❝ ထမင်းဝိုင်း ❞
( အောင်လင်း )
မိတ်ဆွေ တော်တော် များများသည် နေ့တိုင်း ထမင်းဝိုင်း၍ စားဖူးကြမည် ဆိုသည် ကို မေးစရာပင် လိုမည် မဟုတ် ။ လူတိုင်း ထမင်းဝိုင်း ၍ နေ့တိုင်းလို စားကြသည် ။ သည်အထဲ တွင် တစ်ကောင်ကြွက် ဆရာများကို မဆိုလိုပါ ၊ အလုပ်အကိုင် စီးပွားရေး အခြေအနေ အရ လခပေး စားသူများ နှင့် တစ်ကိုယ်တည်းသမား လုံးချင်းသမား ကို မဆိုလိုပါ ။
အိမ်ထောင်စု ၊ မိသားစု ဆိုသည် ကိုတော့ ပြောစရာပင် မလိုပေ ။ အဖေ နှင့် အမေ က အိမ် သို့ မရောက်လာသေးသော သားသမီး ကို ဆာလျက် နှင့် စောင့် ၍ စားသည် ။ လိမ္မာသော မယား က ဝတ္တရား ကျေပွန်သော လင်သား အလုပ်မှ အပြန်ကို ဆာဆာ နှင့် စောင့်၍ ထမင်း စားသည် ။ လင်ဆိုးမယား ကမူ အရက် ဆိုင် နှင့် မှော ယင်တော တွင် ညဉ့်နက်သန်းခေါင် အလည် ကြူး နေသော လင်သား နှင့် လက်ဆုံ စား လို၍ အူလိမ် ခံကာ စောင့်၍ စားတက် ကြသည် ။
သို့သော် သည်လို ထမင်းဝိုင်း တွင် ခံစားချက် တစ်မျိုးတည်း မဟုတ် ၊ ဝမ်းသာခြင်း တစ်မျိုးတည်း မဟုတ် ၊ ရွှင်လန်းခြင်း တစ်မျိုးတည်း မဟုတ် ၊ ညည်းညူ ခြင်း တစ်မျိုး တည်း မဟုတ် ၊ လှုပ်ရှားမှု တစ်မျိုးတည်း မဟုတ် ၊ ဟင်းကလည်း တစ်မျိုးတည်း မဟုတ် ။
အဆင် မပြေသော ထမင်းဝိုင်း တွင် မယား လျှင် ငို ရတတ်၏ ။ သား လျှင် ထိပ် ခေါက် ခံ ရတတ်၏ ။ ယောက်ျား က လျှင် ထမင်းပွဲ ကို ခြေ ဖြင့် ခတ် ကာ စွန့်ခွာ သွားတတ်၏ ။
ဤသို့ ဖြစ်ရသည့် အကြောင်းရင်း ကို ရှာ လိုက်ပြန်တော့လည်း ကြီးမားသော အကြောင်း ကြောင့် လည်း ဖြစ် ရတတ်၏ ။ စီးပွားရေး အကြောင်း ၊ ငွေအသုံးအစွဲ အကြောင်း လင်ဘက် မယားဘက် ဆွေမျိုးသားချင်းများ အကြောင်း ကြောင့်လည်း ဖြစ်တတ်သည် ။ သေးငယ်သော အကြောင်းကလေး ကြောင့်လည်း ဖြစ် တတ်သည် ။
သားငါးဆီပြန် ချက် ထားပါလျက်နှင့် ငါးပိထောင်း မပါ ၍ လည်း ဆူတတ် ပွက် တတ်၏ ။ ငါးပိထောင်း နှင့် မြန်မာ့ရိုးရာ ပီပီ ချဉ်ငန်စပ် ချက် ထားလျက် နှင့် လည်း လင် ၏ အကြိမ်းအမောင်း ကို ခံ ရတတ်၏ ။ လင် က ကျေနပ်လျှင် လင့် အဖေ မိဘ ၏ အမာန်အမဲ အဆဲ ကို ခံရတတ်၏ ။ သည်အခါတွင် အရုပ်လို ငြိမ် ၍ ခံ တတ်သော ဇနီး ချွေးမ ဆိုလျှင် ပြဿနာ က တစိမ့်စိမ့် အေး သွားမည် ။ မဟုတ်မခံ သတ္တိခဲ ၊ မာနခဲ ဇနီးချွေးမ နှင့် တွေ့လျှင် ကက်ကက်လန် ပြန်၍ ပက် မည် ။ သည်အခါတွင် ထမင်းပွဲ သည် ထမင်း တခြား ၊ ပန်းကန် တခြား လည်း ဖြစ်တတ်သည် ။ ထမင်း နှင့် ဟင်းဖတ် ဟင်းရည်များ သည် ပါးစပ် ထဲသို့ မရောက်လာဘဲ မျက်နှာ ပေါ်သို့ ရောက် လာတတ်သည် ။ လုံချည် အင်္ကျီများ ကို ပေကျံ လာတတ်သည် ။ ဤသို့ ထမင်းပိုင်းမျိုး သည် ဤသို့ ရန်ပွဲ ဖြစ်၍ ပျက်သွားသလား ဆိုသော် ပျက် မသွားပါ ။ နောက်နေ့တွင် ဤ ထမင်းဝိုင်း သည် စိုစိုပြည်ပြည် ရွှင် ရွှင်လန်းလန်း သင့်သင့်မြတ်မြတ် ဖြစ်နေတတ်သည် ။
ဇနီးမယား က စောင့်မြဲ စောင့်တတ်သည် ၊ ဆွေငယ်လင် ကလည်း ဇနီးမယား မဆာသေး ၍ မောင် အရင် စားနှင့် ပါ ဟု ပြော လျှင် “ လာပါ ကွယ် ၊ အတူ စားရအောင်ပါကွယ် အချစ်ကလေးရယ် ” ဟု ချော့၍ ခေါ်တတ်သည် ။ လူကြီးမိဘများ က လည်း သမက် ၊ သမီး ချွေးမ ရိုသေသမှု ဦးဦးဖျားဖျား ကျွေး လျှင် -
“ လာကြဟေ့ ၊ တစ်ဝိုင်းလည်း စား ရတော့ ထမင်း မြိန်တာပေါ့ ”
ဟု စေတနာ ချစ်ကြည်မှုဖြင့် ခေါ်ခြင်း ပြုတက်သည် ။
အိမ်ထောင်စု မိသားစု ၊ ဆွေမျိုးစု ၊ မိတ်ဆွေစု တို့ ၏ ထမင်းဝိုင်းသည် ဟင်းကောင်း ၊ ဟင်းညံ့ ကွဲချင် ကွဲမည် ။ ခံစားချက်ချင်း ကွဲချင် ကွဲမည် ။ အဘိုး ၊ အဘွား ၊ အဖေ ၊ ယောက္ခမ ၊ သား ၊ သမက် ချွေးမ ၊ မြေး စသည်ဖြင့် ပေါက်ဖွား ဖွဲ့စည်းပုံ ၊ စုစည်းပုံ ကွဲချင်ကွဲမည် ။ မည်သို့ပင် ဖြစ်စေ သည် လက်ဆုံ ထမင်းဝိုင်း သည် ဘယ်တော့ မှ မပျက် ။
ဤသည်မှာ မြန်မာ့ဓလေ့ ၊ မြန်မာ့ထုံးစံ ဖြစ်သည် ။ ဤဓလေ့ ထုံးစံသည် ရှေး ကတည်း က စခဲ့သော ဓလေ့ထုံးစံ လည်း ဖြစ်သည် ။
ဝန်ကြီးပဒေသ ရာဇာ ၏ ထမင်းအဖွဲ့အနွဲ့ ပါသည့် ကဗျာ ၊ တျာဘွဲ့များ ကို စာပေ သမား ကျောင်းသား တို့ စွဲလမ်းခဲ့ခြင်းမှာ မိသားစု သဘော ၊ ညီညွတ်သင့်မြတ်ခြင်း သဘော ပျော်ရွှင် ကြည်နူးစရာ သဘော ကို ဖော်ပြခြင်းကြောင့် စွဲလမ်းခဲ့ခြင်း ဖြစ်သည် ။
ဝန်ကြီးပဒေသရာဇာ ကဗျာ ထဲ မှာ ထန်းသမား ထမင်းဝိုင်း ၊ လယ်သမား ထမင်းဝိုင်း ၊ လှေသမား ထမင်းဝိုင်းများ သည် ရွှင်လန်းဖွယ် ကောင်းသည် ။ မြိန်ရေရှက်ရေ ရှိသည် ။ အားကျစရာလည်း ကောင်းသည် ။
အမှန်ဆိုလျှင် ထမင်းဝိုင်း သည် မိသားစု ၊ ဆွေမျိုးစု မိတ်ဆွေစု ၊ လုပ်ဖော်စု တို့၏ ဆွေးနွေးဝိုင်း လည်း ဖြစ်သည် ။ နှီးနှောဖလှယ် ဝိုင်းကလေး ဖြစ်သည် ။
ပြဿနာ ဖြေရှင်းရာ ဝိုင်းကလေး လည်း ဖြစ်သည် ။ လောကဓံ ၏ အကောင်းအဆိုး ဒဏ် ကို ဖွင့်အန်ရာ ဝိုင်းကလေး လည်း ဖြစ်သည် ။
ဤထမင်းဝိုင်းကလေး ကို မြင်ရုံမျှဖြင့် အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လူမှုရေး ဇာတ် လမ်းကလေးများ ကို တွေ့ရတတ်သည် ။ အိမ်ထောင်ကို ဦးစီး၍ စီးပွားရှာသူများ ၊ စီးပွားရေး အလုပ် မလုပ် ရဘဲ အိမ်တွင်း အိမ်ထောင်မှုဖြင့် မီးဖိုချောင်တွင် အချိန် ကုန်ရသူများ ကလေးလူငယ် ပညာရှာနေရ သူများ ၊ သက်ရွယ် ကြီးရင့်၍ အနား ယူကာ အငြိမ်းစား နေရ
သူများ အကြောင်း ကို တွေ့ရတတ်သည် ။
ထိုသို့ ထမင်းဝိုင်း ဇာတ်လမ်း အမျိုးမျိုး ထဲ မှ ကိုအောင်တင် မခင်သက် တို့၏ ထမင်းဝိုင်း ဇာတ်လမ်း ကို ကား လူသိ နည်း ပေလိမ့်မည် ။ ဤ ထမင်းဝိုင်းကလေး သည် လည်း စိတ် ဝင်စားစရာ ကောင်းလှပေသည် ။
ကိုအောင်တင် မခင်သက် တို့ ၏ ထမင်းဝိုင်း တွင် သူတို့ ၏ မိသားစုများ ဖြစ်ကြ သော ကိုအောင်တင် ၏ ဖခင်ကြီး ဦးအောင်ကြီး ၊ မိခင် ဒေါ်အေး ၊ ကိုအောင်တင် ၏ အစ်မ မကြည်ကြည် ဇနီး မခင်သက် ၊ သား မောင်ထူး တို့ ဖြစ်ကြသည် ။
သောကြာနေ့ ညနေ ခြောက်နာရီ တွင် သူတို့ ထမင်းဝိုင်း စ ပါပြီ ။
••• ••• ••• •••
ထမင်းဝိုင်း တွင် ဦးအောင်ကြီး နှင့် မခင်သက် တို့ မှအပ လူစုံနေပြီ ။ ဦးအောင်ကြီး က လမ်းလျှောက် သွားသည် ။ မခင်သက် က ထမင်းဟင်း ချက်ပြီး ရေ ချိုးနေသည် ။
ကနေ့ မခင်သက် ပင်ပန်းသည် ။ ကိုအောင်တင် နှင့် အကြောင်းပါပြီး မှ ခုလို တစ်ခါ မှ မပင်ပန်းဖူးချေ ၊ မပင်ပန်းသည် မှာ ဘာမှ မလုပ် ရသောကြောင့် ဖြစ်သည် ။ မခင်သက် စာမေးပွဲ အလွတ် ဝင် ၍ ဖြေမည် ဆိုသောကြောင့် ကိုအောင်တင် တို့ တစ်အိမ်သားလုံး က မခင်သက် ကို ဘာမှ မလုပ်ရ ၊ စာ ကိုသာ လွတ်လွတ်လပ်လပ် ကြည့်စေ သည် ။ ကိုအောင်တင် တို့ မိသားစု က စာ ကို လွတ်လွတ်လပ်လပ် ကြည့်ရန် အချိန် ပေးကြသော်လည်း ဘာကြောင့်မှန်း မသိ ၊ စာ က မကြည့်ဖြစ် ၊ စာအုပ် နှင့် ဝေး သည်မှာ နှစ် ပိုင်း ပင် ကျော်လာတော့ ကျောင်းစာအုပ် နှင့် ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့ရန် မလွယ်ကူလှ ။
သည် နေ့ တော့ မခင်သက် သည် ကိုအောင်တင့် အစ်မ မကြည်ကြည် နေ မကောင်း နေ ၍ မိုးလင်းမှ မိုးချုပ် အထိ နား ရသည် ဟူ၍ မရှိ ။ မိုး လင်း လင်းချင်း ရေနွေးတည် ၊ ကော်ဖီ ဖျော် ပြီးတော့ ဈေးသွား ၊ ကိုအောင်တင် ရုံးချိန် မီရန် သုတ်သုတ်ပျာပျာ ချက်ပြီးတော့ ထမင်းပွဲ ပြင် ၊ ထမင်းစားပြီး ပန်းကန်ဆေး ၊ အိုးတိုက် ၊ မီးဖိုချောင် လုပ်ငန်း ပြီးတော့ မောင်ထူး ရေချိုးပေး ၊ အဝတ်လျှော် ၊ ရေ ၊ သနပ်ခါးလိမ်း ၊ အဝတ်တွေ ခြောက်ချိန် တွင် မီးပူ တိုက် ၊ မီးပူ တိုက် ရသည်မှာလည်း ထမင်းအိုး တစ်လုံးချက် ထက် ပင်ပန်းသည် ။ မီးပူ က လျှပ်စစ်မီး မဟုတ် ၊ မီးသွေးမီးပူ ဖြစ်သည် ။ မီး မွှေးရသည် ။ လေ ဖြင့် လည်း မှုတ် ရသည် ယပ် ဖြင့်လည်း ခတ် ရသည် ။
မခင်သက် ဟင်းများ နွှေးပြီးမှ ကိုအောင်တင် အလုပ် မှ ပြန် ရောက် လာသည် ။ မခင်သက် က ကိုအောင်တင် ကို ဆီးကြို နှုတ်ဆက်လိုက်သည် ။
“ ကနေ့ ကိုယ် ရောက်တာ နောက်ကျတယ်နော် ”
ကိုအောင်တင် ၏ မျက်နှာ သည် ပင်ပန်းနွမ်းနယ် ဟန် ရှိသည် ။ သူ သည် အိမ်ရှေ့ ကြမ်းပြင် တွင် ထိုင်ပြီး တိုင် ကို မှီပြီး အပန်း ဖြေလိုက်သည် ။
“ နောက်ကျဆို သူဌေး က အပို အလုပ်တွေ ခိုင်း နေလို့ပေါ့ သက် ရာ ၊ ဆာ လိုက်တာလည်း အူ လိမ် နေပြီ ”
မခင်သက် သည် ရွှင်လန်းစွာ ပြုံးလိုက်သည် ။
“ ကနေ့ ကိုယ် သက်ချက်တဲ့ လက်ရာကို စားရမှာ ၊ အစ်မကြီး နေမကောင်း လို့ မချက်နိုင်ဘူး သက် နဲ့ အမေ နဲ့ ချက် ကြတာ ”
“ ဒီလိုဆို ဆာဆာ နဲ့ စားကောင်းပေါ့ဗျာ ၊ ကိုယ့်မယား တစ်ယောက် တည်း ချက်တဲ့ ဟင်းသန့်သန့် တစ်ခါမှ မစားဖူးသေးဘူး အမလေး မိုးမင်းရေ ဒီအချိန်ကြီး မရွာလိုက်ပါနဲ့ ၊ စပါး တွေ ပျက်ကုန်ပါဦးမယ် ကဲ ဟင်း ကို ပြောပါဦး ၊ ကိုယ် လျှာရင်း မြက်အောင် ဘာ ဟင်း ချက်သလဲ မိမိ ငဲ့ ”
“ မောင်မောင် လျှာရင်း မြက်အောင် ဘာဟင်းချက် ဆိုတော့ တံတားပေါ် က ကုလားကြီး ချော်တော့ ငါးကျည်းကြော် က တစ်ခွက် ။ ပြီးတော့ ဓားမချောင်စက်ကြီးဆိုတဲ့ ပင်းဟဲ ပဲဟင်း က တစ်ခွက် ၊ အစ်ကို့ မယား အိပ်ချင်ပြေ တဲ့ မရီးသမ်း မရမ်းသီး က ... ”
“ ကဲကဲ တော်ပါပြီကွာ ပြောတာနဲ့ အဆာ ပြေပါပြီ ၊ အမေ တောင် ကနေ့ တော် တော် ပင်ပန်းနေတယ် ထင်တယ် ”
ကိုအောင်တင် က ပြောပြောဆိုဆို နောက်ဖေး မှ ထွက် လာသော အမေ ကို လှမ်း၍ နှုက်ဆက် လိုက်သည် ။
ဒေါ်အေးမေ သူ့ သား အနားသို့ ဆေးပေါ့လိပ် တစ်လိပ် ဖြင့် ထိုင် လိုက်သည် ။
“ မင်း ကနေ့ နောက်ကျလှချည်လား ”
“ နောက်ကျဆို အမေ ရာ ၊ သူဌေး အိမ် က နက်ဖြန် ဆွမ်းကျွေး ၊ အဲဒါ ခေါင်းပုံဖြတ် အလုပ်တွေ အကုန် လုပ်ပေးနေ ရတာ ၊ တော်ပါသေးရဲ့ ကျွန်တော် က ဆိုင်ရောင်းရမယ့် သူ ဆို တော့ ည မအိပ်ရဘူး ၊ ဆာ လိုက်တာလည်း လွန်ရော ”
"ကိုယ့်သူဌေး က အလုပ်တော့ ခိုင်းပြီး ထမင်း မကျွေး တောင် မုန့်လေး ဘာလေး မကျွေးဘူးလား ”
မခင်သက် က မကျေမချမ်း မေး လိုက်သည် ကို အမေ က ထောက်ခံလိုက်သည် ။
“ ဟုတ်ပါရဲ့ မင်း သူဌေး ကလည်း ကပ်စေးနှဲ ကော်တရာ ”
“ သူဌေး ဆိုတာ ဒီလိုပဲ အမေရ လုပ်အား ကို ချွေးတစ်ပေါက် မကျအောင် အမြတ် ထုတ်ကြတယ် ၊ ခိုင်းချင်ရင် ရှေ့က မျက်နှာ ကို ပြုံး ထားတယ် ၊ ငွေ ပေးဖို့ ဆိုရင် အဲဒီ ငွေ တွေ ကို လက် နောက် မှာ ဝှက် ထားတတ်ကြတယ် ။ သူတို့ က ယူ ရမှာဆို တစ်ပြား မလျှော့ ဘူး ၊ သူတို့ က ပေး ရမှာဆိုရင် တစ်ခါတည်း မွဲသွား ပြီ ၊ အလှူ လုပ်တယ် ဆိုတာ တချို့ လည်း စေတနာသဒ္ဓါ ထက်သန်လို့ ပါပဲ ။ ကျွန်တော် တို့ သူဌေး ကျတော့ မဟုတ်ဘူး ၊ သူတို့ ငရဲတွေ ပပျောက်ဖို့ နဲ့ ခု ဘ၀ ရော နောက် ဘဝ ရော ချမ်းသာ ဖို့ ပါ အမေ ရာ ”
အမေ သည် ဘာမှ ဆက် မပြောတော့ချေ ။ ဆေးပေါ့လိပ် ကို အားပါးတရ ဖွာ လိုက်ပြီး ဆေးလိပ်ခွက် ထဲ သို့ ထည့် လိုက်သည် ။ ပြီးတော့ မီးဖိုဘက် ဆီ သို့ ထွက် သွားသည် ။ မီးဖိုထဲ ရောက် မှ အမေ က လှမ်း ၍ အော် လိုက်သည် ။
“ မခင်သက် က ရေချိုးတော့လေ ၊ ငါ ထမင်း ပြင် လိုက်ပါမယ် ”
“ ဟုတ်ကဲ့ အမေ ကျွန်မ ကူ ရဦးမလား အားလုံးတော့ အဆင်သင့်ပဲ ”
“ အို နေပါ ငါ့ ဘာသာ လုပ် ပါ့မယ် ။ ညည်း ယောက်ျား က ဆာလှပြီ ”
မခင်သက် သည် ကိုအောင်တင် အား တစ်ချက်မျှ မျက်စောင်း ထိုး လိုက်သည် ။
“ ဘာဖြစ်ဖြစ် သဲ ကို သဲ တယ် ”
ကိုအောင်တင် ၏ လက်မောင်း ကို တစ်ချက် လိမ် ၍ နောက်ဖေး သို့ ထွက် သွားသည် ။
“ အမေ ကျွန်တော် လုပ်မယ် အဖေ့ ကို မစောင့် တော့ ဘူးလား ”
“ အမလေး မစောင့်နဲ့ ၊ မင်း အဖေ က သူ့ မြေး နဲ့ ရွာ ရိုးတကာ အိမ်တကာ လျှောက်နေတာ ”
ကိုအောင်တင် သည် အမေ က မကူ နှင့် ပြော သော်လည်း ဇွတ် ဝင်၍ ကူ လုပ်ပေး သည် ။ အမေ နှင့် ကိုအောင်တင် တို့ ထမင်း ပြင် ပြီးလျှင် အမေက သူ့ အတွက်နှင့် ကိုအောင်တင် အတွက် ထမင်း ခူး ပေးသည် ။
“ အဖေ နဲ့ မောင်ထူး ကို မစောင့်တော့ ဘူးလား ”
“ စားပါကွယ် သူတို့ လာတော့ ဝင် စား လိမ့်မပေါ့ ”
အမေ သည် ပြောပြောဆိုဆို ချဉ်ပေါင်ရွက်ဟင်းချို ကို ခပ်၍ ဆမ်း လိုက်သည် ။ ကိုအောင်တင် က ထမင်းချည်း တစ်လုတ် နှစ်လုတ် စား လိုက်ရင်း ဟင်း ကို ကြည့် လိုက် သည် ။ ထမင်းစား စားပွဲ နိမ့်နိမ့်လေး တွင် ချဉ်ပေါင်ရွက်ဟင်းချို ချက် နှင့် ဆိပ်ဖူး ဇရစ် စသည့် တို့ စရာများ ကို တွေ့ရသည် ။
ကိုအောင်တင် အဖို့ သည်လို ဟင်းမျိုး သည် အညံ့စား မဟုတ် ၊ အချဉ် အငန် အစပ် ပါလျှင် ထ မင်း ဝင် သည် ။ ပြီးတော့လည်း သည် ဟင်းများ သည် ချစ်သော ဇနီးသည် ၏ လက်ရာများ ပင် မဟုတ်လား ။
ကိုအောင်တင် သည် ဆာဆာ နှင့် ထမင်း ကို ပလုတ်ပလောင်း စား လိုက်သည် ။ ကိုအောင်တင် တို့ စား နေစဉ်မှာပင် ဦးအောင်ကြီး နှင့် မောင်ထူး တို့ ရောက် လာသည် ။
ဦးအောင်ကြီး သည် ထမင်းဝိုင်း ကို စောင်း ၍ ကြည့် လိုက်ပြီး မသိမသာ မျက်နှာ ညှိုး ၍ သွားသည် ။
“ မင်းတို့ အစောကြီး ရှိသေးတယ် ။ စားနှင့်ကြပလား ”
မအောင့်နိုင်လွန်းသဖြင့် သူ သည် ဖွင့် ၍ မေး လိုက်သည် ။ ဒေါ်အေး က ထမင်း ငုံ့ ၍ စား နေရာမှ ဦးအောင်ကြီး ကို မျက်လုံး ဖြင့် လှန် ၍ ကြည့် လိုက်သည် ။
“ စော ပေမယ့် အလုပ် လုပ်တဲ့ သူ က ဆာတာပေါ့ ၊ ရှင် ကတော့ လေမျိုး ရှစ်ဆယ် ဖော်နေ ရတော့ ဘယ် ဆာတော့မလဲ ။ လာဟဲ့ သားသားလေး ထမင်း စားရအောင် ”
မောင်ထူး က သူ့ အဘွား ဘေး တွင် ဝင် ၍ ထိုင် လိုက်သည် ။ သူ့ အဘွား က မောင်ထူး ကို ထမင်းဟင်းများ ထည့်၍ နယ် ပေးလိုက်သည် ။
ဦးအောင်ကြီး သည် တစ်လုံးတည်း ရှိသော ပက်လက်ကု,လားထိုင် ပေါ် တွင် ထိုင် ၍ လှဲ လိုက်သည် ။ သူ့ စိတ်များသည် မအီမလည် ဖြစ်နေသည် ။
အတိတ်တုန်း က ဖြစ်ရပ်များသည် တရိပ်ရိပ် ပေါ်လာသည် ။ ဘာ မဟုတ်သော အကြောင်းကလေး ဖြင့် ဘ၀ သည် နာကြည်းစရာ ကောင်း လာသည် ။ ကြေကွဲဝမ်းနည်း ဖွယ်ရာ ကောင်း လာသည် ။
သူ အလုပ် လုပ် နိုင်စဉ်ကမူ သည် ထမင်းဝိုင်း သည် သူ မထိုင်သေးဘဲ ဘယ်သူမှ လက်ဖျား နှင့် မတို့ရဲခဲ့ကြ ။ စား တော့လည်း သူ့ အတွက် သီးသန့်ဟင်း တစ်ခွက် က အမြဲ ပါ တတ်သည် ။ ထိုစဉ်က ထမင်း ကို ဖန်တီးသူ သည် သူ ပင် မဟုတ်လား ၊ ထမင်း ကို လုပ်ကိုင် ရှာကြံ ပေးသူ လည်း သူပင် မဟုက်လား ။
ယခုတော့ ဘဝ က ခြားနားခဲ့ လေပြီ ။ သူ သည် ခု ထမင်းဝိုင်း ကို ဖန်တီးသူ မဟုတ် ရှာကြံသူ မဟုက် ၊ သည် ထမင်းဝိုင်း ကို ရှာကြံသူ သည် သား ပင် ဖြစ်စေ ၊ သမီး ပင် ဖြစ်စေ ၊ တပည့် ပင် ဖြစ်စေ ၊ သူတို့ က အစားထိုက်ဆုံး ၊ ပထမဆုံး စားသင့်သူ နေရာ ကို ယူသွားလေပြီ ။
ဦးအောင်ကြီး သည် တွေးရင်း ရင် နာ လာသည် ။ ဆို့ တက်လာသည် ။ သို့သော် သား ကို ညှာတာသော စိတ် ၊ ခွင့်လွှတ်သော စိတ် ဖြင့် သူ့ ဒေါသ ကို ဖျောက် ပစ်လိုက် သည် ။ ဇနီးသည် ကို တော့ လုံးဝ မကျေနပ်ချေ ။
တစ်သက်လုံး ထမင်း ရှာ ကျွေး ခဲ့ရပြီး အသက် ကြီး လို့ ထမင်းရှာ မကျွေးနိုင်မှ သူ့ အပေါ် စေတနာ ယုက် သည် ကိုတော့ နည်းနည်း မှ ခွင့် မလွှက်နိုင်ချေ ။ ငယ်စဉ်က ဆိုလျှင် အကြီးအကျယ် စကား များမိမည် ၊ ထမင်းပွဲ ကို ခြေ ဖြင့် ဗြောင်းဆန်အောင် ကန်ကျောက်လိုက် မိမည် ။
အခုတော့ အရင်လို ကိုယ် လုပ်ချင်တာ လုပ် ၍ မရ ၊ သင့် လည်း မသင့် သည် ကို ဦးအောင်ကြီး နားလည် လာသည် ။ သား မျက်နှာ ကို ကြည့် ရဦးမည် ၊ သူ က ကိုယ့် သွေး မဟုတ်လား ။ ပြီးတော့ သူ က ခု အချိန်မှာ ကိုယ့် ကို တပြန်တလဲ ထမင်း ကျွေးနေသူ မဟုတ်လား ။ မြေး မျက်နှာ ကိုလည်း ကြည့် ရဦးမည် ၊ သူ က ကိုယ့် ဘဝ နောက်ပိုင်းမှာ ချစ်စရာ ရွှင်လန်းစရာကလေး မဟုတ်လား ။ ရွှေဆည်းလည်း ငွေဆည်းလည်းလေး လည်း မဟုတ် လား ။ သား မှာ အချစ် မြေး မှာ အနှစ် ဆိုတဲ့ စကား လို ကိုယ့် စိတ် ကိုယ့် ကိုယ် အားလုံး ရဲ့ အနှစ် မဟုတ်လား ။
ဦးအောင်ကြီး သည် တွေးရင်း တွေးရင်း ဒေါသ မှ ခွင့်လွတ်ခြင်း ၊ ခွင့်လွှတ်ခြင်း မှ မေတ္တာစေတနာ ကရုဏာလှိုင်းများ က ဒေါသကျောက်ဆောင်ကြီး ကို ချေဖျက် ပစ်လိုက် လေသည် ။
“ ကဲ ရှင် ကရော တစ်လက်စ တည်း ဝင် မစားသေးဘူးလား ”
ဒေါ်အေး က လှမ်း ၍ အော် လိုက်မှ သူ့ အတွေးများ ပြတ် ၍ သွားသည် ။
“ အေးအေး စားမှာပေါ့ကွာ ၊ နည်းနည်းမောလို့ ခဏ အမော ဖြေတာပါ ”
ဦးအောင်ကြီးသည် လိမ် ၍ ပြောလိုက်သည် ။ ခုတော့ သူ့ စိတ် ကို လျှော့ထား လိုက်ပြီ မဟုတ်လား ။ ထမင်းဝိုင်း တွင် လူ စုံနေကြပြီ ။ နေ မကောင်းသော သမီးကြီး မှ လွဲ၍ အားလုံး စုံနေပြီ ။
ဇနီးရယ် ၊ သားရယ် ၊ ချွေးမရယ် ၊ မြေးရယ် အားလုံး လက်ဆုံ စား ကြသည့် ထမင်းဝိုင်း သည် ပျော်စရာ ကောင်းမည် ။
ဦးအောင်ကြီး သည် သူ့ စိတ်ကို သူ ဖြေသိမ့်ရင်း ထမင်း ကို ငုံ့ ၍ စား လိုက်သည် ။ စားသာ စားရသည် ၊ ဘယ်ရောက်လို့ ဘယ်ရောက်မှန်း မသိ ။
ထမင်းဝိုင်း က ခုတော့ ဟင်း တစ်ခွက် တိုး ၍ လာလေသည် ။ ကြက်ဥ ကြော် တစ်ခွက် တိုး ၍ လာသည် ။ ကြက်ဥကြော် ပန်းကန် ထဲ တွင် ကြက်နှစ်လုံး ကြော်ထားသည် ကို တွေ့ ရသည် ။ ထို နှစ်လုံး အနက် မှ ဦးအောင်ကြီး က တစ်လုံး ကို ယူ၍ ထမင်း ဖြင့် နယ် လိုက်ပြီး ငါးပိချက် ဖြင့် လူး ကာ စား လိုက်သည် ။
ထမင်းဝိုင်း သည် ခါတိုင်းလို မဟုတ် ။ တိတ်ဆိတ်နေသည် ။ တစ်ခါတစ်ခါမှ စကား သံ အတိုအပြတ်ကလေးများ ကို ကြား ရသည် ။
“ ထမင်း ယူဦးမလား”
“ ချဉ်ရည်ဟင်းတွေ ရှိတယ် သောက်ကြ ”
“ သားလေး ဘာ ထည့်မလဲ ”
သည်လို စကား မှ လွဲ၍ တခြား ထွေရာလေးပါး စကား ဘာမှ မကြားရ ၊ စကား အတိုအပြတ်ကလေးများ ပြော ပြီးလျှင် ထမင်းဝိုင်း သည် ငြိမ်မြဲ ငြိမ်၍ သွားသည် ။
ခဏကြာလျှင် မောင်ထူး ၏ အိချွဲချွဲသံ ပေါ်၍ လာသည် ။
“ မေမေ သားသား ကြက်ဥကြော် စား ချင်တယ်”
“ သားသား ကို အမဲနှပ် ထည့် ထားပေးတယ် မဟုတ်လား ၊ ဒါ ကိုကို စား ပါစေ ”
“ ဟင့်အင်း မေမေ အမဲနှပ် က ဝါးလို့ မရဘူး ၊ ငါးပိချက် ကလည်း ငရုတ်သီး စပ်တယ် ”
“ ဒါဖြင့် ဝါး လို့ ရတာ မေမေ သွား ယူပေးမယ်နော် ”
“ သား က အမဲသား မစားချင်ဘူး ၊ သွားကြား ညပ်တယ် ”
သည် စကားများ သည် ဦးအောင်ကြီး ရင် ကို တစ်ချက်ချင်း ဆောင့် လာတော့သည် ။
ကိုအောင်တင် က တင်းမာသော မျက်နှာထား ဖြင့် မခင်သက် ကို လှမ်း ၍ ကြည့် လိုက်သည် ။
“ ဟဲ ထည့်ပေးလိုက် ထည့်ပေးလိုက် ဟုတ်သားပဲ သူ စားစရာ ဟင်း မှ မရှိဘဲ”
“ ချက်တုန်း ကတော့ ချက် တာပဲ မောင်ရဲ့”
“ ချက် တုန်း က ချက် ရင် ရှိ မှာပေါ့ ၊ ခု ဘယ်မလဲ ထမင်းကလေး ဟင်းကလေး တစ်ရက် ချက် ရင် တစ်ရက် အပေါက် မတည့်ဘူး ။ မိန်းမ တစ်ယောက် လုပ်နေ ပြီး အိမ်ထောင် မှု နား မလည်ဘူး ”
“ နားမလည်လို့ မဟုတ်ဘူး မောင် ၊ နားလည်တယ် ၊ နားလည်တယ် ၊ ဒါပေမဲ့ ကိုယ် လုပ်ချင်တိုင်း လုပ် ရတာ မဟုတ်ဘူး ၊ ကိုယ် စီစဉ်သလို ဖြစ်တာ မဟုတ်ဘူး ၊ ချက် တုန်း ကတော့ အားလုံး အတွက် အဆင် ပြေအောင် ချက်တာပဲ ။ ဒါပေမဲ့ ”
မခင်သက် သည် စကား ကို ရှေ့မဆက် ဘဲ ရပ် ထားသည် ။
“ ကဲပါကွယ် တော်ကြပါ ပြီး ပြီးတာပဲ ”
ဦးအောင်ကြီး ၏ ထမင်းလုပ်များ သည် လည်ချောင်း တွင် တစ်ဆို့၍ နေတော့သည် ။
မခင်သက် သည် စားလက်စ ထမင်း ကို ဆက် မစားတော့ဘဲ စိတ်ဆိုးမာန်ဆိုးဖြင့် ထ သွားတော့သည် ။ သူ့ နှုတ် မှ မကျေနပ်ချက်များ အဆက်မပြတ် ဖွင့် အန် လိုက်သည် ။
“ မိဘ အိမ် မှာဆို အိုးမဲ အပေခံတာ မဟုတ်ဘူး ”
“ မီးဖိုချောင် ဝင်တဲ့ မိန်းမမျိုး မဟုတ်ဘူး ၊ ကိုယ့် ပညာ နဲ့ ကိုယ် အလုပ် ကို လုပ်မယ့် မိန်းမ ”
မခင်သက် သည် သူ့ မာန ကို ထုတ်ဖော် ကြေညာ လိုက်သည် ။ မကြည်ကြည် သည် အိပ်ရာ တွင် လှဲ နေရာမှ အိမ် ရှေ့သို့ ထွက် လာခဲ့သည် ။
“ မသက် နင် စကား ပြောရင် ကြည့် ပြော ၊ မီးဖိုချောင် ဝင်တာလည်း အလုပ်ပဲ ၊ ဒီ အလုပ် က ကျွန် လို အနစ်နာ ခံပြီး လုပ်ရတဲ့ အလုပ် ၊ အောက်ကျ ခံပြီး လုပ်ရတဲ့ အလုပ် ၊ ငါ ချက်တုန်းက ညည်း တတွတ်တွတ် ပြောတယ် ၊ ဟင်း လည်း အမြဲတမ်း ကြေး များတယ် ၊ ငါ ငုံ့ခံ နေတယ် ၊ ငါ့ မိဘတွေ စိတ်မချမ်းသာ မှာ စိုးလို့ ဘာမှ မပြောဘူး ၊ ငါ့ မောင် စိတ်ညစ် မှာ စိုးလို့ ခေါင်းငုံ့ ခံနေကယ် ၊ ညည်း ကို ကြောက်လို့ မဟုတ်ဘူး ၊ ကနေ့ ငါ နေမကောင်း လို့ မချက်တာ ၊ ညည်း လုပ်တာ တစ်ခုမှ မဟုတ်ဘူး ၊ ငါ အိမ် ထဲ က အကုန် ကြားတယ် ၊ ညည်း က လင် အပေါ် ရော ၊ ကို့မိသားစု အပေါ် မှာ ရော မင်းမူ ချင်တယ် ၊ ညည်း ကို ဘုရင်မ လုပ် ဖို့ အိမ် ကို ဘယ်သူကမှ ပင့် လာတာမဟုတ်ဘူး ”
ဦးအောင်ကြီး သည် မနေသာတော့ဘဲ ဝင် ၍ ဟန့် လိုက်သည် ။
“ တော်ကြဟာ တော်ကြ ၊ အလကား လူ ကြား ရင် ရှက် စရာကြီး ”
ထမင်းဝိုင်း သည် မုန်တိုင်း ထန်ပြီ ၊ မခင်သက် ကလည်း အလျှော့ မပေး ၊ မကြည်ကြည် ကလည်း ခေါင်းငုံ့ခံပေါင်း များ၍ ခု တစ်ကြိမ် တော့ ပေါက်ကွဲ ထွက်လာသည် ။
အမေ က “ အင်း ဘုရား ဘုရား ” ဟု ညည်းကာ နောက်ဖေး သို့ ပန်းကန်များ ကိုင် ၍ ထွက် သွားသည် ။ ကိုအောင်တင် သည် မခင်သက် ကို လှမ်း၍ ဟန့် လိုက်ရင်း ရန်ပွဲ ကို လမ်း ပြန်၍ ပြောင်း လိုက်သည် ။
“ ဟေ့ အသက် မင်း တော် ၊ ဒါ မင်း အမှား ”
“ ဘာပြောတယ် ၊ အသက် က ဘာ မှား လို့လဲ ”
“ လူ သုံးယောက် ရှိတာ မင်း ကြက်ဥ နှစ်လုံး ပဲ ကြော် တယ် နှစ်လုံး ကြော်ရင် မွှေ ကြော် ရတယ် မွှေ ကြော်ရင် ဘာမှ ပြဿနာ မဟုတ်ဘူး ၊ ခုတော့ အလုံးလိုက် ဖောက် ကြော် တော့ ဘယ်လိုလုပ် စား မှာလဲ ”
“ ကြက်ဥ က နှစ်ယောက် စာပဲ ကြော်တာ ။ ဒါကြောင့် မွှေ မ ကြော်တာ ”
“ ဟာ နှစ်ယောက် စာ ဟုတ်လား ”
“ ဟုတ်တယ် ၊ မောင် နဲ့ သားသား အတွက် ပဲ ”
မခင်သက် ၏ စကား သည် တစ်အိမ်လုံး ၏ ရင် ကို လှံ ဖြင့် ထိုး လိုက်သလို နာကျင်စေတော့သည် ။ ဦးအောင်ကြီး သည် နေရာမှ ထလိုက်သည် ။
“ နင့် ရုပ်ကလေး လှ သလောက် စိတ် ယုတ်လှချည်လား ၊ ငါ က ထမင်းဝိုင်း မှာ နောက် မှ ဝင်တာ အောင်တင် စားပြီးပြီ မှတ်လို့ ငါ စားတာ ၊ နို့မို့ရင် ငါ မစားဘူး ၊ မင် တို့ စေတနာ ငါ သိတယ် နင် တို့ လင်မယား နဲ့ နင် တို့ သား အပေါ် မှာ သာ စေတနာ ရှိတယ် ဆိုတာ ငါ နားလည်တယ် ”
“ ဖေဖေ ကျွန်တော်တို့ အထဲ ဝင် မပြောနဲ့ ”
“ ဘာကွ မင်းတို့ အထဲ ဆိုတာ ဘာ အဓိပ္ပာယ် လဲ ၊ ငါ့ ကို မင်း မယား က စော်ကားတာ ကိုတော့ ခံ နေရမလား ၊ တော်တော် ပုတ္တောဝါဒ ပြည့်တဲ့ သား ပဲကွ ”
“ ကျွန်တော် မိဘ ကို မစော်ကားပါ ဘူး ၊ ဒါပေမဲ့ ခု ဖြစ်ရတာ ဖေဖေ ကြောင့် ဖြစ် ရတာ ၊ အိမ်မှာ ပြဿနာ ပေါ် ရင် ဖေဖေ ပဲ စတာပဲ ”
“ ဪ ဒါဖြင့် ငါ က ပြသနာကောင်ကြီး ပေါ့ ဟုတ်လား ၊ အေး ငါ နားလည်ပြီ မင်း မယား က မင်းတို့ သားအဖ အတွက် ကြော် ပေးတဲ့ ကြက်ဥ ကလေး စား မိလို့ ပြဿနာ ပေါ် တာပေါ့ ၊ အောင်တင် ဒီ စကားမျိုး ခု ချိန်မှာ ပြော ရက်တယ် ၊ မင်း ကို တစ်သက်လုံး ငါ ကျွေး လာခဲ့တာပါကွာ ၊ ငါ ကျွန် ခံပြီး လုပ်ကျွေးလာတာပါ ၊ ငါ ကျွေးရတဲ့ အလှည့် တုန်း က မင်းလို ငြူငြူစူစူ မဟုတ်ပါဘူး ကြည်ကြည်ဖြူဖြူ ပါ ၊ ငါတို့ က မျို မကျနိုင်ဘဲ မင်း ကို အကောင်းမှ ရွေး ကျွေးခဲ့တာပါ ခု မင်း အလှည့် ကျတော့ ငါ က မသဒ္ဓါ ရေစာ စားရတဲ့ ဘဝ ရောက်နေပြီ ၊ နောက်ထပ် မင်း ထမင်း ကို မစားတော့ဘူး ၊ မရှိ ရှိတာ နဲ့ စားမယ် ၊ ငါ့ ပင်စင် လစာလေး နဲ့ ကြံဖန် စားမယ် ၊ သမီး သူ့ ကြက်ဥ ကို အစား ဝယ်ပြီး ကြော် ပေးလိုက် စေတနာ မရှိတဲ့ အစာ ကို စားရမယ့် အစား အပင်းအဆိပ် ကို မျိုမယ် ၊ ဟေ့ကောင် မင်း ကို ငါ တစ်ခု တော့ ပြော လိုက်မယ် ၊ မင်း အသက် သုံးဆယ် အတွင်း ရောက် နေပြီ ၊ နောက် အနှစ် သုံးဆယ် ကျော်ရင် မင်း အခု ငါ ခံစားနေရတာတွေ နာကြည်းတာတွေ နားလည် လာ လိမ့်မယ် ၊ မင်း မှာ လည်း သား နဲ့ပဲ ၊ ငါ့ လိုပဲ အလှည့် ကြုံ ဦး မှာပဲ ။ ဝဋ် လည် ဦး မှာပဲ ။ အဲဒီတော့ မင်း သား ကို ဘယ်လောက် ချစ်တယ် ။ ကြင်နာတယ် သည်းခံတယ် ၊ အလျှော့ ပေးတယ် ဆိုတာတွေ နားလည်လာမယ် ၊ အဇာတသတ် လို ပေါ့ ၊ အဲဒီတော့မှ မိဘတွေ ဟာ သားသမီး အပေါ် ဘယ်လောက် ချစ်ပြီး ဘယ်လောက်တောင် အလျှော့ ပေးပြီး သူတို့ မာန တွေ မြူ လောက် တောင် မရှိအောင် သူ့ သားသမီး အပေါ် မှာ ချစ်တယ် ဆိုတာ ”
ဦးအောင်ကြီး သည် ဆက်၍ မပြောနိုင်တော့ချေ ၊ အသံ က နစ် ဝင် သွားသည် ။ သူ သည် ခေါင်း ကို ငိုက်စိုက် ချလိုက်သည် ။ မျက်ရည်ပေါက်များ သည် သူ့ ခြေဖမိုး အစုံ ပေါ် သို့ တစ်ပေါက်ချင်း ကျ ဆင်းသွားတော့၏ ။
◾အောင်လင်း
📖 ဝတ္တုတိုများ ပေါင်းချုပ်
No comments:
Post a Comment