနဲ့ ဆိုတာမျိုး မလိုချင်ဘူး ။ သူ ကတော့ အဆက်အပေါက် ရုပ်ရည် တော်ပါရဲ့ ၊ သူ့ အမေ က အာကြမ်းတယ် ၊ အကျင့်ယုတ်တယ် ။ သူ့ အဖေ ကတော့ ဘိန်းကူးလို့ ကြီးပွားတာပဲ ။ မသန့်တဲ့ ပစ္စည်း နဲ့ ကြီးလာတာပဲ စသည်ဖြင့် မောင်မောင်လေး အပြစ် နှင့် မကင်းသော မိန်းမပျို ကား ရှာ၍ မတွေ့အောင် ဖြစ်၍ နေလေ၏ ။ ကိုဘသော် သည် နောက်ဆုံး စာရင်း ယူ ခဲ့သော ခြောက်ယောက် အနက် မောရဂီဝါ က တစ်ယောက် ၊ စကြာနွယ်စဉ် က တစ်ယောက် ၊ ပြည်ကြီးကျက်သရေ က တစ်ယောက် ၊ ပုလဲငွေရောင် က တစ်ယောက် စသည်ဖြင့် ရပ်ကွက်ခြောက်ရပ်ကွက် မှ ရွက်ပုန်းသီး စင်းလုံးချော ထင်မှတ်သူများ ကို ပြောဆို သော်လည်း ကိုမောင်မောင်လေး စိတ်တိုင်း မကျပါ ။ အမော သာ အဖတ်တင် နေ၏ ။


“ ကိုင်း .. သူငယ်ချင်း ၊ ငါတော့ .. မတတ်နိုင်ဘူး ။ နောက်ဆုံး အစီရင် ခံလိုတာက မင်း ကြိုက်တဲ့ အမျိုးအစား ကို စာ နဲ့ ရေးမှတ်ထားပါရစေတော့ကွာ ”


“ အစီရင်ခံလေး ဘာလေးနဲ့ ၊ မင်း က ပြောင်စရာ မှတ်သလား ။ ကဲ ငါ ကြိုက်တာ ပြောပြမယ် ။ သနပ်ခါး ၊ ပေါင်ဒါ နဲ့ အလှ မလိုချင်ဘူး ။ ကျန်းမာရေး နဲ့ ညီတဲ့ အလှရှိသူ ဖြစ်ရမယ် ။ အရပ် ၅ ပေ အနည်းဆုံး မြင့်ရမယ် ၊ ဒီထက် ပိုချင် ပိုပစေ ”


“ မဆွဲမိ လို ဟာကော ၊ ဟီး .. ဟီး .. အရပ် က ရှစ်ပေ ကျော်သတဲ့ ” ဟု ရယ်ရင်း ပြောရာ ..


“ အဲဒါမျိုးတော့ အခု မရှိနိုင်ပါဘူးကွာ ၊ ငါ ပြောတာ မှတ်ထားပါ ။ ရင် က အကျယ် လက်မ ၃၀ အနည်းဆုံး ရှိရမယ်  ”


“ လက်မ ၃ဝ ဆိုတော့ ရင်ချည့် သက်သက်လား ၊ ဟိုဒင်းရောလား ”


“ တယ် ခွမေးတဲ့ အကောင် ၊ ရင်ချည်းပေါ့ကွ ။ ပြီးတော့ .. မိဘမျိုးရိုး သန့်ရမယ် ၊ မျိုးရိုး ဆိုတာ ဝန်ကြီးချုပ် သမီး ၊ သူဌေး သမီး ၊ ဝန်ထောက် သမီး ၊ ဒါတွေ မဟုတ်ဘူး ။ အမိမျိုး အဘမျိုး ဟာ မဟုတ်မမှန်တာ ဘယ်တော့မှ မလုပ် ၊ မတရား စီးပွားရှာ ၊ ကိုယ် အမူအရာ ၊ နှုတ် အမူအရာ ချိုသာယဉ်ကျေးတဲ့သူများ က ပေါက်ဖွားတဲ့ ဟာမျိုး ဆိုတာ ”


“ သုဘရာဇာ ထဲ က မိဘ နှစ်ပါး ၊ ဒါမျိုး ဆိုရင် ကောဗျာ ”


“ ငါ ပြောတာနဲ့ ညီရင် ယူမယ် ၊ ဒုဋ္ဌဂါမဏိမင်း တောင် သုဘရာဇာ ရဲ့ သမီး ကို ယူသေးတယ် မဟုတ်လား ”


“ အေး .. အေး .. မိဘမျိုးရိုး နဲ့ ရုပ်တော့ သိပြီ ၊ ပညာ က ကော  ”


“ မြန်မာစာ ရေးတတ် ဖတ်တတ် ရင် တော်ပြီ ၊ ပကတိ သူ့ ပါရမီ နဲ့ သူ ထိုးထွင်းသိတတ်တဲ့ ၊ ဉာဏ် ပါတဲ့ သူကို မှ လိုချင်တာပဲ ”


“ ရုပ် ၊ ဥစ္စာ ၊ ပညာ ဆိုတာ မင်း အယူအဆ နဲ့ တော့ ဒါတွေ အရေး မကြီးတော့ဘူး ။ ဒီလို ဆိုရင် မပြည့်စုံသူ ထဲ မှာ ပေါသားပဲ ”


“ ဘာ ... ဘာမပြည့်စုံသူလဲ ၊ မင်း ... ဒီလို .. သူများကို မပြောပါနဲ့ ၊ လူမှန်ရင် မပြည့်စုံသူ အထက်တန်းစား မရှိဘူး ။ ဆင်းရဲသား နဲ့ ချမ်းသာသူ ဒါပဲ ရှိတယ်ကွ ။ ဆင်းရဲတာ နဲ့ မပြည့်စုံသူ ပြောရင် မတရားဘူး ၊ ဆင်းရဲသူ ထဲ က ငါ ပြောတဲ့ အင်္ဂါညီတာ တွေ့ရင် အတော် ပါရမီ ထူးတာပဲ ”


“ မကြာခင် ရစေမဟေ့ ၊ ကဲ .. ဘာကလေးများ တိုက်ကျွေးဦးမှာလဲ ”


မောင်မောင်လေး သည် အရောင်တလက်လက် နှင့် သားနားလှသော တိုက်နံရံရှိ တိုင်ကပ်နာရီကြီး ကို လှမ်းကြည့်ရာ နေ့ ၁ နာရီ ထိုးခါနီး နေသည် ကို မြင်ရသဖြင့် “ ဟေ့ .. စံထူး ၊ ပြင်ဟေ့ ” ဟု လှမ်း အော်ပြောလိုက်လေ၏ ။


မကြာမီ သူငယ်ချင်း နှစ်ယောက် သည် လက်ဖက်ရည်ခန်း ထဲသို့ ရောက်ရှိကြကာ နို့ခွက် တခြား ၊ သကြားခဲ တသန့် ၊ လက်ဖက်ရည်ကျကျ ဖျော်ပြီး တစ်အိုး ၊ ဘီစကစ် ထောပတ်ဘူး ၊ သစ်တော်သီး ၊ ငှက်ပျောသီးမွှေး ၊ စပျစ်ခိုင် စသော နေ့လယ်စာ အချိုချဉ်ပွဲ တွင် စားသောက်ကြ၏ ။ အစား လက်စသ,တ်လျှင် ကိုဘသော် သည် သူ့ ကားကလေး နှင့် ထွက်ခွာ သွား၏ ။


ကိုဘသော် သည် အိမ်သို့ ရောက်လျှင် ရောက်ချင်း မောင်မောင်လေး အကြောင်း ကို စဉ်းစား၏ ။ သူငယ်တန်း မှ ဘီအေ အောင်သည် အထိ ကံတူ အကျိုးပေး ကဲ့သို့ မကွဲမကွာ နေခဲ့ရသော သူငယ်ချင်း ဖြစ်သဖြင့် အတွင်းစိတ် ကို လုံးဝဥဿုံ သိရှိပြီး ဖြစ်၏ ။ ဝမ်းတွင်းရူး ဆိုရမှာ အခက် ။ လွန်ခဲ့သော ၃ နှစ် က ကိုဘသော် လက်ထပ်စဉ် ကလည်း ဇနီးရွေးနည်း အဆန်း ပြောခဲ့ပြီး၏ ။ သူ ကိုယ်တိုင် လည်း ထိုအတိုင်း လုပ်မည့် လူစား ဖြစ်သည့် အပြင် ရွေးချယ် နေလိုက်သည် မှာ လည်း အခြား လူများ မသိ၍ သာ သိလျှင် မုချရယ်မော ပြောင်လှောင်ကြမည် ဖြစ်၏ ။


ဤကဲ့သို့ ရွေးချယ် လွန်းလျှင် လင်စံရွေး လင်ခွေးနှင့် ရ ဟူသကဲ့သို့ မယားစံ ရွေးလျှင် မယားပွေး နဲ့ ရတော့မှာလား ဟု စိုးရိမ် နေ၏ ။ ထိုနေ့ တစ်နေ့လုံး သူငယ်ချင်း အတွက် စိတ်မောပြီး ညနေခင်း တွင် မူ တစ်ခုသော မြို့စွန် သို့ ခြေကျင် လမ်းလျှောက် ထွက်လေ၏ ။


ဈေးချိုတော် တိုက်တန်း နှင့် တကွ ကျောက်သွေးတန်း တစ်လျှောက် တရုတ်တန်း တစ်ဝိုက် ရှိ တိုက်တာအိမ်ရာ အဆောက်အအုံ တို့ မှာ များစွာ သားနားလှ၏ ။ မြန်မာပြည် ၏ ဒုတိယမြို့ကြီးအင်္ဂါ နှင့် ညီညွတ်၏ ။ မော်တော်ကား ၊ ဆိုက်ကား ၊ မြင်းရထား တို့ အသံ လည်း မစဲ ၊ ချမ်းသာသူများ မှာ မော်တော်ကား တဝီဝီ နှင့် နေကြ၏ ။ မောင်မောင်လေး သည် ချမ်းသာ ဆင်းရဲ မရွေး ၊ သူ့ အကြိုက် တွေ့လျှင် ယူမည် ဆို၏ ။ ကိုဘသော် သည် ကာကမောင်နှံ ၊ ပြာမင်းသား ဖွတ်ရထား ခယသော ထမင်း ရက်ချန် ရေရက်မှန် နှင့် ကပ်ကျန်မွဲတေ ဖွတ်ဘိုးအေ တို့ စုဝေးရာ ရပ်ကွက် သို့ အကဲခတ်ရင်း ထွက်လာ၏ ။


အိမ်တိုင် ခနော်နဲ့ အညိုရောင် ဆွေး၍ ပေါက်သည့် နေရာက ကြယ်လ အကွင်းသား မြင်ရမည့် ဝါးကပ်အမိုး ၊ ဘေးထရံ ကျိုးတိုးကျဲတဲ နှင့် တဲစုတ်များ စုဝေး နေသည် ရှေးဦးစွာ မြင်ရ၏ ။ နံရိုး ကျဲကျဲ ပေါ်၍ ဝဲစားနေသော ခွေးများသည် သူ့ သခင်များ ၏ နုံချာတော်မူကြပုံ ကို သက်သေခံလျက် ရှိ၏ ။ ထိုကဲ့သို့သော အစွန်အဖျား ရပ်ကွက် မှ ဇောတိက နှင့် တူသော အိမ် တစ်အိမ် ကို ကိုဘသော် မြင်ရ၏ ။ ထရံဟောင်း သော်လည်း အပေါက် မရှိ ၊ အိမ်မိုး သည် တစ်ခြမ်း မည်း၍ တစ်ခြမ်း တွင် ဖြူနေခြင်း ဖြင့် လိုသောနေရာ က အသစ် မိုးထားခြင်း ဖြစ်ကြောင်း တွေးမိ၏ ။ နှစ်ခန်း ပတ်လည် ဆောက်ထား၍ မျောတိုင်မာမာ ဖြစ်သဖြင့် အတော် ကျယ်ဝန်းသော မြေစိုက်အိမ် ဟု သိရှိ၏ ။ အိမ်ဘေး တွင် ကား မိန်းမ တစ်ယောက် သည် အိမ်ဘေး ရှိ စဉ့်အိုး ထဲမှ ရေ ကို ခပ်ယူကာ သတ္တုအိုး ထဲ သို့ ထည့်ပြီး လက် နှင့် မွှေ၍ တစ်ဖန် သွန် နေခြင်းဖြင့် ဆန်ဆေး နေသည် ဟု တွေးမိ၏ ။ ဝါဝင်းသော အသား ၊ လုံချည်အပြာ ၊ မီးခိုးရောင် အင်္ကျီ ၊ အနီရောင် သိုးမွှေးတဘက် နှင့် မိန်းမပျို တစ်ယောက် ဖြစ်၏ ။


အနီးသို့ ရောက်သောအခါ ထို မိန်းမပျို မှာ အသက် ၁၇ နှစ်ခန့် ရှိသေး၍ အရပ် ၅ ပေခန့် ရှိမည့် အပြင် အဆက်အလက် ပြေပြစ်ချောမွေ့သူ တစ်ယောက် ဖြစ်သဖြင့် မယားကြီး ရှိသော ကိုဘသော် ပင် အတန်ကြာ ငေးကြည့်မိ၏ ။ သို့အခိုက် ၁ဝ နှစ်ရွယ် ကလေး တစ်ယောက်သည် “ အေရိုးလေး ၊ အေရိုးလေး ” ဟု ဆဲကာ ငို၍ ပြေးလေရာ ....


“ ဟဲ့ .. ဟဲ့ .. မောင်လေး ၊ ဘာလို့ ဆဲတာလဲ ၊ မဆဲနဲ့ကွယ် မကောင်းဘူး ” ဟု လှမ်းအော်ပြောသော မိန်းမပျို ၏ သာယာသော အသံ ကို ကြားရ၏ ။ ကိုဘသော် သည် ဤအရပ်စွန် သို့ မရောက်သည် မှာ တစ်နှစ်ခန့် ကြာခဲ့ပြီ ဖြစ်၏ ။ ထို့ကြောင့် မိန်းကလေး ၏ အဆက် အနွယ် စသည်တို့ ကို မသိချေ ။ မိမိ ၏ စက်ရုံ မှ လုပ်သားအချို့ ဤ ဇောတိက ရွာ တွင် ရှိမှန်း သိသဖြင့် ခရီး အနည်းငယ် ထွက်ခဲ့ကာ အိမ် တစ်အိမ် ရှေ့ သို့ အရပ် ၊ အသက် ၃ဝ ခန့် လူ တစ်ယောက် ကပျာကယာ ထွက်လာကာ ...


“ ဟင် ... စက်ပိုင်ကြီး ပါလား .. ဘယ်ကို ကြွလာပါလဲ ၊ ဘာကိစ္စများ ရှိ ...  ”


ကိုဘသော် သည် ပြုံးလျက် တဲ လေးငါးတဲ ကျော် ကာ လက်ညှိုး ညွှန်ရင်း ...


“ အဲ .. ဟိုဆီ လောက် မှာ မိန်းမချော တစ်ယောက် မြင်ခဲ့တယ် ၊ အဲဒါ သိမလားလို့  ”


“ ဪ ... ဆရာ မသိသေးဘဲကိုး ၊ ကျွန်တော် သိတာတော့ တစ်လ လောက် ရှိပါသေးတယ် ။ ဒါပေမဲ့ သူဌေးတွေ အလုပ် ပြောမှားဆိုမှား ဖြစ်မှ ဖြင့် ဒုက္ခရောက် မှာ စိုးတာနဲ့ မပြောမိတာဘဲ ဆရာ ”


“ အလို .. ဘာများ ဖြစ်နေလို့လဲ .. ပြောစမ်းပါဦး ကိုလူမော်ရဲ့ ”


“ ဒီလို .. စက်ပိုင်ကြီး ၊ ဒီ ကလေးမကလေး ဒီ ရောက်လာတာ ၆ လ လောက် ရှိသေးတယ် ။ လူကြီး တစ်ယောက် ၊ မိန်းမကြီး တစ်ယောက် နဲ့ အတူတူပေါ့ ။ သူ့ နာမည် က မခင်စိန် တဲ့ ဆရာ ရဲ့ ။ တစ်နေ့တော့ စက်ပိုင် ဦးဝင်း သား ကိုမောင်မောင်လေး ဆို တာ ဝင်ထွက်တာ တွေ့လို့ စုံစမ်း ကြည့်တော့ တိတ်တိတ်ပုန်းမယားကလေး ဆိုကိုး ”


ကိုဘသော် သည် ကိုလူမော် ၏ စကား ကို ကြားရလျှင် အထူး အံ့အားသင့်၍ သွားလေ၏ ။ အလွန် ခင်သော သူငယ်ချင်း ဖြစ်လျက် ထို အကြောင်း မပြောရုံသာ မဟုတ် ၊ မိမိ အား ဇနီးလောင်း ပင် ကူညီ၍ အရှာ ခိုင်းနေဆဲ ဖြစ်၏ ။ မယုံကြည်နိုင်သေးဘဲ ...


“ ဟုတ်ရဲ့လား ကိုလူမော် ရဲ့ ၊ သေချာမှ လည်း ပြောပါဗျာ ”


“ အဟုတ်ပါ စက်ပိုင်ကြီး ရဲ့ ၊ ကျွန်တော် လည်း မယုံလို့ တစ်ည မှာ ချောင်းကြည့် တော့မှ သိတာပဲ ၊ အဝတ် ခပ်နွမ်းနွမ်းကလေး ဝတ်လို့ .. ”


“ အနို့ ... မိန်းကလေး က ကော တော်ရဲ့လား ”


“ အလွန် လိမ္မာတယ် လို့ ပြောကြတာပဲ ။ အပြောအဆို ယဉ်ကျေးတယ် ၊ အပေါင်းအသင်း ဆံ့တယ် ၊ ဒီ ရပ်ကွက် တစ်ခုလုံး သူ့ ကို စော်ကားတဲ့ လူ မရှိဘူး ။ ခင်မင်ယုယပြီး သူ့ အတွက် ဆိုရင် ကူညီကြမယ့် လူတွေချည်းပဲ ဆရာ ရဲ့ ။ ဂုဏ် မတူလို့ မယူတာလားဘဲ ”


ကိုဘသော် သည် ဒုတိယ မဟော် သူငယ်ချင်း အား အပြစ် တင်ရန် အခက် ၊ အချီးမွမ်း လည်း မစောလိုသေးဘဲ ကိုလူမော် အား နှုတ်ဆက်ကာ ပြန်ခဲ့လေ၏ ။ အိမ် သို့ ရောက်လျှင် အမျိုးမျိုး စဉ်းစားပြီး နောက် မောင်မောင်လေး အား မမေးမြန်းသေးဘဲ ၎င်း ကိုယ်တိုင် မော်တော်ကားကြီး နှင့် အဝတ်ကောင်းများ ဝတ်ကာ မခင်စိန် ၏ တဲပုတ် ဆီ သို့ သွားခဲ့၏ ။


“ အခုလို မြင်ရုံနဲ့ ခင်မင်တယ် ဆိုတာ ကျေးဇူးတင်ပါတယ် ရှင် ၊ ပေးတဲ့ ငွေကြေး အတွက် လည်း စေတနာ ကို ကျေးဇူးတင်ပါရစေ ။ ကျွန်မ မှာ လွတ်လပ်တဲ့သူ မဟုတ်တော့ အစ်ကိုကြီး အခုလို လာတာ မြင်ရင် သူများ အထင်သေး ခံရပါတော့မယ် ။ အမျိုးသမီး တစ်ယောက် ငဲ့ညှာတော်မူပါရှင် ”


“ နို့ .. မင်း ယောက်ျား က ဘယ်သူလဲ ၊ သူ့ နာမည် ကကော ”


“ မောင်ထွေးမောင် တဲ့ ရှင် .. လူ မြင်တာနဲ့ အားကိုးရမယ့် လူ ဆိုတာ သိပြီး ကျွန်မ ဘာမှ မမေးပါဘူး ။ သစ္စာ ရှိတဲ့ လူ ဆိုတာလည်း ယုံပြီးမို့ပါ ”


ကိုဘသော် သည် အကဲခတ် နိုင်သမျှ ခတ်ပြီး လျှင် စိတ် မဆိုးရန် တောင်းပန်ပြီး တောင်းပန်ပြီး ပြန်ခဲ့လေ၏ ။ မောင်မောင်လေး အား မိမိ သည် ဇောတိက ရပ်ကွက် တွင် မခင်စိန် အမည် ရှိသော သူငယ်မ တစ်ယောက် နှင့် ချစ်ကြိုက်နေကြောင်း ပြောကာ ကျီစယ်လို၏ ။ မောင်မောင်လေး ၏ လက်သီးတစ်လုံး သည် အနည်း ၁ဝ ရက် တာ မျှ ဆေးရုံ တက်ရမည် ကို သိသောကြောင့် မေး လည်း မမေး ၊ ဘာမျှလည်း မပြောဘဲ မောင်မောင်လေး ၏ အသွားအလာ ကို သာ စုံထောက်ပမာ ချောင်း၍ နေ၏ ။


တစ်နေ့သည် ကား မောင်မောင်လေး သည် နေ့ခင်း တစ်နာရီ ၌ ပင် လစ်၍ ထွက်သွား၏ ။ ကိုဘသော် စကား ထည့် ထားသော မောင်မောင်လေး ၏ မိဘများ သည် ကိုဘသော် ၏ တဲသို့ ချက်ချင်း ကား နှင့် လွှတ် ခေါ်ခိုင်းလိုက်၏ ။ ကားကြီး တစ်စင်းသည် ဇောတိကရပ်ကွက် နှင့် အတန် ဝေးသော နေရာ တွင် ရပ်ထားခဲ့ပြီး လူကြီး တစ်ယောက် ၊ မိန်းမကြီး တစ်ယောက် နှင့် အသက် ၂၅ နှစ်ခန့် လူတစ်ယောက် သည် သူခိုး ချွတ်နင်း ပမာ အကြိုအကြား က လမ်းလျှောက် လာကြကာ တစ်ဖက်ဖြူ တစ်ဖက်မည်း နှင့် နှစ်ခန်းပတ်လည် တဲ နား သို့ ကပ်ကာ တဲပေါက် တွင် ပြိုင် ရပ်လိုက်ကြ၏ ။


တဲ အတွင်း မှ မိန်းမပျို သည် ကြောက်အားလန့်အား နှင့် ယောက်ျားပျို အား ဖက်ထားရာ ၊ ယောက်ျားပျို က ပြန် ဖက်ရင်း တဲပေါက် က လူများ ကို ပြူးတူးပြဲတဲ ကြည့်နေ၏ ။


“ ငါ့ သား ချစ်ရင် ဖေဖေတို့ က မဖျက်ဆီးပါဘူး ၊ ကဲ ... ထွက်ခဲ့ကြပါ ” ဟု အဘိုးကြီး က ပြုံး၍ ပြောမှ မောင်မောင်လေး သည် ချစ်သူ ခင်စိန် ကို လက်တွဲ ကာ တဲပေါက် သို့ ထွက်လာ၏ ။ ခင်စိန် မှာ အောင်ပယ်လယ်ကန် ဘေးရှိ ရွာ တစ်ရွာ မှ မျိုးရိုးကောင်း တောမြေပိုင်ရှင် သူဌေးမကလေး ဖြစ်ကြောင်း ကားပေါ် တွင် ကျမှ မောင်မောင်လေး က ဆင်းရဲသား ဒရိုင်ဘာ ယောင် ဆောင်၍ လှည့်ရပုံ ပြောပြလေ၏ ။


မဟာဆွေ

ကြီးပွားရေး မဂ္ဂဇင်း

၁၉၄ဝ ၊ ဒီဇင်ဘာလ

No comments:

Post a Comment