Monday, December 23, 2024

ခိုလှုံရာ ရင်ခွင်


 ❝ ခိုလှုံရာ ရင်ခွင် ❞

ဟမ်စိုင်း ၊ ဆေး - မန်း ၊


မိစု က ကျွန်မ ရင်ခွင် ထဲ သို့ တိုးဝင်ကာ တအိအိ ရှိုက်ငို နေသည် ။ မှတ်မှတ်ရရ သည်နေ့ က ကျွန်မ တို့ အိမ် ကို မိစု ရောက်လာတာ တစ်လပြည့်တဲ့ နေ့ ဖြစ်သည် ။ “ မငိုပါနဲ့ကွယ် ” ဟု ကျွန်မ  မတားမိပါ ။ 


“ မိစု ရေ ငိုချလိုက် ။ ထိန်း ချုပ်ခဲ့ရတဲ့ မျက်ရည်တွေ ကုန်ခန်းသွားတဲ့ အထိသာ ငိုချလိုက်ပါ ” 


မိစု ၏ ကျောပြင် ကို ပွတ်သပ် အားပေးရင်း ကျွန်မ ၏ ပါးပြင် မှာလည်း မျက်ရည်စတွေ စီးကျနေသည် ။


xxxxxxxxxxx


ထိုနေ့ နေ့လယ် က ကျွန်မ ၏ သားနှစ်ယောက် အိပ်ပျော်နေချိန် ဖြစ်ပြီး ကျွန်မ က မဂ္ဂဇင်း စာအုပ် တစ်အုပ် ကို ဖတ်နေချိန် ဖြစ်သည် ။ ပို၍ တိတိကျကျ ပြောရလျှင် ထို မဂ္ဂဇင်းစာအုပ် ထဲ ပါသည့် “ အမေ့လှေ ” ဟူသော ကဗျာလေး ကို ဖတ်ပြီး အမေ့ ကို သတိရကာ မျက်ရည် ကျနေချိန် ဖြစ်၏ ။ မြူခိုးတွေ ဝေနေသည့် ဆောင်းမနက်ခင်း မှာပဲ “ မူးလိုက်တာ သမီးရယ် ” ဟု ပြောကာ လဲကျရင်း အမေ က ကျွန်မ တို့ ကို အပြီး ခွဲခွာ သွားခဲ့လေသည် ။ အမေ ဆုံးတော့ သားကြီး က စတုတ္ထတန်း ၊ သားငယ် က ပထမတန်း ကို တက်နေရချိန် ဖြစ်သည် ။ အမေ မရှိတော့ မှ အမေ့ ကို တမ်းတရင်း အမေ့ ၏ မေတ္တာ စေတနာတွေ ကို ပိုမို နားလည် လာမိသည် ။


“ အမေ့ ကို လွမ်းလို့ ငိုနေပြန်ပြီလား ။ တရားနဲ့ သာ ဖြေပါ မိန်းမရာ ။ အမေ မဆုံး ခင် ငါတို့ တတ်နိုင်သလောက် ကျေးဇူး ဆပ်နိုင်ခဲ့တာပဲ ” 


မောင် က ကျွန်မ ၏ ဘေးတွင် ဝင်ထိုင်ကာ ကျွန်မ ပခုံး ကို ခပ်ဖွဖွ ဖက်ရင်း အားပေးစကား တွေ တတွတ်တွတ် ပြော နေသည် ။ ထိုအချိန်မှာ ပင် မောင့် ဆီ ကို ဖုန်း ဝင် လာသည် ။ 


“ ဟယ်လို ”


“ ... .. ”


“ ဟုတ်ကဲ့ ။ ခဏစောင့် ပါနော် ။ ကျွန်တော် ခြံတံခါး လာဖွင့်ပေးပါ့မယ် ”


ကျွန်မ က မောင့်မျက်နှာ ကို စူးစမ်းသလို ကြည့်မိတော့ မောင် က ...


“ မနက် က မြင့်မောင် ကို ဖုန်းဆက်ပြီး အိမ်အကူ ရှာပေး ဖို့ အကူအညီ တောင်း လိုက် တာ ။ အခု အိမ်အကူပွဲစား နဲ့ အိမ်အကူ နဲ့ မောင်တို့ ခြံရှေ့ ကို ရောက်နေပြီတဲ့ ။ မြန်ချက်ပဲ ။ မောင် တံခါး သွားဖွင့်ပေးလိုက်ဦးမယ် ”


မောင့် ကို ခေါင်းညိတ် ပြ ရင်း အမေ့ အကြောင်းကို တွေး နေမိပြန်သည် ။ အမေ ရှိစဉ် အခါက အိမ် ၏ မီးဖိုချောင် ကိစ္စ အပြင် သူ့ မြေး နှစ်ယောက် ၏ ကျောင်းကြို ၊ ကျောင်းပို့ ၊ ထမင်းစားဆင်းချိန် ထမင်း ကျွေးသည့် အလုပ်တာဝန် တွေ ကိုပါ အမေ က စွမ်းအားရှင် အလား ထောင့်စေ့အောင် လုပ်သည် ။ ကျွန်မ ၏ အလုပ် တာဝန် မှာ အဝတ်လျှော် ၊ မီးပူတိုက်ရုံ သက်သက်သာ ရှိသည် ။ ဒါကလည်း အဝတ်လျှော်စက် ရှိသည်မို့ သိပ် ပင်ပန်းလှတာ မဟုတ် ။ အမေ ဆုံးသည့်အခါ ကျွန်မ နှင့် မောင် ရုံး ကနေ ခွင့် နှစ်ပတ် ယူခဲ့ရသည် ။ ကျွန်မ တို့ လင်မယား ရုံးပြန် တက်ရချိန် တွင် ကလေးငယ် တွေ ကို ကျောင်းကြို ၊ ကျောင်းပို့ လုပ်ဖို့နှင့် အိမ်မှုကိစ္စ တချို့ ကို ကူညီလုပ်ကိုင်ဖို့ အိမ်အကူ တစ်ဦး ကို အပူတပြင်း ရှာ ရတော့သည် ။ 


မောင် နှင့် အတူ စလင်းဘက်အိတ် အဝါရောင် ကို လွယ်ထားသော အသားမည်းမည်း ခပ်ဝဝ အမျိုးသမီး  တစ်ဦး နှင့် ပိန်ဖျော့ကွေးလှီနေသော အသက်ဆယ့်လေးနှစ် အရွယ် ဆံပင်နီကြင်ကြင် ကလေးမလေး တစ်ယောက် ပါ လာကြသည် ။ အမျိုးသမီး ၏ မျက်နှာမှာ ခပ်ကောက် ကောက်ဖြစ်ပြီး မိတ်ကပ်တွေ ပြာနှမ်း နေအောင် လိမ်းထားကာ နှုတ်ခမ်းနီ အရောင်ရင့်ရင့် ဆိုးထားသည် ။ သူ ၏ သေးသွယ်မှုန်မှိုင်းနေသော မျက်လုံးတွေ က ဂနာမငြိမ်ဘဲ အိမ် ထဲ ကို ကျီးကန်းတောင်း မှောက် ကြည့်နေသည် ။ 


“ ထိုင်ပါဦးဗျ ။ ဒါ ကျွန်တော့် အမျိုးသမီး ပါ ” 


မောင် က ကျွန်မ ၏ ဘေးတွင် ဝင် ထိုင်ရင်း ထို အမျိုးသမီး ကို ထိုင်ခုံ နေရာ ညွှန်ပြသည် ။ ထို အမျိုးသမီး က ကျွန်မ တို့ နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံပေါ် ဝင်ထိုင်ရင်း ကျွန်မ ကို ပြုံးပြသည် ။ ထို အမျိုးသမီး က မြွေရေခွံအိတ် လေး ကိုင်ပြီး မတ်တတ်ရပ် နေရှာသော ကလေးမ ဘက် လှည့်ကာ ..


“ ဟဲ့ လာ ထိုင်လေ ၊ ဘာ ကြောင်နေတာလဲ ။ ဒီလို အလုပ် ကို မလုပ်ဖူးတာ ကျနေတာပဲ ”


ကလေးမလေး က မောင် နှင့် ကျွန်မ ကို မဝံ့မရဲ ကြည့်ကာ ထိုအမျိုးသမီး  ဘေး၌ ဝင်ထိုင်သည် ။ ခဏတာ တိတ်ဆိတ်သွားသည့် အခြေအနေ ကို မောင် က ချောင်းတစ်ချက် ဟန့်ရင်း ... 


“ မနက် က မှ မြင့်မောင် ကို အကူအညီ တောင်းလိုက် တာ ။ ဒီလောက် မြန်မြန် ရမယ်လို့ မထင်မိဘူး ” 


“ အဟင်းဟင်း ။ ဒါက အစ်မတို့ အလုပ်ပဲလေ ။ ကိုမြင့်မောင် ရဲ့ အိမ် ကို လည်း အစ်မ ပဲ အိမ်ဖော်တွေ ပို့ပေးထားရ တာ ။ အမြဲ အဆင်သင့် ဖြစ် အောင် လူတွေ ကြို ရှာထားပြီး သား ။ ဒီ ကလေးမလေး နာမည် က မိစု တဲ့ ”  


ထိုအမျိုးသမီး က မိစု  ဆိုသည့် ကလေး မ၏ လက် ကို ဆုပ်ကိုင် လိုက်ရင်း ... 


“ မိစု အတွက် တော့ အစ်မ အာမခံပါတယ် ။ ကိုးနှစ် ကတည်းက အိမ်ဖော်လုပ် စားလာတာမို့ အိမ်လုပ်ငန်း အတွေ့အကြုံ ကလည်း ပြန် ကြည့်စရာ မလိုပါဘူး ” 


ကိုးနှစ်က တည်းက ဆို ပါလား ။ အခု သားကြီး အရွယ် ပေါ့ ။ ကျွန်မ ၏ သားကြီး ကတော့ ကျွန်မ ၏ ရင်ခွင်ထဲ တိုးဝှေ့ပြီး ချွဲနွဲ့လို့ ကောင်းတုန်းပဲ ရှိသေးသည် ။ ဘဝကံ တွေ ဆိုးလိုက်တာ ။ ကျွန်မ ၏ သားကြီး နှင့် သားငယ် အိပ်ပျော် နေသော အခန်းဘက် ကို လှမ်း ကြည့်ရင်း သက်ပြင်း သဲ့သဲ့ ချမိသည် ။ 


“ လုပ်အားခ က တော့ တစ်လ ငါးသောင်း ၊ ထုံးစံ အတိုင်းပဲ သုံးလစာ ကြိုပေးရမယ် ။ သုံးလစာ အပြင် အစ်မ ကို ပွဲခ တစ်လစာ အိမ်ရှင်ဘက် က ပေးရမယ် ။ ကိုမြင့်မောင် ပြောထားပြီး သား ဖြစ်မှာပါ ” 


“ ဟုတ်ကဲ့ရှင့် ” 


အငယ်ကောင် က အိပ်ပျော် နေရာ မှ လန့်ပြီး နိုးလာပုံရသည် ။ အငယ်ကောင် ၏ အော်ငိုသံ ကြားရ ၍ မောင် က ထ,ကာ အိပ်ခန်းထဲ ဝင်သွားသည် ။ 


“ ဒါနဲ့ အစ်မ ။ မိစု က ကျောင်းနေဖူးလား ” 


မောင့် အနောက် ကို လိုက်ကြည့် နေသော ထို အမျိုးသမီး က ကျွန်မ ၏ မျက်နှာ ကို မကြည့်ဘဲ ... 


“ နေဖူးတယ် ၊ နေဖူး တယ် ။ သုံးတန်း ထိ နေဖူး တယ် ။ သုံးတန်း အောင်ပြီး သူ့ အမေ ဆုံးတော့ သူ ဒီ အလုပ် စ,လုပ်ရတာ ။ သူ့ အဖေ က အရက်သမားလေ ။ သူ့ အောက် မှာ ညီမ နှစ်ယောက် ရှိသေးတယ် ။ ကျွန်မ နဲ့ သူ့ အဖေ က ဆွေမျိုးမကင်း တာမို့ နှစ်ဦး နှစ်ဖက် အဆင် ပြေအောင် လူကြီးလူကောင်း

အိမ်တွေ မှာ ပဲ သူ့ ကို အပ်ပေးခဲ့တာ ။ အခု အရင်အိ မ်က လူ မလိုတော့လို့ ဒီ အိမ် ကို လာပို့တာ ” 


“ ဪ ... ” 


ထို အမျိုးသမီး က စကား ပြောရင်း ဖင်တကြွကြွ ဖြစ်နေသည် ။ သွားစရာ နေရာ ကျန်နေသေးသည် ထင်၏ ။ 


“ မောင်ရေ ၊ သေတ္တာ ထဲ က ပိုက်ဆံနှစ်သိန်း ယူခဲ့ပါဦး ” 


မောင် က ငွေတွေ ရေတွက်ပြီး ထို အမျိုးသမီး ကို ပေးတော့ ငွေတွေ ကို အမြန် ရေတွက်ရင်း က ... 


“ ဟဲ့ မိစု ညည်း လစာ တွေ ကို ညည်း အဖေ ကို ပေး လိုက်မယ်နော် ။ ညည်း က ဒီ အိမ် မှာ နေရမှာ ဆိုတော့ တစ်ပြား မှ ကုန်မှာ မဟုတ်ဘူး ။ တစ်ခုခု ဆို ငါ့ ဆီ ကို ဖုန်းဆက် ။ ရော့ ” 


မိစု က အင်းမလုပ် အဲ မလုပ် မထုံတက်သေး ပုံစံ နှင့် ။


အိမ်အကူပွဲစား အစ်မ က သူ့ စလင်းဘက် အိတ်ထဲ က တရုတ်ခလုတ်ဖုန်းလေး

တစ်လုံး ကို ထုတ်ကာ မိစု အား ပေးသည် ။ ထို အမျိုးသမီး ပြန်သွားသည် နှင့် ကြောင်တောင်တောင် ယောင်နန ကျန်နေခဲ့ ရှာသော မိစု ဆို သည့် ကလေးမ ကို အား မငယ်စေရန် စကားစမြည် ပြောရပြန်သည် ။ 


“ ညီမလေး ၊ အစ်မ နာမည် က မာလာ တဲ့ ။ အစ်မ ရဲ့ အမျိုးသားနာမည် က ကိုမင်း ။ အစ်ကိုရင်း ၊ အစ်မရင်း လိုပဲ သဘောထား ။ ကိုယ့် အိမ် လို့ သဘောထား ။ လုပ်စရာ ရှိတာ လုပ် ၊ စားစရာ ရှိတာ စားပေါ့ အေ ” 


“ ဟုတ်ကဲ့ ” 


“ ဒီ အိမ် မှာ ညီမလေး လုပ်ရမယ့် အလုပ်က အစ်မ ထမင်းဟင်း ချက်တဲ့ အခါ ဝိုင်း ကူရမယ် ။ အဝတ်လျှော်တာ ကတော့ စက်နဲ့ ပဲ လျှော်ရမယ် ။ မောင်လေး နှစ်ယောက် ကို ကျောင်းကြို ကျောင်းပို့ လုပ်ရမယ် ။ မီးပူ တိုက်ရမယ် ။ အဲ့ဒီလောက်ပါပဲ ။ လုပ်နိုင်ပါ့မလား ” 


“ ဟုတ်ကဲ့ ” 


“ ငါ့ သား နှစ်ယောက် ကတော့ အလိုလိုက်ထား တော့ နည်းနည်း ဆိုးကြ တယ် ။ နိုင်အောင် ထိန်းနော် ။ ကိုယ့် မောင်လေးတွေ လို သဘောထား ” 


မောင် က သားငယ် ကို ပွေ့ချီချော့မြူနေရင်း ဝင်ပြော တော့ မိစု က မထုံတက်သေး မျက်နှာပေး ဖြင့် မခို့တရို့လေး ပြုံးသည် ။ သည်လိုနှင့် ကျွန်မ  တို့၏မိသားစု ကမ္ဘာလေး ထဲ ကို မိစု က ဝင်ရောက် လာခဲ့သည် ။


xxxxxxxxxx


ကျွန်မ တို့ အိမ်သို့ မိစု  ရောက်လာပြီး တတိယ နေ့ ။


“ ခွမ်း ” 


“ အမယ်လေး ”  


ရုံး သွားဖို့ ပြင်ဆင်ပြီး သားနှစ်ယောက် ကို သနပ်ခါး လိမ်းပေး နေစဉ် မီးဖိုချောင်ဘက် ဆီမှ ပန်းကန် ကျ ကွဲသံ ကြားရ၍ အမြန် ပြေးရသည် ။ မီးဖိုချောင် ၏ သမံတလင်း ပေါ်၌ ပန်းကန်ပြား ငါးချပ်က အထပ်လိုက် ကျကွဲ နေသည် ။ မိစု ကတော့ သူ၏ ပင်ကို မထုံတက်သေး မျက်နှာပေး နှင့် အသက်မဲ့သော အေးစက်စက် စကား ကို ဆိုသည် ။ 


“ ရေဆေး မလို့ အထပ် လိုက် မ ရင်း ကျကွဲ သွားတာ အစ်မ ” 


မင်္ဂလာဦး ပစ္စည်းတွေ မို့ ကျွန်မ နှမြောမိ သော်လည်း မိစု အရွယ်လောက် တုန်းက ကျွန်မ ကြောင့် ပန်းကန်ပြား တွေ အထပ်လိုက် ကွဲခဲ့စဉ် အမေ ပြောဖူးသော စကား တွေကို နားထဲ မှာ ပြန်လည် ကြားယောင် လာမိသည် ။ ထို အချိန် က အမေ က ကျွန်မ ကို ဆူတော့မည် ထင်ပြီး ကြောက်ဒူး တုန်နေခဲ့သည် ။ 


“ ဘယ် အလုပ် မဆို လုပ်တဲ့ အခါ အဆင်မပြေမှု နဲ့ အမှားတွေ ကြုံတတ်တယ်

သမီး ။ မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူပဲ ။ အမှား ကို မကြောက်နဲ့ ။

နောက် ပန်းကန် ဆေးရင် ဒီလို မဖြစ်အောင် သင်ခန်းစာ ယူ ၊ အဲဒါ အမြတ်ပဲ ”


အမေ က ကျွန်မ ကို ဆုံးမစကား ပြောခဲ့စဉ်က လေသံမျိုး ၊ အပြုံးမျိုး ပုံတူ ယူပြီး ... 


“ ဘယ် အလုပ် မဆို စ လုပ်တဲ့ အခါ အဆင်မပြေမှု နဲ့ အမှားတွေ ကြုံတတ်တယ် ညီမ ရဲ့ ။ မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူတဲ့ ။ အမှား ကို မကြောက်နဲ့ ။ နောက် ပန်းကန် ဆေးရင် ဒီလို မဖြစ်အောင် သင်ခန်းစာ ယူ ၊ နောက်ထပ်တော့ ထပ်မကွဲ စေနဲ့တော့နော် ” 


ပန်းကန် ကွဲ တွေ ကို အမှိုက်တောင်း ထဲ ကောက် ထည့် နေသော မိစု က ကျွန်မ ၏ မျက်ဝန်းတွေ ကို လှမ်း ကြည့်သည် ။ မိစု ၏ မှိန်ဖျော့ဖျော့ မျက်ဝန်း တွင် ကျွန်မ  အဓိပ္ပာယ် မဖော်ပြနိုင်သော ခံစားမှု တချို့ ဖြတ်ပြေးသွား သည် ။


“ အရင် အိမ်တွေ ဆိုရင် ဒီလို ကျကွဲတာ နဲ့ မိစု ရဲ့ ဗိုက် ကို ဆွဲ လိမ်ရင် လိမ် ၊ မလိမ်ရင် ခေါင်း ကို ခေါက်ပြီးသားပဲ ... ဟီး ... ” 


“ ဟင် အရင် အိမ်တွေ မှာ ဒီလို ဖြစ်ဖူးလျက်သားနဲ့ ပန်းကန်တွေ ထပ်ကွဲတာ ဆိုရင်တော့ မိစု ရဲ့အလွန် ဖြစ်သွားပြီနော် ။ သေချာ ဂရုစိုက်မှပေါ့ ”


“ ဟုတ်ကဲ့ အစ်မ ။ နောက် မဖြစ်စေရပါဘူး ” 


“ အေးအေး လာ ။ ပန်းကန် အသစ်တွေ သွား ထုတ်ရအောင် ” 


“ ဟုတ်ကဲ့ အစ်မ ” 


xxxxxxxxx


အိမ် ကို မိစု ရောက်လာ ပြီး ငါးရက်မြောက်သော နေ့ ။ ထိုနေ့ ညက ကျွန်မ တို့ မိသားစု နှင့် အတူ မိစု ပါ ညစာ စားပြီးချိန်တွင် မြန်မာဇာတ်ကားတစ် ကား ကို ကြည့်နေကြချိန် ဖြစ်၏ ။


“ မိန်းမ ငါ့ နှာခေါ င်းထဲ ညှော်နံ့ ရတယ်နော် ။ ဘာ အိုး တည်ထားသေးလဲ ”


ကျွန်မ  နှာခေါင်း ကို ပွစိ ပွစိ လုပ်ပြီး အနံ့ခံ ကြည့် မိသည် ။


“ ဟုတ်တယ် မေမေ ။ သား လည်း ညှော်နံ့ရတယ် ” 


သားကြီး က ပါ ညှော်နံ့ ရကြောင်း ထောက်ခံသည် ။ ကျွန်မ ၏ နှာခေါင်း ထဲသို့

ညှော်နံ့ က တိုးဝင် လာသည် ။ တရားခံ ကို လိုက်ရှာလိုက်တော့ မီးပူတိုက် နေသည့် မိစု ကို အိပ်ငိုက်လျက်သား တွေ့ရသည် ။ ကျွန်မ တို့ မိသားစု က ဆိုဖာ ပေါ် ထိုင်ပြီး ကြည့်နေကြပေမဲ့ မိစု ကတော့ ကြမ်းပြင် မှာ ထိုင် ကာ အဝတ်အစားတွေ မီးပူတိုက် ရင်း ဇာတ်ကား ကြည့်နေခဲ့သည် ။ 


တိုက်လက်စ မောင့် ၏ ရုံးတက် ပုဆိုး မှာ မီးပူကျွမ်း နေပေပြီ ။ မောင် က အပြေး အလွှား သွားကာ မီးပလတ် ကို ဖြုတ် လိုက်ရင်း ... 


“ မိစု မိစု ထ ထ ၊ မိစု ” 


“ ရှင် ”


သူ့ အရှေ့က မီးကျွမ်း နေသော ပုဆိုး ကို မြင်တော့ မိစု ၏ ခန္ဓာကိုယ် က ဆတ်ခနဲ တုန်သွားသည် ။ 


“ ရှင် လုပ် မနေနဲ့ ။ အလုပ် ကို သေချာလည်း မလုပ်ဘူး ။ ဒီ ပုံစံနဲ့ ဆို အလုပ် ထုတ်ပစ် လိုက်မယ် ၊ နောင် ဒီလို မဖြစ်စေနဲ့ ” 


မောင် က တော့ ခပ်အေးအေးသမား မို့ အနည်းငယ် ဆူ ပြီး တီဗွီ ဆက်ကြည့်နေခဲ့သော် လည်း ကျွန်မ ၏ စိတ် ထဲတွင် မိစု ကို စပြီး သံသယ ဝင်လာခဲ့ သည် ။ မီးပူ မတိုက်ခင် မီး အတိုးအလျှော့ ခလုတ် နံပါတ် ကို နှစ် အထိသာ ကျွန်မ က သေချာ ထားပေးခဲ့ သော်လည်း မောင့် ပုဆိုး မီးကျွမ်း နေစဉ် ကြည့်မိတော့ ခလုတ် ကို ဂိတ် ဆုံးထိ တင်ထားသည် ။ 


“ မိစု ၊ ခလုတ် ကို ဘာလို့ အဆုံးထိ တင်ထားရတာလဲ ။ နံပါတ်နှစ် နဲ့ ပဲ တိုက်ရမယ် လို့ အစ်မ သေချာ မှာထားတယ်လေ ” 


မိစု ကတော့ ထုံးစံ အတိုင်း ၊ မထုံတက်သေး မျက်နှာပေး နှင့် ... 


“ ဟို ... ဟိုဟာ ... အိပ် ငိုက်ရင်း တင်မိသွားတာ ထင်တယ် အစ်မ ၊ နောက် မဖြစ်စေရပါဘူး အစ်မ ” လို့ ပြောပြန်သည် ။


xxxxxxxxx


မိစု သည် တချို့အရာ တွေ ကို တမင် လုပ်နေသလား ထင်ရအောင် နမော်နမဲ့ နိုင်လွန်းလှသည် ။ ပန်းကန်တွေ ခဏခဏ ကျကွဲသည် ။ အဝတ်တွေ ကို အဝတ်လျှော်စက် ထဲ ဆပ်ပြာ မထည့်ဘဲ ရေနှင့် ချည်း လျှော်သည် ။ ကျွန်မ မအားသည့် နေ့တွင် မိစု ကို မီးဖိုချောင် ဝင် ခိုင်းလျှင် ထမင်းတွေ ကို ပျော့လိုက် မာလိုက် ချက်သည် ။ ဟင်းတွေ ကို ပေါ့လိုက် ၊ ချိုလိုက် ၊ ငန်လိုက် ၊ စပ်လိုက် နှင့် တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် လက်စွမ်း ပြသည် ။ မိစု က ကျွန်မ ကို တစ်နေ့ တစ်မျိုး မရိုးရ အောင် စိတ် အနှောင့်အယှက် ပေးသည် ။ မိစု ၏ အကြောင်း ကို မောင် နှ င့်တိုင်ပင်ဖြစ်တော့ “ တစ်လ လောက်တော့ သင် ပေးရင်း စောင့် ကြည့်ပါဦး ကွာ ။ ကလေးအရွယ် သာသာ မို့ မောင်တို့ စိတ်ရှည်ပေးကြ တာပေါ့ ။ အဆင် မပြေတော့ လည်း ဘယ် တတ်နိုင်မလဲ ။ အိမ်အကူ အသစ် ထပ်ရှာကြ တာပေါ့ ” ဟု ပြောရှာသည် ။ မိစု ကို အစစအရာရာ အားလုံး လက်ထပ်ပြီး သင်ကြား ပေးရသည် ။ ထိုအခါ မိစု သည် အိမ်မှုကိစ္စ အားလုံး ကို နိုင်နင်း နေပြန်သည် ကို သတိထားမိ သောကြောင့် ကျွန်မ အံ့အား သင့်ရ ပြန်သည် ။


xxxxxxxxx


ကျွန်မ တို့ အိမ် ကို မိစု  ရောက်လာပြီး ဆယ့်ငါးရက် မြောက်သော နေ့ ။ 


ထိုနေ့ က ရုံးပိတ်ရက် ဖြစ်သော်လည်း မောင် နှင့် ကျွန်မ တို့ မင်္ဂလာဆောင် တစ်ခု သို့ သွားရသည် ။ မင်္ဂလာဆောင် မှ အပြန် နီးစပ်ရာ စူပါမားကတ် တစ်ခု သို့ ဝင်ကာ အိမ် အတွက် လိုအပ်နေသည့် ပစ္စည်းများ ကို ဝင် ဝယ်ကြ သည် ။ မိစု အတွက် ပါ တစ်ကိုယ်ရေသုံးပစ္စည်းများ ဝယ် ဖြစ်ခဲ့သည် ။ မိစု လည်း အပျိုဖော်ဝင်စ မို့ လှချင်ပချင်နေမှာပဲ ဟူသော အတွေးနှင့် ဝယ် ဖြစ်ခဲ့ခြင်းဖြစ်သည် ။ 


အိမ်ပြန် ရောက်တော့ ဗီရို ထဲ မှ အဝတ်အစားဟောင်းများ ကို လိုက်ရှာရသည် ။ အဝတ်အစားအဟောင်း ဆို ပေမဲ့ ကျွန်မ အပျိုတုန်း က ဝတ်ခဲ့သည့် အဝတ်အစားများ ဖြစ် ပြီး တချို့မှာ အသစ်အတိုင်း ပင် ရှိသေးသည် ။ 


မိစု ကို အဝတ်အစား နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ပေးဖို့ လိုက် ရှာရသည် ။ ထမင်းစားခန်း ထဲ တွင် မိစု က သားငယ် ကို ထမင်းခွံ့ နေသည် ။ မိစု က ကလေး ကို ခွံ့တာက နည်းနည်း သူ စားနေတာက များများ ဖြစ်သည် ။ သားငယ် ကို ထမင်း သာ ခွံ့ပြီး ကြက်သားကြော် ကို သူ တစ်ယောက် တည်း စား နေသည် ။ ကျွန်မ တို့ လင်မယား အိမ် မှာ ရှိတာ သိလျက်နှင့် သည်လို လုပ်နေ လျှင် ကျွန်မ တို့ ကွယ်ရာမှာ ဆိုရင် ဆိုဖွယ်ရာ မရှိပေ ။ ကျွန်မ ၏ စိတ်ထဲ ဒေါသ က ထောင်းခနဲ ဖြစ်သွားကာ ...


“ မိစု ”


ကျွန်မ ရောက်နေတာ ကို သိပုံ ပေါ်သော်လည်း မိစု က တုန်လှုပ်သွားခြင်း မရှိပါ ။ ထုံးစံအတိုင်း မထုံတက်သေး မျက်နှာပေး နှင့် ပြန် ကြည့်သည် ။ 


“ ညည်း ကို ငါတို့ က အငတ် ထားနေလို့လား ။ ညည်း ငါတို့ အိမ် ကို ရောက် လာ ကတည်း က ငါတို့ မိသားစုဝင် လို ဆက်ဆံခဲ့တာပဲအေ ။ ငါ့ မှာ ညည်း ကို ညီမချင်း ကိုယ်ချင်း စာပြီး သံယောဇဉ် ထား လိုက်ရတာ ၊ ညည်း ကတော့ ငါတို့ အပေါ် ကို စေတနာ မထားဘူး ။ အီး .. ဟီး ... ဟီး ... ”


မိစု ကို အော်ရင်း ကျွန်မ ၏ ပါးပြင် မှာ မျက်ရည်တွေ စီးကျ လာသည် ။


“ ညည်း က တော့ ပြဿနာတွေ တစ်ခု ပြီး တစ်ခု တမင် လုပ်နေ သလိုပဲ ။ ညည်း တမင်တကာ လုပ်နေတာ ငါ သိတယ်အေ့ ။ ဘယ်အချိန်မှာ များ အချိုးတွေ ပြောင်းမလဲ စောင့်ကြည့်နေတာ ။ ဒီ ပုံစံနဲ့ ဆိုရင် ညည်း ငါတို့ အိမ် မှာ မနေနဲ့တော့ ”


မိစု က ထမင်းပန်းကန် ကို စားပွဲခုံ ပေါ် တင်ရင်း ... 


“ သားငယ် ကို ထမင်း ခွံ့ရင်း ဗိုက်ဆာ လာလို့ စားမိ တာပါ အစ်မ ။ နောက် မဖြစ်စေရပါဘူး အစ်မ ”


“ ညည်း အေ ပြောလိုက်ရင် ဒီလိုချည်းပဲ ” 


“ ဒီတစ်ခါ တကယ်ပါ အစ်မ ရယ် ၊ နောက် ဒီလိုမျိုး လုံးဝ မဖြစ်စေရပါဘူး အစ်မ ” 


“ မမ ကို ချစ်လို့ သားသား က စားခိုင်းတာပါ မေမေ ရဲ့” 


မိစု ၏ ရင်ခွင် ထဲ မှ သားငယ် က လှမ်း အော်သည် ။ သားငယ် ၏ စကားသံ ကို ကြား ရတော့ ထွက်လာသည့် ဒေါသ ကို အတတ်နိုင်ဆုံး ထိန်းပြီး ငိုမဲ့မဲ့ ဖြစ်လာသော မိစု ကို နစ်နစ်နာနာ စကားတွေ ဆက် မပြောဖြစ်ခဲ့တော့ပါ ။ စိတ် ထဲ မှာ တော့ တစ်လ ပြည့်သည် အထိ စောင့်ကြည့်ပြီး ပုံစံ မပြောင်းပါ က အိမ်အကူ အသစ် ထပ်ရှာဖို့သာ ဆုံးဖြတ်ထား လိုက်သည် ။ ထွက်ပေါ်ထားသည့် စေတနာ ကို အပျက် မခံတော့ဘဲ မိစု အတွက် ဝယ် လာသည့် ပစ္စည်းများ နှင့် အဝတ်အစားများ ကို မိစု ဆီ လှမ်းပေးမိသည် ။ 


“ ရော့ ညည်း အတွက် ဝယ်လာတာ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ။ ဟို ဂွမ်းထုပ် က ညည်း ဓမ္မတာ လာရင် သုံးဖို့ ။ ပါတိတ်ဝမ်းဆက်တွေ ကလည်း ငါ အပျိုတုန်း က နှစ်ခါ သုံးခါ လောက်ပဲ ဝတ်ဖူးတာ ” 


မိစု က ဂွမ်းထုပ် ကို မသုံးဖူးကြောင်း ပြောသော ကြောင့် သုံးပုံသုံးနည်း သေချာ ပြပေးရင်း ထွက်နေတဲ့ ဒေါသ တွေ ပင် ပျောက်ကွယ် သွားပြီး သနားလာမိ ပြန်သည် ။ မိခင် ၏ ရင်ခွင် နှင့် ငယ်စဉ် ကတည်းက ဝေးကွာခဲ့သော မိစု ကို သင် ကြားပေးရမည့် အရာတွေ က အများကြီး ရှိသေးပါလား ဟု တွေးမိပြန်သည် ။ 


“ ကျေးဇူးပါ အစ်မ ရယ် ။ မိစု လေ ပါတိတ်ဝမ်းဆက် အရမ်း ဝတ်ချင်ခဲ့တာ ။ အရင် အိမ် တုန်းက မမလေး ရဲ့ ပါတိတ်ဝမ်းဆက် ခိုးဝတ် ကြည့်တာ မိလို့ အရိုက်ခံရ သေးတယ် ”


ပါတိတ်ဝမ်းဆက်တွေ ကို အငမ်းမရ ကြည့်ပြီး ပျော်ရွှင် နေသော မိစု ၏ မျက်နှာ က ကျွန်မ ကို လည်း ဝမ်းသာစေ ပါသည် ။


xxxxxxxxx


အိမ် သို့ မိစု ရောက်လာ ပြီး ဆယ့်ငါးရက် နောက်ပိုင်း တွင် တော့ ကျွန်မ တို့၏ မိသားစုနှ င့် မိစု က သဟဇာတ ဖြစ် လာခဲ့ပြီ ထင်ပါသည် ။ မိစု မဟုတ်တော့ဘဲ လူသစ် တစ်ယောက် ထပ် ရောက်လာသည် ဟု ထင်ရအောင်ပင် အစစ အရာရာ ပြောင်းလဲ သွားသည် ။ သူ ပြုလုပ်ခဲ့ဖူးသော အမှား တွေ ကို ထပ် မတွေ့ရတော့ပါ ။ မိစု ၏ ရုတ်တရက် ပြောင်းလဲမှုများ ကို ကျွန်မ နှင့် မောင်တို့

အထူးတလည် အံ့သြခဲ့ရသည် ။ သူ ၏ မူပိုင် မထုံတက်သေး မျက်နှာ က တဖြည်းဖြည်း ပြုံးပြုံးရွှင်ရွှင် ဖြစ် လာသည် ။ အချက်အပြုတ် ၊ အလျှော်အဖွပ် ၊ ကလေးကျောင်းကြိုကျောင်းပို့ ၊ မီးပူတိုက် ၊ ဈေးသွားရသည့် ကိစ္စ အားလုံးကို ကျွန်မ ကူစရာ မလိုအောင်ပင် မိစု က နိုင်နင်းသည် ။ ထို့အပြင် မိစု က သား နှစ်ယောက် စလုံး ၏ ကစားဖော် ကစားဖက်ပါ ဖြစ် သေးသည် ။ သား နှစ်ယောက်စလုံး က လည်း မိစု ကို “ မမ ၊ မမ ” နှင့် ခင်တွယ် လာကြသည် ။ ကျွန်မ တို့၏ မိသားစုလေး မှာ ပျော်ရွှင်စရာ အတိ ဖြစ်နေပေသည် ။ 


မိစု သည် တချို့သော ညတွေ တွင် သူ့ ဖုန်း လာလျှင် ကျွန်မ တို့ နား မှ အမြန် ထကာ ခြံထောင့် တွင် တီးတိုးတီးတိုး သွား ပြောတတ်သည် ။ မိစု ကို ဈေးသို့ တစ်ယောက်တည်း လွှတ်တာများ ကျွန်မ အမှား ဖြစ်သွား ပြီလား ။ မိစု က အပျံသင်ခါစ အရွယ်မို့ ချစ်သူရည်းစားတွေ များ ရ နေတာလား ။ ခြံထောင့် မှ မိစု ဖုန်း ပြောပြီး အိမ် ထဲ သို့ ပြန် အဝင်လာ ... 


“ မိစု အစ်မ ကို မှန်မှန် ပြောစမ်း ။ ညည်း ရည်းစား ရ နေတာလား ။ ညည်း က ကလေး ပဲ ရှိသေးတာနော် ။ အဲ ကိစ္စတွေ ကို စိတ်မဝင်စားနဲ့ဦး ”


မိစု က လက်တကာကာ နှင့် ပျာပျာသလဲ ငြင်းရှာသည် ။


“ မဟုတ်ပါဘူး အစ်မ ရဲ့ ။ အိမ် က ညီမလေး နှစ်ယောက် ကို လွမ်းလို့ ဖုန်းဆက်တာပါ ။ မိစု ဖုန်း က စပီကာ ပိတ်ထား လည်း ဖုန်းသံ က အကျယ်ကြီး ထွက်တော့ အစ်မတို့ ကို အားနာလို့ပါ ” 


ဟုတ်ပါရဲ့ ။ မိစု မှာ အရက်သမား အဖေ အပြင် ညီမ နှစ်ယောက် ရှိသေးတာ ကို ကျွန်မ  မေ့လျော့ နေသည် ။ 


“ လွမ်းရင် ဒီတစ်ပတ် စနေ ၊ တနင်္ဂနွေ အိမ် ခဏ ပြန်လေ ”


“ မပြန် တော့ ပါ ဘူး အစ်မရယ် ”


“ ဟင် ... ဘာဖြစ်လို့လဲ ”


မိစု ၏ မျက်ဝန်းတွေ က မျက်ရည်တွေ ဝိုင်း လာသည် ။ မိစု က ကျွန်မ ၏ အကြည့် ကို ရှောင်ဖယ်ကာ ခေါင်း ငုံ့ရင်း ... 


“ အိမ် ပြန်လည်း အမူးသမား အဖေ ကို မြင်ရရင် မိစု စိတ်ညစ်လို့ ” 


“ အို မိစု ရယ် ၊ မမ စိတ် မကောင်းပါဘူး ” 


“ ရပါတယ် အစ်မ ရဲ့ ၊ မိစု မှာ မမတို့ မိသားစု ရှိနေ တာပဲ ။ ဒီ အိမ်မှာ နေရတာ မိစု ပျော်ပါတယ် ။ အစ်မ နဲ့ အစ်ကို့ ကို မိစု ချစ်တယ် ဒီ အိမ်က မောင်လေး နှစ်ယောက် ကို လည်း မိစု ချစ်တယ် ”


မိစု ၏ မျက်ဝန်းများ က အဖြူထည် ဖြစ်သောကြောင့် မိစု ၏ ပြောစကားများကို အကြွင်းမဲ့ ယုံကြည်မိခဲ့ပါသည် ။


xxxxxxxxx


မိစု ကျွန်မ တို့ အိမ်သို့ ရောက်လာပြီး တစ်လ ပြည့်သော နေ့ ။ 


သည် နေ့က ရုံးပိတ်ရက် ဖြစ်သောကြောင့် ကျွန်မ တို့ မိသားစု အားလုံး အိမ်၌ စုံစုံလင်လင် ရှိနေကြသည် ။ အိမ်သန့်ရှင်းရေး ကို မိစု နှင့် အတူ လုပ်ဖြစ်ကြသည် ။ သည်နေ့ မိစု ၏ အမူအရာတွေ က အတော်လေးပင် ပျက်ယွင်းပြီး ဂနာမငြိမ် ဖြစ်နေတာ ကို ကျွန်မ သတိထား မိသည် ။ ကြက်မွှေး နှင့် တီဗွီ မှန်သားပြင် ကို ဖုန်သုတ် နေပေမဲ့ မိစု မျက်နှာ က သူ ၏ ဖုန်း တင်ထားရာ စားပွဲ ပေါ် သာ ရောက်နေသည် ။


“ မိစု ၊ ညည်း ကြည့်ရတာ တစ်ခုခု ပဲ ။ ဘာဖြစ် နေတာလဲ ၊ ဘာ ပြဿနာ ရှိလို့လဲ ”


“ ဘာမှ မဖြစ်ပါဘူး အစ်မ ”


ထိုအချိန်တွင် မိစု ၏ ဖုန်းလေး က အသံ ထ , မြည် သည် ။ မိစု က ဖုန်း ကို ယူ ရင်း ..


“ အစ်မ ၊ ဟင်းနွေး ထား တာ မိစု သွား ကြည့် လိုက်ဦး မယ်နော် ” ဟု ပြောကာ အပြေးအလွှား သွားသည် ။ ကျွန်မ ၏ စိတ် ထဲ မိစု ကို မသင်္ကာ ၍ အနောက် က နေ တိတ်တိတ်လေး လိုက်သွား ဖြစ်သည် ။ မီးဖိုချောင် ၏ ထောင့် ထဲ ၌ မိစု က မီးဖိုချောင် တံခါး ကို ကျောပေး ထိုင်ကာ ဖုန်း ပြောနေ သည် ။


“ ဒီ အိမ် ကနေ ဒီလ အလုပ် ထွက်လို့ မရဘူး အဖေ ” 


မိစု က ခပ်တိုးတိုး ပြော နေပေမဲ့ သူမ ၏ ခလုတ်ဖုန်း ထဲ က ယောက်ျားသံကြီး က ဟိန်းထွက်လာသည် ။ 


“ ဟမ် ‌ေ-ခွး,မ ။ ငါ ပြောသလိုတွေ မလုပ်ဘူးလား ” 


“ လုပ်ပါတယ် အဖေ ။ ဒါပေမဲ့ အစ်ကို နဲ့ အစ်မ က အရမ်း သဘော ကောင်းတယ် ” 


“ တောက် ... ။ မိစု  မှတ်ထားစမ်း ။ နင် က ငါ က မွေး လို့ လူ ဖြစ်လာတာ ။ ငါ ပြော သလို ပြဿနာတွေ တစ်မျိုး ပြီး တစ်မျိုး လုပ်ပါဆိုတာ နင် မလုပ်လို့နေမှာပေါ့ ” 


“ လုပ်တယ် အဖေ ။ ဒါပေမဲ့ အစ်ကို နဲ့ အစ်မက သမီး ကို သူတို့ သမီး လိုပဲ ဆက်ဆံ ကြတာ ။ အရင် အိမ်က လူတွေ လို မိစု ကို မရိုက်ကြဘူး ။ မိစု ကို အဝတ်အစားတွေ လည်း ဝယ်ပေးတယ် ။ မိစု ဒီ အိမ် မှာ နေရတာ အရမ်းပျော်တယ် ။ သမီး သူတို့ ကို ချစ်တယ် ။ ဒီ အိမ် မှာ ပဲ ဆက် နေချင်တယ် ” 


“ ‌ေ-ခွး,မ ။ နင် က ရာရာ စစ အတွန့်တက် နေပါလား ။ နင့် အောက် က ညီမ နှစ်ယောက် တောင် အလုပ် က ထုတ်ခံရလို့ နောက် တစ်အိမ် ရောက်နေပြီ ။  ‌ေ-ခွး, မ... ။ နင် ပဲ ကျန်တယ် ။ ဒီ ည ငါ နင့် ကို လာ ဆွဲထုတ် ရမှာလား ။ အိမ်ရှင်တွေ က န င့်ကို အလုပ် ဖြုတ်အောင် နင့် ဘာသာ လုပ်မှာလား စဉ်းစား ။ နင် အိမ် ပြန်လာမှ ဓားနဲ့ပိုင်းပြီး ခွေးစာကျွေးပစ်မယ် ။ ငါ ...”  


မိစု ၏ အနား ကို ကျွန်မ ဘယ်လို ရောက်သွားသလဲ မသိခဲ့ပါ ။ ဆဲနည်းပေါင်းစုံ နှင့် သမီး ဖြစ်သူ ကို ဆဲနေသော စကားသံများ ကြောင့် မိစု ၏ လက် ထဲ မှ ဖုန်း ကို ယူပြီး ပါဝါ ပိတ် ပစ်လိုက်သည် ။


“ ဟင် အစ်မ ... အဟင့် အဟင့် ”


မိစု က ကျွန်မ ၏ ရင်ခွင်ထဲ တိုးဝင်ကာ တအိအိ ရှိုက်ငို နေသည် ။


“ မိစု အစ်မ ကို ပြောပြ စမ်း ။ အဲ့ဒါ ပထွေးလား ” 


မိစု က ခေါင်း ခါယမ်း သည် ။ နှာခေါင်း တရှုပ်ရှုပ် လုပ်ရင်း ကျွန်မ မကြားချင် သော အဖြေ ကို ပေး၏ ။ 


“ အဖေရင်းပါ အစ်မ ”


“ ဟာ ...” 


မိစု ၏ ရင်ထဲ ၌ သိမ်းဆည်းထားရသည့် စကားလုံး များ က ဆည်ရေကျိုးသည့် အလား တားမရ ဆီးမရ ထွက်ပေါ်လာတော့သည် ။ 


“ ဒီ အိမ် ကို လိုက် ပို့ပေး တဲ့ ဒေါ်မိုးနိုင် က အဖေ့ ရဲ့ နောက် မိန်းမ ၊ မိစု တို့ ညီမတစ်တွေ ရဲ့ မိထွေး ။ မိထွေး က မြှောက်ပေးတာ နဲ့ မိစု တို့ ညီမ သုံးယောက် ကို ကျောင်းထွက် ခိုင်းပြီး အိမ်ဖော် လုပ်ခိုင်း တယ် ။ အိမ်ရှင် ဆီ က လစာ သုံးလစာ နဲ့ ပွဲစားခ တစ်လစာ ယူပြီး သူတို့ က အိမ်မှာ ပျော် နေကြတာ ။ မိစု တို့ ညီမတွေ ကို အိမ်ရှင် မကြိုက်အောင် အလုပ်တွေ တလွဲ လုပ်ခိုင်း တယ် ။ တစ်လ မပြည့်ခင် အိမ်ရှင့် ဘက် က နေ အလုပ် ထုတ်အောင် လုပ်ခိုင်းတာ ။ အိမ်ရှင် က အလုပ် ထုတ်တာနဲ့ နောက်တစ်အိမ် ပြောင်း ပို့တာ ၊ အီး ... ဟီး ... ဟီး ....” 


“ အို ဘုရား ဘုရား ၊ အဖေရင်း မှ ဟုတ်ပါလေစ ” 


မိစု ကို ခပ်တင်းတင်း ဖက်ရင်း “ လူမဆန် တဲ့ လူရိုင်းလင်မယားတွေ ” ဟု ပျစ်ပျစ်နှစ်နှစ် တွေးမိသည် ။ 


“ မိစု ရယ် ၊ ညီမလေး ရယ် ။ ကံဆိုးရှာတဲ့ ငါ့ ညီမလေး ရယ် ”


မိစု က ကျွန်မ ၏ ရင်ခွင် ထဲ သို့ တိုးဝင်ကာ တအိအိ ရှိုက်ကာ ငိုနေသည် ။ မှတ်မှတ်ရရ သည်နေ့ က မိစု ကျွန်မ တို့ အိမ် ကို ရောက်တာ တစ်လပြည့်သည့် နေ့ ဖြစ်သည် ။


“ မငိုပါနဲ့ကွယ် ” ဟူ၍ ကျွန်မ မတားမိပါ ။ 


“ မိစု ရေ ငိုချ လိုက် ။ ထိန်းချုပ် ခဲ့ရတဲ့ မျက်ရည်တွေ ကုန်ခန်း သွားတဲ့ အထိ သာ ငိုချလိုက်ပါ ” 


မိစု ၏ ကျောပြင် ကို ပွတ်သပ် အားပေးရင်း ကျွန်မ ၏ ပါးပြင် မှာ လည်း မျက်ရည်စတွေ စီးကျ နေသည် ။ သည်အချိန် မှာ မိစု က မဖြစ်မနေ အလုပ် ထွက်မည် ဆိုရင်လည်း ကျွန်မ ဘက်က ခွင့်ပြုမိမည်သာ ။ မိစု ၏ အဖေ က ပြန်ခေါ်ချင်ပေမဲ့ ကျွန်မ တို့ အိမ်၌ မိစု က ဆက်နေဦးမည် ဆိုလျှင်လည်း နောက်ထပ် နှစ်လ ထိ ကျွန်မ ဘက် က ဆက် ခေါ်ထားခွင့် ရှိသည် ။ ထို နှစ်လ ကို ကျော်လွန်ခဲ့ လျှင် တော့ ... ။


ကျွန်မ ဆက်ပြီး မတွေး တတ်တော့ဘဲ မိစု ကိုသာ ခပ် တင်းတင်း ထပ် ဖက်ထားလိုက်သည် ။ မိစု က ကျွန်မ ၏ ရင်ခွင် ထဲသို့ တိုးဝင်ကာ တအိအိ ရှိုက် ကာ ငိုနေဆဲ ။ ကျွန်မ ၏ ရင်ခွင် သည် သည် ခဏ မှာတော့ သူ့ အဖေ ၏ ရင်ခွင် ထက် နွေးထွေးလုံခြုံ နေမည် ဟု ယုံကြည်မိပါသည် ။


ဟမ်စိုင်း ၊ ဆေး - မန်း ၊


ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

ဧပြီ ၂၀၁၇


No comments:

Post a Comment