အချစ်ကိစ္စ မှာ ကမ္ဘာ ပေါ်၌ အထူးဆန်းဆုံး ကိစ္စ ထဲတွင် ပါသည် ။
ရတာ မလို ၊ လိုတာ မရ ဆိုသည် မှာ လဲ အချစ်ကိစ္စ ထဲ၌ အများဆုံး ။
အချို့က လိုတာ ရကြသည် ။ အချို့က လိုတာ မရ ။ ရ ထားတာကို လဲ မလိုချင် နှင့် ဒီအတိုင်း သာ တစ်သက်လုံး အောင့်အည်း ပေါင်းသင်း ခဲ့ကြရ တာချည်း ။
ရတာ မလို ၊ လိုတာ မရ ဆိုသည့် အထဲ ၌ ပင် ရ ထားတာ ကို မလိုချင် တော့သည် က ( ၇၀% ) ။
မည်သူမဆို ကိုယ် ရ ထားသော ပစ္စည်း ကို တန်ဖိုး မထားတတ်ကြဘဲ ကိုယ် ရထားတာ လောက် တန်ဖိုး မရှိသော်ငြား ၊ အခြား ပစ္စည်း ဖြစ်ပါက ကိုယ့် ရှိသည့် တန်ဖိုးကြီး ပစ္စည်းကြီး ကိုင်ပြီး တခြား ကို လှည့် ငေးတတ်ကြ သေး၏ ။ ဤကား ဓမ္မတာ တစ်ခုပင် ။
တချို့ကလဲ ကိုယ့် ရှိ ပစ္စည်းကြီး တန်ဖိုး ရှိမှန်း မသိ မဟုတ် ။ သိကြ၏ ။ သို့သော် တခြား ပစ္စည်းကောင်းကလေး ရလျှင်လဲ လိုလိုက်ချင်ကြ သေးသည် ။ ဤသို့ဖြင့် လောက ၌ ရတာ မလို ၊ လိုတာ မရ ဟူသော ဇာတ်လမ်းများ ဖြစ်ပေါ်လာရခြင်းပင် ။
သို့သော် ကျွန်တော် ၏ ဇာတ်လိုက် အကောင်းစား မှာ လိုတာ ထက် ကို ပို ရနေခြင်းပင် ။
သာမန်မျှသော သူများ သည် တစ်လင်တစ်မယား စနစ် ၊ သို့မဟုတ် တစ်သက် မှာ တစ်ချစ် ကို သာ မျှော်လင့်ကြပေသည် ။ ( ဒါတောင် ရမှ ကိုးဗျ ) ပို၍ လိုပါက ပို၍ ဇာတ်လမ်း ရှုပ်မည် စိုး၍ စိတ် မဝင်စားကြပေ ။
သို့သော် စိတ်မဝင်စားချင်ယောင် ဆောင် နေခြင်းက ပို၍ ဖြစ်နိုင်ပေ လိမ့်မည် ။
ယောက်ျား အတော်များများ ဖြစ်ပါက မင်းတုန်းမင်း လောက်တော့ အားကျမိမှာ အမှန်ပင် ။ ( အမြဲတမ်း မဟုတ်တောင် တစ်ခါတစ်ရံပေါ့ ) ဆိုကြပါစို့ ။
အချစ်ကိစ္စ သည် လွန်စွာ မှ ပင် ဆန်းကြယ်လှပါသည် ။ တစ်ယောက် နှင့် တစ်ယောက် ဇာတာစန်းလာဘ် တက်ပုံ မတူကြချေ ။ ( ကျွန်တော့် လို ကောင်ကတော့ ဗေဒင် တွက် လိုက်တိုင်း ရှေ့နှစ် စန်းပွင့်မယ် ဆိုတာချည်း ပဲ ၊ ဘယ် ရှေ့နှစ်လဲ ကို မသိတာ ) စန်းတောက်နေသော အချိန်၌ လုပ်ချင် တာ လုပ် တင့်တယ်တာသာချည်း ။ ယခုလဲ စန်းတောက် နေသော ထူးနိုင် မှာ ။
••••• ••••• •••••
နံနက်စောစော နှင်း မကွဲသေး ။ မှုံရီဝိုးတဝါး ၌ ပင် ထူးနိုင် ၏ ခြေသံ မှာ စည်းချက်ကျနစွာ ကြား နေရသည် ။
ခြေလှမ်း ကို အရှိန်မှန်မှန် ပြေးနေသော်ငြား သူ ၏ မျက်လုံးများ က ကျီးကန်းတောင်းမှောက် ဖြင့် ဘေးဘီ ဝေ့ကြည့်သွားသည် ။
လိုချင်တာ မတွေ့ရသော အခါ မနေ့က အဖြစ်အပျက်များ က အမှန် မှ ဟုတ်ရဲ့ လားဟု တွေးမိ သေး၏ ။ စိတ်ထဲ တွင် လဲ
“ ဪ မိန်းမများ က ကျေးဇူးတင်လဲ ခဏပဲလေ ”
ဟု စဉ်းစားမိပြီး စိတ်ဓာတ် ကျစွာ သက်ပြင်း ချမိသည် ။ နောက်မှ အားတင်းပြီး
“ အေးလေ ၊ မဟုတ်တော့လဲ အေးတာပါပဲ ”
စိတ်ဒုံးဒုံး ချ၍ ခြေလှမ်း မှန်မှန်သာ ဆက် လိုက်မိသည် ။ ထိုစဉ်မှာ ပင်
“ ကိုထူး ”
“ ဟင် ”
အနောက်နား ကပ်လျက် ခေါ်သံ ကြား၍ ထူးနိုင် လန့်သွား၏ ။ လှည့်ကြည့် လိုက်တော့ မြရီနွယ် ။ ရင် ပင် တဒုန်းဒုန်း ခုန်သွားမိ၏ ။ သူမ က သူ့ ခြေလှမ်း အတိုင်း အရှိန်မှန်မှန် ပြေးရင်း
“ ဘာ စဉ်းစားနေတာလဲ ၊ အနောက် က လိုက်ပြေး လာတာ ကြာပြီ ၊ မတွေ့ ဘူးလား ”
“ ဟင် ”
ထူးနိုင် အံ့အားသင့် သွားသည် ။ ကိုယ့် အတွေး နှင့် ကိုယ် မို့ သတိ မထားမိဘဲ ဖြစ်နေခြင်းပင် ။
ထူးနိုင် ဝမ်းသာအားရ ရယ်ချင် သွားသည် ။ သူ မျှော်လင့်နေသူ က သူ့ နောက် ကပ်လျက်ပါလာသည် ကို မသိဘဲ အမျိုးမျိုး တွေးနေမိခဲ့သည် ကိုး ။
ထို့ကြောင့် ရယ်ချင်စိတ် ကို မြိုသိပ်၍ အားရပါးရ ပြုံးပြီး
“ ဘာရယ် မဟုတ်ပါဘူး ၊ မနေ့က အဖြစ်အပျက် ကို ပြန် စဉ်းစားမိနေ တာပါပဲ ၊ ဒီ အချိန်ပဲလေ ၊ ဟင်းဟင်း ”
နှစ်ယောက်သား လွတ်လပ်စွာ ရယ်မိသည် ။ မြရီနွယ် က လဲ ဘေးဘီ ဝေ့ ကြည့်ရင်း
“ အင်း ဒီနေရာ လောက်ပဲနော် ၊ ဟင်းဟင်း ”
နှစ်ယောက်လုံး ပြေးသည့် အရှိန် ကို လျှော့လိုက်သည် ။
“ စဉ်းစားပြီး ကိုထူး ကို ဘယ်လို ကျေးဇူး တင်မိမှန်း မသိဘူး သိလား ”
ထူးနိုင် ဘဝင် မြင့်ချင် သွားသည် ။ အမှန် ကျေးဇူး တင်ရမှာ က သူ တိုက်ခဲ့မိသော ကျောက်တုံး ကို သာ ။ သို့သော် ခပ်တည်တည် ပြုံးပြီး
“ ရပါတယ် ၊ အပန်း မကြီးပါဘူး ”
မြရီနွယ် က ပါ ရှက်ပြုံးလေး ပြုံးပြီး
“ ကိုထူး အတွက် မပန်း မကြီးပေမယ့် နွယ့် အတွက် က အသက် တစ်ခု ပဲလေ ၊ ဒီနေ့ က ကိုထူး ပေးတဲ့ အသက် နဲ့ နေနေရတာ ”
ထူးနိုင် ဘဝင် ပိုမြင့်ချင် သွားသည် ။ ဘုမသိ ဘမသိ နှင့် လူ တစ်ယောက် ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေတာကိုး ။
သူ့ အိတ်ထဲ အမြဲ ဆောင် ထားသော ကျေးဇူးရှင် ကျောက်တုံး ကို ပြန် စမ်းလိုက်သည် ။ ဒါကို လာဘ်ကောင် အဖြစ် သူ အမြဲ ဆောင်ထား လိုက်ပြီလေ ။
လွတ် နေသော အုတ်ခုံ တစ်ခု တွင် နှစ်ယောက် ယှဉ်ထိုင်ပြီး အမော ဖြေ နေမိသည် ။
“ ဒါနဲ့ မနေ့က ကား မောင်းတဲ့ သူ က ဘယ်သူလဲ မသိဘူးနော် ၊ လူမှုရေး ခေါင်းပါးလိုက်တာ ၊ သူ့ ကား နဲ့ အက်ဆီးဒင့် ဖြစ်တာ ကို တော့ ဆင်း တောင် မကြည့်ဘူး ”
မြရီနွယ် ၏ မကျေမနပ် စကား ။ ထိုတော့မှ ထူးနိုင် သူဇာချို ကို ချက်ချင်း သတိရ သွား၏ ။ ထို့ကြောင့် အနေအထား ကို ပြင် ထိုင်ရင်း
“ ဟိုလေ ၊ ကားမောင်းတဲ့ သူ အနေနဲ့ လဲ လူမှုရေးကိစ္စ ခေါင်းပါးလို့ လဲ ဟုတ်ချင်မှ ဟုတ်မှာ ပေါ့ ၊ သူ့ မှာ လဲ အရေးတကြီး ကိစ္စ ရှိနေလို့ ဆင်း မကြည့်နိုင်တာလဲ ဖြစ်မှာ ပါ ”
ထူးနိုင် ၏ စကားကြောင့် မြရီနွယ် မျက်လုံး အရောင် တောက် သွား၏ ။ နောက် အထင်ကြီး ဟန် ဖြင့်
“ ဟယ် ကိုထူး က သိပ်ပြီး သဘောထား ပြည့်ဝတာပဲ ၊ ကိုယ့် ကို အသက် အန္တရာယ် ပြုသူ ကို တောင် ခွင့်လွှတ်နိုင်တယ်နော် ၊ သိပ် ကို လေးစားသွားပြီ ”
ထူးနိုင် ပြုံးတယ် ဆိုရုံသာ ပြုံးထား၏ ။ အမှန်တော့ ခွင့်လွှတ်နိုင်ခြင်း မဟုတ် ။ တစ်ဖက်မှာ ချိန်ထားသော သူဇာနွယ် ကို လဲ မရခင် အထိ မခံနို င်သေး၍ ဖြစ်သည် ။ ဒါကို အခြေအနေ မသိသော ဟိုက စွတ်စက် အထင်ကြီးနေတာ ဖြစ်၏ ။
“ ကဲ ကျန်းမာရေး လဲ လုပ်ပြီးပြီဆိုတော့ သွားကြစို့ ”
သူ့ စကား ကို မြရီနွယ် က မထချင် ထချင် နှင့် ထကာ
“ အင်းလေ သွားတာပေါ့ ”
နှစ်ယောက်လုံး ခြေလှမ်း မစဖြစ်သေး ။ နောက် မှ မြရီနွယ် က ဆံပင် ကို ပင့်သပ်ရင်း
“ ကိုထူး က ဘယ် သွားဦးမှာ လဲ ”
ထူးနိုင် က ခပ်ဝေးဝေး မှန်း သိသာစေရန် လက်ညှိုး ကို ထောင် ထိုးရင်း
“ ဟိုးဖက်ထိပ် လက်ဖက်ရည်ဆိုင် မှာ သူငယ်ချင်းတွေ နဲ့ ချိန်းထားလို့ ”
နွယ် က နှုတ်ခမ်းစူရင်း
“ နွယ့် ကို ကျ မခေါ်ဘူး ”
ထူးနိုင် ပျာပျာသလဲ ဖြစ်သွားသည် ။
“ မခေါ်တာ မဟုတ်ပါဘူး ၊ အဲ သူငယ်ချင်းများ လို့ ”
သူ က မြရီနွယ် ကို သူဇာချို နှင့် မဆုံစေချင်၍ ပြောခြင်း ဖြစ်၏ ။ ဒါကို အကြောင်း မသိသော မြရီနွယ် က
“ အင်းပါ ၊ နွယ် လဲ အပြင်မှာ မစားတတ်ပါဘူး ၊ သွားပြီနော် ”
လက်ပြ၍ နှုတ်ဆက် ကာ ခြေလှမ်း ပြင်သည် ။ ဒါကို ထူးနိုင် က
“ အဲ ပြောမလို့ ၊ ဟိုလေ ဖုန်းနံပါတ် တောင်းရင် ရိုင်းမလားလို့ ”
သူ့ စကား ကို မြရီနွယ် က ပြုံးပြီး
“ နွယ် လဲ ကိုထူး ဖုန်းနံပါတ် လိုချင်နေတာ ၊ အဲဒါ မတောင်းရဲလို့ ”
“ ဒါဆိုအတော်ပဲ ၊ အရေးအကြောင်း ရှိတော့ ဆက်ရတာပေါ့ ”
“ ဟုတ် ၊ နွယ် က ဆက်မှာ နော် ”
အပြန်အလှန် ဖုန်းနံပါတ် ချင်း လဲလိုက်ကြသည် ။
“ ဒါဆို သွားပြီနော် ”
“ တာ့တာ ”
နှစ်ဦးသား လမ်းခွဲ လိုက် ကြသည် ။ ထူးနိုင် မြရီနွယ် ပျောက်သွားသည် အထိ လှမ်း ကြည့်လိုက်သေးသည် ။
“ ယာ့စ် ”
အားရပါးရ အော်သံ ။
မင်္ဂလာ နံနက်ခင်း ပင် ။
မင်္ဂလာ ပိုရှိသွားအောင် သူဇာချို နှင့် ချိန်းထားသော လက်ဖက်ရည် ဆိုင် သို့ ခပ်သွက်သွက် အပြေး ထွက်ခဲ့လေတော့သည် ။
နောက် တစ်ယောက် က ရော လက်ဖက်ရည်ဆိုင် မှာ ရှိပါ့မလား ဟု တထင့်ထင့် ။
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment