❝ ကလေးလူကြီး ကြိုက်ပြီး ချစ်ကြပါတဲ့ ❞
( ညီပုလေး )
ဘကြီးဆောင် ဒီနေ့ တစ်နေကုန် လျှောက်ခဲ့တဲ့ ခရီး က မနည်းဘူး ။ ရပ်ကွက်ကြို ရပ်ကွက်ကြား ၊ ဝင်းကြို ဝင်းကြား ၊ လမ်းကြို လမ်းကြား နှံ့လို့ပါပဲ ။ ပင်ပန်းသလောက် နေ့တွက် မကိုက်ခဲ့ဘူး ။ ဒါကြောင့် ညစာ ကို လက်ဖက်ရည် တစ်ခွက် နဲ့ ပြီးလိုက်ရတယ် ။ ဒီလို ပင်ပန်းတဲ့ ရက်တွေ ကျတော့ ဘကြီးဆောင် ရင် လည်း နည်းနည်း ကျပ်သလိုပဲ ။ အာသီသ ရှိတာကတော့ ဆီချက်ခေါက်ဆွဲ တစ်လုံး လောက် စားပစ် လိုက်ချင်တယ် ။ ခေါက်ဆွဲ မစားရတာ လည်း ကြာပြီ မဟုတ်လား ။ ဝက်ဆီနဲ့ သူ့ ရင်ကျပ်တာနဲ့ ကလည်း မတည့်ဘူး ။ နေ့တွက် မကိုက်တာနဲ့ ရင်ကျပ်တာ နဲ့ ဝက်ဆီ နဲ့ မတည့်တာနဲ့ အံကျဖြစ်သွားတယ် ။
မှောင်စ ကတည်း က သူ အိပ်နေကျ ဇရပ် ပေါ် မှာ အသာ လှဲ နေလိုက်တယ် ။ ဒီမြို့ ဒီဘက်ပိုင်း ရောက် ရင်တော့ ဘကြီးဆောင် ဒီ ဇရပ် ပေါ်မှာ တည်းနေကျ အိပ်နေကျ ။ မြို့ရဲ့ အနောက်ပိုင်း မှာ ဗေဒါပင်တွေ တစ်မျှော်တစ်ခေါ်ကြီး နဲ့ ပြည့်နေတဲ့ ‘ သင်္ဂဇာချောင်း ’ ဆိုတာ ရှိတယ် ။ ဒီ ချောင်းကြီး ကို အရှေ့အနောက် ဖြတ် ဆောက် ထားတဲ့ ချမ်းသာရတံတား ဆိုတဲ့ သစ်သားတံတားရှည်ကြီး တစ်ခု လည်း ရှိသေး တယ် ။ ချမ်းသာရဘုရား နဲ့ ကမ်းနား လမ်းတို့ ကို ဆက်သွယ်ထားတဲ့ တံတားပေါ့ ။ ဒီ တံတားရဲ့ အနောက်ထိပ် နဲ့ အလယ် မှာ သစ်သားဇရပ် နှစ်ဆောင် ရှိတယ် ။ ဇရပ်တွေ က ဟောင်းလှပြီး ယိုင်နေပါပြီ ။ အမိုးတွေ က သွပ်မိုးတွေ ။ လန်နေတဲ့ သွပ် က လန် ၊ လူ ဖြုတ်ခံရတဲ့ သွပ် က အဖြုတ် ခံရ နဲ့ပေါ့ ။ လေ တိုက် ရင် သွပ်မိုးတွေ တဂျမ်းဂျမ်း မြည်ကြတဲ့ ဇရပ် နှစ်ခု ထဲ က အနောက်ဘက် ဇရပ် မှာ သူ အိပ်လေ့ ရှိတယ် ။
ကျောခင်း လိုက်ရာ ကနေ ဘယ်အချိန် မှာ မှေးခနဲ အိပ်ပျော် သွားတယ်တောင် မသိလိုက် ဘူး ။ သူ တစ်ရေး နိုးတော့ တစ်လောကလုံး အိပ်မောကျ နေကြပြီ ။ ပုရစ် အော်သံကလေး တော့ တစ်ခါတစ်ခါ ကြားရတယ် ။ ဒါလည်း ပုရစ်ကလေးတွေ အိပ်နေရင်း ယောင်အော် တဲ့ အသံပဲ ဖြစ်မှာပါ ။ ခြင်တွေ ပဲ မအိပ်ကြတာထင်ပါရဲ့ ။
ဘကြီးဆောင် အာခေါင်တွေ ခြောက်ပြီး ရေဆာ နေတယ် ။ ခြင်တွေ က လည်း ဘကြီးဆောင် ကို ကိုက်ထားလိုက်ကြတာ လက်ဖျံတွေ လက်ကောက်ဝတ်တွေ ဆိုတာ ပူနေတာပဲ ။ ခြင်ဖုတွေ ကို စမ်း ကြည့်လိုက်ရင် ဖားပြုပ်ကျောကုန်း လို ပြုပ်ထ နေပြီ ။ အင်ပြင် ထ နေတဲ့ လူ လိုပဲ ။ ဇရပ် တောင်ဘက် အဆောင် ထဲ က ရေအိုးစင် ဆီ ကို ဘကြီးဆောင် စမ်းတဝါးဝါး နဲ့ ဖြည်းဖြည်းချင်း ထ သွားတယ် ။ ကြမ်းပေါက် ကျွံ မှာလည်း စိုးရသေးတယ် ။ သောက်ရေအိုး နှစ်လုံး ယှဉ်ထားတာ ၊ အနောက်ဘက် အိုး ထဲမှာ ရေ က နည်း နေတယ် ။ အိုးရဲ့ ဖင်ကပ် ပဲရှိတယ် ။ အရှေ့ဘက် အိုး ကတော့ ရေ လက်သုံးသစ် လောက် ရှိတယ် ။ ရေအိုး အဖုံးပေါ် တင်ထားတဲ့ ဒန်ခွက် အပိန့်ကလေး နဲ့ သုံးခွက် ဆင့် သောက် လိုက်တယ် ။ သုံးခွက် ဆိုပေမယ့်လည်း တစ်ခွက် ခပ်မှ ရေ က နည်းနည်း ပါတာပါ ။
တစ်ရေးနိုး ခံတွင်းချဉ်လည်း ပြေ ၊ ခြင် လည်း ပြေးစေတော့ ဆိုပြီး ဆေးပေါ့လိပ် ကို မီးညှိ ပြီး ဖွာနေလိုက်တယ် ။ ဆေးလိပ် နဲ့ သူ့ ရင်ကျပ် ရောဂါ နဲ့ က မတည့်ဘူး ။ ဆေးလိပ် လျှော့သောက် ရင် လည်း သောက်ပါ ၊ ဒါမှမဟုတ် ယတိပြတ် ဖြတ်နိုင်ရင်တော့ အကောင်း ဆုံးပဲလို့ ဆရာထွန်း က ပြောပါရဲ့ ။ ဘကြီးဆောင် အဖို့ အပျင်း ဖြေစရာ နဲ့ စည်းစိမ်ရှိတာ သည် ဆိုလို့ ဆေးလိပ် သောက်တာ တစ်ခု ပဲ ရှိတယ် မဟုတ်လား ။
ရင်ကျပ် ခါမှ ကျပ်ရော့ ၊ ရင်ကျပ် တော့ ဆောင့်ကြောင့် ထိုင်ပြီး တဂူးဂူး နဲ့ ပါးစပ် ဟ ပြီး အသက်ရှူမယ် ။ ဆေးလိပ် ကို တော့ဖြင့် သူ မသောက်ဘဲ မနေနိုင်ဘူး ။ ရှစ်ဖွာ ကိုးဖွာ လောက် အားရပါးရ ရှိုက်လိုက် ဖွာလိုက် တော့ ဘကြီးဆောင် နည်းနည်း နေသာထိုင်သာ ရှိလာတယ် ။ ခြင်ကိုက် တာလည်း နည်းနည်း သက်သာ သွားသလိုပဲ ။ တစ်နေကုန် လျှောက်ထားရတာမို့ ညောင်းညောင်း နဲ့ ကိုယ့် ပေါင် ကို အသာ ဖိကြိတ်ပြီး အပူထုတ် နေ မိတယ် ။ ဆေးလိပ်မီးခိုးတွေ လည်း ပြယ်သွားရော ခြင်တွေက ညာသံ ပေးပြီး ဘကြီးဆောင် အနား ပြန်ရောက် လာကြပြန်ရော ။ သင်္ဂဇာချောင်းကျယ်ကြီး တစ်ခုလုံး မှာ ရှိတဲ့ ခြင်တွေ အားလုံး ဒီ ဇရပ် မှာ လာ စုနေကြသလိုပဲ ။ ဘကြီးဆောင် လည်း တဘက်လက် ရက်ထည်ကလေး နဲ့ ယမ်းလိုက် ခါလိုက် နဲ့ ခြင်တွေ ကို မောင်းထုတ် နေမိတယ် ။ ခြင်ခြောက် ရင်း အိပ်ပျော် သွားတော့ တဘက် လက်ရက်ထည်ကလေး ရဲ့ အမြိတ်တွေ က ကြမ်း နဲ့ ထိလုထိခင် တွဲလဲကျ နေတယ် ။ တွဲလဲကျ နေတဲ့ အမြိတ် မှာ သွေးဝပြီး ဝေးဝေး မပျံနိုင်တဲ့ ခြင်တွေ က သီးနေကြတယ် ။ ယုန်လှေးပင် က ယုန်လှေးတွေ နဲ့ တူနေတယ် ။
••••• ••••• •••••
တစ်ယောက် ယောက် က ဘကြီးဆောင် ကို နှိုးနေ သလိုလို ခေါင်းရင်း က တံတား ပေါ် မှာ လူ တစ်ယောက် ယောက် စက်ဘီး ပဲ ဖြတ်စီး သွားသလိုလို ၊ ဇရပ် က သိမ့်ခနဲ သိမ့်ခနဲ လှုပ်သွား သလိုလို ဘကြီးဆောင် ရဲ့ စိတ်ထဲ မှာ ဇဝေဇဝါ နဲ့ ။ မျက်လုံး ဖွင့်ကြည့် လိုက်တော့ ဝေလီဝေလင်း အချိန်ပဲ ရှိသေးတယ် ။ အနား မှာ လည်း ဘယ်သူမှ မရှိဘူး ။ ဒါနဲ့ အိပ် နေရင်း ပဲ တစ်ကိုယ်လုံး အညောင်း ဆန့်လိုက်တယ် ။ မနေ့က တစ်နေကုန် ပင်ပန်း ထားတာမို့ အခုလို အညောင်း ဆန့် ရတာ သိပ်အရသာ ရှိလှတယ် ။
အိပ် နေတဲ့ ထိုင်ခုံ အရှည်ကြီးနဲ့ ကျောမှီ အသားပြား ကို အားပြုပြီး ဘကြီးဆောင် ထ လိုက်ကာ မျက်နှာ တစ်ခုလုံး လက်ဝါးနှစ်ဖက် နဲ့ ပွတ်ပစ်လိုက်တယ် ။ မျက်လုံး နှစ်လုံး ကိုတော့ လက်ဖမိုး နဲ့ ပွတ်နေမိတယ် ။ နေပူထဲ ချည်း လျှောက်ရတဲ့ အတွက် ဘကြီးဆောင် ဒီလိုပဲ မျက်ဝတ်တွေ မနက်တိုင်း ထွက်နေကျ ။ အိပ်ချင်စိတ် မကုန်သေးဘူး ။ မေး ကို ဘယ်ညာ ဆတ်ပြီး ဇက်နှစ်ချက် ကျိုးလိုက်တယ် ။ အားရပါးရ ဝါးခနဲ သမ်းလို့ ပါးစပ် ဟ ရင်း သူ့ မျက်လုံး က အနား မှာ ရှိတဲ့ ဓာတ်ပုံး ဆီ ရောက် သွားတော့ ဘကြီးဆောင် ရင် ထဲ မှာ ထိတ်ခနဲ ဖြစ်သွားတယ် ။ သမ်းမယ့် အသမ်း လည်း ဘယ်ရောက် သွားမှန်း မသိတော့ဘူး ။
အောင်မယ်လေး - ကုန်ပြီ ကုန်ပြီ ၊ ရှိစုမဲ့စုတော့ ကုန်ပါပြီ ဘကြီးဆောင် သူခိုး အထောင်း ခံရပြီ ၊ အိပ်ချင်တဲ့ စိတ်လည်း ပျောက်သွားပြီ ။ ဘကြီးဆောင် တစ်ခါမှ မကြုံ ဖူးတဲ့ အဖြစ်ဆိုးနဲ့ ကြုံ လိုက်ရပြီ ။ ဒီလို ခိုးမှာ စိုးလို့ကို ထင်းရှူးသေတ္တာကလေး ကို အောက် က ထားလို့ ဓာတ်ပုံး ကို အပေါ်က ထားပြီး ဆိုင်းကြိုးနဲ့ ကျကျနန တုပ်ထားတာ ။ သူခိုး က ကြိုးကို ဖြေပြီး မရ ရအောင် ခိုးသွားတယ် ။ အာဂ အကောင်ပဲ ။ ထင်းရှူးသေတ္တာကလေး ရဲ့ အဖုံး ကို လှပ် ကြည့် လိုက်တော့ အဝတ်အစားတွေ ရော ၊ အောက်က ထားတဲ့ ဒန်အိုးဒန် ခွက်တွေ ရော ဘာမှ မရှိတော့ဘူး ။ အကုန် ပြောင်နေပြီ ။ ဘာမှ သုံးမရတော့တဲ့ ယောက်မ မည်းမည်းသေးသေးကလေး တစ်ခုပဲ ကျန်ရစ်တယ် ။
ဘကြီးဆောင် တော်တော် ဝမ်းနည်းမိတယ် ။ အဝတ်အစားတွေ က အကောင်းစားတွေ တော့ မဟုတ်ကြပါဘူး ။ ခပ်လတ်လတ် တက်ထရွန် လေဘေးရှပ်လက်ရှည်က တစ်ထည် ၊ ပုဆိုး မန်ကျည်းစေ့ကွက်အညိုလေးက တစ်ကွင်း ၊ ပြီးတော့ မယ်ရှင် ကိုယ်တိုင် ရက်ပေး ထားတဲ့ ဖျင်လက်ရှည်ကလေး က တစ်ထည်ရယ် ၊ ချည်လုံချည် တပတ်နွမ်းလေး တစ်ထည် ပါသွားတယ် ။ အဲဒီ ထဲမှာ အမယ်ကြီး မယ်ရှင် ကို အလွမ်းဖြေဖို့သိမ်းထားတဲ့ ဖျင် လက်ရှည်လေးကို အနှမြောဆုံးပဲ ။ အဲဒီ ဖျင်အင်္ကျီ လက်ရှည်လေး နဲ့ အတွင်းအိတ် ထဲမှာ မူးစု ပဲစု စုထားတဲ့ ကျပ်တန်လေး ခုနစ်ရွက် နဲ့ ငါးကျပ်တန် တစ်ရွက် ပါသွားသေးတယ် ။
သူခိုးများ ဝေးဝေးလံလံ မရောက်သေးဘဲ အနီးအနား မှာပဲ ရှိလေဦးမလား လို့ ဇရပ်ရဲ့ အရှေ့ဘက် ချမ်းသာရတံတား တစ်လျှောက် လှမ်းမျှော် ကြည့်မိတယ် ။ ဘကြီးဆောင် ရဲ့ မျက်စိ တစ်ဆုံးတော့ တံတား ပေါ်မှာ လူရိပ်လူယောင် တစ်ယောက် မှ မတွေ့မိဘူး ။
တစ်ခါ ကမ်းနားလမ်း ပေါ် တက်ပြီး တောင်ဆီ ကိုတစ်ချက် ၊ မြောက်ဘက် တစ်ခါ သူ လှမ်းမျှော် ကြည့်မိတယ် ။ မြောက်ဘက် သစ်စက် ဘက် ၊ ဘီအိုစီကွက်သစ် ဘက် ဆီ လည်း လူတစ်ယောက် မှ မတွေ့ ရဘူး ။ တောင်ဘက် ထင်းဝင်း ဘက် ဓာတ်တိုင် နှစ်တိုင်ကျော် ကျော်လောက် ဆီမှာ တော့ လူ တစ်ယောက် လှမ်း မြင်နေရတယ် ။ အဲဒီ လူ က ယောက်ျား လား ၊ မိန်းမ လား ၊ သူ့ ရဲ့ ဟိုဘက် ကို သွားနေတာလား ၊ ဒီဘက် ကို လာနေတာလား ဆိုတာ ၇ဝ နီး နေတဲ့ ဘကြီးဆောင် ရဲ့ မျက်စိ က မသဲကွဲဘူး ။ ဖျင်အင်္ကျီလေး နဲ့ မူးစုပဲစု ငွေလေး ၁၂ ကျပ် သံယောဇဉ် နဲ့ သာ လှမ်းမျှော် ကြည့် နေရတာ ၊ တကယ်တော့ သူ့ ပစ္စည်းတွေ ပြန် ရဖို့က လမ်းမရှိတော့ပါဘူး ။ ဘကြီးဆောင် စိတ်ပျက်လက်ပျက် နဲ့ ပုံ့ နေအောင် ထိုင်ချ လိုက်တယ် ။ ရုပ်သေးရုပ်ကလေး ကပြီးလို့ နားတော့ ထိုင်ချလိုက် သလိုမျိုး ။
လူ က ပစ္စည်း ကို ခွာ ရင် ခွာ ၊ မခွာ ရင် ပစ္စည်း က လူ ကို ခွာ နဲ့ ဘယ်ဟာမှ မမြဲပါလား ဆိုတဲ့ သိသမျှ မှတ်သမျှတရား နဲ့ ကိုယ့် စိတ် ကို ဖြေကြည့်မိပါရဲ့ ၊ ဒါပေမဲ့ ဝမ်းနည်းတာဟာ ဝမ်းနည်းတာပဲ ။ စိတ်မကောင်း ဖြစ်ရတာ စိတ်မကောင်း ဖြစ်ရတာပဲ ။ ဘယ်တရား မှ သူ အစားထိုး ဖြေသိမ့်လို့မရဘူး ။
ဒီပြင် ဘာပစ္စည်းတွေများ ပါသွားသေးတုံး လို့ ဘကြီးဆောင် သူ့ ပစ္စည်းတွေ ကို တစ်ခုစီ ပြန် စစ်ကြည့် မိတယ် ။ ဓာတ်ပုံး ကလည်း ခြေရာလက်ရာ မပျက်ဘူး ။ လင်းကွင်းကလေး ကလည်း သူ ထားတဲ့ နေရာမှာပဲ ။ နေမြဲ ၊ ဓာတ်ပုံး နဲ့ ထင်းရှူးသေတ္တာ ကို ဆိုင်းကြိုး နဲ့ထမ်းပြီး ထမ်းပိုးကလေး ကလည်း ဇရပ် ထရံ မှာ မှီလျက်သား ။ ဒီအတိုင်းပဲ နေရာ မရွှေ့ဘူး ။ တံဆိပ် နှစ်မျိုး အရွယ် နှစ်မျိုး သည်းကြိုး က လည်း ဟောင်း နေပြီး အနီ တစ်ဖက် အနက် တစ်ဖက် ဖြစ်နေတဲ့ သူ့ ဖိနပ် က လည်း နေရာ မရွှေ့ဘူး ။ ဒီအတိုင်း ။
အံမယ် ယူချင်း ယူရင် ဖဲထီးကလေး ယူသွားပါတော့ သူခိုး ရာ သူ့ ရောင်းစားတာ မှ ကြိုက်တဲ့ လူ နဲ့ တွေ့ရင် တစ်ဆယ် ၊ ဆယ့်ငါးကျပ် ရလိမ့်ဦးမယ် ။ ဟောင်းပေမယ့် အမျိုး ကောင်းကလေးပါ မောင် ၊ ကြက်ဆင်တံဆိပ် လက်ဟောင်းကလေးပါ ။ ငါ့အင်္ကျီတွေ ကို ဖြင့် ခြောက်ကျပ် ခုနစ်ကျပ် ပေးမယ့်လူ ရှိမယ် မထင်ပါဘူး ။
ဘကြီးဆောင် က သူ့ ဓာတ်ပုံး မှာကပ်ပြီး ချည်ထားတဲ့ ဖဲထီးကလေး ကို ကြည့်ပြီး တစ်ယောက်တည်း ပြောနေမိတယ် ။ ဒီလို ပြောမယ့်သာ ပြောနေတာပါ တကယ်တော့ လည်း ဖဲထီးဟောင်းကလေး လည်း ဘယ်ပျောက်လို့ ဖြစ်မလဲ ၊ သူ့ ရဲ့ အဖော်ပဲ ။ နေထဲမိုးထဲ ကျ အပေါက် ဗရပွနဲ့ ဒီ ထီးဟောင်းကလေးပဲ အားကိုး နေရတာ မဟုတ်လား ။ သူခိုး လက် ထဲပါသွားတဲ့ ပစ္စည်းလေးတွေ ကို နှမြောမြော နဲ့ သာ ကြံဖန်ပြီး အပြစ် တင် နေမိတယ်လေ ။ ပစ္စည်းတွေ ကို တစ်ခုစီ ကြည့်ရင်း ကြည့်ရင်း နဲ့ “ မယ်ရှင် ရေ … ငါ့ ရဲ့ ရှိစုမဲ့စု ပစ္စည်းလေးတွေ တော့ ကုန်ပြီ မယ်ရှင် ရဲ့ ” လို့ အားရပါးရ အော်ဟစ် ငိုပစ်လိုက်ချင်တယ် ။ ဘကြီးဆောင် ကြံရာ မရဘဲ အခက်ကြုံနေပကော ။
“ မောင်မင်းကြီးသားရယ် ၊ ငါ့ အင်္ကျီကလေးများ ရောင်းမရလို့ လွှင့်ပစ်မယ် ဆိုရင် ဟောဒီ ဇရပ်တစ်ဝိုက် ဒါမှမဟုတ် အလယ်ဇရပ် တစ်ဝိုက် ဖြစ်ဖြစ် သာ လာပစ်လှည့်ပါ မောင် ၊ အထဲ မှာ ပါတဲ့ ငွေစကလေး တော့ မင်းပဲ ယူလိုက်ပါတော့ ” ပါးစပ်ကနေ တိုးတိုးနဲ့ တတွတ် တွတ် ပြောနေမိတယ် ။ သက်ပြင်း ချလိုက် ခေါင်းတယမ်းယမ်း လုပ် နေလိုက် နဲ့ တစ်ခါ တလေ ဖြူဖွေး နေတဲ့ ညှပ်ချိန်တန် နေတဲ့ ဆံပင်တွေ ကို ကျိ ဗျိ မြည်အောင် ကုတ်လိုက် နဲ့ ဘကြီးဆောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဘဲ ဖြစ်နေတယ် ။ ဒီလိုသာ ကြာကြာ နေရရင် သူ့ ကိုယ် သူ ရူးသွားလိမ့်မယ်လို့ ဘကြီးဆောင် ထင်မိတယ် ။
“ အေး ကောင်းတယ် ကောင်းတယ် ရူးမယ့်ရူးလည်း ထမင်းမေ့ ဟင်းမေ့သာ ရူးလိုက် ချင်တာပါပဲ မယ်ရှင် ရယ် ၊ ထမင်း တစ်လုတ် ရှာစားရတာ မလွယ်ဘူးဟ ” လို့ သွားလေသူ ကို တမ်းတရင်း မျက်လုံးအိမ် ထဲမှာ မျက်ရည်တွေ ပြည့် လာတော့တယ် ။
••••• ••••• •••••
“ အင်း ဟောဒီ ဓာတ်ပုံး ရှိနေသရွေ့ ၊ ငါ နေကောင်း နေသရွေ့တော့ ငွေ မရှားပါဘူး ” လို့ ကိုယ့် ကို ကိုယ် အားပေး ရတယ် ။ မျက်လုံး ကလည်း ထမင်းရှာ ကျွေးနေတဲ့ ဓာတ်ပုံးတွေ ကို တွေတွေကြီး စိုက်ကြည့် နေမိတယ် ။ ဘကြီးဆောင် ကြည့်လို့သာ ကြည့် နေတာ မျက်လုံး အိမ်ထဲမျက်ရည်တွေ နဲ့ မို့ ဓာတ်ပုံးကို မှုန်ဝါးဝါးပဲ မြင်ရရှာတယ် ။ အခြေအနေ ကလည်း အခုလို ကိုယ့် ကို ကိုယ် ပြန် အားပေးရုံက လွဲလို့ ဘာမှ မတတ်နိုင်တဲ့ အခြေအနေ ကိုး ။
မနေ့ည က လက်ဖက်ရည် တစ်ခွက် ပဲ ဗိုက် ထဲ ထည့် ထားတာမို့ ဗိုက် က ဆာလာပြန် တယ် ။ ဇရပ် တောင်ဘက် အဆောင် မှာ မုန့်ပျားသလက် လာ လုပ်တဲ့ ဒေါ်ခြုံ ကလည်း တော်တော်နဲ့ လာဦးမယ့်ပုံ မပေါ်ဘူး ။ ဒေါ်ခြုံ လာဦးတော့ ဘကြီးဆောင် က အကြွေး စား မယ့်သူ ဆိုတော့ စောစောစီးစီး ဈေးဦးမပေါက်ခင် စားဖို့ က လည်း မသင့်တော်ပြန်ဘူးလေ ။ ဒေါ်ခြုံ အရင် ရက်တွေ တုန်းကတော့ ပြောဖူးတယ် ။ ကာလကြီး က ဘယ်လို ဖြစ်နေတယ် မသိဘူး ။ သူ့ မုန့်ပျားသလက်ဖို က ဖိုခနောက် လုပ်တဲ့ အုတ်ခဲ တောင် ချမ်းသာ မပေးကြဘူး ။ ခိုးကြသတဲ့ ။ အခုလို ဘကြီးဆောင် စောင့်အိပ် ပေးလို့ အုတ်ခဲလေးတွေ မပျောက် မရှတာတဲ့ ၊ အခုတော့ ... ။
အဲဒီကိစ္စ မေ့မေ့ပျောက်ပျောက် နဲ့ မေ့တာပဲ ကောင်းပါတယ် ။ သူ့ အာရုံ ထဲ ဒီအဖြစ်ဆိုး ကို ထုတ်ပစ်လိုက်ချင်တယ် ။ ဒါပေမယ့် မေ့ချင်လို့ လည်း မေ့လို့ မရပါဘူး ။ ဖြစ်ထား တာ ဘာကြာသေးတာလိုက်လို့ ၊ အခုလေးတင် ဖြစ်ထားတာ ဆိုတော့ ဘကြီးဆောင် စိတ် ထဲ မှာ တစ်အုံနွေးနွေးနဲ့ပေါ့ ။
ဧကန္တတော့ ဒီအကောင် အိပ်မက် မက် ကောင်းနေတုန်း လာ ခိုးသွားတာပဲ ဖြစ်ရမယ် လို့ ဘကြီးဆောင် တွေးနေမိတယ် ။ အိပ်မက် ကလည်း မနက်ခင်း နိုးခါနီးလေးတင် မက်တဲ့ အိပ်မက် မက် နေတုန်းတော့ ပျော်စရာ ကောင်းလိုက်တဲ့ အိပ်မက် ၊ ကြည်နူးစရာ ကောင်းလိုက်တဲ့ အိပ်မက် ။ ဖြစ်နိုင်ရင် ဒီလို အိပ်မက်မျိုး ညတိုင်း မက်ချင်တယ် ။
အိပ်မက် ထဲ မှာ မယ်ရှင် က ဘကြီးဆောင် ကြိုက်တတ်တဲ့ မန်ကျည်းရွက် ကို ဆီရွှဲရွှဲ ပဲဟင်းပျစ်ပျစ် ကြက်သွန်တွေ အများကြီးနဲ့ သုပ်ထားတယ်တဲ့ ။ ပဲဟင်းချို ကလည်း အငွေ့ တထောင်းထောင်း နဲ့ပဲ အနံ့ကလေး ကို သင်းလို့ ။ ငါးရံ့ခြောက် ကို မီးဖုတ်ထားပြီး ဆီ ထဲ နှစ်ထားတာ က ထမင်းစား သံပန်းကန်ပြား နဲ့ အပြည့် နီးနီးတဲ့ ။ ငရုတ်သီး ခရမ်းချဉ်သီး နဲ့ ခရမ်းသီး ကို မီးအုံးပြီး ထောင်းထားတဲ့ ဟင်းရန် က လည်း ဆီစွက်စွက် နဲ့ ။ ဘကြီးဆောင် ရော အမေကြီး မယ်ရှင် ပါ ကြိုက်ကြတဲ့ ဟင်းစပ်တွေ နဲ့ ထမင်းပွဲကြီး ပြင်ပြီး မိသားစု ထမင်း လက်ဆုံ စားကြရသတဲ့ ။ မြို့ထောင့်စေတီပွဲ က ဓာတ်ပုံး ပြပြီး အပြန် ဝယ်လာတဲ့ သရက် ထည်လုံချည် ညိုဝါအပွင့်လေးတွေ ပါတဲ့ ထဘီ ကို မယ်ရှင် က ဝတ်ထားပြီး ပေါ်ပလင် အင်္ကျီအဖြူလက်ရှည်နဲ့ သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်းလို့ ၊ သမီး နဲ့ သမက် ကလည်း အဝတ်သစ်အစားသစ်တွေ နဲ့ ။ ထမင်းဝိုင်း က လူစုံတက်စုံ ၊ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်စရာကြီး ။ သူ နဲ့ မယ်ရှင် နဲ့ ပဲဟင်းချိုပန်းကန် မှာ တပ်ထားတဲ့ ဇွန်း ကို လက်ဆုံ နေတုန်း ဖျတ်ခနဲ လန့်နိုး လာတာလေ ။
ပုံ့ နေအောင် ထိုင်ရင်း အိပ်မက် အကြောင်း ၊ သူခိုး အကြောင်းတွေ ပြန် စဉ်းစားရင်း ဘကြီးဆောင် ခေါင်းယမ်း မိတယ် ။ “ မရှိကြတော့ဘူး မရှိကြတော့ဘူး ၊ မရှိဘူး ဆိုမှ တစ်ယောက် မှ မရှိကြတော့ပါလားနော် ” လို့ တစ်မျိုး ပြောင်းပြီး ရေရွတ် နေပြန်တယ် ။
မွေးထားတာ က လည်း သမီးလေး တစ်ယောက် တည်း ။ ရတဲ့ သမက်လေး ကလည်း မဆိုးရှာပါဘူး ။ ရှာရှာဖွေဖွေ ချက်ချက်ချာချာကလေးပါပဲ ။ ယောက္ခမ ကို ကိုယ့် မိဘ လို အောက်မေ့တတ်တဲ့ သူကလေး ။ သူတို့ နှစ်ယောက် လက်ပံလှနယ် မှာ ရွှေ အရှာသွားကြ တာ တွင်း ပြိုလို့ အလောင်းတောင် ပြန်မရဘူး ။ ဒီ သတင်းဆိုးကြီး ကို အမေကြီးမယ်ရှင် က ချက်ချင်း သိရရှာတာ မဟုတ်ဘူး ။ ဆုံး ပြီးလို့ ရက်နှစ်ပတ် ကျော် မှ သိရတာ ။ ဒါလည်း သွားတဲ့ အဖော် ထဲ က တစ်ယောက် က ရွာ အပြန် ကြုံလို့ သိရတာ ။ သတင်းဆိုး အမေရှင် ဆီ ရောက်လာတဲ့ အချိန် မှာ ဘကြီးဆောင် က ရွာ မှာ မရှိဘူး ။ ဓာတ်ပုံး အပြ သွားနေတယ် ။ “ ဖားလင်ပိုး ” ဘုရားပွဲ မှာ ပေါ့ ။
အမေကြီး မယ်ရှင် တစ်ယောက် တည်း လူးလိမ့် နေအောင် ခံစားရတာပေါ့ ။ ဘကြီးဆောင် ကလည်း ပြန်လာမယ် ပြောသွားတဲ့ ရက် ထက် နှစ်ရက် နောက်ကျ ပြီးမှ ပြန်လာတော့ သမီး စိတ် ၊ သား စိတ် ၊ ဘကြီးဆောင် စိတ် နဲ့ မယ်ရှင် အိပ်ရာ ထဲ လဲ ရှာတယ် ။ ဘကြီးဆောင် ပြန်လာ မှ တော်တော် ကုယူရတယ်လေ ။ ဘကြီးဆောင် ရဲ့ လက်စွဲဆရာထွန်း နဲ့ အရင် ကု တာ သိပ် မထူးခြားလှတာနဲ့ သမ္မတော က သည်းခြေဆရာ ကို ပြောင်း ပင့်ရတယ် ။ အဲဒီ ဆရာ နဲ့ နည်းနည်းတော့ သက်သာပါရဲ့ ။ ဒါပေမဲ့ အစာ မဝင်တာ က ဆိုးတယ် ။ ဒီလိုနဲ့ မယ်ရှင်ဟာ တရှောင်ရှောင် နဲ့ နေရင်း ဆောင်းဦး တစ်ရက် ဗြုန်းခနဲ ကောက်ကာငင်ကာ အေးလိုက်တဲ့ တစ်မနက် မှာ မယ်ရှင် လည်း သမီး နဲ့ သမက် နောက် လိုက်သွားတာပါပဲ ။ သမီးတို့ နဲ့ မယ်ရှင်ဆုံးတာ ဘာ ကွာလို့တုံး ။ ရှစ်လ ကျော်ကျော် ကိုးလ ထားပါတော့ ၊ ဘကြီးဆောင် ငွေတိုငွေစ အကုန် ကုန်တဲ့အပြင် ထုခွဲလို့ ရနိုင်တာကလေးတွေ ပါ ဓာတ်စာ နဲ့ ဆေးဖိုး ထဲ ပါသွားလေရဲ့ ။
အခုတော့ ဘကြီးဆောင် မယ်ရှင့် ကိစ္စ ပြီး ကတည်း က ရွာ က ထွက်လာခဲ့တာ ခုနစ် လ ကျော် ရှစ်လ နီးနေပြီ ။ တစ်နေ့ မှ မမေ့ပါဘူး ။ ဓာတ်ပုံး ပြရင်း ဆိုတဲ့ နှစ်ပါးသွား သီချင်း က အစ ၊ ရွာတကာ ရောက် ဘုရားပွဲတကာ ၊ ဘုန်းကြီးပွဲ တကာရောက် နေပြန်တော့ ပွဲခင်း ထဲ မှာ လည်း မယ်ရှင် အရွယ် မိန်းမတွေ ကို မြင်နေရ ပြန်တော့ သတိရ ပြီးရင်း ရရင်း ၊ မဆို ချင် ဘဲ နဲ့ ဆိုရနဲ့ ငိုတာတော့ ည လူခြေတိတ် မှ ရောက်လေရာ ဇရပ်တကာ မှာ တိတ်တိတ် ကလေး ကြိတ် ငိုရရှာတယ် ။
ထန်းမြင့် ဘက် ကို သွားတဲ့ ပဲပြုတ်သည် က ဘကြီးဆောင် ထိုင်နေတဲ့ အနားကနေ ပဲပြုတ်တောင်း ကို ခေါင်းပေါ် ရွက် လို့ ခြေလှမ်းသွက်သွက် နဲ့ ဖြတ်သွားတယ် ။ ပဲပြုတ်တောင်း ထဲ က သိပ် မွှေးတဲ့ ပဲပြုတ်နံ့ကို သူ ရ လိုက်တယ် ။ အခုလို ပဲပြုတ်နံ့သင်းသင်းကလေး ကလည်း သွားလေသူ မယ်ရှင် ကိုသတိရစေတာပါပဲ ။ ဘကြီးဆောင် စိတ်ပျက်အားငယ် ဝမ်းဟာ နေပါတယ် ဆိုမှ ပဲပြုတ်နံ့ က ဝါးကူလို့ ထိုးနေပြန်ပါပြီ ။ တံတွေး မျိုရုံ ၊ နောက်ထပ် ရေ ထ သောက်ရုံ က လွဲလို့ ဘကြီးဆောင် ဘာမှ မတတ်နိုင်ဘူး ။
မျက်စိ ကို ပဲပြုတ်သည် နောက် ပါ မသွားအောင် သင်္ဂဇာချောင်း ထဲ က ဗေဒါပင်တွေ ကို စိုက်ကြည့် နေလိုက်တယ် ။ စိတ် ကို လည်း အစားအသောက် ကိစ္စ မစဉ်းစားဘဲ ဘာ စဉ်းစားရကောင်းမလဲ ၊ အို ... မဟုတ်သေးပါဘူး ။ တစ်ခါလာလည်း ဆယ့်နှစ်ကျပ် ၊ ဖျင်အင်္ကျီ နဲ့ မယ်ရှင့် အကြောင်း ၊ ပဲပြုတ် အကြောင်း ကနေ အာရုံ လွှဲပြန်တော့ ဒီအကြောင်း ပဲ ပြန်ရောက်တာပဲ ။ ပဲပြုတ်သည် ကတော့ တော်တော်လှမ်းလှမ်း ကို ရောက်သွားပါပြီ ။ ပဲပြုတ်နံ့ သင်းသင်းကလေး လည်း လေနဲ့ အတူပါသွား ၊ လွင့်သွား လောက်ပြီ ။ ဒါပေမဲ့ သူ့ နှာခေါင်း ထဲမှာတော့ ပဲပြုတ်နံ့ မွှေးနေတုန်းပဲ ။ ဗိုက် ဆာလွန်းလို့ စိတ် က စွဲနေရော့ သလား မသိ ။
အခုနေ ဓာတ်ပုံး ကြည့်မယ့် ကလေး သုံးလေးယောက် လောက် ရောက်လာရင် ကောင်း မှာပဲ လို့ သူ တွေး နေမိတယ် ။ တစ်ယောက် တစ်မတ် နဲ့ လေးယောက် တစ်ကျပ် ၊ သုံးယောက် သုံးမတ် စိတ်ကူး ထဲ မှာ တင် ဓာတ်ပုံး ကြည့်မယ့် လူ အလျှော့အတင်း လုပ်ရင်း ဈေးအလျှော့ အတင်း တွက်နေမိတယ် ။ ဘကြီးဆောင် စိတ်ကူးမယ့် သာ ကူးနေတာပါ ။ အချိန်က အရုဏ် တက်ပြီးခါစ ရှိသေးတယ် ။ ဆွမ်းခံ ကြွကြမယ့် ကိုရင်တွေ ၊ ဦးပဉ္စင်းတွေ တောင် သင်္ကန်း ရုံကြတုန်း လက်ကတော့ ထိုးကြတုန်းပဲ ရှိဦးမယ့် အချိန်လေ ။
ဒီနေ့ မှ နေ ကလည်း မြင့်ခဲလိုက်တာလို့ ဘကြီးဆောင် အရှေ့ဘက် ဆီကို ကြည့်ပြီး အားမလို အားမရ ဖြစ်နေမိတယ် ။ ဒီနေ့ ဘယ်အရပ်သွားပြီး ဓာတ်ပုံး ပြရရင်ကောင်းမလဲ ။ ‘ ချမ်းသာကြီး ’ ဘက် သစ်စက်ဝင်း ထဲနဲ့ ‘ ပလိုင်း ’ ရပ် ထဲ လည်း ပြခဲ့တာ မကြာသေးဘူး ။ “ အလယ်ဘောင် ” ထဲ လည်း မနေ့ က နှံ့နေအောင် ရောက်ခဲ့ပြီ ။ ‘ ထန်းမြင့် ’ တို့ ၊ ‘ လှည်းတန်း ’ တို့ ၊ ‘ ထုံးကုန်း ’ တို့ ၊ ‘ လက်ရွေး ’ တို့တော့ ကျန်သေးရဲ့ ။
ရွေ့ နှိပ်ဟ ၊ ဒီနေ့ စနေနေ့ ၊ ကျောင်းပိတ်ရက် ပဲ ဘကြီးဆောင် စနေနေ့ ကို အား ကိုးမိတယ် ။ ပြီးတော့ သူအားကိုးစရာ မြင်းခြံ မှာ တွေ့ ခဲ့တဲ့ ဘဘ က လည်း ရှိသေးတယ် မဟုတ်လား ။
မြင်းခြံဈေး ရဲ့ အနောက်ဘက် နား မှာ သူ ဘဘ နဲ့ စတွေ့တယ် ။ သူ ထိုင်ပြီး နားနေတုန်း ဘဘ ရောက်လာတာ အရင် က လည်း တစ်ယောက် နဲ့ တစ်ယောက် မတွေ့ ဖူးကြဘူး ။ ဘကြီးဆောင် ကို သေသေချာချာ ကြည့်ပြီး “ ငါ့မြေး ကို ဘဘက စောင့်ရှောက်ရမယ် ” တဲ့ ၊ ဆိုင်းမဆင့် ဗုံမဆင့် ဟောဟောဒိုင်းဒိုင်းကြီး ပြောချလိုက်တယ် ။ အဝတ်ဖြူ ဝတ်ထားတဲ့ ဘဘ ကို သူ ကြည့်ပြီး အံ့သြ လေးစား သွားမိတယ် ။ “ ကိုင်း - ကိုင်း ငါ့မြေး လိုရာဆန္ဒ ပြည့်ဝပါစေ ၊ သွားလေရာခရီး ဖြောင့်ဖြူးပါစေ ၊ ရွှေငွေ ပြည့်စုံလို့ လိုရာ ဆန္ဒ မကြောင့် မကြဘဲ ပြည့်စုံတဲ့ ဘဝ ရောက်ပါစေ ” တဲ့ ။ ဘဘ က ပြောပြောဆိုဆို နဲ့ ဓာတ်ပုံး ပေါ်မှာ “ စ မ ကြီး လေးလုံး ” ရေးသား ချီးမြှင့်လိုက်တယ် ။ လေးစားကြည်ညိုရင်း က အားကိုးလေးစားတဲ့ အဖြစ်ကို ချက်ချင်း ပြောင်းသွားတာပေါ့ ။
မြေဖြူ နဲ့ ရေးထားတဲ့ လက်ရေး ကို ကြည့်ပါဦး ။ အဘိုးကြီး အသက်ကြီး တဲ့ လူ ရဲ့ လက်ရေး မဖြစ်နိုင်ဘူး ၊ ဝိုင်းစက် နေတာပဲ ၊ ရေးချလိုက်တာ လက် တစ်ချက် မတုန်ဘူး ။ ဟုတ်ပါ တယ် ၊ ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ်ပဲ ။ အားကိုးအားထား ရလောက်မယ့် ပုဂ္ဂိုလ် ဆိုတာ ဘကြီးဆောင် သိလိုက်တယ် ။ ပါးစပ် က လည်း ဘဘ လို့ခေါ်ရမလား ၊ ဆရာကြီး လို့ပဲ ခေါ်ရမလားလို့ မဝေခွဲတတ်အောင် ဖြစ်နေရင်း လွှတ်ခနဲ “ ဘဘ .. ဘဘ ကို ကျွန် .. ကျွန်တော် တစ်ခု ခုပြုစုပါရစေ .. ” ဆိုတဲ့ စကားလုံးတွေ ထွက်သွား မိတယ် ။ ပြောပြီး မှ လက်အုပ် ချီဖို့ သတိရမိတယ် ။
“ နေပါစေ ၊ ငါ က အမြဲ ပြည့်စုံတယ် ” တဲ့ ။ “ ဘဘ က ဘယ်မှာ သီတင်း သုံးတာလဲ ” လို့ မေးတော့ “ မိုးအောက်မှာ ” တဲ့ လေ ။ ဘကြီးဆောင် အံ့သြပြီး ရင်း အံ့သြလေးစား လို့ မဆုံးဘူး ။ “ ကဲ ကဲ ငါ့မြေး က ကံငါးပါး ကို ခါးဝတ်ပုဆိုး လို မြဲပါစေ ၊ ဒီ စမကြီး လေးလုံး ကို မပျက်စေနဲ့ ပျက်ခါနီး ရင် ရတနာသုံးပါး အာရုံ ပြုပြီး ဒီစမ ရဲ့ အပေါ် က ထပ်ရေး ကြားလား .. ” တဲ့ ။ ဘဘ က ပြောပြောဆိုဆို ထွက်သွားတာ မို့ ဘကြီးဆောင် ပါးစပ် အဟောင်းသား နဲ့ ကျန်နေခဲ့တယ်လေ ။
ခုလည်း သူ ဘဘ ကို သတိရ မိတယ် ။ အားလည်း အားကိုး မိတယ် ။ သောက်ရေအိုး ရှိရာကို ထသွားပြီးတော့ ရေတစ်ခွက် နဲ့ ပလုတ်ကျင်း လိုက်တယ် ။ နောက် နှစ်ခွက် ဆင့် သောက် ချလိုက်တယ် ။ တဘက် လက်ရက်ထည်ကလေး ရဲ့ အစွန်း ကိုလည်း ရေနည်းနည်း ဆွတ်ပြီး မျက်နှာ ကို ပွတ် လိုက်တယ် ။
••••• ••••• •••••
သူ့ ဓာတ်ပုံး နဲ့ ထင်းရှူးသေတ္တာ ကို ကြိုး နဲ့ သေသေချာချာ ဆိုင်းပြီး ထမ်းပိုး နဲ့ လျှိုလိုက်တယ် ။ ဇရပ် က နေ ပထမဆုံး လှမ်းထွက်လိုက်တဲ့ ခြေလှမ်းကတည်း က ဘကြီးဆောင် ရဲ့ စိတ် ထဲ မှာ ယောင်ချာချာ နဲ့ ၊ ခါတိုင်း အလေးချိန် စီးတဲ့ ထင်းရှူးသေတ္တာကလေး ဟာ အခု တော့ဖြင့် ပေါ့ နေတယ်လေ ။
ထုံးကုန်းရပ် ၊ လက်ရွေးရပ် ဘက် ကို ဦးတည်ပြီး ချမ်းသာရတံတား ကို ဖြတ်လျှောက် လာခဲ့တယ် ။ စနေနေ့ မို့ ထင်ရဲ့ ၊ တံတားပေါ် မှာ ဖြတ်သွား ဖြတ်လာ သိပ် မတွေ့ ရဘူး ။ နည်းနည်း စောနေတာကြောင့် လည်း ဖြစ်နိုင်ရဲ့ ၊ ထွက်လာတဲ့ အချိန် စောသလား မစောဘူးလား မပြောနိုင်ပေမယ့် ဘကြီးဆောင် စိတ်စော နေတာတော့ သေချာတယ် ။
ထုံးကုန်းရပ် ထဲက အရိပ် သိပ် ကောင်းတဲ့ ကုက္ကိုပင် အောက် မှာ ဓာတ်ပုံး ကို ချပြီး နား လိုက်တယ် ။ အရပ်ထဲ က လူတွေ က ဓာတ်ပုံးတစ်ဖက် ၊ ထင်းရှူးသေတ္တာ နဲ့ တစ်ဖက် နဲ့ အထမ်းကြီး နဲ့ ဝင် လာတဲ့ ဘကြီးဆောင် ကို သတိထား မိကြတယ် ။ ဓာတ်ပုံး ဆိုတာ ငယ် ရာက ကြီး လာကြတဲ့ လူတိုင်း လို ကြည့်ဖူးကြတယ် မဟုတ်လား ။
“ ကုမ္မာရီ ပျိုတစ်သင်းတို့ ၊ ရေခပ်ဆင်းချိန်ပေါ့ ခင်ဗျာ ... ချွင် ချပ် ၊ ချွင် ချပ် ဟောဒါက ... မြတ်ဘုရားလေလေ့ ရယ်တဲ့ ရွှေတိဂုံ ချွင် ချပ် ၊ ချွင် ချပ် … အော် ရွှေတိဂုံ ၊ ရွှေတိဂုံဘုရားမှာလ ချွင် ချပ် ၊ ချွင် ချပ် ကျားတက်တာ ၊ ကျားတက်တာ ၊ ငါး ရက်ကြာ ချွင် ချပ် ” ဆိုတဲ့ စည်းသံ ( လင်းကွင်းသံ ) မပြတ် ကြားနေရတဲ့ ဓာတ်ပုံးပဲ ။ ကလေးလူကြီး အကုန် ကြိုက်ကြတဲ့ ဓာတ်ပုံးပေါ့ ။
မနက်စာ ဘာမှ မစားရသေးဘဲ ဓာတ်ပုံး ထမ်းပြီး ဝင်းကြိုဝင်းကြား ၊ လမ်းကြိုလမ်းကြား လျှောက်ရတာမို့ ဒူး က သိပ် မခိုင်ချင်ဘူး ။ နည်းနည်း ယိုင်ချင် တုန်ချင် သလိုလိုပဲ ။ အရင် တုန်းက ဒီထက်မက လေးခဲ့တဲ့ ထမ်းပိုး က အခုတော့ ပေါ့ ရမယ့် အစား ပို လေး နေသလို လို ထမ်းပိုး ကလည်း လေးလိုက်တာလို့ မဦးမချွတ် မပြောဝံ့ဘူး ။ ဘယ်တုန်းကမှလည်း ဒီလို မပြောဖူးဘူး ။ ဘကြီးအောင် ‘ ဟောဟဲ ’ လိုက်အောင်သာ မမောတာ အသက်တော့ ပြင်းပြင်းရှူမိပြီး ရင် ထဲ က တဒိတ်ဒိတ် နဲ့ ရင်ခုန် မြန်နေတယ် လူမော စိတ်မော နဲ့ လေ ။
ဆင်ခြေဖုံးရပ်ကွက် တို့ ထုံးစံအတိုင်း အိမ်တွေ ကကျပ်ညပ် နေပြီး ရပ်ကွက် ထဲမှာ လူတွေ က လည်းအများကြီး ၊ အိမ်ပေါက်စေ့ ဘကြီးဆောင် လှမ်းအကဲခတ် ကြည့်နေမိတယ် ။ လူတွေလူတွေ ကလေးတွေ ကလေးတွေ မနည်းပါလား တချို့ က ငါ့ ကို လှမ်းကြည့် နေကြပါလား ။ သူ့ ကို ကြည့်နေတဲ့ လူတွေကို ပရိသတ်တွေလို့ ပြောင်းပြီး ဘကြီးဆောင် မျှော်လင့် မိတယ် ခေါင်းမှာ ပေါင်းထားတဲ့ တဘက်လက်ရက်ထည်ကလေး နဲ့ ဓာတ်ပုံးကြည့် မှန်ပေါက် တွေ ၊ ကြည့်ပေါက် အဖုံး က ဒန်အစွပ်ကလေး တွေ ကို ဖုန်သုတ် နေမိတယ် ။
ပြီးတော့ ဓာတ်ပုံး ပေါ်က လင်းကွင်းကလေး ကို ချွင် ချပ် ၊ ချွင် ချပ် နဲ့ အသံ ပေးလိုက်တယ် ။ ဒီ စည်းသံ ကို တော်တော် ဝေးဝေး က ကြားနိုင်မယ် ။ သူ ရောက်ပြီးလို့ ဆယ့်ငါး မိနစ်လောက် နေမှ ကလေး နှစ်ယောက် ရောက်လာတယ် ။ ဒီလောက် စောင့်ရတာ ကို ဘကြီးဆောင် အဖို့ နာရီ တော်တော်များများ ကြာတယ်လို့ ထင်မိတယ် ။ လာတဲ့ ကလေး နှစ်ယောက် မှာ အကြီးလေး က ကိုးနှစ်သား ဆယ်နှစ်သား လောက် ရှိမယ် ။ နောက် တစ်ယောက် က သူ့ ထက် ငယ်တယ် ။ အလွန်ရှိလှ သုံးလေးနှစ် ပဲ ၊ ကလေးတွေ က မည်းမည်း သည်းသည်း ပေပေရေရေလေးတွေ မို့ အသက် ခန့်မှန်းရတာ ခပ်ခက်ခက်ပဲ ။ အငယ်ကောင် က အောက်ပိုင်း ဘာမှ ဝတ်မထားဘူး ။ ရွှေပန်း ငေါက်တောက် ၊ ချေးရှစ်သစ် အရစ်ရစ် နဲ့ ၊ သူ့ လက်သီးကလေး နှစ်ဖက်စလုံး ဆုပ်ထားပုံ ထောက်တော့ ပိုက်ဆံအကြွေ တွေ ကို လက် ထဲမှာ ဆုပ်ထားတဲ့ပုံပဲ ။
နှစ်ယောက်စလုံး ဆီဝေး ဆံပင်နီကြန်ကြန် ကိုယ်စီနဲ့ ။ အကြီးကောင်လေး ရဲ့ နှုတ်ခမ်း ထောင့် နှစ်ဖက်စလုံး မှာ ပသက်နာ ကြောင့် ဖြူပြာပြာအရောင် စွဲနေပြီ ။ ဘယ်ဘက်ပါး မှာ စပါးညှင်းထင်ပါရဲ့ ။ ညှင်းကွက် နှစ်ကွက်သုံးကွက် ရှိနေတယ် ။ သူ့ ရဲ့ ရှပ်အင်္ကျီ အိတ်ထောင် လေးတွဲ့တွဲ့ ... ဖြစ်နေတဲ့ ဆီ ဘကြီးဆောင် မျက်စိ က ဖျတ်ခနဲ ရောက်သွား လိုက်သေးတယ် ။ လျှော်ဖို့အချိန်တန်တဲ့ ကျောင်းစိမ်းခါးရှုံ့ဘောင်းဘီလေး ကို အပေါ် မတင်လိုက်တာလည်း တွေ့လိုက်တယ် ။
ဘကြီးဆောင် ဓာတ်ပုံး မှာ ကြည့်စရာ အပေါက် သုံးခုပါတယ် ။ တစ်ခါ ကြည့်ရင် သုံးယောက် ကြည့်လို့ ရတယ် ။ ကလေး တစ်ယောက် တစ်မတ် လူကြီး တစ်ယောက်လည်း တစ်မတ်ပဲ ။ တစ်ပွဲ သုံးယောက် ဆိုရင် သုံးမတ် တော့ ရတဲ့ အလုပ် ။ အရင်ကတော့ ကြည့်မယ့် လူ သုံးယောက် ပြည့်အောင် စောင့်ပြီးမှ ပြနေကျ ။ အခုတော့ အခြေအနေ က သိပ်ပြီး လူစောင့် မနေချင်ဘူး ။ ဈေးဦးပေါက်လည်း ဖြစ်ပြန် ၊ ရှိတဲ့ ပရိသတ် နှစ်ယောက် က နောက် တစ်ယောက် ကို စောင့်ရမှာ ပျင်းလို့ စိတ် ပြောင်းပြီး မုန့်တစ်ခု ခု ဝယ်စားပစ်မှာ လည်း စိုးရ သေးတယ် ။ ဈေးဦးပေါက် ပရိသတ် နှစ်ယောက်ကို အလွတ် မခံတော့ဘဲ ကလေး နှစ်ယောက် နဲ့ပဲ ဓာတ်ပုံး ပြတော့မလို့ ။ ကလေးတွေ ဆီက ပိုက်ဆံ အရင် တောင်းထားနှင့် တာ ဘကြီးဆောင် မူပဲ ။ ပွဲဈေး ဆိုရင် ဓာတ်ပုံးကြည့် ပရိသတ် က အများကြီး ၊ တချို့ကလေးတွေ လည်း ပိုက်ဆံ အရင် တောင်း မထားမိရင် စိတ် ပြောင်းပြီး ထွက်သွား တတ်ကြတယ် ။ ပြီးတော့ ပိုက်ဆံ ကိုယ့် အိတ်ထဲ ရောက်ပြီ ဆိုရင် ဘကြီးဆောင် အဖို့ အာဝဇ္ဇန်း ရွှင်လာတတ်တယ် ။ လမိုင်းလည်း ကပ် လာတတ်တယ် မဟုတ်လား ။
ချေးရှစ်သစ် အရစ်ရစ် နဲ့ ကလေး ဆီက ပိုက်ဆံ အရင် ရတယ် ။ သူ့ ညာဘက် လက် ထဲက လက်ဆီတွေ နဲ့ စိုနေတဲ့ ဆယ်ပြားစေ့ နှစ်စေ့ ဘယ်ဘက် လက်သီးဆုပ် ထဲက ဆယ်ပြားစေ့ မည်းမည်းကလေး က တစ်စေ့ ၊ ဆယ်ပြားစေ့ သုံးစေ့စလုံး က အပေါ့စေ့လေးတွေ ။ ကျောင်းစိမ်းခါးရှုံ့ဘောင်းဘီနဲ့ ကလေးဆီ က မတ်စေ့တစ်စေ့ ရတယ် ။ ဘကြီးဆောင် အားတက် သွားမိတယ် ။ ပျော်သွားတယ် ။ မတ်စေ့ က မတ်မတ်ရပ်ရပ် ရှိစေတယ် မဟုတ် လား ။ မတ်စေ့ကလေး က အလေးစေ့လေး ။ ဈေးဦးပေါက် မှာ မတ်စေ့ ရလိုက်တာ ဘကြီးဆောင် သိပ်အားရှိ သွားတာပေါ့ ။
ဓာတ်ပုံး စ အဖွင့်မှာ ရွှေစက်တော်ကား နဲ့ ဖွင့်တယ် ။ ရွှေစက်တော် ဘုရားသမိုင်းစာအုပ် အဖုံး ကားချပ်ကလေး ။ စာအုပ်အဖုံး ကို လက်ထိုးပုံနှိပ်စက် နဲ့ ဝါနီပြာ သုံးရောင် ရိုက်ထား တယ် ။ ဂျစ်ကားတွေ ၊ ဒေါ့ဂျစ်တွေ ပေါ်မှာ ဘုရားဖူး လာတဲ့ သူတွေ တက်နေ ဆင်းနေ တဲ့ ပုံလည်း ပါရဲ့ ။ စောင်းတန်းရှည်ကြီးတွေ ရဲ့ နံဘေးက သစ်ပင်တွေ က စိမ်းလို့ ညို့လို့ ။ ရွှေစက်တော်ဘုရားကား ရဲ့အောက်က မှ နေကြာစေ့ထုပ် ၊ အချဉ်ပေါင်းထုပ် ၊ သီးစုံယိုထုပ် တွေ ထဲ မှာပါတဲ့ အော့ဖ်ဆက် နဲ့ ရိုက်ထားတဲ့ အရှေ့ဖျား က ပိုစတာ အလှမယ်လေးတွေ ရဲ့ ပုံတွေ တန်းစီပြီး ကပ်ထားတယ် ။ ပုံနှိပ်စက် ခေတ်နှစ်ခေတ် ရဲ့ အရုပ်တွေ ဓာတ်ပုံး ထဲမှာ ပဋိပက္ခ ဖြစ်နေလေရဲ့ ။
“ ရွှေစက်တော် အပါး ဟား ... ဆီက ချွင် ချပ် လူမျိုးစုံ သဒ္ဓါပွားပါလို့ဗျာ ... ချွင် ချပ် ချွင် ချပ် ဘုရားဖူးရယ်တဲ့ စုံလှတာ ချွင် ချပ် ချွင် ချပ် ”
ဘကြီးဆောင် ရဲ့ သီချင်းသံက အောင်အောင်မြင်မြင် နဲ့ ဟိန်းထွက် လာတယ် ။ ဈေး ဦးပေါက် လည်း ဈေးဦးပေါက် မို့ ကျယ်ပြီး တက်ကြွနေတယ် ။ မနက်စာ ဘာမှ မစားရသေး တာ ကို ဘကြီးဆောင် မေ့နေတယ် ။ ဒီလိုကျယ်ကျယ် ဆိုမှလည်း ဒီပြင် ကလေးတွေ ကြား ကြမယ် မဟုတ်လား ။ စည်း ကလည်း ဝါးလတ် စည်း ၊ တချွင်ချွင် နဲ့ အသံ လွင်လှတယ် ။
“ အေး မန်းစက်တော် ဘုရားဖူးသူတွေ မှာ ဖြင့် နော် စံပယ်ပွင့် တဲ့ အရွယ်တင့်ကလေး တွေ ချွင် ချပ် ချွင် ချပ် စံပယ်ပန်း လို အရွယ်ဖျန်းကလေးတွေ က လည်း ချွင် ချပ် ချွင် ချပ် ”
ကလေး နှစ်ယောက် က မဖူးဖူး ၊ မရောက်ဖူးတဲ့ ရွှေစက်တော်ဘုရား ကိုပဲ ကြည်ညို သဒ္ဓါပွား နေကြသလား ၊ စောင်းတန်းရှည်ကြီးတွေ ကို ပဲ တအံ့,တသြ ကြည့်နေကြသလား ။ ဒါမှမဟုတ် ပိုစတာ အလှမယ်လေးတွေ ဆီ ကိုပဲ မျက်လုံးက ရောက်နေကြသလား မသိဘူး ။ သူတို့ ရဲ့ မျက်နှာတွေ ဓာတ်ပုံး ကြည့်ပေါက် ထဲ မှာ အပ်ထားကြတယ် ။ ဘကြီးဆောင် ပါးစပ် က သီချင်း ဆိုရင်း လက် က စည်း လိုက်ရင်း မျက်လုံးကတော့ အမေ့ ဆီ လက်ဝါး ဖြန့်နေတဲ့ ကလေးတွေ ကို လိုက် ရှာနေမိတယ် ။ လောလောဆယ်တော့ ဘယ်အမေ မှ ချွေးခံအင်္ကျီ အိတ်ထဲ လက်ထိုး နှိုက်နေတာ မတွေ့မိပါဘူး ။
ဓာတ်ပုံး ရဲ့ ဘယ်ဘက် မှာ ရှိတဲ့ ကြိုးတွေ ထဲ က ရှေ့ဆုံးကြိုး ကို အောက်ဆွဲ ချပြီး ဓာတ်ပုံး ကိုယ်ထည် ရဲ့အလယ်မှာ တန်းစီ ရိုက်ထားတဲ့ ငါးမူးအရွယ် သံချောင်းလေးတွေ ထဲ က အရှေ့ဆုံး က သံချောင်း မှာ ကြိုးကိုချိတ်လိုက်တယ် ။
“ ဗိုလ်ချုပ်အောင်ဆန်းကြီးကို လည်း ရဲဘော်ရဲမေများနှင့် အတူ မြင်ရမကွဲ့ ”
ဗိုလ်ချုပ် အောင်ဆန်းမြင်းစီး နေတဲ့ အရုပ် ပေါ်လာတယ် ။ တပ်မတော်နေ့ အထူးထုတ် သတင်းစာ တစ်စောင် ကနေ ဖြတ်ပြီး ဂျပ်ပြားပေါ် ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံ ကားချပ် ၊ နံဘေးနား မှာ တော့ ( ၇ဝ ) ခုနှစ် ဆီက ခေတ်စား ခဲ့တဲ့ ပို့စကတ် တစ်ခု ၊ စစ်သားတစ်ယောက် သေနတ် ကိုင်ပြီး ခြေခွဲ ရပ်နေတဲ့ပုံ ၊ အမျိုးသမီးကလေး နှစ်ယောက် က ငွေဖလား ကိုယ်စီ နဲ့ ပြုံးနေ ကြတဲ့ပုံ ၊ ပို့စကတ် တစ်ခုလုံး ကို ပိတောက်ပန်းတွေ နဲ့ ဘောင်ခတ် ထားတဲ့ ပို့စကတ် ၊ ကလေးတွေ ကတော့ ဇက်ကလေးတွေ ပုပြီး ကြည့် နေကြတာပေါ့ ။
“ ထီးနန်းစံခဲ့ တို့ မြန်မာတိုင်းပြည် ချွင် ချွပ် ယခုအခါ ခေတ်ဆန်တာမျိုးနဲ့ ဘာသာ သာသနာ ကျုံးပြအိုး မြို့ရိုး ထဲ က စည်း ... ချွင် ချပ် ချွင် ချပ် ”
ဘကြီးဆောင် နောက် ကြိုးတစ်ကြိုး ကို ဆွဲချပြီး ချိတ်လိုက် ပြန်တယ် ။
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ဆံပယ်တော်မူနေတဲ့ ပုံ ပါတဲ့ ငွေရောင်ဖောင်းကြွ အလှူဖိတ်စာလေး ၊ ဒီ ဖိတ်စာလေးရဲ့ ပတ်ပတ်လည် မှာ ပရိက္ခရာ ရှစ်ပါး ပုံရော ၊ အိုး စည်ဝိုင်း ၊ ဒိုးပတ်ဝိုင်းတွေ ၊ အလှူလှည့်နေကြတဲ့ ပုံရော ၊ မောင်ရင်လောင်း က မြင်း စီးလို့ ရွှေထီးမိုး လို့ အလှူ လှည့်လာတဲ့ ပုံရောပါတဲ့ ၊ အလှူဖိတ်စာမျိုးစုံ ကပ်ထားတဲ့ ကားချပ် လေး ။
“ တစ်ဆယ်နဲ့ ခြောက်နှစ် အရွယ်ချိန်ခါ ချွင် ချပ် … ယသော်ဓရာဒေဝီအလောင်း ကို ပေါင်းသင်းခါမှ .. ချွင် ချပ် ၊ ရာဟုလာ ခေါ် သားတော်လေး ကို … ”
တောထွက်တော်မူခန်း သီချင်း ကို ဘကြီးဆောင် ချွဲချွဲပျစ်ပျစ် ဆိုနေမိတယ် ။ ခုနက ကွပ်ပျစ်ပေါ် ထိုင်ပြီး မျှော်ကြည့် နေတဲ့ ကလေး လည်း မရှိတော့ဘူး ။ လူကြီးတွေ ဆီ ဓာတ်ပုံး ကြည့်ရအောင် ပိုက်ဆံ သွား တောင်းနေပြီ ထင်ရဲ့လို့ အကောင်းဘက် က လှည့်တွေးမိတယ် ။ သီချင်း ဆိုရင်း စည်းလိုက်ရင်း နဲ့ မျက်လုံး က ပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ ကြည့် လိုက်မိတယ် ။ ဘာလို ဖြစ်တယ် မသိ ၊ စည်းလိုက် နေတဲ့ လက်က နည်းနည်း နှေးသွားတယ် ။ ရှိနေတဲ့ ကလေးတွေ ကလည်း ဓာတ်ပုံး ကိုစိတ်ဝင်စားပုံ မပေါ်ကြဘူး ။ နောက်ပွဲ ကြည့်မယ့် ပရိသတ် က အရိပ်အယောင် တောင် မမြင်ရဘူး ။ ကစားတဲ့ ကလေးတွေ လည်း အကစား မပျက်ကြနဲ့ ။
ကားချပ်တွေ အပြောင်းအလွှဲ လုပ်တဲ့ ကြိုးတွေ ကို တစ်ပင် ပြီး တစ်ပင် အမြန်ဆွဲချ ချင်တဲ့ စိတ်တွေ ဘကြီးဆောင် မှာ ပေါ်လာမိတယ် ။ ကလေး နှစ်ယောက်တည်း ကြည့်နေ တဲ့ပွဲဦးထွက် ဒီပွဲ ကို အမြန် ပြီးပစ်လိုက်ချင်တယ် ။ ဆန် သုံးတင်း အိတ် တစ်အိတ် ကို သုံးတင်းမကပါဘူးလေ ၊ သုံးတင်း ကို နှစ်ပြည် လောက် ပိုပါသေးတယ် ။ အဲဒီ သုံးတင်းအိတ် တစ်အိတ် ကို ခုနစ်ကျပ် ပေးရတဲ့ ခေတ် ကတည်း က ဘကြီးဆောင် ဓာတ်ပုံး ပြလာတာ ဒီလို မြန်မြန်ကြီး ပြီး ပစ်လိုက်ချင်တဲ့ စိတ်မျိုး တစ်ခါမှ မပေါ်ဖူးဘူး ။
ဒီနေ့ မှ ဘယ်လို ဖြစ်တယ် မသိဘူး ။ ကိုယ့် ကိုယ် ကို တောင် အံ့သြ မိတယ် ။ အရုပ်ကားချပ်တွေ နဲ့ သီချင်းတွေ လည်း အံဝင်ခွင်ကျ စီစဉ်ထားတာ ၊ ကားချပ်တွေ လည်း ကျော်လွှား ပြီး မပြတတ် ၊ ပြလည်း မပြုဖူးဘူး ။ ဘကြီးဆောင် သီချင်းတွေသာ ဆိုနေရပေမယ့် စိတ် ထဲ မှာတော့ တော်တော် ဝမ်းနည်း နေမိတယ် ။ သီချင်း ဆိုနေတာရော ၊ စည်းလိုက် နေတာပါ ရပ်ပြီး “ ကလေးတို့ ရေ ... မင်းတို့ ဘယ်ရောက် နေကြတာလဲကွယ် ၊ ဓာတ်ပုံး က တစ်ခါ ကြည့် မှ တစ်မတ်တည်းပါ ကွာ ၊ တစ်မတ် ဆိုတာ ခုအချိန် ဘယ်လောက်များ များ လို့လဲ ကွယ် … ” လို့ အော်ပြောလိုက် ချင်စိတ် ပေါက်လာမိတယ် ။ စိတ် က ကလေးတွေ ဆီ ရောက် နေပေမယ့် စည်းလိုက် နေတဲ့ လက် နဲ့ ပါးစပ် ကတော့ သံပတ် လျော့နေတဲ့ သံပတ်ရုပ် တစ်ရုပ် လို လှုပ်ရှားတယ် ။
“ အို … နာ သေ ရေး အေး ... ပူမဆွေးဘဲ ရေး အေး ... မြင်ပြန်ပါသည် ။ ချွင် ချပ် ၊ ဆင်ခြင်ကာ အတည် ... ချွင် ချပ် ”
ရင် ထဲ က လှိုက်တက် လာတဲ့ တုန်တုန်ယင်ယင် အသံ မှာ ငိုသံ မသိမသာ ပါနေတာကို ဓာတ်ပုံး ကြည့်နေတဲ့ ကလေးတွေ ကတော့ မသိရှာဘူး ။
ဘုရားလောင်း ဆံပယ်ခန်း ပြီးတော့ သိန်းသန်းဝင်း ဇာတ်အဖွဲ့ သားတွေ ဇာတ်ဝတ် ဇာတ်စားတွေ ၊ ပန်းကုံးတွေ ကိုယ်စီ နဲ့ စုံစုံညီညီ “ က ” နေကြတဲ့ပုံ ဓာတ်ပုံး ထဲ မှာပေါ်လာ တယ် ။ သိန်းသန်းဝင်းဇာတ်အဖွဲ့ ရဲ့ လက်ကမ်းကြော်ငြာကလေး ကို ကားချပ် ပေါ်မှာ ကျကျနန ကပ်ထားတဲ့ ပုံပေါ့ ။ ကလေး နှစ်ယောက် ကတော့ မမြင်ဖူးတာတွေ မြင်နေရ လို့ပဲလား ဒါမှမဟုတ် ငွေတစ်မတ် ကို ပဲ တန်အောင်လို့ ဇွတ်မှိတ် ကြည့်နေကြသလား တော့မသိဘူး ။ ဓာတ်ပုံး မှာ အပ်ထားတဲ့ မျက်နှာတွေ တစ်ချက် မှ မခွာကြဘူးလေ ။
“ အေး ဇာတ်ဆရာ သိန်းသန်းဝင်း တို့ က အဆိုအက မလိုကြရဘူး လကွယ့် ၊ ချွင် ချပ် ၊ မိတ်ဖွဲ့လို့သာ သိန်းသင်းဝင်း ရဲ့ ဇာတ်သဘင်မဟာ ၊ ချွင် ချပ် ... ကန်တော့ပန်း ဆင်ပြန်တာ ... သိန်းသန်းဝင်း တို့ ရဲ့ စေတနာ ၊ ချွင် ချပ် ၊ ဝေဝေဆာဆာ ... ”
သိန်းသန်းဝင်း ဇာတ်အဖွဲ့ ပြီးတော့ ပြည်သူ့မုန်တိုင်းဇာတ် အကြောင်း ၊ ပြီးတော့ ကျော်ဟိန်း ရဲ့ ဓာတ်ပုံ နဲ့ သိန်းဇော် ရဲ့ ဓာတ်ပုံ ကို နှစ်ဖက် ယှဉ်ပြီး ကပ် ထားတယ် ။ မင်းသား နှစ်ယောက် ရဲ့ကြား မှာ ရှုမဝ စမ်းစမ်းအေး ရဲ့ ပုံ က ပါလိုက်သေးတယ် ။ အဲဒီ ကားချပ်တွေ ပြီးတဲ့နောက် ဘုရားဈေး မှာ ရောင်းတဲ့ သစ်သားမြင်းရုပ် ၊ ရုပ်သေးရုပ်ကလေး ပေါ်လာ တယ် ။ ဓာတ်ပုံး ရဲ့ အပေါ် က နေ ဘကြီးဆောင် မြင်း ကို ကြိုးဆွဲရတယ် ။ တောင်ပြုန်းပွဲ ၊ ရတနာ့ဂူပွဲ တွေ မှာ ရောင်းတဲ့ ပလတ်စတစ် ရွှေဆွဲပြားလေး ၄ ၊ ၅ ၊ ၆ ပြား ကို မြင်း ရဲ့ လည်ပင်း မှာ ဆွဲပေးလို့ “ မြန်ပြေနယ်ဇမ္ဗူဘောင် ... လျှံဝေခြယ်ခြူအရောင် ၊ သွန်းသွန်းဝင်း ၊ ရွှန်းရွှန်းဝင်း ၊ နတ်မြင်းဗွေ တိမ်ယံပျော် ၊ ချပ် ချွင် ချပ် ... ”
မောနေပေမယ့် နောက်ဆုံး အခန်း မို့ ဘကြီးဆောင် အသံ ကို မြှင့်လိုက်တယ် ။ မောတာ ကတော့ နေပြင်းတဲ့အချိန် ခရီးသည်တွေ အပြည့် တင်ပြီး ဘုရားစုံ ပို့ပေးရတဲ့ မြင်းလှည်းဆွဲ မြင်းပိန်ကလေး လို မောနေရှာပြီ ။
“ ချွင် ချပ်ချွင် ချပ် ... ၊ စာမရီသို့ ထူးမခြား ၊ နတ်မြင်းပျံမို့ မြူးကြွားကြွား ၊ တွေး မှား ၊ တွေးမှား တွေးအေးမှား ... ပင် ၊ ချွင် ချပ် ” ဘကြီးဆောင် ရဲ့ သီချင်းစာသားတွေ က သာ ပြောင်းသွား ပေမယ့် မြင်းဖြူရုပ်ကလေးရဲ့ ကဟန်တွေ က မပြောင်းဘူး ။ သီချင်း အစကနေအဆုံး အထိ မြင်းဖြူလေး က ခေါင်းလေး ဘယ်ညာ ငဲ့လိုက် ၊ ရှေ့ခွာတစ်စုံ နောက်ခွာတစ်စုံ တစ်စုံစီ မြှောက်လိုက် ၊ ယိမ်းက လှုပ်ရှားနေလိုက်နဲ့ပဲ သီချင်း လည်း ဆုံးရော ဘကြီးဆောင် လည်း တော်တော် မောသွားတယ် ။ လက်ရက် တဘက်ကလေး နဲ့ ချွေးတွေ ကို သုတ်လိုက်တယ် ။ ကလေး နှစ်ယောက် လည်း ဓာတ်ပုံး ကနေ မျက်နှာလေးတွေ ခွာလိုက်ကြ တယ် ။ အငယ်ကောင်လေး က ဆို နဖူး မှာ ဓာတ်ပုံးက ကြည့်ပေါက် အရာကြီးထင်လို့ ၊ ဇွတ် ဖိကပ်ပြီး ကြည့်ထားတယ် ထင်ရဲ့ ။
ဘကြီးဆောင် မေးနေကျ မဟုတ်တဲ့ “ နောက် တစ်ပွဲ ကြည့်ကြဦးမလား ” ဆိုတဲ့ မေးခွန်း ကို ကလေးတွေ မေးမိရက်သား ။ ကလေး အကြီးကောင်လေး က ခေါင်းယမ်း ပြတယ် ။ အငယ်ကောင်လေး က ဘာမှ ပြန်မပြောဘူး ။ သူ့ ရဲ့ ပြူးကြောင်ကြောင် မျက်လုံးကလေး လှန်ပြီး ဘကြီးဆောင် ကို ကြည့် နေတယ် ။ အကြီးလေး က လက်ဆွဲ ခေါ်မှ ငါးပြား အအမ်း မရသေးဘူးတဲ့ ။ ဘကြီးဆောင် ဆီမှာလည်း အမ်းစရာ ဆိုလို့ ငါးပြား စေ့ တစ်စေ့ မှ ရှိတာ မဟုတ်ဘူး ။ အကြီးကောင်လေး ဆီ မှာလည်း ငါးပြားစေ့ က မပါနဲ့ ။ နောက်ဆုံးတော့ ကလေး ကို ဆယ်ပြားစေ့ တစ်စေ့ ပြန် ပေးလိုက်ရတယ် ။ ဒါနဲ့ပဲ ဒီမနက် ဘကြီးဆောင် ဈေးဦးပေါက် လေးဆယ့်ငါးပြား ရ လိုက်တယ်လေ ။
အရင်တုန်းကတော့ ဓာတ်ပုံး တစ်ပွဲ ပြပြီးရင် နောက်တစ်ပွဲ ကြည့်ကြမယ့် ကလေးတွေ က အသင့် စောင့်နေကြတာမို့ ဓာတ်ပုံးကြည့်ပေါက် အဖုံးကို ပြန်စွပ်ထားဖို့ မလိုဘူး ။ အခု တော့ နောက်တစ်ပွဲ အတွက် ပရိသတ် ရဲ့ အရိပ်အယောင် မမြင်သေးတာနဲ့ အဖုံး ကို သာ ပြန်ပိတ် ထားလိုက်ပြီး ဆောင့်ကြောင့်ကလေး ထိုင် နေလိုက်တယ် ။ သောက်လက်စ ဆေးလိပ် ကို နှစ်ဖွာသုံးဖွာ ဖွာ ကြည့်လိုက်တော့ မီးသေ နေပါပြီ ။ ဒါနဲ့ ပြာတွေကို လက်ညှိုး နဲ့ ဖိသိပ် လိုက်တယ် ။ ပြီးမှ ခါးပိုက်ထဲ က ဓာတ်မီးခြစ် ကို ထုတ်ပြီး ခြစ်လိုက်တယ် ။ မီး က မတောက်ဘူး ၊ လေတိုက်လို့ မီးမတောက်တာ ထင်ပြီး လေကာရင်း တစ်ခါ ခြစ်တယ် ။ မီးခြစ်ကျောက် ကတော့ ပွင့် ပါရဲ့ ။ မီးစာ မှာ မီး မစွဲဘူး ။ ဓာတ်ဆီ ကြောင့် ထင်ပြီး မီးခြစ် ကို နှစ်ခါသုံးခါ ခါ ၊ လက် နဲ့ လေကာပြီး ထပ်ခြစ်တယ် ။ ဒါလည်း မီးမစွဲဘူး ။ ဓာတ်မီးခြစ် ဖင်ကို ဖွင့် ကျောက် ရဲ့ ဝက်အူ ကို နှစ်ရစ်လောက် တင်ပြီး ဖင် ကနေ လေမှုတ် သွင်းလိုက် တယ် ။ ဘကြီးဆောင် နားတွေ အူသွား ရှာတယ် ။ ပြီးတော့ ဓာတ်မီးခြစ်ဖင် ကို ချက်ချင်း ပြန် ပိတ်လိုက်တယ် ။ မီးစာကြိုး လည်း နည်းနည်း ဆွဲ ထုတ်လိုက်သေးတယ် ။ မီးခြစ် ကြည့် တော့ မီးတောက်ကလေး ပေါ်လာတယ် ။ ဆေးလိပ်လည်း မီးစွဲရော မီးခြစ် ကို အသာပိတ် ပြီး ဆေးလိပ် ကို အားပါးတရ ဖွာနေမိတယ် ။
တချို့ ကလေးတွေ က သူတို့ထက် ငယ်တဲ့ ကလေးတွေ ကို ခါးထစ်ခွင် ချီပြီးတောင် လာကြည့်ကြတဲ့ ဓာတ်ပုံး ၊ ကလေးလူကြီး ကြိုက်ပြီး ချစ်ကြပါတဲ့ ရှေးသမားစဉ်လာ ဓာက်ပုံး ပဲ ။ အခုတော့ ဘာလို့ လာ မကြည့်ကြတာပါလိမ့် လို့ ဘကြီးဆောင် တွေးနေမိတယ် ။
“ ကဲ မထူးပါဘူး ၊ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ဆိုတဲ့ စကား ရှိသားပဲ ” လို့ ကိုယ့် ကိုယ် ကို အားပေးရင်း ထမ်းပိုးကလေး ကို ကောက်လျှို လိုက်တယ် ။ ဈေးဦးပေါက် ရတဲ့ ပိုက်ဆံ လေးဆယ့်ငါးပြား က ဘကြီးဆောင် ရဲ့ ဆေးလိပ်မီးပေါက် ဗရပွ နဲ့ ရှပ်အင်္ကျီ အိတ်ထောင် ထဲ မှာ အဖော်နည်းနည်း နဲ့ လိုက်လာကြတယ် ။
‘ လက်ရွေး ’ တောင်ပိုင်းအရပ် ကို ဝင်လာ ကတည်း က ဘကြီးဆောင် စိတ်ဓာတ် တက်ကြွလာပြန်တယ် ။ ကြည့်ကြစမ်းပါဦး ၊ နည်းတဲ့လူတွေလား ကလေးတွေရော ၊ လူကြီးတွေ ရော ။ အို အရွယ်စုံ ၊ ဘုစုခရု စုံလို့ပါပဲ ။ ပရိသတ်တွေ ၊ ကျေးဇူးရှင်တွေ ၊ လူတွေလူတွေ ကိုကြည့်ပြီး ဘကြီးဆောင် ရဲ့ ရင်ထဲ မှာ လှိုက်လှိုက်တက်လာတယ် ။ ပျော်လာတယ် ။ အားတက် လာတယ် ။
ကလေးတွေ ဒီနား တစ်စု လေးငါးခြောက်ယောက် ၊ ဟို ကုက္ကိုပင် အောက် မှာ သုံးလေးယောက် ကစား နေလိုက်ကြတာ ၊ ကျည်းသား ရိုက်နေကြတာ က တစ်ဖက်သုံးယောက် စီ ။ ဟိုစုစုက အံမယ် စောစောစီးစီး ကလေးတွေရေခဲခြစ် စားနေကြပါလား ။ သိပ်တော့ မစောတော့ပါဘူးလေ ။ ဟိုကလေး တစ်အုပ် ကတော့ ကာတွန်းစာအုပ် ဖတ်နေကြတာ ထင် ရဲ့ ခေါင်းကလေးတွေ ဆိုင်လို့ ကလေးတွေ တပြုံကြီး မြင်တာနဲ့ ဘကြီးဆောင် ဗိုက် ထဲ ဘာမှ မရှိတာတွေ ၊ ညောင်းတာတွေမေ့ ကုန်တယ် ။ ကျည်းသား ရိုက်တဲ့ ကလေးတွေ ကလည်း ဘကြီးဆောင် ဓာတ်ပုံးကြီး ထမ်းလာတာ တွေ့ တော့ ဆော့တာ တော့တာ ခဏ ရပ်ပြီး ဘကြီးဆောင် သွားသာအောင် လမ်းဖယ် ပေးလိုက်ကြသေးတယ် ။ အဲဒီ ကလေးတွေ ကို ဘကြီး ဆောင် ပြုံးပြ လိုက်တယ်လေ ။ ဒီ အပြုံးရဲ့နောက်ကွယ် မှာ အဓိပ္ပာယ်တွေ အများကြီး ပါတာ ပေါ့ စိတ်ထဲ တင်ပဲ စကားတွေလည်း အများကြီး ပြောနေမိတယ် ။ နောက်ဆုံး စကားတွေ ကတော့ တစ်ခါ ကြည့် မှ တစ်မတ် တည်း ပါကွာ တဲ့ ။ ရေခဲခြစ် စားနေကြတဲ့ ကလေးတွေ ကလည်း အချိုရည် အဆစ် တောင်းပြီး အဆမ်း ခိုင်းကြတယ်ထင်ရဲ့ ၊ ရေခဲခြစ်သည် က အချိုရည်ဆမ်း ပြီးလို့ ပြန်ပေးတာ ကို မယူသေးဘဲ ဘကြီးဆောင် ရဲ့ ဓာတ်ပုံး ကို ကြည့်နေတယ် ။ လှမ်းယူ ပြန်တော့လည်း လက် က တခြား ရေခဲခြစ် က တခြား ။ လမ်းနံဘေး အရိပ် ကောင်းတဲ့ ထနောင်းပင် အောက် မှာ ဘကြီးဆောင် နားလိုက်တယ် ။ ဒီ အရိပ်ကြောင့်ပဲ ထင်ပါရဲ့ နွားနှစ်ကောင်လည်း လာ ချည်ထားကြသေးတယ် ။ မြစ်ဆိပ် မှာ ကုန်တိုက်ရတဲ့ နွားတွေ နဲ့ တူပါရဲ့ နှစ်ကောင်စလုံး ခပ်ပိန်ပိန်ပါပဲ ။
ကလေးတွေ ဒီလောက် များရင်တော့ ဓာတ်ပုံးတစ်ပွဲ နဲ့ တစ်ပွဲ ဆိုတဲ့ သီချင်းတွေ မထပ်ရ အောင် ဘကြီးဆောင် သီချင်း အမျိုးမျိုး ကို ပြန်တွေး နေမိတယ် ။
“ အချို့ ဆာတဲ့ အချိန် အချို ကျွေးမှ ၊ အချဉ် ဆာတဲ့ အချိန် အချဉ် ကျွေးမှ အချို ဆာတဲ့ အချိန် အချဉ် ကျွေးမိပလား ဆိုမှဖြင့် ရင်လေး တတ်တယ်တဲ့နော် ”
“ ဘာတဲ့ ... မူရာကကြွယ် ၊ သူဇာတမျှပုံနှယ် ၊ မိုးကျမယ် အလားသို့ကွယ် ... ၊ ထင်မိရင် လည်း အမြဲပဲ ဟဲဟဲ ... မြှောက်တယ် ပင့်တယ် ၊ ဘယ်လိုပင် ပြောသော်လည်း ၊ နောက်နောင်ခါ ကြားရင်တော့ ၊ သက်ထား အတွက် ပင်ဖြင့် ... ”
သူ နဲ့ မယ်ရှင် နဲ့ ငယ်ငယ်က အတူ ကြည့်ခဲ့ကြဖူးတဲ့ နှစ်ပါးသွား သီချင်း ပဲ ဆိုရရင် ကောင်းမယ် ထင်ရဲ့ ။ ဒီ နှစ်ပါးခွင် အကြောင်း တွေးမိရင် မယ်ရှင် ၊ ဖျင်အင်္ကျီ လက်ရှည်ကလေး နဲ့ ငွေဆယ့်နှစ်ကျပ် အကြောင်း အာရုံ ထဲ ပြန် ရောက်လာ ပြန်တယ် ။ ဒီ အကြောင်း ကို ဘကြီးဆောင် ပြန် မတွေးချင်ဘူး ။ ဆက်တွေး မိပြန်ရင် တွေးမိရင်း နဲ့ ဝမ်းနည်းစိတ်ဝင် လာလိမ့်ဦးမယ်လေ ။
ကလေးတွေ ရဲ့ အခြေအနေကို မသိမသာ လှမ်း အကဲခတ် လိုက်တော့ ကျည်းသားဝိုင်း က လေးထောင်မြေမြှုပ် ကိုးရာဖော် ဆိုတဲ့ အသံ ကြား လိုက်ရတယ် ။ ဘကြီးဆောင် ရဲ့ လက်သုံးတော် လင်းကွင်း ( စည်း ) က လည်း ကြေး နဲ့ လုပ်ထားတာ ၊ ရေခဲခြစ်သည် ရဲ့ ကလိုင် ကလည်း ကြေးထည် ပဲ ။ ကြေးထည် က မြည်တဲ့ အသံချင်းအတူတူ ဘကြီးဆောင် အဖို့ ရေခဲခြစ်သည် ရဲ့ ကလိုင်သံ က နား ကလောလှတယ် ။
ဟောဟိုမှာ ကလေး တစ်သိုက်ပါလား ။ တည့်တည့် လျှောက်လာ နေကြပြီ ၊ လေးငါး ခြောက်ယောက် တောင် မှ ၊ အမယ် သူတို့ နောက် မှာ လည်း ကလေးတွေ သုံးယောက် တစ်တွဲ ။ ပခုံး ဖက်လို့ က နှစ်ယောက် ၊ ဘကြီးဆောင် ဆီ လာတာဖြစ်နိုင်သလို ရေခဲခြစ်သည် ဆီ လာတာ လည်း ဖြစ်နိုင်တယ် ။ ကာတွန်းဖတ် နေကြတဲ့ ကလေးတွေ ကတော့ ကာတွန်း ကို သဲသဲမဲမဲ ဖတ်နေကြတုန်းပဲ ။ လျှောက်လာနေတဲ့ ကလေး တစ်သိုက် ကလည်း တကယ့် အရွယ်ကောင်း ဓာတ်ပုံး ကြည့်နေကျ အရွယ်တွေ ၊ ရေခဲခြစ်သည် ကို သူတို့လေးတွေ ကျော် လာတော့ ဘကြီးဆောင် ပျော်သွားတယ် ။ ပြီးတော့ ရင်ထဲ မှာ ဖိုတိုတိုကြီး တထိတ်ထိတ် နဲ့ ။ နောက်က အသုတ် ကလည်း ရေခဲခြစ်သည် ကို ကျော်လာ နေပြီ ။ ဘကြီးဆောင် ဆောင့်ကြောင့်ထိုင် နေရာက ဓာတ်ပုံး ကို လက်တစ်ဖက် နဲ့ အားယူပြီး ထလိုက်တယ် ။ အမယ်လေး မျက်စိတွေ ပြာပြီး မိုက်ခနဲ ဖြစ်သွား လိုက်တာ အားတင်းပြီး ရပ်ရင်း လက် ကို တော့ ဓာတ်ပုံး ပေါ် က စည်းကလေး ဆီ လှမ်းလိုက်တယ် ။ ခြောက်နေတဲ့ နှုတ်ခမ်း ကို လျှာ နဲ့ တစ်ချက် သပ် ပြီး တံတွေးတွေ အများကြီး စုပြီးမှ မျိုချလိုက်တာမို့ ဂုံညှင်းဒိုး လောက် ရှိတဲ့ ဘကြီးဆောင် ရဲ့ စလုတ် ဟာ တစ်ချက် တက်ဆင်း သွားတာပေါ့ ။ သူ့ ဆီကို ဦးတည် လာနေကြတဲ့ ကလေး တွေ ကို ဘကြီးဆောင် ခပ်လှမ်းလှမ်း ကတည်း က ပြုံးပြရင်း မျက်နှာချို လှမ်းသွေး နေမိ တယ် ။ သူ ရဲ့ မျက်လုံးတွေ က အရောင်တွေ လက် နေတာပေါ့ ။ လျှောက်လာနေတဲ့ ကလေး တွေ မကြားအောင် ကြိတ်ပြီး လည်ချောင်း ကို လည်း တစ်ချက် ရှင်း လိုက်မိသေးတယ် ။
“ အဟုတ် မကြွားဘူး တကယ် ၊ ကျုပ် ဘုရားစူး ကျိန်မယ် ၊ ချစ်မှာလားလို့ မေးချင်တယ် ချွင် ချပ် ... ၊ ခင် နဲ့ မောင် ၊ ချွင် ချပ် ၊ တစ်သက်လုံး ပေါင်းပါ့မယ် ... ”
နှစ်ပါးသွား သီချင်းတွေ ထဲက ပျော်စရာ ကောင်းတဲ့ အပိုဒ်တွေ ကို ဘကြီးဆောင် နား ထဲမှာ ပြန် ကြားနေမိတယ် ။ ကလေး တစ်သိုက် ထဲ က ကလေး တော်တော်များများ က ဘကြီးဆောင် ရဲ့ ဓာတ်ပုံး ကို ကြည့်နေကြတဲ့ မျက်လုံးတွေ ကို ဘကြီးဆောင် တွေ့လိုက်တယ် ။ “ မှတ်ထားကြကွယ့် ဇာတ်တဲ့ ဓာတ်တဲ့ နှစ်မျိုး သကွဲ့ ၊ ဇာတ်ကောင်း ပြန်တော့ ဇာတ်ဆရာ မင်းသားကြီး ကောင်းလို့ ၊ မင်းသမီး ကောင်းလို့ ၊ မင်းသားလေးတွေ ကောင်း ကြလို့တဲ့နော် ဗျာ ။ ဟော ဓာတ်ဆရာ အဆိုအပြော ကောင်းပြန်တော့ ၊ ဓာတ်ပုံးကောင်း ဖြစ်ရပြန်ရော ... ” တဲ့ ။ နောက်က လိုက်လာတဲ့ ကလေးတွေ ကလည်း ရှေ့ ကလေး တစ် သိုက် နောက် ကို ဆက် လိုက်သွားကြတယ် ။
အလို သူတို့ ဘကြီးဆောင် ကို ကျော်ပြီး တရုတ်သိုင်းကား ဗီဒီယို ပြနေတဲ့ အိမ်ဘက် ကို ကွေ့သွား နေကြတာပါတကား ။
ကလေးတွေ သူ့ မြင်ကွင်းက ပျောက်သွား မှ ဘကြီးဆောင် ဓာတ်ပုံး ကို လှမ်းကြည့် မိတယ် ။ ဓာတ်ပုံး ပေါ် က စမကြီး လေးလုံး က တစ်မြန်နေ့ က မှ ထပ်ရေး ထားတာမို့ အကောင်း အတိုင်းပဲ ရှိနေပါသေးတယ်လေ ။
ဘကြီးဆောင် အဲဒီ ည က ချမ်းသာရတံတား ရဲ့ အနောက်ဇရပ် ပေါ် လူခြေ အတိတ် မှာ တိတ်တိတ်ကလေး ကြိတ်ပြီး ... ။ ။
ညီပုလေး
အိပ်မက်ဖူး မဂ္ဂဇင်း
၁၉၈၉ ၊ မတ်လ ။
.
No comments:
Post a Comment