Friday, December 6, 2024

နှစ်ကိုယ်ခွဲ လိပ်ပြာ


 နှစ်ကိုယ်ခွဲ လိပ်ပြာ 

( မော်မော့်မောင် )


၁ ။


“ ဒီလ တော့ ထီ ထိုးဦးမှပဲ ” 


အခန်း ထဲ ကို ရောက် ရောက်ချင်း ရတီချို က ပြောသည် ။ ကျော်စွာအောင် က ဆိုဖာခုံ ပေါ်တွင် နောက်မှီ ၍ ထိုင်နေရင်း မှ လှမ်းမေး၏ ။ 


“ ဘာဖြစ်လို့လဲ ရတီ ” 


“ အစ်ကိုကြီး မပါဘဲ အောင် တစ်ယောက်တည်း ရောက်လာလို့လေ ” 


“ ဘာလဲ ။ အစ်ကိုကြီး မပါရင် ဒီကို လာလို့ မရဘူးလား ” 


ကျော်စွာအောင် က အလိုမကျသံ နှင့် မေး လိုက်တော့ ရတီချို က ခပ်ဖွဖွ ပြုံး၏ ။ ကျော်စွာအောင့် ဘေးမှာ ကပ် ထိုင်ကာ သူ့ ရင်ခွင် ထဲ မှာ ခေါင်းတိုး ဝင်သည် ။ လက် နှစ်ဖက် ဖြင့် ပခုံး ကို သိုင်းဖက်ရင်း ပြောလိုက်သော စကား က တိုးသက်ညင်သာလွန်း၏ ။ ချိုချိုအေးအေး ရှိလှသော ရတီချို့ အသံ က ကျော်စွာအောင့် နားစည် မှ တစ်ဆင့် နှလုံးသား ၏ အတွင်းပိုင်း အထိ စီးမျော ရောက်ရှိ သွားသည် ။


“ မဟုတ်ပါဘူး အောင် ရယ် ။ အောင် က အစ်ကိုကြီး နဲ့ မှ ဒီကို လာနေကျမို့ ပြောတာပါ ” 


ရတီချို  ပြောမည် ဆို လျှင် လည်း ပြောချင်စရာပင် ။ ကျော်စွာအောင့် အနေဖြင့် ဒီကို တစ်ယောက်တည်း လာတာ ဒါ ပထမဆုံးအကြိမ် ဖြစ်၏ ။ အစ်ကိုကြီး ခေါ်လို့ သာ ဒီကို မကြာခဏ ရောက်ဖြစ်နေခြင်း ဖြစ်သည် ။ သူ့ အတိုင်းအတာ နှင့် ဆိုလျှင် တစ်လ တစ်ခေါက် တောင် ရောက်ဖို့ မလွယ် ။ ဒီမှာ သုံးဆက်ရှင် လောက် ထိုင်လျှင် ကုန်ကျမည့် ငွေ ပမာဏက သူ့ လစာ ၏ တစ်ဝက် နီးပါးခန့် ရှိသည်လေ ။ 


“ ကဲ ...လူ ကို ဒီအတိုင်း ပဲ ဖက်ထားတော့ မလား ။ ဘာ သီချင်း အရင် ဆိုမလဲ ပြောဦး ” 


“ အောင် အခု လာတာ သီချင်း ဆိုဖို့မဟုတ်ဘူး ရတီ ။ ရတီ နဲ့ တွေ့ချင်လို့ ၊ ပြီးတော့ ရတီ့ ကို ပြောစရာရှိလို့ ” 


ကျော်စွာအောင် က ရတီချို့ မျက်နှာ ကို စေ့စေ့ကြည့်ရင်း ပြောသည် ။ ရတီချို က မျက်မှောင်လေး ကြုတ်ကာ နားမလည်သလို ပြန်ငေး ကြည့်၏ ။ မှိန်ဖျော့ဖျော့ အလင်းရောင် အောက်တွင် တောက်ပလင်းလက် နေသော ကျော်စွာအောင့် အကြည့်တွေ ကို မြင်တော့ ရင်ထဲ မှာ လှိုက်ခနဲ ဖြစ်သွားရသည် ။ အမှန်တော့ ရတီချို အခုလို ဖြစ်ဖြစ် သွားတတ်တာ အခုမှ မဟုတ် ။ အစ်ကိုကြီး နှင့် အတူ ကျော်စွာအောင် ဒီကို ပါ လာပြီး စတင် တွေ့ဆုံရသည့် နေ့ ကတည်းက ပင် ။ အဲဒါကြောင့် လည်း ကျော်စွာအောင့် အပေါ်မှာ အလုပ်သဘော ဆိုတာ ထက် ပို၍ ပြုစုနေမိခြင်း ဖြစ်သည် ။ 


အရင်တုန်း က တော့ ရတီချို ၏ တွဲဖက် မှာ အစ်ကိုကြီး ဖြစ်၏ ။ သို့ပေမဲ့ သူ မအားသော တစ်နေ့ တွင် အစ်ကိုကြီး ရောက်လာ၍ ယွန်းနဒီ က သူ့ ကိုယ်စား တွဲထိုင် ပေးပြီး နောက်ပိုင်း အစ်ကိုကြီး ၏ တွဲဖက်မှာ ယွန်းနဒီ ဖြစ် သွားသည် ။ ဒီအတွက် တော့ ရတီချို က အစ်ကိုကြီး အပေါ် စိတ် မခုသလို အခငအမင် လည်း မပျက်ခဲ့ပါ ။ ဒါက အစ်ကိုကြီး ၏ ရွေးချယ်ပိုင်ခွင့် ဖြစ်သည် ။ ပြီးတော့ ယွန်းနဒီ က သူ့ ထက် လှသလို ဆက်ဆံရေး လည်း ကောင်းသည် မဟုတ်လား ။ 


အစ်ကိုကြီး နှင့် မတွဲဖြစ်ပေမဲ့ ဆိုင် ကို ရောက်လာတိုင်း ရတီချို့ ကို ခေါ်တွေ့တတ်သည် ။ သူ နှင့် အတူ ကျော်စွာအောင် ပါလာသော နေ့ မှာတော့ ခေါ်တွေ့ရုံ သာ မကဘဲ ကျော်စွာအောင့် ကို အဖော် လုပ်ပေးဖို့ ပါ ပြော၏ ။ အဲဒီ နေ့ က စပြီး ကျော်စွာအောင်  ပါလာ သည့် အခါတိုင်း ရတီချို့ ကို ပဲ တွဲဖက် အဖြစ် ရွေးချယ်တော့၏ ။


“ ပြောလေ အောင် ၊ ရတီ နားထောင်နေပါတယ် ” 


“ ရတီ့ ကို အောင် ချစ် တယ် ။ ဒီစကားက ရတီ ဧည့်သည်တွေ ဆီ က ကြားဖူး နေကျ ပါးစပ် အရသာ ခံပြီး ပြောတဲ့ စကားမျိုး မဟုတ် ဘူးနော် ။ ပြီးတော့ ရတီ အတွေ့အထိ မှာ သာယာမိ လို့ ချစ်မိတယ် ထင်ပြီး ပြောတာ လည်း မဟုတ်ဘူး ။ အောင့် ရင် ထဲ က တကယ် ချစ်မိလို့ ရတီ့ ကို လက်ထပ်ဖို့ အထိ စဉ်းစားပြီးမှ အခုလို ဖွင့်ပြော တာပါ ”


“ ဟင့်အင်း အောင် ၊ မဖြစ် ... ၊ မဖြစ်နိုင်တာကို မပြောပါနဲ့ အောင်ရယ် ” 


“ မဖြစ်နိုင်ဘူး ဆိုတာ ဘာကို ပြောတာလဲ ရတီ ။ အောင် နားမရှင်းဘူး ။ အောင့် ကို ပြန် မချစ်နိုင်လို့ , လို့တော့ မပြောနဲ့နော် ။ ရတီ လည်း အောင့် ကို ချစ်တယ် ဆိုတာ အောင် ခံစားသိနဲ့ သိနေတယ် ” 


ကျော်စွာအောင့် မျက်နှာ ကို စိုက်ကြည့်ရင်း မျက်ရည် တွေ သာ စီးကျလာသည် ။ ချစ်သူ က လက်ထပ်ခွင့် တောင်း တာ ကို ဝမ်းမသာနိုင် ဖြစ်ရ လောက်အောင် ဆိုးရွား နေသည့် လက်ရှိ အခြေအနေ ကိုလည်း ရတီချို  စက်ဆုပ်ရွံရှာ မိ၏ ။ ကျော်စွာအောင် က အသိုင်းအဝိုင်းကြီး ထဲ က မဟုတ်ဘူး ဆိုဦးတော့ သူ လို လူမျိုး နှင့် မထိုက်တန် ဟု ရတီချို က မှတ်ယူထားခဲ့သည် ။ အဲဒါကြောင့် လည်း ရတီချို က ကျော်စွာအောင့် အချစ် ကို မျှော်လင့်မိပေမဲ့ မမျှော်ကိုးခဲ့ ။ ချစ်စိတ် ကို မထိန်းနိုင်၍ ချစ်မိခဲ့ပေမဲ့ ကျော်စွာအောင်  က သူ့ အား ချစ်စကား ပြော မလာပါစေနှင့် ဟု အမြဲ ဆု တောင်းနေခဲ့သည် ။ တကယ် လို့ သာ ပြောလာခဲ့ လျှင် ငြင်းဆန်နိုင်မည် မဟုတ်မှန်း ဘာ သာ သိထား၍ ပင် ။ အခုတော့ ရတီချို့ ဆုတောင်း က အတိအကျကြီး ကို လွဲမှား သွားခဲ့ပြီ ။ 


ဝမ်းပန်းတနည်း ရှိုက်ငို နေသော ရတီချို့ ကို ကြည့်ရင်း ကျော်စွာအောင် ထိတ်လန့် သွားသည် ။ သူ ပြောလိုက် တာ မှားများ မှားသွားပြီလား ဟု တွေးမိတော့ နောင်တ ရ ချင် သလိုလို ။ ယောက်ျား တစ်ယောက် က ချစ်တယ် ပြော၍ ငိုသော မိန်းကလေးမျိုး ကို မတွေ့ဖူးသဖြင့် အံ့လည်း အံ့သြမိ၏ ။ သို့ပေမဲ့ အံ့သြ ရုံ နှင့် မပြီးသေး ။ စ,ခဲ့သည့် ကိစ္စ တစ်ခု ကို ဆုံးခန်းတိုင်အောင် ဆက် လျှောက်ရဦးမည် ။ 


“ မငိုပါနဲ့ ရတီ ရယ် အောင့် စကား က ရတီ့ ကို အထင်သေး စော်ကားသလို ဖြစ်သွားတယ် ဆိုရင် တောင်းပန်ပါတယ် ။ ပြီးတော့ အောင့် စကား ကို လည်း ပြန် ရုပ် ... ”


စကား မဆုံးခင်မှာပင် ရတီချို က ကျော်စွာအောင့် ပါးစပ် ကို လှမ်းပိတ်၏ ။


“ မဟုတ်ဘူး အောင် ၊ အောင် မမှားပါဘူး ။ အောင် ပြောသလို ရတီ လည်း အောင့် ကို ချစ်ပါတယ် ။ ဒါပေမဲ့ ... ” 


“ ဒါပေမဲ့ ဘာဖြစ်လဲ ရတီ ။ ဪ .. .သိပြီ ။ ရတီ က KTV မှာ လုပ်နေတာမို့ လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်တာလား ။ အဲဒါဆို အောင် တစ်ခု မေးမယ် ။ ရတီ ဒီ အလုပ် ကို လုပ်ချင်လွန်းလို့ လုပ်နေတာလား ” 


“ ဘွဲ့ရတွေ တောင် မှ အလုပ်အကိုင် ရှာဖို့ မလွယ်တဲ့ ခေတ်ကြီး ထဲ မှာ ရတီ လို ဆယ်တန်း မအောင် ၊ အဆက်အသွယ်ကောင်း လည်း မရှိတဲ့ နယ် က မိန်းကလေး တစ်ယောက် အတွက် တစ်လ ကို နှစ်သိန်း လောက် ရမယ့် လူရိုသေ ၊ ရှင်ရိုသေ အလုပ်မျိုး က မရှိသလောက် ရှားတယ် ။ လူတကာ အထင်သေးတဲ့ KTV မှာ ကျတော့ ဘာ ပညာအရည်အချင်း မှ မလိုဘဲ အဲသလောက် ရနိုင်တယ်လေ ။ ရုပ်ရည်လေး ရှိဖို့နဲ့ အပြောအဆို တတ်ဖို့ တော့ လိုတာပေါ့ ။ ဝင်ငွေ ကောင်းလို့ လုပ်နေတယ် ဆိုပေမဲ့ ရတီ က စပွန်ဆာ ရှာ ၊ အပြင် ကို လိုက်တဲ့ အထိ တော့ ကိုယ့် ဘဝ ကိုယ် အနစ်မွန်း မခံပါဘူး အောင် ။ ပြီးတော့ တစ်နေ့ နေ့ မှာ ဒီက ရုန်းထွက်ဖို့ ကို လည်း စိတ်ကူး ထားပါတယ် ”


“ အောင် လို ချင်တာ လည်း အဲဒါပဲ ရတီ ။ အခု ရတီ့ ဆီကို ရုန်းထွက်ဖို့ အခွင့် အရေး က ရောက်လာပြီလေ ။ ရတီ လုပ်ရမှာ တစ်ခု ပဲ ရှိတယ် ။ အောင့် အချစ် ကို လက်ခံပြီး အောင့် ဘဝ ထဲ ကို ဝင်လာခဲ့ဖို့ ၊ ကျန်တာတွေ ကို အောင် ကြည့် စီစဉ်မယ် ”


“ ရတီ အောင့် ကို အရှုံး ပေးလိုက်ပါပြီ အောင် ရယ် ။ အောင် ကြိုက်သလိုသာ လုပ်ပါတော့ ”


oooooooooooooo


၂ ။


ကျော်စွာအောင် ၏ နှုတ်ထွက် စကား ကို ကြား ကြားချင်း အစ်ကိုကြီး က မယုံ ။ နောက်ပြောင် ပြောဆို နေသည် ဟု ထင်မိ၏ ။ သူ မယုံမှန်း သိ၍ ကျော်စွာအောင် က အလေးအနက် ထပ်ပြောတော့ အစ်ကိုကြီး မျက်လုံး ပြူး သွားရသည် ။ သောက်လက်စ ဘီယာ ပင် နင်ချင် သလိုလို ဖြစ်သွား၏ ။


ကျော်စွာအောင်  ရတီချို့ ကို နွယ်ချင် နေမှန်း ရိပ်မိပေမဲ့ ဒီလောက် ထိ ဖြစ်လာလိမ့်မည် ဟု အစ်ကိုကြီး ထင် မထားခဲ့ ။ သူ့ လိုပဲ KTV ခန်း ထဲ က ဆက်ဆံရေး ကို KTV ခန်း ထဲ မှာ ထားခဲ့နိုင်မည် ထင်ကာ အသာ လွှတ်ထား ပေးခဲ့ မိ သည် ။ အခုတော့ သူ ထင်မှတ် မထားသည့် ကိစ္စ တစ်ခု က သူ့ ရှေ့ တည့်တည့် မှာ ဘွားခနဲ ပေါ်လာပြီ ။


“ စဉ်းစားဦးနော် ကျော်စွာ ။ ရတီ က ပျက်စီး နေတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူးပဲ ထားဦး ၊ KTV မှာ လုပ်တယ် ဆိုတဲ့ အချက် တစ်ခုတည်း နဲ့ တင် မင်း အိမ် က လက်ခံမှာ မဟုတ်ဘူး ” 


“ ဟုတ်ကဲ့ ၊ ကျွန်တော် သိပါတယ် ။ အဲဒါကြောင့် ရတီ့ အတွက် တခြား အလုပ် တစ်ခု ရှာပေးဖို့ ကျွန်တော် တွေး ထားပြီးသားပါ ။ တစ်လက်စတည်း အစ်ကိုကြီး လည်း အပူ ကပ်ရဦးမယ် ။ အစ်ကိုကြီး ရဲ့ အသိအကျွမ်း တွေ ထဲမှာ အလုပ် တစ်နေရာစာ ပေးနိုင်မယ့် သူများ ရှိ ၊ မရှိ မေးမြန်း ကြည့်ပေးပါဦး ” 


အားကိုးတကြီး ပြော နေ သော ကျော်စွာအောင် ကို ကြည့်ကာ အစ်ကိုကြီး သက်ပြင်းမော တစ်ချက် ချလိုက်သည် ။ သက်ပြင်း နှင့် အတူ စီးကရက် မီးခိုးငွေ့များ လေ ထဲ ကို လွင့်၏ ။ ဒီ ဇာတ်လမ်း က သူ့ ကြောင့် စတင် ဖြစ်ပေါ်ခဲ့တာ ဆိုပေမဲ့ ဒီ အခြေအနေ ထိ ရောက်ဖို့ သူ မရည်ရွယ်ခဲ့ရိုး အမှန် ။ အခုတော့ မရည်ရွယ်ဘဲ ရေးဖြစ်ခဲ့သော ဇာတ်လမ်း ထဲ မှ ဇာတ်ကောင် တစ်ဦး က သူ့ ကို တာဝန် တစ်ခု ပေးအပ် လာပြီ ။ မဖြစ်မနေ လုပ်ပေးရမည် ဟု တောင်းဆို နေတာတော့ မဟုတ် ။ သို့ပေမဲ့ သူ့ ပယောဂ မကင်းခဲ့သော ဇာတ်လမ်း ၏ အဆုံးသ,တ် မှာ ပျော်ရွှင်ခြင်းတွေ နှင့် သာ ပြည့်နှက်နေစေချင်သည်လေ ။ 


အစ်ကိုကြီး က သူ စုံစမ်းပေးမည် ဟု ကတိပေး လိုက်၏ ။ ကိုယ်တိုင် ရှာဖွေ ရန်လည်း ကျော်စွာအောင် ကို ပြောသည် ။ ကျော်စွာအောင် က ရတီချို အလုပ် ပြောင်းပြီး တစ်လ ၊ နှစ်လ ခန့် အကြာ တွင် လက်ထပ်ကြမည် ဖြစ်ကြောင်း နှင့် ဝါဝင်တော့မည် မို့ အချိန်မီ လက်ထပ်နိုင်ရန် အလုပ် မြန်မြန် ပြောင်းနိုင်ဖို့ လိုကြောင်း ... ။ အစရှိသဖြင့် သူ့ စိတ်ကူး အချို့ ကို အစ်ကိုကြီး ကို ဖြန့်ခင်း ပြသည် ။ နှစ်ယောက် တည်း သာ ရှိသော ဘီယာဝိုင်း သည် ကျော်စွာအောင့် စကားသံ တို့ ဖြင့် ဝေစည်လျက် ။ 


“ ငါ တစ်ခု လောက် တော့ ပြောချင်သေးတယ် ။ အချိန် မလွန်ခင် မင်း စဉ်းစား သင့်တယ်ထင်လို့ ”


“ ဘာများလဲ အစ်ကိုကြီး ”


“ ရတီချို  KTV မှာ လုပ်ခဲ့ဖူးတယ် ဆိုတဲ့ အတွေးမျိုး မ င်းစိတ်ထဲကို ဝင်လာတဲ့ အခါ မင်းတို့ အိမ်ထောင်ရေး က သာယာနိုင်ပါဦးမလား ။ အဲဒါ ကို လည်း ကြို တွေးထားဦး ကွ ”


“ ကျွန်တော် က လူ တစ်ယောက် ရဲ့ ပြင်လို့ မရတော့တဲ့ အတိတ် ကို စိတ် မဝင်စားဘူး အစ်ကိုကြီး ။ အဲဒါကြောင့်ပဲ ရတီ့ ကို လက်ထပ်ဖို့ ထိ ဆုံးဖြတ် လိုက်တာပေါ့ ။ သူ သာ မှန်မှန်ကန်ကန် နေသွားမယ် ဆိုရင် အစ်ကိုကြီး ထင်သလို ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ယုံကြည်ထားတယ် ” 


အစ်ကိုကြီး က ပခုံး တွန့် ပြလိုက်သည် ။ သူ ဘယ်လို ဖျက်ဖျက် မပျက်နိုင်တော့ မှန်း လည်း သဘောပေါက် သွား၏ ။ အမှန်တော့ အစ်ကိုကြီး မှ မဟုတ် အခြား ဘယ်သူတွေ တားတား ကျော်စွာအောင် က နောက် ဆုတ်ဖို့ လုံးဝ တွေး မထား ။ အခက်အခဲ မှန်သမျှ ကို မေတ္တာဓား နှင့် ခုတ်ထွင် ရှင်းလင်းကာ ဖြတ်ကျော် ဖို့ သာ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏ ။


ooooooooooooo


၃ ။


မဟုတ်ဘူး ။ ဒါ အိပ်မက် တစ်ခု မဟုတ်ဘူး ။ အိပ်မက် သာ ဆိုရင် ဘယ်ဒီလောက်ထိ အစီအစဉ်ကျ နေနိုင်မှာလဲ ။ တကယ်ကြီး မို့ သာ အားလုံး က စီကာစဉ်ကာ ဖြစ် နေတာပေါ့ ။


မင်္ဂလာခန်းမ ထဲမှာ ဟို ဒီ လျှောက်လှမ်းကာ ဧည့်ခံ ရင်း ရတီချို ကိုယ့် အဖြစ် ကိုယ် ယုံကြည်လက်ခံနိုင်ရန် ကြိုးစား နေရသည် ။ ကြည်နူး ပျော်ရွှင်မှုတွေ ရင် ထဲ မှာ ပြည့်နှက်နေ၍ ထင့် ၊ လူ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်း ကာ တိမ်တွေ ကြားတွင် ရောက်နေ သလိုလို ခံစားနေရသည် ။ မျက်ဝန်းအိမ် မှ ဝမ်းသာ မျက်ရည်များ စီးကျ မလာစေရန် မနည်း ထိန်း ထားရ၏ ။ သူ့ လို KTV က မိန်းကလေး တစ်ယောက် အတွက် ဒီလို လက်ထပ်ပွဲမျိုး ဆင်နွှဲနိုင်ဖို့ ဆိုတာ အိပ်မက် အဖြစ် နှင့် တောင် မလွယ်ကူသည့် အနေအထားမျိုး ဖြစ်သည် မဟုတ်လား ။ ကျော်စွာအောင် ၏ သူ့ ကို မြတ်နိုး တန်ဖိုးထားစိတ် နှင့် ကြိုးပမ်းမှု ကြောင့် သာ မဟုတ်လျှင် ဒီလို ဖြစ်လာနိုင်စရာ အကြောင်း လုံးဝ မရှိ ။


ရတီချို က ကျော်စွာအောင့် လက် ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်သည် ။ ကျော်စွာအောင် က အပြုံး နှင့် လှည့်ကြည့်၏ ။ သူ့ အပြုံး က ရတီချို့ အတွက် အနှိုင်းမဲ့ ခွန်အား ဖြစ်စေသည် ။ နှစ်ယောက် တစ်ဘဝ အဖြစ် နှင့် စတင် လျှောက်လှမ်း ရတော့မည့် ခရီးရှည်ကြီး တွင် မလွဲမသွေ ကြုံတွေ့ လာနိုင်သော ခလုတ်ကန်သင်းများ ကို ကြံ့ကြံ့ခံ ဖြတ်ကျော်ရန် အားအင်များ တိုးပွား လာ သလိုလို ။ ဒါကပဲ အချစ် က ပေးသည့် စွမ်းအား တစ်ခု ဖြစ်မည် ဟု ရတီချို ထင်၏ ။


မင်္ဂလာပွဲ ကို ရတီချို့ ဘက် က မိသားစု အရင်းအချာ တွေ လောက်သာ လာ၏ ။ ခရီး ဝေးသဖြင့် ဘယ်သူ့ ကို မှ မဖိတ်တာကြောင့် လည်း ပါသည် ။ တစ်ဖက်မိတ် ဆိုပေမဲ့ မင်္ဂလာပွဲ က လူ စည်သလို ဘာ အဖုအထစ် မှ မရှိဘဲ အောင်မြင်စွာ ပြီးဆုံးသွား၏ ။ ပွဲ ပြီးတော့ ရရှိသော လက်ဖွဲ့ ပစ္စည်းများ ကို ကား ပေါ် တင် ကာ ပြန်လာခဲ့ သည် ။ ကျော်စွာအောင့် မိဘတွေ နေထိုင်ရာ အိမ် ကို မဟုတ် ။ သူ လက်ရှိ အလုပ် ဝင်နေသော ကုမ္ပဏီ ၏ ရုံး ဆီ ကိုသာ ဖြစ် ၏ ။ ရုံး ဆိုပေမဲ့ ရုံးချုပ် မှ လူကြီးများ လာလျှင် တည်းခို နိုင်ရန် အိမ် နှင့် တွဲလျက် ငှား ရမ်းထားသော သီးသန့်ခြံ ဖြစ်သည် ။ ရုံးချုပ် မှ လူကြီးများ လာချိန်မှ လွဲ၍ ကျန် အချိန်များ တွင် ဘယ်သူမှ မနေ ။ ညရေးညတာ အတွက် ရုံးစောင့် တစ်ဦး တော့ ရှိခဲ့ဖူးသည် ။ သို့ပေမဲ့ သူ ကလည်း လွန်ခဲ့သော လ ကပင် အလုပ် ထွက် သွား၏ ။ ရုံး နှင့် နီးသော ကျော်စွာအောင် က ည , ည လာ စောင့်ပေးနေရသည် ။ ထို့ ကြောင့် သူ က သူ နှင့် ရတီချို လက်ထပ် ပြီးလျှင် နေစရာ အိမ် ကို အပင်ပန်း ခံကာ လိုက် ရှာ မနေတော့ဘဲ ရုံး မှာ ပင် အစောင့် လုပ်ရင်း နေခွင့် ပေး ရန် ရုံးချုပ် ကို လှမ်း ၍ပြော ၏ ။ ရုံးချုပ် က လည်း နှစ်ဦး နှစ်ဖက် အဆင်ပြေမည့် ကိစ္စ မို့ ခွင့်ပြုကြောင်း အကြောင်း ပြန်သည် ။


ရုံး မှာ နေခွ င့်ရတာ ကျော်စွာအောင် တို့ အတွက် တော်တော် ကံကောင်းသည် ။ မဟုတ်လျှင် အိမ်လခ ထောင်း တာနှင့် သူတို့ နှစ်ယောက် ၏ ဝင်ငွေလေး ပွန်းပဲ့ သွားနိုင်၏ ။ အခုတော့ အိမ်လခ အတွက် လုံးဝ ပူစရာ မလို ။ ကျော်စွာ အောင် ဒီ ကုမ္ပဏီ မှာ လုပ်နေ သမျှ ကာလပတ်လုံး နေထိုင် ခွင့် ပေးထားပြီးသား ။ မိဘ တွေ ၏ အိမ် နှင့် လည်း အလှမ်းမဝေး သဖြင့် တစ်ပတ် ကို နှစ်ရက် ခန့် ရောက်ဖြစ်ကြ သည် ။ ရောက်သည့် အခါ တိုင်း လည်း ရတီချို က ဘာသိဘာသာ မနေ ၊ ကိုယ့် မိဘ အိမ် လို သဘောထား ကာ လုပ်စရာ ရှိတာတွေ ကို ဝင်ရောက် ကူညီ လုပ်ကိုင်၏ ။ တစ်အိမ် လုံး က လည်း ရတီချို့ အား ချစ်ကြသည် မှာ ကျော်စွာအောင် မနာလိုချင်စရာ ကောင်း လောက်အောင် ပင် ဖြစ်သည် ။


သို့ပေမဲ့ ကျော်စွာအောင်  က ဒီလို ဖြစ်နေတာ နှင့် ပတ်သက်၍ ရတီချို့ ကို တစ်ခါမှ စကားနာ မထိုးပါ ။ ကျေနပ်ပီတိ ဖြစ်မိသည် ဟု ပြောမည် ဆိုလျှင် တောင် ရနိုင်၏ ။ ဒီလို ဖြစ်မိလောက်အောင် လည်း ရတီချို့ အနေအထိုင်တွေ က တည်ကြည်နေသည် လေ ။ လက်ရှိ သူ လုပ်နေသည့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် မှာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက် ထဲ မှာ ပဲ ဖြစ်ဖြစ် ရတီချို့ သတင်း က မွှေး၏ ။ ရနံ့ဆိုး နှင့် မဟုတ် ဘဲ ကောင်းသော ရနံ့ နှင့် မွှေး ပျံ့ခြင်းသာ ဖြစ်သည် ။ ရတီချို သည် တစ်ချိန်က KTV တွင် လုပ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည် ဟု သူ့ အတိတ် ကို သိထားသူ က တူးဆွကာ ကျိန်တွယ် ပြောဆို လာလျှင် တောင် မှ ပတ်ဝန်းကျင်သစ် တွင် သူ နှင့် ဆက်ဆံနေရသူ တွေ က ယုံကြည်မည် မထင် ။ 


ရတီချို ကိုယ်တိုင် လည်း နေရာသစ် ၊ ဘဝသစ် မှာ ကျေနပ်ပျော်ရွှင် နေပြီး အစ်ကိုကြီး ၏ အကူအညီ နှင့် ရထားသော အရောင်းစာရေး အလုပ် က ဝင်ငွေ သိပ် မကောင်း ။ ဒါတောင် သူ့ လုပ်ရည်ကိုင်ရည် ကြောင့် လခ တိုးထားသေးသည် ။ ဘာပဲ ဖြစ်ဖြစ် KTV မှာ လုပ်တာ လောက် မရ သလို ပိုလည်း ပင်ပန်း ၏ ။ သို့ပေမဲ့ ရတီချို က ဘဝ ဟောင်း ကို ယောင်လို့ တောင် မှ သတိမရ ။ အစ ကတည်း က မလုပ်ချင်ဘဲ လုပ်ခဲ့ရသော အလုပ် က ရုန်းထွက်နိုင်ခဲ့တာ ကို ပင် ဝမ်းသာ နေသည် ။ ဒီလို ဘဝမျိုး ရောက်အောင် နွံ ထဲ မှ ဆွဲထုတ်ခဲ့သော ကျော်စွာအောင် နှင့် အစ်ကိုကြီး ကို ည တိုင်း ရှိခိုး ကန်တော့၏ ။ သူတို့ နှစ်ယောက် က ရတီချို့ အတွက် ကယ်တင်ရှင်တွေ ဖြစ်သည် မဟုတ်လား ။ 


“ မင်း လည်း မိန်းမ ရပြီး မှ တော်တော် ပြောင်းလဲသွား တယ်နော် ။ KTV ခေါ်တာ တောင် မလိုက်တော့ဘူး ။ ဘာလဲ ၊ ရတီချို က မသွားရ ဘူး ပြောထားလို့လား ” 


“ မဟုတ်ပါဘူး အစ်ကိုကြီး ရယ် ။ ရတီ က ဘာမှ မပြောပါဘူး ။ ကျွန်တော် ကိုယ်တိုင် က မသွားဖို့ ဆုံး ဖြတ်ထားလို့ပါ ” 


“ ဘာလို့တုံးဟ ” 


“ ရတီ့ ကို ကျွန်တော် က KTV မှာ တွေ့ပြီး လက်ထပ်ခဲ့ တာလေ ။ ဆိုတော့ အခု ကျွန်တော် သွားရင် သူ စိတ်မချ ဖြစ်နေမှာ အသေအချာပဲ ။ ကျွန်တော့် ကြောင့် ရတီ စိတ် မဆင်းရဲစေချင်ဘူး ။ ဘဝသစ် မှာ စိတ်သစ် နဲ့ ပျော်ရွှင် နေတာကို ပဲ မြင်ချင်တယ် ။ အဲ ဒါကြောင့်ပါ ”


oooooooooooo


၄ ။


ကျော်စွာအောင်  ရုံးကိစ္စ နှင့် ခရီး ထွက်သွားတော့ ရတီချို တစ်ယောက်တည်း ကျန် ရစ်ခဲ့သည် ။ ရုံး မှာ မအိပ်ရဲ လျှင် အိမ်တွင် သွား အိပ်ရန် မှာခဲ့ပေမဲ့ သူ သွား မအိပ်ဖြစ် ။ ကျော်စွာအောင့် ညီမလေး က သာ ည , ည လာအိပ်ပေး၏ ။ အစောကြီး ရောက်လာတာ မဟုတ် ။ ည ကိုးနာရီကျော် လောက် ကျမှ ရောက်လာခြင်း ဖြစ်၍ သူ ရောက် မလာမချင်း ရတီချို  တစ်ယောက်တည်း သာ ရှိ၏ ။ ရတီချို အလုပ် မှ ပြန်ရောက်ချိန်ဆိုလျှင် ရုံး က ဆင်းနှင့်ကြပြီ ဖြစ်လေသည် ။ 


“ တီး ... တောင် ။ တီး ...တောင် ”


လူခေါ် ခေါင်းလောင်းသံ ကြောင့် ရတီချို အိမ် အပြင် ထွက်လာသည် ။ ခြံရှေ့ မှာ ရပ်နေသော အစ်ကိုကြီး ကို တွေ့ရသဖြင့် ခြံတံခါး ကို အပြေးအလွှား သွား ဖွင့်ပေး၏ ။


“ အစ်ကိုကြီးတို့ များ နေနိုင်လိုက်တာ ၊ ခုမှပဲ ပေါ် လာတော့တယ်နော် ” 


“ အေးဟာ ။ ဟို တစ်ခေါက် နင်တို့ ဆီ ရောက်ပြီး ကတည်း က နယ်ဆိုဒ်တွေ ဘက် ခရီး ထွက် ထွက်နေရလို့ ဟ ။ ကျော်စွာ နဲ့ တောင် ပြီးခဲ့ တဲ့ လက တစ်ခေါက်ပဲ ဆုံဖြစ် တယ် ။ ဒါနဲ့ ကျော်စွာ ရော ၊ အပြင် သွားတာလား ” 


“ မဟုတ်ဘူး အစ်ကိုကြီး ရဲ့ ၊ ခရီး ထွက်သွားတယ် ။ ရုံး က လွှတ်လို့လေ ”


“ ဒါဖြင့် နင် တစ်ယောက်တည်း ပေါ့ ”


“ ဟုတ် ။ ဒါပေမဲ့ ည ကျရင်တော့ အောင့် ညီမလေး လာပြီး အဖော် လုပ် ပေးပါတယ် ။ အစ်ကိုကြီး ခဏ ထိုင်ဦးနော် ” 


ရတီချို  မီးဖိုချောင် ဆီ ထွက်လာခဲ့ပြီး ရေခဲသေတ္တာ ထဲမှ ဘီယာ တစ်ပုလင်း ထုတ် သည် ။ ဧည့်သည် လာလျှင် ဧည့်ခံရန် ရည်ရွယ်ကာ ဝယ် ထား၍ အဆင်သင့် ရှိနေတာ မဟုတ် ။ ကျော်စွာအောင့် အတွက် ရတီချို ကိုယ်တိုင် ဝယ်ထည့် ပေးထားသည့် ပုလင်း သာ ဖြစ်၏ ။ အခုတော့ အထူး ဧည့်သည်တော် အစ်ကိုကြီး ကို ဧည့်ခံရန် ဖြစ်သွားပြီ ။ 


အဖုံး ဖွင့် ထားသော ပုလင်း နှင့် ငါးကြင်းခွက် ကို သူ့ ရှေ့ ချပေး လိုက်တော့ အစ်ကိုကြီး က မော့ ကြည့်သည် ။ အစ်ကိုကြီး ၏ အကြည့် ထဲ တွင် အမျိုးအမည် မကွဲပြား သော အရိပ်အငွေ့ တို့ ယှက် သန်းနေသည် ဟု ရတီချို ထင် မိ၏ ။ ရတီချို က အစ်ကိုကြီး ကို ပြုံး ပြရင်း မျက်နှာချင်း ဆိုင် ဝင် ထိုင်လိုက်သည် ။ အစ်ကိုကြီး က ပုလင်း ကို ကောက် ကိုင်ကာ ငှဲ့မလို လုပ် ပြီးမှ မငှဲ့ ဘဲ ပြန်ချ၏ ။ “ ဘာ များ ဖြစ်လို့ပါလိမ့် ” ဟု တွေး ကာ ရတီချို အစ်ကိုကြီး ကို ငေးစိုက်ကြည့်မိ၏ ။ 


“ နင် ကိုယ်တိုင် ငှဲ့ပေးပါလား ရတီချို ”  


ငြင်းဆန်၍ မကောင်း တတ် သဖြင့် ရတီချို  က အစ်ကိုကြီး ၏ တောင်းဆိုမှု ကို လိုက်လျော လိုက်သည် ။ ဒီလို လုပ် ပေးရတာ သူ့ အတွက် တော့ ဘာမှ မထူးဆန်း ။ ဟိုတုန်း က နေ့တိုင်း လုပ်နေကျ အလုပ် တစ်ခု ဖြစ်၏ ။ ကျော်စွာအောင် အိမ် မှာ သောက်သည့် အခါတိုင်း ဂရုတစိုက် လုပ်ပေးလေ့ ရှိသော အလုပ် တစ်ခု လည်း ဖြစ်၏ ။ သို့ပေမဲ့ ဒီ တစ်ခါတော့ ခါတိုင်း နှင့် မတူဘဲ ထူးဆန်း သလို ခံစား နေရ သည် ။ ဘာလို့ ဒီလို ခံစားနေ ရတာလဲ ဆိုတာကို တော့ ရတီချို ကိုယ်တိုင် လည်း မသိ ။ 


“ နင်ရော အလုပ် ထဲမှာ အဆင် ပြေရဲ့လား ။ မပြေလည်တာ ရှိရင် နင့် အလုပ်ရှင် ၊ ဒါမှမဟုတ် ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရတယ်နော် ။ ဘာမှ အားနာစရာ မလိုဘူး ။ လူတန်းစား မတူဘူး ဆိုပေမဲ့ အလုပ်ရှင် နဲ့ အလုပ်သမား ဆို တာ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေပဲ ။ တစ်ဖက် နဲ့ တစ်ဖက် အဆင်ပြေ မှ လုပ်ငန်းခွင် က  ပျော်စရာ ကောင်းတာ ”


“ ပြေပါတယ် အစ်ကိုကြီး ရယ် ။ အလုပ်ရှင် က လည်း ရတီ တို့ အားလုံး အပေါ် မှာ ကောင်းပါတယ် ။ ဒီလို အလုပ်မျိုး ရှာပေးတဲ့ အစ်ကိုကြီး ရဲ့ ကျေးဇူးကို လည်း ရတီ ဘယ်တော့မှ မမေ့ပါဘူး ”


“ ရပါတယ် ဟာ ။ ဒါပေမဲ့ အဲဒီလို စကားကတော့ လူတိုင်း ပြောတတ်ကြတာပဲ ။ နောက်ကျမှသာ မသိချင် ယောင် ဆောင်ပြီး အရူးကွက် နင်းတာများတယ် ”


“ ရတီ က အစ်ကိုကြီး ပြောတဲ့ အမျိုးအစား ထဲ မှာ မပါ , ပါဘူး ”


ရတီချို့ လေသံ က အနည်းငယ် မာသလို ဖြစ် သွားသည် ။ အစ်ကိုကြီး က ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း သဘောကျစွာ ပြုံး၏ ။ ခွက် ထဲ က လက်ကျန် ကို အပြတ် ဖြတ်ကာ ထ , ရပ်သည် ။ ပြန် ဖို့ ထ , ရပ်တာဖြစ်မည် ဟု ရတီချို  ထင်မိပေမဲ့ သူ ထင် သလို မဟုတ် ။ အစ်ကိုကြီး က ခုံ ကို ပတ်၍ ရတီချို့ဆီ ကို လျှောက်လာသည် ။ နှစ်ယောက် ထိုင်ခုံ ပေါ်တွင် ထိုင် နေသော ရတီချို့ဘေးမှာ ဝင် ထိုင်၏ ။ ရတီချို က ခုံ ၏ အစွန်း တစ်ဖက် ကို မသိမသာ ရွှေ့ လိုက်သည် ။


“ နင် ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆိုရင် အခု ဆပ် လို့ရတယ် သိလား ” 


“ ပြောလေ အစ်ကိုကြီး ။ ရတီ ဘယ်လို ပြန် ကူညီ ပေးရမလဲ ”


အစ်ကိုကြီး က ရတီချို့ အမေး ကို နှုတ်က မဖြေ ။ ရတီချို့ ကို မပြောမဆို နှင့် လှမ်း ဖက်ခြင်းဖြင့် သာ အဖြေ ပြန် ပေး၏ ။ သူ့ ဘေး ကို အစ်ကိုကြီး ဝင်ထိုင် ကတည်း က သတိထား နေသော ရတီချို က ဝုန်းခနဲ ထ , ရပ်သည် ။ ဒေါသသွေး တွေ ကလည်း ခန္ဓာကိုယ် တွင်း မှာ ဆူဝေလျက် ။


“ ဘာဖြစ်တာလဲ ရတီချို ရဲ့ ။ ငါ က နင့် ပါး ကို နမ်းရုံ သက်သက်ပါ ။ နင် ပဲ ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆို ” 


“ အစ်ကိုကြီး ကို ဒီလို နည်း နဲ့ ကျေးဇူးဆပ်မယ် လို့ ရတီ ဘယ်တုန်းကများ ပြောခဲ့ဖူးလို့တုံး ”


“ လူတကာ ရင်ခွင် ထဲ ကို ဝင်ပြီး အနမ်း ခံခဲ့တဲ့ သူ ကများ အခုမှ ကြီးကျယ် နေလိုက်တာ ”


“ အဲဒါ ဟိုတုန်း က လေ ။ အခု ချိန်မှာ ရတီ က KTV မှာ လုပ် နေတဲ့ မိန်းမ တစ်ယောက် မဟုတ်တော့ဘူး ။ ပြီးတော့ စိတ်တူ ကိုယ်တူ ဘဝ လက်တွဲဖော် လင်ယောက်ျား လည်း ရှိနေပြီ ။ ဟိုတုန်းက ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ ရတီ ရဲ့ သွေးသား မှန်သမျှ ကို အောင် တစ်ယောက်ပဲ ရယူပိုင်ဆိုင်ခွင့် ရှိ တယ် ။ အောင် က လွဲ ရင် ဘယ် သူစိမ်း ယောက်ျား တစ်ယောက် ကို မှ အနား ကပ်ခွင့် မပေးနိုင်ဘူး ။ အစ်ကိုကြီး က ရှေ့ ဆက် တိုးဖို့ ကြိုးစားလာရင်တော့ အသက်ချင်း လဲ ပစ်မယ် ”


ပြောပြောဆိုဆို နှင့် ပင် ရတီချို က စားပွဲ ပေါ် တွင် ရှိ သော ဘီယာပုလင်း ကို ကောက် ကိုင်ကာ ရိုက်ခွဲလိုက် ၏ ။ ကျားရဲတစ်ကောင် လို မာန်ချီ နေသော ရတီချို့ အား ကြည့်ကာ အစ်ကိုကြီး ဖြုံ သွားသည် ။ အလုံးစုံ ပြောင် လဲ သွားပြီ ဖြစ်သော ရတီချို့ ကို လည်း အထင်ကြီး လေးစားမိ၏ ။ မမူးဘဲ နှင့် တဒင်္ဂ စိတ်လွတ် သွားသော ကိုယ့် အဖြစ် ကို လည်း အံ့သြမိသည် ။ ကိုယ့် အမှား ကိုယ် ပြန် မြင် မိတော့ ရတီချို့ ရှေ့မှာ ဆက်လက် ရပ်တည် နေဖို့ ကို ရှက်ရွံ့ လာ သလိုလို ။ 


“ ဆောရီးပဲ ရတီချို ၊ ငါ မှားသွားတယ် ” 


“ ရပါတယ် အစ်ကို ကြီး ။ ရတီ ရဲ့ မကောင်းခဲ့တဲ့ အတိတ် ကြောင့် အခုလို စော်ကား ခံရတာလို့ပဲ သဘော ထားလိုက်ပါ့မယ် ။ ဒီ ကိစ္စ အောင့် ကို ပြန် ပြောနေမှာ မဟုတ်လို့ အစ်ကိုကြီး စိတ် ပူစရာ မလိုပါဘူး ။ ဒါပေမဲ့ နောက်ဆို အိမ် မှာ အောင် မရှိတဲ့ အချိန် အိမ် ကို မလာပါနဲ့ ။ အခု လည်း ပြန်ပါတော့ ” 


လေးလံသော ခြေလှမ်း များ နှင့် အတူ အစ်ကိုကြီး ကျောခိုင်း ထွက်ခွာသွားသည် ။ မြင်ကွင်း ထဲ မှ ပျောက်ကွယ် သွားသည် အထိ ရတီချို နေရာ မှ မရွှေ့ဘဲ ရပ်ကြည့် နေခဲ့၏ ။ ထို့နောက် တံမြက်စည်း ကို ယူရန် မီးဖိုချောင် ထဲ ဝင်လာခဲ့သည် ။ ယောက်မလေး ရောက် မလာခင် သူ ရိုက်ခွဲ ၍ ကွဲကြေကာ သမံတလင်း ပေါ်တွင် ပြန့်ကျဲ နေသော ဘီယာပုလင်းစတွေ ကို ရှင်းလင်း ပစ်ရဦးမည်လေ ။ 


( ရတီချို နှင့် ရတီချို များသို့ ... )


မော်မော့်မောင်

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

မေ ၊ ၂၀၁၇

No comments:

Post a Comment