Saturday, December 14, 2024

ဝါရှောင်ဆရာတော်



 

ဝါရှောင်ဆရာတော်

ပြခန်း က မဖွင့်သေးဘူး ။ ပြခန်း ပတ်ပတ်လည် မှာ ကြည့်ချင်သူတွေ က အုံခဲနေပြီ ။ အချို့က လည်း ပြခန်းဝ က ခန်းဆီး ကို လှပ်ပြီး ပြခန်း ထဲ ကို ချောင်းကြည့် ကြတယ် ။ ကချင်ပြည်နယ် က ဝါရှောင်ဆရာတော် ရဲ့ ဗုဒ္ဓအနုပညာပြခန်း က ယခု ရှမ်းပြည်နယ် တန့်ယန်းမြို့ မှာ လာ ပြနေတယ် ။

ပြခန်း ထဲ မှာ ဓာတ်ပုံ ကားချပ်ကြီးတွေ ၊ ပန်းချီပုံတွေ ၊ ကာတွန်း ရုပ်ပြောင်ပုံတွေ ရှိတယ် ။ အသိအမြင် အတွေးအခေါ် အယူအဆ ပေါင်းစုံ ကို ကချင် ၊ ရှမ်း ၊ မြန်မာ ၊ အင်္ဂလိပ်ဘာသာ ပေါင်းစုံ နဲ့ ရေးသား ထားပါတယ် ။

ပြခန်း ကို စီစဉ်ပြုလုပ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ရွာ က ဆရာတော် အရှင်ဝိဇယ က သူ့ ဆန္ဒ ကို ပြခန်းဝ မှာ ရေးသား ချိတ်ဆွဲ ထားတယ် ။

“ ဘယ်ဘုရား ကို ကိုးကွယ်သည် ဖြစ်စေ စိတ်ထားဖြူစင် မြင့်မြတ်မှုဖြင့် လောက ကောင်းကျိုး ၊ အဆွေအမျိုး ကောင်းကျိုး တို့ကို လူမျိုးတိုင်း ၊ ဘာသာတိုင်း က ကျင့်သုံး ကြစေချင်ပါ၏ ” တဲ့ ။

တန့်ယန်းမြို့ မှာ ရောက်ရှိ ဆုံတွေ့ခိုက် ဆရာတော် အရှင်ဝိဇယ ရဲ့ ဘဝ ဇာတ်ကြောင်း နဲ့ ပြခန်း လုပ်တဲ့ ရည်ရွယ်ချက် ကို လျှောက်ထား မေးမြန်း ပါတယ် ။

••••• ••••• •••••

ဦးပဉ္ဇင်း ရဲ့ ငယ်ဘဝ ကို ပြန် ပြောရရင် ဦးပဉ္ဇင်း ကို တောင်ကြီး မှာ မွေးသလား ၊ ကချင်ပြည်နယ် မှာ မွေးသလား မသေချာဘူး ။ ဒါပေမယ့် ဦးပဉ္ဇင်း က ကချင် ပြည်နယ်သား ပါ ။ ဦးပဉ္စင်း ရဲ့ အဖေ ဦးချစ်တင် က တပ်မတော်သား တောင်ကြီး က ၊ အမေ ဒေါ်စောခင် က မြစ်ကြီးနား ခပ်ချိုရွာသူ ။ သူတို့ ဖူးစာ ဆုံကြတယ် ။

ဦးပဉ္စင်း ရှစ်နှစ်သား လောက် မှာ အဖေ ဆုံး သွားတယ် ။ မွေးအဖေ ဆုံးသွား ပြီးတော့ ကျွေးအဖေ လက် မှာ နေရတယ် ။ လူငယ် ဆိုတော့ ကျွေးအဖေ ကို သဘော မကျဘူး ။

ဦးပဉ္ဇင်း ခုနစ်တန်း ကို မြစ်ကြီးနား မြို့မကျောင်း မှာ တက်ရင်း အပြင် တီးဝိုင်းတွေ မှာ သီချင်း လိုက် ဆိုတယ် ။ ဦးပဉ္ဇင်း ငယ်ငယ် က ပေတေတယ် ၊ ပညာ ဆုံးခန်းတိုင် မသင်ဘဲ ခုနစ်တန်း နဲ့ ကျောင်း က ထွက်တယ် ။ အိမ် က လည်း ထွက် ခဲ့တယ် ။ ဦးပဉ္စင်း ရဲ့ ကျေးဇူးရှင်တွေ ထဲ မှာ ခရစ်ယာန်ဆရာတွေ လည်း ပါတယ် ။ အသင်းတော်တွေ မှာ ဂစ်တာ တီးတယ် ၊ အမှုတော် ထမ်းတယ် ခေါ်တာပေါ့ ။

နောက်တော့ ဖားကန့် တက် သွားပြီး စတိတ်ရှိုးတွေ လိုက် ဆိုတယ် ။ ဦးပဉ္ဇင်း တို့ တီးဝိုင်း နာမည် က Seven Night တဲ့ ။ နောက်တော့ မြစ်ဖျားဧရာ ဆိုတဲ့ နာမည် နဲ့ လည်း တီးတယ် ။

ကချင်ပြည်နယ် မှာ လူကြီးပွဲတွေ အလှူမင်္ဂလာ ဧည့်ခံပွဲတွေ ၊ ဂုဏ်ပြုပွဲတွေ ၊ ရန်ပုံငွေပွဲတွေ မှာ ဆိုခဲ့တာပေါ့ ။ ရည်ရွယ်ချက် က တော့ သီချင်းခွေ သွင်းမယ် ပေါ့ ။ သီချင်း ဆိုရင်း လူသိများ လာတော့ ခွေထုတ် ပေးမယ့်သူ တွေ့နိုးနိုး နဲ့ ဆိုနေ ခဲ့တာပဲ ။ ဒါပေမယ့် မတွေ့ပါဘူး ။

သီချင်း ဆိုရင်း မူးယစ်ပျော်ရွှင် နေခဲ့တယ် ။ ဆံပင်ရှည်ကြီး နဲ့ လမ်းသရဲ ပေါ့ ။ တဖြည်းဖြည်း နဲ့ လူ က ပျက်စီးလာတယ် ။ ကိုယ့် ကို လူတွေ က ယုံကြည်မှုတွေ လျော့နည်း လာတယ် ။ တစ်ချိန်က အစ်ကိုကြီး အစ်ကိုကြီး နဲ့ လက်ခုပ် တီးပြီး အားပေးခဲ့တဲ့ ပရိသတ်တွေ က လည်း ကိုယ့် ကို တွေ့ရင် ရှောင်ပုန်း ကုန်ကြတယ် ။ သည်အချိန် မှာ အရမ်း ခံစားရတာပေါ့ ။

ပြတ် တစ်လှည့် ငတ် တစ်လှည့် နဲ့ ဖားကန့် မှာ ကျင်လည်ခဲ့တယ် ။ ဘိုဘိုဟန် ၊ နော်လီဇာ ၊ ဝါဝါကျော်တို့ နဲ့ တွဲ ဆိုခဲ့တဲ့ ပွဲ ဟာ ဖားကန့် မှာ နောက်ဆုံးပါပဲ ။

အမေ က ရဟန်း ဝတ် မလားတဲ့ ၊ ပေပေတေတေ နေတဲ့ သား ကို မေးတယ် ။ ကျေးဇူးရှင် အမေ က ကယ်တင် ပေး လိုက်တာပေါ့ ။ ဦးပဉ္ဇင်း အသက် က ၃၅ နှစ် ရှိပြီ ။ အဲသည် အချိန် က သာသနာချစ်တဲ့ စိတ် လည်း မရှိဘူး ။ ဘာ ခံယူချက် မှ လည်း မရှိဘူး ။ ကျန်းမာရေး ကောင်းအောင် ၊ ကံ ကောင်းအောင် သင်္ကန်း စီးတယ် ဆိုတာမျိုး လိုပေါ့ ။ တစ်ပတ်လောက် ပဲ ဝတ်မယ်နော် အမေ ဆိုတော့ ရတယ်တဲ့ ။

ရဟန်းပြုရင်း ဗုဒ္ဓစာပေတွေ ဖတ် ကြည့်တယ် ။ ဖတ်မိတော့ ဟာ စာတွေ က သိပ် ကောင်းပါလားပေါ့ ။ ဒါလောက် ကောင်းတဲ့ စာတွေကို ငါတို့ ငယ်ငယ် က ဘာကြောင့် မဖတ်ခဲ့ပါလိမ့်လို့ တွေးမိတယ် ။ ဦးပဉ္စင်း က အနုပညာသမား ဆိုတော့ အတွေး များတယ် ။

လူငယ်တွေ က ဆရာတော်ကြီး တွေ ရဲ့ သီလသမာဓိကြောင့် မကပ်ရဲတာ လည်း ပါတယ် ။ ဆရာတော်ကြီးတွေ နဲ့ ရင်းနှီးအောင် ကြားထဲ က စေ့စပ်ပေးမယ့် မိဘတွေ လည်း မရှိဘူး ။ လူငယ်တွေ အတွက် တစ်ခု ခုတော့ လုပ်သင့်တယ်လို့ ဦးပဉ္ဇင်း  တွေးတယ် ။ ကိုယ်တိုင် စာ တတ် ဖို့လည်း လိုတယ်လို့ တွေးပြီး စာသင်တိုက် ပို့ ပေးဖို့ ဆရာတော် ကို လျှောက်တယ် ။ ဝိုင်းမော်မြို့နယ် အင်းလေး ရွာသစ် ဆရာတော် ဦးဓမ္မနာဒ က စာသင်တိုက် ပို့ပေးတယ် ။ ကျောက်ဆည် မှာ နေရတယ် ။

ရှေးအတိတ်ကံ လို့ ဆိုရမှာပဲ ။ စာတတ် ပေတတ် ပညာရှင်ကြီးတွေ နဲ့ ဆုံတွေ့ရလို့ စာ တစ်ကြောင်း သိချင်လို့ လျှောက်ရင် အများကြီး ရှာပေးတယ် ။ အသိဉာဏ်တွေ တဖြည်းဖြည်း ကျယ်ပြန့် လာတယ် ။

ဦးပဉ္စင်း က လူငယ်တွေ အတွက် ရပ်တည်ပေးမယ် ။ ဘုန်းကြီးကျောင်း ဟာ လူငယ်တွေ အတွက် အကျိုးပြုတဲ့ နေရာ တစ်ခု ၊ ပျော်ပြီး အကျိုး ရှိတဲ့ နေရာ တစ်ခု ဖြစ်ဖို့ ဦးပဉ္ဇင်း ကြိုးစားတယ် ။ ကျောင်း မှာ စာကြည့်တိုက် ထားတယ် ။ လောကမိခင် စာကြည့်တိုက် တဲ့ ။ ကာတွန်းတွေ ထား ပေးတယ် ။ ကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နေတယ် ။ ကလေးတွေ ကို စာသင် ပေးတယ် ။

ဦးပဉ္စင်း က အရမ်း လူကောင်း ဖြစ်ချင်တာ ။ အထက်တန်းစား ဖြစ်ချင်တာ ၊ ဒါပေမယ့် ဖြစ် မလာဘဲ ဘဝ ပျက် သွားတယ် ။ ဦးပဉ္ဇင်း ဘဝ ကို နမူနာထားပြီး လူငယ်တွေ လူကောင်း ဖြစ်အောင် ဦးပဉ္ဇင်း ကြိုးစားပါတယ် ။ ဥပမာ ဘွဲ့ရ ပညာတတ် လူငယ်လေးတွေ အချို့ ရှိတယ် ။ အရက် သောက်တယ် ။ လူကြီး က မင်း အရက် သောက်တယ် အသုံးမကျဘူး ဆိုပြီး လုံးဝ ပစ်ပယ်လိုက်တယ် ။ လူငယ် မှာ အစွမ်းအစ ရှိပေမယ့် ပြခွင့် မရတော့ဘူး ။

ဦးပဉ္ဇင်း ပြခန်း လုပ်တဲ့ အထဲ မှာ ပေပေတေတေ ကနေ ပြောင်းလဲ လာတဲ့ လူငယ်တွေ အများကြီး ပါတယ် ။ မိဘတွေ က သူ့သားသမီး နဲ့ ပတ်သက်ပြီး မယုံနဲ့နော် ၊ သည်ကောင်က ကောင်းတာ မဟုတ်ဘူး ပြောတယ် ။ ဦးပဉ္ဇင်း ဆီ မှာ နေရင်း လူကောင်းလေးတွေ ဖြစ်သွားတော့ မိဘတွေ က သိပ် သဘောကျပြီး ပြခန်း အတွက် လိုအပ်တာ လှူဒါန်းကြတယ် ။

ကလေးတွေ က ဘုန်းကြီးတွေ ကို မကပ်ချင် ကြဘူး ။ ကပ်ချင်လာအောင် ၊ အားလုံး စိတ်ဝင်စား လာအောင် ပန်းချီဆရာတွေ ၊ ကာတွန်းဆရာတွေ ရဲ့ လက်ရာ နဲ့ ဆွဲဆောင် နိုင်အောင် စီစဉ်တယ် ။

နာမည်ကျော် ပုဂ္ဂိုလ်တွေ ရဲ့ အသိအမြင် ၊ အတွေးအခေါ် တွေ ကို ဖော်ပြ ထားတယ် ။ ဘာသာတရား ထဲ က နေပြီး အသိ အလိမ္မာတွေ သိသင့်သိထိုက်တဲ့ လူမှုရေး ၊ ယဉ်ကျေးမှုတွေ ကို ပြထားတယ် ။

ဥပမာ ဘုရားကျောင်းကန် ကို လာရောက်တဲ့ မိန်းကလေးတွေ အနေ နဲ့ အဝတ်အစား ဝတ်ဆင်ရာ မှာ ဘယ်ပုံ ဖြင့် သင့်တော်တယ် ။ ဘယ်ပုံ ဖြင့် မသင့်တော်ဘူး ဆိုတာ ရုပ်ပုံတွေ ၊ စာတွေ နဲ့ ဖော်ပြ ထားတယ် ။

ဦးပဉ္စင်း စ ပြတုန်းကတော့ အဖြူအမည်းလေးတွေ နဲ့ ပေါ့ ။ ပုံတွေ ကို မိတ္တူ ကူးပြီး ချဲ့ ၊ ဘောင်ကလေး တပ် ၊ ပလတ်စတစ်လေး အုပ် ပြီး ဝါရှောင် မှာ စ ပြ တယ် ။ စ လုပ်တုန်း ကတော့ ကိုယ်ပိုင် ပါပဲ ။ ဒကာ ၊ ဒကာမ တွေ လှူတဲ့ ဆန် တို့ ၊ နို့ဆီ တို့ ၊ ဖယောင်းတိုင် ၊ သင်္ကန်း တို့ကို အရပ်သုံး စကား ပြောရရင် ဒါတွေနဲ့ ဖလှယ်ရတာပေါ့ ။ ဖလှယ်ပြီး မှ လုပ်ရတာ ။

ဒုတိယနှစ် ရောက်တော့ ကျောင်း က ကလေးတွေ ကို အရုပ် မှာ အရောင် ခြယ်ခိုင်း ပြီး ပြတယ် ။ ယခု တတိယနှစ် မှာတော့ ဗီနိုင်း နဲ့ စ လုပ်တယ် ။ အံ့ဩဖို့ ကောင်း တာ က စိတ်ဝင်စားတဲ့ ဒကာ ၊ ဒကာမတွေ အများကြီး ရှိလာ ပြီး တပည့်တော် ဘယ်နှချပ် လှူပါရစေ ဆိုပြီး ထည့်လာ ကြတယ် ။ ပြတာ ကားချပ် ပေါင်း ၂ဝဝ ကျော်တယ် ။

စ ပြတုန်း ကတော့ ဝါရှောင် မှာပေါ့ ။ တပေါင်း လပြည့်နေ့ တို့ ၊ ကဆုန် လပြည့်နေ့ ၊ သီတင်းကျွတ် လပြည့်နေ့ တို့ မှာ ပြတယ် ။ နောက်တော့ မြစ်ကြီးနား ခပ်ချိုရွာ တို့ ၊ ဝိုင်းမော် တို့ မှာ လှည့် ပြတယ် ။ အခု ရှမ်းပြည်နယ် တန့်ယန်းမြို့ကို လာ ပြတယ် ။ ပြီးရင် သိန်းနီ မှာ ပြမယ် ။ ကြိုတင် ဖိတ်ထားတာ လေး ၊ ငါး နေရာ ရှိတယ် ။

ပြတဲ့ နေရာမှာ အချက်အလက် မှန်ဖို့ အရေးကြီးတယ် ။ မြစ်ကြီးနား ခေမာ သီဝံသ စာသင်တိုက် က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ က အချက်အလက်တွေ တည်းဖြတ် ပေးတယ် ။

လူတွေ လိမ္မာ ယဉ်ကျေးအောင် အနုပညာ ရှုထောင့်ကနေ တင်ပြရင် အဆင်ပြေမှာ ပဲလို့ တွေးပြီး ပြခန်း လုပ်တာပါ ။ လူတော် လူကောင်းတွေ ရဲ့ မြင့်မြတ်တဲ့ စိတ်ထား ၊ ကိုယ်ကျင့်တရားတွေ ကို လူမျိုးဘာသာ မခွဲခြားဘဲ ခံစား သိရှိနိုင်စေဖို့ ရိုးသားတဲ့ မေတ္တာစိတ် နဲ့ ဦးပဉ္ဇင်း က ဖော်ထုတ် ဝေမျှ နေတာပါ ။

◽ကျော်ရင်မြင့်
📚 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment